ပြောသလို လုပ်ပြသွားခြင်း ၊လူအုပ်ကြီး၏ ထိတ်လန့်မှု
Vol. 58 Ch. 760
ကွဲအက်သံ!
လူတို့၏ နှလုံးသားကို တုန်ယင်စေသော ကျိုးပဲ့သံတစ်ချက်သည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ဤနေရာသို့ ဆင်းသက်လာသော ဧရာမ နတ်ဘုရားဓား၏ ကိုယ်ထည်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အလင်းအက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ၊ အဆိုပါ အလင်းအက်ကြောင်းများသည် မျက်ဝါးထင်ထင် ကြီးထွားလာကာ နတ်ဘုရားဓား၏ ကိုယ်ထည်တစ်လျှောက် ပျံ့နှံ့သွားသည်။
မူလက ကြမ်းတမ်းစွာ ပေါက်ကွဲရိုက်ခတ်နေသော မိုးကြိုးများသည် အဆိုပါအင်အား၏ ဖိနှိပ်မှုအောက်တွင်၊ မိုးစဲပြီးနောက် ကြည်လင်သွားသော ကောင်းကင်ပြင်ကဲ့သို့ ရုတ်တရက် ငြိမ်သက်သွားသည်။
ဟူး——
ပြတ်သားသော ကျိုးပဲ့သံများနှင့်အတူ ၊ နောက်တစ်ခေါက် ထွက်ပေါ်လာခဲ့သည်မှာ ကောင်းကင်ပြင်မှ အလင်းမိုးများ ကျဆင်းလာသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
“ဘာ.......”
ဤအခိုက်အတန့်တွင်၊ လူတိုင်း မိန်းမောတွေဝေစွာဖြင့် အိမ်မက်အလား ဆန်းကြယ်လွန်းသည့် အလင်းမိုးများကို ခေါင်းမော့ကြည့်ရှုနေကြသည်။
အထူးသဖြင့် ထိုတောက်ပသော အလင်းမိုးများအောက်တွင် ရပ်နေသည့် အဖြူရောင်ဝတ်စုံရှင်ကို မြင်ရသည်မှာ ၊
လူတိုင်း၏ မျက်နှာအမူအရာသည် အံ့အားသင့်မှု မှ ထိတ်လန့်မှုအဖြစ် ဖြူဖျော့သွားပြီး ၊ မိမိတို့၏ စိတ်ထဲက အံ့အားသင့်မှုကို မည်သို့သော စကားလုံးများဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။
ချန်းမုသည် စစ်မှန်အမတ နယ်ပယ် အဆင့်(၉)ထိ ရောက်ရှိထားသော ပါရမီရှင် တစ်ဦးဖြစ်သည်။ စူးချန်ကဲသည် ဤမျှအစွမ်းကုန် အားထုတ်ကာ တိုက်ခိုက်လာသည့် ချန်းမု၏တိုက်ကွက်ကို သူ၏ လက်ချောင်းနှစ်ချောင်းတည်းဖြင့် ဖြိုခွင်းပြခဲ့သည်။
ဒါ တကယ်ပဲ လူသားတစ်ယောက်က လုပ်နိုင်တဲ့ အရာလား !!
လူတိုင်း ကြောင်အမ်းစွာဖြင့် ရှိနေစဉ် ၊
“တစ်ကွက်ပြီးပြီ၊ နောက်ဒုတိယကွက်က မင်းကို သေဒဏ်ပေးဖို့ပဲ “
စူးချန်ကဲ၏ အေးစက်ပြီး ပေါ့ပါးသော လေသံသည် မိုးမြေတစ်ခွင်လုံးသို့ တစ်ဖန် ပဲ့တင်ထပ်သွားပြန်သည်။
“လသရဖူ ဓားသုံးဆယ့်ခြောက်ချက် !”
လူတိုင်း၏ အကြည့်များသည် စူးချန်ကဲအပေါ်တွင် စုပြုံကျရောက်ရန် အချိန်မရမီ ၊ တောက်ပသော နတ်ဘုရားသက်တန့်တစ်ခုသည် အာကာသကို ဖြတ်သန်းကာ ချန်းမုဆီသို့ ပြေးဝင်သွားခဲ့သည်။
လသရဖူ ဓားသုံးဆယ့်ခြောက်ချက် ဆိုသည်မှာ တစ္စေဓားအမတရှင်မှ သူ့အား အမွေပေးခဲ့သည့် လရောင် စက်ဝန်း ကို အခြေခံကာ ပြုပြင်ထားသော ဓားနည်းအသစ်ဖြစ်သည်။
ဗလာ ကို ဓားစွမ်းအင်အဖြစ် ပြောင်းလဲပြီး ၊ နေနှင့်လ၏ စွမ်းအားမှ ပုံသွင်းထားသော ဓားသုံးဆယ့်ခြောက်ချက်၏ အော်သံသည် နေနှင့်လကိုပင် လိုက်လံဖမ်းဆီးနိုင်သည်။
ရွှမ်း ရွှမ်း !!!
သက်တံ့ရောင် ဓားအလင်းများသည် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်လျက် ၊ မရေမတွက်နိုင်သော ဓားအရိပ်များနှင့် ဓားစွမ်းအင်များသည် တစ်ခုနှင့်တစ်ခု ထပ်တူကျနေသည်မှာ ဤမိုးနှင့်မြေကြား ဓားပိုက်ကွန်တစ်ခုကို ဖွဲ့စည်းနေဟန် ရှိသည်။
ဓားပိုက်ကွန်ဖြင့် ဖုံးအုပ်ခံထားရသော ချန်းမု သည် ဤအဆုံးစွန်သော အင်အား၏ ရှေ့မှောက်တွင် စိတ်ဝိညာဉ် ဆုံးရှုံးသွားသကဲ့သို့ လှုပ်ရှားမှု လုံးဝမရှိသလို မည်သည့် ခုခံမှုမျှလည်း မပြုလုပ်နိုင်ခဲ့ပေ။
သူသည် ခုခံရန်မလိုလားခြင်း မဟုတ်ဘဲ၊ ဤအရာအားလုံးသည် အလွန် မြန်ဆန်လွန်းပြီး ရုတ်တရက် ဖြစ်လာသောကြောင့် သူ့ အနေဖြင့် တုံ့ပြန်ရန် အချိန်မရခဲ့ခြင်းသာ ဖြစ်သည်။
……….
အလင်းရောင်များ ကွယ်ပျောက်သွားသည်နှင့် အမျှ ၊
လူတိုင်း စူးချန်ကဲ၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရချိန်တွင် ၊
စူးချန်ကဲသည် ချန်းမု၏နောက်တွင် ဓားကိုင်လျက်သား ရပ်နေသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ လောကတစ်ခွင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လှိုင်းထန်နေသော ဓားစွမ်းအင်၊ ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်၊ လှိုင်းထန်နေသော မိုးကြိုးများကြား ချန်းမုသည် နေရာမှာတင် တောင့်တင်းစွာဖြင့် ရပ်နေသည်။
သူ၏ မျက်လုံးအိမ်များသည် အပ်ချည်အရွယ်အစားအထိ ကျုံ့ဝင်သွားပြီး၊ လောကတွင် ကြောက်စရာအကောင်းဆုံး မြင်ကွင်းကို မြင်လိုက်ရဟန် ရှိသည်။
“ချန်းမု! ဒီအရူးတော့ ဘာလုပ်နေသေးတာလဲ!”
အမှန်တရားကို မသိသေးသော ယွမ်ချန်းဟုန် က ဟိန်းဟောက်လိုက်သည်။
“ဘာလို့ ပြန်မတိုက်တာလဲ!?”
သို့သော်၊ ချန်းမုသည် မည်သည့်လှုပ်ရှားမှုမျှ မလုပ်ခဲ့ချေ။
ထိုအချိန်တွင်၊ လေညင်းတစ်ချက် ဖြည်းညှင်းစွာ တိုက်ခတ်သွားသည်။
၎င်း၏ အားသည် ကြွေလွင့်တော့မည့် သစ်ရွက်များကိုသာ တိုက်ထုတ်နိုင်လောက်သော်လည်း၊ သို့သော် ဤလေညင်းသည် ချန်းမု၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်နှင့်အမျှ......
ဝီ!!
တစ်ခုနှင့်တစ်ခု အပြန်အလှန် ပိုင်းဖြတ်နေဟန် ရှိသည့် ဓားအလင်းများသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလို ၊ တစ်စစီ ပြိုကျသွားသော အုတ်တံတိုင်းကဲ့သို့ နောက်ဆုံးတွင် မရေမတွက်နိုင်သော အစုအပုံများဖြင့် ဖွဲ့စည်းထားသော ရွှံ့အိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
လေညင်းသည် ဆက်လက် တိုက်ခတ်လာသည်နှင့်အမျှ ၊ ပြင်းထန်သော သွေးနံ့များကို လူတိုင်း၏ နှာခေါင်းထဲသို့ သယ်ဆောင်လာခဲ့သည်။
လူတိုင်း နေရာတွင် တောင့်တင်းစွာဖြင့် ရှိနေကြပြီး၊ မျက်လုံးအိမ်များသည် ပြင်းထန်စွာ ကျုံ့ဝင်လျက် ရှိသည်။ အသက်ရှူသံပင် ရပ်လုမတတ် ၊ တူတစ်ချက်၏ ထုနှက်မှုကို ခံလိုက်ရသော နှလုံးကဲ့သို့ ပြင်းထန်သော ရင်ခုန်သံကို အတိုင်းသား ကြားနေရသည်။
ဖော်ပြရန် ခဲယဉ်းသော ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုသည် ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံးကို ဖုံးလွှမ်းသွားဟန်ရှိပြီး ၊
မည်သူမဆို အံ့အားသင့်နေသော အမူအရာများဖြင့် ရှိနေကြကာ ၊ မျက်လုံးများသည် ကျွတ်ကျမတတ် ပြူးကျယ်လာကြသည်။
ချန်းမုသည် စစ်မှန်အမတ နယ်ပယ် အဆင့်(၉)ရှိသော ထိပ်တန်းပါရမီရှင်ဖြစ်ပြီး၊ ကောင်းကင်ကြယ် နတ်ဘုရားမီးခန္ဓာကို ပိုင်ဆိုင်ထားသည်။
ဤသို့သော ပုဂ္ဂိုလ်၏ အင်အားအပြည့် တိုက်ခိုက်မှုသည် စူးချန်ကဲ၏ လက်ချောင်းနှစ်ချောင်းတည်းဖြင့် ဖြိုခွင်းခံလိုက်ရပြီးနောက်......
လူတစ်ကိုယ်လုံးသည် စူးချန်ကဲ၏ ဓားတစ်ချက်စာအောက်တွင် တိုက်ရိုက် ခုတ်သတ်ခံလိုက်ရသည်။ ဤသည်မှာ အရမ်းကို ကြီးကျယ်လွန်းသည်။
စူးချန်ကဲသည် နှစ်ကွက်တည်းဖြင့် ချန်းမုကို ဖြေရှင်းမည်ဆိုသော စကားသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်ရန် ပြောသော ဟန်ပြစကားဖြစ်မည်ဟု ယူဆခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ၊ စူးချန်ကဲသည် သူ ပြောသည့်အတိုင်း လုပ်ပြသွားခဲ့သည်။
သူ၏ အကြွင်းမဲ့ အင်အားဖြင့် လူတိုင်း၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်ပစ်ခဲ့သည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်နေသလို ၊ တစ်ချိန်တည်းမှာပင် ပါးပေါ်က စပ်ဖျင်းဖျင်း ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။
………
ကွေးယွမ်အမတဂိုဏ်းမှ တပည့်များသည်လည်း အချိန်အတော်ကြာ အံ့အားသင့်မှု မှ ပြန်သတိကပ်လာကြပြီး နောက်ဆုံးတွင် ၎င်းတို့၏ ဝမ်းသာကျေနပ်နေသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
“ အတုမရှိတဲ့ ချန်ကဲ ဆက်ခံသူ !”
“ဟားဟားဟား! ချန်ကဲ ဆက်ခံသူက ကိုယ့်ထက် အဆင့်သုံးဆင့် မြင့်တဲ့ ချန်းမုကိုတောင် နှစ်ကွက်တည်းနဲ့ ဖြေရှင်းလိုက်တယ်၊ ပြောကြည့်စမ်း ၊ ဒီအမတနယ်မြေ တစ်ခုလုံးမှာ နောက်ထပ်ဘယ်သူကများ ဒါမျိုး လုပ်နိုင်မလဲ!?”
“ဒါကွ ! ငါ့ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူ၊ လောကမှာ အတုမရှိဘူး !”
ကွေးယွမ်အမတဂိုဏ်းမှ လူများသာမက ၊
ယောင်ကွမ်အမတဂိုဏ်း မှ အမျိုးသမီးများသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် ၊ သူမတို့၏ လှပသော မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများကို တွေ့မြင်နေရသည်။
ယောင်ကွမ်အမတဂိုဏ်း ၏ ကျင့်ကြံသူအဖြစ်၊ သူမတို့သည် မိမိတို့ဆက်ခံသူနတ်ဘုရားမ၏ ချစ်ရသူသည် ခွန်အား မည်မျှ ကြီးမားမည်ကို အကြိမ်မရေတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ကြသည်။
သို့သော် ယခုအချိန်တွင် သူမတို့ သိလိုက်ရသည်မှာ မိမိတို့ဆက်ခံသူနတ်ဘုရားမ၏ ချစ်ရသူသည် သူမတို့ တွေးထားသည်ထက် သာလွန်နေခဲ့သည်။
“ ဘုရားရေ! တို့နတ်ဘုရားမရဲ့ ကောင်လေးက အရမ်း ချောရုံတင်မကဘူး၊ ဒီလောက်ထိတောင် အစွမ်းထက်ရသလား”
“ ဒါတင်မကဘူး နောက်ခံကပါ ကြောက်စရာကောင်းလွန်းတယ်၊ တကယ်ကို လွန်ပါတယ်အေ!”
“နတ်ဘုရားမ ရဲ့ အရည်အချင်းကလည်း အံ့မခန်းပဲ ..နောင်မှာ နတ်ဘုရားမ နဲ့ ဆက်ခံသူ ကနေ မွေးလာမယ့်ကလေးက.....”
ယောင်ကွမ်အမတဂိုဏ်း မှ ကျင့်ကြံသူများသည် အမျိုးသမီးများဖြစ်သော်လည်း၊ ထိပ်တန်းအင်အားစု၏ ပါရမီရှင်များအဖြစ် သူမတို့သည်လည်း ဤကဲ့သို့ သွေးထွက်သံယိုမြင်ကွင်းများကို မြင်ဖူးကြသည်။
လက်ရှိတွင် သူမတို့သည် ရှေ့မှောက်ရှိ သွေးထွက်သံယို မြင်ကွင်းကို မကြောက်ရုံသာမက၊ စူးချန်ကဲ နှင့် လော့ရန်ယွီ တို့၏ လှပသော အနာဂတ်ကိုပင် စိတ်ကူးယဉ်နေကြသည်။
ဤလုပ်ရပ်သည် လူရောစိတ်ပါ သတ်ဖြတ်သည့်လုပ်ရပ်ဟု ဆိုနိုင်သည်။
“……….”
ထျန်းယွမ်နတ်ဘုရားမင်းဆက်၊ ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်တပည့်များသည် လွန်စွာ မှုန်ကုတ်နေကြပြီး၊ စိတ်ဝိညာဉ်များပင် အေးခဲသွားဟန်ရှိကာ စကားတစ်ခွန်းမျှ ပြောမထွက်နိုင်ခဲ့ပေ။
အထူးသဖြင့် ယခင်က အာအကျယ်ဆုံးဖြစ်သည့် ကျန်းယွီကျင်း၊ ချူးရှောင်၊ ရှောင်ဝူရှန်း၊ နှင့် ယွမ်ချန်းဟုန် တို့သည် ယခုအချိန်တွင် ငြိမ်ကုပ်နေကြပြီး မျက်နှာအမူအရာများသည် အတော်လေး ကြည့်ရဆိုးနေသည်။
သူတို့၏ ခွန်အားသည် ချန်းမု ထက် သာလွန်သော်လည်း ၊ သို့သော် စူးချန်ကဲ ကဲ့သို့ နှစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်မည်မဟုတ်ကြောင်း ဝန်ခံရမည်။
စူးချန်ကဲ သည် ချန်းမု ကို နှစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်ပါက ၊ သူတို့သည် အနည်းဆုံးတော့ လေး ငါးကွက်လောက်တော့ ထုတ်သုံးရနိုင်သည်။