သိုင်းတစ်ထောင်ခန်းမ၌ အစွမ်းထက်ဆုံးပုဂ္ဂိုလ်၊ ဒီဗိုင်းဆန်းကြယ်စွမ်းအားအား ဉာဏ်အလင်းရခြင်း(၂)
Vol. 35 Ch. 512
တောက်ပသည့်အလင်းတို့ ပျောက်ကွယ်သွားပြီးနောက် မူလနေရာတွင် ယွဲ့ချန်မင်၏ပုံရိပ် မရှိတော့ပေ။
ဟွမ်းလျန်က အေးစက်စွာ ပြော၏။
"ယွဲ့ချန်မင်... မင်းရဲ့စိတ်ဝိဉာဉ်ခန္ဓာကို ဒီအတိုင်းအတာအထိ ပျိုးထောင်နိုင်မယ်လို့ စိတ်ကူးမထားခဲ့ဘူး။ မူလစိတ်ဝိဉာဉ်ခန္ဓာကို အသုံးပြုပြီး ငါ့ကို ခဏတာ တားဆီးနိုင်ခဲ့တယ်။ ဒါပေမယ့် အခုဆိုရင် မင်းကလုံးဝအမှိုက်ဖြစ်သွားပြီ.."
"မင်းမှာအသက်ရှင်ဖို့ အချိန်အကြာကြီး မရှိတော့ဘူး။ ကောင်းကင်ကို ဖြတ်သန်းတဲ့လအလင်းက အမှန်တကယ် ချုပ်ငြိမ်းသွားခဲ့ပြီ.."
ဟွမ်းလျန်က နောက်မှလိုက်လံခြင်း မပြုပါ။ ယွဲ့ချန်မင်သည် ဒုက္ခိတဖြစ်နေပြီးဖြစ်၏။ ထို့အပြင် ယခုအချိန်၌ လိုက်လျှင်တောင် အချိန်တိုအတွင်း မှီမည်မဟုတ်ပေ။
သူ၏ ထူးမခြားနာသည့်အကြည့်က မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ လေလွင့်သိုင်းသမားများအပေါ်သို့ ကျရောက်သွား၏။
"နိမ့်ကျတဲ့ လေလွင့်သိုင်းသမားတွေ... ငါတို့ကိုများ ဆန့်ကျင်ရဲတယ်... သေသင့်တယ်.."
လှံရှည်ကို လွှဲရမ်းမှုနှင့်အတူ ကောင်းကင်ပေါ်မှ မိုးခြိမ်းသံတစ်ခု သက်ဆင်းလာ၏။ လျှပ်တပြက်အတွင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့ကို သတ်ဖြတ်သွားသည်။
"မြန်မြန်ပြေးကြ.."
လော့ဒေသ မဟာမိတ်ခေါင်းဆောင်၏ မျက်လုံးများက သွေးရောင်လွှမ်းသွား၏။ ဟွမ်းလျန်မှာ အလွန် စွမ်းအားကြီးမားလှသည်။
အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သည် သူ့ကို ရင်ဆိုင်ရပါက ကောင်းကင်လူသားငယ်တစ်ယောက် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်ရသကဲ့သို့ ရှိ၏။ ခွန်အားခြားနားချက်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကဲ့သို့ ကြီးမားသည်။
စိတ်ဝိဉာဉ်ဂိုဏ်းရှိ အသန်မာဆုံး ပုဂ္ဂိုလ်များလေလား။
"ထွက်ပြေးချင်တာလား... မင်းတို့ဘယ်နှစ်ယောက် လွတ်နိုင်မလဲဆိုတာကို ကြည့်တာပေါ့.."
ဟွမ်းလျန်၏မျက်နှာမှာ ထူးမခြားနားစွာ ရှိနေဆဲဖြစ်၏။ ရှေ့သို့ ခြေတစ်လှမ်းတက်ကာ လှံရှည်ကို ထိုးစိုက်လိုက်သည်။
တောင်တစ်ခုသဖွယ် လေးလံလှသည့် အားတစ်ခု သက်ဆင်းလာခဲ့၏။ မူလက ထွက်ပြေးနေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသည် နေရာမှာတင် လျှပ်တပြက် တောင့်တင်းသွားကြသည်။
လေးလံသည့်အားဆီမှ လွတ်မြောက်နိုင်ကာ ထွက်ပြေးရန် စတင်တော့မည့်အချိန်၌ လှံအလင်းက သူတို့ကိုသုတ်သင်ပြီး ဖြစ်၏။
"သတ်.."
လော့ဒေသ မဟာမိတ်ခေါင်းဆောင်က ဒေါသတကြီး အော်ကာ အခြား အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်နှင့်အတူ ဟွမ်းလျန်ဆီသို့ ပြေးဝင်သွားသည်။
သူတို့၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေကာ သိုင်းပညာလျှို့ဝှက်အတတ်များကို ထုတ်ဖော်ကြ၏။ ရန်သူအား ခဏတာတားဆီးကာ အခြားလူများအတွက် ထွက်ပြေးလွတ်မြောက်ဖို့ရာ အခွင့်အရေးရနိုင်ရန် ဖြစ်သည်။
"ဘုန်း.."
လော့ဒေသရှိ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် အမြစ်ပြတ်လုနီးပါး ဖြစ်သွားခဲ့၏။ ဒီတိုက်ပွဲတွင် စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးတို့ သေဆုံးခဲ့ကြသည်။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအနည်းငယ်သာ ထွက်ပြေးလွတ်မြောက် နိုင်ခဲ့ကြ၏။
လက်ထဲတွင် လှံကိုကိုင်ထားရင်းက ဟွမ်းလျန်က ယွီကျိုးဘက်သို့ ကြည့်သည်။
"ဒီအချိန်က သိုင်းတစ်ထောင်ခန်းမရဲ့ ပိုင်ဆိုင်မှုကို သွားပြန်ယူရမယ့် အချိန်ပဲ..."
သူသည် ယွီကျိုးဆီသို့ လှမ်းထွက်ခဲ့၏။
"အဘိုး ဘာဖြစ်တာလဲ... သမီးကို မခြောက်နဲ့နော်.."
ယွဲ့အာက မျက်နှာများဖြူရော်ကာ အားနည်းစွာ အသက်ရှူနေသည့် အဘိုးအိုကိုကြည့်ပြီး မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်။
သူမသည် စိတ်ဝိဉာဉ်ဆေးလုံးများကို အလျှင်အမြန်ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ထည့်ပေး၏။
"ယွဲ့အာ.. မြန်မြန်ပြေး... စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ကို မရောက်သေးခင်မှာ ဘယ်ကိုမှ လျှောက်မသွားနဲ့။ မိုးပြာရောင်ပင်လယ်ကနေ အဝေးကြီးကို လျှောက်မထွက်နဲ့။ အဘိုး အချိန်မကြာတော့ဘူး.."
ယွဲ့ချန်မင်က အားနည်းစွာ ပြော၏။
ယွဲ့အာသည် အဘိုးဖြစ်သူကို သယ်ဆောင်ရင်းက တောထဲသို့ လျှင်မြန်စွာပြေး၏။ မျက်ရည်များကို သုတ်ရင်းက မေးသည်။
"အဘိုး... အဘိုးကို ဘယ်သူ ဒဏ်ရာရအောင်လုပ်တာလဲ။ သမီး လက်စားချေမယ်.."
ယွဲ့ချန်မင်က သူမ၏ဦးခေါင်းကို သပ်ရင်းက ညင်သာသည့် မျက်လုံးများဖြင့် ပြောသည်။
"ယွဲ့အာ... ခေါင်းမမာနဲ့... ကောင်းကောင်းကျင့်ကြံပြီး... ဘဝကို ပျော်ပျော်ရွှင်ရွှင်သာနေ.. ကျန်တာတွေက အရေးမကြီးဘူး.."
"မဟုတ်ဘူး... အဘိုးမရှိရင် လက်စားမချေနိုင်မချင်း သမီးပျော်နိုင်မှာမဟုတ်ဘူး.."
"အဟွတ်အဟွတ်... အဘိုး နှစ်အနည်းငယ်လောက် ထပ်ပြီးတော့ နေနိုင်ပါသေးတယ်... ချက်ချင်း သေမှာမဟုတ်ပါဘူး.."
ယွဲ့ချန်မင်က အကြိမ်အနည်းငယ် ချောင်းဆိုးသည်။ ထို့နောက် တစ်ခုခုကို မှတ်မိလိုက်ပုံပေါ်ပြီး ပြော၏။
"ယွဲ့အာ... အဲ့ဒီ့ဂူဆီကို အဘိုးကိုခေါ်သွား... အဘိုးဒဏ်ရာကုသနေချိန်မှာ ရွှီယန်ကိုသွားရှာပြီး သိုင်းတစ်ထောင်ခန်းမက အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက် ဓားပညာအတွက် ရောက်လာတယ်လို့ ပြောလိုက်။ ပြီးတော့ သူ့ရဲ့ဓားပညာကိုလည်း သိုင်းတစ်ထောင်ခန်းမက ခိုးထားတာလို့ အတင်းစွပ်စွဲနေတယ်။ သူ့ကို မြန်မြန်လေးပြေးခိုင်းလိုက်။ မိုးပြာရောင်ပင်လယ်ဘက်ကို ပြေးမယ်ဆိုရင်
ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိသေးတယ်.."
ယွဲ့အာက နှုတ်ခမ်းကိုက်ကာ ပြောသည်။
"သမီးနားလည်ပါပြီ အဘိုး... အဲ့ဒီ့ သိုင်းတစ်ထောင်ခန်းမက ခွေးကောင်တွေ.. သူတို့ကို သေချာပေါက်သတ်ရမယ်.."
ယွဲ့ချန်မင်က ခါးသက်စွာ ပြောသည်။
"ယွဲ့အာ... အဘိုးကိုကတိပေး... အထွတ်အထိပ်အဆင့်ကို မရောက်မချင်း နင်ရဲ့နောက်ခံကို ဖော်ပြတာ သို့မဟုတ် လှုပ်ရှားမှုပြုတာကို မလုပ်ရဘူး.."
"အဘိုး.. သမီးနားလည်ပါတယ်.."
ယွဲ့အာက သဘောတူညီစွာ ခေါင်းငြိမ့်သည်။
စံအိမ်အတွင်းတွင် အရာအားလုံးသည် တည်ငြိမ်နေ၏။
လီရွှမ်ပဲဖြစ်ဖြစ်၊ ရွှီယန်ပဲဖြစ်ဖြစ် သိုင်းတစ်ထောင်ခန်းမက ယခုကဲ့သို့ အရှက်မဲ့သည့် အပြုအမူတစ်ခုကို လုပ်ဆောင်မည်ဟု တွေးမထားကြပါ။ တစ်ဖက်လူသည် ဓားပညာကို လုယူရန် ရည်ရွယ်နေပြီး သူတို့ကိုပင် သူခိုးဟု စွပ်စွဲခဲ့၏။
'ဒီကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေက တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တယ်... ငါအခုထက်ထိ ရေးချတာပဲ လုပ်နိုင်သေးတယ်။ အသုံးပြုလို့ မရနိုင်သေးဘူး။ မူလဒီဗိုင်းအဆင့်နဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေကို အသုံးပြုဖို့ မဖြစ်နိုင်သလိုပဲ..'
'ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သာ ဆိုရင် ငါ့ရဲ့ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေအပေါ် နားလည်မှုနဲ့.. အသုံးပြုလို့ရလာမှာ..'
'ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရဲ့ အထက်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ထိန်းချုပ်ပြီး ကိုယ့်အတွက် အသုံးပြုဖို့ပဲ။ အဲ့ဒါကို ငါဖြည့်တင်းနေတာ ပြီးမြောက်တော့မယ်။ ဒါပေမယ့် ရွှီယန်က ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်က ကျင့်စဉ်ကို နားမလည်သေးဘူး..'
လီရွှမ်က သက်ပြင်းချသည်။
'ထိုက်ချန်းစာအုပ်ကို ဘယ်သူများ ရေးခဲ့တာလဲ... ထိုက်ချန်းလောကရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကိုတောင် ရေးဆွဲထားနိုင်တယ်။ အဲ့လိုလုပ်ဖို့ အရမ်းကို မြင့်မားတဲ့ သိုင်းခွန်အားအဆင့်ကို လိုအပ်တယ်..'
'အခုအချိန်ထိ ငါ့ရဲ့ နားလည်မှုအရဆိုရင် လင်းနယ်မြေမှာ အဲ့လို သန်မာတဲ့ပုဂ္ဂိုလ်မျိုး ရှိပုံမပေါ်ဘူး..'
'အဲ့ဒီ့အပြင်... လင်းနယ်မြေဆိုတာ ထိုက်ချန်းလောကရဲ့ ဒေသလေးတစ်ခုပဲ။ ငါဘာလို့ ထိုက်ချန်းရဲ့ လောကကို အပိုင်းပိုင်း ခွဲခြားထားတယ်လို့ ခံစားနေရတာလဲ မသိဘူး..'
လီရွှမ်၏ သိလိုစိတ်တို့ ပိုမိုကြီးထွားလာခဲ့၏။ ထိုက်ချန်းစာအုပ်ကို မုန့်ချုံက ဝူနိုင်ငံ၏ တော်ဝင်နန်းတော်အတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ရတနာသည် ချောင်ကျသည့်နေရာ၌ ပေါ်မလာသင့်ပေ။ မည်သူက ဒီထိုက်ချန်းစာအုပ်ကို ဖန်တီးခဲ့သနည်း။
'ဘာပဲဖြစ်ဖြစ်... လက်ထဲမှာ ထိုက်ချန်းစာအုပ်ရှိတာ ငါ့ရဲ့ သိုင်းပညာကျင့်ကြံမှုအတွက် အကျိုးအမြတ် အများကြီးရခဲ့တယ်။ ဒီစာအုပ်ကို ကိုးကားချက်ယူပြီး ငါတီထွင်တဲ့သိုင်းပညာတွေက ထိုက်ချန်းသိုင်းတာအိုထက် သာလွန်ဖို့ ပိုပြီးလွယ်ကူလာတယ်..'
လီရွှမ်မှာ ထိုက်ချန်းစာအုပ်၏ ရှစ်ခုမြောက် စာမျက်နှာကို လေ့လာနေ၏။
'ဖန်းဟောင်ရဲ့ခွန်အားကလည်း တိုးတက်လာပြန်ပြီ... အမြန်နှုန်းက မနှေးဘူး..'
လီရွှမ်မှာ ကျေနပ်သွားသည်။
မုန့်ချုံနှင့် စုလင်းရှုံတို့မှာ အဆင့်ချိုးဖျက်တော့မည် ဖြစ်၏။ ရွှီယန်မှာ ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် မဝေးကွာတော့ပေ။
ရွှီယန်သည် ဉာဏ်ပညာဓားအဆင့်ကို လေ့လာနေ၏။
သူသည် ပိုမိုစူးစမ်းလေလေ ပိုမိုနက်ရှိုင်းလေ ဖြစ်ကြောင်းကို တွေ့လာရသည်။ မနေနိုင်ဘဲ သက်ပြင်းချမိ၏။
ဓားတာအို၏ တတိယအဆင့်သည် အမှန်တကယ်ကို ထူးကဲကာ နက်နဲလှသည်။ ယခုအချိန်၌ နားလည်သဘောပေါက်နိုင်သည့်အရာ မဟုတ်ပေ။
'ဆရာပြောတာမှန်တယ်... ငါ့ရဲ့ မူလစိတ်ဝိဉာဉ်ကိုသာ စုစည်းနိုင်ရင် ဉာဏ်ပညာဓားအဆင့်ကို နားလည်သဘောပေါက်လာနိုင်မှာ.. ဖြစ်နိုင်တယ်..'
ထိုအတွေးနှင့်အတူ ရွှီယန်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်အား စတင်လေ့လာမှုပြု၏။ ယခုကဲ့သို့ ကြာညောင်းသည့် အချိန်ကာလတစ်ခု အပြီးတွင် သူသည် မူလဒီဗိုင်းအဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ သို့ပေမယ့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ ကျင့်စဉ်ကိုတော့ ဉာဏ်အလင်း မရသေးပါ။
'ဒီဗိုင်းဆန်းကြယ်စွမ်းအားဆိုတာ မူလစိတ်ဝိဉာဉ်ကို စုစည်းမှုကနေ ဖြစ်နေလာတာပဲ။ မူလစိတ်ဝိဉာဉ်သာ ဖွဲ့စည်းသွားမယ်ဆိုရင် ဒီဗိုင်းစကေးတွေ ပေါက်ဖွားလာလိမ့်မယ်... ဒါပေမယ့် ဒီဗိုင်းစကေးက ဘယ်လိုမျိုး သဘာဝအလျောက် ပေါက်ဖွားလာမှာလဲ..'
ဤသည်မှာ နားလည်ရန်အတွက် အခက်အခဲဆုံး အပိုင်းဖြစ်၏။ မူလစိတ်ဝိဉာဉ်၏ စုစည်းမှုတွင် မူလဒီဗိုင်းနှင့် ဒီဗိုင်းဆန္ဒတို့ ပေါင်းစပ်မှု ပါဝင်သည်။
ဤသည်က ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်စေပြီး မူလစိတ်ဝိဉာဉ်ကို ဖွဲ့စည်းလာစေ၏။ မူလစိတ်ဝိဉာဉ်၏ စုစည်းမှုကြောင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်လည်း ပိုမို သန်မာလာသည်။ ရလဒ်အနေနှင့် မူလဒီဗိုင်းသည်လည်း ပြောင်းလဲကာ နောက်ထပ်တစ်ဆင့်သို့ သိသာစွာ တိုးမြင့်သွားခဲ့၏။
ရွှီယန်၏စိတ်ထဲ၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမသင်္ကေတများ ပေါ်လာနေသည်။ ဤသည်မှာ အချိန်ရပါက လေ့လာရန်အတွက် ဆရာဖြစ်သူက လက်ဆင့်ကမ်းပေးထားခြင်း ဖြစ်၏။ တစ်နေ့ပြီးတစ်နေ့ နားလည်မှုတို့ နက်ရှိုင်းလာပြီးနောက် ဉာဏ်အလင်းအချို့လည်း ရရှိခဲ့သည်။
ဒီအချိန်၌ ရွှီယန်၏စိတ်ထဲတွင် ဆရာဖတ်သည့် စာအုပ်ထဲရှိ ပုံရိပ်များ ပေါ်လာခဲ့၏။ ထို့အပြင် လမ်းလျှောက်သည့်အချိန်၌ ထွက်ပေါ်နေသည့် အနှောင်အဖွဲ့ကင်းမဲ့သည့်ဟန်ပန်၊ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လင့်ကစား သာမန်လူတစ်ဦးကဲ့သို့ ရှိဟန်တို့လည်း ပါဝင်သည်။
'တာအိုက သဘာဝနောက်ကို လိုက်တယ်... ရိုးရှင်းမှုကိုပြန်တယ်...'
သူ၏စိတ်ထဲတွင် ပါရမီရှင်များအကြား တိုက်ပွဲအတွင်း၌ ဆရာဖြစ်သူက အတွေးတစ်ချက်နှင့် မဟာအခင်းအကျင်းတစ်ခုကို တည်ဆောက်လိုက်ပုံတို့ ပေါ်လာခဲ့သည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို စုစည်းခဲ့ပုံမှာ မည်မျှ ထည်ဝါလိုက်သနည်း။ ဤသည်မှာ စတုတ္ထညီအား လေ့လာရာ၌ အရမ်းကြီး နက်နဲမှုမရှိစေရန် အဆင့်လျှော့ပြီး ပြသထားခြင်းသာ ဖြစ်သည်။
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကြီးမားတဲ့စွမ်းအားက လှုံ့ဆော်မှု မရှိဘူးဆိုရင် မမြင်နိုင်သလို၊ ထိတွေ့လို့လည်းမရဘူး။ ဒါပေမယ့် အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေအကြားမှာ တည်ရှိနေတယ်... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကလည်း မမြင်နိုင်ဘူး။ ဒါပေမယ့် အဲ့ဒီ့အရာရဲ့ ဆန်းကြယ်မှုကို တည်ရှိမှုနဲ့ ခံစားလို့ရတယ်..'
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီ ကျေးဇူးနဲ့ သိုင်းပညာကို ကျင့်ကြံနိုင်တယ်။ စိတ်ဝိဉာဉ်စွမ်းအင်က ညင်သာလာပြီး သိုင်းသမားတွေက စိတ်ဝိဉာဉ်စွမ်းအင်ကို ထိန်းကျောင်းနိုင်ကြတယ်..'
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမက ထူးကဲတယ်။ နားလည်ဖို့ခက်ခဲပြီး ထိန်းချုပ်ဖို့ ခက်ခဲတယ်။ အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အခြေခံ နိယာမစွမ်းအားပဲ..'
'လူတစ်ယောက်သာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို စုစည်းနိုင်မယ်ဆိုရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကြီးမားတဲ့စွမ်းအားကို အစစ်အမှန် အသုံးချလာနိုင်လိမ့်မယ်။ အဲ့ဒါက ဘယ်လို အဆင့်မျိုးဖြစ်မလဲ..'
ရွှီယန်မှာ စဉ်းစားကာ သုံးသပ်နေ၏။
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးမှာ နိယာမ ရှိရင် သိုင်းပညာမှာလည်း နိယာမရှိမှာလား... သိုင်းသမားတစ်ယောက်ကိုသာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးလို့ ဆိုနိုင်ရင် သိုင်းသမားတွေလည်း နိယာမကို ဖွဲ့စည်းနိုင်မှာလား..'
လျှပ်တပြက်အတွင်း ရွှီယန်၏ စိတ်ထဲတွင် အလင်းတစ်ချက် လက်သွား၏။
'ငါသိပြီ... ဒီဗိုင်းဆန်းကြယ်စွမ်းအားပဲ..'
သူသည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့၏။
'ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာ မူလစိတ်ဝိဉာဉ်ဖွဲ့စည်းလာတာနဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားက ပေါက်ဖွားလာတယ်။ အဲ့ဒါက သိုင်းပညာရဲ့ နိယာမ မဟုတ်ဘူးလား။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမက ကောင်းကင်နဲ့ကမ္ဘာမြေမှာရှိတဲ့ အရာအားလုံးရဲ့ နိယာမဖြစ်တယ်။ ဒီဗိုင်းဆန်းကြယ်စွမ်းအားကတော့ သိုင်းသမားတစ်ယောက်ရဲ့ နိယာမကို ကိုယ်စားပြုတယ်။ အဲ့ဒါက သိုင်းပညာရဲ့နိယာမ.. ကိုယ်ကိုယ်တိုင်ရဲ့နိယာမပဲ..'
'မူလစိတ်ဝိဉာဉ် ထွက်ပေါ်လာတဲ့ အချိန်မှာ နိယာမက အသွင်ဆောင်လာခဲ့တယ်။ ဒီဗိုင်းဆန်းကြယ်စွမ်းအားက အလိုလို ပေါက်ဖွားလာတယ်... ဒီဗိုင်းဆန်းကြယ်စွမ်းအားဆိုတာ ငါ့ရဲ့ကိုယ်ပိုင် သိုင်းပညာနိယာမပဲ။ အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမလို့ပဲ..'
'သိုင်းပညာရဲ့လမ်းစဉ်က အဆုံးမသတ်ဘူး။ ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့ ပေါက်ဖွားမှုနဲ့အတူ သိုင်းပညာရဲ့ နိယာမကလည်း အသက်ဝင်လာခဲ့တယ်။ ဆက်ပြီးတော့ ကျင့်ကြံမယ်ဆိုရင် တစ်နေ့မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးထက် ကျော်လွန်နိုင်လိမ့်မယ်..'
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကန့်သတ်မှုနဲ့ ချည်နှောင်မှုတွေကို ချိုးဖျက်ပြီး သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်နိုင်မယ်ထင်တယ်..'
ရွှီယန်သည် စိတ်လှုပ်ရှားလာခဲ့၏။ သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာတာအို နိယာမ၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့သည်ဟု ခံစားရ၏။
ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ အလိုလို ပေါ်ပေါက်လာခြင်းမှာ မိမိ၏ကိုယ်ပိုင် သိုင်းတာအိုနိယာမ၏ ပေါက်ဖွားလာမှုကြောင့် ဖြစ်သည်။
'ဆရာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးထဲမှာ တည်ရှိတယ်။ ဒါပေမယ့် ကောင်းကင်နဲ့ကမ္ဘာမြေကြီးက ဆရာ့ကိုမသိဘူး။ ဒါကြောင့်မို့လို့ ဆရာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးထက် ကျော်လွန်နေပြီးပြီ... သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်နေပြီးပြီ... တာအိုအဆင့်ကိုတောင် နီးကပ်နေပြီးပြီ..'
'အဲ့လိုဖြစ်ရမယ်... အဲ့ဒါကြောင့်သာ ဆရာ့ရဲ့အပြုအမူတွေက သာမန်လူတစ်ယောက်လိုရှိပြီး ရိုးရှင်းမှုအသွင်ဆောင်နေတာ။ ဘာကြောင့်လဲဆိုတော့ ဆရာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးထက် ကျော်လွန်ပြီး ဖြစ်လို့ပဲ။ အဲ့ဒါရဲ့ချည်နှောင်မှုကို မခံရတော့ဘူး..'
ရွှီယန်၏မျက်နှာက ကျေနပ်အားရလာ၏။ ထို့နောက် အသက်ကို နက်ရှိုင်းစွာရှူပြီး စိတ်ဝိဉာဉ်ကို တည်ငြိမ်စေကာ ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းတာအို နိယာမအား လေ့လာရာ၌ နစ်မြှုပ်သွားသည်။
သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်ပြီး ဖြစ်ကာ ယခုအချိန်၌ သူ၏ ဉာဏ်အလင်းပွင့်မှုများကို ပြီးပြည့်စုံအောင် လုပ်နေ၏။ မကြာခင်တွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာ တာအိုနိယာမကို ပြီးပြည့်စုံစွာ ဖမ်းဆုပ်နိုင်မည်ဖြစ်သည်။