← Chapters

ကျန်းဟန်ယင်း

Vol. 3 Ch. 240

ကျန်းဟန်ယင်း

Vol. 3 Ch. 240

ဆန်းလျန်က ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်၏ ထိန်းချုပ်မှု အဆင့်ကို အသုံးပြုထားသည့် အတွက် မည်သည့် အရံအတားကို မဆို ထိုးဖောက် ဝင်ရောက် နိုင်လေသည်။

ချွင်ယန်တာအို နန်းတော်မှာ တပည့်နှစ်ယောက်မှာ ဆန်းလျန်မှာ ကြီးမြတ်သည့် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်သည်ဟု မည်သို့မျှ ထင်မှတ်မည် မဟုတ်ပေ။ ထျန်းဟွာနယ်ရှိ နတ်ဘုရား ဂိုဏ်းဆယ်ဂိုဏ်းထက် ချင်းရွှမ် နတ်တံခါးက အဆင့်နိမ့်ကျခြင်း မရှိပေ။ ထျန်းဟွာ နယ်တစ်ခုလုံးတွင်ပင် ချင်းရွှမ်နတ်တံခါးမှ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ယှဉ်ပြိုင်နိုင်သည့် ကျင့်စဉ်မရှိပေ။

ဆန်းလျန်မှာ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်ရုံသာမက ယွမ်ကျိုးနယ်ရှိ ကျင့်ကြံသူ လောကတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။ ယိချီရွှမ်ယန် အရံအတား ထောင်ချောက်သည် သူ့ကိုသာ တားဆီးနိုင်မည်ဆိုလျှင် လူရယ်စရာ ဖြစ်ပေလိမ့်မည်။

ကျောက်တုံးများ၊ သစ်မာပင်များ၊ မြက်ရိုင်းများမှာ တကယ်တော့ အသက်ဓာတ် စွမ်းအားများကို အသွင်ပြောင်းကာ ဖန်ဆင်းထားခြင်း ဖြစ်လေသည်။ အရံအတား ထောင်ချောက် အတွင်းသို့ ဝင်ရောက်လာပါက ထိုအသက်ဓာတ် စွမ်းအားများမှာ သားရဲများ အသွင်ကူးပြောင်း သွားပြီး ဝင်ရောက် လာသူကို တိုက်ခိုက် ကြမည် ဖြစ်လေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ ထိုသားရဲများဖြင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့ခြင်း မရှိပါ။ သို့သော် သူတို့က အရံအတား ထောင်ချောက်ကို ဖျက်ဆီးပြီး ကိုယ့်ဒုက္ခကိုယ် မရှာချင်သောကြောင့်သာ လျှို့ဝှက်ပြီး ထောင်ချောက် အတွင်းသို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီက သူနှင့် ဆန်းလျန်မှာ တန်ခိုးစွမ်းအား သိပ်ပြီး ကွာခြားခြင်း မရှိဟု ယူဆထားသည့်တိုင် စိတ်ပျက် အားလျော့ နေမိလေသည်။ ဆန်းလျန်မှာ ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်မှ နောက်ဆုံး အဆင့်ဖြစ်သည့် ဖော့ဝမ့် အဆင့်သို့ပင် တက်ရောက်နိုင်ခြင်း မရှိသေးသည့်တိုင် သူ၏ တန်ခိုးစွမ်းအားမှာ ခန့်မှန်း၍ မရနိုင်လောက်အောင် မြင့်မားနေပြီ ဖြစ်လေသည်။

သို့သော် ကျောက်ရှောင်ယွီက အချိန်အကြာကြီး စိတ်ပျက် အားလျော့ နေခြင်းတော့ မရှိပါ။ သူမ ရင်ထဲမှ ရည်မှန်းချက်များ အတွက် စိတ်အား ပြန်တင်းလိုက်လေသည်။

ကျောက်ရှောင်ယွီမှာ ဆန်းလျန် အကြောင်းကို တွေးနေသည့်တိုင် သတိ လွတ်သွားခြင်းတော့ မရှိပါ။ သူတို့ နှစ်ယောက်သည် အလွန် လျင်မြန်လှသော အရှိန်ဖြင့် လမ်းလျှောက်လာလေရာ မိုင်သုံးဆယ် လေးဆယ်ခန့်ပင် ခရီးရောက်လာပြီ ဖြစ်လေသည်။

ဆန်းလျန်က ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျောက်တုံးကြီး တစ်ခုထက်တွင် မတ်တတ် ရပ်လိုက်သည်။

"ကျွန်မတို့ ထောင်ချောက်ရဲ့ အတွင်းပိုင်းကို ရောက်လာကြပြီလား"

ကျောက်ရှောင်ယွီက မေးလိုက်သည်။

ဆန်းလျန်က တစ်ချက် ပြုံးလိုက်ရင်း….

"ဟုတ်မယ် ထင်တယ်၊ ပြီးတော့ ကြည့်ရတာ ထောင်ချောက်ထဲကို ဝင်လာတာ ကျုပ်တို့ နှစ်ယောက်တည်း မဟုတ်ဘူး ထင်တယ်"

"ရှင်ကတော့ တကယ့် အချိန်ကောင်းမှာ လေစွမ်းအား သားရဲကို လာဖမ်း မိတာပဲ၊ လူကို စုံနေတာပဲ"

ကျောက်ရှောင်ယွီက ရယ်မောရင်း ပြောလိုက်လေသည်။

ဆန်းလျန်က ပတ်ဝန်းကျင်မှ သစ်ပင်များကို လေ့လာ နေလိုက်သည်။ မိုးမခပင်များမှာ အောက်ဘက်ပိုင်းတွင် အစီအရီ ပေါက်နေကြလေသည်။ ထိုသစ်ပင်များကြားမှ စမ်းချောင်း လေးထဲတွင် ရေများ တဗွမ်းဗွမ်း စင်သံ ထွက်ပေါ် လာလေသည်။ ကြည့်ရသည်မှာ ထိုနေရာမှ သားရဲနှစ်ကောင် သုံးကောင်ခန့် ဖြတ်သန်း သွားကြသည့် အသံမျိုး ဖြစ်လေသည်။

ဆန်းလျန်က မိုးမြေစွမ်းအားများကို အာရုံခံကြည့် လိုက်သည့် အခါတွင်တော့ ကျင့်စဉ် အမျိုးမျိုးကို ကျင့်ကြံ ထားကြသည့် ကျင့်ကြံသူ ခြောက်ယောက်ထက် မနည်း ရောက်နေကြသည်ကို အာရုံ ခံလိုက်မိလေသည်။ သူတို့အားလုံးမှာ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။

သူတို့၏ တည်ရှိမှုကို အာရုံခံနိုင်ရန်မှာ အလွန် ခက်ခဲလေသည်။

ဆန်းလျန်၏ ထုန်ထျန်း တန်ခိုး စွမ်းအားနှင့် ထိုက်ရွှီး တန်ခိုးစွမ်းအား များကြောင့်သာ မဟုတ်လျှင် ထိုလူများ ရောက်ရှိ နေသည်ကို အာရုံခံ၍ ရနိုင်မည် မဟုတ်ပေ။ ထိုအချိန်မှာပင် မိုင်ငါးဆယ်ခန့် အဝေးဆီမှ ဓားဝိညာဉ် တစ်ခု ထွက်ပေါ် လာလေသည်။ ထိုဓားဝိညာဉ်မှာ မြစ်ရေပြင်ထက်မှ ရေခိုးရေငွေ့များ ကဲ့သို့ အေးစက် လွန်းနေလေသည်။ ထိုဓားဝိညာဉ်ကို ခံစားမိသူတိုင်း ကျောရိုးထဲ အထိ အေးစိမ့် သွားလောက်လေသည်။

ထိုဓားဝိညာဉ်ကို ကြည့်ခြင်းအားဖြင့် ဓားသိုင်း ကျင့်ကြံသူမှာ ဓားပညာတွင် တစ်ဖက် ကမ်းခတ် ထက်မြက်သူ ဖြစ်ကြောင်း သိရှိနိုင်လေသည်။ ထိပ်တန်းအဆင့် ဓားသိုင်းသမား တစ်ယောက် ဖြစ်မည်မှာ မလွဲပေ။

ကျင့်ကြံသူများထဲတွင် ဓားသိုင်း ကျင့်ကြံသူများမှာ တန်ခိုးစွမ်းအား အဆင့် အမြင့်မားဆုံး သူများဟု ဆိုနိုင်လေသည်။

ထို့ပြင် ဓားသိုင်း ကျင့်ကြံသူများသည် အခြားသော ကျင့်ကြံသူများနှင့် တူညီခြင်း မရှိကြပေ။ နတ်ဘုရား ကျောင်းတော်များနှင့် ကျင့်ကြံသူ ဂိုဏ်းများသည် နတ်ဘုရား တစ်ပါး ဖြစ်ချင်သောကြောင့်သာ ကျင့်ကြံကြခြင်း ဖြစ်လေသည်။ ဓားသိုင်း ကျင့်ကြံသူများ ကတော့ သူတို့ ရှေ့မှ ရှိသမျှ အရာအားလုံးကို ဓားတစ်လက်၊ ဓားချက် တစ်ချက်တည်းဖြင့် ဖြေရှင်းလိုက်သည် ချည်းပင် ဖြစ်လေသည်။

ဆန်းလျန်၏ အစ်ကိုဖြစ်သူ ချန်ကျန့်မေသည်ပင် ထိုသို့သော လူစားမျိုး ဖြစ်လေသည်။

ဆန်းလျန်မှာ ဓားသိုင်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည့်တိုင် ဓားသိုင်း ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါ။ ထို့ကြောင့် သူကတော့ ကိစ္စရပ် အားလုံးကို ဓားတစ်လက်ဖြင့် ဖြေရှင်းတတ်သူ မဟုတ်ပေ။

ကျောက်ရှောင်ယွီ ကလည်း ဓားဝိညာဉ်ကို ခံစား လိုက်လိုက်လေသည်။ ထို့ကြောင့် သူမက မျက်မှောင်တစ်ချက် ကြုံ့လိုက်သည်။

"ကျုပ်တို့ သွားကြည့်ကြရအောင်"

ဆန်းလျန်က ပြောလိုက်တော့ ကျောက်ရှောင်ယွီက ခေါင်းညိတ် ပြလိုက်သည်။

သူမနှင့် ဆန်းလျန် လေထဲသို့ တစ်ချက် ခုန်ဝင် လိုက်လေသည်။

ကျောက်ဆောင်များ ကြားထဲတွင် တောင်ပေါ် စမ်းချောင်းလေး တစ်ခုကို တွေ့လိုက် ရလေသည်။ ထိုစမ်းချောင်းလေးမှာ ခြုံပုတ်များနှင့် သစ်ပင်ကြီးများ ကြားမှ ဖြတ်သန်းပြီး လှပစွာ စီးဆင်းနေလေသည်။

စမ်းချောင်းလေး စီးဆင်းသံမှာလည်း သာယာနာပျော်ဖွယ် ရှိလှသည်။ သဘာဝဆန်လွန်းလှလေသည်။ သဘာဝတရား၏ ဂီတသံဟုပင်ဆိုနိုင်လေသည်။

သူတို့နှစ်ယောက် စမ်းချောင်းလေးနားတွင်ဆင်းသက်လိုက်ပြီး ရှေ့သို့ အနည်းငယ် ဆက်လျှောက် လိုက်ကြသည်။

ထိုအချိန်မှာပင်…

ရှေ့ဘက် ပေတစ်ရာခန့် အကွာအဝေးရှိ သစ်ပင်ကြီး တစ်ပင်တွင် ကပ်နေသည့် လူတစ်ယောက်ကို သူတို့ တွေ့လိုက် ရလေသည်။ ထိုသူ၏ ဝမ်းဗိုက်တွင် ဓားနှစ်လက် စိုက်ဝင်နေပြီး ထိုဓားနှစ်လက်ကြောင့်ပင် ထိုသူမှာ သစ်ပင်ကြီးတွင် စိုက်ဝင် နေရခြင်း ဖြစ်လေသည်။ ဓားနှစ်လက်မှာ တစ်လက်က အနက်ရောင် တောက်ပနေပြီး ကျန်ဓားတစ်လက်က အဖြူရောင် တောက်ပ နေလေသည်။

ကျောက်ရှောင်ယွီ၏ ခြေလှမ်းများ တစ်ချက် တုံံ့ဆိုင်းသွားပြီး…

"ဒါ တာအိုဆရာချီရှုံရဲ့ ဓားမောင်နှံပဲ၊ ဘယ်လိုလုပ် ဒီနေရာကို ရောက်နေရတာလဲ"

တာအိုဆရာချီရှုံမှာ အလွန်ကျော်ကြားသည့် ပုံမှန် မဟုတ်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူက အမှတ်မထင် နတ်ဘုရားချစ်သူမောင်နှံနှင့် ဆုံတွေ့ခဲ့ရပြီး ဓားမှောင်နှံကို ရရှိခဲ့ခြင်း ဖြစ်လေသည်။ ထိုဓားမှောင်နှံမှာ ရှေးကျပြီး နတ်ဘုရားမောင်နှံ ရောင်စဉ်ဓားဟုလည်း လူသိ များကြလေသည်။

ထို့ပြင် ဓားမောင်နှံ ဓားသိုင်းပညာတွင် လောက အမှန်တရားများ ပါဝင်ပြီး အလွန် အစွမ်းထက်မြက်သည့် ဓားသိုင်းတစ်ခု ဖြစ်လေသည်။ လူအများ ပြောကြသည်မှာ တာအို ဆရာချီရှုံမှာ နတ်ဘုရား အမြုတေကို ရရှိပြီး ဟိုင်သန်းအဆင့်ကို အဆင့်လေးဆင့်ဖြင့် တက်ရောက်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ သူ၏ ဂုဏ်သတင်းမှာ ကြီးမားသည့်တိုင် သူ၏ အသက်မှာ နှစ်ပေါင်းရှစ်ရာ နီးကပ်လာပြီ ဖြစ်သည့် အတွက် လူ့ဘဝ သက်တမ်း ကုန်ဆုံးရမည့် အချိန်သို့ နီးကပ်လာပြီ ဖြစ်လေသည်။ ထို့ကြောင့် တာအို ဆရာချီရှုံ မှာလည်း လေစွမ်းအား သားရဲကို လာရှာသည့်သူ ဖြစ်နိုင်လေသည်။

ကျောက်ရှောင်ယွီက နတ်ဘုရား စွမ်းအား အသုံးပြုကာ ထိုသူမှာ တာအိုဆရာချီရှုံ ဟုတ် မဟုတ် အာရုံခံ ကြည့်လိုက်လေသည်။ ထိုသူမှာ တာအိုဆရာချီရှုံ ကိုယ်တိုင်ပင် ဖြစ်လေသည်။ သို့သော် တာအိုဆရာချီရှုံမှာ သူပိုင်ဆိုင်သည့် ဓားနှစ်လက်ဖြင့် အဘယ့်ကြောင့် သေဆုံး နေရပါသနည်း။

ဆန်းလျန်ကတော့ ရှေ့သို့ ဆက်သွား လိုက်လေသည်။ သို့သော် သူက အခြေအနေကို လေ့လာရင်း ခပ်ဖြည်းဖြည်းသာ သွားနေခြင်း ဖြစ်လေသည်။

စမ်းချောင်းလေး နံဘေးရှိ ခြုံပုတ် တစ်ခုပေါ်တွင် အပ်စကြာဘူးလေး တစ်ခုကို တွေ့လိုက်ရလေသည်။ အပ်စကြာဘူးလေးမှာ အရောင်မှိန်နေပြီ ဖြစ်သည်။ ခြုံပုတ်ပေါ်ရှိ သစ်ကိုင်းတစ်ခု ထက်တွင် အလောင်း တစ်လောင်းကို တွေ့လိုက်ရလေသည်။

ထိုအပ်စကြာဘူးလေးမှာ အသူရာ အပ်စကြာ ဖြစ်ကြောင်း ဆန်းလျန် သိလိုက်လေသည်။ ထိုအပ်စကြာ ဘူးလေးထဲတွင် စွမ်းအား လှည့်ပတ်မှုနှင့် ဆက်စပ်သည့် အပ်စကြာ သုံးရာ ခြောက်ဆယ့်ငါးခု ပါဝင်လေသည်။ ထိုအပ်စကြာဘူးလေး စွမ်းအား မြင့်လာသည့် အချိန်နှင့် ကျင့်ကြံသူ၏ တန်ခိုးစွမ်းအား ပေါင်းစပ်လိုက်ပါက မည်သို့မျှ ကာကွယ်ရန် မဖြစ်နိုင်တော့ပေ။ ထိုအပ် စကြာများဖြင့် ထိမိသူတိုင်းမှာ အသက် ဆုံးရှုံးရပြီး ဝိညာဉ်သည် အသူရာချောက်သို့ ကျိန်းသေ ရောက်ရှိသွားမည် ဖြစ်လေသည်။

ချောင့်တုန့် အဆင့်ကျင့်ကြံသူ တစ်ယောက်သည် အသူရာ အပ်စကြာကို အသုံးပြုပြီး ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့ဖူး လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အသူရာ အပ်စကြာမှာ မည်မျှ အစွမ်းထက်ကြောင်း သိသာနိုင်လေသည်။ သို့သော် အသူရာ အပ်စကြာကို ပိုင်ဆိုင်သူမှာ လူကောင်းထက် လူဆိုးတစ်ယောက်သာ ဖြစ်နိုင်လေသည်။

သူတို့နှစ်ယောက် အနည်းငယ် ရှေ့ဆက် သွားသည့် အခါတွင်တော့ ကျောက်ဆောင် တစ်ခုထက်တွင် အလောင်းတစ်လောင်းကို ထပ်မံ တွေ့မြင်ရပြန်လေသည်။ ထိုအလောင်းပေါ်တွင် ဓားဒဏ်ရာ နက်နက် တစ်ချက်ရှိနေလေသည်။ ဓားဒဏ်ရာမှာ အနက်ရောင်နှင့် အဝါရောင် ဖြစ်နေပြီး ဒဏ်ရာမှ သွေးများ ထွက်နေခြင်း မရှိပေ။ ထိုသူ၏ ခန္ဓာကိုယ်မှာ သာမန်ထက် အနည်းငယ် ကြီးမားနေလေသည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ်မှာ သက်ရှိ သံမဏိတိုင် တစ်ခုအလား မာကျော ကြံ့ခိုင်လွန်းလေသည်။ ထိုသူမှာ ဗုဒ္ဓဘာသာ ကျောင်းတော်များမှ ရွှေခန္ဓာကျင့်စဉ်နှင့် အရည်အချင်း ညီမျှသည့် "နတ်ဘီလူးကျင့်စဉ်" ကိုကျင့်ကြံထားသည့် လူတစ်ယောက် ဖြစ်လေသည်။ နတ်ဘီလူးကျင့်စဉ်မှာ တိမ်ကော ပျောက်ကွယ်လု နီးပါးဖြစ်နေသည့် ရှေးဟောင်း ကျင့်စဉ် တစ်ခုဖြစ်လေသည်။

ဒဏ္ဍာရီများထဲတွင်တော့ နတ်ဘီလူး ကျင့်စဉ်ကို ကျင့်ကြံလျှင် အဆုံးထိ ကျင့်ကြံနိုင်မှသာ နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်သည်ဟု အဆိုရှိလေသည်။ ထိုကျင့်စဉ် ကျင့်ကြံ အောင်မြင်ပါက တောင်များကိုပင် မနိုင်ပြီး မြစ်များကိုလည်း ထက်ပိုင်း ခွဲနိုင်မည် ဖြစ်လေသည်။ ထိုပညာသည် ရွှေခန္ဓာ ကျင့်စဉ်ထက် အဆင့်မနိမ့်ပေ။

ရှေးခေတ် အချိန်အခါတုန်းက ဒေသတစ်ခုတွင် တောင်ကြီး တစ်လုံး ကာဆီးနေသည့် အတွက် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့လေသည်။ မြစ်ရေများမှာ ပင်လယ်ထဲသို့ စီးမဝင်နိုင်သည့် အတွက် ဒေသတစ်ခုလုံးမှာ ရေနစ်မြုပ် ရလေသည်။ လူသားများမှာ ထိုဘေးဒုက္ခကို မခံစားနိုင်တော့သည့် အတွက် အနီးအနားရှိ ကျင့်ကြံသူများကို အကူအညီ တောင်းခဲ့ကြလေသည်။

ထိုအချိန်မှာပင် နတ်ဘီလူး ကျင့်စဉ်ကို ကျင့်ကြံသည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးပေါ်ထွက်လာပြီး ပိတ်ဆို့နေသည့် တောင်ကို ညတွင်းချင်းပင် ရွှေ့ပြောင်းကာ ဒေသ တစ်ခုလုံးကို ရေကြီးရေလျှံ ဘေးအန္တရယ်မှ ကယ်တင် ပေးခဲ့လေသည်။

ထို့ကြောင့်ပင် အချို့သော ဒေသများတွင် နတ်ဘီလူးဝတ် ကျောင်းတော်များ တည်ထား ကိုးကွယ်ကြပြီး ဆုတောင်းမှုများ ပြုလုပ်လေ့ ရှိကြလေသည်။

ကျောက်ဆောင်ပေါ်တွင် သေဆုံးနေသည့် လူ၏ နတ်ဘီလူး ကျင့်စဉ် စွမ်းအားမှာ သိပ်ပြီး နက်ရှိုင်းခြင်း မရှိသေးပါ။ ထို့ကြောင့် အန္တရယ်ကို မကျော်လွှားနိုင်ခြင်း ဖြစ်ဟန် တူလေသည်။ သူ၏ ဓားဒဏ်ရာမှာ သွေးမထွက်ဘဲ အနက်ရောင်နှင့် အဝါရောင် ပြောင်းသွားသည်ကို ကြည့်ခြင်းအားဖြင့် တောင်များကို လှုပ်ခါနိုင်သည့် နတ်ဘီလူးကျင့်စဉ် ပထမအဆင့်သာ အောင်မြင်သေးသူ ဖြစ်ဟန် တူလေသည်။ သို့သော် သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် တန်ခိုးစွမ်းအားများကို သာမန်အဆင့် ပုရွှီး အဆင့်ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ရင်ဆိုင်ရန် ခက်ခဲမည် ဖြစ်လေသည်။

ထို့ပြင် နတ်ဘီလူး ကျင့်စဉ်တွင် နောက်ထပ် ထူးခြားချက် တစ်ခု ရှိသေးသည်။ နတ်ဘီလူး ကျင့်စဉ်ကျင့်ကြံ သူ၏ အတွင်းအားမှာ သန့်စင်ပြီး အလွန်မှ သိပ်သည်းလေသည်။ ထိုသန့်စင်သည့် နတ်ဘုရား အတွင်းအား ကိုယ်ထဲတွင် စီးဆင်းနေသရွေ့ သူ၏ အသက် သေဆုံးနိုင်မည် မဟုတ်ပေ။ ရန်သူမှာ ကြောက်စရာ ကောင်းလွန်းပြီး သူ၏ ကိုယ်ထဲမှ နတ်ဘုရား အတွင်းအားကို ရပ်တန့် လိုက်နိုင်မှသာလျှင် ထိုသို့သော သူမျိုးကို အသေသတ် နိုင်မည် ဖြစ်လေသည်။

လက်ရှိ အချိန်တွင်တော့ နတ်ဘီလူး ကျင့်စဉ်ကို လေ့ကျင့်သည့် သူမှာ မရှိသလောက် နည်းပါးလာခဲ့ပြီ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်ရ ခက်ခဲပြီး ကျင့်ကြံစဉ်တွင်လည်း နာကျင်မှုကို ပြင်းထန်စွာ ခံစားရလေသည်။ ကျင့်စဉ် မအောင်မြင်မချင်း သာမန်လူ တစ်ယောက်ကဲ့သို့ပင် အသက်တိုမည် ဖြစ်ပြီး သက်တမ်းကို ဆွဲဆန့် မထားနိုင်ပေ။ ထို့ကြောင့် သက်တမ်းမကုန်မီ အပြင်းအထန် လေ့ကျင့်ရလေသည်။

ယခုတော့ ရှားရှားပါးပါး နတ်ဘီလူးကျင့်စဉ် ကျင့်ကြံသူ တစ်ယောက် သေဆုံးသွားပြီ ဖြစ်သည့်အတွက် ထိုပညာကို ဆက်ခံသူပင် မရှိလောက်တော့ပေ။ စိတ်မကောင်းစရာ ဖြစ်ရပ်ပင် ဖြစ်လေသည်။

"ရှင်နဲ့ ကျွန်မ နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင်တောင် ဒီ ကျင့်ကြံ သူသုံးယောက်ကို ဒီလောက်မြန်မြန် အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ ဒီသုံးယောက်ကို တစ်ချက်တည်းနဲ့ တိုက်ခိုက် လိုက်နိုင်တဲ့သူရဲ့ ဓားသိုင်းက တကယ့် ကြောက်စရာ ဓားတန်ခိုးစွမ်းအားပဲ”

ကျောက်ရှောင်ယွီက လေးလေးနက်နက်ဖြင့် ပြောလိုက်လေသည်။

ကျင့်ကြံသူ သုံးယောက်ကို တိုက်ခိုက်သူမှာ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ ခံစားမိသည့် အေးစက်သည့် ဓားဝိညာဉ်ကို ပိုင်ဆိုင်သူ ဖြစ်ရပေမည်။ ထိုသူမှာ ချွင်ယန် တာအိုနန်းတော်မှ တပည့်နှစ်ယောက် ပြောနေကြသည့် ဂိုဏ်းတူ အစ်မဆိုသူ ဖြစ်နိုင်လေသည်။

သူတို့နှစ်ယောက် ရှေ့ဆက် လျှောက်လာကြလေသည်။

သူတို့ရှေ့တွင် အဖြူရောင် မြူခိုး ပါးပါးလေးများကို တွေ့ရပြီး လေထုက အေးစက် နေလေသည်။ အဆင့်မြင့် ကျင့်ကြံသူဖြစ်သည့် သူတို့ နှစ်ယောက်ပင်လျှင် အေးစိမ့်မှုကို ခံစား လိုက်ကြရလေသည်။

ထိုအေးစိမ့်မှုမှာ ယိချီရွှမ်ယန် အရံအတား ထောင်ချောက်ကြောင့် ခံစားရခြင်း မဟုတ်ပေ။ ထိုအဖြူရောင် မြူခိုးများမှာ ဓားဝိညာဉ်မှ ထွက်ပေါ်လာသည့် မြူခိုးများ ဖြစ်ပြီး ထိုမြူခိုးများက သဘာဝ အလျောက် အသက်ဓာတ် စွမ်းအားများနှင့် ပေါင်းစပ် သွားသည့် အတွက် အေးစိမ့်မှုကို ခံစားရခြင်း ဖြစ်လေသည်။

မြူခိုးများမှာ ထူထပ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် မြင်တွေ့ရခြင်း မရှိတော့ပေ။

နေရောင်ခြည်ကတော့ မြူခိုးများကို ထိုးဖောက် ကျဆင်း နေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ အိပ်မက်ဆန်သည့် နတ်ဘုံနတ်နန်း တစ်ခုအလားပင် ထင်မှတ်ရလေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ သတိမမူမိခင်မှာပင် တိတ်ဆိတ် ငြိမ်သက်နေသည့် ချောက်ကမ်းပါးယံ တစ်ခုအနားသို့ ရောက်ရှိ လာကြလေသည်။

သူတို့ရှေ့တွင် ရေကန်ငယ်လေး တစ်ခုကို တွေ့ရပြီး တောင်ထိပ်ပေါ်မှ မြစ်ရေများက ထိုရေကန်ငယ်လေး အတွင်းသို့ စီးဝင်နေလေသည်။ ရေကန်လေးမှ ပြန်လည် စီးထွက် နေသည့်ရေမှာ ချောက်ကမ်းမှားယံထက်မှ ရေတံခွန်လေး အလားစီးဆင်း သွားလေသည်။

ထိုရေကန်လေးဘေးတွင် အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ရှိနေလေသည်။

အေးစိမ့်သည့် မြူခိုး တိမ်တိုက်များက သူမကို ဝန်းရံ ထားလေသည်။ သူမ၏ ခြေထောက်နားတွင် အစိမ်းရောင် အမွေးရှိသည့် သတ္တဝါလေး တစ်ကောင် ရှိနေလေသည်။ ထိုသတ္တဝါလေးမှာ သတိလစ် နေပုံရပြီး ဆန်းလျန် လိုချင်နေသည့် လေစွမ်းအား သားရဲပင် ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်အာရုံ စူးစိုက်မှုမှာ မိုင်ပေါင်း များစွာ အဝေးမှ လူတစ်ယောက်၏ ပုံပန်း သဏ္ဌာန်ကိုပင် အသေးစိတ် အာရုံခံနိုင်လေသည်။ သို့သော် ထို အနီရောင်ဝတ် မိန်းမပျို၏ ပုံသဏ္ဌာန်ကိုတော့ ဆန်းလျန်မှာ ရှင်းလင်းစွာ အာရုံမခံနိုင် ဖြစ်နေရလေသည်။

ဆန်းလျန်က ပိုပြီး စိတ်အာရုံစူးစိုက်လေ...

သူ၏စိတ်များပိုပြီး အာရုံစိုက်မရလေ ဖြစ်နေရလေသည်။

ကျောက်ရှောင်ယွီက လက်ညှိုးနှင့် လက်ခလယ်ကို မြူခိုးများ အတွင်းသို့ ထိုးညွှန် လိုက်လေသည်။ သူမ၏ လက်မှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး အဖြူရောင် မြူခိုးများကို ထိုးခွင်း လိုက်လေသည်။ သူမ၏ ဝူရှန်သိုင်းကွက်မှာ ယခင်က ထက်ပိုပြီး စွမ်းအား ကြီးမားလာသည်ဟု ဆန်းလျန်စိတ်ထဲမှ တွေးလိုက်မိသည်။ သူမသုံးလိုက်သည့် သိုင်းကွက်ကြောင့် အနီရောင်ဝတ် မိန်းမပျို၏ အကြည့်က သူတို့ထံသို့ ကျရောက်လာလေသည်။

သို့သော် သူမ၏ ဝူရှန်သိုင်းကွက်မှာ အေးစက်နေသည့် မြူခိုးများကြားတွင် ပျောက်ကွယ် သွားပြီး အနီရောင်ဝတ် မိန်းမပျို၏ ဓားဝိညာဉ်ကို တွန်းလှန်နိုင်ခြင်း မရှိပေ။

အနီရောင် မိန်းမပျို၏ ဆန်းသစ်စ လဆန်းအလား မျက်ခုံးလေးများက တွန့်ချိုးသွားပြီး မျက်မှောင် တစ်ချက်ကြုတ်လိုက်လေသည်။ သူမ၏ မျက်နှာကျမှာ ဘဲဥ ပုံသဏ္ဌာန်ဖြစ်ပြီး အသားအရေမှာ နှင်းပွင့်လေး အလား ဖြူစင် လွန်းလေသည်။ သူမ၏ ခန္ဓာကိုယ်မှာလည်း သွယ်လျ လှပလွန်းလေသည်။ သူမကို ကြည့်ရသည်မှာ မက်မွန်ပွင့်လေး တစ်ပွင့်နှင့်ပင် ဆင်တူလေသည်။

"ဆောင်ဦးရာသီ.... အေးစက်စက် မြစ်ရေပြင်ဆီမှာ.... အရိပ်ထင်နေသော ပိုးသားလေး အလား"

ဆိုသည့် ကဗျာကို ဆန်းလျန် သတိရလိုက်မိသည်။

ထိုကဗျာလေးမှာ အနီရောင်ဝတ် မိန်းမပျိုနှင့် လွန်စွာမှ လိုက်ဖက်ညီသည့် ကဗျာလေးပင် ဖြစ်လေသည်။

“ဝူရှန်သိုင်းကွက်ပါလား၊ မင်းက ကြာပန်း ကိုးပွင့် ကျောင်းတော်က သူတော်စင် မိန်းမပျိုလား”

အနီရောင်ဝတ် မိန်းကလေးက မေးလိုက်သည်။

သူမ၏ ပုံစံက သန့်စင်ပြီး မာနကြီးသည့် ပုံလည်း ပေါက်လေသည်။ သူမ ကျောက်ရှောင်ယွီကို ကြည့်လိုက်သည့် အကြည့်က သာမန်မျှသာ ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ မျက်နှာတွင် အနည်းငယ် ပြုံးယောင် သန်းသွားလေသည်။ ထိုအပြုံးက အနီရောင်ဝတ် မိန်းမပျို၏ စကားမှန်ကန်ကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်လေသည်။

“ဒါဖြင့် ရှင်ကရော ဘယ်သူလဲ”

အနီရောင်ဝတ် မိန်းမပျိုက သူမ၏ လှပသွယ်လျသည့် လက်ညှိုးလေးဖြင့် ဆန်းလျန်ကို လက်ညှိုးထိုးကာ မေးလိုက်လေသည်။

“ကျုပ်က ဆန်းလျန်ပါ၊ မင်းက ချွင်ယန် တာအိုနန်းတော်က ဂိုဏ်းတူ အစ်မဆိုတဲ့ သူပဲဖြစ်ရမယ်၊ မင်းရဲ့ နာမည်လေးများ သိခွင့်ရှိနိုင်မလား”

ဆန်းလျန်က ပြန်မေး လိုက်လေသည်။

“ကျန်းဟန်ယင်း…”

“လှလိုက်တဲ့ နာမည်လေး၊ ဒါနဲ့ လက်ညှိုးကြီး တထိုးထိုး မလုပ်စမ်းပါနဲ့၊ ကျုပ်ကို သူများတွေ လက်ညှိုးထိုးရင် တကယ်ပဲ နေရခက်တယ်”

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။

***

All Chapters