မြစ်ကမ်းနံဘေးမှာဆုံတွေ့ခြင်း
Vol. 3 Ch. 237
ဟွမ်လုန်ကျီမှာ အဝါရောင် နဂါးကြီး အသွင်ပြောင်းပြီး ရက်ပေါင်း အတော်ကြာ ပျံသန်း နေခဲ့လေသည်။
ထိုသို့ ပျံသန်းနေရင်း….
ပင်လယ် အတွင်းသို့ စီးဝင်နေသည့် မြစ်တစ်စင်းကို တွေ့မြင် လိုက်ရသည်။ မြစ်မှာ မိုင်ပေါင်းရာနှင့် ချီအောင် ရှည်လျား ကျယ်ပြန့် လေသည်။
ထိုမြစ်မှာ ယွမ်ကျိုးပြည်နယ်၊ နန်ကျန်းမြို့မှ ချင်းဆွေမြစ်ကြီးပင် ဖြစ်လေသည်။ မိုးများစွာ ရွာသွန်းခြင်း အားဖြင့် မြစ်ရေသည် အမြဲတမ်း သန့်စင် များပြားလျက် ရှိလေသည်။ မြစ်ကြောင်းအတိုင်း ဆန်တက် သွားမည် ဆိုပါက မြစ်ဖျား ခံရာနေရာတွင် တောင်တန်းများနှင့် စိမ့်မြေများကို တွေ့ရမည်ဖြစ်ပြီး ထိုနေရာများတွင် တစ်ခါတစ်ရံ နဂါးများနှင့် မြွေများကိုပင် တွေ့ရမည် ဖြစ်လေသည်။
ချင်းဆွေ မြစ်ကြောင်း တစ်လျှောက် နာမည် ကျော်ကြားသည့် ဂိုဏ်းမှာ ချင်းကျန်း ဂိုဏ်းပင် ဖြစ်လေသည်။
ဟွမ်လုန်ကျီသည် ချင်းဆွေမြစ်ကို တွေ့လိုက်သည်နှင့် ချင်းကျန်းဂိုဏ်းကို သတိရ သွားမိလေသည်။ ယခုတော့ ချင်းကျန်း ဂိုဏ်းမှာ ချင်းရွှမ် နတ်တံခါး၏ သစ္စာခံ ဂိုဏ်းတစ်ခု ဖြစ်သွားပြီ ဖြစ်လေသည်။ မည်မျှ ရွံရှာစရာ ကောင်းလိုက် ပါသနည်း။
ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မ၏ အမှောင် ကောင်းကင် မိစ္ဆာစွမ်းအားကြောင့် ဟွမ်လုန်ကျီ ရရှိခဲ့သည့် ဒဏ်ရာမှာ ပြန်လည် သက်သာခြင်း မရှိသေးပေ။ သူ့ကိုယ်ထဲတွင် မိစ္ဆာ စွမ်းအားများက ဒုက္ခပေးနေပြီး မိစ္ဆာ စွမ်းအားများကို ဖယ်ထုတ်နိုင်ခြင်း မရှိသေးပေ။
သို့တိုင်အောင် ချင်းကျန်း ဂိုဏ်းအကြောင်း စဉ်းစားမိသည့် အခါ စိတ်ထဲတွင် မနာလို မုန်းတီးမှုများ ဖြစ်ပေါ် လာရလေသည်။ ထို့ကြောင့် သူက ချင်းကျန်း နတ်ဘုရားဂိုဏ်းကို တိုက်ခိုက်ကာ မှော်ဆေးများ ရယူရန် ဆုံးဖြတ် လိုက်လေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူကျင့်ကြံထားသည့် နဂါးသဏ္ဍာန်ပြောင်း ကျင့်စဉ်ကြောင့်လည်း ဖြစ်လေသည်။ ဒဏ်ရာ ရထားသည့် နဂါးသည် ရန်လိုစိတ် ပြင်းပြနေသည်မှာ သဘာဝပင် ဖြစ်လေသည်။
ဟွမ်လုန်ကျီသည် တိမ်ကို နှိမ့်လိုက်ပြီး ချင်းဆွေ မြစ်နားတွင် ဆင်းသက် လိုက်လေသည်။
ထိုအချိန်မှာပင် မြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် လှေငယ်တစ်စင်းကို တွေ့မြင် လိုက်ရလေသည်။
ချင်းဆွေမြစ်မှာ ကြီးမား ကျယ်ပြန့်သည့် မြစ်ကြီး တစ်စင်း ဖြစ်သည့်အတွက် ပင်လယ်သို့ သွားမည့် ခရီးသွားများ၊ ကုန်သည်များနှင့် စစ်သည်တော်များ ဖြတ်သန်း သွားလာကြသည်မှာ မထူးဆန်းပေ။ သို့သော် ချင်းဆွေ မြစ်ကဲ့သို့ ကြီးမား ကျယ်ပြန့်သည့် မြစ်ကြီးထဲတွင် လှေတစ်စင်းဖြင့် မကြောက်မရွံ့ ဖြတ်သန်း လာသည်မှာတော့ အလွန်သတ္တိ ကောင်းသောကြောင့် ဖြစ်နိုင်သလို တန်ခိုး စွမ်းအား ကြီးမားသောကြောင့်လည်း ဖြစ်နိုင်လေသည်။
လှေမှာ ဟွမ်လုန်ကျီ ရှိရာနေရာနှင့် အနည်းငယ် ဝေးကွာ နေသေးသည်။ ဟွမ်လုန်ကျီက သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုလိုက်သည့် အတွက် သူ၏ နဂါးမျက်လုံးများမှာ စူးရှ တောက်ပလာပြီး လှေပေါ်တွင် လိုက်ပါလာသည့် လူငယ်လေး တစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။ လူငယ်လေးက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဝတ်စုံက လေထဲတွင် ပျံ့လွင့်နေလေသည်။ သူ၏ပုံစံမှာ မြင့်မြတ်ပြီး ကျက်သရေ ရှိလှပြီး နတ်ဘုရား တစ်ပါး လှိုင်းစီးလာသည်နှင့်ပင် တူလေသည်။
လူငယ်က ဟွမ်လုန်ကျီကို တွေ့သည်နှင့် ပြုံးပြ လိုက်လေသည်။
ထို့နောက် လှေငယ်သည် ချက်ချင်းပင် အလွန် လျင်မြန်လှသည့်အရှိန်ဖြင့် မြားတစ်စင်းအလား ဟွမ်လုန်ကျီ အနားသို့ ရောက်ရှိ လာလေတော့သည်။
ထို့နောက် လှေငယ်လေးသည် စီးဆင်းနေသည့် ရေပေါ်တွင်ပင် တည်ငြိမ်စွာ ရပ်တန့် လိုက်လေသည်။
လှေပေါ်မှ အဖြူရောင်ဝတ် လူငယ်လေးက ဟွမ်လုန်ကျီကို ဦးညွှတ် အရိုအသေ ပေးလိုက်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဆရာတပည့်များ အချင်းချင်း တွေ့ဆုံကြလျှင် ဂါရဝ ပြုကြသည့် ပုံစံအတိုင်း နည်းလမ်းတကျ ဂါရဝပြုလိုက်ခြင်း ဖြစ်လေသည်။ ဟွမ်လုန်ကျီ သံသယ ဝင်သွားရသည်။ သူတောင်ပေါ်သို့ မပြန်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ ယခုကဲ့သို့ အရည်အချင်း ပြည့်ဝလွန်းသည့် တပည့်တစ်ယောက် မည်သည့် အချိန်က သူတို့ ဂိုဏ်းထဲသို့ ရောက်နေ ရပါသနည်းဟု သူတွေးလိုက် မိလေသည်။
ဟွမ်လုန်ကျီ စဉ်းစားခန်း ဝင်နေချိန်မှာပင် အဖြူရောင်ဝတ် လူငယ်ထံမှ စကားသံ ထွက်ပေါ်လာသည်။
"ချင်းဝေး ဂိုဏ်းတူ အစ်ကို ဟွမ်လုန်ကျီကို ဂါရဝ ပြုပါတယ်"
ချင်းဝေး ဆိုသည်ကား ကွမ်းချင်း နတ်ဘုရားဂိုဏ်းသို့ ရောက်ရှိနေသည့် ယန်ရွှီးပင် ဖြစ်လေသည်။ ယန်ရွှီး အနေဖြင့် သူ့ဘဝတွင် မဖြစ်နိုင်ဘူး ဆိုသည့်အရာ မရှိပေ။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းသို့ ဝင်ရောက်ခဲ့သော ငါးနှစ်တာ အချိန်အတွင်းတွင် သူက လျှို့ဝှက်စွာဖြင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို မသိမသာ ထိန်းချုပ်မှု ရယူနိုင်ခဲ့လေသည်။ နတ်ဘုရား ငါးပါးကိုသာလျှင် သူအလျှင်စလို မထိန်းချုပ် ရဲသေးသဖြင့် စောင့်နေရခြင်း ဖြစ်လေသည်။
ဟွမ်လုန်ကျီမှာ ချင်းဝေးဆိုသည့် အမည်ကို ကြားသည်နှင့် ဆရာဦးလေး၏ တပည့် အသစ်ဖြစ်ကြောင်း ချက်ချင်း မှတ်မိ လိုက်လေသည်။ ငါးနှစ်အတွင်းမှာပင် ချင်းဝေး၏ တန်ခိုးစွမ်းအားများ အဆမတန် မြင့်မားလာသည့် အတွက် ဟွမ်လုန်ကျီမှာ များစွာ အံ့သြ နေလေတော့သည်။
ဟွမ်ကျန်းမှာ သူ့ဆီသို့ စာပို့တိုင်း ချင်းဝေး အကြောင်း ချီးကျူး ပြောဆိုလေ့ ရှိလေသည်။ သို့သော် သူက ဂိုဏ်းတူညီငယ် ချင်းဝေးမှာ ယခုလောက်ထိ ကျင့်စဉ်လမ်း အဆင့်မြင့်ကာ တန်ခိုး စွမ်းအား ကြီးမား နေလိမ့်မည်ဟု ထင်မှတ် မထားခဲ့မိပေ။ လောကတွင် ကျင့်စဉ်လမ်း အဆင့် တက်ရောက်သည်မှာ အမြန်ဆုံးဟုဆိုနိုင်သည့် ချန်ကျန့်မေသည်ပင်လျှင် ချူးစန်းအဆင့်ကို သုံးနှစ်၊ ရုဟွအဆင့်ကို ဆယ်နှစ်ကြာအောင် ကျင့်ကြံခဲ့ရလေသည်။ သို့သော် ဂိုဏ်းတူညီငယ် ချင်းဝေး၏ ကျင့်စဉ်လမ်း အဆင့် တိုးတက်မှုမှာ ချန်ကျန့်မေထက် များစွာ မြန်ဆန်လျက် ရှိနေလေသည်။
ချန်ကျန့်မေဆိုသည့် အမည်ကို စဉ်းစားလိုက်မိသည်နှင့် ဟွမ်လုန်ကျီမှာ ကျောရိုးထဲ စိမ့်သွား ရလေသည်။ ချန်ကျန့်မေ၏ ဓားသိုင်းပညာနှင့် တန်ခိုးစွမ်းအား မြင့်မားမှုကို သူ့အနေဖြင့် ဘဝ တစ်လျှောက်လုံး ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်မမှာ သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက် နိုင်ခဲ့သည့်တိုင် ချန်ကျန့်မေနှင့် ယှဉ်လျှင်တော့ များစွာ အဆင့်နိမ့်ကျသူ ဖြစ်လေသည်။ ချန်ကျန့်မေနှင့်သာ တကယ်တမ်း ရင်ဆိုင် ရမည်ဆိုလျှင် "ဓားနှင့်လူ တစ်သားတည်းကျ" သွားပြီး အကြင်နာတရား ကင်းမဲ့စွာ တိုက်ခိုက် တတ်သည့် အတွက် ရင်ဆိုင်နိုင်ရန် အလွန်မှ ခက်ခဲမည် ဖြစ်လေသည်။
အမှန်တော့ ဟွမ်လုန်ကျီမှာ ချန်ကျန့်မေနှင့် ဆန်းလျန်ကြောင့် ချင်းရွှမ် နတ်တံခါး ပြန်လည် သက်ဝင် နိုးထလာသည်ကို မကျေမနပ် ဖြစ်နေခဲ့လေသည်။ သို့သော် ယခုတော့ ချင်းဝေး ကဲ့သို့သော အရည်အချင်း ပြည့်ဝသည့် လူငယ်လေး တစ်ယောက် သူတို့ဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ မိုးကောင်းကင်က သူတို့ကို မျက်နှာသာ ပေးခြင်းပင် ဖြစ်လေသည်။
ဟွမ်လုန်ကျီက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရမ်းလိုက်ပြီး လူသားအသွင်းသို့ ပြန်လည် ကူးပြောင်း လိုက်လေသည်။ သူက သန့်စင်ကြည်လင်သည့် တန်ခိုးစွမ်းအား ဘောလုံးတစ်ခု ပေါ်တွင် ရပ်တန့်လိုက်ပြီး ရေမျက်နှာပြင်ထက်သို့ ဆင်းသက် လိုက်သည်။ မြစ်ရေထဲတွင် လှိုင်းတံပိုးများ ပြင်းထန် နေသည့်တိုင် သူ၏ ဝတ်ရုံစကိုပင် ရေတစ်စက်လေးမျှ စိုခြင်းမရှိပေ။
သူက နဂါးသဏ္ဌာန်ပြောင်း ကျင့်စဉ်ကို အောင်မြင်ထားသူ ဖြစ်သည့် အတွက် ရေကို အောင်နိုင်သူ တစ်ယောက် ဖြစ်လေသည်။ သူ၏ တန်ခိုးစွမ်းအားဖြင့် ရေမှုန်ရေမွှားလေး တစ်စက်ကိုပင် သန့်စင် ပေးနိုင်သည့် စွမ်းရည် ရှိလေသည်။
ဟွမ်လုန်ကျီက ရယ်မောလိုက်ရင်း…
"ဂိုဏ်းတူညီလေး ချင်းဝေးကိုး၊ မင်းအကြောင်းတွေ ကြားထားပြီးပါပြီကွာ မင်းက တောင်ပေါ်မှာ ကျင့်ကြံနေသင့်တာ မဟုတ်ဘူးလား၊ ဘာလို့ တောင်အောက်ကို ဆင်းလာရတာလဲ"
"ကျွန်တော်က ဂိုဏ်းတူ အစ်ကို ဟွမ်ကျန်းနဲ့အတူ အတွေ့အကြုံ ရအောင်ဆိုပြီး တောင်အောက် ဆင်းလာတာပါ၊ အရှေ့ပင်လယ်မှာ နတ်ဘုရား ဈေးပွဲတော် ရှိတာလည်း သတင်းကြားတာနဲ့ သွားကြည့်မလား ဆိုပြီး ထွက်လာတာ၊ ဂိုဏ်းတူ အစ်ကို ဟွမ်လုန်ကျီနဲ့ ခုလို တွေ့မယ်လို့ ဘယ်ထင်ထားမလဲ၊ တော်သေးတယ် ကျွန်တော် တောင်အောက် မဆင်းခင် ဆရာက အစ်ကို့ အကြောင်း ပြောပြထားလို့၊ မဟုတ်ရင် တကယ့် နဂါးကြီး တစ်ကောင်လို့ ထင်မိမှာပဲ၊ အစ်ကို့ရဲ့ နဂါးသဏ္ဌာန်ပြောင်း ကျင့်စဉ်က တကယ့်ကို အံ့သြစရာ၊ လေးစား စရာပဲနော်"
ယန်ရွှီး တစ်ဖြစ်လဲ ချင်းဝေးက ပြန်ဖြေလိုက်သည်။
ယန်ရွှီးက ပြောရင်းနှင့်ပင် ဟွမ်လုန်ကျီ၏ ဝတ်ရုံညာဘက်တွင် စွန်းထင်းနေသည့် သွေးစများကို မသိမသာ အကဲခတ် လိုက်လေသည်။
ဟွမ်လုန်ကျီက ယန်ရွှီး၏ အကြည့်ကို သတိ မထားလိုက်မိပေ။ ထို့ပြင် နတ်ဘုရား ဈေးပွဲတော်ဟု ပြောသံ ကြားသည်နှင့် ဒေါသ ချောင်းချောင်း ထွက်လာတော့သည်။
"မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြမယ် ညီလေး၊ ကျုပ် အခုလို ဒဏ်ရာရလာတာ ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မက လုပ်လိုက်တာပဲ၊ သူက အရှေ့ပင်လယ်က နတ်ဘုရား ဈေးပွဲတော်ကို စီစဉ်တဲ့ သူလေ၊ သူ့ရဲ့ အမှောင်ကောင်းကင် မိစ္ဆာစွမ်းအားနဲ့ တိုက်ခိုက် လိုက်တာကို ကျုပ်ခံလိုက်ရတာပဲ၊ ကျုပ်က အခုပဲ ဒဏ်ရာအတွက် ချင်းကျန်းဂိုဏ်းမှာ ဆေးသွားယူမလို့"
ဟွမ်လုန်ကျီက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်လေသည်။
"ဆေးလိုချင်တာများ အဝေးကြီးကို သွားစရာ မလိုပါဘူး ဂိုဏ်းတူ အစ်ကိုရာ၊ ကျွန်တော့်မှာ ဆရာဦးလေး တုန်းဖုန်း ပေးလိုက်တဲ့ ချိကျင်း ပြဒါးဆေး ရှိတယ်၊ အဲဒီ ဆေးက ဒဏ်ရာကို သက်သာ စေတယ်လေ"
ယန်ရွှီးက ပြုံးပြီးပြောလိုက်ရင်း ကျောက်စိမ်း ပုလင်းလေး တစ်ခုကို ထုတ်ယူလိုက်ပြီး ဖော့ဆို့ကို ဖွင့်လိုက်လေသည်။
ပြဒါးဆေးလုံး တစ်လုံး ထွက်ပေါ်လာပြီး ဆေးလုံးမှာ နဂါးမျက်လုံး တစ်လုံးကဲ့သို့ ကြီးမား လေသည်။ အနီရောင် တိမ်တိုက်များက ဆေးလုံး ပတ်ဝန်းကျင်တွင် ဝန်းရံ နေကြသည်။ အလွန်မှ အရည်အသွေး ကောင်းသည့် ပြဒါး ဆေးတစ်လုံးပင် ဖြစ်လေသည်။
ပြဒါးဆေးလုံးမှ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်နေသည့် အတွက် မြစ်ရေထဲမှ ငါးများမှာ ဆေးလုံးကို တွတ်ရန် တစ်ကောင်ပြီး တစ်ကောင် ခုန်တက် လာကြလေသည်။ သို့သော် ဟွမ်လုန်ကျီ၏ သန့်စင် ကြည်လင်သည့် တန်ခိုးစွမ်းအား ဒဏ်ကို မခံနိုင်ဘဲ လမ်းတစ်ဝက်မှာပင် ရေထဲသို့ ပြန်ပြုတ်ကျ ကုန်လေသည်။
"ဒီဂိုဏ်းတူညီလေးက တကယ် စိတ်ကောင်း ရှိတာပဲကိုး၊ ဒီ ချိကျင်း ပြဒါးဆေးက ဆရာ ဦးလေးတုန်းဖုန်း အသစ် ဖော်စပ်ထားတဲ့ ဆေးပဲ ဖြစ်ရမယ်၊ အရင်က စားခဲ့ဖူးတဲ့ ချိကျင်း ပြဒါးဆေးထက် အာနိသင် ကောင်းမယ့်ပုံပဲ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလို ဝိညာဉ် အားဖြည့်ဆေးမျိုး မစားရတာလဲ နှစ်တော်တော် ကြာနေပြီ၊ ဒီကောင်လေးက စေတနာရှိရှိနဲ့ ပေးနေမှတော့ ငါ့ဒဏ်ရာလည်း သက်သာသွားအောင် လက်ခံလိုက်တာ ကောင်းမယ်"
ဟွမ်လုံကျီက စိတ်ထဲမှာပင် တွေးနေလိုက်လေသည်။
ဟွမ်လုန်ကျီက အတွေးဆုံး သွားသည်နှင့် တုံံ့ဆိုင်းနေခြင်း မရှိတော့ဘဲ …
"ဒီလိုဆေးမျိုး ကျုပ်မှာ မရှိတော့တာ ကြာလှပြီ၊ ဒါကြောင့် မင်းရဲ့ ချိကျင်း ပြဒါးဆေးကို ကျုပ်မငြင်း တော့ဘူးနော်"
ဟု ပြုံးရင်း ပြောလိုက် လေတော့သည်။
အမှန်တော့ ဟွမ်လုန်ကျီမှာ စိတ်ထား ရိုးရှင်းသူ တစ်ယောက် ဖြစ်လေသည်။ သူက ယန်ရွှီးထံမှ ချိကျင်း ပြဒါးဆေးကို ယူလိုက်ကာ ပါးစပ်ဟပြီး မျိုချလို က်လေသည်။ ထို့နောက်သူက နဂါးစွမ်းအားကို ခန္ဓာကိုယ် အတွင်းသို့ လှည့်ပတ်လိုက်ကာ ပြဒါးဆေး၏ အစွမ်းကို ပျံ့နှံ့စေပြီး ဒဏ်ရာကို ကုသ လိုက်သည်။
ချိကျင်း ပြဒါးဆေးမှာ အမှန်တကယ်ပင် အံ့သြစရာ ကောင်းလွန်းလှသည်။ ဆရာတုန်းဖုန်း၏ သန့်စင်ထားသည့် ပြဒါးဆေးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်ကောင်းကင် မိစ္ဆာစွမ်းအားများကို ဖယ်ထုတ် ပေးလိုက်လေသည်။ ထို့နောက် ဟွမ်လုန်ကျီက တန်ခိုး စွမ်းအားများ လှည့်ပတ်ခြင်းကို ရပ်တန့် လိုက်သည်။
ပြဒါးဆေးမှာ အစွမ်းထက် လွန်းသည့် အတွက် ပျက်စီးသွားသည့် ကလာပ် စည်းများကို ပြန်လည် ကောင်းမွန် လာစေပြီး သွေးလည်ပတ်မှုကို မှန်ကန် သွားစေလေသည်။ ဟွမ်လုန်ကျီ၏ ဒဏ်ရာမှာ ချက်ချင်းပင် သက်သာ ပျောက်ကင်း သွားလေသည်။
"ဂိုဏ်းတူညီလေး၊ ဒီချိကျင်း ပြဒါးဆေးက တကယ်ကို အစွမ်းထက်တာပဲ၊ ကြည့်ရတာ ဆရာဦးလေးက တန်ဖိုး မဖြတ်နိုင်တဲ့ ဆေးပင်တွေ၊ ဒါမှမဟုတ် ဓာတ်တွေကို ရှာဖွေတွေ့ရှိပြီး ပြဒါး ဆေးဖော်စပ်နည်း တိုးတက် လာပုံရတယ်"
ဟွမ်လုန်ကျီက ကျေးဇူးတင်သည့် အမူအရာဖြင့် ယန်ရွှီးကို ပြောလိုက်လေသည်။
"ကျုပ်က မင်းကို အပိုတောင် ဖြည့်ပေး လိုက်သေးတယ်၊ အဲဒါက ဟိုနွားငတုံးကြီး တုန်းဖုန်းရဲ့ ပြဒါးဆေးထက်တောင် ပိုပြီး အစွမ်းထက် သေးတယ်"
ယန်ရွှီးက စိတ်ထဲတွင် ကျိတ်ပြီး ရယ်မောရင်း တွေးလိုက်လေသည်။
သူက ထိုသို့ တွေးနေသည့်တိုင် မျက်နှာကတော့ တည်ငြိမ် နေလေသည်။
မိုးကောင်းကင်က သူ့ကို ကူညီနေခြင်း ဖြစ်ပေလိမ့်မည်။ ဒီ ဟွမ်လုန်ကျီ ဆိုသည့် သူသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ယောက်ထဲတွင် အဆင့်အနိမ့်ဆုံး တစ်ယောက် ဖြစ်လေည်။ ဟွမ်လုန်ကျီ ဒဏ်ရာ ရနေစဉ်တွင် ယန်ရွှီးနှင့် တွေ့ဆုံခဲ့ရသည်မှာ ယန်ရွှီးအတွက် အလွန် ကံကောင်းခြင်းပင် ဖြစ်လေတော့သည်။
***