ဓားတစ်လက်ထဲနဲ့ နေနဲ့လကို ဝါးမျိုပစ်မယ်
Vol. 3 Ch. 241
ကျန်းဟန်ယင်းက သူမလက်ကို ပြန်ချ လိုက်လေသည်။
သူမ ကိုယ်ထဲမှ ဓားဝိညာဉ်မှာ ပိုပြီး သိပ်သည်းလာပြီး အရပ် မျက်ရှစ်မျက်နှာမှ မထင်မှတ်ဘဲ ထွက်ပေါ် လာတော့မည့်အလား ထင်မှတ်ရလေသည်။
“ရှင်တို့ကလည်း လေစွမ်းအား သားရဲကို ဖမ်းဖို့ ဒီနေရာကို ရောက်လာကြတာလား”
ကျန်းဟန်ယင်းက ဆန်းလျန်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။ သူမအကြည့်က သာမန်မျှသာ ဖြစ်လေသည်။
ဆန်းလျန်မှာ တောက်ပသည့် မျက်ဝန်းများနှင့် ချောမောလှပသော လူငယ်လေး တစ်ယောက်ဖြစ်ပြီး သူ့ထံတွင် အန္တရာယ်ပေးမည့် အရိပ်အယောင် မတွေ့မြင်ရပေ။ သို့သော် ကျန်းဟန်ယင်းက သူ့ကို လျှော့မတွက်ရဲပါ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်မှာ ကြာပန်း ကိုးပွင့် ကျောင်းတော်မှ မိစ္ဆာမထက်ပင် ပိုပြီး တန်ခိုးစွမ်းအား ကြီးမားပုံ ရကြောင်း သူမ ခန့်မှန်း မိလေသည်။
ချွင်ယန် တာအိုနန်းတော်မှ ဂိုဏ်းတူ အစ်မ တစ်ယောက်အနေဖြင့် သူမသည် အထူးချွန်ဆုံးနှင့် ဉာဏ်ရည် အထက်မြက်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူမအနေဖြင့် တန်ခိုးစွမ်းအား မြင့်မားသည်ဟု ခန့်မှန်းသည့် သူမှာ အနည်းငယ်မျှသာ ရှိလေသည်။ စောစောကပင် သူမ သတ်ဖြတ်ခဲ့သည့် လူသုံးယောက်ထဲတွင် နတ်ဘီလူး ကျင့်စဉ် ကျင့်ကြံထားသည့် လူကိုသာ သူမက အနည်းငယ် အထင်ကြီး ခဲ့မိလေသည်။ ကျန်နှစ်ယောက်ကတော့ သူမအတွက် အသေးအမွှားပင် ဖြစ်လေသည်။
ကျောက်ရှောင်ယွီနှင့် ဆန်းလျန်မှာ မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ သူမထက်တော့ သာနိုင်မည် မဟုတ်ပေ။ လေစွမ်းအား သားရဲကို ဖမ်းဆီးသည့် အလုပ်မှာ သိပ်ပြီး ခက်ခဲသည့် အလုပ် မဟုတ်ပေ။ သို့သော် ယခုတော့ အခက်အခဲများစွာဖြင့် ရင်ဆိုင်ရပြီ။ “အခက်အခဲတွေ များတော့လည်း သိပ်မပျင်းရတော့ဘူးပေါ့” ဟု သူမ တွေးလိုက်မိလေသည်။
ချန်ကျန့်မေနှင့် ရင်မဆိုင်ခင် လက်ရည် သွေးသည်ဟုသာ သဘော ထားလိုက်မိသည်။
“သိနေပြီးသား ကိစ္စကို ဘာလို့ မေးနေသေးတာလဲ”
ကျောက်ရှောင်ယွီက အေးအေဆေးဆေးပင် ပြန်ပြောလိုက်သည်။
“မိုးအောက်မြေပြင်မှာ ကျင့်ကြံသူတွေ အများကြီးရှိတယ်၊ ကျွန်မ အမြင် ပြောရရင် ကျင့်စဉ် လမ်းဆိုတာ တန်ခိုးစွမ်းအားပဲ၊ ရှင်တို့ရဲ့ တန်ခိုးစွမ်းအားက ကျွန်မထက်ပိုပြီး အစွမ်းထက်မယ် ဆိုရင် လေစွမ်းအား သားရဲကို ဖမ်းသွားပေါ့”
ကျန်းဟန်ယင်း ဆိုသည်မှာ အလွန်မှ ပွင့်လင်းပြီး ရက်စက်သည့် မန်းမပျိုပင် ဖြစ်လေသည်။
လူဆိုသည်က မတူညီသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ကြပြီး မတူညီသည့် အတွေ့အကြုံများ ရှိကြစမြဲ ဖြစ်လေသည်။ ထို့ကြောင့် ကိစ္စရပ် တစ်ခု အပေါ်တွင် ရှုမြင် သုံးသပ်မှုများလည်း တူညီကြမည် မဟုတ်ပေ။
“သူတော်စင်များပင်လျှင် တရားရပုံ ရနည်းခြင်း မတူညီကြပေ” ဟူသည့် ဗုဒ္ဓကျမ်းစာထဲမှ စာသားအတိုင်းပင် ဖြစ်လေသည်။
ကျင့်ကြံသူများ၏ နောက်ဆုံး ဦးတည်ချက်မှာ တူညီသည့်တိုင် မတူညီသည့် လူများက မတူညီသည့် ကျင့်စဉ်များကို ကျင့်ကြံကြခြင်း ဖြစ်လေသည်။
ကျန်းဟန်ယင်း ပွင့်ပွင်လင်းလင်း ပြောလိုက်ခြင်းမှာ ကျောက်ရှောင်ယွီ၏ လှည့်စားတတ်သည့် သဘောနှင့်တော့ လုံးဝ တူညီမှု မရှိဟု ဆန်းလျန် တွေးလိုက်မိလေသည်။
ကျန်းဟန် ယင်းကဲ့သို့သော သူမျိုးကို အပြတ်အသတ် အနိုင် တိုက်ခိုက်နိုင်လျှင် တိုက်ခိုက်၊ မဟုတ်လျှင်တော့ သူမက ညှိနှိုင်း၍ ရမည့်သူမျိုး မဟုတ်ပေ။
သို့သော်… ကျန်းဟန်ယင်းကို အနိုင်ယူရန်မှာ မလွယ်ကူလှပေ။ မည်သို့ပင်ဖြစ်စေ ဆန်းလျန်က လေစွမ်းအား သားရဲကို လိုချင်သူဖြစ်သည့် အတွက် လွယ်လွယ်နှင့်တော့ အလျှော့ မပေးနိုင်ပေ။
ဆန်းလျန်က ဘဝတွင် လွတ်လပ်ပေါ့ပါးစွာ နေတတ်သော်လည်း ဆုံးဖြတ်ထားသည့် အလုပ်ကိုတော့ လွယ်လွယ်နှင့် အလျှော့ ပေးတတ်သူ မဟုတ်ပေ။
ဆန်းလျန်ဆီမှ တန်ခိုးစွမ်းအား တစ်ခု ထွက်ပေါ် လာလေသည်။ ကျန်းဟန်ယင်းက ဆန်းလျန်ကို ပိုပြီး အာရုံ စူးစိုက်လိုက်သည်။
ဆန်းလျန်မှာ ဓားချက် တစ်ချက် နှစ်ချက်ဖြင့် ပွဲသိမ်းနိုင်မည့်သူ မဟုတ်ပေ။
သို့သော်... ဆန်းလျန် တန်ခိုး စွမ်းအားကြီးမားလေ...
သူမက ပျော်လေပဲ ဖြစ်လေသည်။
သူမအနေဖြင့် ပြိုင်ဘက်က တန်ခိုးစွမ်းအား ကြီးမားလေ ပြိုင်ဘက်ကို အနိုင်ယူရသည်မှာ စိတ်ကျေနပ်မှု ရလေ ဖြစ်လေသည်။
ကျန်းဟန်ယင်း ဆိုသည်က သူမရှေ့မှ အခက်အခဲ တိုင်းကို ဓားတစ်လက်ဖြင့် ဖြေရှင်းသည့်သူ ဖြစ်ပြီး သူမ၏ ဓားတန်ခိုး စွမ်းအား ထက်မြက်မှု အတွက် အမြဲတမ်း ကျေနပ်နေသူ ဖြစ်လေသည်။
ကျောက်ရှောင်ယွီက နောက်သို့ အသာဆုတ်လိုက်သည်။
သူမက ဆန်းလျန်နှင့် ကျန်းဟန်ယင်းတို့ ရင်ဆိုင်တိုက်ပွဲတွင် ပါဝင်မည် မဟုတ်ပေ။ ယခုတိုက်ပွဲတွင် ဆန်းလျန်၏ အမြင့်မားဆုံး တန်ခိုးစွမ်းအားကို မြင်တွေ့ရမည် ဖြစ်သည့် အတွက် သူမမှာလည်း စိတ်လှုပ်ရှား နေလေသည်။
ထျန်းဟွာနယ်တွင် ချွင်ယန် တာအိုနန်းတော်မှာ အလွန် ဂုဏ်သတင်း ကြီးမားသည့် နတ်ဘုရား ကျောင်းတော်တစ်ခု ဖြစ်လေသည်။ ချွင်ယန်တာအို နန်းတော်မှ အခြားသော တပည့်များထဲတွင် ကျန်းဟန်ယင်းက အတော်ဆုံး ဖြစ်လေသည်။ သူမသည် မိုးကောင်းကင်မှ မျက်နှာသာ ပေးခြင်းခံရသည့် တပည့် တစ်ယောက်ဟုပင် ဆို၍ရလေသည်။
ကျောက်ရှောင်ယွီကတော့ ဆန်းလျန်သာလျှင် အနိုင်ရမည်ဟု ယုံကြည် ထားလေသည်။
ငါးနှစ်အတွင်း ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အဆမတန် တိုးတက်လာမှုကို သူမအလွန်ပင် လေးစား အားကျ နေမိလေသည်။ ထို့ပြင် ဆန်းလျန်၏ စိတ်ဓာတ် ခိုင်မာမှုကိုလည်း သူမ အလွန် လေးစားလေသည်။ သာမန်ကြည့်မည်ဆိုလျှင် ဆန်းလျန်၏ စိတ်ဓာတ် ခိုင်မာမှုကို မည်သူမျှ သတိပြုမိမည် မဟုတ်ပေ။ ယခုအချိန်တွင်တော့ သူမအနေဖြင့် ဆန်းလျန်ကို သေချာလေ့လာဖို့ အခွင့်အရေး ရပြီ ဖြစ်လေသည်။
ဆန်းလျန်က လက်တစ်ဖက်ကို အသာ မြှောက်လိုက်သည်နှင့် ရေကန်ငယ်ထဲမှ ရေများ အားလုံး ရွေ့လျား သွားလေသည်။ ရေလှိုင်းလုံးများ ထလာပြီး ဧရာမ လက်ဝါးကြီး တစ်ခုအလား မိုးနှင့် မြေကြားတွင် လှိုင်းလုံးကြီး တစ်ခု မြင့်တက် လာလေသည်။ ထို ရေလှိုင်းလုံးကြီးသည် ကျန်းဟန်ယင်းကို အပိုင်းပိုင်း ပြတ်သွားအောင် ရိုက်ချ လိုက်လေသည်။
စကြဝဠာ အတွင်းရှိ အရာအားလုံးကို တန်ခိုး စွမ်းအား မြင့်မားစွာဖြင့် ထိန်းချုပ်နိုင်သည့် အစွမ်း ဆန်းလျန်က ပြသလိုက်ခြင်း ဖြစ်လေသည်။
မြက်ပင်ကိုပင် ဖြစ်စေ၊ သစ်သားကို ဖြစ်စေ၊ ဝါးပင်ကို ဖြစ်စေ၊ ကျောက်တုံးကို ဖြစ်စေ ၊ လွင့်မျောနေသည့် တိမ်တိုက် သို့မဟုတ် ကြည်လင်သည့် ရေကန်ဖြစ်ပါစေ အရာအားလုံးကို ရန်သူကို တိုက်ခိုက်နိုင်သည့် လက်နက်အဖြစ် ဆန်းလျန်က ပြောင်းလဲ ပစ်နိုင်လေသည်။
ဓမ္မဆိုသည်က နည်းလမ်းဖြစ်ပြီး တာအိုကျင့်စဉ် ဆိုသည်က ကနဦးမူလ ဖြစ်လေသည်။
ကနဦးမူလဖြစ်သည့် တာအိုကျင့်စဉ်က အရာအားလုံးကို ထိန်းချုပ် နိုင်လေသည်။
ရေကန်ထဲမှ သာမန်ရေကတော့ ကျန်းဟန်ယင်းကို မည်သို့မှ ထိခိုက်နိုင်မည် မဟုတ်ပါ။ သို့သော် ဆန်းလျန် ဖန်ဆင်းလိုက်သည့် ရေလှိုင်းလုံးကြီးကတော့ တန်ခိုးစွမ်းအား သိပ်သည်းပြီး ကျောက်နံရံကြီး တစ်ခုအလား မာကျော သိပ်သည်းလေသည်။
ကျန်းဟန်ယင်း၏ မျက်ဝန်းများ တောက်ပလာပြီး သူမ၏ နူးညံ့လှပသည့် လက်လေးများကို ရှေ့သို့ ဆန့်ထုတ် လိုက်သည်။ သူမ၏ တန်ခိုးစွမ်းအား မှာလည်း သိပ်သည်း လွန်းပြီး မုန်တိုင်း တစ်ခုထက်ပင် ကြောက်စရာ ကောင်းသည်။
"ဆောင်းဦး ရာသီမြစ်ရေပြင်" ကဲ့သို့ တည်ငြိမ် အေးချမ်းပုံရသည့် မိန်းကလေးသည် တည်ငြိမ်နေသည့် တိုင်အောင် မြစ်ကမ်းနံဘေးမှ နှင်းခဲများ အားလုံးကို တိုက်စား သွားတော့မည် ဖြစ်လေသည်။
ပိုးမျှင်လေးပမာ သဏ္ဌာန်ရှိသည့် ဓားဝိညာဉ်သည် တိမ်တိုက် တစ်ခု အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။ ထိုတိမ်တိုက်ထဲတွင် ဓားဝိညာဉ်၏ မြင့်မားသည့် ဓားတန်ခိုး စွမ်းအားများ ပါဝင်လေသည်။ ထိုတိမ်တိုက်က ဆန်းလျန် ဖန်ဆင်းထားသည့် ရေလှိုင်းလုံးကြီးကို ခုခံ လိုက်လေသည်။
ဓားဝိညာဉ် တိမ်တိုက်သည် မှော်ဝင် ဓားတစ်လက်အလား ရေလှိုင်းလုံးကြီးကို နှစ်ပိုင်း ခွဲပစ် လိုက်လေသည်။ သူမ၏ ဓားချက်မှာ အကြင်နာတရား ကင်းမဲ့လှလေသည်။
ဓားဝိညာဉ်က ရေလှိုင်းကြီးကို ထိုးခွဲပြီးသည်နှင့် ဆန်းလျန်၏ သွယ်လျသည့် ခန္ဓာကိုယ်ဆီသို့ ချက်ချင်းပင် တိုက်ခိုက် လိုက်သည်။
ဆန်းလျန်မှာ ကြီးမားသည့် တန်ခိုးစွမ်းအားထဲသို့ မျောပါသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ထက်ခြမ်း ကွဲသွားလေသည်။
ဓားဝိညာဉ်က အလွန်မှ ကြောက်မက် ဖွယ်ရာ ထိုးခုတ်လိုက်သည့်တိုင် ဆန်းလျန်၏ ခန္ဓာကိုယ်တွင် အသွေးအသား မရှိပေ။
အဘယ်ကြောင့် ဆိုသော် ဓားဝိညာဉ် ထိုးခုတ်လိုက်သည့် ဆန်းလျန်မှာ ဆန်းလျန် အစစ် မဟုတ်ပေ။ ဆန်းလျန်၏ အရိပ်မျှသာ ဖြစ်လေသည်။ ဆန်းလျန်မှာ လျှင်မြန်လွန်းသည့် အတွက် ဓားဝိညာဉ်မှာ ဆန်းလျန်လျှင်မြန်မှုကို လိုက်မမီ ဖြစ်သွားရလေသည်။
ဆန်းလျန်က မည်သည့် ဂါထာမန္တန်ကိုမှ အသုံးပြုခြင်း မရှိသလို မည်သည့် မှော်ပညာ ကိုမှလည်း အသုံးပြုခြင်း မရှိပါ။ ရိုးရှင်းစွာဖြင့်ပင် သူကိုယ်တိုင်က အလွန်လျင်မြန် နေခြင်း ဖြစ်လေသည်။
ကျောက်ရှောင်ယွီက တိုက်ပွဲကို စူးစိုက် ကြည့်နေလေသည်။
ကျန်းဟန်ယင်း တိုက်ခိုက် လိုက်သည့် ဓားဝိညာဉ်မှာ မြက်ပင်များနှင့် ကျောက်တုံးများကိုသာ ထိခိုက်မိသွားပြီး အားလုံးမှာ အမှုန့် ဖြစ်သွားလေသည်။ ကျန်းဟန်ယင်း၏ ဓားတန်ခိုး စွမ်းအားမှာ ကျောက်ရှောင်ယွီ ထင်ထားသည်ထက် ပိုမို မြင့်မားနေလေသည်။
ချွင်ယန်တာအို နန်းတော်မှ ဓားသိုင်းပညာမှာ ပေါ့ပေါ့တန်တန် မဟုတ်ပေ။ သို့သော် ကျန်းဟန်ယင်းမှာ သူမ၏ တကယ့် ဓားစွမ်းအားကို အသုံး မပြုသေးကြောင်း ထင်ရှားနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဓားအစစ်အမှန်ကို မမြင်တွေ့ ရသေးသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်သည် လေထဲတွင် ရပ်တန့် နေလေသည်။
သူ၏ ပုံသဏ္ဌာန်မှာ လောက သတ္တဝါများကို ငုံ့ကြည့်နေသည့် နတ်ဘုရား တစ်ပါးနှင့် တူနေလေသည်။ တစ်ပါးတည်း မာနကြီးစွာ ကောင်းကင်ထက်တွင် ရပ်တည်နေပြီး သူ၏ ကျက်သရေ ရှိမှုကို စကားလုံးများဖြင့် တင်စားရန်ပင် မတတ်နိုင်ပေ။
ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး တန်ခိုးစွမ်းအား တစ်ခု ပေါ်ထွက် လာလေသည်။ ထိုတန်ခိုး စွမ်းအားက ချောက်ကမ်းပါးကြီးကို ထက်ပိုင်း ခွဲပစ် လိုက်လေသည်။
ကျန်းဟန်ယင်း၏ ခြေထောက်နားရှိ လေစွမ်းအား သားရဲမှာ ကြောက်ရွံ့ တုန်လှုပ် နေလေသည်။ လေစွမ်းအား သားရဲသည် မြေပြင်တွင် ဝပ်နေပြီး တစ်ကိုယ်လုံး တုန်နေလေသည်။ သူက ဝိညာဉ် စွမ်းအားသားရဲ တစ်ကောင် ဖြစ်သည့်တိုင် မြင့်မားလွန်းသည့် တန်ခိုးစွမ်းအား များကြောင့် ရင်ထဲတွင် ဆောက်တည်ရာ မရ ဖြစ်နေလေတော့သည်။
ကျန်းဟန်ယင်း၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေပြီး မိုးကုတ် စက်ဝိုင်းထက်တွင် ရပ်တန့် နေလေသည်။ သူမ၏ ပုံစံမှာ ဆောင်းရာသီ မက်မွန်ပန်းလေး တစ်ပွင့် အလားပင် ဖြစ်လေသည်။
သူမက ထိတ်လန့် တုန်လှုပ်သွားခြင်း မရှိသည့်တိုင် သူမ၏ အေးစက်စက် မျက်ဝန်းများ ထဲတွင် အံ့သြသည့် အရိပ်အယောင်များ ထင်ဟပ် နေလေသည်။
ဆန်းလျန်မှာ ယခုအချိန်ထိ သူ၏ စစ်မှန်သည့် တန်ခိုးစွမ်းအားများကို အသုံးပြုခြင်း မရှိသေးပေ။ သာမန် တန်ခိုးစွမ်းအား များဖြင့်သာ တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် သူ၏ အခြေခံ တန်ခိုးစွမ်းအားများ ထုတ်သုံး နေရသည်ကို ပျော်နေလေသည်။ သူ၏ အဆုံးမရှိသည့် တန်ခိုးစွမ်းအားများ အတွက်လည်း အမှန်တကယ်ပင် ကျေနပ်နေမိသည်။
ရုတ်တရက်…
ကျောက်ရှောင်ယွီ၏ အော်သံတစ်ချက် ထွက်ပေါ်လာသည်။
"ဆန်းလျန်၊ သူ့ကို တိုက်တော့…"
သူ၏လေသံမှာ အားပေးမှု အပြည့်နှင့် ဖြစ်လေသည်။ သူမ၏ အသံမှာ စကြဝဠာထိတိုင် ဟိန်းထွက် သွားပြီး မိုင်တစ်ရာ ပတ်လည်မှပင် ကြားနိုင်လေသည်။ သို့သော် ကျောက်ရှောင်ယွီ၏ အသံကိုကြားသည်နှင့် ဆန်းလျန် နှုတ်ခမ်းလေးများ တွန့်ခနဲ ဖြစ်သွားရလေသည်။
ဘယ်လိုကြောင့်များ ထိုမိန်းမပျိုသည် ထ အော်ရပါလိမ့်။
သူမ ထိုကဲ့သို့ ရုတ်တရက် ထအော် လိမ့်မည်ဟု ဆန်းလျန် ထင်မထားခဲ့မိပေ။
သို့သော် ကျောက်ရှောင်ယွီကလည်း တမင်တကာ လုပ်ခြင်း မဟုတ်ပါ။ မိုးကုတ် စက်ဝိုင်းဆီမှ အလင်းတန်းနှစ်ခု လင်းလက်လာသောကြောင့် သူမက အော်ဟစ်လိုက်ခြင်း ဖြစ်လေသည်။ ထိုအလင်းတန်းများမှာ အလွန် လျင်မြန်လှပြီး ချက်ချင်းပင် သူတို့အနီးသို့ ရောက်ရှိ လာလေသည်။
စောစောကပင် သူမတို့နှင့် ရင်ဆိုင်တွေ့ခဲ့သည့် ကျန်းဟန်ယင်း၏ ဂိုဏ်းတူ မောင်နှမ နှစ်ယောက် ရောက်လာခြင်း ဖြစ်လေသည်။
ကျောက်ရှောင်ယွီက လေထဲသို့ ခုန်ဝင်လိုက်ပြီး ထိုနှစ်ယောက်ကို ရင်ဆိုင်လိုက်သည်။
လေထုထဲတွင် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ် သွားလေသည်။
ကျန်းဟန်ယင်း၏ ဂိုဏ်းတူမောင်နှမ နှစ်ယောက်မှာ ကျောက်ရှောင်ယွီကို မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျောက်ရှောင်ယွီက ကျန်းဟန်ယင်း၏ ဂိုဏ်းတူ မောင်နှမ နှစ်ယောက်ကို တိုက်ခိုက်ကာ ကျန်းဟန်ယင်းကို အာရုံ လွှဲနိုင်မည်လားဟု မျှော်လင့် လိုက်မိလေသည်။
ကျန်းဟန်ယင်းကို စိတ်ပူပန် သွားအောင် လုပ်နိုင်လျှင် သူမ၏ ဓားတန်ခိုး စစွမ်းအားမှာ အနည်းငယ် တုံ့ဆိုင်းသွားမည် ဖြစ်လေသည်။
သို့သော် ကျန်းဟန်ယင်းက တည်ငြိမ်နေဆဲ ဖြစ်လေသည်။
ကျန်းဟန်ယင်း၏ ခန္ဓာကိုယ်မှာ ဓားတစ်လက် အလား ထက်ရှ နေလေသည်။ သူမထံမှာ ဓားတန်ခိုး စွမ်းအားများ ထွက်ပေါ်နေပြီး ကောင်းကင်ကိုပင် ပိုင်းဖြတ်တော့မည့် အလား ထင်ရလေသည်။
မရေမတွက် နိုင်အောင် များပြားသည့် ဓားဝိညာဉ်များသည် ကောင်းကင်ထက်တွင် ကျိုင်းကောင်များကဲ့သို့ ပျံဝဲနေပြီး ဆန်းလျန်၏ လက်ဝါး ရိုက်ချက်ကို တိုက်ခိုက်လိုက်သည်။
ဆန်းလျန်ဆီမှ ပြင်းထန်သည့် လက်ဝါး ရိုက်ချက်များ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာပြီး ထိုလက်ဝါး ရိုက်ချင်များမှာ မိုးနှင့် မြေကိုပင် ဟန့်တားတော့မည့် အလား ထင်ရလေသည်။ ဆန်းလျန်ဆီမှ နတ်ဘုရား စွမ်းအားများမှာ တစ်လွှာခြင်း ပေါ်ထွက် လာလေသည်။ နတ်ဘုရား စွမ်းအားများမှာ ဖြစ်ပေါ်လာလိုက် ပျောက်ကွယ် သွားလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်ပေါ်လာလိုက်နှင့် ခန့်မှန်းရ ခက်လှလေသည်။
ကျန်းဟန်ယင်း၏ တန်ခိုးစွမ်းအား ကြီးမားလှသည့် ဓားဝိညာဉ်သည် ဆန်းလျန်၏ လက်ဝါး ရိုက်ချက်ကို မထိုးဖောက်နိုင် ဖြစ်နေရသည်။
ကြောက်မက်ဖွယ်ရာ နတ်ဘုရားစွမ်းအား စီးဆင်းမှုများကြောက် ချောက်ကမ်းပါးကြီးပင် တဖြည်းဖြည်း ပြိုကျ နေလေသည်။
ကျန်းဟန်ယင်း၏ မျက်နှာမှာ တည်ငြိမ်နေပြီး သူမ၏ အနက်ရောင် ဆံနွယ်များမှာ လေထဲတွင် ပျံဝဲနေလေသည်။
သူမလက်ထဲတွင် ဓားတစ်လက် ပေါ်လာလေသည်။
"ဓားတစ်လက်ထဲနဲ့ နေနဲ့လကို ဝါးမျိုပစ်မယ်"
သူမက ကြွေးကြော် လိုက်သည်။
သူမ လက်ထဲတွင် ကိုင်ထားသည့် ဓားသွားမှာ ပြောမပြ နိုင်လောက်အောင်ပင် တန်ခိုးစွမ်းအားများ ထက်မြက်နေပြီး နေနှင့်လကိုပင် ဝါးမျိုပစ်နိုင်သည့် ထိတ်လန့် ကြောက်မက် ဖွယ်ရာ ရှေးဟောင်း တန်ခိုးစွမ်းအားများဖြင့် ပြည့်နေလေသည်။
ဓားဝိညာဉ်က လေထဲသို့ ပျံသန်းသွားသည့် အခါ ကောင်းကင်သည် တဖြည်းဖြည်း မှောင်မိုက်လာလေသည်။ ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်ကတော့ ဆန်းလျန်ကို အခက် တွေ့စေပြီ ဖြစ်လေသည်။
ဆန်းလျန်၏ စိတ်အာရုံ စူးစိုက်မှုဖြင့် ဓားဝိညာဉ်၏ တန်ခိုးစွမ်းအားကို အာရုံ ခံလိုက်သည့်တိုင် မအောင်မြင်ဘဲ ဖြစ်နေရသည်။
ကျန်းဟန်ယင်းမှာ ချွင်ယန်တာအို နန်းတော်မှ ဒဏ္ဍာရီဆန်သည့် ဓားသိုင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူမကဲ့သို့ မိုးမြေကိုတုန်လှုပ်စေပြီး ခန့်မှန်းရခက်သည့် ဓားသိုင်းကို ကျင့်ကြံနိုင်သူမှာ ရှာမှရှားပင် ဖြစ်လေသည်။
သူမ၏ ဓားသိုင်းပညာမှာ ရှေးဟောင်း အချိန် ကတည်းကပင် ဖြစ်တည်ခဲ့သည့် ဓားသိုင်းတစ်ခု ဖြစ်လေသည်။ "နေနှင့်လကို ဝါးမြိုပစ်မယ်" ဟု ပြောမည့်အစား ယင်နှင့်ယန်ကို ဝါးမြိုပြီး ရန်သူ၏ တန်ခိုး စွမ်းအားများကို ဖျက်ဆီးပစ်မည်ဟု ဆိုလျှင် ပိုမှန်မည် ဖြစ်လေသည်။ ဓားဝိညာဉ်သည် ဆန်းလျန်၏ နတ်ဘုရား စွမ်းအားများကို ဝါးမျိုလိုက်ပြီး ဖျက်ဆီး ပစ်လိုက်လေသည်။ အမြင့်မားဆုံး ဓားတန်ခိုးစွမ်းအား တစ်ခုဖြစ်ပြီး တုန်လှုပ်စရာ ကောင်းလွန်း လေသည်။
ဆန်းလျန်က ချက်ချင်းပင် သူ၏ တန်ခိုးစွမ်းအားများကို ရုတ်သိမ်းလိုက်သည်။ ဆန်းလျန်၏ ပုံရိပ်က ကောင်းကင်ထက်တွင် ဟိုမှ သည်မှ ရွေ့လျားနေလေသည်။
ဓားဝိညာဉ်ကလည်း သားရဲတစ်ကောင် အလား ဆန်းလျန်၏ ပုံရိပ် ရွေ့လျားသည့် နေရာတိုင်းကို လိုက်လံ ပိတ်ဆို့နေလေသည်။
သို့သော် ဆန်းလျန် ရွေ့လျားလိုက်တိုင်း ကြီးမားသည့်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ပုံသဏ္ဌာန်တစ်ခု ဖန်ဆင်းနေသည်ကို ကျန်းဟန်ယင်း ရိပ်မိလိုက်သည်။
အမှန်တော့ ဆန်းလျန်က လေထဲတွင် ရွေ့လျားနေပြီး သူမ၏ ဓားဝိညာဉ်ကို တန်ပြန် တိုက်ခိုက်နိုင်သည့် အရံအတားတစ်ခုကို ဖန်ဆင်းနေခြင်းပင် ဖြစ်လေသည်။
ဆန်းလျန်၏ ဝိညာဉ် စွမ်းအားနှင့် တန်ခိုးစွမ်းအား များမှာ ကျန်းဟန်ယင်း ခန့်မှန်း နိုင်သည်ထက်ပင် ကျော်လွန် နေလေသည်။
ဆန်းလျန်က သူ၏ခန္ဓာကိုယ် ရွေ့လျားမှုဖြင့် အင်းသင်္ကေတ တစ် ခုရေးဆွဲကာ တန်ပြန် တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး ကျန်းဟန်ယင်း၏ ဓားဝိညာဉ်မှာ ထိုအင်း သင်္ကေတထဲမှ ရုန်းထွက်၍ မရတော့ဘဲ ပိတ်မိ နေလေတော့သည်။
***