အမတနယ်မြေ၏ သစ္စာဖောက်များ
Vol. 58 Ch. 769
ထိုအချိန်တွင် ၊
နတ်မြူခိုးများအတွင်း ပုန်းကွယ်နေသည့် ကြော့ရှင်းလှပသော အမျိုးသမီးတစ်ဦးနှင့် ရှိနေခဲ့သည်။
သူမထံမှ ဖြာထွက်နေသည့် သိပ်သည်းသော အသက်စွမ်းအင်များမှ ခံစားသိရှိနိုင်သည်မှာ၊ ဤသူမှာ ဒေဝလောက၏ ပထမဆုံးသော နတ်ဘုရားမိုးမခ၊ ပီယွီ့ကောင်းကင်အရှင်သာ ဖြစ်သည်။
ယခုအချိန်တွင် ပီယွီ့ကောင်းကင်အရှင် ၏ ရှေ့မှောက်၌ ၊ အားနည်းသော လူပုံရိပ်တစ်ခုသည် သူမ၏ ဖိနှိပ်မှုကို ခံနေရသည်။
အတိအကျဆိုရလျှင်ဖြင့် ၊ မိုးမခကိုင်းများသည် ၎င်းကို ရစ်ပတ်ကာ ဟင်းလင်းပြင်တွင် ချိတ်ဆွဲထားသည်။
ထိုအနှီလူ၏ ရောင်ဝါမှာ ဖျော့တော့နေပြီး ၊ ဒဏ်ရာအပြင်းအထန် ရရှိထားပုံရသည်။
၎င်း၏အမည်မှာ ချန်းယွင် ဖြစ်ပြီး၊ အမတဘုရင် အဆင့်ရှိ စွမ်းအားရှင်တစ်ဦး ဖြစ်ကာ ယွမ်ချန်းဟုန်၏ ကာကွယ်စောင့်ရှောက်သူလည်း ဖြစ်သည်။
အမတဘုရင် အဆင့်ရှိ စွမ်းအားရှင်သည် ဒဏ္ဍာရီထဲတွင် မသေမျိုးတို့၏ ဘုရင်ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် ယခုအချိန်တွင် ခုခံနိုင်စွမ်း မရှိသော ကြက်ပေါက်ကလေး တစ်ကောင်ကဲ့သို့ လေတွင် ချိတ်ဆွဲထားခံနေရပြီး၊ မည်သို့ပင် ရုန်းကန်လှုပ်ရှားပါစေ သူသည် ဤမိုးမခကိုင်းများ၏ ရစ်ပတ်ခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင်၊ ချန်းယွင်သည် စိတ်ပျက်အားငယ်နေပြီး ၊ သူ့ကိုယ်သူ အလွန်အမင်း နောင်တရနေခဲ့သည်။
သူသည် ယွမ်ချန်းဟုန်၏ ကာကွယ်စောင့်ရှောက်သူအဖြစ် လုပ်ဆောင်ရန် ဤမျှထိ အင်အားမစိုက်ထုတ်ခဲ့သင့်ပေ။
ယွမ်ချန်းဟုန် အခက်အခဲနှင့်ကြုံတွေ့နေစဉ်က ၊ မဟာလမ်းစဉ် အာကာသအတွင်း ပုန်းအောင်းနေခဲ့သော ချန်ယွမ်သည် မိမိ၏ အင်အားဖြင့် မင်းသားဖြစ်သူကို အကူအညီပေးရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် သူ့ခမျာ ဝင်ရောက်မစွက်ဖက်ရသေးခင် ၊ မည်သည့်နေရာကနေ ပေါ်လာမှန်း မသိသည့် ပီယွီ့ကောင်းကင်အရှင်၏ ဖိနှိပ်မှုကို တိုက်ရိုက် ခံယူလိုက်ရမည်ဟု မျှော်လင့်မထားခဲ့ပေ။
ထျန်းယွမ်နတ်ဘုရားမင်းဆက် ၏ ထိပ်တန်း စွမ်းအားရှင်တစ်ဦးအနေဖြင့်၊ သူသည် ပီယွီ့ကောင်းကင်အရှင် နှင့် ပတ်သတ်သော သတင်းများကို သဘာဝကျကျ ကြားဖူးထားသည်။
ထိုပုဂ္ဂိုလ်သည် ထျန်းယွမ်နတ်ဘုရားမင်းဆက် ဘုရင်ထက်ပင် ရှေးကျသော တည်ရှိမှုတစ်ခုဖြစ်သည်။
တားမြစ်အင်အားစု သုံးဖွဲ့သည် ဤမျှ ကြီးကျယ်ခမ်းနားသော ပီယွီ့ကောင်းကင်အရှင်ကိုပင် စူးချန်ကဲ၏ ကာကွယ်စောင့်ရှောက်သူအဖြစ် ခန့်အပ်ရန် ဆွဲဆောင်နိုင်ခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှ သူ မျှော်လင့်မထားခဲ့ပေ။
ဘယ်သူကများ သူမကို စိန်ခေါ်ရဲမှာလဲ?!
သူ့ကို ပို၍ အားပျက်စေခဲ့သည့်အရာမှာ၊ ရန်သူသည် သူ့ကို ဖိနှိပ်ထားရုံသာမက ၊ ထူးခြားသော မဟာလမ်းစဉ် နယ်ပယ်တစ်ခုကို ဖွဲ့စည်းလိုက်ကာ၊ သူ၏ နတ်ဘုရားဝိညာဉ်ကို ထုတ်လွှတ်၍ ဆက်သွယ်မှု မပြုလုပ်နိုင်ရန် တားဆီးထားခဲ့သည်။
သူသည် ပီယွီ့ကောင်းကင်အရှင်၏ လက်ချက်ဖြင့် ဤနေရာတွင် သေဆုံးသွားခဲ့လျှင်ပင် ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။
“ကောင်းကင်အရှင် လူကြီးမင်း….. ကျွန်တော့်ကို အသက်ချမ်းသာပေးပါ ကျွန်တော် မဟာလမ်းစဉ် ကျိန်ဆိုချက်နဲ့ ကတိပြုပါတယ်…..”
“ကျွန်တော် ထျန်းယွမ်နတ်ဘုရားမင်းဆက် ကနေ ခွဲထွက်ဖို့ ဆန္ဒရှိပါတယ်…. ဒီကိစ္စကိုလည်း လုံးဝ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး…..”
ချန်းယွင်သည် လက်ရှိတွင် အတော်လေး ထိတ်လန့်နေသည်။ ပီယွီ့ကောင်းကင်အရှင်၏ ရှေ့တွင်၊ သူသည် အမတဘုရင် တစ်ဦး ဖြစ်သော်လည်း တုပ်တုပ်မှ မလုပ်နိုင်ခဲ့ပေ။
လက်ရှိ သူ့အနေဖြင့် မဟာလမ်းစဉ်ကို ကျမ်းကျိန်၍ အသက်ကို ခွင့်လွှတ်ပေးရန် တောင်းဆိုရုံသာ တတ်နိုင်သည်။
သို့သော်၊ ပီယွီ့ကောင်းကင်အရှင်သည် ၎င်း၏ အချည်းနှီးစကားများကို နားထောင်ရန် ပျင်းရိနေပုံရသည်။
“ မူလသို့ ပြန်လည်ရောက်ရှိခြင်း”
ထိုစကားသံအဆုံးတွင် ၊ ပီယွီ့ကောင်းကင်အရှင် သည် သူမ၏ လက်ဝါးကို ရှေ့သို့ ညင်သာစွာ တွန်းထုတ်လိုက်သည်။
ဝုန်း !!
ဖော်ပြရန် ခဲယဉ်းသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
တောက်ပသော မြစိမ်းရောင် တိမ်ပင်လယ်တစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် မျောလွင့်နေသည်မှာ နေ နှင့် လ တိုက်မိသကဲ့သို့ ၊ ကမ္ဘာမြေကို တုန်လှုပ်စေသော စွမ်းအင်လှိုင်းတံပိုးများဖြင့် ပေါက်ကွဲထွက်လာသည်။
ဤစွမ်းအင်မုန်တိုင်း၏ လွှမ်းမိုးမှုအောက်တွင်၊ အာကာသသည်ပင် အလွန်အမင်း ပုံပျက်သွားသည်။
“ခဲစေ”
စကားလုံး တစ်လုံးကို တိုးတိုးလေး ရေရွတ်လိုက်သည်နှင့် ၊
ဆူညံသံများနှင့်အတူ တသိမ့်သိမ့် ရိုက်ခတ်နေသော အာကာသဟင်းလင်းပြင်သည် ချက်ချင်းပင် ရပ်တန့်သွားသည်။
အလွန်ကြောက်မက်ဖွယ် ကောင်းသော အင်အားတစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရသကဲ့သို့ ဤနေရာရှိ အာကာသသည် သိသိသာသာ ကျုံ့ဝင်လာသည်။
ကက်ကက်ကက်……
ဖိသိပ်မှုကြောင့် ဖြစ်ပေါ်လာသော အရိုးအက်သံတစ်ခု ထွက်ပေါ်လာသည်။
“မလုပ်ပါနဲ့…. မလုပ်ပါနဲ့…. ကောင်းကင်အရှင် လူကြီးမင်း အသက်ချမ်းသာပေးပါ….. အားအား!!!”
အမတဘုရင် အဆင့်ရှိ စွမ်းအားရှင်တစ်ဦးသည် ဤကြောက်မက်ဖွယ်ရာ အင်အား၏ လွှမ်းမိုးမှုအောက်တွင်၊ အမှုန့်ကြိတ်ခံလိုက်ရသည်။
မကြာမီ ၊
အဆိုပါ ကြောက်ခမန်းလိလိ အင်အား ပျောက်ကွယ်သွားပြီးနောက်၊
ထိုအမတဘုရင် အဆင့်ရှိ စွမ်းအားရှင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ နေရာတွင် စိမ်းပြာရောင် ပုလဲတစ်လုံးသည် လေထဲတွင် မျောလွင့်နေပြီး အကန့်အသတ်မရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသကဲ့သို့ တလက်လက် တောက်ပနေသည်။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသည်။ အမတဘုရင် အဆင့်ရှိ စွမ်းအားရှင်တစ်ဦးသည် ပီယွီ့ကောင်းကင်အရှင်၏ လက်အောက်တွင် သန့်စင်ခံလိုက်ရချေပြီ။
ပီယွီ့ကောင်းကင်အရှင်သည် သူမ၏ လက်ညှိုးဖြင့် တို့ထိလိုက်သည်နှင့် ၊ မျောလွင့်နေသော စိမ်းပြာရောင် ရတနာပုလဲသည် ဆင့်ခေါ်ခြင်းကို ခံလိုက်ရသကဲ့သို့ သူမ၏ လက်ဝါးပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်လာသည်။
ထို့နောက် ပီယွီ့ကောင်းကင်အရှင် ၏ တီးတိုးပြောသံကို ကြားလိုက်ရသည်။
“ဒီအာကာသကို ပိတ်ဆို့ထားပြီးပြီ၊ ဒီကောင်ကိုလည်း သန့်စင်လိုက်ပြီဆိုတော့ ထျန်းယွမ်နတ်ဘုရားမင်းဆက် က ကောင်တွေ သဲလွန်စ တစ်စုံတစ်ရာ သိလိုက်မှာ မဟုတ်ဘူး”
“အိုင်း….. အစကတော့ နင့်ကို ဒီလိုဒုက္ခမပေးချင်ပေမယ့်၊ ကွေးယွမ်အမတဂိုဏ်း က အဘိုးကြီး က အလုပ်ကို သန့်သန့်ရှင်းရှင်း လုပ်ခိုင်းထားတယ်”
“အဲ့တော့ အရိုးပြာတစ်မှုန့်မှ မကျန်ရစ်အောင် သန့်စင်ရုံမှတပါး အခြားရွေးချယ်စရာ မရှိဘူး”
သို့သော် ချန်းယွင် အမတဘုရင် ကို ဖြေရှင်းပြီးနောက်၊ ပီယွီ့ကောင်းကင်အရှင်သည် ပျောက်ကွယ်မသွားချေ။
သူမ၏ မျက်ဝန်းတစ်စုံစည် မဟာလမ်းစဉ် အာကာသအတွင်းရှိ မထင်မရှား ထောင့်တစ်နေရာဆီသို့ စိုက်ကြည့်နေသည်။
ထို့နောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊
ဝီ——
မဟာလမ်းစဉ် အာကာသအတွင်း ၊ တောက်ပသော လှိုင်းဂယက်များ တစ်ပြိုင်နက် ဖြစ်ပေါ်လာခဲ့သည်။
မူလက ငြိမ်သက်နေသော အာကာသသည် နောက်တစ်ဖန် လှိုင်းထသွားပြီး မိုးမခကိုင်းများစွာ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု အလွှာလိုက် ထပ်နေကာ၊ ဤနေရာတစ်ခုလုံးကို လုံးဝ ပိတ်ဆို့ထားဟန် ရှိသည်။
ပီယွီ့ကောင်းကင်အရှင်သည် အာကာသကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည့် အခိုက်အတန့်မှာပင် ၊
မဟာလမ်းစဉ် အာကာသအတွင်း၌ ပြင်းထန်သော လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်ကို တစ်စုံတစ်ဦးသည် သတိပြုမိသွားပုံရကာ အာကာသဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် ဝေးရာသို့ ထွက်ပြေးရန် ကြိုးစားခဲ့သည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ၊ ပီယွီ့ကောင်းကင်အရှင်၏ နှုတ်ခမ်းထောင့်များသည် ပြက်ရယ်ပြုသည့် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
“ထွက်ပြေးချင်တာလား”
“ပီရွှမ် ကောင်းကင်ကို ပိတ်ဆို့ခြင်း!”
ပီယွီ့ကောင်းကင်အရှင် ၏ အေးစက်သော ဟစ်အော်သံနှင့်အတူ ၊
မိုးမြေတစ်ခွင်လုံး တိတ်ဆိတ်သွားပြီး၊ မြစိမ်းရောင် အလင်းများသည် ရုတ်ချည်း ထွက်ပေါ်ကာ စုပြုံလာကြသည်။
မူလက မှောင်မိုက်နေသော မဟာလမ်းစဉ် အာကာသသည် ချက်ချင်းလက်ငင်း မြစိမ်းရောင် အလင်းပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ၊ အလွန်ကြီးမားသော မိုးမခကိုင်းများသည် ဤမဟာလမ်းစဉ် အာကာသတစ်ခုလုံးကို နတ်ဘုရားမိုးမခ ပိုင်ဆိုင်ရာ လောကတစ်ခုထဲသို့ ဆွဲသွင်းလိုက်သည်။
“ဂုဏ်သရေရှိလှတဲ့ ကောင်းကင်အရှင် က အငယ်တွေကို အနိုင်ကျင့်တော့မလို့လား”
“ကျွန်တော်တို့ သင့်ကို မစော်ကားဖူးဘူး”
မိုးမခပင်ကြီးသည် ယိမ်းနွဲ့သွားသည်နှင့်အမျှ၊ မဟာလမ်းစဉ် အာကာသရှိ လျှို့ဝှက်နေရာမှ အမတ အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော နိယာမများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများရှိသည့် ပုံရိပ်နှစ်ခုကို ဖွဲ့စည်းခဲ့ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အမတအလင်းများဖြင့် ထိန်လင်းတောက်ပနေသည်။
၎င်းတို့မှာ ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမ တို့မှ အမတဘုရင် အဆင့်ရှိ စွမ်းအားရှင် နှစ်ဦးသာ ဖြစ်သည်။
“ အကြီးဖြစ်ပြီး အငယ်ကို အနိုင်ကျင့်ချင်တာတဲ့လား”
ထိုစကားကို ကြားလိုက်ရသော ပီယွီ့ကောင်းကင်အရှင် သည် မထီမဲ့မြင်ဟန်ဖြင့် ရယ်မောလိုက်သည်။
“အခြားသူဆိုရင်တော့ ၊ ငါ ကောင်းကင်အရှင် က အငယ်တစ်ယောက်ကို အနိုင်ကျင့်မှာ မဟုတ်ဘူး”
“ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက၊ မင်းတို့ အင်အားစုနှစ်ဖွဲ့ကတော့ ချွင်းချက်ပဲ “
“ဘာပဲဖြစ်ဖြစ် မင်းတို့က အမတနယ်မြေ ရဲ့ သစ္စာဖောက်တွေလေ”