ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမနှင့် ဒီဗိုင်းစွမ်းအားကိုပြသခြင်း
Vol. 35 Ch. 521
ထိုစကားကို ကြားရပြီးနောက် ရွှီယန်တို့အုပ်စုက ခေါင်းမော့ကြည့်ကြသည်။ တစ်လိပ်လိပ် တက်နေသည့် တိမ်များနှင့် ပြည့်နက်နေသည့် ကောင်းကင်ကို တွေ့လိုက်ရ၏။ ကြောက်စရာကောင်းသည့် စွမ်းအားသည် မျဥ်းဖြောင့်အတိုင်း လျှင်မြန်စွာ ရွေ့လျားလာခဲ့သည်။
ယွဲ့ချန်မင်၏ မျက်နှာက လေးနက်သွား၏။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ အသန်မာဆုံးပုဂ္ဂိုလ် ရောက်ရှိလာလေပြီ။
"စွမ်းအားက ကြီးလွန်းတယ်.."
ရွှီယန်က မျက်မှောင်ကျုံ့သွားပြီး မှတ်ချက်ပေး၏။
တစ်ဖက်လူ၏ စွမ်းအားသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ထက် များစွာ ကျော်လွန်နေပြီးဖြစ်သည်။
ထို့အပြင် တိမ်မုန်တိုင်းက ကောင်းကင်ကို လှိုင်းထန်စေပြီး ၎င်းတို့၏ အရှိန်အဝါသည် ကမ္ဘာမြေကို တုန်ဟီးနိုင်လောက်ကာ ကောင်းကင်ကိုယ်တိုင်မှာ ထိန်းချုပ်ခံထားရသကဲ့သို့ ရှိနေသည်။
'အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက အသန်မာဆုံး ပုဂ္ဂိုလ်တွေကို အနိုင်ယူဖို့အတွက် မူလဒီဗိုင်းအဆင့်ကို ရောက်မှပဲ မျှော်လင့်လို့ရမယ်..'
ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ ထို့အပြင် မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိခါစ လူများပင်လျှင် တစ်ဖက်လူကို အနိုင်ယူရန် စွမ်းအားတို့အား ပိုင်ဆိုင်ဦးမည် မဟုတ်ပေ။
"အဲ့ဒါက အသန်မာဆုံးပုဂ္ဂိုလ်တွေ ဆိုတာလား.."
မုန့်ချုံက ကတုံးပြောင်ကိုကုပ်ကာ သူ၏မျက်နှာက လေးနက်လာခဲ့သည်။
သိုင်းတစ်ထောင်ခန်းမကို နင်းချေလိုပါက ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို အနိုင်ယူနိုင်မည့် စွမ်းအားမျိုးအား လိုအပ်၏။
ဟွမ်းလျန်၏ ခွန်အားသည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အသန်မာဆုံးပုဂ္ဂိုလ်များအကြားတွင် မည်သည့်အခြေအနေ၌ ရှိသနည်း။ ဖြစ်နိုင်သည်မှာ သိုင်းတစ်ထောင်ခန်းမအတွင်းတွင် သူ့ထက် ပိုမိုသန်မာသည့် တည်ရှိမှုများ ရှိနေလောက်သည်။
သူသည် ဖိအားအချို့ကို ခံစားလာရ၏။ သို့ပေမယ့် စိတ်လှုပ်ရှားမှုကပိုသည်။ ရန်သူမှာ ပိုမိုသန်မာလေလေ အနိုင်ယူပြီးပါက ပိုမို ကျေနပ်ဖွယ်ကောင်းလေလေ ဖြစ်မှာဖြစ်သည်။
"တစ်နေ့မှာ... ငါသိုင်းတစ်ထောင်ခန်းမရဲ့ ထိပ်ဦးမှာရပ်ပြီး လင်းနယ်မြေရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ရမယ်.."
ရွှီယန်က ဂုဏ်ယူစွာဖြင့် ကြေညာသည်။
လက်ရှိအချိန်၌ သူသည် အသက်၂၀ပင် မပြည့်သေးပေ။ နောက်ထပ် နှစ်အနည်းငယ် ကြာပြီးပါက သိုင်းတစ်ထောင်ခန်းမ၏ ထိပ်ဦးတွင်ရပ်ရန်မှာ မဖြစ်နိုင်သည့် ပန်းတိုင် မဟုတ်ပေ။
ဟွမ်းလျန်သည် ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်ကာ ရွေ့လျားလာခဲ့၏။ လီရွှမ်မှာတော့ ကုလားထိုင်ပေါ်တွင်သာ ရိုးရှင်းစွာထိုင်နေပြီး အခင်းအကျင်းကို ရုတ်သိမ်းခြင်းမရှိဘဲ ထူးမခြားနားစွာ ကြည့်နေပါသည်။
ဟွမ်းလျန်၏ စွမ်းအားနှင့် အခင်းအကျင်း၏ တည်ရှိမှုကို စူးစမ်းနိုင်မှာ ဖြစ်သည်။ စံအိမ်ကို ကျော်သွားမည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူမွမ်းမံခင်းကျင်းထားသည့် အခင်းအကျင်းတို့အား ရုတ်သိမ်းပြီးဖြစ်၏။ လက်ရှိအခင်းအကျင်းကို ဖန်းဟောင်က ခင်းကျင်းထားခြင်းသာဖြစ်သည်။
ဤသည်မှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို လှည့်ဖျားလို့ရလျှင်တောင် ဟွမ်းလျန်ကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ကိုတော့ လှည့်ဖျားနိုင်မည် မဟုတ်ပေ။
"အဆင့်လွန်ဂိုဏ်းက အသန်မာဆုံးပုဂ္ဂိုလ်... လက်စသတ်တော့ သူတို့က ဒီလိုကို..."
ဟွမ်းလျန် နီးကပ်လာသည်နှင့်အမျှ လီရွှမ်သည် အဆင့်လွန်ဂိုဏ်းမှ အသန်မာဆုံးပုဂ္ဂိုလ်များနှင့် ပတ်သက်ပြီး ပိုမို နားလည်မှုရလာခဲ့သည်။
ယွဲ့ချန်မင်က အဘယ်ကြောင့် သူတို့ကို ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့် စွမ်းအားအား ထိန်းချုပ်နိုင်သည်ဟု ပြောကြားခဲ့သလဲ ဟူသည်အား နားလည်လာခဲ့သည်။
သို့ပေမယ့် တကယ့်စင်စစ်တွင် ထိုလူများသည် ထိုအဆင့်သို့ ရောက်ရှိရန် အလှမ်းကွာလွန်းလှသည်။
'ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့လင်းကျီ တစ်စွန်းတစ်စကို ဒီဗိုင်းဝိဉာဉ်ထဲကို သန့်စင်ခဲ့တယ်။ ပြီးတော့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမ စွမ်းအားနဲ့ ပဲ့တင်ထပ်အောင်လုပ်ပြီး အသေးစား စုစည်းနိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကအထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ထက် အများကြီး သန်မာနေပြီးပြီ..'
လျှပ်တပြက်အတွင်း လီရွှမ်သည် နားလည်လာခဲ့၏။ လင်းနယ်မြေရှိ အသန်မာဆုံးပုဂ္ဂိုလ်များ၏ အရင်းအမြစ်ကို သိမြင်လာခဲ့သည်။
အသန်မာဆုံးပုဂ္ဂိုလ် ဟူသည်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အခြေအနေအတွေး၌သာ ရှိနေသေး၏။
ခြားနားသည်မှာ သူတို့သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏လင်းကျီ တစ်စွန်းတစ်စကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်ထားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားအနည်းငယ်ကို စုစည်းနိုင်ခြင်းဖြစ်သည်။
"ထိုက်ချန်းသိုင်းပညာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီနဲ့ပဲ ကျင့်ကြံလို့ရတယ်။ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ကို ရောက်ပြီးပြီဆိုရင် ဆက်လက်မြင့်တက်နိုင်ဖို့အတွက် လင်းကျီကို ဒီဗိုင်းဝိဉာဉ်ထဲကို သန့်စင်ဖို့လိုအပ်တယ်.."
"အဲ့ဒီ့အခါမှပဲ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို စုစည်းနိုင်လိမ့်မယ်.."
"ထိုက်ချန်းသိုင်းပညာက လင်းကျီကို တံတားအဖြစ် အသုံးပြုပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို အာရုံခံနိုင်တယ်.."
"ပိုမိုကြွယ်ဝပြီး ထူထဲတဲ့ လင်းကျီတွေကို သန့်စင်ထားလေလေ လူတစ်ယောက်က ပိုပြီး သန်မာလာလေလေပဲ.."
"လင်းကျီကို သန့်စင်တာ အတိုင်းအတာတစ်ခုအထိ ရောက်ပြီးပြီဆိုရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို အာရုံခံနိုင်ပြီး သူတို့ရဲ့စွမ်းအားကို ခန္ဓာကိုယ်အတွင်းထဲကို သန့်စင်လာနိုင်လိမ့်မယ်..."
ဒီအချိန်၌ လီရွှမ်သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ဖြစ်လာပြီးနောက် ဆက်လက်ကျင့်ကြံရမည့် ကျင့်ကြံမှုလမ်းစဉ်ကို ရှင်းလင်းစွာ သိမြင်လာခဲ့သည်။
ဤသည်မှာ သူဖန်တီးထားသည့် သိုင်းပညာလမ်းစဉ်နှင့် ခြားနား၏။ ကိုယ်ကိုယ်တိုင်က တံတားဖြစ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ပြီး တာအိုကို ရှာဖွေခြင်းနှင့် မတူပေ။
ထိုက်ချန်းသိုင်းပညာသည် လင်းကျီအား အဓိကအဖြစ် အသုံးပြု၏။ လင်းကျီရှိမှသာလျှင် လူတစ်ယောက်သည် သိုင်းပညာကို ကျင့်ကြံနိုင်သည်။ လင်းကျီမရှိပါက ကျင့်ကြံရန် မဖြစ်နိုင်ပေ။
ဤသည်မှာ ထိုက်ချန်းသိုင်းပညာ၏ ကန့်သတ်မှု ဖြစ်၏။ သိုင်းသခင်အဆင့်မှ စတင်၍ လူတစ်ယောက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို အဓိကထား အာရုံခံရသည်။ ကျင့်ကြံမှု အဆင့်မြင့်တက်လာသည်နှင့်အမျှ ပိုမိုပိုမိုကာ အာရုံခံနိုင်လာ၏။ နောက်ဆုံးတွင် လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်ရန် လိုအပ်လေသည်။
လင်းကျီအား ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်ပြီးမှသာလျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် ဆက်သွယ်နိုင်မည့် တံတားတစ်ခုကို တည်ဆောက်နိုင်၏။
ထိုအခါမှသာ ဆက်လက်ကျင့်ကြံမှုပြုကာ ထိုနိယာမစွမ်းအားတို့ကို ခန္ဓာကိုယ်အတွင်းသို့ သန့်စင်နိုင်သည်။
'ဟွမ်းလျန်က အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အသန်မာဆုံးပုဂ္ဂိုလ်တွေ အကြားမှာ အရမ်းကြီး မစွမ်းလောက်ဘူး... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီအနည်းငယ်ကိုပဲ သန့်စင်ပြီးသေးတယ်။ သူ့အနေနဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအား တစ်စွန်းတစ်စကို စုစည်းပြီး အသုံးပြုနိုင်ပေမယ့် အားနည်းလွန်းနေသေးတယ်..'
'သူက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမနဲ့ ဆက်သွယ်ဖို့အတွက် အဝေးကြီးလိုသေးတယ်။ အဲ့ဒီ့ နိယာမတွေကို ခန္ဓာကိုယ်အတွင်းကို သန့်စင်ထည့်ဖို့ဆိုတာ ပိုပြီးတော့ ဝေးသေးတယ်..'
လီရွှမ်သည် ဟွမ်းလျန်၏ ခွန်အားကို ရှင်းလင်းစွာပြောနိုင်၏။ ထို့ကြောင့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အသန်မာဆုံးပုဂ္ဂိုလ်များ၏ အထွတ်အထိပ်စွမ်းအားကိုလည်း ယေဘုယျအားဖြင့် ခန့်မှန်းလာနိုင်ခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမ တစ်စွန်းတစ်စကို သန့်စင်ခြင်းမှာ အကန့်အသတ်နီးပါးသို့ ရောက်နေပြီးဖြစ်၏။
ထိုအဆင့်ရှိ သိုင်းသမားတစ်ယောက်ကို သူ့အနေနှင့် တစ်ချက်တည်း ရိုက်သတ်နိုင်စွမ်း ရှိသည်။ ပိုမိုသန်မာသည့် သိုင်းသမားများမှာတော့ လီရွှမ်၏ ထိုက်ချန်းသိုင်းပညာအပေါ် နားလည်မှုအရ လင်းနယ်မြေတွင် တည်ရှိခြင်း မရှိပေ။ ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီ ကန့်သတ်မှုကြောင့်ဖြစ်၏။
'လင်းနယ်မြေရဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီက အတွင်းဘက်နယ်မြေထက် ပိုပြီးတော့ လှုပ်ရှားတက်ကြွပေမယ့် အဆင့်ပိုမြင့်မားတဲ့ ကျင့်ကြံမှုအတွက် ထောက်ပံ့မပေးနိုင်ဘူး..'
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးနောက် လီရွှမ်၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအပေါ် နားလည်သဘောပေါက်မှုမှာ ကြီးစွာ မြင့်တက်လာခဲ့သည်။ အတွေးတစ်ချက်နှင့်အတူ လင်းနယ်မြေရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို သိမြင်နိုင်၏။ ထို့အပြင် သူ၏ ဒီဗိုင်းစွမ်းအားများနှင့် ထိုနိယာမအချို့ကိုပင် အသုံးပြုနိုင်စွမ်း ရှိသည်။
ဤသည်မှာ သူ၏ ထိုက်ချန်းစာအုပ်အတွင်းရှိ နိယာမများအပေါ် နက်ရှိုင်းစွာ လေ့လာခဲ့မှုကြောင့် ဖြစ်၏။
တကယ်တော့ ထိုစာအုပ်ကြောင့်ပင်လျှင် သူသည် လင်းနယ်မြေ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမသင်္ကေတများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
'လင်းကျီကို ဒီဗိုင်းဝိဉာဉ်ထဲကို သန့်စင်တယ်... အဲ့ဒီ့အတတ်က အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်လိမ့်မယ်။ သူတို့ စွမ်းအားကြီးမားရတဲ့ အကြောင်းအရင်းရဲ့ အခြေခံလည်း ဖြစ်လိမ့်မယ်..'
'ဒါပေမယ့် လင်းနယ်မြေမှာ အဲ့လို မျိုးအတတ်ပညာကို ပိုင်ဆိုင်ထားတဲ့ တူညီတဲ့ သိုင်းသမားတွေလည်း ရှိလောက်တယ်။ ဒါပေမယ့် ငါ့အထင်တော့ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ နှိုင်းယှဉ်ရင် သူတို့ရဲ့ သန့်စင်နိုင်မှုအမြန်နှုန်းနဲ့ တိုးတက်မှုတွေက နိမ့်ကျလိမ့်မယ်..'
'အဲ့ဒီ့အပြင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို ဒီဗိုင်းဝိဉာဉ်ထဲကို သန့်စင်တာက ကျင့်စဉ်တစ်ခုတည်းနဲ့ အလွယ်တကူ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီအပေါ် နားလည်မှုအချို့ လိုအပ်လိမ့်မယ်..'
'အခြား အချက်အလက်အချို့လည်း ရှိနေလိမ့်မယ်။ ပြီးတော့ ပါရမီ လိုအပ်ချက်ကလည်း မနိမ့်ပါးရဘူး။ အဲ့ဒီ့အပြင် စိတ်ဝိဉာဉ်ခန္ဓာဆိုရင် ကျင့်ကြံရတာ ပိုလွယ်လိမ့်မယ်..'
ခဏတာ စဉ်းစားပြီးနောက် လီရွှမ်သည် ထိုလျှို့ဝှက်ချက်ကို နားလည်လာခဲ့၏။ ယွဲ့ချန်မင်ကို ကြည့်ကာ ထိုအဘိုးကြီးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်သည့် နည်းလမ်းကို သိရှိပြီးမည် ဖြစ်လောက်သည်ဟု တွေးမိ၏။
သို့ပေမယ့် အကြမ်းထည်နိုင်ကာ တိုးတက်မှုနှုန်းမှာ မြင့်မားခြင်း မရှိပေ။ ကိုယ်ကိုယ်တိုင်၏ ကြိုးစားမှုတို့ အများကြီးလိုအပ်၏။