← Chapters

ဝိညာဉ်စွမ်းအားသားရဲ

Vol. 3 Ch. 242

ဝိညာဉ်စွမ်းအားသားရဲ

Vol. 3 Ch. 242

အင်းပညာဆိုသည်မှာ မိုးနှင့်မြေတွင် ရှေးအကျဆုံး ပညာရပ် တစ်ခု ဖြစ်လေသည်။

ရှေးခေတ် အခါတုန်းက အင်းနှင့် မန္တန်ပညာမှာ နတ်ဘုရား ကျောင်းတော် များစွာတွင် အလွန်နာမည်ကြီးသည့် ပညာရပ်တစ်ခု ဖြစ်လေသည်။ သို့သော် ယနေ့ခေတ် အချိန်တွင်တော့ အင်းပညာကို အဓိကထား သင်ကြားပေးသည့် ဂိုဏ်းဆို၍ ကျန့်ယီ ဂိုဏ်းကဲ့သို့သော ဂိုဏ်းမျိုးသာ ရှိတော့သည်။ အခြားသော နတ်ဘုရား ကျောင်းတော်များတွင် အင်းပညာကို သင်ကြားပေးခြင်း မရှိတော့ပေ။ သို့သော် ကျန့်ယီဂိုဏ်း၏ အင်းပညာဖြင့် ဟိုင်သန်း အဆင့်တက်ရောက် နိုင်ခြင်းမှာလည်း ရှေးခေတ်အချိန်က အင်းပညာများနှင့် တူညီမှု သိပ်မရှိတော့ပေ။

ထျန်းဟွာနယ်မှ ကျင့်ကြံသူများမှာ အင်းပညာကို လုံးဝလေ့လာခြင်း မပြုကြတော့ပေ။ ထို့ကြောင့် ဆန်းလျန် အင်းပညာကို အသုံးပြုလိုက်သည့် အခါ ကျန်းဟန်ယင်း၏ စိတ်နှလုံးသား တစ်ခုလုံးမှာ ထူးဆန်းခြင်းကို ခံစားလိုက်ရလေသည်။

ဆန်းလျန် အသုံးပြုလိုက်သည့် အင်းသင်္ကေတမှာ ဟိုးယခင် အချိန်ကပင် သူလေ့ကျင့် ထားခဲ့သည့် တိမ်နှင့် မိုးကြိုး အင်းတံဆိပ်တော်ပင် ဖြစ်လေသည်။ ထိုအင်းသင်္ကေတ အစွမ်းထက်ပါက နတ်ဘုရား တစ်ပါး၏ တန်ခိုးစွမ်းအားကိုပင် တားဆီး နိုင်စွမ်း ရှိလေသည်။

နဂါးဇာမဏီ အင်းတံဆိပ်တော်နှင့် ကောင်းကင်ဘုံ လက်ရေး အင်းသင်္ကေတများကို ဆန်းလျန်က အသုံးပြုခြင်း မရှိသေးပါ။ ထိုအင်းသင်္ကေတ များက ပိုပြီးပင် ကြောက်စရာ ကောင်းလေသည်။

တိမ်နှင့် မိုးကြိုးအင်း တံဆိပ်တော်ကတော့ မည်သည့် ကျင့်ကြံသူ မဆို ရေးသားနိုင်သည့် အင်းသင်္ကေတ ဖြစ်လေသည်။ တိမ်နှင့်မိုးကြိုး အင်းသင်္ကေတမှာ အခြေခံအကျဆုံး အင်းသင်္ကေတ ဖြစ်ပြီး ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေနှင့် လျှပ်စီး ဆိုသည့် ဒြပ်စင် စွမ်းအား ရှစ်မျိုးကို ပိုပြီး အစွမ်းထက်စေရန် တွန်းအား ပေးလေသည်။

ဆန်းလျန် ရေးဆွဲလိုက်သည့် အင်းသင်္ကေတများက မိုးမြေစွမ်းအားနှင့် အသက်ဓာတ် စွမ်းအားများကို အဆက်မပြတ် စုပ်ယူ လိုက်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆန်းလျန်၏ ပုံရိပ်ရှစ်ခု ထွက်ပေါ်လာပြီး ကျန်းဟန်ယင်း၏ နေနှင့်လကိုပင် ဝါးမျိုပစ်မည့် ဓားဝိညာဉ်သည် ထိုပုံရိပ်ရှစ်ခုကို ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။

ပုံရိပ်ရှစ်ခုသည် ဆန်းလျန်ရွေ့လျားသည့်အတိုင်း လိုက်ပါရွေ့လျားနေကြပြီး ဒြပ်စင်စွမ်းအား ရှစ်မျိုးကို ကိုယ်စားပြုလေသည်။

ထိုဒြပ်စင်စွမ်းအားရှစ်မျိုးမှ ကျင့်ကြံသူ တစ်ယောက် မတတ်နိုင်သည့် နတ်ဘုရား တစ်ပါး၏ တန်ခိုးစွမ်းအားများ စတင် ဖြစ်တည်လာလေသည်။

ဆန်းလျန် ဖော်ထုတ်လိုက်သည့် နတ်ဘုရား တစ်ပါး၏ တန်ခိုး စွမ်းအားများမှာ တကယ့် နတ်ဘုရားတစ်ပါးကဲ့သို့ ပြီးပြည့်စုံခြင်း မရှိသည့်တိုင် လွန်စွာမှ အဆင့်မြင့်လေသည်။

ဆန်းလျန်က နတ်ဘုရား တစ်ပါးကဲ့သို့ တန်ခိုး စွမ်းအားများကို ဖော်ထုတ် နိုင်ခြင်းမှာ ထိုက်ရွှီး နည်းဗျူဟာကြောင့်သာ မဟုတ်၊ အသူရာ ချောက်သို့ပင် ဝင်ရောက် ဆက်သွယ်နိုင်နေပြီ ဖြစ်သည့် သူ၏ ဝိညာဉ် စွမ်းအားကြောင့်လည်း ဖြစ်လေသည်။

ထိုစွမ်းအားနှစ်ခု ထိရောက်စွာ ပေါင်းစပ်မိသည်နှင့် ထိုက်ရွှီး တန်ခိုးစွမ်းအားများမှာ လောကနတ်ဘုရား တစ်ပါးထက်ပင် ကျော်လွန် သွားလေသည်။ လောက နတ်ဘုရားမှ ဝိညာဉ်နတ်ဘုရား တစ်ပါးအသွင် ကူးပြောင်းမည် ဆိုလျှင်လည်း ဆန်းလျန်အနေဖြင့် လွယ်ကူစွာ ကူးပြောင်း သွားနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်များက အခြားသော သဏ္ဌာန် ပြောင်းပညာများနှင့် ဖန်ဆင်းခြင်း ပညာများထက် များစွာ သာလွန် လေသည်။

သို့သော် ယခုကဲ့သို့ တန်ခိုးစွမ်းအား နှစ်ခု ပေါင်းစပ်ပြီး မိုးမြေစွမ်းအားများကို အသုံးပြုကာ ပုံရိပ်များ ဖန်ဆင်း ထားရခြင်းမှာ ဆန်းလျန်အတွက်တော့ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။

သို့သော် ကျန်းဟန်ယင်းကို ရင်ဆိုင်ရန်အတွက် ထိုသို့ ပြုလုပ်မှပင် ဖြစ်ပေမည်။

ဆန်းလျန်က ထိုသို့ ပြုလုပ်ရသည်မှာ လေစွမ်းအား သားရဲကို ရယူ ချင်သောကြောင့်သာ မဟုတ် အစ်ကိုဖြစ်သူ ချန်ကျန့်မေကိုပါ ကူညီချင်သောကြောင့်ဖြစ်လေသည်။

ကျန်းဟန်ယင်းမှာ ချန်ကျန့်မေနှင့် ဓားချင်း ယှဉ်ပြိုင်ရန် ချိန်းဆို ထားလေသည်။ ဆန်းလျန်က အစ်ကို ဖြစ်သူ ချန်ကျန့်မေ၏ ဓားတန်ခိုးစွမ်းအားကို အကြွင်းမဲ့ ယုံကြည်သည့်တိုင် ချန်ကျန့်မေ၏ ပြိုင်ဘက်ကို အားနည်းအောင် လုပ်ပြီး ချန်ကျန့်မေကို ကူညီချင်ခဲ့လေသည်။

ချန်ကျန့်မေသာသိလျှင် ဆန်းလျန် ယခုကဲ့သို့ ပြုလုပ်သည်ကို လက်ခံမည် မဟုတ်ပေ။ သို့သော်... ဆန်းလျန်ကတော့ ကူညီမည်ပဲ ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန်က ပြိုင်ဘက်ကင်း နတ်ဒေဝါတစ်ပါး မဟုတ်ပါ။ ထို့ပြင် ဓားသိုင်း ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ပါ။ သို့သော် လက်ရှိအချိန်တွင် သူက မည်သည့် အရာကိုမှ ဂရုစိုက်ခြင်း မရှိတော့ပေ။ အနိုင်အရှုံး ဆိုသည်မှာပင် သူ့ခေါင်းထဲတွင် မရှိတော့ပေ။

အင်းသင်္ကေတများက စိတ်ဝိညာဉ်ကို လမ်းပြသည့် သင်္ကေတများ ဖြစ်ပြီး ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို တစ်စတစ်စ နက်ရှိုင်းလာအောင် ကူညီ ပေးလေသည်။ အင်းသင်္ကေတ များကြောင့်သာ ဆန်းလျန် ဖန်ဆင်းထားသည့် ပုံရိပ်များက တည်ငြိမ်နေခြင်း ဖြစ်လေသည်။ တန်ခိုးစွမ်းအားက ခိုင်မာပြီး သဘာဝတရားက အခြေခံကျလေသည်။ ထိုပုံရိပ်များထဲတွင် ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများလည်း ပါဝင်လေသည်။

ထို့ကြောင့် ထိုဖန်ဆင်းခြင်းမှာ ပုံစံတူလည်း မဟုတ်သလို အစစ်အမှန်လည်း မဟုတ်ပေ။

သို့သော်.... လွန်စွာမှ ကြောက်စရာ ကောင်းလေသည်။

ထိုက်ရွှီး တန်ခိုးစွမ်းအား ရှစ်မျိုး လှည့်ပတ်နေသည်မှာ အလွန်ပင် ကြောက်စရာ ကောင်းလှလေသည်။ သို့သော် ထိုက်ရွှီး တန်ခိုးစွမ်းအားများ ဖြစ်သည့် ဒြပ်စင် စွမ်းအား ရှစ်မျိုးကို ဟန်ချက်ညီစွာ အသုံးပြုနိုင်ရန် လိုအပ်လေသည်။

ဆန်းလျန်၏ ပုံရိပ်ရှစ်ခုမှာ ဓားဝိညာဉ်ကို နတ်ဆိုး တစ်ကောင်အလား လှည့်ပတ် နေလေသည်။

ဆန်းလျန်နှင့် ကျန်းဟန်ယင်း၏ တိုက်ပွဲ အခြေအနေမှာ မည်သူ အနိုင်ရမည်ကို ခန့်မှန်းနိုင်ရန် အလွန် ခက်ခဲလေသည်။

ကျန်းဟန်ယင်းမှာ တိုက်ပွဲပေါင်းများစွာ ရင်ဆိုင် ခဲ့ဖူးသည့်တိုင် ဆန်းလျန်ကဲ့သို့ တန်ခိုး စွမ်းအား ကြီးမားသူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ဆန်းလျန်သည် ချန်ကျန့် မေလောက် တော်ချင်မှ တော်မည် ဖြစ်သည့်တိုင် ဆန်းလျန် အသုံးပြုသည့် တန်ခိုး စွမ်းအားများမှာ လွန်စွာမှ ထူးဆန်း လွန်းလေသည်။

ဆန်းလျန်၏ မခန့်မှန်းနိုင်သည့် တန်ခိုး စွမ်းအားများ အောက်တွင် ကျန်းဟန်ယင်းမှာ အသက်ပင် မရှူနိုင်ပေ။ အလွန် သတိထားကာ တိုက်ခိုက် နေရလေသည်။

ပုံရိပ်များကြားတွင် တကယ့် ဆန်းလျန် အစစ်အမှန်မှာ မည်သူဖြစ်သည်ကို သူမ မဝေခွဲနိုင် ဖြစ်နေရလေသည်။ သူမ ဓားချက်ထိမိသည့် ပုံရိပ်တိုင်းသည် ဆန်းလျန်၏ ပုံရိပ်ယောင် များသာ ဖြစ်နေလေသည်။ ထို့ကြောင့် ကျန်းဟန်ယင်းမှာ အခက်တွေ့ နေရလေသည်။

ဒြပ်စင် စွမ်းအား ရှစ်မျိုးဖြင့် ဖန်ဆင်းထားသည့် ပုံရိပ်များမှာ အလွန်မှပင် ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။ ထိုပုံရိပ်များမှာ နေနှင့်လကို ဝါးမျိုပစ်နိုင်သည့် ကျန်းဟန်ယင်း၏ ဓားဝိညာဉ်ကို ထိန်းချုပ် ထားလိုက်လေသည်။

ကျန်းဟန်ယင်းမှာ သူမလေ့ကျင့်ထားသည့် ဖန်ဆင်းခြင်း တရားဓားဝိညာဉ်ကို အသုံးပြုခြင်း မရှိသေးပေ။ သူမ ပညာကုန် ထုတ်မသုံးခြင်းမှာ ဆန်းလျန်ကို အထင်သေးသောကြောင့် မဟုတ်ပေ။ ထိုဓားပညာကို အသုံးပြုပြီးတိုင်း သူမ၏ တန်ခိုးစွမ်းအားများ နည်းပါး သွားရသောကြောင့် ဖြစ်လေသည်။

သူမက ချန်ကျန့်မေနှင့် ရင်ဆိုင်ရန်အတွက် ပြင်ဆင် ထားရဦးမည် ဖြစ်လေသည်။

ချန်ကျန့်မေနှင့် ဓားချင်း ယှဉ်ရသည်မှာ အကြောင်း ရှိလေသည်။ လူတစ်ယောက်၏ တောင်းဆိုမှုကြောင့် သူမက ဆောင်ရွက် ပေးရခြင်း ဖြစ်လေသည်။

သူမ ခြေထောက်အောက်မှ ကျောက်တုံးသည် ဆန်းလျန်၏ တန်ခိုး စွမ်းအားများကို မခံနိုင်ဘဲ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားလေသည်။

တစ်ချိန်တည်းမှာပင် လေစွမ်းအားသားရဲမှာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ကျောက်တုံးများ အတွင်းသို့ တိုးဝင်ကာ ပုန်းအောင်း နေလေတော့သည်။

ကျန်းဟန်ယင်း၏လက်ထဲမှာ ဓားရှည်မှာ ပျောက်ကွယ် သွားလေသည်။ အဘယ်ကြောင့် ဆိုသော် လေထဲမှ ဓားဝိညာဉ်ကို ဆန်းလျန်က ဖျက်ဆီးလိုက်သောကြောင့်ဖြစ်လေသည်။

ကျန်းဟန်ယင်းက ချက်ချင်းပင် လက်ဟန် တစ်ခု ပြုလုပ်လိုက်ပြီး တန်ခိုး စွမ်းအားတစ်ခုကို ဖော်ထုတ် လိုက်လေသည်။ သူမ နှုတ်ခမ်းမှလည်း ဂါထာတစ်ပုဒ်ကို ရွတ်ဖတ် လိုက်လေရာ သူမရှေ့တွင် အဝါရောင် စာရွက်တစ်ရွက် ပေါ်လာလေသည်။ ထိုအဝါရောင် စာရွက်သည် မီးလောင်ကျွမ်း သွားပြီး သူမလက်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားနှင့် ပေါင်းစပ် သွားလေသည်။

ကျန်းဟန်ယင်း၏ လက်များဆီမှ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာလေသည်။

လျှပ်စီးတစ်ချက် လက်သွားပြီး ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားလေသည်။

လျှပ်စီး အလင်းရောင်မှ တစ်ဆင့် ကြီးမားသည့် ပါးစပ်ဝကြီး တစ်ခု ပေါ်လာလေသည်။

ထိုပါးစပ်ကြီးက ဆန်းလျန်၏ ဒြပ်စင် စွမ်းအား ရှစ်မျိုးဖြင့် ဖန်ဆင်းထားသည့် ပုံရိပ် ရှစ်ခုလုံးကို စုပ်ယူသွားပြီး အစစ်အမှန် ဆန်းလျန် ပေါ်ထွက် လာလေသည်။

ထိုသို့ ဂမ္ဘီရပညာ အသုံးပြုလိုက်သည့် အတွက် ကျန်းဟန်ယင်း၏ တန်ခိုး စွမ်းအားများမှာ သိသိသာသာ လျော့နည်း သွားလေသည်။

သူမက ဓားဝိညာဉ်ကို ကျောက်ရှောင်ယွီဆီသို့ ဦးတည်လိုက်ကာ ကျောက်ရှောင်ယွီနှင့် တိုက်ခိုက်နေသည့် သူမ၏ ဂိုဏ်းတူ မောင်နှမ နှစ်ယောက်ကို ကယ်တင်ရန် ပြင်ဆင်လိုက်သည်။

သူတို့နှစ်ယောက်မှ ကျောက်ရှောင်ယွီ၏ တန်ခိုးစွမ်းအား အောက်တွင် အလူးအလဲ ခံနေကြရလေသည်။

လျှပ်စီး အလင်းရောင်မှ ပေါ်ထွက်လာသည့် ပါးစပ်ကြီးမှာ ဆန်းလျန်၏ တန်ခိုး စွမ်းအားများကို စုပ်ယူသွားပြီး ဆန်းလျန်ကိုပါ မလှုပ်နိုင်အောင် ချုပ်ထား လိုက်လေသည်။ အမှန်တော့ ထိုပါးစပ်ဝကြီးမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားသည့် နတ်ဖားပြုတ်ကြီး တစ်ကောင်၏ ပါးစပ်ကြီးပင် ဖြစ်လေသည်။ ထိုနတ်ဖားပြုတ်ကြီးက တောင်များ၊ မြစ်များနှင့် ပင်လယ်များကိုပါ မျိုချနိုင်စွမ်း ရှိပုံ ရလေသည်။

ရှေးခေတ် အချိန်များ တုန်းကတော့ နတ်ဖားပြုတ်ကြီး များသည် မိုးနှင့်မြေကိုပင် မျိုချနိုင်စွမ်း ရှိသည်ဟု အဆိုရှိကြလေသည်။

ကျန်းဟန်ယင်း သုံးလိုက်သည့် ပညာကို ဆန်းလျန် သိရှိခြင်းမရှိပါ။ သို့သော် နတ်ဖားပြုတ်ကြီး၏ တန်ခိုးစွမ်းအားမှာ နတ်ဘုရားများထက် သာလွန်ကြောင်းကိုတော့ ဆန်းလျန် သိလေသည်။

နတ်ဖားပြုတ်ကြီးကို ဆန်းလျန် မည်သို့မျှ ခုခံ ကာကွယ်နိုင်မည် မဟုတ်ပေ။ ချောက်ကမ်းပါးကြီးမှ ကျောက်ဆောင် ကြီးများကိုပင် နတ်ဖားပြုတ်ကြီးက မျိုချလိုက်ပြီ ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ တိုက်ခိုက်ခြင်းကို အလူးအလဲ ခံနေရာသည့် သူမ၏ ဂိုဏ်းတူ မောင်နှမ နှစ်ယောက်ကို ကြည့်ပြီး ကျန်းဟန်ယင်း စိတ်မကောင်း ဖြစ်သွားရလေသည်။

သို့သော် စိတ်မကောင်း ဖြစ်သွားရသည်မှာ ဆန်းလျန်က သူမရှေ့တွင် ပေါ်လာပြီး သူမကို ပြုံးပြီး ကြည့်နေခြင်းပင် ဖြစ်လေသည်။

နတ်ဖားပြုတ်ကြီး ရှေ့တွင် ပိတ်မိနေသူက ဆန်းလျန် အစစ်လား၊ ယခု သူမရှေ့ ရောက်နေသည်က ဆန်းလျန် အစစ်လား၊ ကျန်းဟန်ယင်းမှာ ဝေခွဲမရ ဖြစ်ကာ စိတ်များ ရှုပ်ထွေး လာလေတော့သည်။ ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာ သူမ ခန့်မှန်းနိုင်သည်ထက် ကျော်လွန်သွားပြီ ဖြစ်လေသည်။

နတ်ဖားပြုတ်ကြီးကို ဆင့်ခေါ်လိုက်ခြင်းမှာ သူမ၏ တန်ခိုးစွမ်အား အားလုံးနီးပါးကို အသုံးပြုလိုက်ရခြင်း ဖြစ်လေသည်။ သူမက တိုက်ပွဲကို အမြန်အဆုံးသတ် လိုသည့်အတွက် ထိုပညာကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ သို့သော် သူမရှေ့သို့ ဆန်းလျန် ရောက်လာမည်ဟု သူမ လုံးဝမျှော်လင့် မထားခဲ့မိပေ။

သူမမှာ ဆန်းလျန် အသုံးပြုနေသည့် တန်ခိုးစွမ်းအားကို သူမဉာဏ်မီ သမျှဖြင့် နားမလည်တော့သည့် အတွက် ရင်ထဲတွင် နင့်သွားရလေသည်။ သူမကိုပင် လှည့်စားနိုင်သည့် တန်ခိုးစွမ်းအားသည် မည်သို့သော တန်ခိုးစွမ်းအား များပါလိမ့်။

ကျန်းဟန်ယင်းသာ နားမလည်နိုင်ခြင်း မဟုတ်ပါ။ ကျောက်ရှောင်ယွီလည်း နားမလည်နိုင် ဖြစ်နေရလေသည်။

ချောက်ကမ်းပါးဆီမှ ကျောက်ဆောင်များကို ဝါးမျိုနေသည့် နတ်ဖားပြုတ်ကြီးမှာ တဖြည်းဖြည်း စတင်ပျောက်ကွယ် နေပြီ ဖြစ်လေသည်။

ကျန်းဟန်ယင်း အနေဖြင့် ထိုနတ်ဖားပြုတ်ကြီးကို ဆင့်ခေါ်ရန်သာ တတ်နိုင်ပြီး ထိန်းချုပ်ရန်မှာ မတတ်နိုင်ပါ။ ဆင့်ခေါ်ရန်ပင်လျှင် သူမ၏ တန်ခိုး စွမ်းအား များစွာကို အသုံးပြုခဲ့ရသည် မဟုတ်ပါလား။

သူမက အားနည်းနေသည့်တိုင် သူမ၏ ဓားဝိညာဉ်မှာ အံ့သြစရာ တန်ခိုးစွမ်းအား များဖြင့် ပေါက်ကွဲ ထွက်သွားပြီး ဆန်းလျန်ဆီသို့ တိုးဝင် သွားလေသည်။ ဓားဝိညာဉ်မှာ မိုးနှင့်မြေကိုပင် ထိုးခွင်းတော့မည့် အလား ထက်ရှ နေလေသည်။

ဓားဝိညာဉ် စွမ်းအားကြောင့် လေထုမှာ တုန်ခါ သွားရုံသာမက တွန့်ခေါက်၍ပင် သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဓားဝိညာဉ်၏ အရှိန်မှာ လေထုမှ ခံနိုင်ရည်ရှိသည့် အနေအထားထက် ပိုပြီး လျင်မြန်နေသောကြောင့် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ကျန်းဟန်ယင်းသည် သူမ၏ ဂိုဏ်းတူမောင်နှမ နှစ်ယောက်ကို ဆွဲခေါ်ကာ ကောင်းကင်ထက်သို့ တိုးဝင် ပျောက်ကွယ် သွားလေတော့သည်။

ဆန်းလျန်မှာ အရှိန်အဟုန် ပြင်းထန်လှသည့် ကျန်းဟန်ယင်း၏ ဓားဝိညာဉ်ကို အလျင်အမြန် ရှောင်တိမ်း လိုက်သည့်တိုင် ဓားဝိညာဉ်က သူ၏ ဝတ်ရုံကို ထိခိုက်မိသွားပြီး ဝတ်ရုံတွင် ဓားရာများ ထင်သွားလေသည်။

“ကျွန်မတို့ သူတို့နောက်ကို လိုက်သွားရင် မီသေးတယ်၊ ချွင်ယန်တာအို နန်းတော်က တာအိုကျင့်စဉ်တွေနဲ့ ဂမ္ဘီရကျင့်စဉ်တွေက ချင်းရွှမ် နတ်တံခါးထက်တော့ မနိမ့်ဘူးဆိုတာ ရှင်လည်း သိတာပဲ၊ သူတို့ကိုသာ ဖမ်းမိရင် အများကြီး အကျိုးရှိနိုင်တယ်”

ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

“သနားစရာ ပြိုင်ဘက်လေးတွေ နောက်ကို လိုက်မနေပါနဲ့တော့၊ ခုန သူ့ဓားချက်သာ ထိမိရင် အနှစ်နှစ်ဆယ်လောက် ကုသရင်တောင် ပျောက်မယ့် ဒဏ်ရာမျိုး မဟုတ်ဘူး ၊ အဲဒီလိုတော့ အဖြစ်မခံနိုင်ပါဘူးဗျာ”

ဆန်းလျန်က ပြောလိုက်လေသည်။

ဆန်းလျန်မှာ ကျန်းဟန်ယင်းကဲ့သို့သော ဓားသိုင်းကျင့်ကြံသူမှာ အဘယ့်ကြောင့် နတ်ဖားပြုတ်ကြီးကို ဆင့်ခေါ်သည့် ဂမ္ဘီရပညာကို သုံးရပါသနည်းဟု တွေးနေမိလေသည်။ ဓားသိုင်းကျင့်ကြံသူ တစ်ယောက်က ဂမ္ဘီရပညာကို အသုံးပြုလိုက်သည်မှာ အလွန်မှ နားမလည် နိုင်စရာ ကိစ္စ ဖြစ်လေသည်။ ချန်ကျန့်မေနှင့် တိုက်ခိုက်ရမည် ဖြစ်သည့်အတွက် တန်ခိုးစွမ်းအား ကျဆင်းရခြင်း မရှိရအောင် ဆန်းလျန်ကို အမြန်ပွဲသိမ်း စေသည့် ပုံမျိုးလည်း မဟုတ်ပေ။ တစ်ခုခု မှားနေသလိုမျိုး ဆန်းလျန် ခံစားလိုက်ရလေသည်။

ကျန်းဟန်ယင်း၏ တန်ခိုးစွမ်းအားများကို လျော့ကျ သွားစေရန် ရည်ရွယ်ခဲ့သည့် ဆန်းလျန်၏ ရည်ရွယ်ချက် အောင်မြင်ခဲ့သည့်တိုင် ဆန်းလျန်ရင်ထဲတွင် သံသယများဖြင့် ပြည့်နေလေသည်။

အမှန်တော့ ယနေ့တိုက်ပွဲတွင် ဆန်းလျန် အနိုင်ရခဲ့သည့် လျှို့ဝှက်ချက်မှာ “လီတိုက်ထောင်ကျန်း” အင်းသင်္ကေတကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်လေသည်။ သူက တိုက်ပွဲ စတင်သည့် အချိန်မှာပင် ထိုအင်းသင်္ကေတကို အသုံးပြုကာ သူ၏ ကိုယ်ပွားကို ဖန်ဆင်းထားခဲ့ခြင်း ဖြစ်လေသည်။

ထိုအင်းသင်္ကေတမှ ချင်းရွှမ်နတ်တံခါးမှ ရတနာတစ်ပါး ဖြစ်လေသည်။ အခြားသူများ အတွက်တော့ ထိုသို့သော အင်းသင်္ကေတမျိုးမှာ ရှားပါးလှသည့် အင်းသင်္ကေတ မျိုးပင် ဖြစ်လေသည်။

ချွင်ယန်တာအို နန်းတော်မှာ ခမ်းနား ကြီးကျယ်သည့် နတ်ဘုရား ဂိုဏ်းတစ်ခု ဖြစ်ချင်ဖြစ်မည်။ ထျန်းဟွာနယ်သည် ယွမ်ကျိုးနယ်ထက် ပိုပြီး ဒဏ္ဍာရီ ဆန်ချင်ဆန်မည်။ သို့သော် ဆန်းလျန် အသုံးပြုသည့် နတ်ဘုရား အင်းသင်္ကေတမျိုးသည် ထျန်းဟွာနယ်တွင် ရှိလိမ့်မည် မဟုတ်ပေ။

"ဟုတ်ပါတယ်လေ၊ ရှင့်ရဲ့အုပ်ချုပ်မှု အောက်မှာ ချင်းရွှမ် နတ်တံခါးဟာ ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ပါဘူး ၊ ဒါနဲ့ ရှင်က အခုချိန်မှာ ချင်းရွှမ်နတ်တံခါးရဲ့ အဓိကမဏ္ဍိုင် ဖြစ်နေပါလျက်နဲ့ ဘာလို့ ချင်းရွှမ်က ထွက်လာရတာလဲ"

ကျောက်ရှောင်ယွီက ပြုံးရင်း မေးလိုက်လေသည်။

"မဖြေလို့မရဘူးလား ရှောင်ယွီရယ်..."

"ရတာပေါ့ရှင်..."

ဆန်းလျန်အမေးကို ကျောက်ရှောင်ယွီက အပြုံးလေးဖြင့် တုံ့ပြန်လိုက်ရင်း ရှေ့သို့ ဆက်လျှောက် သွားလေသည်။

ချောက်ကမ်းပါးထက်မှ ကျောက်နံရံများကို ဝါးမျိုနေသည့် နတ်ဖားပြုတ်ကြီး၏ ပါးစပ်ကြီးမှာ ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။

များစွာသော ကျောက်တုံးများ ကျိုးပဲ့ကာ သစ်ပင်များလည်း အမြစ်မှ ပြုတ်ထွက် ကုန်ကြလေသည်။

ကျောက်ရှောင်ယွီက အစိမ်းရောင် မွေးပွသတ္တဝါလေးကို ကောက်ချီ လိုက်လေသည်။ သတ္တဝါလေးမှာ မျက်လုံးများ မှိတ်နေပြီး အသက်ပင် မရှူတော့ပေ။

ကျောက်ရှောင်ယွီက လေပြေလေး ဖန်ဆင်းပြီး ထိုသတ္တဝါလေး၏ နှာခေါင်းနားဆီသို့ တိုက်ခတ် စေလိုက်သည်။ ထိုအခါမှ သတ္တဝါလေးသည် မျက်လုံးများ ပွင့်လာကာ သနားစရာ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကျောက်ရှောင်ယွီကို ငေးကြည့် နေလေသည်။ ကျောက်ရှောင်ယွီမှာ သနားစိတ်ကို ထိန်းမရတော့ဘဲ သတ္တဝါလေးကို တင်းကျပ်စွာ ပွေ့ဖက် ထားလိုက် လေတော့သည်။

"ရှင်ပြောတော့ လေစွမ်းအား သားရဲဆိုတာ ကြောက်စရာ သတ္တဝါကြီးဆို၊ ခုကျ သနားစရာ သတ္တဝါသေးသေးလေး ဖြစ်နေပါလား၊ ဒီလို အကောင်လေးက လူတစ်ယောက် အသက်ကို အနှစ်ငါးရာအထိ ရှည်စေတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား...."

ကျောက်ရှောင်ယွီက ရယ်မောရင်း ပြောလိုက် လေတော့သည်။

***

All Chapters