← Chapters

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် ဒီဗိုင်းစွမ်းအားကိုပြသခြင်း(၂)

Vol. 35 Ch. 522

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် ဒီဗိုင်းစွမ်းအားကိုပြသခြင်း(၂)

Vol. 35 Ch. 522

စိတ်ဝိဉာဉ်ခန္ဓာ မရှိပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်လို့မရပေ။ ထိုအကြောင်းကြောင့်လည်း ယွဲ့ချန်မင်သည် ဆက်လက်တိုးတက်မှု မပြုနိုင်ခြင်း ဖြစ်၏။

သူ၏ စိတ်ဝိဉာဉ်ခန္ဓာ မရှိဘဲ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ သန့်စင်လို့ မရပေ။

"ဂျုံး ဂျုံး.."

ဟွမ်းလျန်၏ ထည်ဝါလှသည့် တည်ရှိမှုက စံအိမ်ဆီသို့ နီးကပ်လာခဲ့၏။ သို့ပေမယ့် ရွှီယန်တို့ အုပ်စုသည် တိတ်ဆိတ်စွာသာ ဆက်လက် ကြည့်ရှု့နေကြပြီး စိုးရိမ်ခြင်း အလျှဥ်းမရှိပေ။

"ဟွမ်းလျန်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို အသုံးချနိုင်နေပြီးပြီလား.."

ဖန်းဟောင်က ရုတ်တရက်မေး၏။

"မဟုတ်လောက်ဘူး.."

ရွှီယန်က ခေါင်းကိုရမ်းသည်။ ပြီးနောက် စဉ်းစားစွာပြော၏။

"သူ့ရဲ့အရှိန်အဝါက သန်မာပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လေနဲ့တိမ်ကို လှုပ်ခါစေနိုင်တယ်။ ငါ့အထင်တော့ အဲ့ဒါက လျှို့ဝှက်အတတ် တစ်မျိုးမျိုးကို အသုံးပြုပြီး တံတားအဖြစ် အသုံးချခဲ့လို့ ဒီအဆင့်ကို ရောက်နိုင်တာပဲ.."

"ငါသာ မသေခြင်းရွှေခန္ဓာရဲ့ ဒုတိယအဆင့်ကို ချိုးဖျက်ပြီးရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကြီးစိုးခြင်း ဆေဘာဓားချက်နဲ့ အဲ့ဒီ့ အရှိန်အဝါကို ချိုးဖျက်နိုင်တယ်.."

မုန့်ချုံက ခဏတာ တွေးတောပြီးနောက် ပြော၏။

လီရွှမ်က ပါးစပ်ကိုဖွင့်ကာ ဆိုသည်။

"အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီ တစ်စွန်းတစ်စကို ဒီဗိုင်းဝိဉာဉ်ထဲ သန့်စင်ထားရုံပဲ။ လေနဲ့တိမ်ကို လှိုင်းထန်စေနိုင်ပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့စွမ်းအား တစ်စွန်းတစ်စကို စုစည်းနိုင်တယ်.."

ရွှီယန်တို့ အုပ်စုမှာ နားလည်သွားကြသည်။

"လက်စသတ်တော့ ဒီလိုကို.."

ယွဲ့ချန်မင်မှာ အံ့သြသွားသည်။ ရွှီယန်၏ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူသည် အရာအားလုံးကို တစ်ချက်ကြည့်သည်နှင့် တွေ့မြင်နိုင်၏။ ယခုမျှ ယုံကြည်ချက်ရှိတာ အံ့ဩစရာမရှိပေ။ သူသည် ဟွမ်းလျန်ထက်ပင် ပိုမို သန်မာရပေမည်။

ထိုကဲ့သို့ နားလည်မှုရလာပြီးနောက် သူ၏မျက်နှာက စိတ်သက်သာရာ ရလာခဲ့၏။

"အားနည်းတဲ့လူတွေပဲ သူတို့ရဲ့ခွန်အားကို ထုတ်ဖော် ကြွားလုံးထုတ်ရတာကို ခုံမင်တယ်။ မလိုအပ်တဲ့နေရာမှာလည်း ထုတ်လွှတ်ထားပြီး ခွန်အားကို သက်သေပြလိုကြတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အဲ့ဒါက ဓားခုတ်ကောင်တစ်ကောင် မြင်းလှည်းကို တားဆီးသလို သို့မဟုတ် ပုရွဲဆိတ်ကောင်တစ်ကောင် သစ်ပင်ကို လှုပ်ခါသလိုပဲ။ ဟွမ်းလျန်က အဲ့လိုပဲ အတိအကျတူညီတယ်။ ပုရွဲဆိတ်တစ်ကောင်က သူ့ရဲ့ သေးသိမ်မှုကို နားမလည်နိုင်ဘူး.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ပြော၏။

"ဆရာပြောတာ မှန်ပါတယ်.."

ရွှီယန်က သဘောတူညီစွာ ခေါင်းငြိမ့်သည်။ မုန့်ချုံနှင့် အခြားလူများလည်း အလိုလိုပင် သဘောတူကြ၏။

ဆရာသည် အလွန် သန်မာလှပါသည်။ သို့ပေမယ့် ဘယ်တုန်းကမှ ကြွားဝါပြခြင်း မရှိပေ။ အဲ့ဒီ့အစား သာမန်လူတစ်ယောက်ကဲ့သို့ ရှိနေပြီး ထူးမခြားနားစွာဖြင့်သာ နေလေ့ရှိသည်။ ဤသည်မှာ စစ်မှန်သည့် စွမ်းအားကြီးသူ တစ်ယောက်၏ သင်္ကေတ ဖြစ်၏။

ခဏတာအတွင်း ယွဲ့ချန်မင်သည် မည်သည်ကို ပြောရမည်မသိ ဖြစ်နေ၏။ ဟွမ်းလျန်သည် ပုရွဲဆိတ်တစ်ကောင်လေလား။ ဖြစ်နိုင်သည်မှာ...ထိုလူ၏ မျက်လုံးထဲတွင် တစ်ဖက်လူသည် အမှန်တကယ် ပုရွဲဆိတ်တစ်ကောင် ဖြစ်နေသည်လား။

"ဟူး.."

ဟွမ်းလျန်က ရုတ်တရက် ရပ်တန့်သွားပြီး စံအိမ်ဆီသို့ ခေါင်းလှည့်ကြည့်သည်။

"သူတို့အားလုံးက အမြဲတမ်း ဒီမှာရှိနေတာပဲ... အတတ်ပညာကောင်း တစ်ခုပဲ။ သူတို့တွေ ဒီမှာအေးအေးဆေးဆေး ပုန်းအောင်းနိုင်နေတာ အံ့သြစရာမရှိဘူး.."

ဟွမ်းလျန်က ရပ်တန့်သွားသည်နှင့် ဧကရာဇ်ကျိန်နှင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း အနား၌ ရပ်တန့်သွားပြီး အားလုံးပဟေဠိနေကြသည်။ ရှင်းလင်းစွာပင် ဤသည်မှာ သစ်ပင်များထူထပ်စွာပေါက်ရောက်နေသည့် နေရာတစ်ခုသာ ဖြစ်၏။

လီရွှမ်က လက်ကိုဝှေ့ရမ်းလိုက်ပြီးနောက် အခင်းအကျင်း ပျောက်ကွယ်သွားပြီး စံအိမ်က ပေါ်လာခဲ့သည်။ သူသည် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဟွမ်းလျန်ကို အနိမ့်အမြင့်အတက်အကျ မရှိသည့် ခံစားချက်ဖြင့် ကြည့်၏။

"သေးသိမ်လိုက်တာ.."

ခေါင်းကိုရမ်းကာ သက်ပြင်းချသည်။ ပြီးနောက် ရွှီယန်တို့ကိုကြည့်ကာ လေးနက်စွာပြော၏။

"မှတ်ထား... မင်းတို့မှာ ခွန်အားအနည်းငယ်လောက် ရလာရုံနဲ့ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးမားလှပြီလို့ မတွေးလိုက်နဲ့။ အပြင်ဘက်မှာ ပိုပြီးတော့ ကြီးမြတ်တဲ့လူတွေ အမြဲရှိနေတယ်။ ပိုပြီးမြင့်တဲ့ ကောင်းကင်က အမြဲရှိနေတယ်.."

"မင်းတို့ အဟုတ်ကြီးထင်ထားတဲ့ စွမ်းအားက တကယ့်တကယ်ကျတော့ သေးသိမ်လွန်းတယ်.."

"ဒီဟွမ်းလျန်လိုပဲ... အပြင်လူတွေရဲ့ မျက်လုံးထဲမှာ သူက အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ ပုရွဲဆိတ်တစ်ကောင်ထက် မပိုဘူး.."

ရွှီယန်တို့အားလုံးမှာ လေးနက်စွာ နားထောင်နေကြပြီး ဦးညွှတ်ကာပြော၏။

"ဟုတ်ကဲ့ပါဆရာ... တပည့်တို့ စိတ်ထဲမှာ မှတ်သားထားပါမယ်.."

"အင်း.."

လီရွှမ်က ကျေနပ်စွာခေါင်းငြိမ့်သည်။

ဧကရာဇ်ကျိန်တို့ လူအုပ်မှာ မှင်သက်သွားကြသည်။ ရွှီယန်၏ ဆရာဖြစ်သူသည် လုံးဝကို ရဲတင်းလွန်းလှသည်။

အသန်မာဆုံးပုဂ္ဂိုလ်၏ မျက်စိရှေ့တွင် တစ်ဖက်လူအား ဥပမာပေးကာ သင်ကြားပြသနေ၏။

ထို့အပြင် ရွှီယန်တို့အားလုံးမှာလည်း လေးနက်သည့် မျက်နှာများဖြင့် အပက်တကုတ် နားထောင်နေကြသည်။ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်သည့် ဟွမ်းလျန်ကို အာရုံစိုက်ခြင်း လုံးဝမရှိပေ။

ယွဲ့ချန်မင်မှာ လုံးဝ ထုံထိုင်းစွာ ခံစားနေရ၏။ ယွဲ့အာ၏ မျက်လုံးများမှာတော့ လင်းလက်နေပါသည်။ သူမလည်း လိုက်ပါခေါင်းငြိမ့်၏။

"ကျွန်မလည်း အကြီးအကဲရဲ့စကားကို စိတ်ထဲမှာ အမြဲမှတ်သားထားပါမယ်.."

ဟွမ်းလျန်မှာ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ သို့ရာတွင် သူသည် ဒီနေရာသို့ ရွှီယန်၏ ဓားပညာကြောင့် ရောက်ရှိလာခြင်း ဖြစ်၏။ ဓားပညာကိုမရခင်၊ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဓားပညာ မည်သည့်နေရာမှ လာသည်ကို မသိခင်တွင် သတ်ဖြတ်ပစ်လို့ မရသေးပါ။

သူ၏အကြည့်က ယွဲ့ချန်မင်အပေါ်သို့ အေးစက်စွာ ကျရောက်လာ၏။ တစ်ဖက်လူကို ပြန်လည်ကောင်းမွန်နေမည်ဟု ထင်မထားခဲ့ပေ။ စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားခြင်း မရှိတော့ပေမယ့် ဒဏ်ရာများမှာ ကုသပြီးသလောက် ရှိနေ၏။

"မင်းတို့က တော်တော်သတ္တိကောင်းနေတာပဲ... ငါသတ်ဖြတ်ဖို့ ရည်ရွယ်ထားတဲ့ လူကိုတောင် ကယ်တင်ရဲတယ်။ မင်းတို့ရှေ့မှာ ငါသူ့ကို ပြန်သတ်ပြမယ်.."

"အုန်း.."

ဟွမ်းလျန်က လှံရှည်ကို မြှောက်လိုက်ပြီးနောက် လှံထိပ်တွင် အလင်းတစ်ခု စုစည်းလာပြီး ယွဲ့ချန်မင်ဆီသို့ ချိန်ရွယ်လိုက်သည်။

သူသည် တစ်ဖက်လူများအား ခြိမ်းခြောက်မှုပြုကာ ဖမ်းဆီးပြီး သိုင်းတစ်ထောင်ခန်းမသို့ ခေါ်ယူသွားပြီးနောက် ဓားတာအို၏ လျှို့ဝှက်ချက်အတွက် စစ်မေးရပေမည်။

လှံအလင်းသည် ဥက္ကာခဲတစ်ခု ကျဆင်းလာသည့်နှယ်ရှိပြီး ထိုအလင်းကြောင့် လောကကြီးရှိ လေနှင့်တိမ်တို့ ပျောက်ကွယ်သွားရသည်။ ၎င်းသည် အရမ်းကြီး လျှင်မြန်ခြင်းမရှိပေ။ သို့ပေမယ့် ရှောင်ရှားရန် မဖြစ်နိုင်ဘဲ အရှိန်အဝါတစ်ခု၏ ပစ်မှတ်ထားခြင်း၊ ပိတ်နှောင်ထားခြင်း ခံထားရသကဲ့သို့ ရှိသည်။

နှေးကွေးသည့် လှံအလင်းသည် သေမင်း၏ ရောက်ရှိလာခြင်းသဖွယ် ရှိပြီး စွမ်းအားကြီးမားလှသည့် ဖိအားက အနှိုင်းမဲ့လှသည်။ လောကကြီးတစ်ခုလုံးတွင် ထိုလှံချက်တစ်ခုသာ ကျန်ခဲ့တော့သည် ထင်ရ၏။

သံသယဝင်စရာမကောင်းလောက်အောင် ဟွမ်းလျန်သည် ထိုနည်းလမ်းကို အသုံးပြုပြီး ရန်သူ၏ စိတ်ဝိဉာဉ်ကို ဖျက်ဆီးကာ တစ်ဖက်လူအား ကြီးမားသည့် ဖိအားကို ပေးစွမ်းလိုလေသည်။ မျှော်လင့်ချက်မဲ့မှုကို ခံစားလိုလေသည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြသည့် ဧကရာဇ်ကျိန်တို့ သိုင်းသမားအုပ်စုမှာ အားလုံး တုန်ခါနေကြပြီး အလျှင်အမြန် ဆုတ်ခွာသွားကြသည်။ ဤသည်မှာ ကြောက်ဖို့ကောင်းလှ၏။

ဤသည်မှာ အသန်မာဆုံးပုဂ္ဂိုလ်၏ စွမ်းအားလေလား။ အသာထိုးလိုက်သည့် လှံချက်တစ်ချက်က ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို စုစည်းထားသည်။

သူတို့ကို ပစ်မှတ်ထားထားခြင်း မဟုတ်လျှင်တောင် မွန်းကြပ်သည့် ခံစားချက်က ဝင်ရောက်လာခဲ့၏။

လူတိုင်းသည် စံအိမ်အပေါ်တွင် အကြည့်များ ရောက်နေကြပြီး လီရွှမ်အနေနှင့် ထိုတိုက်ခိုက်မှုကို မည်ကဲ့သို့ ကာကွယ်မည်အား သိလိုနေကြသည်။

"ဒီလူကတော့ သေပြီ.."

ဤသည်မှာ ရှိနေကြသည့် သိုင်းသမားအားလုံး နီးပါး၏ အတွေးဖြစ်၏။ လှံအလင်းသည် မြန်ဆန်ခြင်း မရှိပေ။

၎င်းသည် ကျရောက်လာသည်နှင့် ယွဲ့ချန်မင်ဆီသို့ တိုက်ရိုက် ဦးတည်သွား၏။

စံအိမ်အတွင်းတွင် လီရွှမ်က စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်ရင်းက မျက်နှာတွင်ချွေးစေးများ ကျနေသည့် ယွဲ့ချန်မင်ကိုကြည့်ကာ ထူးမခြားနားစွာ ပြောသည်။

"ဘယ်လိုခံစားရလဲ... အဲ့ဒီ့ခံစားချက်ကို ခံစားကြည့်။ ပြီးရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို ဒီဗိုင်းဝိဉာဉ်ထဲမှာ ပျိုးထောင်နိုင်လိမ့်မယ်.."

လှံအလင်းသည် ယွဲ့ချန်မင်နှင့် ၃ပေအကွာပင် မရှိတော့ပေ။ လျှပ်တပြက်အတွင်း သူ့ကို လုံးဝ သုတ်သင်သွားတော့မည့်ဟန် ပေါ်၏။

ယွဲ့အာ၏ မျက်နှာပေါ်၌ ထိတ်လန့်မှုတို့ ပေါ်လာခဲ့သည်။ သို့ပေမယ့် သူမအနေနှင့် လှုပ်ရှားမှုပြုရန် အလွန်နောက်ကျနေပါပြီ။

ထိုအချိန်၌ လက်ဝါးတစ်ခု ဆန့်ထုတ်လာပြီး လှံအလင်းကို ဖမ်းလိုက်၏။

"အုန်း.."

လှံအလင်းမှာ ပျက်စီးသွားခဲ့သည်။ လီရွှမ်က မျက်နှာအသွင်အပြင် ပြောင်းလဲသွားသည့် ဟွမ်းလျန်ကိုကြည့်ကာ အသာပြောသည်။

"မင်းက ပုရွဲဆိတ်တစ်ကောင်ပဲလို့ ငါပြောပါတယ်... ဒါကတကယ်လည်း ဟုတ်တာပဲ... ဒီနေ့မှာ မင်းဘယ်လောက်အထိ သေးသိမ်တယ်ဆိုတာကို ငါပြပေးမယ်.."

"အုန်း.."

ရုတ်တရက် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အကြားတွင် မြင့်မားသည် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏ မျက်လုံးများသည် နေကဲ့သို့ လင်းလက်ကာ ဆံပင်များက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ သင်္ကေတများသဖွယ် ရှိသည်။

ကြောက်စရာကောင်းသည့် အရှိန်အဝါက ဒီဗိုင်းနတ်ဆိုးတစ်ကောင် လောကအတွင်းသို့ သက်ဆင်းလာသည့်နှယ်ရှိ၏။

"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမ..."

ဒီအချိန်၌ ဟွမ်းလျန်သည် လုံးဝ တုန်ခါနေပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် လှုပ်ခါနေပြီး လှံရှည်ပင်လျှင် ပြုတ်ကျသွားခဲ့၏။

ဒီဗိုင်းနတ်ဆိုးတစ်ကောင်ကဲ့သို့ ပုံရိပ်ကို ခေါင်းမော့ကြည့်လိုက်ပြီးနောက် နေနှစ်စင်းသဖွယ် မျက်လုံးများက သူ့ကိုစူးစိုက်နေကြောင်းအား တွေ့လိုက်ရသည်။

"ဒုတ်.."

"မင်း မင်း မင်း.."

ဟွမ်းလျန်သည် အသံထွက်ရန်ပင် အလွန်အံ့ဩနေ၏။

ဧကရာဇ်ကျိန်နှင့် အခြားပုဂ္ဂိုလ်များမှာလည်း အားလုံးထစ်ငေါ့နေကြသည်။ သူတို့သည် အလွန် ထိပ်ဖြာနေကြပြီး စိတ်အစဉ်က တုန်ခါကာ မျက်နှာများ ဖြူရော်နေပါသည်။

"ရှဲ..."

လေထဲတွင် သန်မာသည့် သေးနံ့တစ်ခုပင် ပျံ့နှံလာ၏။ ဤသည်မှာ မည်မျှ ကြောက်ဖို့ကောင်းလိုက်သနည်း။ ဟွမ်းလျန်ကို ပုရွဲဆိတ်တစ်ကောင်ဟုပြောတာ အံ့သြစရာမဟုတ်ပေ။ သူသည် အမှန်တကယ်ကို ပုရွဲဆိတ်တစ်ကောင် ဖြစ်၏။

"မဟုတ်ဘူး... သူက ပုရွဲဆိတ်ထက်တောင် ပိုပြီးတော့ သေးသိမ်သေးတယ်.."

စံအိမ်အတွင်းတွင် ရွှီယန်တို့အားလုံးမှာလည်း အံ့ဩသွားကြသည်။ ထိုပုံရိပ်သည် မည်မျှ စွမ်းအားကြီးမားလိုက်သနည်း။

ကောင်းကင်ကဲ့သို့ မြင့်မားကာ မျက်လုံးများက နေကဲ့သို့ရှိသည်။ ဆံပင်များက နိယာမများသဖွယ် ရွေ့လျားနေ၏။

ပြီးနောက် သူတို့သည် စိတ်လှုပ်ရှားလာခဲ့သည်။ နောက်ဆုံးတွင် ဆရာဖြစ်သူ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းအား တွေ့မြင်ခွင့်ရခဲ့လေပြီ။

ယွဲ့ချန်မင်မှာ မှင်သက်နေ၏။ သူသည် တစ်ဖက်လူ၏ အလွန်မောက်မာမူကြောင့် ဟွမ်းလျန်ထက် ပိုမိုသန်မာလောက်မည်ဟု တွေးထားခဲ့သည်။ ထို့ကြောင့်သာ ဟွမ်းလျန်ကို ပုရွဲဆိတ်တစ်ကောင်အဖြစ် နှိမ့်ချစွာ ပြောဆိုနိုင်ခြင်း ဖြစ်၏။

သို့ပေမယ့် ရလဒ်အနေနှင့် ထိုလူနှင့် နှိုင်းယှဉ်ပါက ဟွမ်းလျန်မှာ အမှန်တကယ်ကို ပုရွဲဆိတ်တစ်ကောင် ဖြစ်နေလေသည်။ ပြီးလျှင် သူကတော့ ထိုပုရွဲဆိတ်တစ်ကောင်ထက်ပင် ပိုမိုဆိုးသေး၏။

ယွဲ့အာ၏ နှုတ်ခမ်းက ပွင့်ဟနေပြီး လုံးဝကို မှင်သက်နေပါသည်။

"ရွှီယန်ရဲ့ဆရာက အရမ်းကို သန်မာလွန်းတယ်... ဒါကဘယ်လိုသိုင်းပညာမျိုးလဲ.."

လင်းနယ်မြေတွင် ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် သိုင်းပညာမျိုး ရှိနေသည်လား။

လီရွှမ်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမအား အသုံးပြုလိုက်ပြီးနောက် လျှပ်တပြက်အတွင်း ဒီဗိုင်းနတ်ဆိုးတစ်ကောင် လင်းနယ်မြေအတွင်းသို့ သက်ဆင်းလာသည့်နှယ် ဖြစ်လာခဲ့သည်။

သူ၏မျက်လုံးထဲတွင် ဟွမ်းလျန်မှာ အမှန်တကယ်ကို ပုရွဲဆိတ်တစ်ကောင် ဖြစ်လာခဲ့၏။

"ဒါကမှ စွမ်းအားကြီးပုဂ္ဂိုလ်လို့ ခေါ်တာ.."

သက်ရှိအားလုံးတို့ကို အထက်စီးမှ ကြည့်နိုင်သည့် ခံစားချက်.. အနှိုင်းမဲ့သည့် ခံစားချက်ကို နောက်ဆုံးတွင် သူသည် တွေ့ကြုံခံစားနိုင်လေပြီ။

"ဟွမ်းလျန်... ဘယ်လိုလဲ... မင်းက ပုရွဲဆိတ်တစ်ကောင်ပဲ မဟုတ်ဘူးလား.."

လီရွှမ်က ထူးမခြားနားစွာ ပြော၏။ သူ၏အသံမှာ မိုးကြိုးကဲ့သို့ရှိနေပြီး နေရာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။

ဟွမ်းလျန်မှာ နားထဲ၌ တုန်ခါသံတစ်ခုကိုသာ ခံစားနေရ၏။ သူ၏ဒီဗိုင်းဝိဉာဉ်မှာ တုန်ဟီးနေပါသည်။ သူသည်ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားတစ်စွန်းတစ်စကို စုစည်းကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်လို၏။

သို့ပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားသည် ပိတ်ပင်ထားခြင်း ခံရပုံပေါ်ပြီး မရှိတော့ဟန်လည်း ရသည်။ သူသည် လုံးဝ စုစည်းနိုင်ခြင်း မရပေ။

"ငါ့ရဲ့လက်ထဲမှာ သေရတာ မင်းဘဝရဲ့ ကံကောင်းမှုတစ်ခုပဲ.."

လီရွှမ်က တည်ငြိမ်စွာပြောသည်။ လက်ချောင်းတစ်ချောင်းကို အောက်သို့ ထိုးစိုက်လိုက်၏။

"ဘုန်း.."

မြေပြင်သည် ထက်ခြမ်းခွဲခံလိုက်ရပုံ ပေါ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ လှုပ်ခါနေ၏။ ဟွမ်းလျန်သည် သူ၏ကျင့်စဉ်ကို အပြင်းအထန် ကြိုးစားလှည့်ပတ်ပြီး လျှို့ဝှက်အတတ်တို့ကို အသုံးပြုရန်ကြိုးစားသည်။

တစ်ဖက်လူအား တုံ့ပြန်ပြောကြားမှုပင် ပြုလုပ်လို၏။ သို့ပေမယ့် အသံထွက်နိုင်ခြင်းမရှိပေ။ ထိုလက်ချောင်းက အောက်သို့ ရောက်ရှိပြီးခြင်း မရှိခင်တွင်ပင် သူ၏ခန္ဓာကိုယ်သည် စတင်ပြိုလဲလာပြီး ဖြစ်၏။ ဒီဗိုင်းဝိဉာဉ်မှာ ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။

"ဘုန်း.."

ဟွမ်းလျန်၏ ခန္ဓာကိုယ်သည် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားပြီး ‌ဒီဗိုင်းဝိဉာဉ်က ပျော်ဝင်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံးပုဂ္ဂိုလ်သည် မသေခင်တွင် အော်ချိန်ပင် မရလိုက်ပေ။

ဧကရာဇ်ကျိန်နှင့် အခြားသိုင်းသမားများအားလုံးမှာ ခေါင်းများငုံ့ကာ မြေပြင်ပေါ်တွင် ဝပ်နေကြသည်။

အားလုံးသည် တုန်ယင်နေပြီး ခေါင်းမော့ကြည့်ရန်ပင် သတ္တိမရှိကြပေ။

ဤသည်မှာ ကြောက်ဖို့ကောင်းလွန်းလှ၏။ စွမ်းအားကြီးမား လွန်းလှ၏။

"ဟူး.."

"ပုရွဲဆိတ်တစ်ကောင်က ပုရွဲ‌ဆိတ်တစ်ကောင်ပါပဲ... သာမန်လူတွေထက် သာလွန်တဲ့ ပုဂ္ဂိုလ်မျိုးကို မမြင်ဖူးရင်၊ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အလွန်ကို မမြင်ဖူးရင် ကိုယ်တိုင်ရဲ့ သေးသိမ်မှုကို နားမလည်နိုင်ဘူး။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို အသန်မာဆုံးလို့တောင် ခေါ်ရဲသေးတယ်.."

လီရွှမ်က ခေါင်းကိုရမ်းကာ သက်ပြင်းချသည်။

ဟွမ်းလျန်ကို လက်ညှိုးတစ်ချောင်းဖြင့် သတ်ဖြတ်ပြီးနောက် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ကုလားထိုင်ပေါ်တွင်ထိုင်ကာ သက်တောင့်သက်သာဖြင့် လက်ဖက်ရည်ကိုသောက်၏။

ခုနက လှုပ်ရှားမှုသည် ပုရွဲဆိတ်တစ်ကောင်ကို ဖိသိပ့်လိုက်သည်နှယ် ရှိနေပါတော့သည်။

ဧကရာဇ်ကျိန်နှင့် တခြားသိုင်းသမားများအားလုံးမှာ မြေပြင်ပေါ်တွင် ဝပ်တွားနေကြပြီး အချိန်အတော်ကြာအောင် ခေါင်းမော့ရဲခြင်းမရှိသေးပေ။

ရွှီယန်တို့ အုပ်စုမှာလည်း အံ့သြနေကြသည်။ ယွဲ့ချန်မင်နှင့် မြေးမဖြစ်သူတို့မှာ လုံးဝ မှင်သက်နေကြ၏။

လီရွှမ်သည် အလွန်အားရစွာ ခံစားလိုက်ရသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်သည်နှင့် အရပ်မျက်နှာအားလုံးကို ထိတ်လန့်စေနိုင်၏။

All Chapters