← Chapters

အောင်ပွဲအတွက်

Vol. 54 Ch. 607

အောင်ပွဲအတွက်

Vol. 54 Ch. 607

“အစ်ကိုရွေ့”

“တာအိုဆရာ”

“ရင်းရွေ့ ရင်းရွေ့”

ရွှင်ရင်းရွေ့သည် အင်အားအလွန်အမင်း ကုန်ခမ်းနေပြီ ဖြစ်သည်။ တောင်ပံရှစ်စုံ ဂူကျင့်ကြံသူ၏ တိုက်ခိုက်မှုကို နှစ်ကြိမ်တိုင်တိုင် ခုခံပြီးနောက် သူသည် လေးညှို့ကုန်နေသော မြားတစ်စင်းကဲ့သို့ ဖြစ်နေချေပြီ။

ထို့ကြောင့် လူဇီဖင်းကို တွန်းထုတ်လိုက်သည့် အချိန်၌ သူ၏ နိဂုံးကို ကြိုတင် တွေးဆပြီးသား ဖြစ်သည်။

‘ဒါပေမဲ့ မင်းလည်း တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်’

တောင်ပံရှစ်စုံ ဂူကျင့်ကြံသူကို တင်းကျပ်စွာ ဖက်တွယ်ထားသော ရွှင်ရင်းရွေ့သည် မိမိကိုယ်ကို ပစ်မှတ်အဖြစ် အသုံးပြု၍ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

“ကောင်းကင်ဘေးဒဏ်”

“ဂျိန်း” “ဂျိန်း” “ဂျိန်း”

ခက်ထန် ကြမ်းတမ်းသော မိုးကြိုးသွားများသည် တစ်ခုပြီးတစ်ခု ပစ်ချလိုက်ရာ အားလုံးက တောင်ပံရှစ်စုံ ဂူကျင့်ကြံသူကို တိကျစွာ ထိမှန်လေသည်။

မိုးကြိုးအချက်ရေ ဆယ်ဂဏန်းခန့် ပစ်ခတ်ပြီးနောက် တောင်ပံရှစ်စုံ ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးကျွမ်းကာ လူရုပ်ပင် မပေါ်တော့ချေ။

ရွှင်ရင်းရွေ့သည် ဤအပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်ပြီးနောက် ကျေနပ်စွာ မျက်လုံးမှိတ်လျက် မြေပြင်သို့ ပြုတ်ကျသွားလေသည်။

“အစ်ကိုရွေ့”

လူဇီဖင်းသည် ကျယ်လောင်စွာ အော်ဟစ်ရင်း အောက်သို့ ထိုးဆင်းကာ လိုက်ပါသွားသည်။

စောစောက သူ ဘာကြောင့် မလှုပ်ရှားခဲ့မိသနည်း ဟူသော အတွေးဖြင့် မိမိကိုယ်ကို အပြစ်တင်နေမိသည်။ အစ်ကိုရွေ့သည် သူ့အစား အသေခံသွားခြင်း ဖြစ်ချေသည်။

လေထဲ၌ ရွှင်ရင်းရွေ့၏ ရုပ်အလောင်းကို ဖမ်းထိန်းလိုက်ပြီးနောက် လူဇီဖင်းသည် မြေပြင်သို့ ဆင်းသက်ကာ ဖြည်းညှင်းစွာ ချပေးလိုက်သည်။

“အစ်ကိုရွေ့ စိတ်ချပါ အစ်ကို့ကို ပြန်ရှင်လာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကို ကျွန်တော် မရရအောင် ရှာဖွေပေးပါ့မယ်”

ပြောပြီးသည်နှင့် သူသည် နောက်လှည့်မကြည့်ဘဲ ကောင်းကင်ယံသို့ ပြန်လည် ပျံတက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ ဆက်လက် ထမ်းဆောင်ရမည့် တာဝန် ရှိနေသေးသောကြောင့် ဖြစ်သည်။

အနက်ရောင် သူတော်စင်များ၏ တိုက်ကွက်ပေါင်းစုံဖြင့် ဗုံးကြဲ တိုက်ခိုက်မှုအောက်၌ မီးသွေးတုံး ဖြစ်သွားသော တောင်ပံရှစ်စုံ ဂူကျင့်ကြံသူသည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာလေသည်။

မျက်တောင်တစ်ခတ်အတွင်း သူသည် မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားပြီး မတ်မတ်မရပ်နိုင် ဖြစ်နေသော အနက်ရောင် သူတော်စင် တစ်ဦးကို ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်သည်။

ပင်မစစ်မြေပြင်၌ ယခုအချိန်တွင် စီကုံးဂျီနှင့် ယှဉ်ပြိုင် တိုက်ခိုက်နေသူမှာ လူငယ်တစ်ဦး ဖြစ်နေပြီး အသက် သုံးဆယ်ခန့်သာ ရှိပုံရသည်။

ထိုလူငယ်မှာ ကူလျန်ချန်ပင် ဖြစ်သည်။ သို့မဟုတ် အကြိမ်ကြိမ် သေဆုံးပြီး ပြန်ရှင်လာသော ကူလျန်ချန်ဟု ဆိုရပေမည်။

ကြာရှည်စွာ တိုက်ခိုက်ပြီး အကြိမ်ကြိမ် သေဆုံးခဲ့ရသည့် အခြေအနေအောက်၌ ကူလျန်ချန်သည် စီကုံးဂျီ၏ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းကို တဖြည်းဖြည်း ကျင့်သားရလာပြီး လှည့်ပတ် တိုက်ခိုက်နိုင်လာသည်။

သူသည် ရှေ့မှ ဂူကျင့်ကြံသူကို သတ်ဖြတ်နိုင်မည်ဟု မမျှော်လင့်ထားပေ။ သူ လုပ်ဆောင်ရမည့်အရာမှာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ တစ်ဖက်လူကို ချုပ်နှောင်ထားရန်ပင် ဖြစ်သည်။

စီကုံးဂျီ၏ စိတ်ထဲ၌လည်း အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ပါက ဤကျင့်ကြံသူများ တည်ဆောက်ထားသော ခံစစ်စည်းကို အလွယ်တကူ ဖောက်ထွက်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။ မည်သည့် အနက်ရောင် သူတော်စင်ကမျှ သူ၏ တိုက်ချက်တစ်ချက်ကို ခုခံနိုင်စွမ်း မရှိချေ။ ထိုဖျက်ဆီးအားမှာ အလွန် ပြင်းထန်လှသည်။

သို့သော် မသေနိုင်သောကောင်တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို မြဲမြံစွာ ဆွဲထားနိုင်သည်မှာ စီကုံးဂျီအတွက် ဖြေရှင်းရန် နည်းလမ်းမရှိ ဖြစ်နေစေသည်။

“ဝုန်း”

ထိုအချိန်၌ စီကုံးဂျီ၏ အာရုံခံနိုင်စွမ်းမှာ ရုတ်တရက် တုန်ခါသွားပြီး မျက်လုံးများက ကျန်းပေရန် ဝင်သွားသော အိမ်တော်ကြီးဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။

‘သူ ဖွဲ့စည်းပုံကို ဖျက်ဆီးနေပြီလား’

စီကုံးဂျီ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်လာသည်။

‘ဘာကြောင့်လဲ ဘာကြောင့်လဲ ဘာကြောင့်လဲ’

မကြာသေးမီ အချိန်ကမှ သူသည် နံနက်စာကို အေးဆေးစွာ စားသုံးရင်း သတင်းကောင်းများသာ ပါဝင်သော အစီရင်ခံစာများကို ဖတ်ရှုနေခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူသည် ဤကဲ့သို့ အကျပ်အတည်းထဲသို့ တွန်းပို့ခံလိုက်ရလေပြီ။

‘ဘာကြောင့် ဒီလို ဖြစ်ရတာလဲ’

“ဝါး”

ဟိန်းဟောက်လိုက်ရင်း စီကုံးဂျီသည် ကူလျန်ချန်ကို လက်သီးဖြင့် ထိုးလိုက်သော်လည်း ကူလျန်ချန်က ကိုယ်ကို တိမ်းရှောင်လိုက်သည်။

သို့သော် ကူလျန်ချန်က တစ်ဖက်လူ ဆက်လက် တိုက်ခိုက်လာမည်ဟု ထင်မှတ်ထားစဉ် သံချပ်ကာ ဂူကျင့်ကြံသူက လက်သီးကို ပြန်ရုတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ဒေါသထွက်နေခြင်းမှာ အရာမရောက်ကြောင်း စီကုံးဂျီ နားလည်လိုက်သောကြောင့် ဖြစ်သည်။ သူ ယခု လိုအပ်သည်မှာ ထိုလူသားကို သတ်ဖြတ်ရန်သာ ဖြစ်သည်။

“အောင်ပွဲအတွက် မင်းတို့ရဲ့ အသက်ကို ပေးဆပ်ကြလော့”

ကံတရားကို ပုံအပ်ထားခြင်း မရှိတော့ဘဲ စီကုံးဂျီသည် သူ့ကို အလွန် နာကျင်စေသော အမိန့်တစ်ခုကို ပေးလိုက်လေသည်။

အခြား ပေါင်းစပ် ဂူကျင့်ကြံသူ လေးဦးသည် ဘုရင်၏ အမိန့်ကို ရရှိသောအခါ ကြောက်ရွံ့ခြင်း မရှိကြဘဲ စိတ်သက်သာရာ ရသွားကြသည်။

သူတို့သည် ထိုအမိန့်ကို စောင့်မျှော်နေခဲ့ကြသည့်အလား ဖြစ်နေသည်။

“အူး”

လည်ဆံမွေး ဂူကျင့်ကြံသူက ပထမဆုံး တုန့်ပြန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ဆယ်ဆခန့် ကြီးထွားလာပြီး ဟိန်းဟောက်သံ၏ ဖျက်ဆီးအားသည်လည်း အဆမတန် တိုးပွားလာသည်။

ထိုအခြေအနေကြောင့် ခရာမှုတ်နေသော အန်းဟောင်တန်မှာ ချက်ချင်းပင် တောင့်မခံနိုင်တော့ပေ။

သူသည် ကောင်းကင်ဘုံအဆင့် မှော်ကိရိယာ၏ စွမ်းအားကို အားကိုး၍သာ ဤဂူကျင့်ကြံသူကို သီသီလေး ခုခံနေနိုင်ခြင်း ဖြစ်သည်။ ယခု လည်ဆံမွေး ဂူကျင့်ကြံသူ၏ စွမ်းအား ရုတ်တရက် တိုးပွားလာသောအခါ သူ လုံးဝ မတတ်နိုင်တော့ချေ။

သူ မတတ်နိုင်တော့သည်နှင့် အသံလှိုင်း၏ ဖျက်ဆီးအားမှာ ချက်ချင်း ပေါ်ပေါက်လာပြီး တောင်ပံရှစ်စုံ ဂူကျင့်ကြံသူကို ဝိုင်းရံထားသော အနက်ရောင် သူတော်စင်များမှာ နေရာ၌ပင် မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ခြင်း ခံလိုက်ရလေသည်။

ထိုအချိန်၌ တောင်ပံရှစ်စုံ ဂူကျင့်ကြံသူ၏ တောင်ပံများမှာလည်း အသစ်တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာပြီး တောင်ပံတစ်စုံစီတိုင်းသည် တောက်ပသော အလင်းရောင်များ လက်နေသည်။

သူ တောင်ပံတစ်ချက် ခတ်လိုက်သည်နှင့် မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

“ဗြဟ္မာတံခါး”

တောင်ပံရှစ်စုံ ဂူကျင့်ကြံသူက အိမ်တော်ကြီးဆီသို့ အနိုင်ပိုင်း ဝင်ရောက်ရန် ပြင်လိုက်စဉ် ရွှေရောင်တံခါးကြီး တစ်ချပ်က သူ့ရှေ့၌ ရုတ်တရက် ပိတ်ဆို့လိုက်သည်။ သူက ကွေ့ပတ်သွားရန် ကြိုးစားသော်လည်း ပိုမိုများပြားသော တံခါးများက သူ့ကို ဝိုင်းရံထားလိုက်သည်ကို တွေ့လိုက်ရသည်။

“ခွပ်”

ဤတိုက်ကွက်ကို ထုတ်ဖော်သော ကုန်းယိရန်သည် သွေးတစ်လုပ် အန်ထုတ်လိုက်သည်။

စောစောက အန်းဟောင်တန်အစား အဆိပ်ရည် တိုက်ခိုက်မှုကို ခုခံပေးပြီးနောက် သူသည် ဤနေရာ၌ ဆက်လက် စောင့်ကြပ်နေခဲ့ခြင်း ဖြစ်သည်။ ပထမအချက်မှာ မတော်တဆမှု တစ်စုံတစ်ရာ ထပ်မံ မဖြစ်ပွားစေရန်နှင့် ဒုတိယအချက်မှာ အမြန်နှုန်း အလွန်မြန်သော ဂူကျင့်ကြံသူကို စောင့်ကြည့်ရန် ဖြစ်သည်။

သူသာ ဝိုင်းရံထားမှုကို ဖောက်ထွက်လာပါက ကုန်းယိရန်သည် မိမိ၏ အသက်သွေးကို အရင်းပြုရသော ဤအပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

“ဗုံး”

ထိုအချိန်၌ ကျောက်စိမ်းရောင် မီးတိုင်အလယ်မှ ဗိုက်ပူဂူကျင့်ကြံသူသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ပန်းထွက်လာသော အဆိပ်ရည်များက ဟော်ဟုန်ခိုင်၏ မွေးရာပါ မီးတောက်ကိုပင် ဖိနှိပ်လိုက်နိုင်လေသည်။

နောက်တစ်စက္ကန့်တွင် လေထဲ၌ လွင့်စင်နေသော အသားစများသည် ပြန်လည် ပေါင်းစပ်သွားပြီး ဗိုက်ပူဂူကျင့်ကြံသူ၏ ပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။ သို့သော် ယခုအချိန်၌ သူ၏ ဗိုက်မှာ ယခင်ကထက် အဆများစွာ ပိုမို ကြီးမားနေသည်။

လွတ်လပ်ခွင့် ပြန်လည် ရရှိသွားသော ဗိုက်ပူဂူကျင့်ကြံသူသည် ဘေးပတ်ဝန်းကျင်သို့ အဆိပ်ရည်များ ချက်ချင်း ပက်ဖျန်းလိုက်ရာ အသံလှိုင်းကြောင့် ကြောင်အမ်းနေသော အနက်ရောင် သူတော်စင်များမှာ ရှောင်တိမ်းနိုင်ခြင်းပင် မရှိကြချေ။

သီသီလေး လွတ်သွားသော အခိုက်အတန့်၌ နဂါးခန္ဓာ ဂူကျင့်ကြံသူကို ကြိုးဖြင့် ရစ်ပတ်ထားသော ယင်လင်ယန်သည် အနက်ရောင် သူတော်စင်အားလုံး၏ ရှေ့သို့ ရုတ်တရက် ရွှေ့ပြောင်းကာ ရွှေရောင် အလင်းကန့်လန့်ကာ တစ်ခုအဖြစ် ပြောင်းလဲ၍ အဆိပ်ရည်အားလုံးကို တစ်ခုမကျန် ကာကွယ်လိုက်လေသည်။

သို့သော် အလင်းကန့်လန့်ကာ၏ တုန်ခါမှု အနေအထားကို ကြည့်ခြင်းအားဖြင့် ယင်လင်ယန် အခြေအနေ မကောင်းလှကြောင်း လူတိုင်း သိမြင်နိုင်ကြသည်။

“ဝါး”

ထိုအချိန်၌ နဂါးဟိန်းသံ တစ်ခုသည် ကောင်းကင်ကို ထိုးဖောက်သွားလေသည်။

နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ ကိုယ်ပေါ်မှ အကြေးခွံများ အားလုံးသည် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားပြီး နဂါးမုတ်ဆိတ်၊ နဂါးဂျိုနှင့် မျက်လုံးသုံးလုံးပါသော နဂါးမျက်ဝန်းများ အားလုံး ပေါ်ပေါက်လာကာ လူပုံသဏ္ဌာန် နဂါးကြီး တစ်ကောင်အဖြစ် အသက်ဝင်လာလေသည်။

နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ ယှဉ်ပြိုင်ဖက်ကင်းသော ဖိနှိပ်မှုကို ခံစားလိုက်ရသောအခါ ချောင်ကျင်းဟွာသည် ရုတ်တရက် ပြုံးလိုက်သည်။

“ဟားဟားဟား တကယ့်ကို ဘီလူးကောင်ပါလားကွ”

ထို့နောက် သူသည် တုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ တိုးဝင်သွားလေသည်။

သို့သော် မိမိ၏ အသက်ကို စတင် လောင်ကျွမ်းနေပြီဖြစ်သော နဂါးခန္ဓာ ဂူကျင့်ကြံသူသည် သူ့ကို လုံးဝ အရေးမစိုက်ဘဲ လက်ကို ဝှေ့ယမ်းကာ ရိုက်ထုတ်လိုက်ပြီးနောက် ကျန်းပေရန် ရှိနေသော အိမ်တော်ကြီးဆီသို့ ဦးတည်ကာ ထိုးဆင်းသွားလေသည်။

‘ဒုက္ခပဲ’

ကူလျန်ချန်သည် ထိုမြင်ကွင်းကို မြင်သောအခါ တစ်ကိုယ်လုံး တုန်သွားသည်။ ဂူကျင့်ကြံသူ လေးဦး၏ ရုတ်တရက် အားကောင်းလာသော စွမ်းအားသည် ဟန်ချက်ညီမှုကို လုံးဝ ဖျက်ဆီးလိုက်ပြီ ဖြစ်ရာ သူတို့ဘက်မှ အသက်စွန့် တားဆီးလျှင်ပင် မရနိုင်တော့ချေ။

နဂါးခန္ဓာ ဂူကျင့်ကြံသူမှာ မျက်တောင်တစ်ခတ်အတွင်း အိမ်တော်ကြီးထဲသို့ ဝင်ရောက်တော့မည်ကို မြင်လိုက်ရသော ကူလျန်ချန်သည် တားဆီးရန် ပြေးဝင်သွားမည် ပြုစဉ် ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။

“ငါ့ကို တားဆီးနေတဲ့ ကြားထဲက တခြားလူကို ကယ်ဖို့ တွေးနေသေးတယ်လား သိပ်မောက်မာ မနေနဲ့ အသားပုပ်ကောင်”

စီကုံးဂျီ၏ ဖမ်းချုပ်ထားခြင်း ခံလိုက်ရသော ကူလျန်ချန်မှာ လုံးဝ လှုပ်ရှား၍ မရတော့ပေ။

လူတိုင်း မျှော်လင့်ချက် ကုန်ဆုံးသွားဟန် ပေါ်နေချိန်၌ နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ အမြီးဖြင့် ရစ်ပတ်ထားခြင်း ခံရသော ယန်ရှောင်ဘို လှုပ်ရှားလိုက်သည်။

သူ၏ ခြေလက်လေးဖက်လုံးသည် ရွှေရောင် ဖျော့ဖျော့ အနက်ရောင် ပိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး ကောက်ညှင်းထုပ်ကို ထုပ်ပိုးသကဲ့သို့ နဂါးခန္ဓာ ဂူကျင့်ကြံသူကို တင်းကျပ်စွာ ရစ်ပတ်လိုက်လေသည်။

နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ ဖမ်းဆုပ်ခြင်း ခံထားရစဉ်ကတည်းက ယန်ရှောင်ဘိုသည် သူ၏ အတွင်းအားကို နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထည့်သွင်းနေခဲ့သည်။ တိုက်ပွဲ ပြင်းထန်နေမှုကြောင့် နဂါးခန္ဓာ ဂူကျင့်ကြံသူမှာ လုံးဝ သတိမထားမိခဲ့ပေ။

မူလက ယန်ရှောင်ဘိုသည် အရေးကြီးသော အချိန်၌ ဤနည်းစနစ်ကို အသုံးပြု၍ နဂါးခန္ဓာ ဂူကျင့်ကြံသူကို လုံးဝ ချေမွပစ်ရန် ရည်ရွယ်ထားသော်လည်း မမျှော်လင့်သော အခြေအနေများ ဖြစ်ပေါ်လာသဖြင့် သူ့အတွက် ဆက်လက် ပြင်ဆင်ရန် အချိန်ပို မရတော့ချေ။

ထို့ကြောင့် သူ၏ အပြင်းထန်ဆုံး နည်းစနစ်ကို ကြိုတင် ထုတ်ဖော်လိုက်ရသည်။

ပိုးမျှင် တစ်ထောင် နည်းစနစ်

နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထည့်သွင်းထားသော အတွင်းအားများနှင့် သူ၏ ခန္ဓာကိုယ်တို့သည် ရွှမ်နဂါးတိုက်ကြီးတွင် အမာဆုံးဟု ဆိုနိုင်သော ရွှေရောင် ဖျော့ဖျော့ အနက်ရောင် ပိုးမျှင်များအဖြစ် ပြောင်းလဲသွားလေသည်။

“အား”

ခန္ဓာကိုယ်သာ ကျန်ရှိတော့သော ယန်ရှောင်ဘိုသည် အော်ဟစ်လျက် အတွင်းအပြင် ညှပ်ကာ နဂါးခန္ဓာ ဂူကျင့်ကြံသူကို အပြီးတိုင် ချေမွပစ်ရန် ကြိုးစားလိုက်သည်။

သို့သော် ခရမ်းရောင် နဂါးအကြေးခွံများ၏ ကာကွယ်မှုအောက်၌ ရွှေရောင် ဖျော့ဖျော့ အနက်ရောင် ပိုးမျှင်များမှာ မည်သို့မျှ မတတ်နိုင်ချေ။ ကံကောင်းသည်မှာ နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်တွင်းရှိ ကလီစာများသည် အကြေးခွံများကဲ့သို့ မမာကျောသဖြင့် ပိုးမျှင်များ၏ ဖျက်ဆီးမှုကို ခံလိုက်ရသည်။

အရှင်လတ်လတ် မွှန်းနေသကဲ့သို့ ခံစားလိုက်ရသော နဂါးခန္ဓာ ဂူကျင့်ကြံသူသည် တစ်ကိုယ်လုံး တုန်ခါသွားသော်လည်း ထိုခံစားမှုကို လျင်မြန်စွာ ကျင့်သားရသွားပြီး လက်နှစ်ဖက်ကို ခက်ခဲစွာ ထိန်းချုပ်လျက် ခန္ဓာကိုယ်ပေါ်မှ ပိုးမျှင်များကို စတင် ဆွဲဖြတ်လေသည်။

ပိုးမျှင်များ၏ မာကျောမှုကြောင့် နဂါးခန္ဓာ ဂူကျင့်ကြံသူအတွက် အလွယ်တကူ ဆွဲဖြတ်၍ မရသော်လည်း သူ၏ အကြိမ်ကြိမ် အားစိုက်မှုအောက်၌ ကြာရှည် မခံနိုင်တော့ပေ။

ပိုးမျှင် တစ်ချောင်းပြီး တစ်ချောင်း ဆွဲဆန့်ခံရပြီး ပုံပျက်သွားကာ သူ့ကို ချုပ်နှောင်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားလေသည်။

နဂါးခန္ဓာ ဂူကျင့်ကြံသူသည် ပိုးမျှင်များ တန်းလန်းဖြင့် အိမ်တော်ကြီးထဲသို့ အတင်း ဝင်ရောက်ရန် ပြင်လိုက်စဉ် လူရိပ်တစ်ခု သူ့ရှေ့၌ ထပ်မံ ပိတ်ဆို့လိုက်ပြန်သည်။

စောစောက ရိုက်ထုတ်ခံလိုက်ရသော ချောင်ကျင်းဟွာပင် ဖြစ်သည်။

“ဟား... ဟား... ငါ ဘယ်နှစ်ခါ ပြောရမလဲ... မင်းကို သွားခွင့်ပြုတယ်လို့ ဘယ်သူ ပြောလဲ”

ဘယ်လို ရိုက်ရိုက် မသေနိုင်သော ရှေ့မှ လူသားကို ကြည့်ရင်း နဂါးခန္ဓာ ဂူကျင့်ကြံသူသည် သူရဲကောင်းချင်း လေးစားသော ခံစားချက်မျိုး ခံစားလိုက်ရသည်။ အမှန်တကယ် လေးစားထိုက်သော ပြိုင်ဘက် ဖြစ်သည်။

သူသည် မိမိကဲ့သို့ပင် သေမင်းကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။

သို့သော် သခင်ကိုယ်စီ ရှိကြရာ သူ ယခု လုပ်ဆောင်ရမည့်အရာမှာ ဤလူသားကို သတ်ဖြတ်ပြီး အိမ်တော်ကြီးထဲသို့ ဝင်ရောက်ကာ အရာအားလုံးကို အဆုံးသတ်ပစ်ရန် ဖြစ်သည်။

“တောက်” “တောက်” “တောက်”

နဂါးခန္ဓာ ဂူကျင့်ကြံသူက လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်နှင့် နောက်ထပ် ပိုးမျှင် ဆယ်ချောင်းကျော် ပြတ်တောက်သွားသည်ကို တွေ့လိုက်ရသည်။

“သရဲအိုကြီးယန် ခဏနေ ငါ မင်းကိုပါ တစ်ပါတည်း သတ်မိရင် ငါ့ကို အပြစ်မတင်နဲ့နော်”

ချောင်ကျင်းဟွာက နဂါးခန္ဓာ ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်ရှိ ယန်ရှောင်ဘို၏ ခန္ဓာကိုယ်တစ်ပိုင်းကို ကြည့်ကာ ပြောလိုက်သည်။

“ဟားဟား မင်း မလုပ်နိုင်မှာပဲ စိုးတာပါ”

ဆက်လက် စကားမပြောတော့ဘဲ ချောင်ကျင်းဟွာ၏ လက်ဝဲလက်ရှိ မြစ်ရေလှန်မှ နီရဲသော အရောင်တစ်ချက် လက်သွားသည်။ ဤသည်မှာ မြစ်ရေလှန်၏ ဒုတိယ အာနိသင် ဖြစ်ပြီး အသုံးပြုသူ၏ အသက်သွေးကို ထုတ်ယူကာ စွမ်းရည်ကို အဆမတန် မြှင့်တင်ပေးခြင်း ဖြစ်သည်။

သို့သော် အသက်သွေးဟူသည်မှာ ပေါများလှသည် မဟုတ်ရာ ကုန်ခမ်းသွားသည်နှင့် ဆီခန်းသော မီးအိမ်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် အသက်ချင်း လဲလှယ်သော တိုက်ပွဲ ဖြစ်သည်။

“ဒုန်း ဒုန်း”

မြစ်ရေလှန်၏ အာနိသင် အပြည့်အဝ ပေါ်ပေါက်လာသည်နှင့် ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးကြောများ ထောင်ထလာပြီး သွေးရောင် တောက်ပနေလေသည်။

“ဖူး...”

ပူနွေးသော လေငွေ့တစ်ချက် မှုတ်ထုတ်လိုက်ပြီး ချောင်ကျင်းဟွာသည် အားစုစည်းထားသော ညာလက်သီးကို မြှောက်လိုက်သည်။

“သူငယ်ချင်းကြီးရေ ထုတ်နိုင်သလောက် အင်အားအကုန် ထုတ်လိုက်စမ်းပါ ငါ့အတွက် နှမြောမနေနဲ့”

ပင်လယ်မှောက်ထဲရှိ ဝိညာဉ်သည် ချောင်ကျင်းဟွာနှင့် စိတ်ချင်း ဆက်နွယ်နေပြီး ဖြစ်ရာ သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း နားလည်လေသည်။

“စိတ်ချပါ ငါလည်း သခင်အသစ် လဲချင်နေတာ ကြာပြီ”

“ဟားဟားဟား ကောင်းတယ် ဒါဆို မင်း ရှေ့ရေးကောင်းဖို့ ငါ ဆုတောင်းပေးလိုက်မယ်”

“ဝုန်း”

ပင်လယ်မှောက်တွင် အားအပြည့်အဝ စုစည်းမိသောအခါ ချောင်ကျင်းဟွာ၏ ခန္ဓာကိုယ်မှ လျှံကျလာသော အတွင်းအားများသည် အပြာရောင် နဂါးကြီးတစ်ကောင် အသွင် ပြောင်းလဲသွားပြီး ပိုးမျှင်များကို ဆွဲဖြတ်နေသော နဂါးခန္ဓာ ဂူကျင့်ကြံသူကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။

( မြစ်ရေလှန် နှင့် ပင်လယ်မှောက် တို့သည် ချောင်ကျင်းဟွာ အသုံးပြုသော မြေကမ္ဘာအဆင့်မြင့် မှော်လက်နက် (လက်သီး) တစ်စုံ ဖြစ်ပါသည်။ )

“သေစမ်း”

နှစ်ဖက်လုံးက တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ပြီး အသီးသီး၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်ကြသည်။

“ဘုန်း”

ကြီးမားသော ထိပ်တိုက် တွေ့ဆုံမှုကြောင့် ရိုက်ခတ်မှု အရှိန်အဝါ သက်သက်ဖြင့်ပင် ရွှေရောင်မီးတောက် ကွင်းကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။

ထိပ်တိုက်တွေ့ဆုံမှု ပြီးဆုံးသောအခါ ချောင်ကျင်းဟွာသည် ခန္ဓာကိုယ် တစ်ခြမ်းသာ ကျန်ရှိတော့ပြီး အောက်သို့ ပြုတ်ကျသွားသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်ကို တွေ့မြင်နိုင်သည်။

နဂါးခန္ဓာ ဂူကျင့်ကြံသူမှာမူ အစအနပင် ရှာမရတော့လောက်အောင် ဖျက်ဆီးခံလိုက်ရပြီး အသားစ တစ်စပင် ရှာမတွေ့တော့ချေ။

ဤအခြေအနေ ရောက်သွားလျှင် သူ၏ ကိုယ်တိုင် ကုစားနိုင်စွမ်း မည်မျှပင် ကောင်းမွန်ပါစေ တိုတောင်းသော အချိန်အတွင်း ပြန်လည် ကောင်းမွန်ရန် မဖြစ်နိုင်တော့ပေ။

“လူအိုကြီးချောင်”

ကူလျန်ချန်သည် အလွန်အမင်း ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သည်။

သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့ကြပြီး နှစ်တစ်ရာကျော် အတူတကွ ဖြတ်သန်းခဲ့ကြရာ ယနေ့တွင် သေခြင်းတရားဖြင့် ခွဲခွာရလိမ့်မည်ဟု မထင်မှတ်ခဲ့မိချေ။

အခြား အနက်ရောင် သူတော်စင်များသည်လည်း မျက်ရည်များ ကျဆင်းလာကြသည်။ ချောင်ကျင်းဟွာသည် သဘောထားကြီးပြီး ဟန်မဆောင်တတ်ဘဲ မိတ်ဆွေဖွဲ့ရသည်ကို နှစ်သက်သဖြင့် ထုံနိုင်ငံတွင် လူချစ်လူခင် အလွန် များပြားသည်။

ယခုအခါ မိတ်ဆွေကောင်း တစ်ဦး ကြွေလွင့်သွားသည်ကို မြင်သောအခါ အနက်ရောင် သူတော်စင် အားလုံးသည် နှလုံးသားထဲမှ ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။

ဝမ်းနည်းပူဆွေးသံများအကြား၌ ရွှေရောင် ဖျော့ဖျော့ အနက်ရောင် ပိုးမျှင်တစ်စုသည် ပြုတ်ကျသွားသော ချောင်ကျင်းဟွာကို ရစ်ပတ်လိုက်ပြီး ယန်ရှောင်ဘို၏ ပုံစံသို့ ဖြည်းညှင်းစွာ ပြန်ပြောင်းသွားသည်။

“သိပ်တော်တာပဲ သရဲအိုကြီးချောင် ဒီလိုအခြေအနေမျိုးမှာတောင် မင်းက ငါ့ကို မထိခိုက်အောင် အားကို တိတိကျကျ ထိန်းချုပ်နိုင်သေးတယ် ငါ မင်းကို အသက်တစ်ချောင်း ကြွေးတင်သွားပြီ”

မြေပြင်ပေါ်သို့ ဆင်းသက်ပြီး ချောင်ကျင်းဟွာကို ချပေးလိုက်ကာ ယန်ရှောင်ဘိုသည် ဝမ်းနည်းနေရန် အချိန်မရှိကြောင်း သိသဖြင့် လေထဲသို့ ပြန်လည် တက်သွားလေသည်။

ထိုအချိန်၌ လေထဲတွင် အဆိပ်ရည်မြောက်မြားစွာကို ကာကွယ်ပေးထားသော အလင်းကန့်လန့်ကာသည် တုန်ခါသွားပြီး ယင်လင်ယန်၏ ပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။ သူသည် အကန့်အသတ်သို့ ရောက်ရှိသွားချေပြီ။

သို့သော် ကံကောင်းသည်မှာ ဟော်ဟုန်ခိုင်သည် လည်ဆံမွေး ဂူကျင့်ကြံသူ၏ အသံလှိုင်း ဖိအားကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး မီးတောက်ကို ပြန်လည် ထိန်းချုပ်ကာ ဗိုက်ပူဂူကျင့်ကြံသူထံသို့ တိုးဝင်လောင်ကျွမ်းစေလိုက်သည်။

ဗောဓိမီးတောက်၏ ဒဏ်ကို ခံစားဖူးသော ဗိုက်ပူဂူကျင့်ကြံသူသည် အလွယ်တကူ အထိခံမည် မဟုတ်ပေ။ သူသည် ဟော်ဟုန်ခိုင်ကို ချိန်ရွယ်၍ အဆိပ်ရည်များ ပက်ဖျန်းလိုက်သည်။

“ငါ ကာကွယ်ပေးမယ်”

ထိုအချိန်၌ စစ်မြေပြင်သို့ ပြန်လည် ရောက်ရှိလာသော ယန်ရှောင်ဘိုသည် ပိုက်ကွန်တစ်ချပ်ကို ဖြန့်ကျက်ကာ ဟော်ဟုန်ခိုင်၏ ရှေ့မှ ကာကွယ်ပေးလိုက်ပြီး အဆိပ်ရည်များကို တစ်ခုမကျန် အတင်းအဓမ္မ တားဆီးလိုက်သည်။

ထိုအခွင့်အရေးကို အသုံးချ၍ ဟော်ဟုန်ခိုင်သည် ဗိုက်ပူဂူကျင့်ကြံသူ၏ ကိုယ်ထဲ၌ ကျန်ရှိနေသော ယုဘုရင် တောင်ခွဲဆောက် အပိုင်းအစကို အသုံးပြု၍ မွေးရာပါ ဗောဓိမီးတောက်ကို ထပ်မံ မွှေးလိုက်သည်။

“ကောင်းကင်မီးတောက်”

နောက်ထပ် မီးတိုင်တစ်ခု တိုးဝင်လာသော်လည်း ဤတစ်ကြိမ်၌ ဗိုက်ပူဂူကျင့်ကြံသူသည် ငြိမ်ခံမနေတော့ဘဲ အဆိပ်ရည် အမြောက်အမြား ပက်ဖျန်းကာ အထက်အောက် မီးတိုင်နှစ်ခုကို ခုခံလိုက်သည်။ သို့သော် ဤသို့ ပြုလုပ်ခြင်းက သူ့ကို အားကုန်စေပြီး နောက်ထပ်တစ်ကြိမ် ချုပ်နှောင်ထားသကဲ့သို့ ဖြစ်သွားစေသည်။

အခြေအနေ ပြန်လည် တည်ငြိမ်သွားသည်ကို မြင်သောအခါ အနက်ရောင် သူတော်စင်များ သက်ပြင်းမချနိုင်မီမှာပင် တောင်ပံရှစ်စုံ ဂူကျင့်ကြံသူသည် ကုန်းယိရန်၏ ဗြဟ္မာတံခါးကို ဖောက်ထွက်ကာ အိမ်တော်ကြီးဆီသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။

သို့သော် အနည်းငယ် ပျံသန်းလိုက်သည်နှင့် သရဲမျက်နှာ ရေးဆွဲထားသော တံခါးတစ်ချပ်နှင့် ဝင်တိုက်မိပြန်သည်။

“ရာရှိုမွန်တံခါး”

ဤသည်မှာ ကုန်းယိရန်၏ ပေါင်းစပ်တိုက်ကွက် ဖြစ်သည်။ ပစ်မှတ်က ဗြဟ္မာတံခါးမှ လွတ်မြောက်သွားသည်နှင့် ရာရှိုမွန်တံခါး ပေါ်လာပြီး လမ်းကြောင်းကို ပိတ်ဆို့မည် ဖြစ်သည်။

တောင်ပံရှစ်စုံ ဂူကျင့်ကြံသူ ရာရှိုမွန်တံခါးကို ကွေ့ပတ်မသွားနိုင်စေရန် ကုန်းယိရန်သည် အိမ်တော်ကြီးထဲသို့ ဝင်ရောက်နိုင်သော အခြားလမ်းကြောင်းများကိုပါ ဆက်တိုက် ပိတ်ဆို့လိုက်သည်။

တောင်ပံရှစ်စုံ ဂူကျင့်ကြံသူသည် ရာရှိုမွန်တံခါးကို အားဖြင့် ဖျက်ဆီးရန် ကြိုးစားသော်လည်း အက်ရာတစ်ခုသာ ဖြစ်ပေါ်စေနိုင်ခဲ့သည်။

တောင်ပံရှစ်စုံ ဂူကျင့်ကြံသူက ဒုတိယအကြိမ် ကြိုးစားရန် ပြင်လိုက်စဉ် ဦးနှောက်ထဲ၌ ဘုရင်၏ အမိန့်သံ ရုတ်တရက် ပေါ်ထွက်လာသည်။

ထို့ကြောင့် သူသည် ချက်ချင်း လမ်းကြောင်း ပြောင်းကာ စီကုံးဂျီ ရှိရာဘက်သို့ တိုးဝင်သွားလေသည်။

တောင်ပံရှစ်စုံ ဂူကျင့်ကြံသူ၏ လမ်းကြောင်း ပြောင်းလဲမှုသည် ကုန်းယိရန်၏ တွက်ဆမှုနှင့် လုံးဝ လွဲချော်သွားသဖြင့် တံခါးဖြင့် တားဆီးရန် အချိန်မမီလိုက်ချေ။

မျက်တောင်တစ်ခတ်အတွင်း တောင်ပံရှစ်စုံ ဂူကျင့်ကြံသူသည် စီကုံးဂျီ၏ ရှေ့သို့ ရောက်ရှိသွားပြီး ကူလျန်ချန်၏ ခန္ဓာကိုယ်ကို ကိုက်ချီကာ ခေါ်ဆောင်သွားလေသည်။

“ဘာ... ”

လုံးဝ တုန့်ပြန်ချိန် မရလိုက်သော ကူလျန်ချန်သည် မျက်လုံး ပြူးကျယ်သွားသော်လည်း တုန့်ပြန်ရန် ပြင်လိုက်ချိန်၌ အဝေးသို့ ရောက်ရှိသွားချေပြီ...

(အခန်းပြီး)

All Chapters