ချွင်ယန်တာအိုနန်းတော်
Vol. 3 Ch. 239
တောင်များကြား တစ်ခုဆီသို့ သူတို့နှစ်ယောက် ရောက်ရှိ လာလေသည်။
ထိုနေရာတွင် သစ်ပင်များ ကျဲပါးနေပြီး ကျောက်တုံးများ ပြန့်ကျဲ နေလေသည်။
အချို့ ကျောက်တုံးများမှာ ကြီးမားပြီး အချို့မှာ သေးငယ်လေသည်။ ထိုကျောက်တုံး များမှာ ကြီးမား ခိုင်မာသည့် အပင်မြင့်ကြီးများနှင့် တောင်ကုန်း ငယ်လေးများကို ဝန်းရံထားကြလေသည်။ လူများက ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင် ထားသည့် ထောင်ချောက် တစ်ခုနှင့် ဆင်တူလေသည်။
လူသူမရှိ တိတ်ဆိတ်သည့် တော့အုပ်ထဲတွင် ယခုကဲ့သို့သော မြင်ကွင်းကို တွေ့မြင်ရသည်မှာ ဆီလျော်မှု မရှိလှပေ။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် တိုင်ပင်ထားခြင်း မရှိပါဘဲ ခြေလှမ်းများကို ပြိုင်တူ ရပ်လိုက်ကြသည်။
"ကြည့်ရတာ ဒီနေရာကို ကျုပ်တို့အရင် ကြိုပြီး ရောက်နှင့်တဲ့သူ ရှိနေပြီ”
ဆန်းလျန်က ရေရွတ် လိုက်သည်။
ကျောက်ရှောင်ယွီ၏ လှပသော မျက်ဝန်းလေးများက တစ်ချက် မှေးစင်း သွားသည်။ သူမက အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လေပြင်း တစ်ချက် တိုက်ခတ် စေလိုက်သည်။
"အမှန်ပဲ၊ ဒီကျောက်တုံးတွေက တစ်ခုခုကို ထောင်ချောက် ဆင်ထားတဲ့ပုံပဲ၊ ကျွန်မတို့လိုပဲ ဒီနေရာမှာ လေစွမ်းအား သားရဲကို ဖမ်းဖို့ ရောက်လာတာလား မသိဘူး”
ကျောက်ရှောင်ယွီက အင်္ကျီလက်ကို ထပ်မံ ဝှေ့ယမ်း လိုက်ရာ လေပြင်းတစ်ချက် ထပ်မံ တိုက်ခတ် လာပြီး ထိုလေမှာ သစ်ပင်ကြီးများကိုပင် ပြိုလဲ သွားနိုင်အောင် ပြင်းထန်လေသည်။ ထိုလေပြင်းသည် သူတို့ရှေ့ရှိ တောင်ကြားလေးထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။ ထို့နောက် တောင်ကြားလေးထဲတွင် အဖြူရောင် မြူခိုးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး မြူများ ဆိုင်းသွား လေတော့သည်။
ကျေက်ရှောင်ယွီက အန္တရာယ်ကို ဖော်ထုတ်ရန်အတွက် တန်ခိုးစွမ်းအား တစ်ခုကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
သိပ်မကြာမီမှာပင်….
အဖြူရောင် မြူခိုးများကြားမှ လူငယ် တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် လျင်မြန်စွာ ပျံသန်း ထွက်ခွာ လာကြလေသည်။ သူတို့က အဖြူနှင့် အနက်ရောင် ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ဓားရှည်များ ကိုင်ဆောင် ထားလေသည်။
ကြည့်လိုက်သည်နှင့်ပင် သူတို့ နှစ်ယောက်လုံးမှာ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိရှိ နိုင်လေသည်။ သူတို့ နှစ်ယောက်လုံးမှာ အလွန်ငယ်ရွယ် နုပျိုကြသူများ ဖြစ်သော်လည်း ကျင့်ကြံသူများ ဖြစ်ကြသည့် အတွက် သူတို့၏ အသက်ရွယ်ကို မခန့်မှန်းနိုင်ပေ။
သူတို့ နှစ်ယောက်သည် ချက်ချင်းပင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ အနားသို့ ရောက်လာ ကြလေသည်။ မိန်းကလေးက ကျောက်ရှောင်ယွီကို တစ်ချက် လှမ်းကြည့် လိုက်သည်။
ကျောက်ရှောင်ယွီက သူမကို ပြုံးပြလိုက်လေသည်။
မိန်းကလေး၏ ဘေးမှ လူငယ်ကတော့ ဆန်းလျန်ကို ကြည့်နေလေသည်။
သူတို့ နှစ်ယောက်မှာ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ အနားသို့ မရောက်မီ ပေသုံးဆယ်ခန့် အကွာတွင် ရပ်တန့် လိုက်ကြသည်။
"ဒီနေရာက ချွင်ယန် တာအိုနန်းတော်က အရံအတား ထောင်ချောက် လုပ်ထားတဲ့ နေရာပဲ၊ မိတ်ဆွေ နှစ်ယောက် ဘယ်ဘက် မိုင်တစ်ရာလောက်ကနေ လမ်းလွှဲပြီး သွားစေချင်ပါတယ်"
လူငယ်က ပြောလိုက်သည်။
သူက ချွင်ယန် တာအိုနန်းတော် ဟူသည့် အမည်ကို အသုံးပြုလိုက်သော်လည်း ရန်လိုသည့် အပြုအမူမျိုး မရှိပေ။ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို လမ်းလွှဲမှသွားရန် ယဉ်ကျေးစွာပင် တောင်းဆို လိုက်ခြင်း ဖြစ်လေသည်။
သို့သော် မိန်းကလေးကတော့ သူတို့နှစ်ယောက်ကို အေးစက်စွာဖြင့် စိုက်ကြည့်နေလေသည်။ သူမကိုယ်တွင်းမှ ဓားဝိညာဉ် တန်ခိုးစွမ်းအားများ ထွက်ပေါ်နေပြီး ဆန်းလျန်တို့သာ စကား နားမထောင်ပါက ချက်ချင်း တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။
ဆန်းလျန်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ်တွင် ကျောက်ရှောင်ယွီက ဆန်းလျန် လက်ကို ဆွဲလိုက်ပြီး…
"သတိပေးတာ ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့၊ ကျွန်မတို့ ခုပဲ သွားပါတော့မယ်"
ဟု ပြောလိုက်လေသည်။
"ဒါဖြင့် ကောင်းတာပေါ့ဗျာ…"
လူငယ်က ပြုံးလိုက်ရင်း ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။
ဆန်းလျန်က ကျောက်ရှောင်ယွီမှာ အကြောင်းရှိသောကြောင့် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်မည်ကို ရိပ်မိသည့်အတွက် ဘာမှ မပြောတော့ပေ။ ကျောက်ရှောင်ယွီသည် ဆန်းလျန် လက်ကို ဆွဲကာ ထိုလူငယ်နှင့် မိန်းကလေး၏ မျက်စိရှေ့မှ လျင်မြန်စွာ ထွက်ခွာ သွားလေတော့သည်။
ချွင်ယန်တာအို နန်းတော်မှ မိန်းကလေးက သူတို့နှစ်ယောက် ထွက်ခွာ သွားသည်ကို မျက်စိတစ်ဆုံး ကြည့်နေရင်း…
"ဒီနှစ်ယောက် တကယ် ထွက်သွားတာ မဖြစ်နိုင်ဘူး"
"မိုးကောင်းကင်က သတ္တဝါတွေရဲ့ အသက်ကို စောင့်ရှောက်တယ်၊ ဒါကြောင့် သူတို့ကို သတိ ပေးလိုက်တာပဲ၊ သူတို့သာ ယိချီရွှမ်ယန် အရံအတား ထောင်ချောက်ထဲကို ဝင်လာလို့ကတော့ သူတို့ထိုက်နဲ့ သူတို့ကံပဲလေ၊ သူတို့ သေကြရမှာပဲ"
ဟု လူငယ်က ပြောလိုက်လေသည်။
"ဒါပေမဲ့ ခုနမိန်းကလေးက ဘယ်သူလဲ ဆိုတာ ငါ မခန့်မှန်းနိုင်ဘူး၊ သူ့ရဲ့ ဝိညာဉ်စွမ်းအားက အရမ်း တည်ငြိမ်တယ်၊ သာမန် ကျင့်ကြံသူတော့ မဖြစ်နိုင်ဘူး”
မိန်းကလေးက ပြောလိုက်သည်။
"ငါ့အမြင် ပြောရရင်တော့ အဲဒီမိန်းကလေးနဲ့ အတူပါလာတဲ့ လူငယ်က ပိုပြီး ကြောက်စရာ ကောင်းတာ၊ သူ့ရဲ့ အသက်ရှူသံ ကိုတောင် မကြားရတာ နင်သတိ မထားမိဘူးလား၊ ပြီးတော့ သူက တောတောင်ထဲမှာ လွင့်မျောသွားတဲ့ တိမ်တစ်စလိုပဲ၊ သူကျင့်ကြံ ထားတဲ့ ကျင့်စဉ်က တကယ် အံ့သြစရာ ကောင်းတာပဲ"
လူငယ်က ပြုံးပြီး ပြောလိုက်လေသည်။
သူက ဆန်းလျန်ကို အံ့သြစရာ ကောင်းသည်ဟု ပြောလိုက်သည့်တိုင် စိတ်ထဲမှ သိပ်မပါပေ။ ချီးကျူးစရာ ဖြစ်၍သာ ချီးကျူးလိုက်ခြင်း ဖြစ်လေသည်။ သူတို့ ချွင်ယန် တာအိုနန်းတော်မှ ကျင့်စဉ်ပ ညာများက အခြားသော ကျင့်စဉ် ပညာများထက်ပိုပြီး အံ့သြစရာ ကောင်းသည် မဟုတ်ပါလား။
"သူတို့ ဘယ်လောက်ပဲ ကြောက်စရာ ကောင်းကောင်း ဂိုဏ်းတူ အစ်မကို ယှဉ်နိုင်မှာတဲ့လား၊ ဒါပေမဲ့ ဂိုဏ်းတူ အစ်မက ချန်ကျန့်မေနဲ့ လျှိုပေါ်တောင်မှာ ဓားသိုင်း ပြိုင်ဖို့ ချိန်းထားတော့ ငါတို့ လေစွမ်းအားသားရဲ ဖမ်းတာကို လာမကူနိုင်မှာပဲ စိုးရိမ်ရတယ်"
မိန်းကလေးက သက်ပြင်းချရင်း ပြောလိုက်သည်။
"ယွမ်ကျိုးနယ်မှာ ချန်ကျန့်မေလိုမျိုး တန်ခိုးစွမ်းအား ကြီးမားတဲ့ ဓားတန်ခိုးရှင် တစ်ပါး ထွက်ပေါ်လာတာ တကယ့်ကို အံ့သြစရာပဲ၊ ဒါပေမဲ့ ငါသိသလောက်တော့ ချန်ကျန့်မေမှာ သူ့ထက် အဆင့်မနိမ့်တဲ့ ဂိုဏ်းတူညီလေး တစ်ယောက် ရှိသေးတယ်တဲ့၊ ကြည့်ရတာ ယွမ်ကျိုးနယ်ကတော့ ဒီနှစ်တစ်ရာ အတွင်းမှာ အများကြီး တိုးတက်လာတာပဲ"
လူငယ်က ပုံမှန်လေသံဖြင့်ပင် ပြောလိုက်လေသည်။
"ဆရာတောင် ပြောသေးတယ်၊ ယွမ်ကျိုးနယ်က တဖြည်းဖြည်း ပျက်စီးလာနေပြီ၊ ဒါပေမဲ့ ရှေးအချိန် ကတည်းက မိုးကောင်းကင် နတ်ဘုရားတွေ များစွာပေါ်ထွက် ခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့ မရဘူးတဲ့၊ ဒါကြောင့် အံ့သြစရာတော့ မရှိပါဘူး၊ ပြီးတော့ လောကပထမ ရှန်ဆန်းကျန်းရန် လုကျိုးယွမ် ဆိုတာလည်း ယွမ်ကျိုးနယ်ကပဲ မဟုတ်ဘူးလား"
မိန်းကလေးက ပြန်ပြောလိုက်သည်။
ထို့နောက် စကားပြောရင်းဖြင့်ပင် သူတို့နှစ်ယောက်သည် မြူခိုးများကြားသို့ တိုးဝင် ပျောက်ကွယ် သွားကြလေတော့သည်။
အမှန်တော့ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ အဝေးသို့ ထွက်ခွာသွားခြင်း မရှိပါ။ ဆန်းလျန်၏ ထုန်ထျန်း တန်ခိုးစွမ်းအားဖြင့် အနီးအနားတွင်ပင် ပုန်းကွယ် နေကြခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်ပြောသည့် စကားများကို အတိုင်းသား ကြားလိုက် ကြရလေသည်။
"ချွင်ယန် တာအိုနန်းတော် ဆိုတာဘာလဲ”
ဆန်းလျန်က မေးလိုက်သည်။
"စန့်တုန့် နတ်ဘုရား ရှစ်ပါးထဲက ချွင်ယန် နတ်ဘုရား ချန်ထားခဲ့တဲ့ ကျင့်စဉ်တွေကို ဆက်လက် ထိန်းသိမ်းထားကြတဲ့ နတ်ဘုရား ဂိုဏ်းတစ်ခုပဲ၊ ရှင်သူတို့ကို အထင်တော့ သေးလို့မရဘူး၊ သူတို့ရဲ့ ကျင့်စဉ် စွမ်းအားတွေက ရှင်တို့ ချင်းရွှမ် နတ်တံခါးထက် မနိမ့်ဘူး၊ ယွမ်ကျိုးနယ်ရဲ့ ပင်လယ် တစ်ဖက်ခြားက ထျန်းဟွာနယ်မှာ ထိပ်တန်း အဆင့်ရှိတဲ့ နတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်းပဲ၊ အဲဒီမှာ လောကကို ကျော်လွန်တဲ့ နတ်ဘုရားတွေ အများကြီး ပေါ်ထွက်လေ့ ရှိတယ်"
ကျောက်ရှောင်ယီက ပြန်ဖြေ လိုက်လေသည်။
"ဒါဆို ထိုက်စန့် နတ်ဘုရားဂိုဏ်းက ယွမ်ကျိုးနယ်ကို ရွှေ့မလာခင် အရင်က ထျန်းဟွာနယ်မှာ ရှိခဲ့တာပေါ့"
ဆန်းလျန်က မေးလိုက်တော့ ကျောက်ရှောင်ယွီက ခေါင်းညိတ်လိုက်ရင်း…
"အမှန်ပဲ၊ ထျန်းဟွာနယ်နဲ့ ကျွန်မတို့ရဲ့ ယွမ်ကျိုးနယ်က မိုင်ပေါင်း တစ်သန်းကျော် ဝေးတယ်၊ တစ်နယ်နဲ့ တစ်နယ်ကြားမှာ ပင်လယ်ခြား ရုံတင်မကဘူး နတ်မိစ္ဆာ သားရဲတွေလည်း ပေါများ သေးတယ်၊ ဒါကြောင့် ဒီနယ်နှစ်ခုက အဆက်အသွယ် မရှိသလောက် နည်းတယ်၊ မိုးမြေစွမ်းအားနဲ့ ပတ်သက်ရင် ယွမ်ကျိုးနယ်ဟာ ထျန်းဟွာနယ်ကို ဘယ်ယှဉ်နိုင်မှာလဲ၊ ဒါကြောင့် ဘယ်လောက်ပဲ အရည်အချင်း အရှိတဲ့ သူတွေပေါ်ထွက်ပါစေ သူတို့က ယွမ်ကျိုးနယ်ကို အထင်မကြီး ကြဘူးလေ၊ ဒါကြောင့်လည်း အဆက်အသွယ် မလုပ်ကြတာ”
ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါးမှ ပညာရပ်နှင့် ဗဟုသုတ ပေါင်းများစွာကို လေ့လာထားသူ ဖြစ်သည့်တိုင် ယခု ကျောက်ရှောင်ယွီ ပြောပြသည့် အကြောင်းများကို သိရှိခြင်းမရှိပေ။
ထျန်းတိကျန်းသည် စကြဝဠာတစ်ခွင်နှင့် ကောင်းကင် ကိုးထပ်အထိ သိမြင်နိုင်လေသည်။ သို့သော် သူ့အနေဖြင့် ချင်းရွှမ်နတ်တံခါးမှ ထျန်းတိကျန်းကို ယူဆောင် လာခွင့်မရှိပေ။ ထျန်းတိကျန်းသာ ပျောက်ဆုံးသွားလျှင် ချင်းရွှမ် နတ်တံခါးသည် အကြီးအကျယ် ပြဿနာ ဖြစ်ရပေမည်။
ထို့ပြင် ကျောက်ရှောင်ယွီမှာ ယခုကိစ္စများ အားလုံးကို သိရှိနေသည့် အတွက် ဆန်းလျန်စိတ်ထဲတွင် မတင်မကျ ဖြစ်နေမိလေသည်။ ကြာပန်းကိုးပွင့် ကျောင်းတော်၏ သူတော်စင် မိန်းမပျို ဖြစ်ရုံမျှဖြင့် ယခု အကြောင်းအရာ များကို သိရှိနေစရာ အကြောင်းမရှိပေ။ ကျောက်ရှောင်ယွီတွင် သူမသိသည့် အခြားသော လျှို့ဝှက်ချက်များ ရှိနေဦးမည်ဟု ဆန်းလျန် တွေးလိုက် မိလေသည်။
သို့သော် သူတစ်ပါး၏ လျှို့ဝှက်ချက်ကို ဆန်းလျန်က စိတ်မဝင်စားပါ။ ဆန်းလျန် ကိုယ်တိုင်မှာလည်း အခြားသော ခေတ်ပေါ်ကမ္ဘာမှ ရောက်ရှိလာခဲ့သည့် ကိစ္စနှင့် စိတ်ဝိညာဉ်များကို ထိန်းချုပ်နိုင်ခြင်း စာအုပ်ကို ကျင့်ကြံခဲ့သည့် အကြောင်းများကို မည်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက် ထားခဲ့လေသည်။ ဆရာသခင် ကျန်းရော့ ရွှီးတစ်ယောက်ကိုသာ ပြောပြခဲ့ခြင်း ဖြစ်ပြီး အခြား မည်သူ့ကိုမျှ ပြောပြခဲ့ခြင်းမရှိပေ။
"အဲဒီလိုလား၊ ဒါပေမဲ့ စောစောက သူတို့က ဂိုဏ်းတူ အစ်ကိုချန်ကျန့်မေနဲ့ ကျုပ်ကို ချီးကျူး စကား ပြောသွားတာတော့ ကျုပ်အရမ်းပျော်တာပဲ"
ဟု ဆန်းလျန်က ရယ်မောရင်း အရွှန်းဖောက် လိုက်လေသည်။
"သူတို့ ပြောပုံအရ ဆိုရင်တော့ သူတို့ရဲ့ ဂိုဏ်းတူ အစ်မဆိုတဲ့ သူက တော်တော် ကြောက်စရာ ကောင်းမယ့်ပုံပဲ၊ သူတို့ဂိုဏ်းတူ အစ်မ ရှင့်ကို အနိုင်ကျင့်တော့မှ ဒီလိုမျိုး ရယ်နိုင်မလား စောင့်ကြည့်ဦးမယ်"
ကျောက်ရှောင်ယွီက ဆန်းလျန်ကို ပြန်လည် စ နောက် လိုက်လေသည်။
"အမလေး ဘယ်လောက် တော်တော်ပါဗျာ၊ လောကမှာ တောင်တစ်တောင်ထက် နောက်တစ်တောင်က ပိုမြင့်စမြဲပါပဲ၊ ကျုပ်ကတော့ မာနမကြီးရဲပါဘူး"
ဆန်းလျန်က ပြန်ဖြေ လိုက်လေသည်။
ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သည် “မည်သူ့ကိုမှ ဂရုမစိုက်” ဆိုသည့်ပုံစံဖြင့် ယိချီရွှမ်ယန် အရံအတား ထောင်ချောက်ထဲသို့ ဝင်ရောက် သွားကြလေတော့သည်။ သူတို့ နှစ်ယောက်လုံး၏ ဝိညာဉ် စွမ်းအား မြင့်မားမှုကြောင့် ယိချီရွှမ်ယန် အရံအတား ထောင်ချောက်သည် သူတို့ကို အနှောင့်အယှက် မပေးနိုင်ခဲ့ပေ။
***