အခန်း (၃၃၅)
Vol. 33 Ch. 335
အခန်း။ ၃၃၅
ကျိုးချွမ်နှင့် အခြားသူများသည် အခြေအနေကို သူတို့၏ သခင်မလေးအား သတင်းပို့လိုက်ကြသည်။ သခင်မလေးယန်သည် ထိုကျောက်နံရံကြီး၏ ရှေ့တွင် အတော်ကြာအောင် စဉ်းစားခန်း ဝင်နေတော့သည်။
"မင်းတို့အားလုံး စမ်းကြည့်ပြီးပြီလား။ သုံးပေလောက်အထိ တူးကြည့်တာတောင် ဒါကို မဖောက်နိုင်ဘူးလား"
ယွင်ရှန်းက သူမ၏နောက်ဘက်တွင် ချွေးဒေါသီးဖြင့် ရပ်နေကြသော မုဆိုးစစ်သည်တော်များကို ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော်တို့ တူးခဲ့ကြတာပေါ့ သခင်မလေး။ ဒီမှာကြည့်ပါဦး... ကျွန်တော်တို့သုံးခဲ့တဲ့ ဂေါ်ပြားတွေ၊ ပေါက်ပြားတွေဆိုရင် အကြိမ်ကြိမ်တောင် လဲခဲ့ရပြီးပြီ။ ကျွန်တော် အာမခံရဲပါတယ်... ဒီနံရံမှာရှိတဲ့ ကျောက်တုံးတွေက ကျွန်တော် တစ်သက်မှာ မြင်ဖူးသမျှထဲမှာ အမာဆုံးပဲ"
ကျိုးချွမ်သည် သူတို့၏ လုပ်ဆောင်ချက် အားနည်းသည်ဟု သခင်မလေးက အပြစ်တင်မည်ကို စိုးရိမ်သဖြင့် ပျက်စီးသွားသော ဂေါ်ပြားဟောင်းများကို အပြေးအလွှား ပြသလိုက်သည်။
ယွင်ရှန်းသည် ထိုကိရိယာများကို ကြည့်လိုက်ရာခြွင်းချက်မရှိ အားလုံးမှာ ဆိုးရွားစွာ ပျက်စီးနေသည်ကို တွေ့လိုက်ရသည်။
"ဒီနေ့အတွက်တော့ ဒီမှာတင် တော်ပြီ။ မင်းတို့ ငါ့အတွက် စားစရာနဲ့ ရေ ပြင်ပေးထားပါ။ ငါ ဒီမိုင်းတွင်းထဲမှာ သုံးရက်လောက် နေမယ်။ မှတ်ထားပါ... အရမ်းအရေးမကြီးရင် ငါ့ကို လာမနှောင့်ယှက်နဲ့။ ပြီးတော့ ငါကိုယ်တိုင် ထွက်မလာမချင်း ဂူထဲက ဘယ်လိုအသံတွေပဲ ကြားရကြားရ လျစ်လျူရှုထားလိုက်ကြ"
ယွင်ရှန်းက လက်ဝှေ့ယမ်းကာ မုဆိုးစစ်သည်တော်များကို ပြန်ခိုင်းလိုက်သည်။
ကျိုးချွမ်နှင့် အခြားသူများမှာ ယွင်ရှန်း ဘာလုပ်ရန် ကြံစည်နေသည်ကို မသိသော်လည်း သူတို့သခင်မလေး ပြောသမျှမှာ အမှန်တရားပင် ဖြစ်သဖြင့် မည်သူမျှ ထပ်မမေးဝံ့ကြချေ။ သူတို့သည် စားစရာနှင့် ရေကို ပြင်ဆင်ပေးကာ ယွင်ရှန်းကို ဂူထဲ၌ တစ်ယောက်တည်း ထားခဲ့လိုက်ကြတော့သည်။
မိုင်းတွင်းဂူအတွင်း၌ တိတ်ဆိတ်ခြင်းက ပြန်လည်စိုးမိုးလာသည်။
ယွင်ရှန်းသည် ကျောက်နံရံကို စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။ ပြီးခဲ့သည့်အကြိမ်ကတည်းက ဤနံရံမှာ ထူးခြားနေသည်ဟု သူမ ခံစားခဲ့ရသော်လည်း သေချာလေ့လာရန် အချိန်မရခဲ့ပေ။
ပထမနေ့တွင်... ယွင်ရှန်းသည် ဂူအတွင်း၌ မှော်အမျိုးမျိုးကို အကြိမ်ကြိမ် စမ်းသပ်ခဲ့သည်။ သူမသည် အခြေခံဓာတ်ကြီး လေးပါးဖြစ်သော လေ၊ မြေ၊ ရေ၊ မီး တို့ကို အသုံးပြုကာ မီးဖြင့် ရှို့ခြင်း၊ ရေဖြင့် ထိုးဖောက်ခြင်း၊ လေဖြင့် တိုက်ခတ်ခြင်းနှင့် မြေတံကျင်များဖြင့် ထိုးနှက်ခြင်း စသည့် နည်းလမ်းပေါင်းစုံကို သုံးခဲ့သည်။
သို့သော် သူမရှေ့ရှိ ကျောက်နံရံမှာ အလွန်ပင် ခေါင်းမာလှသည်။ မည်သည့် မှော်စွမ်းအားကမျှ ထိုနံရံပေါ်တွင် အနည်းငယ်မျှသော ပြောင်းလဲမှုကိုပင် မဖြစ်ပေါ်စေနိုင်ခဲ့ပေ။
ဒုတိယနေ့တွင် ယွင်ရှန်းသည် နည်းဗျူဟာအသစ်ကို ပြောင်းလဲလိုက်သည်။ မှော်စွမ်းအားများက အသုံးမဝင်သဖြင့် သူမသည် ဘိုဘိုနှင့် ပေါင်းစပ်ကာ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အသုံးပြု၍ အလွန်အမင်း အစွမ်းထက်သော ခွန်အားဖြင့် ထိုနံရံကို ဖြိုခွဲရန် ကြိုးစားခဲ့သည်။
သို့သော် ပေါင်ချိန် ထောင်နှင့်ချီသော ဖိအားဖြင့် ထိုးနှက်လိုက်သော်လည်း ကျောက်နံရံမှာ အနည်းငယ်မျှပင် တုန်ခါသွားခြင်း မရှိပေ။
တတိယမြောက်နေ့ ရောက်သောအခါ ယွင်ရှန်းသည် အကယ်၍ ဤနံရံ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် နည်းလမ်းမရှိတော့ပါက နောင်တစ်ချိန် သူမ၏ ကျင့်စဉ်အဆင့် မြင့်မားလာမှသာ
ပြန်လာစမ်းသပ်ရန် ဆုံးဖြတ်လိုက်ပြီး လောလောဆယ်တွင် ဤနံရံကို မှော်စက်ကွင်းဖြင့် ခေတ္တပိတ်ဆို့ထားရန်သာ ကြံရွယ်လိုက်တော့သည်။
"ထပ်ပြီး ရှုံးနိမ့်ပြန်ပြီ"
ယွင်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ကျောက်စိမ်းရိုးတွင်းခြင်ဆီကျင့်စဉ်စွမ်းအားကို ရုပ်သိမ်းလိုက်သည်။ ထိုကျင့်စဉ်သည် သူမ၏ နောက်ဆုံးဝှက်ဖဲဖြစ်သော်လည်း နက်နဲလှသော ထိုကျင့်စဉ်သည်ပင် ကျောက်နံရံအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။
"လက်လျှော့လိုက်ရုံပဲ ရှိတော့တာပေါ့"
ယွင်ရှန်းသည် စိတ်ကိုပြန်လည်စုစည်းကာ ကျိုးချွမ်တို့နှင့် ပြန်လည်ဆုံတွေ့ရန် ဂူအပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။
သူမသည် ဂူအဝသို့ ရောက်ခါနီးတွင် ဂူပေါက်ဝ၌ ပုံနေသော ကျောက်ခဲပုံကြီးကို သတိပြုမိသွားသည်။ တန်ယွမ်နိုင်ငံမှ မှော်ဆရာများနှင့် လျှို့ဝှက်လူသားများသည် ဤမိုင်းကြောကို စတင်တွေ့ရှိစဉ်က အချိန်မရှိသဖြင့် ဂူဝ၌ မိုးကြိုးမှော်စက်ကွင်းတစ်ခုကို တိုက်ရိုက်ဖန်တီးခဲ့ကြသည်။ ထိုပြင်းထန်သော မှော်စက်ကွင်းတွင် မိုးကြိုးဓာတ် ပါဝင်နေပြီး ခေတ်သစ်ဗုံးများကဲ့သို့ပင် ပေါက်ကွဲအားကို ဖြစ်စေခဲ့သည်။
ပေါက်ကွဲအားလား။
လျှို့ဝှက်မိုးကြိုးဝဲကယက်ကို ဘာလို့ မစမ်းကြည့်ရမှာလဲ။
ယွင်ရှန်းသည် သူမ၏ လျှို့ဝှက်မှော်ကို ရုတ်တရက် သတိရသွားသည်။ ထိုမှော်၏ အစွမ်းမှာ အလွန်ပင် ကြီးမားလှသလို ယွင်ရှန်းကိုယ်တိုင်လည်း အကန့်အသတ်ဖြင့်သာ သုံးနိုင်သဖြင့် ဝူရွှမ်ဝူကျိခန်းမ သို့ ဝင်ရောက်ပြီးကတည်းက သူမ ထပ်မံအသုံးမပြုဖြစ်တော့ပေ။
သာမန်မှော်များက အသုံးမဝင်လျှင်ပင် ရေဓာတ်နှင့် မီးဓာတ်တို့၏ အပြန်အလှန်သက်ရောက်မှုအောက်တွင် မမျှော်လင့်ထားသော ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်ပေသည်။
ယွင်ရှန်းသည် အလွန်ဝမ်းသာသွားကာ ချက်ချင်းပင် ကျောက်နံရံရှိရာသို့ ပြန်လည်ပြေးဝင်သွားတော့သည်။
ကျောက်နံရံကို တစ်ပတ်ပတ်ကြည့်ပြီးနောက် ယွင်ရှန်းသည် နံရံကို လက်ဖြင့် အသာအယာ ခေါက်ကြည့်လိုက်သည်။ အသံကို နားထောင်ရင်း နံရံ၏ အပါးလွှာဆုံးအပိုင်းမှာ မည်သည့်နေရာဖြစ်ကြောင်း သူမ ခန့်မှန်းလိုက်သည်။
ဒီနေရာပဲ။
ယွင်ရှန်းသည် ဦးစွာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကျောက်စိမ်းရိုးတွင်းခြင်ဆီကျင့်စဉ်ကို နှိုးဆွလိုက်သည်။ ထိုကျင့်စဉ်၏ အာနိသင်ကြောင့် သူမ၏ ညာဘက်လက်ဖဝါးမှ ဝင်းပသော ကျောက်စိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤစွမ်းအားသည် ရေနှင့် မီးဓာတ်များ၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် သူမ၏ လက်ဖဝါးကို ထိခိုက်ဒဏ်ရာ မရရှိအောင် ကာကွယ်ပေးထားမည် ဖြစ်သည်။
ထိုအရာက တော်ဝင်မှော်အကယ်ဒမီ ရှိ မှော်မျှော်စင်အတွင်း အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက် ယွင်ရှန်း ရှာဖွေတွေ့ရှိခဲ့သည့် အစိတ်ချရဆုံး နည်းလမ်းပင်။
သူမသည် ချက်ချင်းပင် သူမ၏ မှော်လှံတံကို မြှောက်ကာ ဂါထာကို ရွတ်ဆိုလိုက်တော့သည်။
ဆန်းကြယ်သော အရိုးမှော်လှံတံပေါ်ရှိ ဝိညာဉ်ကျောက်တုံး နှစ်တုံး ဝင်းလက်လာချိန်တွင် ယွင်ရှန်း၏ ဖြူလွှသော လက်ဖဝါးပေါ်၌ နီရဲသော ဓာတ်နှင့် ပြာလွင်သော မှော်ဓာတ်များ ပေါ်ထွက်လာသည်။
နီရဲသော အလင်းမှာ ပြင်းထန်ထက်မြက်သော မီးဓာတ် ဖြစ်ပြီး ပြာလွင်သော အလင်းမှာမူ နူးညံ့အေးချမ်းသော ရေဓာတ်ပင်။ အခြေခံဓာတ်ကြီး လေးပါးအနက် မီးနှင့် ရေမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သဖြင့် မှော်ဆရာအများစုမှာ ဤဓာတ်နှစ်မျိုးကို တစ်ပြိုင်တည်း အသုံးမပြုနိုင်ကြပေ။
သို့သော် ငါးပါးဓာတ် မှော်ဝိညာဉ်ကို ပိုင်ဆိုင်ထားသော ယွင်ရှန်းအဖို့မှာမူ ၎င်းက ခြွင်းချက်ပင်။
သူမ၏ လက်ချောင်းလေးများမှာ လျှင်မြန်စွာ လှုပ်ရှားနေပြီး ထိုလက်ချောင်းလေးများ၏ ထိန်းချုပ်မှုအောက်တွင် နီရဲသော မီးဓာတ်နှင့် ပြာလွင်သော ရေဓာတ်တို့မှာ ရေမှော်ပင်များအလား ဝဲကယက်သဖွယ် လှည့်ပတ်နေကြသည်။ ၎င်းတို့သည် ဖားလောင်းလေးများသဖွယ် တစ်ခုနှင့်တစ်ခု ရောယှက်နေကြတော့သည်။
ရေနှင့် မီး ထိတွေ့လိုက်သည့်အခါ "ဖောက်... ဖောက်..." ဟူသော အသံများ ထွက်ပေါ်လာတော့သည်။
အသံများမှာ တစ်စတစ်စ ပိုမိုကျယ်လောင်လာပြီး ယွင်ရှန်း၏ လက်ချောင်းများ လှုပ်ရှားမှု မြန်ဆန်လာသည်နှင့်အမျှ ရေဓာတ်နှင့် မီးဓာတ်တို့မှာ ပိုမိုပူးပေါင်းလာကြသည်။
ထိုမှော်ဓာတ်နှစ်ခုကြားတွင် ကြီးမားသော တွန်းကန်အားရှိနေသော်လည်း ယွင်ရှန်းသည် သူမ၏ ယန်လင်းလက်ကွက်ကို အသုံးပြု၍ ထိုတွန်းကန်အား ပေါ်လာသည်နှင့် သူမ၏ လက်ချောင်းလေးများဖြင့် ချက်ချင်း ပြန်လည်ဖြေဖျောက်ပေးနေသည်။
၎င်းတို့သည် အစပိုင်းတွင် တွန်းကန်နေကြသော်လည်း တဖြည်းဖြည်းနှင့် ပေါင်းစပ်သွားကာ လည်ပတ်လာရင်း နောက်ဆုံးတွင် လုံးဝန်းသော လျှို့ဝှက်မိုးကြိုးဝဲကယက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤ မိုးကြိုးဝဲကယက်ကို ဖန်တီးလိုက်ခြင်းက ယွင်ရှန်း၏ မှော်စွမ်းအား သိုလှောင်မှု ထက်ဝက်ကျော်ကို ကုန်ခမ်းစေခဲ့ရာ သူမ၏ နဖူးပြင်တွင် ချွေးစေးများ ဖုံးလွှမ်းသွားတော့သည်။
ယွင်ရှန်းသည် သူမ၏ မျက်ခုံးများကို ပင့်လိုက်ရင်း "အောင်မြင်မလား ရှုံးမလားဆိုတာ ဒီတစ်ကွက်ပေါ်မှာပဲ မူတည်တော့တယ်... သွားစမ်း လျှို့ဝှက်မိုးကြိုးဝဲကယက်" ဟု ရေရွတ်လိုက်သည်။
မည်သည့် တိုက်ခိုက်ရေးစွမ်းရည်နှင့် မှော်ကမျှ မဖောက်ထွင်းနိုင်ခဲ့သော အလွန်မာကျောလှသည့် ကျောက်နံရံကို ယွင်ရှန်း၏ လက်ဖြင့် ထိမှန်လိုက်သည့်အခါ အစပိုင်းတွင် နံရံမှာ မလှုပ်မယှက်ဘဲ ရှိနေသေးသည်။
သို့သော်လည်း လျှို့ဝှက်မိုးကြိုးဝဲကယက်၏ လည်ပတ်နှုန်းမှာ တစ်စတစ်စ မြန်ဆန်လာပြီး ယွင်ရှန်းက မှော်စွမ်းအားများကို ပိုမိုသွင်းပေးလိုက်သောအခါ အံ့ဩစရာတစ်ခု ဖြစ်ပျက်လာတော့သည်။
ကျောက်နံရံမှာ စတင်တုန်ခါလာသည်။ အစပိုင်းတွင် အနည်းငယ်မျှသာ တုန်ခါသော်လည်း နောက်ပိုင်းတွင် ကျောက်စများမှာ နံရံမှ လွင့်ထွက်လာတော့သည်။ ၎င်းမှာ တစ်စုံတစ်ယောက်က လွန်ပူကြီးတစ်ခုဖြင့် အရူးအမူး ဖောက်ထွင်းနေသည့်အလား ရှိနေသည်။
"မျှော်လင့်ချက် ရှိပြီ"
ယွင်ရှန်း တစ်ယောက် အတိုင်းမသိ ဝမ်းသာသွားသည်။
သို့သော်လည်း သူမသည် လုံးဝ လျှော့မပေးဝံ့သေးချေ။ သူမ၏ လက်ထဲမှ မိုးကြိုးဝဲကယက် အရှိန်မပျက်စေရန် မှော်စွမ်းအားများကို ဆက်တိုက်ဖြည့်တင်းပေးရင်း ကျောက်နံရံကို စေ့စေ့စိုက်ကြည့်နေသည်။
တဖြည်းဖြည်းနှင့် ကျောက်စများမှာ ယွင်ရှန်း၏ မျက်နှာပေါ်သို့ လွင့်စင်လာသော်လည်း သူမ ရှောင်မဖယ်ခဲ့ပေ။ ကျောက်နံရံမှ အပေါက်မှာ တဖြည်းဖြည်း ကျယ်လာပြီး သစ်မြစ်များအလား အက်ကြောင်းများ ပေါ်ပေါက်လာသည်ကို ကြည့်ရင်း သူမ အလွန်စိတ်လှုပ်ရှားနေမိသည်။
"ဒါတော့ မကောင်းဘူး... ငါ့ရဲ့ မှော်စွမ်းအားတွေ ကုန်တော့မယ်"
ယွင်ရှန်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများ တဖြည်းဖြည်း ခမ်းခြောက်လာသည်ကို ခံစားနေရသည်။
ဤခံစားချက်မှာ ယခင်ကထက် ပိုမိုပြင်းထန်လှသည်။ သို့သော် ယခုမှာ အလွန်အရေးကြီးသော အချိန်ဖြစ်သဖြင့် သူမအနေဖြင့် တရားထိုင်ရေသောက်ရန် အချိန်မရှိပေ။
"ငါ အားလုံးကို ပုံအောလိုက်တော့မယ်... ဘာပဲဖြစ်ဖြစ် ဒီနံရံကိုတော့ ဖောက်အောင် ဖောက်ရမယ်"
ယွင်ရှန်းသည် အံကိုတင်းတင်းကြိတ်ကာ မှော်စွမ်းအားများ လုံးဝကုန်ခန်းသွားမည်ကို ဂရုမစိုက်တော့ဘဲ သူမ၏ မှော်လှံတံကို တင်းတင်းဆုပ်ကိုင်ကာ နောက်ဆုံးကျန်ရှိနေသော စွမ်းအားများကို မိုးကြိုးဝဲကယက် အတွင်းသို့ လောင်းထည့်လိုက်တော့သည်။
ယွင်ရှန်း တစ်ယောက် ဆက်တောင့်မခံနိုင်တော့ဘူးဟု ထင်လိုက်သည့် အချိန်မှာပင်
"ဝုန်း"
မည်သည့်နှစ်ပေါင်းများစွာကတည်းက ပိတ်ထားမှန်းမသိသော ကျောက်နံရံကြီးမှာ ပေါက်ကွဲထွက်သွားတော့သည်။ နံရံကြီး ပွင့်ထွက်သွားသည့် ခဏမှာပင် မိုင်းတွင်းတစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားတော့သည်။