ဆရာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးထက် ကျော်လွန်ပြီးပြီ၊ မျိုးဆက်စုံမဟာမိတ်အဖွဲ့ လောကကြီး၌ ပေါ်လာခြင်း(၂)
Vol. 35 Ch. 524
ယွဲ့အာမှာ လုံးဝ အံ့သြနေ၏။ လီရွှမ်မှာလည်း ရွှီယန်၏ စိတ်ကူးယဉ်နိုင်စွမ်းကြောင့် နေရခက်စွာနှင့် အံ့သြစွာခံစားလိုက်ရသည်။
ဤသည်မှာ အမှန်တကယ်ကို ဆန်းကြယ်လွန်း၏။ သူကတပည့်များကို အနည်းငယ် နက်နဲသည့် ခံစားမှုအား ရစေရန် ပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့ပေမယ့် ရွှီယန်က အရာအားလုံးတို့ကို စိတ်ကူးဖြင့် ဖြည့်ဆည်းတွေးတောကာ ပိုမိုကာပင် စွမ်းအားကြီးမားအောင် ပုံဖော်လိုက်သေး၏။
အစစ်အမှန်စွမ်းအား အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်နှင့် လောကကြီးသည် ကပ်ဘေးတစ်ခု ကြုံတွေ့ရမည်လား။
'အဲ့လို ခွန်အားမျိုးသာ တကယ်ရလာရင် ငါ့ရဲ့ပန်းတိုင်ကို ရောက်ရှိဖို့ မျှော်လင့်ချက်ရှိတယ်... နောက်ပိုင်း သိုင်းအဆင့်တွေကို ပိုပြီးတော့တောင် ချဲ့ကားပြီးတော့ ပြောရမယ်။ အဲ့ဒါဆိုရင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးထက် ကျော်လွန်ဖို့က မလွဲမသွေပဲ..'
'ငါတပည့်... မင်းပြောသလို အမှန်တကယ် ငါတကယ်သန်မာလာနိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်နေတယ်..'
လီရွှမ်လည်းပဲ စိတ်လှုပ်ရှားလာခဲ့၏။ သူသည် ပန်းတိုင်ငယ်တစ်ခုကို သတ်မှတ်လိုက်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးထက် ကျော်လွန်ရမည် ဖြစ်၏။ တပည့်ဖြစ်သူ ဖော်ပြခဲ့သည့်အတိုင်း စွမ်းအားကြီးမားသည့် တည်ရှိမှု ဖြစ်လာရမည် ဖြစ်သည်။
စံအိမ်၏ အပြင်ဘက်တွင် ဧကရာဇ်ကျိန်နှင့် အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသည် စံအိမ်၏ ပြန်လည်ပျောက်ကွယ်သွားမှုကို တွေ့ရပြီးနောက် စိတ်သက်သာရာ ရသွားကြ၏။ အားလုံးတို့သည် လေးစားစွာ သုံးကြိမ်ဦးချပြီးနောက် သတိကြီးစွာဖြင့် နောက်ဆုတ်ကာ ပျောက်ကွယ်သွားကြသည်။
ဟွမ်းလျန်မှာ သေဆုံးခဲ့၏။ သိုင်းတစ်ထောင်ခန်းမရှိ အသန်မာဆုံးပုဂ္ဂိုလ်၏ သေဆုံးမှုသည် သေချာပေါက် လောကကြီးကို လှိုင်းထန်စေမှာ ဖြစ်သည်။
ဧကရာဇ်ကျိန်၏ မျက်နှာမှာ လုံးဝကို လေးနက်နေ၏။ လင်းနယ်မြေသည် ဆက်လက်ငြိမ်းချမ်းမည် မဟုတ်တော့ပေ။ ကြည့်ရသည်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများသည် နောက်ထပ် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရတော့မည့်ဟန် ရှိ၏။ ဒီတစ်ကြိမ်တွင် ရန်သူမှာ နတ်ဘုရားအလား.. နတ်ဆိုးအလား ရှိပြီး ပိုမိုကာပင် စွမ်းအားကြီးမားသေးသည်။
ဟွမ်းလျန်ကို သေးသိမ်သည့် ပုရွဲဆိတ်တစ်ကောင်ကဲ့သို့ သုတ်သင်နိုင်ရာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အခြား စွမ်းအားကြီးပုဂ္ဂိုလ်များလည်း ထိုလူကို ခံနိုင်ရည်ရှိမည်လား။
ဒီလောကကြီးတွင် ထိုမျှကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ရှိနေလေသည်။
"ကြောက်ဖို့ကောင်းလွန်းတယ်.."
ဧကရာဇ်ကျိန်နှင့် အခြား စွမ်းအားကြီးပုဂ္ဂိုလ်များသည် နှလုံးသားထဲ၌ အေးစက်မှုကို ခံစားလိုက်ရ၏။
နန်းတော်သို့ ပြန်ရောက်ပြီးနောက် ဧကရာဇ်ကျိန်က အသက်ကို နက်ရှိုင်းစွာရှူပြီး ခဏတာစဉ်းစားသည်။ သိုင်းတစ်ထောင်ခန်းမဆီသို့ ပို့ရန်အတွက် လျှို့ဝှက်အကြောင်းကြားစာတစ်ခုကို စတင်ရေး၏။ ခန်းမမှလူများ ယုံကြည်မည်လား.. မယုံကြည်မည်လား ဟူသည်မှာတော့ သူတတ်စွမ်းနိုင်သည့်အရာ မဟုတ်ပေ။
မြို့တော်၏ အနီးတွင်ရှိသည့် လျှို့ဝှက်ဆန်းကြယ်သည့် စံအိမ်ကို တွေးမိလိုက်ပြီးနောက် ချက်ချင်းပင် ကျက်သီးများ ထလာခဲ့၏။ သူ၏ နန်းတော်အနီးအနားတွင် ကြောက်စရာကောင်းသည့် နတ်ဆိုးတစ်ကောင် နေထိုင်နေလေသည်။
ယခုအချိန်၌ ရှန်ထိုင်နှင့် စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးများမှ အခြား စွမ်းအားကြီးပုဂ္ဂိုလ်များ အားလုံးတို့သည် တိတ်ဆိတ်နေကြ၏။ သူတို့သည် ဟွမ်းလျန်၏ သေဆုံးမှုသတင်းကို ဖြန့်ကျက်ခြင်း မပြုကြပါ။ လက်ရှိအရေးကိစ္စသည် သူတို့အနေနှင့် ဝင်ပါနိုင်သည့်ကိစ္စမျိုး မဟုတ်တော့ပေ။
ယွီကျိုးတွင် သိုင်းတစ်ထောင်ခန်းမက အသန်မာဆုံးပုဂ္ဂိုလ်သည် ရွှီယန်နှင့် သူ၏ဆရာအား သတ်ဖြတ်ခဲ့သည့် သတင်းကို စောင့်စားနေသည့် သိုင်းသမား ပမာဏတစ်ခု ရှိနေ၏။ သို့ပေမယ့် ရုတ်တရက် မည်သည့်သတင်းကိုမှ ကြားနိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။
ယွီကျိုးတစ်ခုလုံးသည် တိတ်ဆိတ်ကာ တည်ငြိမ်နေ၏။
ဤသည်က အားလုံးတို့ကို ပဟေဠိ ဖြစ်သွားစေသည်။ ပါးနပ်သည့် လူအချို့က တစ်ခုခု မှားယွင်းနေကြောင်းကို သတိထားမိပြီး ဖြစ်၏။
လော့ဒေသတွင် စစ်ပွဲကြီးသည် ပြီးမြောက်လုနီးပါး ရှိနေ၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ လေလွင့်သိုင်းသမားများ အားလုံးနီးပါး ရှင်းလင်းခြင်း ခံလိုက်ရသည်။ လော့ဒေသ၏ ဌာနခွဲသည် ကြီးမားသော ရှုံးနိမ့်မှုဖြင့် သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့၏။
ချီမင်ဂိုဏ်းက အခြား ဒုတိယတန်းစားနှင့် တတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ဦးဆောင်ကာ အကြွင်းအကျန်များကို လိုက်လံသတ်ဖြတ်နေဆဲ ရှိသည်။
ထိုအချိန်၌ လော့ဒေသအတွင်းသို့ မြင့်မားသည့် ပုံရိပ်တစ်ခု ခြေချလာခဲ့၏။ သူသည် ချီမင်ဂိုဏ်းဆီသို့ ဦးတည်သွားသည်။ ဟွမ်းလျန်ကဲ့သို့ပင် အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိပါ။ ပတ်ဝန်းကျင်တွင် လေနှင့်တိမ်တို့ လှိုင်းထနေပြီး စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှ၏။
သူ့တွင် ရှင်းလင်းသည့် ပန်းတိုင်တစ်ခုရှိသည်။ ဤသည်မှာ ချီမင်ဂိုဏ်းကို ဖျက်ဆီးရန် ဖြစ်၏။
"ဟွမ်းလျန်... သေဖို့ပြင်ထား.."
"ချီမင်ဂိုဏ်းက မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ လော့ဒေသအဖွဲ့ခွဲကို ဖျက်ဆီးခဲ့တယ်။ ဒီနေ့မှာ ငါချီမင်ဂိုဏ်းကို ပြန်ဖျက်ဆီးမယ်။ မင်းတို့တွေ ဘယ်လောက် တည်ငြိမ်နေနိုင်ဦးမလဲ ငါကြည့်တာပေါ့.."
ချန်သနျုံက နက်ရှိုင်းသည့်အသံဖြင့် ပြော၏။ သူ၏ စကားလုံးများသည် နေရာတိုင်း၌ ပဲ့တင်ထပ်နေပါသည်။
လော့ဒေသတစ်ခုလုံးကို လှုပ်ခါသွားစေ၏။
စွမ်းအားကြီးမားသူတစ်ဦး ရောက်ရှိလာခဲ့လေသည်။ ထိုအပြင် ထိုသူသည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများမှ မဟုတ်ဘဲ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ဖြစ်၏။
လေလွင့်သိုင်းသမား အဖွဲ့အစည်းတွင်လည်း ထိုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်မျိုး ရှိနိုင်သည်လား။
ချီမင်ဂိုဏ်းမှာ အလွန်ထိတ်လန့်သွားပြီး အရေးပေါ်အချက်ပြမှုများကို အမြန်ပို့လွှတ်သည်။ ချန်းယွင်(မိုးပြာရောင်တိမ်) နိုင်ငံကလည်း မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ လေလွင့်သိုင်းသမားများအား လိုက်လံသတ်ဖြတ်မှုကို ချက်ချင်းပင် ရပ်တန့်ကာ အင်အားစုများအားလုံးကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။
ချန်းယွင်ဧကရာဇ်က သူ၏အခြေအနေအား အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း လိင်ယွင်တောင်စံအိမ်ဆီသို့ တင်ပြသည်။
လော့ဒေသသို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး သက်ဆင်းလာခဲ့၏။ ချီမင်ဂိုဏ်း၏ အထက်ရှိ ကောင်းကင်မှာလှုပ်ခါနေပြီး ကြောက်စရာကောင်းသည့် ခွန်အားက ဖိအားကြီးမားစွာ ကျဆင်းလာခဲ့၏။
ချန်သနျုံသည် တူကြီးနှစ်ခုကို ကိုင်စွဲပြီး အေးစက်သောအကြည့်ဖြင့် ချီမင်ဂိုဏ်း၏ ဂိတ်တံခါးကို ခေါင်းငုံ့ကြည့်သည်။
"ငါချန်သနျုံ ချီမင်ဂိုဏ်းကို သုတ်သင်ပြီး သိုင်းတစ်ထောင်ခန်းမက ဟွမ်းလျန်ကို စိန်ခေါ်တယ်။ ထွက်လာပြီးတော့ မင်းရဲ့ကံတရားကို ရင်ဆိုင်လှည့်.."
ပြီးနောက် တူကြီးကိုမြှောက်ကာ ကျယ်လောင်သောအသံနှင့်အတူ အောက်သို့ ရိုက်ချလိုက်၏။
ချီမင်ဂိုဏ်းရှိ အကြီးအကဲများနှင့် တပည့်များ၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် တောင်တစ်ခုသဖွယ် ကြီးမားသည့် တူကြီးသည် လေထဲမှ ကျဆင်းလာခဲ့၏။
တူအတွင်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားတို့ စုစည်းနေကာ လေဟာနယ်ကို ပြိုလဲစေပြီး လောကကြီးကို လှုပ်ခါစေသည်။
"ဘုန်း.."
ဂိုဏ်းရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအားလုံးတို့ ခွန်အားအပြည့်အားသုံးကာ ခုခံခဲ့ကြပေမယ့်၊ လျှို့ဝှက်အတတ် မျိုးစုံတို့အား အသုံးပြုခဲ့ကြပေမယ့် သူတို့သည် ထိုကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိသေးပေ။
ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့် စွမ်းအားက တိုက်ခိုက်မှုတစ်ချက်တည်းတွင် စုစည်းထားသည့်ဟန် ရ၏။
ချီမင်ဂိုဏ်းမှာ ချိုင့်ခွက်တစ်ခုဖြစ်အောင် ထုနှက်ခြင်း ခံခဲ့ရလေသည်။ ထို့နောက် တူတစ်ချက်ပြီးတစ်ချက် ထပ်မံ ကျဆင်းကာ ဂိုဏ်းတစ်ခုလုံးပျက်စီးပြီး အပျက်အစီးပုံကြီးသာ ကျန်ခဲ့၏။ ကြီးမားသည့် ချိုင့်ကြီးတစ်ခုပင် ဖြစ်ပွားစေခဲ့သည်။
လော့ဒေသသည် လှုပ်ခါနေ၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှာ တုန်ယင်နေကြသည်။ အထူးသဖြင့် မျိုးဆက်စုံ မဟာမိတ်အဖွဲ့အား လိုက်လံသတ်ဖြတ်ခြင်း၌ ပါဝင်ခဲ့သည့် အင်အားစုများ ဖြစ်၏။ သူတို့အားလုံးသည် ယခုအချိန်၌ ထိတ်လန့်နေကြပြီး သိုင်းတစ်ထောင်ခန်းမ၏ အသန်မာဆုံးပုဂ္ဂိုလ်ဟွမ်းလျန် အမြန်ဆုံး ပြန်လာနိုင်ဖို့သာ မျှော်လင့်မိကြသည်။
အလွန်မောက်မာခဲ့သည့် ဓားစံအိမ်မှ ဂိုဏ်းချုပ်ပင်လျှင် ထွက်ခွာတိုက်ခိုက်ရဲခြင်း မရှိဘဲ ကိုယ်ယောင်ဖျောက်နေ၏။ သူသည် နက်ရှိုင်းစွာ အံ့ဩနေပါသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့တွင် ယခုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဘယ်လိုလုပ် ရှိနေရသနည်း။
"လော့ဒေသရဲ့ မဟာမိတ်အဖွဲ့က ညီအကိုတို့... အခုအချိန်မှာ ဘယ်သူပဲလှုပ်ရှားမှုပြုပြု အားလုံးကို ပြန်တိုက်ခိုက်သတ်ဖြတ်ကြ.."
ချန်သနျုံက လက်ကိုဝှေ့ရမ်းကာ အော်၏။ အညံ့ခံဆုတ်ခွာခဲ့ရသည့် လော့ဒေသရှိ လေလွင့်သိုင်းသမားများသည် ယခုအချိန်၌ မျက်ရည်များ ကျဆင်းလာခဲ့၏။
နောက်ဆုံးတွင် မဟာမိတ်အဖွဲ့ချုပ်က စွမ်းအားကြီးမဟာမိတ်များ ရောက်ရှိလာကာ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်သည့် ချီမင်ဂိုဏ်းကို ဖျက်ဆီးခဲ့လေသည်။
"ဟွမ်းလျန်... မင်းထွက်လာပြီးတော့ အသေမခံမချင်း တစ်ရက်မှာ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုကို ငါဖျက်ဆီးပစ်မယ်.."
ချန်သနျုံက နှာခေါင်းရှုံ့သည်။ နောက်ထပ် လှုပ်ရှားမှုပြုကာ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုကို ထပ်မံဖျက်ဆီး၏။ ပြီးနောက် သူရွေ့လျားနေသည့် လားရာသည် ချန်းယွင်နိုင်ငံဆီသို့ ဖြစ်၏။
လော့ဒေသသည် ချန်သနျုံ၏ ရောက်ရှိလာမှုကြောင့် စိတ်ဝိဉာဉ်ဂိုဏ်းများ တစ်ခုပြီးတစ်ခု ပျက်စီးကာ ထပ်မံ မုန်တိုင်းထန်လာခဲ့ပြန်၏။ ဤသည်က ချန်းယွင်နိုင်ငံကို အကြောက်တရားဖြင့် တုန်ယင်နေစေသည်။ စွမ်းအားကြီးပုဂ္ဂိုလ်များ စုစည်းကာ တစ်ဖက်ရန်သူကို တွန်းလှန်ရန် ဆွေးနွေးကြ၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသား အဆင့်ရှိ မျိုးဆက်ဟောင်း ပုဂ္ဂိုလ်အချို့မှာ ကြောက်ရွံ့မှုဖြင့် ဖြူရော်နေကြသည်။ ဤသည်မှာ သွေးနတ်ဆိုးကပ်ဘေးအပြီးတွင် စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် နောက်ထပ်အဓိက ကပ်ဘေးကြီးတစ်ခု ဖြစ်၏။
သူတို့အားလုံးသည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ အသန်မာဆုံးပုဂ္ဂိုလ်များ အမြန်ဆုံးလာရောက်ကာ လူသတ်သမားများကို ရှင်းလင်းပေးရန်သာ မျှော်လင့်မိသည်။
"မင်းက တော်တော်သတ္တိကောင်းနေတာပဲ... အထက်ပုဂ္ဂိုလ်တွေကို စိန်ခေါ်ရဲတယ်။ မင်းတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ ပျက်စီးရမယ်.."
လိင်ယွင်ဒေသရှိ လိင်ယွင်တောင်စံအိမ် အတွင်းတွင် အေးစက်သည့် အသံတစ်ခု ပျံ့လွင့်လာခဲ့သည်။ သွေးနတ်ဆိုးအပြီးတွင် နောက်ထပ် လေလွင့်သိုင်းသမား တစ်ယောက်သည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ဩဇာအာဏာကို ထပ်မံစိန်ခေါ်ရန် ကြိုးစားလာခဲ့၏။
"အုန်း.."
တောင်တန်းတလျှောက်မှ စွမ်းအားကြီးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လိင်ယွင်(မိုးကြိုးတိမ်)စံအိမ်မှ လျှောက်ထွက်လာခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် မိုးကြိုးနှင့် မီးတောက်တို့ ဝန်းရံနေပုံရ၏။ ကြောက်စရာကောင်းသည့် အရှိန်အဝါက အရပ်မျက်နှာ အားလုံးတို့ဆီသို့ ဖြန့်ကျက်သွားကာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ပေါ်လာခဲ့၏။
"လိင်ယွင်ဒေသ... မင်းပိုင်နက်ကိုပဲ မင်းဂရုစိုက်ဦး။ လော့ဒေသရဲ့ကိစ္စမှာ ဝင်ပါဖို့မလိုဘူး.."
အသံတစ်ခု ရောက်ရှိလာ၏။ လေထဲတွင် ဆေဘာအလင်းတစ်ခု ရှည်လျားစွာ ပေါ်လာခဲ့ပြီး ပုံရိပ်တစ်ခုလည်း လိုက်ပါလာခဲ့သည်။ သူသည် လိင်ယွင်တောင်စံအိမ်မှ ပုဂ္ဂိုလ်ကို တားဆီး၏။
"ဝမ်ရှင်းရဲ့ အကြွင်းအကျန်တွေ.."
ဤနည်းအားဖြင့် အသန်မာဆုံးပုဂ္ဂိုလ်များ၏ တိုက်ပွဲ စတင်ခဲ့လေသည်။
"ဘုန်း.."
လိင်ယွင်တောင်စံအိမ်မှ ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ အားလုံးတို့မှာ အသန်မာဆုံးပုဂ္ဂိုလ်များ ဖြစ်ကြ၏။
တူညီစွာပင် မျိုးဆက်စုံမဟာမိတ်အဖွဲ့ကလည်း စွမ်းအားကြီးပုဂ္ဂိုလ်များ ပေါ်လာကာ သူတို့ကို ခုခံကြသည်။
နောက်ဆုံး တင့်တယ်သောခန္ဓာနှင့် အမျိုးသမီးတစ်ယောက်သည် ပုဝါပါးများကို ခြံရံလျက် အရောင်စုံသောအလင်းများ လိမ့်တက်နေသည့် လှိုင်းများနှင့်အတူ ရောက်ရှိလာခဲ့သည်။ လက်တစ်ဝှေ့နှင့် မိုးကြိုးတိမ်စံအိမ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကို တားဆီးလိုက်၏။
မိုးကြိုးတိမ်စံအိမ်မှ ပုဂ္ဂိုလ်မှာ အံ့သြစွာဖြင့် ဒေါသတကြီးဖြစ်သွားသည်။
"ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်... မိုးပြာရောင် ပင်လယ်မှာနေမယ့်အစား မျိုးဆက်စုံမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းရဲတယ်ပေါ့.."
"ခစ် ခစ်... ပင်လယ်ထဲမှာ ကစားရတာ ပျင်းလာလို့ဒေသ၁၈ခုကို လာခဲ့တာလေ။ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေတာလဲ.."
လိင်ယွင်တောင်စံအိမ်မှ ပုဂ္ဂိုလ်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။
"မျိုးဆက်စုံမဟာမိတ်အဖွဲ့... မင်းတို့တွေ ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်နဲ့ ပူးပေါင်းခဲ့တယ်။ မင်းတို့ရဲ့ ပြစ်မှုက သက်ညှာလို့မရဘူး.."
"ကောင်းပြီ အရမ်းကြီးလည်း စိတ်ကြီးမနေပါနဲ့... ငါတို့ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်က မိုးပြာရောင်ပင်လယ်မှာပဲနေတယ်။ ဒေသ၁၈ခုကို လာမှာမဟုတ်ဘူး။ အခုဒီကိုရောက်လာတာက ရင်းနှီးမှုကိုထောက်ပြီး နည်းနည်းလာကစားပေးတာပဲ ရှိတယ်.."
ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်၏ အကူအညီဖြင့် လိင်ယွင်ဒေသရှိ တိုက်ပွဲကြီးတွင် မျိုးဆက်စုံ မဟာမိတ်အဖွဲ့သည် အံ့ဩစရာကောင်းလောက်အောင် လိင်ယွင်တောင်စံအိမ်၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့၏။ ရလဒ်အနေနှင့် အခြေအနေမှာ သရေကွက်အတွင်းသို့ ရောက်ရှိသွားသည်။
ချန်းဝူ(သိုင်းတစ်ထောင်) ဒေသသည် သိုင်းတစ်ထောင်ခန်းမ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေ၏။
"ဘုန်း.."
ပုံရိပ်တစ်ခု ကောင်းကင်သို့ မြင့်တက်သွားခဲ့သည်။
"ငါ့ရဲ့သိုင်းတစ်ထောင်ခန်းမက လူကို သတ်ရဲတဲ့ကောင်တွေ.. အရှင်ထားလို့မရဘူး.."
"ဟွမ်းလျန် သေသွားတာလား.."
အံ့သြသည့်အသံတစ်ခု လိုက်ပါ ထွက်ပေါ်လာ၏။ ကြီးမားသော လက်သီးကြီးတစ်လုံးသည် သိုင်းတစ်ထောင်ခန်းမ၏ အသန်မာဆုံးပုဂ္ဂိုလ်ဆီသို့ ပြေးဝင်လာခဲ့သည်။
"ချန်သနျုံ.. ဟွမ်းလျန်ကို သတ်နိုင်လိုက်တာလား.."
တိုက်ခိုက်တဲ့လူက အံ့သြစွာ ရေရွတ်၏။
သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံးပုဂ္ဂိုလ်က တန်ပြန်တိုက်ခိုက်မှု ပြုသည်။ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြန်၏။
မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းရှိ အသန်မာဆုံးပုဂ္ဂိုလ်များ၏ တိုက်ပွဲ စတင်သည်နှင့် အခြားစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများလည်း လှုပ်ရှားမှု ပြုလာကြသည်။
ခဏအတွင်းတွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စည်းမျဉ်းများကို စိန်ခေါ်မှုပြုပြီး လောကကြီးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် ပေါ်ပေါက်လာခဲ့သည်။
ရှန့်ကျိုး(အောင်နိုင်ခြင်းဒေသ)သည် ကျိုးနိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေ၏။ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့်မတူဘဲ ကျိုးနိုင်ငံသည် မည်သည့် အင်အားစု၏ အုပ်ချုပ်မှုအောက်တွင်မှ မရှိပါ။ နိုင်ငံ၏ စွမ်းအားသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်၏။
ကျိုးနိုင်ငံအတွင်းရှိ လေလွင့်သိုင်းသမားများ အားလုံးသည် နိုင်ငံသားများဟု ယူဆနိုင်ကြသည်။ ထို့ကြောင့် စွမ်းအားကြီးမားသည့် မိသားစုများစွာ ရှိလျှင်တောင် သူတို့အတွက် မြင့်တက်နိုင်ရန် လမ်းကြောင်းတစ်ခု ရှိနေသေး၏။
ထို့ကြောင့် ကျိုးနိုင်ငံရှိ အဆင့်နိမ့် သိုင်းသမားများသည် အခြားနေရာများရှိ သိုင်းသမားများထက် အနည်းငယ်ပိုမိုချောင်လည်စွာ နေနိုင်ကြ၏။
ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင်သရဖူကို ဆင်မြန်းထားသည့် လူတစ်ယောက်သည် တည်ကြည်သည့် မျက်နှာနှင့် ကျိုးနိုင်ငံ မြို့တော်အတွင်းမှ လျှောက်ထွက်လာခဲ့သည်။ အပြင်ဘက်၌ ပုံရိပ်တစ်ခုနှင့်တွေ့ဆုံ၏။
"မင်းက ငါ့ရဲ့ကျိုးနိုင်ငံကို ထိပါးဖို့ ရည်ရွယ်ထားတာလား.."
ဧကရာဇ်ကျိုးက ထူးမခြားနားသည့် လေသံဖြင့် ပြောသည်။
"မဟုတ်ပါဘူး ဧကရာဇ်ကျိုး... ငါဒီကို လာတာက မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ကိုယ်စား လာပြီးတော့ဆွေးနွေးတာ.."
တစ်ဖက်လူက အပြုံးတစ်ခုဖြင့် ဖြေကြားသည်။
"ပြော.."
ဧကရာဇ်ကျိုးက အေးစက်စွာပြော၏။
"ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က လောကကြီးမှာလေလွင့်သိုင်းသမားတွေအတွက် နေရာတစ်နေရာကို ရှာဖွေပေးဖို့ ရည်ရွယ်ထားတယ်။ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ပြီး တောက်ပတဲ့ နယ်မြေတစ်ခုပေါ့.."
"ငါတို့တွေ ဒီကိစ္စမှာ ကျိုးနိုင်ငံကို ဝင်မပါဖို့ မျှော်လင့်တယ်။ ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကလည်း ကျိုးနိုင်ငံရဲ့ ပိုင်နက်အတွင်းမှာ ခြေချမှာ မဟုတ်ဘူး.."
ထိုလူက အကြောင်းအရာကို ပြောပြ၏။
"ဆွေးနွေးမှုပြုချင်တယ်ဆိုရင် မင်းတို့ဘက်မှာ အရည်အချင်းရှိလား ဆိုတာကို အရင်ပြရမယ်.."
ဧကရာဇ်ကျိုးက အသာပြောသည်။
"ဒါဆိုရင်လည်း ဒါက လုံလောက်လားဆိုတာကို ဧကရာဇ်ကျိုး ကြည့်ပါဦး.."
မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ စွမ်းအားကြီးပုဂ္ဂိုလ်က လက်ကိုမြှောက်ကာ လေထဲသို့ လက်သီးချက်တစ်ချက် ထိုးလွှတ်လိုက်သည်။