လမ်းပျောက်ခွေးတစ်ကောင် ဖြစ်ခဲ့ရသော ယွမ်ချန်းဟုန်
Vol. 58 Ch. 765
တစ်ချိန်တည်းမှာပင်။
စိတ်ထဲတွင် သူတို့သည် အလွန်ကံကောင်းသည်ဟု ခံစားမိပြန်သည်။
တော်သေးတယ် ၊ဒီအင်အားစုသုံးဖွဲ့က သူတို့အစား အမြောက်ဆံဖြစ်ပေးခဲ့လို့သာပေါ့ !
သူတို့သာ အစောကြီးကတည်းက သွားပြီးရန်စမိရင် ၊ အခုဆို သူတို့ရဲ့ သင်္ချိုင်းပေါ်က မြက်တွေတောင် ရှည်နေလောက်ပြီ !
ကျီချောင်ကဲ၊ ထျန်းယွီလော့ရုံ၊ လင်းဟန် နှင့် အခြားပုန်းကွယ်နေသော ထိပ်တန်းပါရမီရှင်များပါမကျန် ၊ နေရာတွင် ရှိနေကြသူတိုင်း ခေါင်းမော့ကာ ကောင်းကင်တွင် ရပ်နေသော အဖြူရောင် ဝတ်စုံရှင်ကို ကြည့်ရှုနေကြသည်။
ယခုအချိန်တွင် စူးချန်ကဲသည် တောက်ပသော နေဝန်းကြီးတစ်ခုကဲ့သို့ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသောရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။
ယခုအချိန်မှစ၍၊ စူးချန်ကဲ အပေါ် ထားရှိသည့် သူတို့၏ အထင်မြင်သေးမှုသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤသည်မှာ နှစ်ပေါင်းများစွာ ထွန်းလင်းနိုင်သော စစ်မှန်သော နေဝန်းကြီးတစ်ခု ဖြစ်ပြီး ၊ သူတို့၏ ကိုယ်ပေါ်တွင် တောက်ပနေသော ရောင်ခြည်များကိုပင် လုယူသွားနိုင်သော ဖြစ်တည်မှု ဖြစ်သည်။
သို့သော်၊ ပါရမီရှင်အများစု၏ မျက်လုံးများထဲတွင် တောက်လောင်နေသော တိုက်ပွဲဝင်စိတ်ဓာတ်များ ရှိနေခဲ့သည်။
အထူးသဖြင့် လင်းဟန် နှင့် ကျီချောင်ကဲ တို့သည် ဤကဲ့သို့ တီးတိုးရေရွတ်လိုက်ကြသည်။
“ဒီလို ပါရမီရှင်မျိုးကသာ ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းရှိတာ!”
………
အကာအကွယ်အတွင်း၌ ရှိနေသော ယွမ်ချန်းဟုန်သည်လည်း ဤအခိုက်အတန့်တွင် လှိုင်းထန်လာသော နိယာမစွမ်းအားများကို ခံစားမိခဲ့သည်။
သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဖြူဖျော့လာခဲ့သည် ။
“သေစမ်း! ဒီကောင် သူတော်စင်ကိုယ်ထည် လေးမျိုးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲဖို့ ကြံနေတာပဲ!”
“ဒါဘယ်လိုဖြစ်တာလဲ ၊ ကိုယ်ထည်များလေလေ မဟာလမ်းစဉ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ပိုပြီး ခံစားရလေလေ လို့ ပြောကြတယ် မဟုတ်လား !?”
“ဒီကောင်ရဲ့ ရောင်ဝါက ဘာလို့ ပိုပိုပြီး မြင့်တက်လာတာလဲ!? မဟာလမ်းစဉ်ရဲ့ တန်ပြန်တိုက်ခိုက်မှု လက္ခဏာ နည်းနည်းမှ မရှိသလိုပဲ”
ယွမ်ချန်းဟုန်၏ စိတ်ထဲတွင် အံ့အားသင့်နေစဉ်၊
သူတော်စင်ကိုယ်ထည် လေးမျိုး၏ စွမ်းအားများကို စုစည်းထားသော စူးချန်ကဲသည် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“အကြွင်းမဲ့ ကာကွယ်ရေး ဟုတ်လား “
“ ဒီနေ့ ၊ငါ အဲ့တာကို ဖြိုခွင်းပြမယ်!”
ထိုစကားများ ပြောပြီးသည်နှင့်၊
စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် လေထဲတွင် လျှပ်တပြက် ပျောက်ကွယ်သွားသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ စူးချန်ကဲသည် သူ၏ လက်သီးဖြင့် ယွမ်ချန်းဟုန် တည်ရှိရာ နေရာဆီသို့ ပြင်းထန်စွာ ထိုးချလိုက်သည်။
တဖက်လူမှ ဖွဲ့စည်းထားသော လိပ်ခွံကို တစ်ချက်တည်းဖြင့် ခွဲပစ်နိုင်ရန်အတွက် စူးချန်ကဲ သည် ဗလာနိတ္ထိစွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းထားခဲ့သည်။
အကြောင်းမှာ သူသည် အခြား သူတော်စင်ကိုယ်ထည် သုံးမျိုး၏ သွေးသားချုပ်နှောင်မှုကို မချိုးဖျက်ရသေးချေ။
သွေးသားချုပ်နှောင်မှုကို ချိုးဖျက်ထားပြီးသော မွေးရာပါ နတ္တိတာအိုကိုယ်ထည် မှအပ၊
အခြား သူတော်စင်ကိုယ်ထည် သုံးမျိုးသည် အမတနယ်မြေ ရှိ နတ်ဘုရားခန္ဓာများနှင့် ယှဉ်ရင် ၊ အတော်လေး ကွာခြားနေသေးသည်။
အကယ်၍ တစ်ချက်တည်းဖြင့် ရန်သူ၏ အကြွင်းမဲ့ ကာကွယ်ရေးကို မဖြိုခွင်းနိုင်ပါက၊ သူသည် နှစ်ချက်၊ သုံးချက်၊ ဆယ်ချက်၊ ရာချက်ပေါင်းများစွာ ဆက်တိုက် ထိုးနှက်သွားမည်။
ဘုန်း ဘုန်း!!!!
စူးချန်ကဲ၏ ဆက်တိုက် ထိုးနှက်မှုကြောင့် ဤနေရာရှိ ဝိညာဉ်စွမ်းအားများသည် ပို၍ပင် ပေါက်ကွဲထွက်လာသည်။
ကောင်းကင်ကို ဖုံးလွှမ်းထားသော လက်သီးအရိပ်များသည် တလက်လက် တောက်ပနေသော ကြယ်များကဲ့သို့ ၊ လှိုင်းထန်သော သင်္ကေတနိယာမများကို ဖြစ်ပေါ်စေကာ အရပ်လေးမျက်နှာတစ်ခွင်သို့ အရူးအမူး ပျံ့နှံ့သွားခဲ့သည်။
စူးချန်ကဲ ပစ်လွှတ်လိုက်သော လက်သီးတိုင်းသည် အတုမရှိသော အင်အားများကို ဆောင်ကျဉ်းလျက် ကျရောက်လာသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသည်။
လူတိုင်း စူးချန်ကဲ၏ ထိုးနှက်ချက်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘဲ ဟင်းလင်းပြင်တွင် လျှပ်တပြက် ဖြတ်သန်းသွားသော နောက်ဆက်တွဲပုံရိပ်များကိုသာ မြင်နိုင်သည်။
ထို့အပြင်၊ စူးချန်ကဲ၏ လက်သီးချက်များသည် ပို၍ပင် မြန်ဆန်လာခဲ့သည်။
ဝုန်း ဝုန်း !!!!
အဆုံးတွင်၊ ဟင်းလင်းပြင်တွင် အဆက်မပြတ် ပေါက်ကွဲနေသော နတ်အလင်းများနှင့် အဆက်မပြတ် ထွက်ပေါ်လာသော နိယာမလှိုင်းဂယက်များမှအပ ၊ သူ့တစ်ကိုယ်လုံး၏ ပုံသဏ္ဍာန်သည် လုံးဝ ပျောက်ကွယ်သွားဟန် ရှိသည်။
ရှေးကျောက်စွမ်းအားဖြင့် ဖွဲ့စည်းထားသော အကာအကွယ်သည် စူးချန်ကဲ၏ အဆက်မပြတ် ထိုးနှက်မှုကြောင့် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများသည် မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ အကာအကွယ်အတွင်း၌ ရှိနေသော ယွမ်ချန်းဟုန်၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့လာခဲ့သည်။
ကွဲအက်သံ......
လူကို နှလုံးတုန်စေသော ကျိုးပဲ့သံများသည် သူ့နားထဲတွင် ပြည့်နှက်သွားသည်။
တစ်ချိန်က သူ ဂုဏ်ယူဝင့်ကြွားခဲ့ရသော အကာအကွယ်သည် နောက်အခိုက်အတန့်တွင် လုံးဝ ပြိုကွဲတော့မည့်ပုံရသည်။
“ဒါ မဖြစ်နိုင်ဘူး!”
ယွမ်ချန်းဟုန်သည် ဤရလဒ်ကို လက်ခံရန် ဆန္ဒမရှိပေ။ ဤအရာသည် မည်သည့်အရာမှ မဖျက်ဆီးနိုင်သော ရှေးကျောက်စွမ်းအားဖြစ်သည်။
စူးချန်ကဲ က ဘယ်လိုလုပ်ပြီး ဖြိုခွင်းနိုင်မှာလဲ!?
သို့သော် သူ့စိတ်ထဲက အတွေးများ မပြီးဆုံးမီ ၊
ကက်ခ်ကက်ခ်..... ကက်ခ်!!!
ကျိုးပဲ့သံများသည် ထပ်ခါတလဲလဲ ထွက်ပေါ်လာပြီး ၊ အသံသည် ပို၍ပင် ကျယ်လောင်လာခဲ့သည်။ နောက်ဆုံးတွင် လူကို စိတ်ပျက်အားငယ်စေသည့် ကွဲအက်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ယွမ်ချန်းဟုန်၏ အမြင်အာရုံထဲတွင်၊ သူ ဖွဲ့စည်းထားသော အကာအကွယ်သည် ဆီးနှင်းများကဲ့သို့ လုံးဝ ပျောက်ကွယ်သွားသည်။
သို့သော်၊ ယင်းက သူ့ကို ကြောက်လန့်စေခဲ့သည့်အရာ မဟုတ်ပေ။
လွင့်ပျံနေသော ဖုန်မှုန့်များနှင့် သဲခဲများကြား ၊ ယွမ်ချန်းဟုန်သည် အဖြူရောင်ဝတ်စုံရှင်ကို ထပ်မံမြင်လိုက်ရပြီး၊ ဤအခိုက်အတန့်တွင် ဝှေ့ယမ်းလာသော လက်သီးတစ်ချက်သည် သူ့ဆီသို့ ပြင်းပြင်းထန်ထန် ထိုးနှက်ဝင်ရောက်လာခဲ့သည်။
“စူးချန်ကဲ မင်း.....”
ယွမ်ချန်းဟုန် သည် ကြောက်လန့်တကြား ဟစ်အော်လိုက်သည်။
မသိစိတ်မှ တောင်ပင်လယ် သုံးခွလှံကို မိမိရှေ့တွင် ထားကာ စူးချန်ကဲ ၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော်၊ သူသည် ထိုလက်သီး၏ အင်အားကို အလွန်အမင်း လျှော့တွက်လိုက်မိသည်။
ဝုန်း !!!!
လက်သီးနှင့် လှံ နှစ်ဦးနှစ်ဖက် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ ထိတ်လန့်ဖွယ်ရာ ကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ယွမ်ချန်းဟုန်သည် ရှေးဟောင်း နတ်တောင်တစ်ခုနှင့် ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ သူ၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာခဲ့သည်။
သူ၏လက်ထဲက နတ်ဘုရားလှံကိုပင် မဆုပ်ကိုင်နိုင်တော့ဘဲ ဘေးသို့ လွင့်ထွက်သွားခဲ့သည်။
သို့သော်၊ သူ့အနေဖြင့် အံ့အားသင့်ရန်ပင် အချိန်မရလိုက်ချေ။
ဝုန်း !!
အက်သံ!!
ပေါက်ကွဲသံများ နှင့် အရိုးကျိုးပဲ့သံများ ထွက်ပေါ်လာခဲ့သည်။
ယွမ်ချန်းဟုန် အနေဖြင့် တုံ့ပြန်ရပင် အချိန်မရလိုက်ဘဲ စူးချန်ကဲ၏ လက်သီးတစ်ချက်စာသည် သူ့မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
“အားအားအား!!!”
နောက်အခိုက်အတန့်တွင် ၊ ကြေကွဲစရာကောင်းသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ယွမ်ချန်းဟုန်၏ မျက်နှာသည် သွေးများဖြင့် ပေပွနေပြီး ၊ သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ပန်းထွက်လာကာ သွားအချို့ ကျွတ်ထွက်သွားသည်။
ထို့နောက် ကြိုးပြတ်သွားသော စွန်ကဲ့သို့ အတားအဆီးမရှိ နောက်ပြန် လွင့်ထွက်သွားသည်။
ဝုန်း ဝုန်း!!
လေထဲတွင် ကြိမ်ပေါင်းများစွာ ဂျွန်းထိုးနေခဲ့ပြီး ၊ လွင့်ထွက်သွားသော လမ်းတစ်လျှောက် အကာအကွယ် မှော်ပစ္စည်း အပိုင်းအစများနှင့် ပူပူနွေးနွေး သွေးများသည် နေရာအနှံ့ ပြန့်ကျဲသွားလေတော့သည်။
“ဒါက....”
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ စိတ်ဝိညာဉ်များသည်ပင် တုန်လှုပ်ခဲ့ရသည်။
ယွမ်ချန်းဟုန်သည် စူးချန်ကဲ၏ ပြိုင်ဘက် မဟုတ်တော့သည်ကို သူတို့အားလုံး အရင်ကတည်းက မျှော်လင့်ထားခဲ့သော်လည်း ၊
သို့သော် ဤကဲ့သို့ သနားစရာကောင်းလောက်အောင် ရှုံးနိမ့်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ယွမ်ချန်းဟုန်သည် အမတနယ်မြေတွင် ချောမောသော ပလေဘွိုင်းအဖြစ် ကျော်ကြားသည်။
သို့သော် စူးချန်ကဲ သည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့လေသလား မသိ၊ ဤလက်သီးတစ်ချက်သည် တဖက်လူ၏ မျက်နှာကို လုံးဝ ပျက်စီးစေခဲ့သည်။
လူကို ရိုက်မယ့်ရိုက် မျက်နှာမရိုက်နဲ့ ဆိုတဲ့စကားအတိုင်းပေါ့ !
“ မင်း ငါ့လက်ချက်နဲ့ သေလိုက်တော့!”
သို့သော်၊ စူးချန်ကဲသည် ရန်သူကို တုံ့ပြန်ရန် အချိန်မပေးခဲ့ချေ။
ဝုန်း !!
ပေါက်ကွဲသံသည် လေထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
နေရာတွင် အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ၊ သူ၏ ပုံသဏ္ဍာန်သည် ရှေ့သို့ ပြေးထွက်သွားပြီးဖြစ်သည်။ လက်သီးပေါ်တွင် ရှေးဟောင်းစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ယွမ်ချန်းဟုန်အား သေစေနိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ယွမ်ချန်းဟုန် သည်လည်း ပါးပြင်များ ချိုင့်ဝင်သွားသည့် နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ပေ။
လမ်းပျောက်ခွေး တစ်ကောင်ကဲ့သို့၊ ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ တပည့်များကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
“မင်းတို့ ကောင်တွေ ဘာကြည့်နေသေးတာလဲ?! ငါ့ကို ရိုက်သတ်တာ ထိုင်ကြည့်နေမလို့လား”
“ လာပြီး မြန်မြန် ကာကွယ်ကြလေ!”
အသက်ဘေးနှင့် ကြုံတွေ့ရတော့မည့် အခိုက်အတန့်တွင်၊ သူသည် ပါရမီရှင်ဆိုသည့် ဂုဏ်သိက္ခာနှင့် မင်းဆက်၏ မျက်နှာကိုပင် ဂရုမစိုက်နိုင်တော့ပေ။
ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်တပည့်များ လာရောက်မကူညီပါက ၊ သူသည် စူးချန်ကဲ၏ လက်ချက်ဖြင့် အမှန်တကယ် သေရပေတော့မည်။