← Chapters

တိုက်ပွဲကြီး စတင်ခြင်း

Vol. 58 Ch. 766

တိုက်ပွဲကြီး စတင်ခြင်း

Vol. 58 Ch. 766

ယွမ်ချန်းဟုန်၏ ဟောက်သံကြောင့် ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များသည် ကြောင်အမ်းရာမှာ သတိပြန်ကပ်လာကြသည်။

“စူးချန်ကဲ! မင်း လုပ်ရဲလား!?”

“ချန်းဟုန် မင်းသားကို ကာကွယ်စောင့်ရှောက်ကြ ဟေ့ !”

ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များသည် ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်ပြတာကာ စူးချန်ကဲ ထံသို့ ပြေးဝင်သွားကြသည်။

ယွမ်ချန်းဟုန်သည် ထျန်းယွမ်နတ်ဘုရားမင်းဆက် ၏ မင်းသားတစ်ပါး ဖြစ်ပြီး၊ သူတို့ မင်းဆက်ဘုရင်၏ သားတော်တစ်ပါး ဖြစ်သည်။

အကယ်၍ သူသည် တစ်ဖက်လူ၏လက်ချက်ဖြင့် နတ်ဘုရားလက်နက် အမတမျှော်စင် တွင် သေဆုံးသွားမည်ဆိုပါက၊ သူတို့အားလုံးသည် မိမိတို့ မင်းဆက်ဘုရင်၏ အပြစ်တင်ခြင်းကို ခံရပေတော့မည်။

ထို့ကြောင့်၊ သူတို့သည် မည်သို့ပင်ဖြစ်စေ ထိုကိစ္စမျိုး ဖြစ်မလာစေရန် အစွမ်းကုန် တားဆီးရပေမည်။

“သေချင်နေတာပဲ!”

“ မင်းတို့ကများ ရိုင်းပျရဲတယ်!”

“ဟမ်! ထျန်းယွမ်နတ်ဘုရားမင်းဆက် က ဒီလူယုတ်မာကောင်တွေ.. မင်းတို့က သေချင်နေမှတော့ ဒါဆို ငါ့အမတဂိုဏ်းက မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်!”

“ကွေးယွမ်အမတဂိုဏ်း က ဂိုဏ်းသားတို့ နားထောင်ကြ၊ ချန်ကဲ ဆက်ခံသူကို ကာကွယ်စောင့်ရှောက်ပြီး၊ ဒီကောင်တွေအားလုံးကို သတ်ပစ်!”

ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ လူများ လှုပ်ရှားသည်နှင့် ၊ ချက်ချင်းဆိုသလိုပင် ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်များကလည်း လှုပ်ရှားလာခဲ့သည်။

ကြယ်စုသခင် ပါရမီရှင် သုံးဦး၏ ဦးဆောင်မှုနှင့်အတူ ၊

ကျန်ရှိသော ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များသည်လည်း ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်ကာ ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ လူများနှင့် စတင် တိုက်ခိုက်လေတော့သည်။

ဝုန်း ဝုန်း !!

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားသော တိုက်ပွဲသည် ပြန်လည်စတင်ခဲ့ပြီး ၊ ယခင်ကထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲကြီးအဖြစ် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

…………

ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်များ နှင့် ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များ စတင် တိုက်ခိုက်ကြသည်နှင့် ၊

ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ လူများသည် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ထျန်းယွမ်နတ်ဘုရားမင်းဆက် သည် သူတို့ဂိုဏ်းနှစ်ခုနှင့် တစ်လှေတည်းစီးနေသူများဟု သတ်မှတ်နိုင်သည်။

ယခင်က စူးချန်ကဲ သည် ထျန်းယွမ်နတ်ဘုရားမင်းဆက် ကို ဖြေရှင်းပြီးသည်နှင့် သူတို့အလှည့် ရောက်လာလိမ့်မည်ဟု ပြောခဲ့ဖူးသည်။

ထို့ကြောင့် ၊ သူတို့သည် စူးချန်ကဲ နှင့် ကွေးယွမ်အမတဂိုဏ်းအပေါ်တွင် ရန်ငြိုးဖွဲ့ခဲ့ပြီး ဖြစ်သည်။

ယခုအခါ၊ ကွေးယွမ်အမတဂိုဏ်း နှင့် ထျန်းယွမ်နတ်ဘုရားမင်းဆက် တို့သည် တစ်ဖက်နှင့် တစ်ဖက် စတင် တိုက်ခိုက်နေကြသည်။

ဤမျှကောင်းမွန်သော အခွင့်အလမ်းကို သူတို့ မည်သို့ လက်လွှတ်ခံမည်နည်း။

စိတ်ထဲတွင် တွေးဆပြီးနောက် ၊

ကျန်ယွီကျင်း သည် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“စူးချန်ကဲ က ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်း ရဲ့ ထိပ်တန်း ပါရမီရှင် ကျိုးထျန်းမော့ ကို သတ်ခဲ့ရုံတင်မကဘူး ၊ ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက လူတွေကိုလည်း ဆက်တိုက် သတ်ဖြတ်ခဲ့တယ်!”

“စူးချန်ကဲ ဆိုတဲ့ကောင် က ငါတို့ဂိုဏ်းကို မတောင်းပန်တဲ့အပြင် နောက်ခံအားကိုးပြီး လူတွေကို အနိုင်ကျင့်နေတာ.. ဒီကိစ္စအတွက်၊ ငါတို့ ဘာလုပ်သင့်သလဲ!?”

ထိုစကားများ ထွက်လာသည်နှင့် ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ ပါရမီရှင်များသည် မျက်လုံးများ နီမြန်းလာကာ ဟိန်းဟောက်လိုက်ကြသည်။

“စူးချန်ကဲ က လူကို အနိုင်ကျင့်လွန်းတယ်၊ ဒီလောက်ထိ မောက်မာတဲ့ကောင်ကို သတ်ပစ်သင့်တယ်!”

“ကောင်းပြီ!”

ဤမြင်ကွင်းကို မြင်သည်နှင့် ကျန်ယွီကျင်း သည် ခေါင်းညိတ်လိုက်ကာ ပြင်းထန်စွာ ကြွေးကြော်လိုက်သည်။

“ထျန်းချန်လမ်းစဉ်ဂိုဏ်း က လူတွေ နားထောင်ကြ၊ စူးချန်ကဲ ကို သတ်!”

ချက်ချင်းဆိုသလိုပင် ၊

ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ ပါရမီရှင်များသည်လည်း ၎င်းတို့၏ စွမ်းအားများကို ထုတ်ဖော်ခဲ့ကြပြီး စစ်မြေပြင်ထဲသိို့ ဝင်ရောက်ခဲ့လေတော့သည်။

…….

တစ်ချိန်တည်းမှာပင်။

ဖုန်းယွင်လှံခန်းမ ၏ လှံနတ်ဘုရား ရှောင်ဝူရှန်း သည်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“စူးချန်ကဲ က ငါတို့ ဖုန်းယွင်လှံခန်းမ ကို အဆက်မပြတ် စော်ကားခဲ့တဲ့အပြင် ငါတို့ ဖုန်းယွင်လှံခန်းမကိုလည်း အကြွေးလာရှင်းမယ်လို့ မောက်မာစွာ ပြောခဲ့သေးတယ်”

“ဒီလောက် မောက်မာတဲ့လူကို သတ်သင့်တယ်!”

“ဖုန်းယွင်လှံခန်းမက ပါရမီရှင်တွေ နားထောင်ကြ၊ ငါနဲ့အတူ စူးချန်ကဲ ကို သတ်ကြဟေ့ !”

စတုတ္ထမြောက် အင်အားစုသည်လည်း စစ်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤသို့ ရွေးချယ်ခဲ့ရခြင်းမှာ သူတို့သည်လည်း စူးချန်ကဲ နှင့် ရန်ငြိုးဖွဲ့မိပြီး ဖြစ်သည်။

အမှန်အားဖြင့် ၊ အဓိကအချက်မှာ သူတို့သည် အားရှင်းကို သိမ်းပိုက်လိုသော်လည်း၊ စူးချန်ကဲ ၏ပုံစံအရ ၊ အားရှင်းအား သူတို့လက်ထဲသို့ လုံးဝ လွှဲပြောင်းပေးမည်ပုံ မပေါ်ချေ။

ထို့ကြောင့် နောက်ဆုံးတွင် သူတို့သည်လည်း နောက်ဆုံးတွင် စစ်ပွဲကြီးတစ်ခု ဆင်နွှဲရနိုင်သည်။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချကာ ထျန်းယွမ်နတ်ဘုရားမင်းဆက်နဲ့အတူ ကွေးယွမ်အမတဂိုဏ်းကို ရင်ဆိုင်ခြင်းက ပို၍ကောင်းပေသည်။

ထိုအတိုင်းသာဆိုလျှင် ၊ သူတို့အနေဖြင့် ပို၍ အခွင့်အလမ်း ရှိနိုင်သည်။

“ အတင့်ရဲလိုက်တာ!”

“ နင်တို့က ငါ့ ယောင်ကွမ်အမတဂိုဏ်း ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား!?”

ထိုမြင်ကွင်းကို မြင်လိုက်ရသော လော့ရန်ယွီ၏ ဘေးပတ်ပတ်လည်ရှိ လေထုသည် ပို၍ အေးစက်လာခဲ့သည်။

ဤအင်အားစုသုံးဖွဲ့သည် သူမ၏ မျက်စိရှေ့တွင် လက်တွဲကာ ကွေးယွမ်အမတဂိုဏ်း ကို တိုက်ခိုက်နေသည်။

သူမအနေဖြင့် မည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။

လော့ရန်ယွီ သည် ယောင်ကွမ်အမတဂိုဏ်းမှ ပါရမီရှင်များကို မှာကြားလိုက်သည်။

“ယောင်ကွမ်အမတဂိုဏ်း က ပါရမီရှင်တွေ ၊ ငါ့နောက်လိုက်ပြီး ကွေးယွမ်အမတဂိုဏ်းကို ကူညီကြ!”

“အင်အားစုသုံးဖွဲ့က လူတွေကို အကုန်သတ်!”

“နတ်ဘုရားမ အမိန့်ကို နာခံပါတယ်!”

ယောင်ကွမ်အမတဂိုဏ်း မှ ပါရမီရှင်များသည် တစ်ပြိုင်နက် ပြန်လည်ဖြေကြားခဲ့သည်။

လော့ရန်ယွီ သည် ယောင်ကွမ်အမတဂိုဏ်း ၏ နတ်ဘုရားမ အဖြစ်၊ သူမ၏ အမိန့်သည် အကြွင်းမဲ့ဖြစ်သည် ။

သူမတို့၏ ဂိုဏ်းချုပ်ကိုယ်တိုင် ဤသို့ မိန့်ဆိုထားသည်။ နတ်ဘုရားမ ၏ ဆန္ဒသည် ယောင်ကွမ်အမတဂိုဏ်း၏ ဆန္ဒဖြစ်သည် ။

လော့ရန်ယွီ၏ အမိန့်တစ်ချက်နှင့်အတူ၊ ယောင်ကွမ်အမတဂိုဏ်းသည်လည်း စစ်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။

ယခုအချိန်မှစ၍ ၊ အင်အားစု ငါးဖွဲ့မှ ပါရမီရှင်များသည် စစ်ပွဲကြီးတစ်ခုကို စတင် ဆင်နွှဲခဲ့လေတော့သည်။

ဝုန်း !!!!

ကောင်းကင်ကို တုန်လှုပ်စေသော ဟိန်းဟောက်သံများကြား ၊ နိယာမလှိုင်းတံပိုးများသည် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများကဲ့သို့ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။

ဤစစ်ပွဲကြီးကြောင့် ဟွရှင်းရှေးဟောင်းမြို့တင်မက ၊ နတ်ဘုရားလက်နက် အမတမျှော်စင် တစ်ခုလုံးပင် ပြင်းထန်စွာ လှုပ်ခါနေသည်။

စစ်ပွဲကြီးသည် စတင်သည်နှင့် ချက်ချင်းပင် အပြင်းထန်ဆုံး လူသတ်ပွဲအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဒဏ္ဍာရီလာ အမတ များသည် ယခုအခိုက်အတန့်တွင် မြက်ပင်များသဖွယ် ရှင်းလင်းခံနေရပြီး ၊ ပါရမီရှင်များစွာသည် ဟင်းလင်းပြင်ထဲတွင် အတောမသတ် သေဆုံးနေကြသလို ၊ မရေမတွက်နိုင်သော ပုံရိပ်များသည် ကောင်းကင်ယံမှ ပြုတ်ကျလာတတ်သည်။

ပူပြင်းသော သွေးများသည် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။

“လှံနဂါး ဝှေ့ယမ်းခြင်း!”

“ကွေးယွမ် ကြယ်စင်အတတ်!”

“ကောင်းကင်အမျက်ဒေါသ လက်ဝါး!”

……

ထိပ်တိုက်တွေ့ဆုံကြသည်နှင့် ၊ ပေါက်ကွဲသံများသည် မိုးနှင့်မြေကြား တစ်ဖန်ပြန်လည် ပဲ့တင်ထပ်သွားသည်။

ဝုန်း !!

အင်အားစုကြီးများမှ ပါရမီရှင်များသည် ၎င်းတို့၏ စွမ်းအားများကို တစ်ဖန် တိုးမြင့်ကာ တိုက်ခိုက်ကြပြန်သည်။

ကောင်းကင်ယံတွင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တိုက်ခိုက်လျက် ရှိသည်။

ဤစစ်ပွဲတွင် ပါဝင်သူများအားလုံးသည် ထိပ်တန်းအင်အားစုများမှ လူငယ်ပါရမီရှင်များဖြစ်ကာ၊ ၎င်းတို့ တစ်ဦးချင်းစီတိုင်းတွင် အရှုံးမပေးလိုသော စိတ်ဓာတ်များ ရှိကြသည်။

နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံကြသည်နှင့် ၊ မိုးကောင်းကင်တစ်ခုလုံး ပြိုကျကာ မြေကြီးများကွဲထွက်သွားသကဲ့သို့ ၊ တစ်ဖန် နေ နှင့် လကိုပင် အလင်းမဲ့သွားစေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ပေါက်ကွဲသံများသည် မရပ်မနား ထွက်ပေါ်နေသည်။

……….

မျက်စိရှေ့မှ မြင်ကွင်းသည် ကြီးကျယ်လွန်းပြီး၊ ရုတ်တရက်ဆန်လွန်းသည်။

အခြားသော ကျင့်ကြံသူများမှာ မိန်းမောတွေဝေစွာဖြင့် ရပ်ကြည့်နေမိသည်။

တစ်စုံတစ်ယောက်သည် တိုက်ပွဲတွင် ပိတ်မိသွားပြီး ၊ ထိတ်လန့်တကြား အော်ဟစ်လိုက်မှသာလျှင် လူတိုင်း သတိပြန်ကပ်လာကြသည်။

“သွားပြီ! ဒီအင်အားစု ငါးဖွဲ့စလုံး ရူးသွပ်သွားကြပြီ! “

“မသေချင်ရင် အမြန်ဆုံး ထွက်ပြေးကြ ဟေ့!”

ထိုအော်ဟစ်သံ ထွက်ပေါ်လာသည်နှင့် ၊ အခြားအင်အားစုများမှ ပါရမီရှင်တပည့်များသည်လည်း သတိပြန်ကပ်လာကြပြီး မိမိတို့ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားကို နှိုးဆော်ကာ အလျင်အမြန် ထွက်ပြေးလေတော့သည်။

နတ်ဘုရားများ စစ်ခင်းလျှင် ၊ သာမန်လူများ ဒုက္ခရောက်ရသည် ဟူသော စကားအတိုင်းပင်။

ကောင်းကောင်းမွန်မွန် ဆင်နွှဲနေသော တစ်ယောက်ချင်း တိုက်ပွဲသည်၊ နောက်ဆုံးတွင် အင်အားစု ငါးဖွဲ့၏ တိုက်ပွဲကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

All Chapters