← Chapters

အခန်း (၃၃၆)

Vol. 33 Ch. 336

အခန်း (၃၃၆)

Vol. 33 Ch. 336

အခန်း။ ၃၃၆

မိုင်းတွင်း၏ အပေါ်ဘက်မှ ကျောက်တုံးကြီးများစွာမှာ ဝုန်းကနဲ ပြိုကျလာပြီး သူမ၏ နောက်ဘက်ရှိ မိုင်းတွင်းလမ်းကြောင်းမှာလည်း လျင်မြန်စွာ ပြိုကျပျက်စီးလာတော့သည်။

ဤကျောက်နံရံကြီးသည် တစ်မိုင်းတွင်းလုံး၏ အဓိကထောက်တိုင်ဖြစ်နေလိမ့်မည်ဟု ယွင်ရှန်း လုံးဝ မထင်မှတ်ထားခဲ့ပေ။

ထိုအချိန်တွင် သူမ၏ ဦးခေါင်းအထက်မှ ဧရာမကျောက်ပြားကြီးတစ်ချပ်မှာ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများမှာ ကုန်ခမ်းနေပြီး မှော်စွမ်းအား အစအနပင် မကျန်တော့သဖြင့် ယွင်ရှန်းအနေဖြင့် ရှောင်တိမ်းရန် အခွင့်အရေး မရှိတော့ပေ။

သူမ၏ အမြင်အာရုံများမှာ မှောင်မိုက်သွားတော့သည်။ ယွင်ရှန်း နောက်ဆုံးကြားလိုက်ရသည့် အသံမှာ တောရိုင်းသားရဲတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အသံမျိုးဖြစ်ပြီး ထို့နောက်တွင်မူ သူမ ဘာကိုမျှ မသိတော့ချေ။

မိုင်းတွင်း ပြိုကျသည့်အချိန်မှာပင် မိုင်းဧရိယာအတွင်း၌ စောင့်ကြပ်နေသော မုဆိုးစစ်သည်တော်များသည်လည်း ပြိုကျသံကြီးကို ကြားလိုက်ကြရသည်။

ကျိုးချွမ်သည် မုဆိုးတစ်စုကို ဦးဆောင်ကာ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သို့သော် သူတို့ ရောက်လာချိန်တွင် မိုင်းတွင်းမှာ လုံးဝ ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဂူအဝင်ဝရှိ အရာအားလုံးမှာ တစ်ခဏအတွင်း ပျက်စီးသွားရာ လူတစ်ယောက် ဝင်ရန် မပြောနှင့် ခွေးတစ်ကောင်ပင် တိုးဝင်ရန် ခက်ခဲသော အခြေအနေ ဖြစ်နေတော့သည်။

"ဒါတော့ ဒုက္ခပဲ... သခင်မလေးယန် ဂူထဲမှာ ကျန်နေသေးတယ်"

ရုတ်တရက် ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် ကျိုးချွမ်မှာ မှင်သက်သွားရသည်။ သူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ဂူဝကို ချက်ချင်း ရှင်းလင်းရန်နှင့် ယန်ချန်းလန်တို့ထံ ချက်ချင်း အကြောင်းကြားရန် အမိန့်ပေးလိုက်တော့သည်။

ယန်ချန်းလန် ရောက်ရှိလာချိန်တွင် နှစ်နာရီ၊ သုံးနာရီခန့် ကြာသွားခဲ့ပြီ ဖြစ်သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ ရှန်းအာ ဘယ်မှာလဲ"

ပျက်စီးနေသော မိုင်းတွင်းနှင့် ယွင်ရှန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် ယန်ချန်းလန်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

"ဗိုလ်ချုပ်... ကျွန်တော်တို့... ကျွန်တော်တို့လည်း မသိပါဘူး။ ဒီရက်ပိုင်းအထိ မိုင်းတွင်းက ဘာမှမဖြစ်ခဲ့ဘဲနဲ့... သခင်မလေး... သခင်မလေးက ဂူထဲမှာ ပိတ်မိနေပါတယ်"

ကျိုးချွမ်မှာ စကားပင် ထစ်ကုန်တော့သည်။ သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ယန်ချန်းလန်သည် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်ကာ ဂူဝသို့ ပြေးဝင်ရန် ပြင်လိုက်သည်။ သို့သော် သူထက် ပိုမိုမြန်ဆန်သော သူတစ်ဦး ရှိနေခဲ့သည်။

ထိုသူသည် ကျိုးချွမ်ကို ဆွဲကိုင်လိုက်ပြီး

"မင်း ဘာပြောလိုက်တာလဲ။ ယွင်ရှန်း သူမ မိုင်းတွင်းထဲမှာ ပိတ်မိနေတယ် ဟုတ်လား"

ကျိုးချွမ်မှာ ထိုသူကို ကြည့်ကာ အံ့အားသင့်ပြီး စကားမပြောနိုင် ဖြစ်သွားတော့သည်။

သူ့ရှေ့ရှိ အမျိုးသားသည် ခန့်ညားထည်ဝါသော ရုပ်ရည်ရှိပြီး အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ၎င်းမှာ ယန်ချန်းလန်၏ အရှိန်အဝါနှင့် မတူဘဲ မြင့်မြတ်သော မင်းစိုးရာဇာတို့၏ ဂုဏ်သရေမျိုး ပိုမိုစွက်ဖက်နေသည်။

"မင်းသားပိုင်မင်း"

ကျိုးချွမ်သည် ထိုသူကို ကြည့်ကာ စကားပင် ထစ်သွားတော့သည်။ သူသည် ယွင်ရှန်းနှင့်အတူ လော့ရှမြို့သို့ လိုက်ပါလာခဲ့ဖူးသော ယီပိုင်မင်းကို မှတ်မိသွားခြင်း ဖြစ်သည်။ သူ ဝေဝေဝါးဝါး မှတ်မိနေသည်မှာ မင်းသားပိုင်မင်းသည် သခင်မလေးယန်၏ အစေခံတစ်ယောက်သဖွယ် ဖြစ်နေခဲ့ခြင်းပင်။

"မင်းသား... ကျေးဇူးပြုပြီး သူ့ကို အရင်လွှတ်ပေးလိုက်ပါ။ ကျိုးချွမ်... ရှင်းပြစမ်း ရှန်းအာက ဘာလို့ ဂူထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရတာလဲ။ မိုင်းကြောတွေ အကုန်တူးပြီးပြီလို့ မင်းတို့ အစောက လူလွှတ်ပြောခဲ့တယ် မဟုတ်လား"

ယွင်ရှန်းမှာ မိုင်းတွင်းထဲတွင် ပိတ်မိနေပြီး အသက်ရှင်မရှင် မသေချာသဖြင့် ယန်ချန်းလန်မှာ အလွန်ပင် စိုးရိမ်ပူပန်နေတော့သည်။

သို့သော်လည်း ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် စိတ်အေးအေးထားရန် ပို၍အရေးကြီးကြောင်း သူ ကောင်းကောင်းသိသည်။ သူသည် တစ်ဖက်မှ မုဆိုးများကို ကိရိယာတန်ဆာပလာများ ရှာဖွေရန်နှင့် လူအင်အားခွဲဝေရန် အမိန့်ပေးနေသလို အခြားတစ်ဖက်မှလည်း ကျိုးချွမ်ကို ဖြစ်ပျက်သမျှ အသေးစိတ် မေးမြန်းနေတော့သည်။

ကျိုးချွမ်က ထူးဆန်းသော ကျောက်နံရံကြီးအကြောင်းနှင့် ယွင်ရှန်းက ထိုနေရာတွင် သုံးရက် သုံးညတိုင်တိုင် တစ်ယောက်တည်း နေရန် မည်သို့အတင်းအကျပ် ပြောခဲ့ကြောင်းကို ပြန်လည်ရှင်းပြလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အထိ အရာအားလုံးမှာ အဆင်ပြေနေခဲ့သော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မူ မိုင်းတွင်းအတွင်းမှ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ ရောက်ရှိလာချိန်တွင်မူ ဂူမှာ လုံးဝ ပြိုကျပျက်စီးနေခဲ့ပြီ ဖြစ်သည်။

ဤအကြောင်းများကို ကြားပြီးနောက် အမြဲတမ်း တည်ငြိမ်လှသော ယီပိုင်မင်း၏ မျက်နှာပေါ်တွင် အရေးတကြီးဖြစ်နေသော အရိပ်အယောင်များ ဖုံးလွှမ်းသွားတော့သည်။ ရက်

အနည်းငယ်အတွင်းမှာပင် ဤကဲ့သို့သော ကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်ပျက်သွားရတာလဲ။

ယီပိုင်မင်းမှာ မိမိကိုယ်ကိုယ် အပြစ်တင်မိသွားသည်။ သူသာ စောစောရောက်လာခဲ့လျှင်... ထိုခရမ်းရွှေရိုင်းများသာ မရှိခဲ့လျှင်... သူသည် ကြောင်ရိုင်းမလေး ၏ အနားမှာ ရှိနေခဲ့မှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမသည် မိုင်းတွင်းထဲတွင် တစ်ယောက်တည်း ရှိနေခဲ့မည် မဟုတ်ပေ။

မိုင်းတွင်းအပြင်ဘက်မှာပင် လုံးဝပျက်စီးနေပြီဖြစ်ရာ အတွင်းပိုင်းတွင်လည်း အသေးစား ပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်နေနိုင်သေးသည်။ ယခုအချိန်တွင် ဂူအတွင်းသို့ ဝင်ရောက်ရန်မှာ အမှန်တကယ်ပင် အန္တရာယ်ကြီးမားလှသည်။

"မင်းသား... မင်းသားရဲ့ အသက်က အလွန်တန်ဖိုးရှိပါတယ်။ မိုင်းတွင်းထဲက အခြေအနေကလည်း မသေချာသလို အရမ်းလည်း အန္တရာယ်များနိုင်တယ်။ ကျေးဇူးပြုပြီး အရင်ပြန်ပါဦး"

ယန်ချန်းလန်သည် ယီပိုင်မင်းနှင့် မကြာသေးမီကမှ ဆုံဖူးခြင်းဖြစ်ပြီး ယီပိုင်မင်းက ဘာကြောင့် ဤနယ်စပ်ဒေသသို့ ရောက်ရှိလာရတာလဲဟုပင် မေးရန် အချိန်မရခဲ့ချေ။

ယွင်ရှန်း၏ မတော်တဆမှုကြောင့် ယန်ချန်းလန်မှာ စိုးရိမ်စိတ်ဖြင့် ရူးမတတ် ဖြစ်နေရပြီး သူကိုယ်တိုင် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ရန်အတွက် မုဆိုးစစ်သည်များကို ညွှန်ကြားနေတော့သည်။

"ကျွန်တော်လည်း ခင်ဗျားနဲ့အတူ လိုက်ရှာမယ်"

ယီပိုင်မင်းသည် ယန်ချန်းလန်၏ တားမြစ်ချက်ကို ဂရုမစိုက်ဘဲ အင်္ကျီလက်များကို လိပ်တင်ကာ ကျောက်တုံးကြီးများကို စတင်ရွှေ့ပြောင်းတော့သည်။

ကောင်းကင်မှာ တဖြည်းဖြည်း မှောင်ရီပျိုးလာခဲ့ပြီး မိုင်းတွင်းပြိုကျပြီးကတည်းက သုံးနာရီတိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မုဆိုးစစ်သည်များမှာမူ ဧရာမကျောက်တုံးကြီးများကို မနားမနေ ဖယ်ရှားနေကြဆဲပင်။

မိုင်းတွင်းအတွင်း ပြိုကျနေသော ကျောက်တုံးများမှာ အကြီးအသေး မရေမတွက်နိုင်အောင် ရှိနေပြီး အချို့မှာ ပေါင်ချိန် တစ်ထောင်ကျော်ပင် လေးလံလှသည်။ ထို့ပြင် ဤကာလအတွင်း နောက်ဆက်တွဲ ပြိုကျမှုအချို့လည်း ဖြစ်ပွားခဲ့သေးသည်။

ယီပိုင်မင်းသည် သူ၏ ဘေးအန္တရာယ်ကို လုံးဝဂရုမစိုက်ဘဲ ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ ကျောက်တုံးများကို ဖယ်ရှားနေသည်။ သူ၏လက်ဖဝါးများမှာ နေရာအနှံ့ ပွန်းပဲသွေးထွက်နေသော်လည်း သူသည် အနားယူရန် ငြင်းဆန်နေဆဲဖြစ်ပြီး သူ၏ ငွေမီးခိုးရောင် မျက်ဝန်းများမှာမူ ခေါင်းမာသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေတော့သည်။

သူ၏ လုပ်ဆောင်ချက်များကြောင့် ယန်ချန်းလန်ပင်လျှင် လှည့်ကြည့်ကာ သတိထားမိသွားရသည်။

မင်းသား... မင်းသားက ရှန်းအာအပေါ် ဘယ်လိုမျိုး သဘောထားနေတာလဲ...

ယီပိုင်မင်းကို ကြည့်ရင်း ယန်ချန်းလန်သည် သူ၏ ငယ်ဘဝပုံရိပ်ကို ပြန်မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ယီပိုင်မင်းကို ထပ်မတားတော့ဘဲ ကျောက်တုံးကြီးများကို တစ်ခုပြီးတစ်ခု အတူတူ ဝိုင်းဝန်းဖယ်ရှားပေးလိုက်တော့သည်။

မင်းသားပိုင်မင်းနှင့် ယန်ချန်းလန်တို့ကိုယ်တိုင် ဤမျှ မနားမနေ အားစိုက်ထုတ်နေသည်ကို မြင်ရသောအခါ မုဆိုးစစ်သည်များမှာလည်း လက်မနှေးဝံ့ကြတော့ချေ။

အရုဏ်တက်ခါနီး လမင်းကြီး အနောက်ဘက်သို့ စောင်းသွားသည့် အချိန်ကျမှသာ မိုင်းတွင်းဝကို ပိတ်ဆို့နေသော ကျောက်တုံးကြီးများမှာ နောက်ဆုံးတွင် ရှင်းလင်းသွားတော့သည်။ အရှေ့ဘက်တွင် ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာရာ ၎င်းမှာ ယီပိုင်မင်းနှင့် ယန်ချန်းလန်တို့ကဲ့သို့ အရွယ်အစားရှိသူများ ခဲခဲယဉ်ယဉ် တွားသွားနိုင်ရုံသာ ရှိသည်။

"မင်းသား... ကျွန်တော် အရင်ဝင်ပါရစေလား"

ယီပိုင်မင်းက အထဲသို့ အရင်ဆုံး ဝင်ရန် ပြင်နေသည်ကို မြင်သောအခါ ယန်ချန်းလန်က အလျင်အမြန် တားမြစ်လိုက်သည်။

"မလိုဘူး... သူမကို ပထမဆုံး ရှာတွေ့တဲ့သူက ကျွန်တော်ပဲ ဖြစ်ရမယ်"

ယီပိုင်မင်းက ထိုသို့ပြောကာ ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး ကျဉ်းမြောင်းသော လမ်းကြောင်းထဲသို့ တိုးဝင်သွားတော့သည်။

အရှေ့ဘက်တွင်မူ ပိန်းပိတ်အောင် မှောင်နေသည်။ ယီပိုင်မင်းက အရှေ့ဆုံးမှဖြစ်ပြီး ကျိုးချွမ်က ဒုတိယ၊ ယန်ချန်းလန်ကမူ အနောက်ဆုံးမှ လိုက်ပါလာခဲ့သည်။ ဂူအတွင်း၌ ထပ်မံ၍ မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် ယန်ချန်းလန်က ကျန်ရှိသောသူများကို အထဲသို့ လိုက်မလာရန် တားမြစ်ထားခဲ့သည်။

သူတို့ သုံးဦးတည်းပင် ဖြစ်သော်လည်း ဤကျဉ်းမြောင်းသော နေရာလွတ်မှာ အလွန်ပင် ကျပ်ညပ်နေသကဲ့သို့ ခံစားရစေသည်။

မိုင်းတွင်းပြိုကျပြီးနောက် အတွင်းပိုင်းရှိ အရာအားလုံးမှာ ဖုန်မှုန့်အလွှာများဖြင့် ဖုံးလွှမ်းနေတော့သည်။ သို့သော်လည်း ယီပိုင်မင်းကမူ ဂူအတွင်းရှိ အသေးစိတ် အချက်အလက်တိုင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိသည်။

သူသည် ကြောင်ရိုင်းမလေး အပေါ် အလွန်အမင်း ယုံကြည်ချက်ရှိသော်လည်း မိုင်းတွင်းအတွင်းရှိ အခြေအနေများကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ဘတ်ထဲတွင် အလိုလို တင်းကျပ်သွားရသည်။ လက်ဖဝါးများ သွေးစွန်းခဲ့ရသည့် အကြိမ်ပေါင်း မရေမတွက်နိုင်သော ဤအမျိုးသားသည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရခြင်းပင်။

သူသည် ယွင်ရှန်း၏ သေးသွယ်သော ကိုယ်ဟန်လေးကို တွေးမိသွားသည်။ သူမသည် မှော်ဆရာတစ်ဦးမျှသာ ဖြစ်သည်။ ဤမျှများပြားသော ကျောက်တုံးကြီးများကြားတွင် သူမအနေဖြင့် အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိပါဦးမလား။

မဟုတ်ဘူး... သူမ သေချာပေါက် အသက်ရှင်နေရမယ်။

သူ့စိတ်ထဲတွင် အတည်ပြုလိုက် ငြင်းပယ်လိုက်ဖြင့် အကြိမ်ကြိမ် ဖြစ်ပျက်နေသည်။ ယီပိုင်မင်း၏ နောက်မှ လိုက်ပါလာသော ကျိုးချွမ်သည်လည်း ထိုအမျိုးသား၏ ဝေခွဲမရဖြစ်နေမှုကို အာရုံခံမိနေသည်။ ယီပိုင်မင်း လှမ်းလိုက်သော ခြေလှမ်းတိုင်းမှာ သတိကြီးစွာထားပြီး လေးလံနေသည်အကြောင်းမှာ နောက်ထပ် တစ်လှမ်းမျှ ရှေ့တိုးလိုက်ရုံဖြင့် မှတ်မိ၍မရလောက်အောင် ကြိတ်ခြေခံထားရသော အလောင်းတစ်ခုကို တွေ့ရှိသွားမည်ကို သူ စိုးရိမ်နေသောကြောင့် ဖြစ်သည်။

ကြောင်ရိုင်းမလေး... မင်း အန္တရာယ်ကင်းကင်း ရှိနေရမယ်နော်။

"ဒီရှေ့မှာပဲ... သခင်မလေးယန်က ဒီကျောက်နံရံရဲ့ အနောက်မှာ ရှိနေခဲ့တာ..."

ကျိုးချွမ်၏ လမ်းညွှန်မှုဖြင့် ယီပိုင်မင်းသည် မိုင်းတွင်း၏ အဆုံးသတ်သို့ နောက်ဆုံးတွင် ရောက်ရှိသွားတော့သည်။ အရှေ့တွင် နေရာလွတ် ကျယ်သွားသဖြင့် သူတို့ သုံးဦးစလုံး အလျင်အမြန် မတ်တတ်ရပ်လိုက်ကြသည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ အရင်က ဒီနေရာမှာ ကျောက်နံရံကြီး တစ်ခုရှိနေတာ သေချာပါတယ်။ အခု အဲဒီနံရံကြီး ဘယ်ပျောက်သွားတာလဲ။ ပြီးတော့ သခင်မလေးယန်လည်း ပျောက်နေတယ်"

ကျိုးချွမ်သည် ရှေ့သို့ အပြေးအလွှား သွားကာ ဇဝေဇဝါဖြင့် ပတ်ပတ်လည်ကို လိုက်ရှာတော့သည်။

အစောပိုင်းက ထူးဆန်းသော ကျောက်နံရံကြီးကို သူတို့တွေ့ရှိခဲ့သည့်နေရာမှာ ဤနေရာပင် ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထားသော်လည်း ယခုမူ ပတ်ဝန်းကျင်၌ ဘာကိုမျှ မတွေ့ရတော့ချေ။ အလောင်းလည်းမရှိ သွေးစက်လည်းမရှိဘဲ ပြိုကျနေသော ကျောက်တုံးများသာ ရှိနေပြီး အခြားအရာ ဘာမျှမရှိတော့ပေ။

ယီပိုင်မင်းသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီးနောက် မြေပြင်ပေါ်မှ ကျောက်တုံးတစ်ုံးကို ကောက်ယူကာ သူ၏ အကြည့်များမှာ လေးနက်တည်ကြည်သွားတော့သည်။

"ကျိုးချွမ်... ဒီမှာကြည့်စမ်း အဲဒီနံရံက ကျောက်တုံးတွေက ဒီကျောက်တုံးနဲ့ တူသလား"

ယီပိုင်မင်းသည် ဓားသွားကဲ့သို့ ထက်မြက်သော ကျောက်တုံးတစ်စကို ကိုင်ထားသည်။ ၎င်းကို ထိတွေ့လိုက်ရုံဖြင့်ပင် တိုက်ကြီးပေါ်ရှိ မည်သည့် သတ္တုရိုင်းနှင့်မဆို ယှဉ်နိုင်လောက်အောင် အလွန်တရာ မာကျောကြောင်း သူ သိလိုက်သည်။

"ဟုတ်ပါတယ်... အတိအကျပါပဲ။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ပြီး ကျိုးပဲ့သွားရတာလဲ။ သခင်မလေးယန်က ဒီနံရံကို ဖြိုခွဲဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့သွားတာများလား။ ဒါပေမဲ့ ကျွန်တော်တို့ အရင်က ဘယ်လိုပဲ စမ်းစမ်း မရခဲ့ဘူးလေ"

ကျိုးချွမ်သည် ခေါင်းကို ကုတ်ကာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

ယီပိုင်မင်းသည် ကျောက်တုံးကို တစ်ဖက်သို့ လှန်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားတော့သည်။ ကျောက်တုံး၏ နောက်ကျောဘက်တွင် ပြင်းထန်သော မှော်

လှိုင်းများ ထွက်ပေါ်နေခြင်းကြောင့်ပင်။

All Chapters