အခန်း (၃၃၈)
Vol. 33 Ch. 338
အခန်း။ ၃၃၈
အမှန်စင်စစ်တွင် ယွင်ရှန်း၏ အသိစိတ်နှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပြီးနောက် ယီပိုင်မင်း ၏ စိတ်ထဲတွင် ဝမ်းသာပီတိဖြစ်မှုများမှာ ရူးသွပ်မတတ် လှိုင်းထန်သွားခဲ့သည်။ အလွန်တန်ဖိုးရှိသော ရတနာတစ်ခုကို ပြန်လည်ပိုင်ဆိုင်လိုက်ရသကဲ့သို့ ခံစားချက်မျိုးက သူ၏နှလုံးသားကို နာကျင်ကြည်နူးစေခဲ့သည်။
"ဘာလို့ နင့်ရဲ့အတွေးတွေက ငါ့စိတ်နဲ့ လာပြီး ပဲ့တင်ထပ်နေရတာလဲ"
ယွင်ရှန်းမှာမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။
" မှော်ဝိညာဉ်ကြောင့်လေ။ ငါတို့ အရင်က နှစ်ကိုယ်တူမှော်ကျင့်စဉ်ကို အတူတူ လေ့ကျင့်ခဲ့ဖူးတယ် မဟုတ်လား။ ငါတို့ရဲ့ မှော်ဝိညာဉ်တွေက မြစ်ဖျားခံရာ တစ်ခုတည်းကပဲ။ အသိစိတ်ချင်းသာ ထပ်တူကျသွားမယ်ဆိုရင် တစ်ယောက်ရဲ့ တည်ရှိမှုကို တစ်ယောက်က အာရုံခံနိုင်စွမ်း ရှိတယ်"
ယီပိုင်မင်း၏ လေသံတွင် အပြစ်တင်လိုသော အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
"ဒါဆို... အခု ငါရောက်နေတဲ့ ပတ်ဝန်းကျင်ကိုရော နင် မြင်နေရတာလား"
ယွင်ရှန်းသည် သူမကိုယ်သူမ ချောင်းကြည့်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး ဤသည်မှာ မှော်ဝိညာဉ်ကြောင့် ဖြစ်ကြောင်း ယခုမှ သဘောပေါက်သွားတော့သည်။
"အကြမ်းဖျင်းတော့ မြင်ရပါတယ်"
ယီပိုင်မင်းသည် အသာအယာ ချောင်းဟန့်လိုက်သည်။ သူသည် ယွင်ရှန်း ရောက်ရှိနေသော ပတ်ဝန်းကျင်ကိုသာမက ယခုအချိန်တွင် ဖရိုဖရဲဖြစ်နေသော သူမ၏ ပုံစံကိုပါ မြင်နေရသောကြောင့်ပင်။
ယွင်ရှန်းသည် အဝတ်အစားမလုံမလဲ ဖြစ်နေသော သူမ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်မိပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
မိုင်းတွင်း၏ အခြားတစ်ဖက်တွင်မူ ယီပိုင်မင်းနှင့်အတူ ရှိနေသော ယန်ချန်းလန်သည် မင်းသားဖြစ်သူမှာ ရုတ်တရက် အပြင်းအထန် ချောင်းအကြိမ်ကြိမ် ဟန့်လိုက်ပြီး သူ၏ ခန့်ညားသော မျက်နှာမှာ သံသယဖြစ်ဖွယ် ကောင်းလောက်အောင် နီမြန်းသွားသည်ကို တွေ့လိုက်ရသည်။
"မင်းသား... ရှန်းအာရှိတဲ့နေရာကို ရှာဖို့ နည်းလမ်းရှိတယ်လို့ ခုနက ပြောလိုက်တာ တကယ်ပဲလား"
ယန်ချန်းလန်သည် လွန်ခဲ့သော ရက်များအတွင်း ယွင်ရှန်းကို ရှာဖွေရန် မြေလှန်ရှာခဲ့သော်လည်း သူမမှာ အစအနပင် ရှာမရဘဲ ပျောက်ဆုံးနေသဖြင့် ရူးမတတ် ဖြစ်နေခဲ့ရခြင်းပင်။
ယီပိုင်မင်းသည်လည်း စောစောက အလွန်အမင်း ထိတ်လန့်နေခဲ့သော်လည်း ယနေ့နံနက်တွင်မူ ယွင်ရှန်းကို သူ ရှာတွေ့နိုင်တော့မည်ဖြစ်ကြောင်း ကိုယ်ကိုကိုယ် အသိပေးနိုင်ခဲ့ပြီ ဖြစ်သည်။
" ကြောင်ရိုင်းမလေး လောလောဆယ် ဘေးကင်းပါတယ်"
ယီပိုင်မင်း၏ စိတ်ထဲတွင် အတော်ကလေး သက်သာရာ ရသွားပြီ ဖြစ်သည်။
"ဒါဆို တော်သေးတာပေါ့... အခု သူမ ဘယ်လိုနေသေးလဲ"
ယန်ချန်းလန်သည် သူ၏ သမီးအရင်းကဲ့သို့ပင် ယွင်ရှန်းကို ဂရုစိုက်သူ ဖြစ်သည်။ သူ၏ တူမလေးမှာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော်လည်း လွန်ခဲ့သော ခြောက်လအတွင်း သူမသည် ယန်ချန်းလန်နှင့် ကောင်းကင်စူးစမ်းရေးအဖွဲ့ တစ်ခုလုံး၏ အဓိကကျောရိုး ဖြစ်လာခဲ့သည်။
ယီပိုင်မင်းသည် ထပ်မံ၍ ချောင်းဟန့်လိုက်မိသည်။ ကြောင်ရိုင်းမလေး၏ လက်ရှိအခြေအနေနှင့် စောစောက သူမ၏ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော မျက်နှာလေးကို တွေးမိလိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
ယွင်ရှန်း ဤမျှလောက် ပြာပြာသလဲဖြစ်ပြီး စိတ်တိုနေသည်ကို သူ တွေ့ရခဲလှသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ကြောင်ရိုင်းမလေးမှာ အမြဲတမ်း တည်ငြိမ်လွန်းသူ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူမ၏ စိတ်ပျက်အားလျော့နေသော ပုံစံလေးကို မြင်ရသည်မှာလည်း အတော်ကလေး ချစ်စရာကောင်းနေသည်ဟု သူ ခံစားလိုက်ရသည်။
"သူမ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူမ ရောက်နေတဲ့ ပတ်ဝန်းကျင်ကတော့ အနည်းငယ် ဆိုးရွားနေတယ်"
ယီပိုင်မင်းသည် အသေးစိတ်ကို ထပ်မံရှင်းပြမနေတော့ဘဲ ယွင်ရှန်း၏ အတွေးစများနှင့် ပြန်လည်ထိတွေ့နိုင်ရန် သူ၏ အာရုံကို ပြန်လည်စုစည်းလိုက်သည်။
သူတို့၏ မှော်ဝိညာဉ်ချင်းမှာ နက်ရှိုင်းစွာ ဆက်နွှယ်နေသော်လည်း သူတို့၏ အတွေးစများ အပြည့်အဝ ထပ်တူကျရန်မှာမူ ယီပိုင်မင်းအတွက်ပင် မသေချာလှချေ။ အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ကြိုးစားပြီးနောက်မှသာ ယွင်ရှန်းနှင့် ပြန်လည်ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော ထူးခြားသည့် ဝိညာဉ်ချင်း ဆက်သွယ်မှုမျိုးမှာ တစ်လောကလုံးတွင် ယွင်ရှန်းနှင့် ယီပိုင်မင်းတို့ နှစ်ဦးတည်းသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
သို့သော် ဤဆက်သွယ်မှုကို အမြဲတမ်း တည်မြဲနေအောင် မလုပ်ဆောင်နိုင်ပေ။ ယေဘုယျအားဖြင့် တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့်သာ ကြာမြင့်နိုင်ပြီး တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက် ပို၍ မလုပ်ဆောင်နိုင်ချေ။
"မကြည့်သင့်တာတွေကို မကြည့်နဲ့။ ပြီးတော့ ငါ့ရဲ့ ဒုတိယဦးလေးကိုလည်း စိတ်မပူဖို့ ပြောပေးပါ။ ငါ ပြန်လာမယ့်လမ်းကို သေချာပေါက် ရှာမှာပါ။ ငါ ဆက်ပြီး လျှောက်သွားဦးမယ်... လိုအပ်ရင် နင့်ကို ပြန်ဆက်သွယ်လိုက်မယ်"
ယွင်ရှန်းက ယီပိုင်မင်းကို သတိပေးလိုက်သည်။
ယီပိုင်မင်းမှာမူ သူ၏နှာခေါင်းကို အားကိုးရာမဲ့စွာဖြင့် ပွတ်သပ်နေမိသည်။ သူကလည်း တကူးတက ကြည့်ချင်နေသည်တော့ မဟုတ်ပေ။
"နင် အခုရောက်နေတဲ့ နေရာကိုရော အတိအကျ သိလား"
ယီပိုင်မင်းသည် သူ၏ စနောက်လိုသော စိတ်ကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ ယွင်ရှန်း ဒဏ်ရာမရရှိထားသော်လည်း သူမ ရောက်ရှိနေသော ပတ်ဝန်းကျင်မှာ အလွန်တရာ ဆိုးရွားလှကြောင်း သူ သဘောပေါက်လိုက်သောကြောင့်ပင်။
ယွင်ရှန်းက သူမ၏ သိုလှောင်လက်စွပ် အတွင်းရှိ အရာအားလုံး ပြာကျသွားသည့်အကြောင်းကို ယီပိုင်မင်းအား ပြောပြခဲ့ပြီး ဖြစ်သည်။ သိုလှောင်လက်စွပ်အတွင်းရှိ ပစ္စည်းများကိုပင် လောင်ကျွမ်းစေနိုင်သော ပတ်ဝန်းကျင်ဆိုသည်မှာ မည်မျှအထိ ပြင်းထန်မည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။
ယွင်ရှန်း၏ ခေတ်သစ်ပထဝီဝင် ဗဟုသုတများအရဆိုလျှင် သူမသည် ဝူကျိတိုက်ကြီး၏ မြေအောက် ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာတွင် ရောက်ရှိနေနိုင်သည်ဟုပင် သံသယဝင်မိတော့သည်။
"မြေအောက်လို့ပဲ ထင်ရတာပဲ... ဒါမှမဟုတ် မီးတောင်ဝတစ်ခုခု ဖြစ်နိုင်တယ်။ ငါ အရင်ကနဲ့မတူတဲ့ မှော်လှိုင်းတွေကို အာရုံခံမိနေသလိုပဲ။ ဒါပေမဲ့ ဒါတွေကို အခု လောလောဆယ် ထားလိုက်ပါဦး။ မှတ်ထားနော်... ဒီအတောအတွင်း ငါ့ဦးလေးနဲ့ ကောင်းကင်စူးစမ်းရေးအဖွဲ့ က လူတွေကို သေချာစောင့်ရှောက်ပေးပါ။ ပြီးတော့ ဒီဟုန်မြို့က ရွှမ်ဝူကျိရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိထားစောင့်ကြည့်ပေးပါ"
ယွင်ရှန်းသည် အချိန်မည်မျှ ကြာအောင် လျှောက်လာခဲ့သည်မသိသော်လည်း ပတ်ဝန်းကျင်မှာ အနည်းငယ် ပြန်လည်အေးမြလာသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ယီပိုင်မင်းကို အလျင်အမြန် နှုတ်ဆက်လိုက်ပြီး ရှေ့သို့ အမြန်လျှောက်သွားတော့သည်။
"ဟင်... ဒီလိုနေရာမျိုးမှာ ကြာကန်တစ်ခု ဘယ်လိုလုပ် ရှိနေတာလဲ"
ယွင်ရှန်းသည် အတော်ကြာအောင် ရှာဖွေခဲ့ပြီး အလွန်အမင်း ဆာလောင်နေချိန်တွင် သက်ရှိဟူ၍ ဘာမျှမရှိဘဲ အပူရှိန်ပြင်းလှသည်ဟု သူမ ထင်မှတ်ထားသော ဤမှော်ဟင်းလင်းပြင်ထဲ၌ အလွန်လှပသော ကြာကန်ကြီးတစ်ခုကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရခြင်းပင်။
ကြာကန်အတွင်း၌မူ ဆူပွက်နေသော ချော်ရည်များမှာ လှိုင်းထန်နေသည်။ ယွင်ရှန်းက ကျောက်တုံးတစ်တုံးကို ထိုကန်ထဲသို့ ကန်ချလိုက်ရာ ထိုမာကျောလှသော ကျောက်တုံးမှာ ကန်ထဲသို့ပင် မကျသေးဘဲ လေထဲ၌ပင် ပြင်းထန်သော အပူရှိန်ကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤကြာကန်အတွင်းရှိ ချော်ရည်များမှာ သူမ အစောပိုင်းက ဖြတ်သန်းလာခဲ့သော ချော်ရည်များနှင့် မီးလျှံများထက်ပင် ပိုမိုပူပြင်းပုံရသည်။ သို့သော် ထိုပြင်းထန်လှသော အပူရှိန်မှာ ကန်အတွင်းရှိ ကြာပင်များ ကြီးထွားမှုကိုမူ အဟန့်အတား မဖြစ်စေခဲ့ပေ။
ထူးခြားသည်မှာ ကန်အတွင်း ပေါက်ရောက်နေသော ကြာရွက်များနှင့် ကြာရိုးများမှာ သာမန်ကြာပင်များကဲ့သို့ အစိမ်းရောင်မဟုတ်ဘဲ ဤနေရာရှိ ချော်ရည်များကဲ့သို့ပင် နီရဲတောက်ပနေခြင်း ဖြစ်သည်။ ကြာကန်၏ အလယ်တွင် ကြာပန်းပေါင်း တစ်ဆယ်ကျော်ခန့် ရှိနေပြီး အများစုမှာ အရွက်အနည်းငယ်သာ ရှိကြသော်လည်း ကြာငုံတစ်ငုံမှာမူ တစ်ဝက်ပွင့် တစ်ဝက်ငုံ အနေအထားဖြင့် ရှိနေသည်။ ထိုကြာငုံ၏ ပွင့်ဖတ်များမှာ နှုတ်ခမ်းနီရောင်ကဲ့သို့ တောက်ပနေပြီး သဘာဝရနံ့တစ်ခုကိုလည်း ထုတ်လွှင့်နေသည်။
ဤကြာခင်းကြီး ရှိနေခြင်းကြောင့်ပင် ပတ်ဝန်းကျင်၏ အပူချိန်မှာ အတော်ကလေး လျော့နည်းသွားခြင်း ဖြစ်သည်။ အရည်ရွှမ်းနေပုံရသော ကြာရွက်များကို ကြည့်ရင်း ဆာလောင်မွတ်သိပ်နေသော ယွင်ရှန်း၏ အစာအိမ်မှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။
"ဒါက အဆိပ်ရှိမရှိတော့ ငါမသိဘူး။ ဒါပေမဲ့ ငတ်ပြီးသေရတာထက်စာရင် အဆိပ်မိပြီးသေရတာက ပိုတော်ဦးမယ်"
ယွင်ရှန်းသည် တံတွေးကို မြိုချလိုက်ရင်း တောက်လျှောက် ဆူပွက်နေသော ချော်ရည်များကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူမသည် ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော လေဓာတ်ကို စုစည်းလိုက်ပြီး အနီးဆုံးရှိ ကြာရွက်ကို ပစ်မှတ်ထားကာ လေဓားဖြင့် လှီးဖြတ်လိုက်ရာ ကြာရွက်မှာ ရေမျက်နှာပြင်မှ ပြတ်ထွက်သွားပြီး ဖြူဖွေးနုနယ်သော ကြာစွယ်အပိုင်းအစတစ်ခု ပေါ်ထွက်လာတော့သည်။
ကြာစွယ်ကို ဆွဲယူပြီးနောက် ယွင်ရှန်းသည် အနောက်သို့ အပြေးအလွှား ဆုတ်ခွာလိုက်ပြီးသန့်ရှင်းခြင်း မသန့်ရှင်းခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ ထိုကြာစွယ်ကို အငမ်းမရ ကိုက်စားလိုက်တော့သည်။
တစ်ကိုက် ကိုက်လိုက်သည်နှင့် တစ်ခါမျှ မကြုံဖူးသော ချိုမြိန်လန်းဆန်းမှုမှာ သူမ၏ ပါးစပအတွင်း ပေါက်ကွဲထွက်သွားပြီး ခြောက်သွေ့ခါးသီးနေသော ယွင်ရှန်း၏ ခံတွင်းကို ချက်ချင်းပင် စိုစွတ်သွားစေသည်။ ကြာစွယ်၏ အရည်များမှာ သူမ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းနှင့် မွေးညင်းနုတိုင်းကို စိမ့်ဝင်စိုစွတ်သွားစေကြောင်း ခံစားလိုက်ရသဖြင့် ယွင်ရှန်းမှာ အံ့အားသင့်သွားရသည်။
မကြာမီမှာပင် ယွင်ရှန်းသည် လက်မောင်းခန့် တုတ်ခိုင်သော ထိုကြာစွယ်နုကို အကုန်အစင် စားပစ်လိုက်သည်။ ကြာစွယ်ကို စားပြီးသည်နှင့် ဝမ်းဗိုက်ပြည့်သွားရုံသာမက ပြင်းထန်သော အပူရှိန် ခံစားချက်မှာလည်း ပျောက်ကွယ်သွားတော့သည်။ ဤကြာစွယ်နုမှာ ဤနေရာရှိ ပြင်းထန်သော အပူရှိန်ကို ခုခံနိုင်စွမ်းရှိသည်မှာ ထင်ရှားလှသည်။
ထို့အပြင် ယွင်ရှန်းက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို တိတ်တဆိတ် ပြန်လည်နှိုးဆွကြည့်ရာ လုံးဝနီးပါး ခမ်းခြောက်နေသော စွမ်းအားများမှာ ချက်ချင်းပင် ပြန်လည်ပြည့်ဖြိုးလာကြောင်း တွေ့လိုက်ရသည်။
၎င်းပြင် အစောပိုင်းက ဖိနှိပ်ခံထားရသော ဓာတ်ကြီးအမျိုးမျိုး၏ မှော်စွမ်းအားများမှာလည်း အားအင်အပြည့်ဖြင့် ပြန်လည် တိုးလျှံလာတော့သည်။ အံ့ဩစရာအကောင်းဆုံးမှာ သူမ၏ မှော်ဝိညာဉ်မှာ တစ်ပတ်စာခန့် ကြီးထွားလာပြီး အဆင့်တက်ရန်နီးစပ်နေပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်ခြင်းပင်။
"ဒါက ဘယ်လိုအဆင့်ရှိတဲ့ အပင်မျိုးလဲ"
ယခုမှပင် သူမရှေ့ရှိ ကြာစွယ်များမှာ အလွန်ရှားပါးသော ရတနာများဖြစ်ကြောင်း ယွင်ရှန်း သဘောပေါက်လိုက်သည်။ ဆရာဝန်တစ်ဦးအနေဖြင့် သူမ၏ အတွေ့အကြုံအရဆိုလျှင် ဤကြာစွယ်များ၏ အဆင့်မှာ ယခင်က ကိုးရွက်ပါ မြင့်မြတ်သောအဆင့် ခရမ်းရောင်ဂျင်ဆင်းနှင့် မယှဉ်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ မြင့်မြတ်သောအဆင့်သို့မဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့်ဆေးဘက်ဝင်တန်ဖိုး ရှိနေပေသည်။
ထို့အပြင် ဤကန်ထဲတွင် ကြာစွယ်ပေါင်း တစ်ဆယ်ကျော် ရှိနေသေးသည်။ အကယ်၍ သူမအနေဖြင့် ၎င်းတို့ကို ဝူကျိတိုက်ကြီးသို့ ပြန်သယ်သွားနိုင်လျှင် သို့မဟုတ် ပြန်လည်စိုက်ပျိုးနိုင်လျှင် ၎င်းတို့၏ တန်ဖိုးမှာ အဆမတန် ကြီးမားသွားပေလိမ့်မည်။