← Chapters

ကျင့်စဉ်လမ်းလျှောက်ဖို့ရွေးခြယ်ခဲ့တာ ရင်ထဲကဆန္ဒအတိုင်းပါ

Vol. 3 Ch. 238

ကျင့်စဉ်လမ်းလျှောက်ဖို့ရွေးခြယ်ခဲ့တာ ရင်ထဲကဆန္ဒအတိုင်းပါ

Vol. 3 Ch. 238

ဟွမ်လုန်ကျီမှာ ယန်ရွှီးကို အထင်ကြီးသည်ထက် ကြီးနေမိလေတော့သည်။ သို့သော် ယန်ရွှီးက ချိကျင်း ပြဒါးဆေးထဲတွင် တစ်စုံတစ်ခု ရောပြီး ထည့်တိုက် လိုက်သည်ကိုတော့ ရိပ်မိလိုက်ခြင်း မရှိခဲ့ပေ။

ယန်ရွှီးမှာ တာအို ဆရာတုန်းဖုန်း၏ ပြဒါးဆေး ဖော်သည့်ဖိုကို မီးထိုးပေးသည့် အလုပ်ကို ကြာမြင့်စွာ လုပ်ပေးခဲ့သူ ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတွင် သူ့ဘဝ ငြိမ်းချမ်းရေး ရနေသည့် အချိန်များတွင် သူက ပကတိ ဖန်ဆင်းခြင်း ကျင့်စဉ်ကို အဆင့်မြင့်သည်ထက် မြင့်လာအောင် ကျင့်ကြံ နေခဲ့လေသည်။

ကျင့်ကြံသူများသည် ဖော့ဝမ့် အဆင့်သို့ တက်ရောက်သည့် အခါတွင် မိစ္ဆာ အဖျက်စိတ်များ ဝင်ရောက် လွယ်ကြသလို စိတ်လည်း ပျံ့လွင့် လွယ်တတ်ကြလေသည်။ အမှန်တော့ ကျင့်ကြံသူ၏ စိတ်ထဲတွင် အစကတည်းက တည်ရှိနေသည့် မိစ္ဆာဆန်သည့် မကောင်းစိတ်ဘက်ခြမ်း ထွက်ပေါ် လာခြင်းကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်လေသည်။ စိတ်နှလုံး မစင်ကြယ် သေးသရွေ့ မကောင်းစိတ် ထားကတော့ ရှိနေဦးမည် ဖြစ်လေသည်။

ထို့ကြောင့် ယန်ရွှီးသည် ပကတိ ဖန်ဆင်းခြင်း ကျင့်စဉ်ဖြင့် ဖော့ဝမ့်အဆင့်သို့ တက်လှမ်းနိုင်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် သူကိုယ်တိုင်က ကျင့်စဉ်မှ မိစ္ဆာစွမ်းအား၏ အစိတ်အပိုင်း ဖြစ်နေခဲ့သောကြောင့် ဖြစ်လေသည်။ သူ့အတွက် နတ်ဘုရားများကဲ့သို့ ကျင့်စဉ် အဆင့် တက်လှမ်းနိုင်ရန် အလွန် ခက်ခဲလေသည်။

ပကတိ ဖန်ဆင်းခြင်း ပညာဖြင့် မိုးကောင်းကင် နတ်မိစ္ဆာ တစ်ပါး ဖြစ်မလာ သေးသည့်တိုင် ယန်ရွှီးမှာ အလွန်မှ ကြောက်စရာ ကောင်းသူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏ ကျင့်စဉ်လမ်းတွင် တစ်စုံတစ်ခု လိုအပ်နေသလို ခံစား နေရလေသည်။ သူ့အတွက် ပကတိ ဖန်ဆင်းခြင်း ပညာ၏ အကန့်အသတ်ကို ကျော်လွန်ပြီး မိစ္ဆာခန္ဓာ တည်ဆောက်ရန် လိုအပ်နေလေသည်။

ရန်သန်း ဗောဓိသကျသည် တရားအလင်းကို ယူဆောင်လာပြီး ပင်လယ်ပုလဲ နှစ်ဆယ့် လေးလုံးတွင် ထွန်းညှိခဲ့ပြီး မိုးနှင့်မြေတွင် ဖန်ဆင်းခြင်း နှစ်ဆယ့်လေးမျိုးကို ပြုလုပ်နိုင်ခဲ့လေသည်။

ယန်ရွှီး လျှောက်လှမ်းသည့် လမ်းစဉ်မှာ ထိုနည်းနှင့် ခပ်ဆင်ဆင် တူလေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့် အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါး၏ ကိုယ်ခန္ဓာတွင်းသို့ သူ၏ မိစ္ဆာမျိုးစေ့ကို ထည့်သွင်းကာ သူ၏ ကိုယ်ခွဲများ အဖြစ် ပြောင်းလဲနိုင်မည် ဆိုပါက စကြဝဠာ တစ်ခုလုံးတွင် အကြီးမားဆုံး ခွန်အားကို ရရှိအောင် လျှို့ဝှက် လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။

တဖြည်းဖြည်းနှင့် အချိန်ကျလာလျှင် ပကတိ ဖန်ဆင်းခြင်း ပညာ၏ မူလပုံစံကို ဖျက်ဆီးပြီး အသစ်သော ပုံစံတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်လေသည်။ ထိုအချိန် ရောက်လျှင်တော့ မိုးနှင့်မြေတွင် သူ၏ တန်ခိုး စွမ်းအားကို ယှဉ်ပြိုင် နိုင်တော့မည့်သူ မရှိသည့် အနန္တ တန်ခိုးရှင် တစ်ပါး ဖြစ်လာမည် ဖြစ်သည်။

ယန်ရွှီးက ပြုံးလိုက်ရင်း…

"ကျွန်တော့်ကို အားနာမနေပါနဲ့ ဂိုဏ်းတူ အစ်ကို ဟွမ်လုန်ကျီ၊ ကြည့်ရတာ အခု အစ်ကို့ ဒဏ်ရာလည်း သက်သာလာပြီ ထင်တယ်၊ ဒါဆိုရင် ချင်းကျန်း ဂိုဏ်းကို သွားပြီး ဆေးယူစရာ မလိုတော့ဘူးပေါ့"

ယန်ရွှီး ထိုစကား ပြောလိုက်သည့် အချိန်တွင် ချိကျင်းပြဒါး ဆေးနှင့် အတူ ဟွမ်လုန်ကျီ၏ ကိုယ်ထဲသို့ သူထည့်ပေး လိုက်သည့် ပကတိ ဖန်းဆင်းခြင်း မိစ္ဆာမျိုးစေ့သည် လျှို့ဝှက်စွာဖြင့် စတင် ပြန့်ပွားနေပြီ ဖြစ်လေသည်။ ဟွမ်လုန်ကျီမှာ ဒေါသလည်း ထွက်နေသောကြောင့် ထိုမိစ္ဆာမျိုးစေ့မှာ ပိုပြီး ပျံ့နှံ့ များပြား သွားလေတော့သည်။

ဤသည်မှာ ပကတိ ဖန်ဆင်းခြင်း ပညာ၏ သိမ်မွေ့မှုပင် ဖြစ်လေသည်။ ဟွမ်လုန်ကျီမှာ မိစ္ဆာမျိုးစေ့ သူ့ကိုယ်တွင်းသို့ ဝင်ရောက်သွားပြီး သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တွင် အမြစ် တွယ်သွားပြီ ဖြစ်သည်ကို လုံး၀ သတိပြုမိခြင်း မရှိပေ။

ထို့ပြင် သူ၏ လက်ရှိ အခြေအနေအရ ယန်ရွှီး၏ လှည့်စားမှုကို သတိမထားခဲ့မိသည့် အတွက် တစ်ခါတစ်ရံ စိတ်ပျံ့လွင့်လျှင်ပင် ဖော့ဝမ့် အဆင့်ကျင့်ကြံ သူတို့ ကြုံတွေ့ ရလေ့ရှိသည့် မိစ္ဆာစိတ်အနှောက်အယှက်ဝင်ခြင်း ဖြစ်မည်ဟုသာ တွေးထင်မိမည်ဖြစ်လေသည်။

"ချင်းကျန်းဂိုဏ်းက ချင်းရွှမ်နတ်တံခါးကို သစ္စာခံပြီး ချင်းရွှမ်နတ်တံခါး လိုအပ်တာတွေကို ဖြည့်ဆည်းပေးနေတာပဲ၊ တကယ်တော့ ဂိုဏ်းတူအစ်ကိုဟွမ်ကျန်းကလည်း သူတို့အပေါ်ကောင်းခဲ့တာပဲ၊ ဂိုဏ်းတူအစ်ကိုက သူတို့ကို ဒေါသထွက်ပေမယ့် အပြစ် မပေးခဲ့ဘူး၊ ဒါပေမဲ့ ကျုပ်ကတော့ ဒီလိုစော်ကားတာကို ရွံမုန်းလွန်းတယ်၊ သူတို့ကို ပညာတော့ ပေးလိုက်ချင်တယ်၊ ဒီတော့မှ ချင်းရွှမ် နတ်တံခါးက သူတို့ဘက်က ရပ်တည် ပေးမလားဆိုတာ ကြည့်ကြသေးတာပေါ့"

ဟွမ်လုန်ကျီက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

ယန်ရွှီးက ချင်းရွှမ် နတ်တံခါးဆိုသည့် အမည်ကို ကြားသည့်တိုင် သိပ်ပြီး အရေးမစိုက်ပါ။ ချင်းရွှမ်နတ်တံခါးတွင် သူအနည်းငယ် ဂရုစိုက်သည့်သူ နှစ်ယောက်သာ ရှိလေသည်။ ကျန်းရော့ရွှီးနှင့် ပိယွင် ဖြစ်လေသည်။ သို့သော် သူတို့ နှစ်ယောက်လုံးမှာ လူ့လောကတွင် မရှိကြတော့ပါ။ သူတို့နှစ်ယောက် သေဆုံးရခြင်းမှာလည်း သူနှင့် သက်ဆိုင်နေလေသည်။

သူက ဟွမ်လုန်ကျီ၏ ခန္ဓာကိုယ်ထဲတွင် သူထည့်သွင်းထားသည့် မိစ္ဆာမျိုးစေ့ကို ချင်းကျန်းဂိုဏ်းကို ရန်စရန် လှုံ့ဆော် ပေးလိုက် လေသည်။ ထိုအခါမှ ဟွမ်ချင်ကျီမှာ သတ်ဖြတ်သူ တစ်ယောက် ဖြစ်လာပြီး ပိုပြီး ပျောက်ဆုံးသွားမည် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ချင်းကျန်းဂိုဏ်းမှ ကျင့်ကြံသူများ၏ စွမ်းအားများ၊ သွေးများနှင့် ဝိညာဉ်များကို ရယူပြီး သွေးဓား ကျင့်စဉ်ကိုလည်း ကျင့်ကြံနိုင်မည် ဖြစ်သည်။

ယခင်အချိန်က ယန်ရွှီးအနေဖြင့် ရှောင်းစစ်ယိကို အသုံးချကာ သွေးဓား ကျင့်စဉ်ဖြင့် ဆန်းလျန်ကို သူ၏ ကိုယ်ခွဲအဖြစ် အသုံးချရန် စီစဉ် ခဲ့ဖူးသေးသည်။ သွေးဓား ကျင့်စဉ် ကျင့်ကြံသူ တစ်ယောက်သည် လျှို့ဝှက်ပြီး သတိရှိရန် လိုအပ်လေသည်။

ယခုတော့ ဟွမ်လုန်ကျီကို သူ့ကိုယ်စား အရာရာကို စေခိုင်းနိုင်ပြီ။ ယန်ရွှီးလုပ်သမျှ ကိစ္စတိုင်းအတွက် ဟွမ်လုန်ကျီ ခေါင်းခံရတော့မည် ဖြစ်လေသည်။ သူကတော့ ထိုင်ပြီး အကျိုးအမြတ်ကို စောင့်စားရုံသာ ရှိလေသည်။

လက်ရှိအချိန်တွင် ဆရာဒေါ်လေး ကျိလင်က လွဲပြီး သူကြောက်ရမည့်သူ မရှိပေ။

ထို့ပြင် နှစ်နှစ်ဆယ်အတွင်း သူ့ရည်မှန်းချက်များ ပြည့်သွားပြီ ဆိုလျှင်တော့ ဆရာဒေါ်လေး ကျိလင်ကိုလည်း ကြောက်စရာ မလိုတော့သလို ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကိုလည်း ကြောက်နေစရာ မလိုတော့ပေ။

ယွိမင်နတ်ဘုရား၏ ကျင့်စဉ်မှာ ထူးခြားသည့် ကျင့်စဉ်တစ်ခု ဖြစ်ပြီး ယန်ရွှီးအနေဖြင့် သင်ယူနိုင်ခွင့် မရှိသေးပေ။ သူသိသလောက်ဆိုလျှင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခု၏ နေရာကို ရယူချင်ရုံ သာမက ကြီးမားသည့် အကြံအစည် တစ်ခုလည်း ရှိနေသေးသည်။

သို့သော် ယန်ရွှီးက ထိုအကြံအစည်ကို သိရန် ဉာဏ်နီဉာဏ်နက် ရှိသမျှ အကုန်ထုတ်ပြီး သိအောင် ကြိုးစားခဲ့သည့်တိုင် သိရှိခဲ့ရခြင်း မရှိခဲ့ပေ။

သူကလည်း အခြားသူများ သံသယ ဝင်မည်ကို စိုးရိမ်သောကြောင့် အရမ်းကာရော မစုံစမ်းရဲပေ။ ယွိမင်နတ်ဘုရားနှင့် တာအိုဆရာ တုန်းဖုန်းတို့မှာ လွယ်ကူသော သူများမဟုတ်ပေ။

တာအိုဆရာ တုန်းဖုန်း၏ ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာမှာ ရှားပါး အစွမ်းထက်သည့် တန်ခိုးစွမ်းအား တစ်ခု ဖြစ်လေသည်။ သို့သော် ယန်ရွှီးကတော့ ယွိမင်နတ်ဘုရား၏ ခန့်မှန်း၍ မရသည့် ကျင့်စဉ်ပညာကိုသာ စိတ်ဝင်စား နေမိလေသည်။

ယွိမင်နတ်ဘုရား၏ ကျင့်စဉ်မှာ ချင်းရွှမ်နတ်တံခါးမှ အရူးအဘိုးအိုကြီး၏ ကျင့်စဉ် ကဲ့သို့ပင် ဖြစ်လေသည်။

ထို အရူးအဘိုးအိုကြီးမှာ လွန်စွာမှ နားလည်ရ ခက်သူ ဖြစ်လေသည်။ ထိုအဘိုးကြီးမှာ ထိုက်ဝေ့ ထိုင်ခန်းမဆောင်ကို စောင့်ကြည့်နေပြီး လူသေ တစ်ယောက်လို မလှုပ်မယှက် အချိန်ဖြုန်း နေသူ ဖြစ်လေသည်။ ရှေးရိုးစွဲ နတ်ဘုရားအိုကြီး တစ်ပါးနှင့်ပင် တူလေသည်။

ယန်ရွှီးက ဘဝတွင် မည်သည့် အရာကိုမှ အလေးအနက် ထားခြင်း မရှိပေ။ သူလုပ်ခဲ့သည့် အလုပ်များ အတွက်လည်း နောင်တရခြင်း မရှိပါ။ ထိုသို့ နောင်တ မရတတ်ခြင်းမှာ ဆန်းလျန်၏ စရိုက်သွားပြီး ဆင်တူလေသည်။

ယန်ရွှီးသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ဆောင်တော့မည် ဖြစ်ကြောင်းကို ဆန်းလျန်ကတော့ မသိရှာပါ။ သူက ကျောက်ရှောင်ယွီနှင့် အတူ ကောင်းကင် ထွက်တွင် ပျံသန်းနေပြီး မြေပြင်ထက်မှ ပင်လယ်ပြာကို ငေးကြည့်နေလေသည်။

ကောင်းကင် လေအေးက ဆန်းလျန်၏ ဆံပင်များကို ဖြတ်သန်း တိုက်ခတ် သွားလေသည်။ ကောင်းကင်၏ အရိပ်သည် ပင်လယ်ပြာတွင် ရောင်ပြန်ဟပ် နေလေသည်။

"ဆန်းကျွင်းအရှင်၊ ကျွန်မတော့ ဒီလို ခရီး ထွက်လာရတာ အရမ်းပျော်တာပဲ"

ကျောက်ရှောင်ယွီက ချိုမြသည့် လေသံလေးဖြင့် ပြောလိုက်သည်။

သူမ၏ စကားကြောင့် ဆန်းလျန်က ပင်လယ်ပြင်ကို ငေးကြည့်နေခြင်းကို ရပ်တန့်လိုက်သည်။

သူက ကျောက်ရှောင်ယွီ၏ စကားကြောင့် အံ့သြသွားရပြီး….

"ဘယ်လိုဖြစ်လို့ ပျော်နေရတာလဲ"

ဟု ပြန်မေး လိုက်မိလေသည်။

"ဘာလို့လဲဆိုတော့ ဒီအချိန်တွေမှာ ကျွန်မဘာမှ မစဉ်းစားဘဲ စိတ်ထဲ ပေါ့ပါး နေတယ်လေ၊ ကောင်းကင်ကိုပဲ ကြည့်ကြည့် ပင်လယ်ကိုပဲ ကြည့်ကြည့် အရာရာက အေးချမ်းနေတာပဲ၊ ပြီးတော့ ရှင်ကလည်း ကျွန်မကို စိတ်ချမ်းသာ စေနိုင်တဲ့ တစ်ယောက်တည်းသော လူပဲလေ၊ ကျွန်မကိုမှ မဟုတ်ပါဘူး၊ ရှင်က လူသားတိုင်းကို စိတ်ချမ်း သာစေနိုင်တဲ့ လူတစ်ယောက်ပါ"

ကျောက်ရှောင်ယွီက နူးညံ့စွာဖြင့် ဆိုသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"မင်းက သာမန် မိန်းကလေး တစ်ယောက် ဆိုရင်တော့၊ မင်းဘဝ တစ်ခုလုံး ကျုပ်ကို ပုံအပ်တော့ မှာလားလို့တောင် ထင်မိမှာပဲ၊ ဒါပေမဲ့ မင်းက ဒီလို မိန်းကလေးမျိုး မဟုတ်ပါဘူးလေ၊ လောကကြီး တစ်ခုလုံးက ဒုက္ခ နွံထဲနစ်နေတာ၊ မင်းနဲ့ကျုပ်ဟာလည်း ဒီဒုက္ခတောထဲ ကူးခတ် နေကြရဆဲပါပဲ၊ ဘယ်အချိန် မုန်တိုင်း ထန်လာမလဲဆိုတာ မသိနိုင်ဘူး၊ အနာဂတ် ဆိုတာက ခန့်မှန်းနိုင်ဖို့ ခက်ခဲတယ် မဟုတ်လား"

ဆန်းလျန်၏ စကားကြောင့် ကျောက်ရှောင်ယွီ၏ မျက်နှာထက်တွင် ခပ်ပါးပါး အပြုံးတစ်ပွင့် ဖြတ်ပြေး သွားသည်။

"အမှန်ပါပဲရှင်၊ ကျင့်စဉ် လမ်းကို လိုက်ရတယ်ဆိုတာ ရေကို ဆန်တက်ပြီး ရွက်လွှင့် ရသလိုပါပဲ၊ ဒီလောက် ရှည်ကြာလွန်းတဲ့ ကျင့်စဉ်လမ်းမှာ အရေးမပါတာတွေကို ဘာလို့ စဉ်းစားနေတော့မလဲ၊ ဒါပေမဲ့ ရှင်ကျွန်မကို ပေးတဲ့ ခံစားချက်ကတော့ အဆုံးမရှိတဲ့ ရွက်လွှင့်ခြင်း လိုပါပဲ၊ ရှင်က ရှင့်ဘဝနဲ့ရှင် ကျေနပ်ပျော်ရွှင်နေတာလေ၊ လေမုန်တိုင်းထန်နေလည်း ရှင်က အေးအေးဆေးဆေးပဲ၊ လူ့လောကမှာ ရုန်းကန်နေရတဲ့ ဒုက္ခ ဆင်းရဲတွေ ထဲမှာလည်း ရှင့်နှလုံးသားက ကျောက်သားလိုပဲ၊ ရှင့်ရည်ရွယ်ချက် လမ်းကြောင်းဆီကနေ သွေဖည် သွားအောင် ဘယ်အရာကမှ မပြုလုပ်နိုင်ဘူးလေ”

ကျောက်ရှောင်ယွီ၏ စကားကို ဆန်းလျန်က ရယ်ပဲ ရယ်နေလိုက်ပြီး စကားပြန် မပြောတော့ပါ။ ကျောက်ရှောင်ယွီ ခံစားရသကဲ့သို့ပင် အခြားသူများလည်း သူ့အပေါ် ထိုသို့ပင် ခံစားရသည်ကို ဆန်းလျန်က သိရှိ ထားခဲ့ပါသည်။

ဆန်းလျန် ရယ်မောနေသည်ကို ကြည့်ရင်း ကျောက်ရှောင်ယွီ၏ ရင်ထဲတွင်လည်း ကြည်နူးမှုလေး တစ်ခုကို ခံစား လိုက်ရလေသည်။

"ကြည့်ရတာ ကျင့်စဉ် လမ်းလျှောက်ဖို့ ရွေးချယ်ခဲ့တာ သူ့ရင်ထဲက ဆန္ဒအတိုင်းပဲ ထင်ပါရဲ့"

သူမ တိတ်ဆိတ်စွာဖြင့် တွေးလိုက် မိလေသည်။

ဆန်းလျန်မှာ နူးညံ့ သိမ်မွေ့သူ တစ်ယောက် ဖြစ်ကြောင်းကို ကျောက်ရှောင်ယွီ၏ ရင်တွင်းမှ ခံစား နားလည်သွားမိလေသည်။ သူ၏ပုံစံက ချန်ကျန့်မေကဲ့သို့ ရက်စက်ပြီး စိတ်ဓာတ် ပြင်းထန်သူ မဟုတ်ပေ။ သို့သော် ဆန်းလျန်က ကျောက်စိမ်းသားကဲ့သို့ ခိုင်ခန့်ပြီး သူ့ကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ ထို့ပြင် သူက လူများ အပေါ်တွင်လည်း ဘက်လိုက်မှုကင်းကာ စိတ်ထား ရှင်းလင်းသူ ဖြစ်လေသည်။

အခြားသူများ အနေဖြင့် ကတိ မတည်နိုင်သည့်တိုင် ဆန်းလျန်ဆိုသည်က ကတိပေးပြီးလျှင် တည်တတ်သည့် လူမျိုး ဖြစ်လေသည်။

မဟုတ်လျှင် လွတ်လွတ်လပ်လပ် ရှင်သန်တတ်သူ ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် အဖြစ် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားမည် မဟုတ်ပေ။ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ဆိုသည့် ဂုဏ်ပုဒ်သည် ဆန်းလျန်ကို များစွာ ဂုဏ်တက် စေသည့်တိုင် များစွာသော ဒုက္ခကိုလည်း ဖန်တီး ပေးနိုင်လေသည်။

ကျင့်စဉ်လမ်းကို ဘဝ တစ်ခုလုံး နှစ်ထားသည့် ကျင့်ကြံသူများသည် ကျင့်စဉ်လမ်းကို တားဆီးမည့် အရာအားလုံးကို ဘေးချိတ် ထားခဲ့မည်ပင် ဖြစ်လေသည်။ မိမိ ပညာသင်နေသည့် ဂိုဏ်းအတွက် ဆိုလျှင်ပင် ကျင့်စဉ်လမ်းကို အတားအဆီး ဖြစ်မည်ဆိုပါက လက်ရှောင် သွားကြမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ ထိုသို့ မဟုတ်ခဲ့ပေ။

ဆန်းလျန်က နတ်ဘုရား မဖြစ်လိုလျှင် ကျင့်စဉ်လမ်းကို လျှောက်မည့် သူတစ်ယောက် မဟုတ်ပါ။

သို့သော် သူ့တွင် ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး အခြေခံကောင်းက ပါလာခဲ့ပြီး ဖြစ်လေသည်။

သို့သော် သက်ရှိများကို သတ်ဖြတ်ပြီးမှ ကျင့်စဉ်လမ်းကို လျှောက်လှမ်း ရမည်ဆိုလျှင် ကျောက်ရှောင်ယွီကတော့ တစ်ချက် မဆိုင်းဘဲ သတ်ပစ်မည်သာ ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ သတ်လိမ့်မည် မဟုတ်ပေ။ ဆန်းလျန်မှာ ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ကျိုးကြောင်း ဆင်ခြင်တတ်သည့် ရှားပါး ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်ကို ကြည့်ရင်း ကျောက်ရှောင်ယွီမှာ သွေးအေးပြီး ရက်စက်တတ်သည့် သူမ ကိုယ်သူမ မုန်းတီးသလို ဖြစ်လာမိလေသည်။ သို့သော် သူမ၏ ပင်ကို သဘာဝကို ပြောင်းလဲရန်တော့ မစဉ်းစားမိပါ။ သူမနှင့် ဆန်းလျန် မည်သူသာမည်နည်းဟု မေးခွန်း ထုတ်ခဲ့မည် ဆိုလျှင်တော့ ရှေးဟောင်း နတ်ဘုရားတစ်ပါးပင် အဖြေ ပေးနိုင်မည် မဟုတ်ပေ။

သူတို့နှစ်ယောက် မည်မျှကြာအောင် ပင်လယ်ပြင် အထက် တိမ်များပေါ်တွင် ခရီးနှင် လာခဲ့မိသည်လည်း မသိပေ။

ရုတ်တရက်… သူတို့ရှေ့တွင် ကုန်းမြေ တစ်ခုကို တွေ့လိုက် ရလေသည်။ ပင်လယ်ထဲမှ ကြီးမားသည့် ကျွန်းကြီး တစ်ကျွန်းပင် ဖြစ်လေသည်။ ကျွန်းတစ်ခုလုံးတွင် စိမ်းလန်း စိုပြည်သည့် သစ်တောများ၊ တောင်တန်းများဖြင့် ဖုံးလွှမ်း နေလေသည်။ သစ်ပင်များမှာ ရှေးဟောင်း သစ်ပင်ကြီးများ ဖြစ်ကြီး မြင့်မား ခိုင်ခန့် ကြလေသည်။

"ဒီနေရာများလား…"

ဆန်းလျန်က ညင်သာစွာ မေးလိုက်သည်။

ကျောက်ရှောင်ယွီက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး…

"ဒီနေရာကို ယန်ကျိုးနယ်လို့ ခေါ်တယ်၊ ဒီကျွန်းကြီး တစ်ခုလုံးက မိုင်ငါးထောင် ပတ်လည်လောက် ကျယ်တယ်၊ ရှင်ပြောတဲ့ လေစွမ်းအား သားရဲက ဒီနေရာမှာ ရှိတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ရှင့်ရဲ့ တန်ခိုးစွမ်းအားနဲ့ ကျွန်မရဲ့ တန်ခိုးစွမ်းအား နှစ်ခုပေါင်းတာတောင် ဒီလောက်ကျယ်တဲ့ ကျွန်းကြီးပေါ်မှာ ဒီသတ္တဝါကို ဘယ်လိုရှာကြမလဲ၊ မဖြစ်နိုင်ဘူး ထင်တယ်နော်"

"အမှန်ပဲ၊ ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိတဲ့ နေရာကို ခန့်မှန်းပြီး ရှာကြည့်ကြတာပေါ့"

ဆန်းလျန်က တလက်လက် တောက်ပနေသည့် မျက်ဝန်းမျာဖြင့် အဆုံးမရှိ ကျယ်ပြန့် လွန်းသည့် ယန်ကျိုးနယ်ကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဒါနဲ့ တစ်ခုလောက်များ မေးလို့ရမလား"

ကျောက်ရှောင်ယွီက မေးလိုက်သည်။

"ကျုပ်လို သတ္တဝါတွေကို သတ်ဖြတ်ရတာ မကြိုက်တဲ့ လူတစ်ယောက်က ဘာလို့ လူတစ်ယောက် အတွက်နဲ့ ဒီဝိညာဉ်သားရဲကို ဖမ်းချင်ရတာလဲ ဆိုတာ မင်းမေးမလို့ မဟုတ်လား"

ဆန်းလျန်က သူ့အကျင့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြန်မေးလိုက်သည်။

ကျောက်ရှောင်ယွီမှာ ဆန်းလျန်၏ ထိုးထွင်း သိမြင်နိုင်မှုများနှင့် အသားကျနေသည့်တိုင် ယခုတစ်ကြိမ် တွင်လည်း ဆန်းလျန်ကို လေးစား သွားရပြန်သည်။ ဆန်းလျန်ဆိုသည်က အချိန်တိုင်းတွင် ခန့်မှန်းရခက်သူ ဖြစ်လေသည်။

ဆန်းလျန်က အဖြေကိုပါ ဆက်ပြောလိုက်သည်။

"ကျုပ်လုပ်ရမယ်လို့ ယူဆမိလို့ လုပ်တာပါ၊ တခြား ဘယ်အရာကမှ ကျုပ်ကို ဖိအားပေးတာ မရှိပါဘူး"

ဆန်းလျန်၏ အဖြေကို ကျောက်ရှောင်ယွီ နားလည် သွားသလိုလို ရှိလိုက်သည်။ သို့သော် တကယ်တမ်းတော့ နားမလည်ခဲ့ပေ။

သူတို့နှစ်ယောက်လုံး ကောင်းကင်ထက်မှ ဆင်းသက် လိုက်ကြလေသည်။

သူတို့ရှေ့တွင် အကန့်အသတ် မရှိသော သစ်တောများက ပိတ်ဆို့နေလေသည်။ သို့သော် သူတို့နှစ်ယောက် အတွက် ထိုသစ်တောများကို ကျော်လွှားရန် မခက်ခဲပေ။ သူတို့၏ တန်ခိုး စွမ်းအားများနှင့် ဆိုလျှင် ရှေ့တွင် ပိတ်ဆို့နေသည့် သစ်တောများကို ဖျက်ဆီး ပစ်နိုင်လေသည်။

သို့သော် သူတို့နှစ်ယောက်လုံး ထိုသို့ မပြုလုပ်ခဲ့ကြပေ။ သူတို့နှစ်ယောက်က လွတ်လပ် ပေါ့ပါးစွာဖြင့် သစ်တောထဲသို့ ဝင်သွားကြလေသည်။ သစ်ရွက်ကြွေများက လေထဲတွင် လွင့်ဝဲ ကျန်ရစ် ခဲ့ကြလေသည်။

ရုတ်တရက် သူတို့ရှေ့တွင် ကြီးမားသည့် သစ်ပင်ကြီး တစ်ပင် တွေ့ရလေသည်။

ထိုသစ်ပင်ကြီး၏ ပင်စည်တွင် ဧရာမ မြွေကြီးတစ်ကောင် ရစ်ပတ် ထားလေသည်။ မြွေကြီးက အနီရောင် လျှာကြီးကို ထုတ်ထားပြီး မျက်လုံးကြီးများက မီးအိမ်ကြီးများ အလား တောက်ပ နေလေသည်။

ထိုမြွေကြီးမှာ အလွန် အန္တရာယ်များသည့် သတ္တဝါကြီး ဖြစ်လေသည်။ သို့သော် ဆန်းလျန်က သူ၏ ဝိညာဉ် စွမ်းအားကို ထုတ်လွှတ် လိုက်သည့် အခါတွင်တော့ ဧရာမ မြွေကြီးမှာ ဘုရင် တစ်ပါးနှင့် တွေ့ဆုံသည့် အလား ဆန်းလျန်ကို ဦးညွှတ် လိုက်လေသည်။

ထိုကဲ့သို့သော သတ္တဝါကြီးများသည် ဝိညာဉ်အလင်း ရှိကြလေသည်။ သူတို့အတွက် လိုအပ်သည်မှာ ပြင်းပြင်းထန်ထန် ကျင့်ကြံနိုင်မှု တစ်ခုပင် ဖြစ်လေသည်။ သာမန် သတ္တဝါများသည် သူတို့ကဲ့သို့သော ဝိညာဉ် အလင်းရှိသည့် သတ္တဝါများကို ကြောက်ရွံ့ ကြလေသည်။ သူတို့ကလည်း သူတို့ထက် အဆင့်မြင့်သည့် သူများအပေါ်တွင် လေးစားကြလေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ မည်မျှကြာအောင် လမ်းလျှောက် လာမိသည် မသိပေ။

ဆန်းလျန်က ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်ပြီး…

"မင်းသတိ ထားလိုက်မိလား…"

"အရင်တစ်ခေါက် ကျွန်မဒီနေရာကို ရောက်တုန်းက ဒီတောအုပ်ကြီး ထူးဆန်းတာကို သိပ်ပြီး သတိ မထားလိုက်မိဘူး၊ အမှန်ပဲ၊ ဒီလိုနေရာမျိုးမှာ နတ်မိစ္ဆာသားရဲ ဒါမှမဟတ် နတ်မိစ္ဆာဘုရင် တစ်ပါးပါးတော့ ရှိနေမှာပဲ၊ ဒါပေမဲ့ အခုထိတော့ နတ်မိစ္ဆာ အငွေ့အသက် ဘာတစ်ခုမှ မရသေးဘူး၊ ဒါပေမဲ့ ပုံမှန်မဟုတ်တာတော့ အသေအချာပဲ"

ဟု ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

All Chapters