သွားဖို့ အချိန်တန်ပြီ
Vol. 58 Ch. 767
ဟွရှင်းရှေးဟောင်းမြို့ မှ ခဲယဉ်းစွာ လွတ်မြောက်လာသော ကျင့်ကြံသူများမှာ မိမိတို့၏ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဟွရှင်းရှေးဟောင်းမြို့ ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
မျက်စိထဲသို့ ဝင်ရောက်လာသော မြင်ကွင်းသည် ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းနေသေးသည်။
ဟွရှင်းရှေးဟောင်းမြို့ ကို ဗဟိုပြုကာ၊ မိုင် ထောင်ချီရှိသော အာကာသ ဟင်းလင်းပြင်သည် လုံးဝပြိုကွဲသွားပြီး အဆုံးမရှိသော ရှုပ်ထွေးမှုအခြေအနေထဲသို့ ကျရောက်သွားသည်။
ထိပ်တန်းအင်အားစုများမှ ပါရမီရှင်တပည့်များ ဆိုသည့်အတိုင်း အမှန်တကယ်ပင် နာမည်နှင့် ထိုက်တန်ပေသည်။ လက်တစ်ချက် လှုပ်ရှားရုံဖြင့် ပေါက်ကွဲထွက်လာသော အင်အားသည် ကမ္ဘာလောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။
“ဒီအင်အားစု ငါးဖွဲ့ ဒီလောက်ထိ အကြိတ်အနယ် တိုက်ခိုက်နေကြတာ.... ဟွရှင်းရှေးဟောင်းမြို့တော့ ဖြိုချခံရလောက်ပြီ!”
“ ဘယ်ကနေတောင် အခွင့်အလမ်းကို ရှာရတော့မလဲ.. ဒီခရီးစဉ် ဒီမှာပဲ ရပ်သင့်ပြီလို့ ငါထင်တယ်!”
“ဒီပုံစံကို ကြည့်ရတာ ၊ တကယ်လို့များ ပိုပြီး ဆိုးရွားလာရင် သူတို့နောက်ကွယ်က အင်အားစုတွေပါ ပါလာနိုင်တယ်”
“………”
သေဘေးမှ လွတ်မြောက်လာသော အခြားအင်အားစုများမှ ကျင့်ကြံသူများသည် ယခုအခါ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
သူတို့အကုန်လုံး နေရာတွင် ထပ်မနေရဲတော့ဘဲ နတ်ဘုရားလက်နက် အမတမျှော်စင် မှ ထွက်ခွာရန် ပြင်ဆင်နေကြပြီး၊ ဤခရီးစဉ်ကို ဤမှာပင် ရပ်တန့်ရန် ရည်ရွယ်ထားကြသည်။
သို့သော် အခြားသော ထိပ်တန်းအင်အားစုများမှ ပါရမီရှင်များသည် ဤပွဲကို လျှို့ဝှက်စွာဖြင့် စောင့်ကြည့်နေကြသည်။
ဥပမာအားဖြင့် ကျီချောင်ကဲ သည် ရွှေကျီးကန်းနတ်ဘုရားမင်းဆက် မှ ပါရမီရှင်များကို ဝေးရာသို့ ခေါ်ဆောင်ကာ စစ်မြေပြင်အတွင်းရှိ မိုးလေဝသ အပြောင်းအလဲကို စောင့်ကြည့်နေသည်။
“မင်းသားကြီး..... ဒီအင်အားစု ငါးဖွဲ့ စတင်လိုက်တဲ့ တိုက်ပွဲက သိပ်ကို ကြောက်စရာကောင်းတယ်၊ ဒီတစ်ခါ နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်ကတော့ ဒီမှာတင် ရပ်ရမယ်နဲ့တူတယ် “
ရွှေကျီးကန်းနတ်ဘုရားမင်းဆက် မှ အမျိုးသမီးတစ်ဦးက ကျီချောင်ကဲ ကို ပြောလိုက်သည်။
“ကျွန်မတို့လည်း ထွက်ခွာကြမလား “
ထိုစကားကို ကြားလိုက်ရသော ကျီချောင်ကဲ သည် ပေါ့ပါးစွာ ပြုံးရယ်လိုက်ရင်း ပြန်ပြောလိုက်သည်။
“ထွက်ခွာပြီး ဘာလုပ်မလို့လဲ”
“ဒီလို အင်အားစု ငါးဖွဲ့ရဲ့ တိုက်ပွဲဆိုတာ ကြုံရခဲတယ်၊ ဒီလောက်စည်ကားနေတာ ပျော်ပျော်ကြီး ကြည့်ကြတာပေါ့”
စကားမှာ ထိုသို့ဖြစ်သော်လည်း ၊ သူ၏ အဓိက ရည်ရွယ်ချက်မှာ စူးချန်ကဲ၏ အပြုအမူကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
အကြောင်းမှာ စူးချန်ကဲ ယခင်က ပြသခဲ့သော ခွန်အားသည် အလွန်ကို သန်မာလွန်းသည်။
စူးချန်ကဲသည် သူ့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယူဆထားသည်။
ဆိုရိုးစကားအတိုင်း ၊ ကိုယ့်ကိုယ်ကိုယ်နှင့် ရန်သူ၏အကြောင်းကို သိရှိခြင်းသာလျှင် တိုက်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်ဖို့ အဓိကသော့ချက် ဖြစ်သည်။
ထို့ကြောင့်၊ ဤအခွင့်အလမ်းကို အသုံးချကာ သူသည် စူးချန်ကဲ နှင့်ပတ်သတ်သော အချက်အလက်များကို စုဆောင်းလိုသည်။ ယင်းက အနာဂတ်တွင် စူးချန်ကဲကို ကိုင်တွယ်ဖြေရှင်းရာ၌ သူသည် ပို၍ ကောင်းမွန်သော အခွင့်အလမ်းကို ရရှိနိုင်ပေလိမ့်မည်။
ထိုနည်းတူစွာ ၊ ထျန်းဟိုင်ဓားဂိုဏ်း ၏ ကောင်းကင်ဓားအမွေခံ လင်းဟန် သည်လည်း ဤသို့ပင် တွေးထားသည်။
သူသည်လည်း ထျန်းဟိုင်ဓားဂိုဏ်း မှ လူများကို ဦးဆောင်ကာ ဝေးရာအရပ်တွင် ရပ်နေပြီး စစ်မြေပြင်အတွင်းရှိ မိုးလေဝသ အပြောင်းအလဲကို ကြည့်ရှုနေခဲ့သည်။
…………
ဤဖရိုဖရဲ တိုက်ပွဲသည် လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်ဟု ဆိုနိုင်သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ နေရာတစ်ဝှမ်းလုံး ဤမျှ အားကောင်းသော အသံလှိုင်း၏ သက်ရောက်မှုဒဏ်ကို ခံစားခဲ့ရသည်။
လျှို့ဝှက်သော ဂူတစ်ခုအတွင်း၌ ၊
နောက်ထပ် အမှောင်ရုပ်သေးတစ်ခုဖြင့် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ပုန်းကွယ်နေသော ရှစ်ထျန်းတိ့သည်လည်း ဆူညံသံများကို ကြားခဲ့ရသည်။
“ ဟမ်..... ဒါက အတော်လေး ကြောက်စရာကောင်းတဲ့ တိုက်ပွဲလှုပ်ရှားမှုပဲ.... ပြီးတော့ သေးသေးလေးလည်း မဟုတ်ဘူး....”
ရှစ်ထျန်းတိ့ သည် သေသေချာချာ အာရုံခံလိုက်ပြီး သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
“ ဒီပုံစံကိုကြည့်ရင်၊ ဒါဟာ မိုးမြေတစ်ခုလုံးကိုတောင် တုန်လှုပ်စေတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ရမယ်...ဟားးးဟားး အမှောင်ထုကို မွေးထုတ်ဖို့.....”
သို့သော် ရှစ်ထျန်းတိ့၏ စကားများသည် ရုတ်တရက် ရပ်တန့်သွားသည်။
အကယ်၍ သူသည် အကွက်မှားချမိကာ စူးရွှမ် သကောင့်သား၏ သတိထားခြင်းကို ခံလိုက်ရပါက ၊ လက်ရှိအမှောင်ရုပ်သေးလည်း အမှောက်သိပ်ခံရနိုင်သည်။
ယင်းအစား လုံခြုံသောနေရာတွင် နေထိုင်ကာ စူးရွှမ်၏ ရည်ရွယ်ချက်ကို တိုးတိုးတိတ်တိတ် စုံစမ်းခြင်းက ပို၍ ကောင်းပေလိမ့်မည်။
“ဟမ်! စူးရွှမ်၊ မင်းက ရည်ရွယ်ချက်ရှိရှိ ငါ့ရဲ့ ကိစ္စကောင်းကို ဖျက်ဆီးသွားတာ၊ ဒီကိစ္စ လွယ်လွယ်နဲ့ ပြီးသွားမယ် မထင်နဲ့!”
ရှစ်ထျန်းတိ့သည် စူးရွှမ် ကျန်ရစ်ခဲ့သော ရောင်ဝါမှ တဆင့် နတ်ဘုရားလက်နက် အမတမျှော်စင်၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်လာခဲ့သည်။
အမှောင်မူလရင်းမြစ် ကမ္ဘာ ၏ အမှောင်ထုအမတဧကရာဇ်မင်း အဖြစ်၊ သူသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးကို စတင်ခဲ့သူ ဖြစ်သည်။
ရှစ်ထျန်းတိ့သည် သူ့ကိုယ်ပိုင် သတင်းကွန်ရက်နှင့် နည်းလမ်းများကို အသုံးချကာ နတ်ဘုရားလက်နက် အမတမျှော်စင် နှင့် ပတ်သက်သော လျှို့ဝှက်ချက်အချို့ကို စုဆောင်းထားနိိုင်ခဲ့သည်။
ကောလဟလအရ၊ နတ်ဘုရားလက်နက် အမတမျှော်စင်၏ အတွင်းပိုင်းတွင် ဓားတစ်လက် ဝှက်ထားပုံရပြီး ၊ ၎င်းသည် သံသရာစက်ဝန်း စွမ်းအား ရှိသော မူလအမတလက်နက် တစ်ခုဖြစ်သည်ဟု ဆိုကြသည်။
ဤသံသရာစက်ဝန်း စွမ်းအား ရှိသော မူလအမတလက်နက်သည် ဒေဝလောက၏ ကံအကျိုးဆက်ကို ဖြေရှင်းနိုင်သော ဒဏ္ဍာရီထဲက ရတနာတစ်ခု ဖြစ်ပေသည်။
သူ၏ ခန့်မှန်းချက်အရ၊ စူးရွှမ်သည် ထိုမူလအမတလက်နက်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပေမည်။
သို့သော် ဤသည်မှာ အရေးကြီးဆုံးအရာ မဟုတ်ပေ။
“ငါ ကြားတာတော့.... နတ်ဘုရားလက်နက် အမတမျှော်စင် ရဲ့ ကျောက်ဟွ အမတဧကရာဇ်မင်း က လက်နက်ပြုလုပ်တဲ့အရာမှာ အတုမရှိဘူး၊ သူ အသက်ရှင်စဉ်တုန်းက သူ့အတွက် သံမဏိခန္ဓာတစ်ခုကို အထူးပြုလုပ်ခဲ့တယ်ဆိုပဲ.....”
“နတ်ဘုရားလက်နက် အမတမျှော်စင် ကို ရှာတာ ဒီလောက်တောင် ကြာနေပြီ ၊ ကျောက်ဟွ အမတဧကရာဇ်မင်း နဲ့ ပတ်သက်တာ လုံးဝမှ ရှာမတွေ့ဘူး..... နည်းနည်းလေးတောင်မှ မရှိဘူး.....”
“ ကြည့်ရတာ ၊ ကျောက်ဟွ အမတဧကရာဇ်မင်း ရဲ့ သံမဏိခန္ဓာက နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အတွင်းပိုင်းမှာ ဝှက်ထားဖို့ အလားအလာများတယ်.....”
ဤအထိ စဉ်းစားလိုက်သည်နှင့်၊ ရှစ်ထျန်းတိ့ ၏ မဲနက်သော မျက်လုံးများသည် ဝင်းလက် တောက်ပသွားသည်။
“ဟားး...... ငါသာ အဲ့သံမဏိခန္ဓာကို ရှာတွေ့ပြီး၊ အမှောင်ထုအဖြစ် တိုက်စားနိုင်ရင်.....”
“စူးရွှမ်...... စူးချန်ကဲ.... မင်းတို့အားလုံး ငါ့လက်ချက်နဲ့ သေရမယ်!”
ရှစ်ထျန်းတိ့ သည် အေးစက်စွာ ရယ်မောလိုက်ရင်း သူ၏ရောင်ဝါကို အနိမ့်ဆုံးအထိ လျှော့ချကာ အတွင်းပိုင်းဆီသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏ ပုံသဏ္ဍာန်သည် မှောင်မိုက်နေသော လမ်းကြောင်းအတွင်း လုံးဝ ပျောက်ကွယ်သွားပြီး၊ ပို၍ ကြီးမားသော အမှောင်အန္တရာယ်ကြီး တစ်ခု ရောက်ရှိလာတော့မည့် အရိပ်အယောင်ကို ဖော်ပြနေသည်။
………
တစ်ချိန်တည်းမှာပင်။
ဟွရှင်းရှေးဟောင်းမြို့ ၊
အင်အားစု ငါးဖွဲ့၏ ဖရိုဖရဲ စစ်ပွဲကြီး စတင်ခဲ့သည်နှင့် အမျှ ၊
ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ ပါရမီရှင်များသည် ယွမ်ချန်းဟုန်၏ အသက်ဘေးကို ကာကွယ်ရန် စူးချန်ကဲအား အရူးအမူး တားဆီးနေလေ၏။
“မြန်မြန်! စူးချန်ကဲ ကို တားဆီးကြ! သူ့ကို ချန်းဟုန် မင်းသားဆီ မချဉ်းကပ်စေနဲ့!”
ကွေးယွမ်အမတဂိုဏ်း နှင့် ယောင်ကွမ်အမတဂိုဏ်းတို့၏ လူဦးရေသည် အခြားဂိုဏ်းသုံးခုနှင့် နှိုင်းယှဉ်ပါက အတော်လေး ကွာဟချက်ရှိသည်။
တစ်ချိန်တည်းမှာပင် ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ စစ်မှန်အမတ နယ်ပယ်အဆင့်(၉)ရှိ ပါရမီရှင် လေးဦးသည် စစ်ပွဲအကွက်ထဲမှ ဖောက်ထွက်လာခဲ့သည်။
၎င်းတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသော မှော်အတတ်များကို အသက်သွင်းကာ မတူညီသော ဦးတည်ရာများမှ ပြေးလာပြီး စူးချန်ကဲအား တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။
“အတူ တတ် ၊ သူ့ကို တားဆီးကြ!”
ဝုန်း ! ဝုန်း !
ဖျက်ဆီးခြင်း အလင်းတန်း လေးခုသည် ကြောက်ခမန်းလိလိ နိယာမလှိုင်းတံပိုးများကို ဆောင်ကျဉ်းကာ မိုးနှင့်မြေကြား ဖြတ်သန်းဝင်ရောက်လာသည်။
“ဖယ်ကြစမ်း !”
ထိုအရာကို မြင်လိုက်ရသော စူးချန်ကဲသည် အေးစက်သော မျက်လုံးများဖြင့် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ၊ သူ့ လက်ထဲရှိ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား ကို ဝှေ့ယမ်းကာ အလင်းတန်းလေးခုကို ချက်ချင်းလက်ငင်း ခုတ်ပိုင်းပစ်လိုက်သည်။
ဝုန်း !!
ဓားအလင်းများသည် တစ်ခုနှင့်တစ်ခု ပိုင်းဖြတ်ကာ အဆိုပါ အလင်းတန်းလေးခုကို နှစ်ပိုင်းခွဲပစ်ခဲ့သည်။
နောက်ဆက်တွဲ စွမ်းအင်လှိုင်းတံပိုးများသည် လျော့ပါးမသွားဘဲ ဆက်လက်တည်ရှိနေပြီး ၊ အားကောင်းသော ဓားစွမ်းအင်မုန်တိုင်းသည် ကျန်းတစ်ရာ ရှည်လျားသော အာကာသကို ဖြတ်သန်းတိုက်ခတ်သွားပြီး မရေမတွက်နိုင်သော ဖုန်မှုန့်များကို ဖြစ်ပေါ်စေကာ ဧရိယာတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
အတုမရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားသေ ပါရမီရှင် လေးဦးမှာ စူးချန်ကဲ၏ ဓားလေးချက်အောက်တွင်၊ ပါးစပ်ထဲမှ သွေးများ ပန်းထွက်ကာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ အဝေးသို့ လွင့်ထွက်သွားကြသည်။
စူးချန်ကဲ၏ ဓားချက်အောက်တွင် ၊ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။
“အသုံးမကျတဲ့ကောင်တွေ!!! တကယ်ကို အသုံးမကျတဲ့ကောင်တွေ!!”
ထိတ်လန့်တကြား ထွက်ပြေးနေသော ယွမ်ချန်းဟုန် သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ဂရုတစိုက် ပြုစုပျိုးထောင်ထားသော ပါရမီရှင်များသည် စူးချန်ကဲ၏ ဓားတစ်ချက်ကို မတားဆီးနိုင်လောက်အောင်ပင် အသုံးမဝင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ယင်းအစား ယွမ်ချန်းဟုန်၏ ခြေလှမ်းများသည် ပို၍ပင် မြန်ဆန်လာသည်။
သို့သော် ထိုအချိန်တွင်၊ သေမင်းနတ်ဘုရား၏ တီးတိုးသံကဲ့သို့ အသံတစ်သံသည် ယွမ်ချန်းဟုန် ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ဟေး... မင်းက လိပ်ခေါင်းလျှို့ကောင်လို့ ထင်ခဲ့တာ၊ ပြေးတဲ့အခါကြ ခွေးထက်တောင် မြန်နေမယ်လို့ ထင်မထားဘူး”
“ မင်း ပြေးတာ ဒီလောက်ကြာနေပြီ၊ သွားဖို့ အချိန်ပြီလို့ မထင်ဘူးလား”