အခန်း (၃၃၇)
Vol. 33 Ch. 337
အခန်း။ ၃၃၇
ယီပိုင်မင်းသည် ကျောက်တုံးကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း "ဒါက သာမန်ကျောက်နံရံတစ်ခု မဟုတ်ဘူး။ ဒါဟာ မှော်စက်ကွင်းတစ်ခုပဲ" ဟု ဆိုလိုက်သည်။
"မှော်စက်ကွင်းလား။ မိုင်းတွင်းထဲမှာလား။ ဒါဆို ရှန်းအာက ဘယ်ကို ရောက်သွားတာလဲ"
ယွင်ရှန်း အသက်ရှင်နေသေးသည်ကို သိလိုက်ရသဖြင့် ယန်ချန်းလန် တစ်ယောက် သက်ပြင်းချနိုင်သော်လည်း သူမသည် မှော်စက်ကွင်းတစ်ခုကို နှိုးဆွမိပြီး ပျောက်ဆုံးနေသည်ဟူသော သတင်းကြောင့် စိုးရိမ်စိတ်များ တဖန်ပြန်လည် မြင့်တက်လာရပြန်သည်။
"ကျွန်တော် ထင်တာမမှားရင်တော့ ဒါဟာ ဟင်းလင်းပြင်နှင့် အချိန်ကာလ မှော်စက်ကွင်းတစ်ခုပဲ။ ပြီးတော့ ဒါက ဒီနေရာမှာ ရှိနေတာ အတော်ကို ကြာလှပြီ။ ကြောင်ရိုင်းမလေး က ဒီစက်ကွင်းကို မတော်တဆ နှိုးဆွမိသွားတာပဲ။ အခုချိန်မှာတော့ သူမဟာ တစ်နေရာရာက အမည်မသိ မှော်ဟင်းလင်းပြင်တစ်ခုဆီကို ပို့ဆောင်ခံလိုက်ရပြီလို့ ကျွန်တော် စိုးရိမ်မိတယ်"
ယီပိုင်မင်းသည် ကျောက်တုံးကို တင်းတင်းဆုပ်ကိုင်ထားရာ ထက်မြက်သော ကျောက်စွန်းက သူ၏အရေပြားကို ဖောက်ထွက်ပြီး သွေးစိမ်းများ စီးကျလာတော့သည်။
ကြောင်ရိုင်းမလေး... မင်း အခု တကယ်ပဲ ဘယ်နေရာကို ရောက်နေတာလဲ။
ယီပိုင်မင်း၏ မျက်ဝန်းများ အေးစက်သွားပြီး စိတ်ထဲမှနေ၍ သူမ၏အမည်ကို ထပ်ခါထပ်ခါ တမ်းတနေမိသည်။
တစ်နေရာရာတွင်...
တစ်ကိုယ်လုံးတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ... နာကျင်မှုနှင့် ဆာလောင်မှုများကြားတွင် ယွင်ရှန်း နိုးလာခဲ့သည်။ သူမ နိုးလာသည့် ခဏမှာပင် တစ်ကိုယ်လုံး ကြေမွမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။
သူမ၏ လက်များ၊ ခြေထောက်များနှင့် ခန္ဓာကိုယ်အနှံ့တွင် အရည်ကြည်ဖုများ ပေါက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရည်ကြည်ဖုများမှာ သူမ ယခုရောက်ရှိနေသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
သူမသည် မိုင်းတွင်းထဲတွင် မရှိတော့ကြောင်း ယွင်ရှန်း ချက်ချင်းသဘောပေါက်လိုက်သည်။ သတိမေ့မသွားမီ နောက်ဆုံးခဏတွင် ကျောက်နံရံကြီး ပြိုကျသွားပြီး မိုင်းတွင်းတစ်ခုလုံး ပြိုကျပျက်စီးခဲ့သည်ကို သူမ မှတ်မိနေသည်။
ထိုသို့ ပြိုကျသွားသည့် ခဏမှာပင် ကျောက်နံရံကြီး၏ အနောက်ဘက်တွင် တစ်စုံတစ်ခု ရှိနေသည်ကို သူမ မြင်တွေ့လိုက်ရသလိုပင်။
ထိုအရာက အတိအကျ ဘာကြီးလဲဆိုတာကို သူမ၏ ဦးနှောက်ထဲတွင် လျှပ်ခနဲ အတွေးပေါ်လာသည်။
မှော်စက်ကွင်းတစ်ခု...
သူမ မှော်စက်ကွင်းတစ်ခုကို မြင်လိုက်ရခြင်းပင်။
စောစောက မိုင်းသယ်ယူပို့ဆောင်ရေး နယ်မြေမှာ မြင်ခဲ့ရတာနဲ့ ဆင်တူပြီး ဟင်းလင်းပြင်နှင့် အချိန်ကာလဆိုင်ရာ မှော်စွမ်းအား အရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ စက်ကွင်းမျိုးပင်။ ဤမှော်စက်ကွင်းကြောင့်ပင် သူမသည် မိုင်းတွင်းပြိုကျချိန်၌ ကျောက်တုံးကြီးများအောက် ကြိတ်ခြေခံရမည့် အန္တရာယ်မှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ခြင်းဖြစ်သလို ဤစက်ကွင်းကြောင့်ပင် ယခုကဲ့သို့ စိမ်းသက်သော နယ်မြေတစ်ခုသို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
ယွင်ရှန်းသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်စစ်ဆေးလိုက်ရာကံကောင်းထောက်မစွာဖြင့် အရည်ကြည်ဖုများမှလွဲ၍ ပြင်းထန်သော ဒဏ်ရာကြီးကြီးမားမား မရှိပေ။ သို့သော်လည်း ထိုအရည်ကြည်ဖုများကြောင့် သူမ၏ မူလရုပ်ရည်မှာ ပျက်ယွင်းနေပြီး ဖားပြုပ်တစ်ကောင်နှင့်ပင် ဆင်တူနေတော့သည်။
ယွင်ရှန်းအတွက်မူ ဤသည်မှာ ကြီးမားသော ပြဿနာမဟုတ်ချေ။ အကယ်၍ သူမ ဤနေရာမှ ထွက်ခွာနိုင်ပါက သူမ၏ ရုပ်ရည်ကို ပြန်လည်ပြုပြင်ရန် နည်းလမ်းများစွာ ရှိသော်လည်း လူရိပ်လူခြေပင် မမြင်ရသော ဤတစ္ဆေခြောက်သည့်နေရာမှ မထွက်နိုင်ပါက သူမ၏ မျက်နှာကို ပြန်လည်လှပအောင် လုပ်နေခြင်းမှာ အဓိပ္ပာယ်မရှိပေ။
ခန္ဓာကိုယ်တွင် ဒဏ်ရာအပြင်းအထန် မရှိကြောင်း အတည်ပြုပြီးနောက် ယွင်ရှန်းသည် သူမ၏ အဝတ်အစားများကို ကြည့်လိုက်မိရာ ခါးသီးစွာ ပြုံးမိသွားတော့သည်။ အလွန်အမင်း မြင့်မားလှသော အပူရှိန်ကြောင့် သူမ၏ အဝတ်အစားများမှာ လောင်ကျွမ်းလုနီးပါး ဖြစ်နေပြီး၊ အရှက်လုံရုံမျှသာရှိသော အဝတ်စ အနည်းငယ်သာ ကျန်ရှိတော့သည်။ ယခု သူမ၏ ဝတ်စားဆင်ယင်ပုံမှာ ရှေးဦးလူသားတစ်ဦးနှင့်ပင် တူနေတော့သည်။
တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ သူမ၏ ရှန်းနုန်ဆေးပညာလက်ပတ်၊ သားရဲဘာသာစကားလက်စွပ်နှင့် မှော်လှံတံတို့မှာ ပကတိအတိုင်း ရှိနေခြင်းပင်။
ပတ်ဝန်းကျင်တွင် လူသူမရှိသဖြင့် ယွင်ရှန်းသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားအသစ်များကို ထုတ်ယူရန် ကြိုးစားလိုက်သည်။ သို့သော် စစ်ဆေးကြည့်လိုက်သောအခါတွင်မူ သိုလှောင်လက်စွပ်အတွင်းရှိ အရာအားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မှင်သက်သွားရတော့သည်။
စောစောက ရရှိထားသော ဝူကျိ ခရမ်းရွှေကတ်များပင် မလွတ်ကင်းခဲ့သလို စားနပ်ရိက္ခာနှင့် ဆေးဘက်ဝင်အပင်များ အားလုံးမှာလည်း လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။
ဒါ ဘယ်လိုမျိုး ငရဲခန်းလဲ...
ဤနေရာ၏ အပူရှိန်မှာ သားရဲဘာသာစကားလက်စွပ်အတွင်းသို့ပင် ထိုးဖောက်ဝင်ရောက်နိုင်ပြီး အတွင်းရှိ ပစ္စည်းများကို တိုက်ရိုက် အရည်ပျော်စေနိုင်သည်အထိ ပြင်းထန်လှသည်။ ယွင်ရှန်းသည် သူမ၏ တစ်သက်တွင် ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။
သားရဲဘာသာစကားလက်စွပ်၏ အခြေအနေကို သိရှိသွားပြီးနောက် ယွင်ရှန်းသည် ပိုမို၍ သံသယဝင်လာတော့သည်။ သူမသည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း လောလောဆယ်တွင် အရေးကြီးဆုံးမှာ စားစရာနှင့် ရေကို ဦးစွာရှာဖွေရန်ဖြစ်ကြောင်း စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
ယွင်ရှန်းသည် သူမ၏ မှော်စွမ်းအားများကို တိတ်တဆိတ် စမ်းသပ်ကြည့်ရာ ဤပတ်ဝန်းကျင်တွင် မီးဓာတ်မှလွဲ၍ အခြားသော သူမ၏ အဓိက မှော်ဓာတ်များမှာ လုံးဝနီးပါး မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း မှောင်မိုက်ဓာတ်အကြွင်းအကျန်အချို့ကိုမူ အာရုံခံမိနေသေးသည်။
ခြေဖဝါးအောက်ရှိ မြေပြင်မှာလည်း ပူလောင်လာသဖြင့် ယွင်ရှန်းသည် ကျောက်စိမ်းရိုးတွင်းခြင်ဆီကျင့်စဉ်ကို နှိုးဆွလိုက်သည်။ ထိုကျင့်စဉ်သည် မူလက တာအိုအယူအဆအရ အသက်ရှူခြင်းနှင့် တရားထိုင်ခြင်းဆိုင်ရာ ကျင့်စဉ်တစ်ခုဖြစ်သဖြင့် စိတ်ကိုတည်ငြိမ်စေပြီး အေးမြစေသော အာနိသင်ရှိသည်။ အသက်ရှူနှုန်းကို အချိန်အတန်ကြာ ထိန်းညှိပြီးနောက် ယွင်ရှန်းသည် ခြေဖဝါးအောက်မှ မြေပြင်မှာ အရင်ကလောက် မပူတော့ကြောင်း ခံစားလိုက်ရပြီး ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလျှောက်သွားတော့သည်။
ဂလု... ဂလု...ဟူသော ရေနွေးဆူသည့် ပူဖောင်းများ ပေါက်ကွဲသံကဲ့သို့ အသံများနှင့်အတူ လမ်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ မြောင်းများထဲတွင် ချော်ရည်ကဲ့သို့ အရည်များ စီးဆင်းနေသည်။
အမည်မသိ မီးတောက်များမှာ တစ်ခုပြီးတစ်ခု ပွင့်ထွက်လာရာ သူမ ရောက်ရှိနေသော ပတ်ဝန်းကျင်မှာ အလွန်တရာ ဆိုးရွားလှကြောင်း လျှောက်လှမ်းရင်း သိမြင်လာရသည်။ သူမ အတော်ကြာ လျှောက်လာခဲ့သော်လည်း မည်သည့်သတ္တဝါကိုမျှ မတွေ့ရသလို မြက်ပင် သို့မဟုတ် အပင်တစ်ပင်ကိုမျှပင် မမြင်တွေ့ရပေ။
ဤနေရာသည် သဲကန္တာရထက်ပင် ပိုမိုဆိုးရွားလှသည်။
ယွင်ရှန်းသည် သူမကိုယ်သူမ မြေအောက်မီးတောင်ဝတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ပတ်ဝန်းကျင်တွင် ချော်ရည်များနှင့် မှောင်မိုက်သော မီးလျှံများသာရှိပြီး အခြားဘာမျှ မရှိချေ။
အကယ်၍သာ ဤအတိုင်း ဆက်လျှောက်နေပါက သူမသည် ငတ်မသေလျှင်ပင် ရေငတ်၍ သေဆုံးသွားပေလိမ့်မည်။
မိုင်းတွင်းပြိုကျချိန်မှစ၍ သူမ သတိပြန်ရလာသည်အထိ အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူမ မသိပေ။ သူမ၏ ဦးလေးနှင့် ကျိုးချွမ်တို့မှာ သူမအတွက် အလွန်စိုးရိမ်နေကြမည်မှာ သေချာလှသည်။ သူမသာ မကြာမီ ပြန်မရောက်သွားပါက အားလုံးမှာ စိုးရိမ်စိတ်ဖြင့် ရူးသွပ်ကုန်ကြပေလိမ့်မည်။
အရာအားလုံးမှာ သူမ၏ ကိုယ်ပိုင်စွမ်းအားအပေါ် အလွန်အမင်း ယုံကြည်ချက်လွန်ကဲပြီး စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့မိခြင်းကြောင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိခဲ့ရခြင်းပင်။
ယွင်ရှန်းသည် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းမှ မရှောင်လွှဲနိုင်တော့ပေ။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်များမှာ ဆိုးရွားလှသော ပတ်ဝန်းကျင်ကြောင့် တဖြည်းဖြည်း ခမ်းခြောက်လာသော်လည်း ယွင်ရှန်းမှာ ဘာကိုမျှ ရှာမတွေ့သေးချေ။ ရေမရှိ၊ စားစရာမရှိ၊ သက်ရှိဟူ၍လည်း ဘာမျှမရှိ ဤလျှို့ဝှက်ဆန်းကြယ်သော မှော်ဟင်းလင်းပြင်ထဲတွင် ဆူပွက်နေသော ချော်ရည်များနှင့် အဆက်မပြတ် ပန်းထွက်နေသော မီးလျှံများဖြင့်သာ ပြည့်နှက်နေသည်။
ဤနေရာရှိ လမ်းကြောင်းများမှာလည်း ကွေ့ကောက်ရှုပ်ထွေးလှပြီး လမ်းခွဲများစွာ ရှိနေသဖြင့် မည်သည့်လမ်းက မည်သည့်နေရာသို့ ဦးတည်သည်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။ အချိန်အတော်ကြာပြီးနောက် ယွင်ရှန်းသည် စိတ်အာရုံများ တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။
သူမ၏ နောက်ဆုံးကျန်ရှိသော စိတ်ဓာတ်ခွန်အားကို အသုံးပြု၍ ယွင်ရှန်းသည် ရှေ့သို့ တလှမ်းချင်း လှမ်းလျှောက်နေသည်။ နောက်တစ်လှမ်းတွင် ထွက်ပေါက်ကို ရှာတွေ့လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်...
သို့သော် အကြိမ်ကြိမ်ပင် စိတ်ပျက်ခဲ့ရသည်။
"ငါ တကယ်ပဲ ဒီမှာ သေရတော့မှာလား"
ယွင်ရှန်းက ခါးသီးစွာ ပြုံးလျက် ရေရွတ်လိုက်သော်လည်း လက်လျှော့ရန်မူ အလိုမရှိသေးပေ။
ကောင်းကင်စူးစမ်းရေးအဖွဲ့ က အခုမှ ဖွဲ့စည်းထားကာစ ရှိသေးသည်။ ဆေးခန်းက ဆေးဘက်
ဝင်အပင် ပြဿနာကလည်း မပြေလည်သေးပေ။
သူမ၏ ဖခင်... သူမ၏ ဦးလေး... အမဲလိုက်အဖွဲ့... ပြီးတော့... ယီပိုင်မင်း။
ယီပိုင်မင်း၏ အမည်မှာ ယွင်ရှန်း၏ စိတ်ထဲသို့ မမျှော်လင့်ဘဲ ရောက်ရှိလာချိန်တွင်၊ သူမ၏ မှော်ဝိညာဉ်အတွင်း၌ ထူးခြားသော တုန်ခါမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
"ကြောင်ရိုင်းမလေး"
အသံတစ်ခုက သူမ၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာသည်။
ဒါ စိတ်အာရုံမှားတာလား။ ဒီလိုအချိန်မျိုးမှာ ယီပိုင်မင်းရဲ့ အသံကို သူမ ဘယ်လိုလုပ်ပြီး ကြားနိုင်မှာလဲ။
ဤအချိန်တွင် သူသည် ယွီကျင်းမြို့တော်၌ အပူအပင်ကင်းမဲ့သော မင်းသားတစ်ပါးအဖြစ် ရှိနေသင့်သည်။
ယွင်ရှန်းသည် ခေါင်းကို ခါယမ်းလိုက်သည်။ ပြင်းထန်သော ရေဓာတ်ခမ်းခြောက်မှုနှင့် အာရုံကြောများ အလွန်အမင်း ပင်ပန်းနေမှုကြောင့် သဲကန္တာရထဲကလို စိတ်ချောက်ချားပြီး အသံတွေ ကြားနေရတာဖြစ်မည်ဟု သူမ ကိုယ်သူမ ယုံကြည်လိုက်သည်။
"ကြောင်ရိုင်းမလေး ငါပြောတာ ကြားလား"
ယွင်ရှန်း၏ စိတ်ထဲတွင် ထိုအသံမှာ နောက်တစ်ကြိမ် ထပ်မံ၍ ရှင်းလင်းစွာ ပေါ်လာပြန်သည်။
"ယီပိုင်မင်း အဲဒါ တကယ်ပဲ နင်လား"
သဲကန္တာရထဲတွင် အိုအေစစ်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ပင် ထိုအသံကို အမှန်တကယ် ကြားလိုက်ရကြောင်း အတည်ပြုပြီးသည်နှင့် ယွင်ရှန်း၏ မိန်းမောနေသော စိတ်အာရုံမှာ ချက်ချင်းပင် ကြည်လင်သွားတော့သည်။
သို့သော် ယီပိုင်မင်း၏ အသံက သူမ၏ စိတ်ထဲသို့ ဘယ်လိုနည်းဖြင့် ရောက်လာရတာလဲ။
ယွင်ရှန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ယီပိုင်မင်း၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ယီပိုင်မင်းကို မြင်တွေ့လိုစိတ်မှာ အလွန်အမင်း ပြင်းပြလာခဲ့သည်။
ဤကဲ့သို့ ငြီးငွေ့ဖွယ်ကောင်းပြီး မျှော်လင့်ချက်မဲ့လုနီးပါးဖြစ်နေသော ပတ်ဝန်းကျင်တွင် အဖော်တစ်ယောက်၏ ရှိနေမှုကို သူမ အရေးတကြီး လိုအပ်နေသည်။ ၎င်းမှာ အသံတစ်ခုမျှသာ ဖြစ်နေပါစေဦးတော့။
"နင်ကတော့ တကယ့်ကို အူကြောင်ကြောင် ကောင်မလေးပဲ နင်…."
ယီပိုင်မင်း၏ အသံမှာ စိတ်လှုပ်ရှားနေမှု၊ စိတ်တိုနေမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ဝမ်းသာပီတိဖြစ်မှုက ပိုမိုသိသာနေတော့သည်။