စိတ္တဇဆန်သူများ၊ ယွဲ့ချန်မင်၏အံ့သြမှု(၂)
Vol. 35 Ch. 518
"ဒါပေမယ့် ရှင်က အရမ်းစွမ်းအားကြီးပြီး ထိခိုက်ထားတဲ့ဒဏ်ရာတွေကလည်း အရမ်းပြင်းထန်တော့ စိတ်ဝိဉာဉ်ခန္ဓာ အဆီအနှစ်အားလုံးကို ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒါကြောင့်မလို့ ခွန်အား၁၀/၂၀%လောက်ပဲ ပြန်ရနိုင်တာ.."
"ဒါပေမယ့် စိတ်မပူပါနဲ့... ကျွန်မစုလင်းရှုံလို အံ့ဖွယ်ဆေးဆရာတစ်ယောက် အနားမှာရှိနေရင် အထွတ်အထိပ်အခြေအနေကို ပြန်ရအောင် လုပ်ပေးနိုင်ဖို့ အာမခံတယ်.."
ယွဲ့ချန်မင်၏ ပုံစံက ပဟေဠိဖြစ်သွားပြီး ဒန်ဆေးလုံးဟူသည်မှာ မည်သည်ဖြစ်သနည်းဟု မသိဖြစ်နေသည်။
"ကောင်းပြီ... မေးခွန်းတွေ ဆက်ပြီး မေးမနေနဲ့တော့... ဒဏ်ရာကုသဖို့က ပိုပြီးအရေးကြီးတယ်။ မလှုပ်နဲ့.."
စုလင်းရှုံက ယွဲ့ချန်မင်ကို ဆက်လက်မေးမြန်းခွင့် မပြုတော့ပေ။ သူမသည် လက်ထဲတွင် ရွှေအပ်ကိုကိုင်ပြီး ခန္ဓာကိုယ်အနှံ့ ဆက်တိုက်စိုက်ကာ ကုသမှုကိုစတင်သည်။
စိတ်ဝိဉာဉ်ဆေးပင်များစွာတို့ကိုလည်း ထုတ်ပြီး ခဏတာတွေးတောစဉ်းစားမှု ပြုလုပ်ပြီးနောက် ဒန်ဆေးဖော်မြူလာ တစ်ခုကို ဖန်တီးခဲ့သည်။
"ရှင့်ရဲ့ဒဏ်ရာတွေက တော်တော်လေး ပြင်းထန်တယ်။ ဒီဗိုင်းဝိဉာဉ်က အားနည်းနေပြီ။ အဲ့ဒါကြောင့်မလို့ ဒီတစ်ကြိမ်မှာ အသုံးပြုရမယ့် ဆေးပင်တွေက ပိုပြီးတော့အဖိုးတန်တယ်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုတို့ရဲ့ ရတနာတိုက်တွေကို လုယက်ထားလို့သာမဟုတ်ရင် ရှင့်ကိုကယ်ဖို့ လုံလောက်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေ စုဆောင်းနိုင်မှာ မဟုတ်ဘူး.."
စုလင်းရှုံက ပြောရင်းနှင့် အစစ်အမှန်ယွမ်နှင့် ရွှေအပ်ကိုထိန်းချုပ်လိုက်သည်။ လျှပ်တပြက်အတွင်း ယွဲ့ချန်မင်မှာ ခန္ဓာကိုယ်အတွင်းမှ အသက်ဓာတ်တို့ ထွက်ပေါ်လာကြောင်းကို အံ့သြစွာ တွေ့ရှိလိုက်သည်။ ခန္ဓာကိုယ်တစ်လျှောက် လှည့်လည်ခြင်း ပတ်လမ်းတစ်ခု ဖြစ်တည်လာပြီး အပ်စိုက်ထားသည့် နေရာများသည် အနည်းငယ် တုန်ခါနေကာ သင်္ကေတတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
ခန္ဓာကိုယ်နှင့် လျှို့ဝှက်ဆန်းကြယ်သည့် ပဲ့တင်ထပ်မှုတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအချိန်၌ သူသည် ပိုမို အားအင်ပြည့်ဖြိုးစွာ ခံစားလာရသည်။
စုလင်းရှုံက ပြုံး၏။ သူမ၏လက်ထဲတွင် ဒန်ဆေးမီးတောက်တစ်ခု ပေါ်လာပြီး ဒန်ဆေးလုံးကို စတင်သန့်စင်သည်။ သူမ၏ ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းအတတ်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်လုနီးပြီ ဖြစ်၏။
ထိုကဲ့သို့သော သူမ၏ ဒန်ဆေးသန့်စင်မှုနည်းလမ်းသည် ယွဲ့ချန်မင်အား ကြီးစွာ အထင်ကြီးသွားစေသည်။ ဤသည်မှာ မကြားဖူးသည့် နည်းပညာတစ်ခု ဖြစ်၏။
ယွဲ့အာလည်း တူညီစွာ ဖြစ်သည်။ သူမ၏ နှုတ်ခမ်းလွှာတို့သည် အနည်းငယ်ပွင့်ဟနေပြီး အံ့သြနေပုံရသည်။ ဒီစံအိမ်အတွင်းသို့ ဝင်ရောက်ပြီးကတည်းက အရာအားလုံးသည် ထူးဆန်းနေပုံ ပေါ်၏။
အထွတ်အထိပ်၌ရှိကာ အလေးစားခံရသည့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းကိုပင်လျှင် ခြေနင်းကျောက်တုံးကဲ့သို့ သတ်မှတ်ထားသည့် ဒီလူများတွင် မည်ကဲ့သို့သော အတတ်ပညာများ ရှိသနည်း။
"မမ... ငါနင့်ကို ဆေးပင်တွေ ပြန်ပေးမယ်.."
ယွဲ့အာက ပြောလိုက်ပြီးနောက် သိုလှောင်အိတ်အတွင်းမှ စိတ်ဝိဉာဉ်ဆေးပင်များကို စတင်ထုတ်သည်။
"မလိုဘူး... ငါ့မှာလုံလောက်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေရှိတယ်... ဒီတစ်ခေါက် သတင်းလာပို့ပေးတာကို ကုသစရိတ်အဖြစ် မှတ်ယူလိုက်မယ်.."
စုလင်းရှုံက ခေါင်းကိုရမ်းသည်။
ယခုအချိန်၌ ဒန်ဆေးလုံးမှာ အဆင်သင့်ဖြစ်နေပြီး ဖြစ်၏။
"ဒီဆေးလုံးကို သောက်လိုက်.."
"ကောင်းပါပြီ ကောင်းပါပြီ.."
ယွဲ့ချန်မင်မှာ စိတ်လှုပ်ရှားနေ၏။ သူသည် အသက်ရှည်ကြာစွာ မနေရတော့ဟု ထင်ထားခဲ့ပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် မြေးမဖြစ်သူအတွက် စိုးရိမ်ကာ မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။
သို့ပေမယ့် ယခုအချိန်၌ ပြန်လည်ကုစားနိုင်မည့် မျှော်လင့်ချက်ကို တွေ့လာရ၏။ ဤသည်မှာ အမှောင်ထဲ၌ အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသည်ဟန် ရှိသည်။
သူသည် ဒန်ဆေးလုံးကို တစ်ခါတည်း မျိုချလိုက်ပြီးနောက် ဒန်တျန်အတွင်းမှ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည့် နွေးထွေးသည့် စီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။
ပြီးနောက် သူ၏ ဒီဗိုင်းဝိဉာဉ်အတွင်းသို့ ရောက်ရှိကာ ဝိဉာဉ်ကို အားဖြည့်ပေး၏။ ပြီးခဲ့တုန်းက အားနည်းကာစိတ်ဓာတ်ကျနေသည့် အခြေအနေမှာ စတင် တိုးတက်လာခဲ့သည်။
စုလင်းရှုံက လက်ကိုဝှေ့ရမ်းလိုက်ပြီးနောက် ရွှေအပ်အားလုံးတို့ ပြန်ထွက်လာခဲ့၏။
"အခု အနားယူပြီးတော့ ခွန်အားကို ပြန်လည်စုဆောင်းနှင့်... အထွတ်အထိပ်အခြေအနေကို မရောက်နိုင်ရင်တောင် အနည်းဆုံးတော့ ကျင့်ကြံခြင်းအဆင့်ကို မကျသွားစေရဘူး.."
"ရှင်ရဲ့ဒီဗိုင်းဝိဉာဉ်က အားနည်းနေတယ်။ ဒါပေမယ့် ဒန်ဆေးလုံးရဲ့ အားဖြည့်မှုအောက်မှာ တစ်ညလောက်အိပ်စက်ပြီးရင် ပြန်ကောင်းလာလိမ့်မယ်.."
ယွဲ့ချန်မင်က ဦးညွှတ်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး... ကျွန်တော့ရဲ့ ကျေးဇူးတင်မှုကို လုံလောက်အောင် ဘယ်လိုမှ ဖော်ပြနိုင်မှာတောင် မဟုတ်ဘူး.."
ယွဲ့အာမှာလည်း ပျော်ရွှင်နေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုရွှီယန်.. ကျေးဇူးတင်ပါတယ်မမ.."
စုလင်းရှုံက သူမကို ပဟေဠိဖြစ်စွာ ကြည့်သည်။ တစ်ဖက်လူသည် ကျေးဇူးတင်ရာတွင် အမြဲတမ်း အစ်ကိုကြီးအား ထည့်ပြောလေ့ ရှိ၏။ ဆေးကုသသူမှာ သူမသာလျှင် ဖြစ်လေသည်။
"ကြည့်ရတာ အစ်ကိုကြီးက သူမတို့ကို ဒီနေရာကို ခေါ်လာလို့ ဖြစ်လိမ့်မယ်.."
ထိုသို့ဆိုပါက စီနီယာအစ်ကိုကြီးကို ကျေးဇူးတင်ခြင်းက ကျိုးကြောင်းစီလျော်ပါသည်။
"ဟိုဘက်မှာ အခန်းလွတ်တစ်ခု ရှိတယ်... နင်တို့သွားနားလို့ရတယ်.."
စုလင်းရှုံက စံအိမ်အတွင်းသို့ ညွှန်ပြသည်။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်မမ.."
ယွဲ့အာက ယွဲ့ချန်မင်ကိုတွဲကာ သွားရောက်အနားယူ၏။
"ဆရာ... သူ့ရဲ့စိတ်ဝိဉာဉ်ခန္ဓာကို ပြန်လည်ရရှိအောင်လုပ်ဖို့က စိန်ခေါ်မှုကြီးမားတယ်... တပည့်စစ်ဆေးပြီးပြီ။ အဆိုးဆုံးက သူ့ရဲ့စိတ်ဝိဉာဉ်ခန္ဓာကို ပြန်ကောင်းလာစေဖို့အတွက် ဒန်ဆေးသန့်စင်ရာမှာ လိုအပ်တဲ့ ဆေးပင်တွေ မရှိဘူး ဖြစ်နေတယ်.."
စုလင်းရှုံက ခက်ခဲမှုအချို့ဖြင့် ပြော၏။
ယွဲ့ချန်မင်၏ စိတ်ဝိဉာဉ်ခန္ဓာ အခြေခံသည် ပျက်စီးသွားခဲ့ပြီး ခြောက်ခန်းလုနီးပါး ရှိနေပါသည်။ ပြန်လည်ရရှိအောင် ပြုလုပ်ရန် လွယ်ကူမည်လား။
ပြောရလျှင် ပြန်လည်ကောင်းမွန်ဖို့ရာ မဖြစ်နိုင်လုနီးပါး ရှိနေပါသည်။ သို့ပေမယ့် သင့်တော်သည့် စိတ်ဝိဉာဉ်ဆေးပင်များရှိပြီး ဒန်ဆေးဖော်မြူလာကို ဖန်တီးပြီးလျှင်တော့ ခြောက်သွေ့နေသည့် စိတ်ဝိဉာဉ်ခန္ဓာအား ပြန်လည်ဖြည့်တင်းကာ ဆုံးရှုံးသွားသည့် အဆီအနှစ်တို့ကို ရယူနိုင်လောက်ပါသည်။
"စိတ်ဝိဉာဉ်ဆေးပင်တွေကို မရှိမဖြစ် လိုအပ်တယ်လို့တော့ မဆိုလိုဘူး... စိတ်ဝိဉာဉ်ခန္တာအတွက် သွေးစက်ကိုလည်း အစားထိုးအဖြစ် သုံးလို့ရတယ်.."
လီရွှမ်က ပြောသည်။
စုလင်းရှုံ၏ မျက်လုံးများက လင်းလက်သွား၏။
"သူမမှာ စိတ်ဝိဉာဉ်ခန္ဓာ ရှိတာလား.."
လီရွှမ်က ခေါင်းငြိမ့်၏။ ပြီးနောက် စုလင်းရှုံက သိလိုစွာမေးသည်။
"ဆရာ... တပည့်မှာရော စိတ်ဝိဉာဉ်ခန္ဓာရှိတာလား.."
လီရွှမ်က ခေါင်းငြိမ့်၏။
ရွှီယန်က လျှောက်လာခဲ့သည်။ အဆင့်ချိုးဖျက်ပြီးတိုင်းတွင် သူသည် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့၏။ သို့ပေမယ့် စိတ်ဝိဉာဉ်ခန္ဓာလား ဟူသည်ကို သေချာခြင်း မရှိပေ။
စိတ်ဝိဉာဉ်ခန္ဓာအား စူးစမ်းရန်အတွက် အထူးနည်းလမ်းတစ်ခု လိုအပ်ပေသည်။ စုလင်းရှုံသည် သူမ၏ ဒန်ဆေးသိုင်းပညာ လမ်းစဉ်ကြောင့် မိမိ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ ထူးကဲမှုအား ထိတွေ့မိသည်နှင့် ခံစားနိုင်လေသည်။
သို့ရာတွင် ရတနာခန္ဓာ သို့မဟုတ် စိတ်ဝိဉာဉ်ခန္ဓာ ဖြစ်ကြောင်းကို သိရှိခြင်း မရှိပေ။
လီရွှမ်မှာတော့ သူ၏အထူးခန္ဓာကိုယ် တည်ဆောက်ပုံအပေါ် ကျွမ်းကျင်နှံ့စပ်မှုကြောင့် တစ်ချက်ကြည့်သည်နှင့် ရတနာခန္ဓာ သို့မဟုတ် စိတ်ဝိဉာဉ်ခန္ဓာတစ်ခု ဖြစ်လားဟူသည်ကို ဆုံးဖြတ်နိုင်ပါသည်။ အထူးသဖြင့် တပည့်ဖြစ်သူ၏ ပြောင်းလဲမှုအပြီးတွင် ဖြစ်၏။
"ဆရာ... ကျွန်တော်ရော စိတ်ဝိဉာဉ်ခန္ဓာတစ်ခု ရှိတာလား.."
ရွှီယန်က သိလိုစွာမေးသည်။
"ရှိတယ်... မရှိဘူး.."
တပည့်ဖြစ်သူ၏ နားမလည်ပုံကို တွေ့ရပြီးနောက် လီရွှမ်က ပြုံးကာပြောသည်။
"ရတနာခန္ဓာတစ်ခုပဲဖြစ်ဖြစ်၊ စိတ်ဝိဉာဉ်ခန္ဓာတစ်ခုပဲဖြစ်ဖြစ်... အဲ့ဒါက ပါရမီတစ်မျိုးပဲ ဖြစ်တယ်။ မင်းကိုသာမန်လူတွေထက် စတင်မှတ် ပိုမြင့်သွားစေတာပဲ ရှိတယ်.."
"ဒါပေမယ့် သိုင်းပညာလမ်းကြောင်းက အရမ်းကိုရှည်လျားပြီးတော့ အထွတ်အထိပ်ကို တက်လှမ်းဖို့ဆိုတာ ပါရမီအပေါ်ကိုပဲ မှီခိုလို့မရဘူး။ နားလည်သဘောပေါက်မှု၊ စိတ်ခွန်အား၊ ကံတရား.. အဲ့ဒါတွေအားလုံးလည်း ဘယ်ဟာမှ လစ်ဟင်းလို့မရဘူး.."
"သာမန် ခန္ဓာကိုယ်တစ်ခုနဲ့တောင်မှ လူတစ်ယောက်က ခြေတစ်လှမ်းချင်းစီ တက်လှမ်းသွားမယ်ဆိုရင် အဆင့်တစ်ခုဆီ ချိုးဖျက်ပြီးတိုင်းမှာ ရတနာခန္ဓာ သို့မဟုတ် စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်တွေကို လိုက်မှီပြီး ဖြတ်ကျော်သွားလိမ့်မယ်... အဲ့ဒါကြောင့်မလို့ အရမ်းကြီးစိတ်ထဲမှာ မထားနဲ့.."
"မင်းရဲ့ ကိုယ်ကိုယ်တိုင်အပေါ် အာရုံခံ၊ ကိုယ်ကိုယ်တိုင်အပေါ် ကျော်ဖြတ်နိုင်အောင်လုပ်။ ကိုယ့်ကိုယ်ကိုပြောင်းလဲ... သိုင်းပညာလမ်းကြောင်းက အဆုံးမသတ်ဘူး... ရဲရဲရင့်ရင့်နဲ့ အမြင့်ဆုံးကို တက်လှမ်းနေတဲ့လူသာ အောင်မြင်နိုင်တယ်.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်မှာ ချက်ချင်းပင်နားလည်သွားသည်။ ဆရာဖြစ်သူက အတိအကျပြောဆိုခြင်း မရှိပေမယ့် သိုင်းပညာကျင့်ကြံစဉ် အတွင်းတွင် ရတနာခန္ဓာ သို့မဟုတ် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားခြင်း မရှိကြောင်းကို ကိုယ့်ကိုယ်ကိုယ် သိပါသည်။
သို့ရာတွင် ယခုအချိန်၌ သူသည် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုထက် အားနည်းခြင်းမရှိပါ။ ပိုမိုကာပင် သန်မာ၏။ ထို့ကြောင့် ရတနာခန္ဓာပဲဖြစ်ဖြစ်.. စိတ်ဝိဉာဉ်ခန္ဓာပဲဖြစ်ဖြစ် အားလုံးသည် သိုင်းပညာပါရမီ များစွာထဲမှ တစ်ခုသာ ဖြစ်၏။ ထိုမျှနှင့် သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိရန် အကူအညီပေးနိုင်စွမ်း မရှိပေ။
"ဆရာ... ကျွန်တော်နားလည်ပါပြီ.."
ရွှီယန်က လေးနက်စွာ ခေါင်းငြိမ့်သည်။
"ကျွန်တော်အခုပဲ သွားပြီးတော့ ကျင့်ကြံပါတော့မယ်.."
သိုင်းတစ်ထောင်ခန်းမကို ခြေနင်းကျောက်တုံး လုပ်ရန်မှာ အလွန်ခက်ခဲလှသည်။ သူ၏ လက်ရှိခွန်အားနှင့် စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် အပတ်တကုတ် ကြိုးစားကျင့်ကြံပြီး လျှင်မြန်စွာ အဆင့်ချိုးဖျက်ရပေမည်။
မုန့်ချုံလည်း တူညီစွာခံစားရ၏။ ပစ်မှတ်တစ်ခု ရှိလာပြီးနောက် သူ၏ ကျင့်ကြံမှုအပေါ် အာရုံစိုက်မှုသည် ပိုမိုမြင့်မားလာခဲ့၏။
ယွဲ့အာက အခန်းထဲမှ ထွက်လာပြီးနောက် လီရွှမ်ကို ဒူးထောက်ကာ ကျေးဇူးတင်သည်။ ထို့နောက် ရွှီယန်နှင့် စုလင်းရှုံတို့ဆီသို့ သွားရောက်ကာ စုလင်းရှုံ၏ ဒန်ဆေးသန့်စင်မှုအား သိလိုစွာကြည့်၏။
"မြှောင်.."
ကြောင်နီက ရောက်ရှိလာခဲ့သည်။ စုလင်းရှုံ၏ ခြေထောက်ကို ပွတ်သပ်ရင်းက အလွန် ချစ်ဖို့ကောင်းစွာပြုမူ၏။
"ကြောင်နီ... နင့်ကိုကြည့်ရတာ တော်တော်လေး ဝလာတာပဲ.."
စုလင်းရှုံက ကြောင်နီ၏ ဦးခေါင်းကို ပုတ်ရင်းကပြောသည်။
"မြှောင်.."
ကြောင်နီက ဆို၏။ သူ၏ခန္ဓာကိုယ် အနည်းငယ်ပိုမိုဝတုတ်လာခြင်းက ထွေးပွေ့ရာတွင် ပိုမိုနူးညံ့စွာ ခံစားရသည် မဟုတ်ပါလား။
"လာခဲ့... ဒီမှာယူလိုက်... ဒါပေမယ့် ချန်ပြီးတော့စားနော်။ ငါတို့မှာ စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးရှိရင်တောင်မှ တစ်နေ့မှာ ကုန်သွားတဲ့နေ့ ရှိမှာပဲ.."
စုလင်းရှုံက ကြောင်နီကို ဒန်ဆေးလုံးများအား ပေးသည်။
သန့်စင်ခြင်းအတွင်းတွင် ထွက်ပေါ်ခဲ့သည့် ကျရှုံးဆေးလုံးများလည်း အပါအဝင်ဖြစ်၏။
သူမသည် ဒန်ဆေးသန့်စင်ရာတွင် အလွန်ကျွမ်းကျင်ပြီး ဖြစ်လျှင်တောင် အဆင့်မြင့်မားသည့် ဒန်ဆေးလုံးအသစ်များကို ဖန်တီးရာ၌ ကျရှုံးမှုအချို့ ရှိနေဆဲဖြစ်သည်။
သို့ရာတွင် မည်သည်ကိုမှ အလကားသက်သက် ဖြုန်းပစ်စရာမလိုပဲ ကြောင်နီကို ကျွေးလို့ရ၏။ ကြောင်နီက အရာအားလုံးကို လက်ခံလေသည်။
သူသည် ကျရှုံးဆေးလုံးများကို စားခြင်းအား အသားကျနေပြီးဖြစ်ကာ ယခုအချိန်၌ ပုံမှန် အစားအသောက်တစ်ခု ဖြစ်နေပြီး ဖြစ်၏။
"မြှောင်.."
ကြောင်နီမှာ အလွန် စိတ်လှုပ်ရှားနေ၏။
စိတ်ဝိဉာဉ်ဆေးပင်များ ကုန်ဆုံးမည့် ပြဿနာမှာတော့... အချိန်ကျလာပါက နောက်ထပ် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုကို သွားရောက်လုယက်ရုံသာ ရှိပါသည်။
"ဒါက ကြောင်တစ်ကောင်လား.."
ယွဲ့အာမှာ သိလိုစိတ်တို့ဖြင့် ပြည့်နက်နေ၏။ မည်ကဲ့သို့ပင် ကြည့်စေကာမူ ဒီဖက်တီးကြောင်သည် ကြမ်းကြုတ်သည့် ကျားတစ်ကောင်နှင့် တူညီနေပါသည်။ သို့ရာတွင် အရွယ်အစားမှာ အမှန်တကယ်ကို ကြောင်တစ်ကောင်မျှသာရှိပြီး ကြောင်ကဲ့သို့ပင် အော်၏။
လက်ကိုဆန့်ကာ ထိကြည့်ရန်ကြိုးစားသည်။ သို့ပေမယ့် ကြောင်နီက အမြှီးကိုဝှေ့ရမ်းကာ ယွဲ့အာ၏လက်ကို ရိုက်ထုတ်လိုက်၏။ ဖြူဖွေးနုနယ်သည့် လက်ချောင်းသည် ချက်ချင်းပင် နီရဲလာခဲ့သည်။
ယွဲ့အာမှာ အံ့သြသွား၏။ ဒီကြောင်နီသည် အလွန် စွမ်းအားကြီးမားလှသည်လား။
"အဲ့ဒါက အစတုန်းက မျက်လုံးနီ ကျားတစ်ကောင်လေ။ အခုတော့ ကြောင်တစ်ကောင်ဖြစ်တာနဲ့ အသားကျနေပြီ.."
စုလင်းရှုံက ရှင်းပြသည်။
ယွဲ့အာမှာ ကြောင်တောင်သွား၏။ အစက ကျားတစ်ကောင်ဖြစ်ပြီး ယခုအချိန်၌ ကြောင်တစ်ကောင်အဖြစ်ဖြင့် အသားကျနေသည်လား။ ဤသည်မှာ မည်သည်ကို ဆိုလိုသနည်း။
ကြောင်နီက မနှစ်မြို့စွာဖြင့် အဝေးသို့ လျှောက်လှမ်းသွားသည်။ အပြင်လူများအား ထိခွင့်မပေးပေ။
လော့ဒေသနှင့် ယွီကျိုးဒေသအကြားနေရာတွင် ဖရိုဖရဲ ပုံရိပ်များစွာတို့ ပြေးထွက်လာခဲ့၏။ သူတို့သည် အရူးအမူးထွက်ပြေးနေကြဟန် ရှိသည်။ အားလုံးတို့မှာ လော့ဒေသ၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် သိုင်းသမားများ ဖြစ်ကြပြီး ကံကောင်းစွာ အသက်ရှင်ကျန်ရစ်သူများလည်း ဖြစ်သည်။
"မြန်မြန်ပြေးကြ... ယွီကျိုး မဟာမိတ်အဖွဲ့ကို သတိပေးပြီးတော့ ပုန်းအောင်းရမယ်.."
ထိုလူအနည်းငယ်တို့သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ယွီကျိုးကို ရောက်ရှိပြီးနောက် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ စခန်းတစ်ခုဆီသို့ ချက်ချင်းပင် ဦးတည်သွားကြသည်။
"ဘယ်သူရှိလဲ.."
အေးစက်သောအသံတစ်ခု လွင့်ပျံလာပြီး ဘယ်စောင့်ရှောက်သူက ကောင်းကင်သို့ ပျံတက်သွားသည်။
သူ၏မျက်နှာသည် သတိတရားဖြင့် ပြည့်နက်နေပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကိုကြည့်ကာ ယွီကျိုး၏ စိတ်ဝိဉာဉ်ဂိုဏ်းများ လှုပ်ရှားမှု ပြုလာသည်လားဟု ထင်မိလိုက်သည်။
"ငါတို့ရဲ့ မဟာမိတ်အဖွဲ့တွေကို အမြန်ဆုံးအကြောင်းကြားလိုက်။ ပုန်းအောင်းနေပြီး ကိုယ့်ကိုယ်ကိုလုံးဝ အပေါ်မခံနဲ့လို့။ သိုင်းတစ်ထောင်ခန်းမက အသန်မာဆုံးသိုင်းသမား ပေါ်လာတော့မယ်.."
သွေးလွှမ်းနေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က အမြန်ပြော၏။
"ဘာ.."
ဘယ်စောင့်ရှောက်သူ၏ နှလုံးသားက အံ့သြမှုတို့ဖြင့် ပြည့်နက်သွားသည်။ သိုင်းတစ်ထောင်ခန်းမ၏ အသန်မာဆုံးပုဂ္ဂိုလ် ပေါ်လာခဲ့သည်လား။
"လော့ဒေသရဲ့ မဟာမိတ်အဖွဲ့ကရော ဘာဖြစ်တာလဲ.."
ထိုလူများ၏ ဆိုးရွားနေသည့် အခြေနေကို တွေ့ရပြီးနောက် သူ၏နှလုံးသားက မကောင်းသည့် ခံစားချက်တို့ဖြင့် ပြည့်နက်လာခဲ့သည်။
"လော့ဒေသရဲ့ မဟာမိတ်အဖွဲ့ လုံးဝ အမြစ်ပြတ်သုတ်သင်ခံရလုနီးပါး ဖြစ်သွားခဲ့တယ်... ခေါင်းဆောင်လည်း သေသွားခဲ့ပြီ.."
လော့ဒေသ၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများက ဝမ်းနည်းစွာဖြင့် ဖြေကြားကြသည်။
"မြန်မြန်လေး ငါနဲ့လိုက်ခဲ့... ဒဏ်ရာတွေကို အမြန်ဆုံးကုသရမယ်.."
ဘယ်စောင့်ရှောက်သူက စိုးရိမ်စွာဖြင့် လျှို့ဝှက်စခန်းတစ်ခုစီသို့ ထိုလူများအား ခေါ်ဆောင်သွားသည်။
တစ်ချိန်တည်းတွင် သူသည် ဆက်သွယ်ရေးအဆောင်ကို အသုံးပြုပြီး လော့ဒေသ၏ သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည့် အခြေအနေနှင့် သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံးသိုင်းသမား ရောက်ရှိလာမှုတို့ကို ယွိကောင်းအား အကြောင်းကြားလိုက်သည်။
ထိုအချိန်၌ လော့ဒေသနှင့် ယွီကျိုးဒေသအကြား နေရာတွင် ပုံရိပ်တစ်ခု ဖြေးညင်းစွာ ရွေ့လျားလာ၏။ လေနှင့်တိမ်တို့သည် သူနှင့်အတူ လိုက်ပါရွေ့လျားနေပြီး ထည်ဝါသည့်အရှိန်အဝါက သက်တန့်ကဲ့သို့ရှိကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးတို့ကို လှိုင်းထန်စေသည်။