လတ်စသတ်တော့ ဒီလောက်ပဲလား
Vol. 58 Ch. 758
ရှုတ်ချခြင်း ၊ အေးစက်စွာ လှောင်ပြောင်ခြင်း၊ ဒေါသတကြီး ဖြစ်ခြင်း စသော အကြည့်မျိုးစုံသည် စူးချန်ကဲ ပေါ်သို့ ကျရောက်သွားသည်။
ယခင်က စူးချန်ကဲ ပြသခဲ့သော ခွန်အားသည် အမှန်တကယ်ပင် ကြီးမားသော်လည်း၊ သို့သော် ဤပြောဆိုချက်ကြောင့် သူတို့သည် ဒေါသတကြီး ဖြစ်ကာ ဆင်ခြင်တုံတရား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ဒီလို အရှက်တကွဲဖြစ်တာကို သူတို့ ဘယ်လိုလုပ်ပြီး မျက်ကွယ်ပြုနိုင်မှာလဲ!?
သို့သော်၊ လူတိုင်း၏ ဒေါသအကြည့်များအောက်တွင် စူးချန်ကဲသည် အေးဆေးသော အမူအရာဖြင့် ရှိနေဆဲပင် ။
ထို့အပြင် လူကို ပို၍ အံ့အားသင့်စေသော ဤစကားတစ်ခွန်းကို ပြောခဲ့သေး၏။
“ကောင်းပြီ၊ ခင်ဗျားတို့ကို အချိန်အတော်လေး ပေးထားပြီးပြီ “
“ ခုကစပြီး အဓိကအချက်ကို ပြောလိုက်ကြရအောင်”
ထိုသို့ပြောရင်း၊ စူးချန်ကဲ သည် လူအုပ်ထဲရှိ ယွမ်ချန်းဟုန်ကို လှမ်းကြည့်လိုက်သည်။
သူ၏ ဘယ်ဘက်လက်ကို နောက်တွင် ထားကာ၊ ညာဘက်လက်ကို ဆန့်တန်းလျက် ဖိတ်ခေါ်သည့် အမူအရာကို ပြုလုပ်လိုက်သည်။
“ မင်းအရင်လာခဲ့ ... ထျန်းယွမ်နတ်ဘုရား မင်းဆက် ရဲ့ မင်းသားငယ်၊ ယွမ်ချန်းဟုန် ....”
“သေဖို့ အချိန်တန်ပြီ!”
ဤစကားများ ထွက်လာသည်နှင့် ၊
လူတိုင်း၏ ဒေါသမီးများသည် နောက်တစ်ဖန် အေးခဲသွားပုံရကာ ၊ လူတိုင်း မယုံကြည်နိုင်သော အမူအရာဖြင့် ရှိနေကြသည်။
ဒီကောင် စူးချန်ကဲ ၊ သူ့မျက်စိရှေ့က လူတွေရဲ့ ဒေါသကို လုံးဝ မကြောက်တဲ့အပြင် ယွမ်ချန်းဟုန် ကိုပါ အမည်တပ်ပြီးတောင် စိန်ခေါ်သတဲ့လား !?
လူတိုင်း၏ အကြည့်များသည် ယွမ်ချန်းဟုန်ပေါ်သို့ စုပြုံ ကျရောက်လာသည်။
ယခုအချိန်တွင် ယွမ်ချန်းဟုန် နှင့် ထျန်းယွမ်နတ်ဘုရား မင်းဆက် မှ ထိပ်တန်းပါရမီရှင်အချို့သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေကြသည်။
ကရက်ခ် !
လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသည်မှာ အရိုးအဆစ်များ၏ ပွတ်တိုက်သံများကိုပင် ကြားနေရသည်။
“ဟမ်! အရှင့်သား စိတ်ချပါ.. ဒီကောင့်ကို ကျွန်တော် လက်အောက်ငယ်သား က ဖြေရှင်းလိုက်ပါ့မယ်!”
ထျန်းယွမ်နတ်ဘုရား မင်းဆက် မှ ပါရမီရှင်တစ်ဦးက ရုတ်တရက် ရှေ့ထွက်လာပြီး ၊ ယွမ်ချန်းဟုန်ကို ဦးညွှတ်ကာ ပြောလိုက်သည်။
“ အရှင့်သား က ကျွန်တော်တို့ ထျန်းယွမ်နတ်ဘုရား မင်းဆက် ရဲ့ မင်းသားတစ်ပါးပါ ... ဒီလို အသေးအဖွဲကိစ္စမျိုး အရှင့်သား ကိုယ်တိုင် လုပ်ဖို့ မလိုအပ်ဘူး ၊ အရှင့်သားရဲ့ လက်ကို ညစ်ပေဖို့ထိ မထိုက်တန်ဘူး”
စကားပြောသူမှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အေးစက်သော မျက်နှာထားဖြင့် ခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်သည်။
သူ၏ ကျင့်ကြံမှုသည်လည်း စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ဖြစ်ကာ ၊ အမည်မှာ ချန်းမု ဖြစ်သည်။ ယွမ်ချန်းဟုန် ကို အချိန်အတော်ကြာ လိုက်လံခစားခဲ့သူဖြစ်ပြီး၊ ယွမ်ချန်းဟုန်၏ နံပါတ်တစ် နောက်လိုက်ခွေး သို့မဟုတ် ညာလက်ရုံးအဖြစ် ဖော်ပြနိုင်သည်။
ထိုစကားကို ကြားသည်နှင့် ၊ ချန်းယွမ်ဟုန် သည် သိပ်မတွေးဘဲ ခေါင်းညိတ်လိုက်သည်။
သူသည် ထျန်းယွမ်နတ်ဘုရား မင်းဆက် ၏ မင်းသားတစ်ပါး ဖြစ်ကာ အဆင့်အတန်းအရ ၊ စူးချန်ကဲ ထက် မနိမ့်ပေ။
စူးချန်ကဲက သူ့ကို လာခိုင်းတိုင်း သွားရအောင် ၊ သူ့လို မင်းသားတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ဘယ်နား သွားထားရတော့မှာလဲ!?
ထို့အပြင်၊ ချန်းမု၏ ခွန်အားကို သူ ယုံကြည်မှုရှိသည်။
စစ်မှန်အမတ နယ်ပယ် အဆင့်(၉)တွင် ရှိပြီး ၊ ထိပ်တန်းအဆင့် မဟာလမ်းစဉ်နတ်ဘုရားခန္ဓာ ဖြစ်သည့် ကောင်းကင်ကြယ် နတ်ဘုရားမီးခန္ဓာကို ပိုင်ဆိုင်ထားသည်။
ကြယ်စုများ၏ စွမ်းအားကို မိမိအလိုအတိုင်း ထိန်းချုပ်ကာ ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။
စူးချန်ကဲကို မနိုင်မယူနိုင်ရင်တောင် ၊ အသက်အန္တရာယ်အတွက် လုံးဝမှ စိုးရိမ်စရာမရှိဘူး!
ထိုအချိန်တွင်၊ ချန်းမုသည် စူးချန်ကဲ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“စူးချန်ကဲ၊ ဒီစစ်ပွဲကို ငါ ချန်းမု က ယွမ်ဟုန် မင်းသားကိုယ်စား ဝင်တိုက်မယ် .. တကယ်လို့ မင်း ငါ့ကိုတောင် မနိုင်ရင် ..ငါတို့ရဲ့ အရှင့်သားကို စိန်ခေါ်ဖို့ ဘာအရည်အချင်းမှ မရှိတာပဲ “
“ ဒီတိုင်းလုပ်ကြမယ် ၊ ငါ့ရဲ့ ကျင့်ကြံမှုက စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ဆိုတော့ ငါ မင်းကို အခွင့်ကောင်းမယူချင်ဘူး...တကယ်လို့ မင်း ငါ့ရဲ့ ခြောက်ချက်စာကို ခံနိုင်ရင်၊ မင်း အနိုင်ရတယ်လို့ သတ်မှတ်ပေးမယ်!”
“ဟမ်! ပုရွက်ဆိတ်အဆင့်လောက်နဲ့ ငါ့ ချန်ကဲ ဆက်ခံသူရဲ့ ရှေ့မှာ ရိုင်းပျရဲတယ်!”
လူအုပ်ထဲတွင် ရှိနေသော ကျန်းဖန် သည် နှာခေါင်းရှုံ့လိုက်ပြီး ၊ ထို့နောက် စူးချန်ကဲ ကို ဦးညွှတ်ကာ ပြောလိုက်သည်။
ကျွန်တော့်ကို ဆက်ခံသူကိုယ်စား လုပ်ခွင့်ပေးပါ၊ ဒီအထက်အောက် မသိတဲ့ ပုရွက်ဆိတ်ကို သတ်ခွင့်ပေးပါ!”
သို့သော်၊ စူးချန်ကဲ သည် ခပ်ဖျော့ဖျော့ ပြုံးရယ်ကာ လက်ကာပြလိုက်သည်။
“မလိုဘူးး၊ ငါ ပြောတဲ့ စကားဆိုတော့.. ငါကိုယ်တိုင် ဖြေရှင်းမယ်”
“ ပြီးတော့ ဒီအင်အားစုသုံးဖွဲ့က လူတိုင်းက အမှိုက်တွေလို့ ငါကိုယ်တိုင် ပြောပြီးပြီပဲ ..သူတို့ ဘာမှမတတ်နိုင်ဘူး”
“မင်း.....!”
ဤစကားများကြောင့် လူအုပ်ကြီးသည် တစ်ဖန်ပြန်ပြီး ဒေါသထွက်လာကြသည်။
သို့သော် ချန်းမုသည် လက်ကာပြကာ အချက်ပြလိုက်ပြီး လူတိုင်းကို တိတ်ဆိတ်သွားစေသည်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွားပြီး ဆိုလေသည်။
“စူးချန်ကဲ၊ မင်းရဲ့ ဓားလမ်းစဉ် ပါရမီက အရည်အချင်းရှိတယ်ဆိုတာ ငါ ဝန်ခံတယ်..ဒါပေမဲ့ ဓားရေးအစွမ်းအစနဲ့ ငါတို့ကို ဖိနှိပ်မယ်ဆိုတာကတော့ အိမ်မက်ပဲ “
“မင်း ကြောက်လို့ စစ်မတိုက်ဝံ့ရင်လည်း ၊ အင်အားစုသုံးဖွဲ့ရဲ့ ဆက်ခံသူဆိုတဲ့ မင်းရဲ့ ဂုဏ်ပုဒ်ကို ထောက်ပြီး၊ ငါတို့ ထျန်းဟွမ်နတ်ဘုရားမင်းဆက်က လူတွေအပြင် ဒီမှာရှိတဲ့ လူတိုင်းကို ရိုးရိုးသားသား တောင်းပန်လိုက်၊ ဒါဆို ဒီကိစ္စ ပြီးသွားမယ်!”
“ အပိုစကားတွေ ပြောတာ တော်သင့်ပြီ”
စူးချန်ကဲသည် သူ၏ ပေါ့ပါးသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကာ၊ လက်နှစ်ဖက်ကို နောက်တွင် ပစ်ထားပြီး၊ ချန်းမုရှိရာ ဦးတည်ရာဘက်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
“ငါ ဆိုလိုတာက၊ ခြောက်ချက်ဆိုတာ များလွန်းတယ်၊ နှစ်ချက်ပဲ လုပ် “
ထိုစကားသံအဆုံးတွင် ၊
ပတ်ဝန်းကျင်ရှိ လှောင်ပြောင်သံများသည် ရပ်တန့်သွားပြီး၊ ထို့နောက် ရုတ်တရက်ပင် အဆပေါင်းများစွာ ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။
မျိုးစုံသော မထီမဲ့မြင်အကြည့်များသည် စူးချန်ကဲဆီသို့ ဒီရေအလား တိုးဝင်လာကြသည်။
“ဟားဟားဟား! ရယ်ရလွန်းလို့ သေတော့မယ် ၊ နာမည်ကြီး ချန်ကဲ ဆက်ခံသူက လေကြီးလေကျယ် ပြောတတ်တာပဲ “
“ ခုနကပဲ လေကြီးလေကျယ်ပြောပြီး ခုကြ ဒီလောက် မြန်မြန် ပျော့ညံ့သွားပြီလား!”
ထိုစကားများကို ကြားလိုက်ရသော ချန်းမုသည်လည်း အနည်းငယ် ကြောင်အမ်းသွားသည်။ ထို့နောက် သူသည် ခေါင်းတယမ်းယမ်းဖြင့် မိမိကိုယ်ကို လှောင်ပြောင်နေမိသည်။
“ လတ်စသတ်တော့ လူရွှင်တော်တစ်ယောက် ဖြစ်နေတာပဲ... စူးချန်ကဲ ငါ မင်းကို မျှော်လင့်ချက်ကြီးကြီး ထားမိတာ၊ တကယ်ကို ငါ့အမှားပဲ!”
“ကောင်းပြီ၊ မင်း ငါ့ရဲ့ နှစ်ချက်ကို ခံနိုင်ရင်၊ အောင်မြင်တယ်လို့.....”
ထိုစဉ် ၊ စူးချန်ကဲ က ဝင်ရောက်ဖြတ်ပြောလိုက်သည်။
“ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ”
စူးချန်ကဲသည် သူ၏ မေးရိုးကို အနည်းငယ်မော့ကာ၊ မာန်ထောင်လွှားသော မျက်လုံးများဖြင့် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ပြန်ပြောလိုက်သည်။
“ငါဆိုလိုတာက၊ နှစ်ချက်တည်းနဲ့ မင်းကို သေဒဏ်ပေးမယ် “
ထိုစကားများ ထွက်လာသည်နှင့် ၊ ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် အင်အားစုသုံးဖွဲ့မှ ပါရမီရှင်တပည့်များ၏ ပြက်ရယ်ပြုမှုသည် ပို၍ပင် ကြီးမားလာခဲ့သည်။
စစ်မှန်အမတ နယ်ပယ် အဆင့်(၆) ပဲ ရှိသေးတဲ့သူက စစ်မှန်အမတ နယ်ပယ် အဆင့်(၉) အထိ ရောက်ရှိပြီးသား လူတစ်ယောက်ကို နှစ်ချက်တည်းနဲ့ အဆုံးသတ်မယ်လို့ ပြောနေတာလား!?
ပြီးတော့ ထိပ်တန်းအဆင့် မဟာလမ်းစဉ် နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ကိုလေ!?
ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ လူတိုင်း ထိန်းမနိုင်သိမ်းမရ ရယ်မောကြလေသည်။
“ဟားးး... ကောင်းပြီ....”
ချန်းမုသည် သူ၏ အပြုံးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ၊ ကြောက်ခမန်းလိလိ အမတစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
တလက်လက် တောက်ပနေသော ကြယ်များသည် ချန်းမုကို ဝန်းရံထားပုံရကာ ၊ ကြယ်စင်များ၏ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
“ဒါဆို ငါ ဒီနေ့ မင်းကို သိစေရမယ်၊ မင်းရဲ့ ဒီမာန်ထောင်လွှားတဲ့ ပြောဆိုချက်က ဘယ်လောက်တောင် ရယ်စရာကောင်းတယ်ဆိုတာ!”
ထိုစကားသံအဆုံးတွင် ၊
ချန်းမုသည် ကောင်းကင်ယံမှ ပေါက်ကွဲထွက်လာသော တောက်ပသော မိုးကြိုးတစ်စင်းလိုပင်။
အက်ကွဲသံ!
မိုးကြိုးအလင်းများ လျှပ်တပြက် တောက်ပသွားသည်နှင့် အမျှ ၊ ၎င်း၏ အရှိန်သည် အလွန်မြန်ဆန်လွန်းသဖြင့် ထိုနေရာ၌ပင် ပေရာပေါင်းများစွာ ရှည်လျားသော အာကာသအက်ကွဲကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထောင်ပေါင်းများစွာသော ပြင်းထန်သည့် မိုးကြိုးများသည် ကျယ်လောင်စွာ ဟိန်းဟောက်နေပြီး ၊ မိုးကြိုးသွားများ ပစ်ချတိုင်း ဤနေရာရှိ အရာအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်ခမန်းလိလိ စွမ်းအားများ ဖြာထွက်သွားတတ်သည်။
မိုးကြိုးသက်တံ့ မပျောက်ကွယ်မီ ၊ သူသည် စူးချန်ကဲ၏ ခေါင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
သူသည် စူးချန်ကဲ ကို တစ်ချက်တည်းဖြင့် အပြီးသတ် နှိမ်နင်းရန် ဟန်ပြင်လိုက်စဉ် ၊ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်ရသကဲ့သို့ သူ၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။
အရင်က မာန်မာနထောင်လွှားမှုနှင့် မထီမဲ့မြင်ပြုမှုများ မရှိတော့ဘဲ ၊ ယင်းအစား ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့က အစားထိုးဝင်ရောက်လာဟန် ရှိသည်။
သူ၏ တိုက်ခိုက်မှုအောက်တွင် ရှိသင့်သော စူးချန်ကဲသည် မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်းပင် မသိလိုက်ရချေ။
“နှေးတယ်၊ သိပ်ကို နှေးလွန်းတယ်”
ရုတ်တရက်၊ ပြက်ရယ်ပြုသော အပြုံးသံတစ်ချက်သည် သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။
“မင်းကတော့ ငါ့ကို နည်းနည်းပဲဖြစ်ဖြစ် အံ့အားသင့်စေနိုင်မယ်လို့ ထင်ထားခဲ့တာ၊ လတ်စသတ်တော့ ဒီလောက်ပဲလား