သူ့ဆရာက ပိုမောက်မာတယ်(၂)
Vol. 35 Ch. 516
စံအိမ်အတွင်းတွင် လူတိုင်းမှာ မှင်သက်သွားကြ၏။ လျှပ်တပြက်လှုပ်ရှားမှုနှင့်အတူ ရွှီယန်သည် မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွား၏။ ဤသည်မှာ ထိုမိန်းကလေးလေလား။
'အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ယောက်က ရွှီယန်ကို သတ်ဖြတ်ဖို့ စီစဉ်နေတာလား... ဘယ်အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက လုပ်တာလဲ... ဒါအားနည်းတဲ့သူကို တစ်ဖက်သတ် အနိုင်ကျင့်ချင်တာမလား။ ကောင်းပြီလေ... ငါလည်း ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ဝင်ရောက်ပြီးပြီဆိုတော့ အဲ့ဒီ့အထွတ်အထိပ်ဆိုတဲ့ ကောင်တွေနဲ့ ငါ့ရဲ့ဒီဗိုင်းဆန်းကြယ်စွမ်းအားကို စမ်းသပ်ဖို့ အရမ်းသင့်တော်တယ်..'
လီရွှမ်က နှလုံးသားထဲတွင် အေးစက်စွာပြုံးသည်။
သို့ရာတွင် ယွဲ့အာ၏ လူမြင်ကွင်းတွင် အော်ဟစ်ကာ ရွှီယန်ကို ရှာဖွေနေပုံကိုကြည့်ကာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ရောက်လာတော့မည်ဟူသည်မှာ အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး ရွှီယန်ကို မျှားထုတ်နေခြင်းဖြစ်သည်လားဟု သံသယဝင်လာမိသည်။
'ဒီကောင်မလေး... ရွှီယန်ကိုများ စွဲလမ်းသွားတာလား..'
လီရွှမ်က သိလိုစွာ စဉ်းစားသည်။ သူ၏ တပည့်ကြီးသည် ချောမောကာ ထူးကဲသည့် ပါရမီရှိ၏။ စွမ်းအားကြီးမားသည့် တိုက်ခိုက်ခြင်းစွမ်းရည်နှင့် ထိုကဲ့သို့သောမိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်သည်မှာ အံ့ဩစရာမရှိပေ။
ယွဲ့အာက နောက်ထပ်မြို့ ကြီးတစ်မြို့ဆီသို့ ရောက်ရှိတော့မည့်အချိန်၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
"မင်းငါ့ကို ရှာနေတာလား.."
ရွှီယန်က ယွဲ့အာကိုကြည့်ကာ မေးသည်။
"ရွှီယန်.."
ယွဲ့အာမှာ အံ့သြသွား၏။ ရွှီယန်သည် အလွန်လျှင်မြန်စွာ ပေါ်လာခဲ့သောကြောင့် သူမသည် သတိလက်လွတ်ဖြစ်သွားပြီး တစ်ဖက်လူ၏ လက်များအတွင်းသို့ ဝင်ရောက်လုနီးပါး ဖြစ်သွားခဲ့၏။ ကိုယ်ရှိန်ကို အချိန်မှီမနည်းရပ်တန့်လိုက်ရသည်။ ရွှီယန်နှင့် တစ်ပေနီးပါးသာ ကွာတော့၏။
"ဟုတ်တယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"မင်းငါ့ကို ဘာလို့ရှာနေတာလဲ... အဲ့ဒီ့အထွတ်အထိပ်ပုဂ္ဂိုလ်က ငါ့ကိုလာသတ်နေပြီလို့ မင်းဘယ်လိုလုပ်ပြီး သိတာလဲ.."
"အဲ့ဒီ့ကိစ္စကို အဘိုးပြောပြခဲ့တာ... သိုင်းတစ်ထောင်ခန်းမက အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ယောက်က ရှင့်ရဲ့ဓားပညာကို လုယူချင်နေတယ်။ အဲ့ဒါကြောင့်မလို့ ရှင့်ရဲ့ဆရာကိုလည်း သူတို့ရဲ့ လျှို့ဝှက်ပညာရပ်တွေကို ခိုးယူသွားတဲ့လူလို့ အရှက်မဲ့စွာ စွပ်စွဲနေတယ်..."
ယွဲ့အာက အလျှင်အမြန် ရှင်းပြသည်။
ရွှီယန်မှာ ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွား၏။
"သိုင်းတစ်ထောင်ခန်းမလား... ကောင်းပြီ ကောင်းပြီ... ငါရွှီယန် မှတ်ထားမယ်... သူတို့က ဒီလောက်အရှက်မဲ့စွာ ပြုမူရဲတယ်ဆိုတော့ ငါကလည်း စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့အတွက် သိုင်းတစ်ထောင်ခန်းမကို ခြေနင်းတုန်းအဖြစ် သုံးပေးရမှာပေါ့.."
"မင်းတို့ သိုင်းတစ်ထောင်ခန်းမကို ငါသုတ်သင်တဲ့အခါ ဘယ်သူက အရှက်မဲ့တဲ့လူလဲဆိုတာကို အားလုံးသိသွားတာပေါ့.."
ယွဲ့အာ "..."
ဤသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း တစ်ခု အကြောင်းကို ပြောနေခြင်းဖြစ်၏။ ရွှီယန်သည် ၎င်းကို ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုရန် ရဲတင်းစွာ စဉ်းစားနေသည်လား။ သို့ပေမယ့် ထိုကဲ့သို့သော ရဲတင်းမှုသည် ဆွဲဆောင်မှုတစ်မျိုးကို သယ်ဆောင်ထားသည်။
"ရွှီယန်... သိုင်းတစ်ထောင်ခန်းမက အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေထဲက တစ်ခုဖြစ်ပြီး သူတို့ရဲ့ခွန်အားက အရမ်းကိုစွမ်းအားကြီးတယ်... အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အထွတ်ထိပ်ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ဘယ်လိုမှ ရိုးရှင်းမနေဘူး... ရှင်နဲ့ရှင့်ဆရာ မြန်မြန်လေးထွက်ပြေးသင့်တယ်.."
"အသက်ရှင်ဖို့အတွက် အခွင့်အရေးရချင်တယ်ဆိုရင် မိုးပြာရောင်ပင်လယ်ဆီမှာ သွားပုန်းမှရလိမ့်မယ်.."
ရွှီယန်၏ ရဲရင့်မှုက သူမ၏နှလုံးသားကို အခုန်မြန်စေခဲ့ပေမယ့် အမြန်ထွက်ပြေးရန် လှုံ့ဆော်ဆဲဖြစ်သည်။
"ထွက်ပြေးရမှာလား... ဟာသပဲ.."
ရွှီယန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တော့ရော ဘာဖြစ်သနည်း။ သူ့အနေနှင့် တစ်ဖက်လူကို ရင်ဆိုင်ရန် အခွင့်အရေးမရှိတာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ဆရာ၏ရှေ့တွင် ဤသည်မှာ သေးသိမ်လှသည့် ပုရွဲဆိတ်တစ်ကောင် လောက်သာ ဖြစ်၏။
သို့ပေမယ့် သူသည် ယွဲ့အာကို အပြစ်တင်ခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် သူမသည် အပြင်လူတစ်ယောက်ဖြစ်ပြီး သူ့ဆရာ၏ စွမ်းအားကြီးမားပုံကို သိရှိခြင်းမရှိပေ။ ကိုယ်ကိုယ်တိုင်သည် လောကတစ်ခုနီးပါးရှိသည့် ဖြစ်တည်မှုတစ်ခု ဖြစ်၏။
"ဒါနဲ့... နင့်ရဲ့အဘိုးရော ဘယ်မှာလဲ... ဘယ်လိုလုပ်ပြီးတော့ နင်နဲ့အတူ လိုက်မလာတာလဲ.."
ရွှီယန်က မေးသည်။
ဘာပဲဖြစ်ဖြစ် ယွဲ့အာသည် စိတ်ကောင်းဖြင့် လာရောက်သတိပေးခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ကျေးဇူးတင်ရန် ထိုက်တန်သည်။
ထိုစကားကို ကြားရပြီးနောက် ယွဲ့အာ၏ပုံက ဝမ်းနည်းသွား၏။
"အဘိုးက ဒဏ်ရာရနေတယ်... အရမ်းလည်းပြင်းတယ်... ကြည့်ရတာ သူအကြာကြီး အသက်မရှင်လောက်တော့ဘူး.."
စကားဆုံးချိန်၌ ယွဲ့အာ၏ မျက်လုံးများက နီရဲလာခဲ့သည်။ အဘိုးသာ သေဆုံးသွားပါက ဒီလောကကြီးတွင် သူမအနေနှင့် မှီခိုရန် မည်သူမှမရှိတော့ပေ။
"ဒဏ်ရာရတာလား... နင့်ရဲ့အဘိုးကို ဒီကိုခေါ်လာခဲ့... ငါ့ရဲ့ဂျူနီယာညီမလေးက သူ့ကိုကုသပေးနိုင်တယ်.."
ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြော၏။
"မဖြစ်နိုင်ဘူး... အဘိုးရဲ့ဒဏ်ရာတွေက အရင်းအမြစ်အထိ နက်ရှိုင်းနေပြီ။ ကုသလို့မရတော့ဘူး.."
ယွဲ့အာက ဝမ်းနည်းစွာ ပြောသည်။
"အခြားလူတွေဆိုရင် ကုမရတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ငါ့ရဲ့ ဂျူနီယာညီမလေးကတော့ ကုပေးနိုင်တယ်... နင့်ရဲ့အဘိုးကိုသာ ဒီကိုခေါ်ခဲ့။ အထွတ်အထိပ်ပုဂ္ဂိုလ်တွေ ဘာတွေကိုလည်း စိုးရိမ်မနေနဲ့။ သူက ဘာမှမဟုတ်ဘူး.."
သူမ၏အဘိုးဖြစ်သူသည် ဒဏ်ရာအပြင်းအထန်ရထားလင့်ကစား ယွဲ့အာကို စေလွှတ်ကာ သူ့ဆီသို့ အကြောင်းလာကြားခိုင်းခဲ့၏။ ထိုကဲ့သို့သော အကူအညီပေးတတ်မှုမျိုးသည် အသိအမှတ်ပြုရန် ထိုက်တန်ပေသည်။ တစ်ဖက်လူ၏ ပြဿနာကို ကြားသိရပြီးနောက် အဘယ်ကြောင့် လျစ်လျူရှု့ထားမည်နည်း။
ဒန်ဆေးသိုင်းပညာကို ကျင့်ကြံသည့် စုလင်းရှုံသည် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် သိုင်းသမားတစ်ယောက်ကို ဘယ်တုန်းကမှ ကုသပေးဖူးခြင်း မရှိသေးပေ။ အထူးသဖြင့် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်မျိုးဖြစ်၏။
ဤသည်က သူမ၏စွမ်းရည်ကို ပြသပြီး ဒဏ်ရာကုသရာတွင် အတွေ့အကြုံအချို့ ရှာမှီးရန် ကောင်းမွန်သည့် အခွင့်အရေး ဖြစ်သည်။
"ဒါဆိုလည်း... အဘိုးကို မေးကြည့်လိုက်မယ်.."
ခဏတာတုံ့ဆိုင်းနေပြီးနောက် ယွဲ့အာက ခေါင်းငြိမ့်သည်။
"ငါနင့်ကို ဒီမှာစောင့်နေမယ်.."
ခဏတာစဉ်းစားပြီးနောက် ရွှီယန်က ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် သတိကြီးကြီးထားရန် လိုအပ်ပေသည်။ သူမနောက်သို့ လိုက်သွားခြင်းက ထောင်ချောက်တစ်ခု ဖြစ်နိုင်၏။ ထို့ကြောင့် လုံခြုံရန်အတွက် ဒီနေရာ၌သာ စောင့်နေမည်ဖြစ်သည်။
ဒီနေရာသည် စံအိမ်နှင့်နီးကပ်ပြီး စွမ်းအားကြီးမားသူတစ်ယောက် တိုက်ခိုက်လာလျှင်တောင် သူ၏ဆရာက အချိန်မှီ တုံ့ပြန်နိုင်မှာ ဖြစ်သည်။
"ကောင်းပြီ.."
ယွဲ့အာက ခေါင်းငြိမ့်ကာ အဝေးသို့ ထွက်ခွာသွား၏။
ယွဲ့ချန်မင်သည် ကျိန်နိုင်ငံမြို့တော်၏ မလှမ်းမကမ်းတွင် ပုန်းအောင်းနေ၏။ မကြာခင်တွင် ယွဲ့အာက ပြန်လာပြီးပြောသည်။
"အဘိုး... သမီးရွှီယန်ကို တွေ့ခဲ့ပြီးပြီ... သူက အဘိုးကို သူ့ဆီခေါ်လာခဲ့တဲ့... အဘိုးရဲ့ ဒဏ်ရာတွေကို ကုသနိုင်တယ်လို့ပြောတယ်.."
ယွဲ့ချန်မင်က သက်ပြင်းချကာ ပြော၏။
"ငါ့ရဲ့ဒဏ်ရာတွေက လုံးဝ ကုသလို့မရတော့ဘူး... ယွီကျိုးကို မကြာခင် ဟွမ်းလျန် ရောက်လာတော့မယ်။ ရွှီယန်ဘာပြောလဲ... ငါတို့တွေ အတူတူ ထွက်ပြေးကြမှာလား.."
ယွဲ့အာက ခဏတာစဉ်းစားပြီးနောက် ပြော၏။
"ရွှီယန်က မပြေးဖူးတဲ့... သူ့မှာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ကို ကြောက်စရာမလိုအောင် စွမ်းအားကြီးမားတဲ့ ဆရာရှိတယ်လို့ ပြောတယ်.."
ယွဲ့ချန်မင်၏ မျက်ခုံးများက ကျုံ့သွားပြီး သက်ပြင်းချသည်။
"သူ့ရဲ့ဆရာက စွမ်းအားကြီးတယ်ဆိုတာကို ငါသိတယ်... ဒါပေမယ့် အဆင့်လွန်ဂိုဏ်းက အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအားကို သူနားလည်လောက်မှာမဟုတ်ဘူး.."
"ထားလိုက်ပါတော့... သူ့ကိုသွားပြီး တွေ့တာပေါ့... ပြီးရင်အဆင့်လွန်ဂိုဏ်းရဲ့ အသန်မာဆုံးပုဂ္ဂိုလ်တွေ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို ငါသေသေချာချာ ရှင်းပြရမယ်.."
ထိုစကားနှင့်အတူ သူသည် အားတင်းကာထ၏။ အသက်ရှူမှုက အလွန်အားနည်းနေပြီး မျက်နှာက စက္ကူကဲ့သို့ ဖြူရော်ကာ အချိန်မရွေး သေဆုံးရတော့မည့်ဟန်ပေါ်သည်။
ယွဲ့အာက မျက်လုံးထဲတွင် မျက်ရည်များဝဲလျှက်နှင့် အဘိုးဖြစ်သူအတွက် သေချာပေါက် လက်စားချေရမည်ဟု နှလုံးသားထဲတွင် ကျိန်ဆို၏။
အဘိုးဖြစ်သူကို တွဲထူကာ မြေးအဘိုးနှစ်ယောက်တို့သည် ပုန်းအောင်းရာနေရာမှ ထွက်ခွာပြီး ခဏအတွင်း ရွှီယန်ဆီသို့ ရောက်ရှိသွား၏။
"ခင်ဗျားရဲ့ဒဏ်ရာက တော်တော်လေးပြင်းတာပဲ.."
ယွဲ့ချန်မင်၏ အခြေအနေကို တွေ့ရပြီးနောက် ရွှီယန်မှာ တိတ်တဆိတ် မှင်သက်သွားသည်။ ဒဏ်ရာများမှာ အလွန်ပြင်းထန်လှ၏။
သူ့ကိုအံ့သြစေသည်မှာ ယခုမျှပြင်းထန်သည့် ဒဏ်ရာများနှင့် ယွဲ့ချန်မင်သည် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ခြင်း ဖြစ်သည်။
"ရွှီယန်မိတ်ဆွေလေး... ငါ့ရဲ့ဒဏ်ရာတွေက ပြန်ကောင်းလာဖို့အတွက် မျှော်လင့်ချက် မရှိတော့ဘူး။ ဒါပေမယ့် ငါမင်းကို အကြံပေးချင်သေးတယ်... မြန်နိုင်သမျှမြန်အောင် ထွက်ပြေးနှင့်... အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအားက အထင်သေးလို့မရဘူး.."
ယွဲ့ချန်မင်က ချက်ချင်းပင် ပြော၏။
"အဲ့ဒါက ကိစ္စလေးပါ... ကျွန်တော်နဲ့လိုက်ခဲ့... ခင်ဗျားရဲ့ဒဏ်ရာတွေက ပြင်းထန်ပေမယ့် ကုသဖို့မဖြစ်နိုင်တာတော့ မဟုတ်ဘူး.."
ရွှီယန်က မလိုအပ်သည်များကို ပြောမနေတော့ပါ။ ယွဲ့ချန်မင်၏ စိတ်ကောင်းကို တိတ်ဆိတ်စွာသာ လက်ခံလိုက်၏။
အဆင့်လွန်ဂိုဏ်းမှ အသန်မာဆုံးပုဂ္ဂိုလ်မှာတော့ တစ်ဖက်လူ၏ မျက်လုံးထဲတွင် ပြိုင်ဘက်ကင်းတာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ဤသည်မှာ မိမိဆရာဖြစ်သူ၏ ခွန်အားကို မသိသောကြောင့်သာ ဖြစ်၏။
ထိုပုံကိုတွေ့ရပြီးနောက် ယွဲ့ချန်မင်မှာ ရွှီယန်၏ဆရာနှင့် တွေ့ဆုံပြီးမှသာ ဆက်လက် တိုက်တွန်းမှုပြုရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ယွဲ့အာက အဘိုးဖြစ်သူကိုတွဲကာ ရွှီယန်၏ နောက်မှလိုက်၏။ သူတို့သည် မကြာခင်တွင် သစ်ပင်များထူထဲသည့် နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ရွှီယန်၏ သက်ဆင်းမှုနောက်သို့လိုက်ကာ မထင်မှတ်စွာပင် စံအိမ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ မြေးအဘိုးနှစ်ယောက်တို့မှာ အံ့သြသွားကြသည်။ အပြင်ဘက်မှကြည့်လျှင် ရှင်းလင်းစွာပင် ထိုကဲ့သို့သော စံအိမ်တစ်ခု ရှိမနေပေ။
"ဒါကဘာလဲ.."
ယွဲ့ချန်မင်၏ နှလုံးသားထဲ၌ အံ့သြသွား၏။ သူတို့သည် ရွှီယန်၏ တည်နေရာကို ရှာဖွေနိုင်ခြင်းမရှိတာ အံ့သြစရာမရှိပေ။
"အခင်းအကျင်းနည်းလမ်းလေး တစ်ခုပါပဲ.."
ရွှီယန်က အသာပြော၏။
'အခင်းအကျင်းလား...'
ယွဲ့ချန်မင်က အံ့ဩစွာဖြင့် ကိုယ့်ကိုယ်ကိုရေရွတ်သည်။
အခင်းအကျင်းနည်းလမ်း ဟူသည်မှာ မည်သည်ဖြစ်သနည်း။ ရွှီယန်၏ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူနှင့်ပတ်သက်ပြီး သူ၏လေးစားမှုမှာ ပိုမိုကာပင် မြင့်တက်လာခဲ့သည်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် အဆင့်လွန်ဂိုဏ်းမှ အသန်မာဆုံးပုဂ္ဂိုလ်အား အမှန်တကယ် ရင်ဆိုင်နိုင်တာ ဖြစ်နိုင်၏။
"ဂျူနီယာညီမလေး... နင်သူ့ကို ကုပေးလို့ရလား။ ကြည့်ပေးဦး.."
စံအိမ်အတွင်းသို့ ရောက်ရှိပြီးနောက် စုလင်းရှုံနှင့် အခြားလူများ ရောက်ရှိလာခဲ့သည်။
လီရွှမ်က ခေါင်းမော့ကြည့်၏။ ပြီးနောက် မနေနိုင်ဘဲ အံ့ဩသွားမိသည်။ ဒီအဘိုးကြီး၏ အခြေအနေမှာ အလွန် ဆိုးရွားလှပါသည်။
ပထမဆုံးတွေ့ဆုံစဉ်က ဒဏ်ရာဟောင်းများကြောင့် ခန္ဓာကိုယ်တွင် ချို့ယွင်းမှုတို့ ဖြစ်နေခဲ့၏။ ကြည့်ရသည်မှာ ခန္ဓာကိုယ်အထူးတည်ဆောက်မှု ပျက်စီးသွားခဲ့ခြင်းကြောင့် ဖြစ်မည်ဟု သုံးသပ်ရသည်။
ယခုတော့ ထိုခန္ဓာကိုယ် အထူးတည်ဆောက်မှုသည် လုံးဝ ဆုံးရှုံးသွားခဲ့ပြီး အရင်းအမြစ်ပင်လျှင် ထိခိုက်ခဲ့၏။ နောက်ထပ် နှစ်အနည်းငယ် အသက်ရှင်နိုင်မည်မှာ ထိုအဘိုးအို၏ မာကျောသည့် စိတ်ဓာတ်ကြောင့်သာ ဖြစ်လိမ့်သည်။
"စိတ်ဝိဉာဉ်ခန္ဓာ မရှိတော့ဘူး.."
လီရွှမ်က ကိုယ့်ကိုယ်ကိုစဉ်းစား၏။
ယွဲ့အာကို ကြည့်လိုက်ပြီးနောက် ဤသည်မှာ အမှန်တကယ်ကို ရှားပါးသည့် ပါရမီနှင့် မိန်းကလေးတစ်ယောက် ဖြစ်ကြောင်းအား တွေ့လိုက်ရသည်။
သူမသည် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားပြီး အထူးကောင်းမွန်သည့် ကျင့်စဉ်တို့ကို ကျင့်ကြံထား၏။ ယခုမျှငယ်ငယ်ရွယ်ရွယ်နှင့် ကောင်းကင်လူသားကြီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်တာ အံ့သြစရာမရှိပေ။ ခွန်အားအရာတွင် သူမသည် လုရှင်ထင်းထက် ပိုမိုသာလွန်၏။
"ဒီဒဏ်ရာတွေက အရမ်းပြင်းထန်တယ်... အရင်းအမြစ်ကိုတောင် ရောက်နေပြီ.."
စမ်းသပ်မှုပြုပြီးနောက် စုလင်းရှုံ၏မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာ၏။
သူမ၏ ဒန်ဆေးသိုင်းပညာကို စတင် လေ့လာခဲ့စဉ်ကတည်းက ယခုအချိန်အထိ စွမ်းရည်တို့ကို ပြသရန် အခွင့်အရေး မရှိခဲ့ပေ။
"ဒါပေမယ့် ပြဿနာက အရမ်းကြီးမကြီးဘူး။ ကုသလို့ရတယ်... ဒါပေမယ့်သူ့ရဲ့..."
စုလင်းရှုံက ယွဲ့ချန်မင်၏ အခြေအနေအား မည်ကဲ့သို့ ဖော်ပြရမည်ကို စဉ်းစားသည်။ ထိုအချိန်၌ လီရွှမ်ကပြော၏။
"စိတ်ဝိဉာဉ်ခန္ဓာပြိုလဲသွားပြီး အရင်းအမြစ် ဆုံးရှုံးသွားပြီ.."
စုလင်းရှုံက ခေါင်းငြိမ့်သည်။
"ဟုတ်တယ်... အထူးခန္ဓာကိုယ်တည်ဆောက်မှု ပါရမီက ပြိုလဲသွားခဲ့ပြီ။ အရင်းအမြစ်က ဆုံးရှုံးသွားခဲ့ပြီ... အဲ့ဒါကြောင့်မလို့ ပြန်ရဖို့ တော်တော်ခက်ခဲလိမ့်မယ်.."
ယွဲ့ချန်မင်က အံ့ဩသွားသည်။ သူ၏ ဒဏ်ရာများသည် ကုသနိုင်လေသည်လား။ ထို့အပြင် သူ၏ ပျက်စီးကာ အရင်းအမြစ်ဆုံးရှုံးပြီးဖြစ်သည့် စိတ်ဝိဉာဉ်ခန္ဓာပင်လျှင် ပြန်လည်ကောင်းမွန်ရန် အခွင့်အရေး ရှိနေသေးသည်လား။
သူ၏မျက်လုံးများက ပြူးကျယ်နေပြီး တစ်ဖက်လူတို့ကို ကြွားဝါနေခြင်း ဖြစ်သည်လားဟုပင် တွေးမိသည်။ သို့ပေမယ့် ယွဲ့အာကတော့ ဝမ်းသာစွာဖြင့် စုလင်းရှုံ၏လက်ကိုဆွဲကာ စိတ်အားထက်သန်စွာ မေး၏။
"မမ... အဘိုးဒဏ်ရာတွေကို တကယ်ပဲ
ကုသလို့ရတာလား.."
"ဒါပေါ့.."
စုလင်းရှုံက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
"အသက်ရှိနေသေးတဲ့လူ ဖြစ်သ၍ ကုလို့ရတယ်.."
"ကောင်းလိုက်တာ... ကျေးဇူးတင်ပါတယ် အစ်ကိုရွှီယန် .. ကျေးဇူးတင်ပါတယ်မမ.."
ယွဲ့အာမှာ ဝမ်းသာလွန်း၍ မျက်ရည်များ ကျလာခဲ့၏။
ခဏတာတိတ်ဆိတ်နေပြီးနောက် ယွဲ့ချန်မင်က နောက်ဆုံးတွင် လီရွှမ်ကိုကြည့်ကာ ပြောသည်။
"ဟွမ်းလျန်က သိုင်းတစ်ထောင်ခန်းမရဲ့ အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူယွီကျိုးကို လာနေပြီ... ကျွန်တော့်ရဲ့ အမြင်အရဆိုရင် အခုအချိန်မှာ ရှောင်နေတာအကောင်းဆုံးပဲ.."
လီရွှမ်က တည်ငြိမ်စွာ ပြောသည်။
"စိတ်ပူမနေပါနဲ့... သူက ပုရွဲဆိတ်တစ်ကောင်လောက်ပဲ ရှိတယ်.."
ယွဲ့ချန်မင် "..."
ဒီအချိန်၌ ယွဲ့ချန်မင်သည် ရွှီယန်၏ ရဲတင်းမှုတို့ မည်သည့်နေရာမှ ရောက်ရှိလာသည် ဟူသည်အား နောက်ဆုံးတွင် နားလည်လာခဲ့သည်။
သူ၏ ဆရာဖြစ်သူသည် ပိုမိုကာပင် ရဲတင်း၏။ ကြည့်ရသည်မှာ မျိုးရိုးလိုက်သည် ထင်ရသည်။
သို့ပေမယ့် သူ၏စိတ်အခြေအနေမှာ ရှုပ်ထွေးစွာလည်း ခံစားနေရ၏။ ပုရွဲဆိတ်တစ်ကောင်မျှသော လူသည် သူ့အား ဒဏ်ရာအပြင်းအထန် ရစေခဲ့၏။ ထိုသို့ဆိုပါက သူသည် မည်သည်ဖြစ်သနည်း။
ပုရွဲဆိတ်ထက်ပင် ပိုမိုသေးသိမ်သည်လား။
တစ်ဖက်လူတို့အား ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ပေမယ့် သူတို့သည် အနည်းငယ်မျှပင် ကြောက်ရွံခြင်းမရှိပေ။
သူတို့အတွက် အသန်မာဆုံးပုဂ္ဂိုလ်မှာ ပုရွဲဆိတ်မျှသာ ဖြစ်သည်ဟု ဆို၏။
ဤသည်က ယွဲ့ချန်မင်ကို မည်ကဲ့သို့ ဆက်လက်တိုက်တွန်းရမည်အား မသိနိုင်အောင် ဖြစ်သွားစေခဲ့သည်။