တာအိုတေချင်
Vol. 3 Ch. 243
ဆန်းလျန်က လေစွမ်းအား သားရဲကို တစ်ချက်ကြည့်လိုက်ရင်း….
“ဒီသတ္တဝါလေးက သက်ရှိသတ္တဝါလေးပဲ၊ အင်္ကျီလက်ထဲ ထည့်သယ်သွားလို့ မရလောက်ဘူး၊ သိပ်မခက်ဘူးဆိုရင် သူ့ကို ရှောင်ယွီ ပွေ့ချီပြီး ခေါ်လာခဲ့ပါနော်”
ကျောက်ရှောင်ယွီက ရယ်မောလိုက်ရင်း…
“အမယ်၊ ကျွန်မကိုများ ရှင့်အလုပ်သမား ကျနေတာပဲ၊ သယ်ချင်ရင် ကိုယ့်ဟာကိုယ် သယ်ခဲ့ပါလား ရော့”
သူမက လေစွမ်းအား သားရဲငယ်လေးကို ဆန်းလျန်ထံသို့ ပစ်ပေးလိုက်လေသည်။ သားရဲလေးမှာ ကြောက်ရွံ့ နေလေသည်။
လေစွမ်းအား သားရဲမှာ လေအသွင် ပြောင်းနိုင်သည့် စွမ်းအား ရှိလေသည်။ ထို့ကြောင့်သူက ကျောက်ရှောင်ယွီသူ့ကို ဆန်းလျန်ထံသို့ ပစ်ပေးလိုက်သည်နှင့် လေအသွင် ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်... သူ၏ အကြံအစည် မအောင်မြင်ခဲ့ပါ။ သူ့ကို သံမဏိ နံရံတစ်ခုက ပိတ်ဆို့ထားသလို ခံစားလိုက်ရလေသည်။ သံမဏိနံရံနှင့် တိုက်မိပြီး သားရဲလေးမှာ ခေါင်းမူး သွားရလေသည်။ ဆန်းလျန်က လေကို ပိုက်ကွန် အသွင်ပြောင်းလဲကာ သတ္တဝါလေးကို ဖမ်းဆီးလိုက်ပြီး ပွေ့ချီ လိုက်လေသည်။
သားရဲလေးမှာ မလွတ်မြောက် နိုင်တော့သည့် အတွက် တအီအီ ညည်းညူ နေလေတော့သည်။ သူ၏ အနက်ရောင် မျက်ဝန်းများမှာ စိုးရိမ်မှုများဖြင့် ပြည့်နေပြီး မျက်ရည်များပင် ဝဲနေလေသည်။
သူ့ကို ရင်ခွင်ထဲတွင် ပွေ့ချီထားသည့် လူငယ်သည် လေပေါ်သို့ ပျံသန်း ထွက်ခွာသွားပြီး သူ၏ မွေးရပ်ဒေသမှ အမည်မသိ တစ်နေရာသို့ သူ့ကို ခေါ်ဆောင် သွားခဲ့လေပြီ။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ ဘေးချင်းယှဉ် ပျံသန်းနေကြပြီး ကျောက်ရှောင်ယွီက လေစွမ်းအား သားရဲလေးကို တစ်ချက် စောင်းကြည့်လိုက်သည်။ သူမက အကြင်နာတရား ကင်းမဲ့သူ တစ်ယောက် ဖြစ်သည့်တိုင် မိန်းကလေးတို့ သဘာဝအတိုင်း သတ္တဝါလေးကို သနားနေမိလေသည်။
အချို့လူများသည် လူပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ သတ်ဖြတ်ရန် အမိန့်ပေးခြင်းများ ပြုလုပ်ကြသည့်တိုင် တစ်ခါတစ်ရံတွင် အားနည်းသူများကို သနားစိတ် ဝင်မိကြသည်မှာ မထူးဆန်းပါ။ ထိုသို့ဖြစ်သည်မှာ ထူးဆန်းသည့် လူ့သဘာဝပင် ဖြစ်လေသည်။
“ဆန်းကျွင်းအရှင်၊ ရှင်က ကြင်နာတတ်တဲ့ သူပဲ၊ ဒီဝိညာဉ် သားရဲလေးကို တကယ်ပဲ ဆေးဖော်ပစ်တော့မှာလား၊ ရှင်ကိုယ်တိုင်မလုပ်ဘဲ အခြားသူလုပ်ခိုင်းရင်တောင်မှ ဒီလိုလုပ်တာ ရှင့်ရဲ့စရိုက်နဲ့တော့ မကိုက်ဘူးလေ”
ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။
သူမ၏ စကားကြောင့် ဆန်းလျန်က ရယ်မော လိုက်လေသည်။
“အရင်တုန်းက ကျောက်ရှောင်ယွီ ဘယ်ရောက်သွားပါလိမ့်၊ အရင်က ကျောက်ရှောင်ယွီသာ ဆိုရင် ဒီလိုစကားမျိုးတွေပြောမယ်မထင်ဘူး၊ ဒါပေမဲ့ မင်းဒီလို ပြောင်းလဲလာပြီး လူသားဆန်တဲ့ စိတ်တွေ ဝင်လာတာ ကျုပ်တကယ်ပဲ ဝမ်းသာမိပါတယ်ဗျာ၊ အကြင်နာတရား ရှိတယ်ဆိုတာ ကောင်းတဲ့ အလုပ်ပဲလေ၊ ဗောဓိသကျတောင်မှ သူ့အသားကို ဖဲ့ပြီး သိမ်းငှက်တွေကို အစာ ကျွေးခဲ့တာပဲလေ၊ သူ့လောက် အကြင်နာတရား ပြည့်တဲ့သူ ရှိဦးမှာလား”
“ရှင် ဒီအကောင်လေးကို လွှတ်ပေးမှာလား”
ကျောက်ရှောင်ယွီက မေးလိုက်သည်။
ဆန်းလျန်က သူ့ရင်ခွင်ထဲမှ လေစွမ်းအား သားရဲလေးကို ကြည့်လိုက်ရင်း….
“မင်းက လေကိုအောင်နိုင်သူ အဖြစ် မွေးဖွားလာပြီး ဝိညာဉ် စွမ်းအား ပြည့်ဝတဲ့ သတ္တဝါလေး ဆိုပေမယ့် မင်းရဲ့ အစွမ်းတွေက အကန့်အသတ် ရှိတယ်၊ မင်းအသက် ဘယ်လောက်ပဲ ရှည်ရှည် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး၊ အခု မင်းကို လူသားတစ်ယောက် အဖြစ် အသက်ရှင်နိုင်အောင် ကျုပ်က ကူညီပေးမယ်၊ ဒါဆိုရင် မင်းက ဝိညာဉ်စွမ်းအား ကောင်းတဲ့အတွက် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်သူ ဖြစ်လာမှာပဲ၊ ကျင့်စဉ်လမ်းတက်ဖို့ အချိန်ကြာနေတယ် ဆိုရင်တောင်မှ မင်းအခက်အခဲ တွေကို ကျော်လွှားနိုင်မှာပါ၊ အဲဒီ အချိန်ကျရင် မင်း ချင်းရွှမ် နတ်တံခါးကို ပညာသင်ဖို့ လာခဲ့ပါ၊ မင်းရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ခဲ့တဲ့အတွက် ကျုပ်က ကျေးဇူး ပြန်ဆပ်ပါ့မယ်၊ ပြီးတော့ ကျုပ်က မင်းကို အခု လွှတ်ပေးလိုက်တယ် ဆိုရင်တောင်မှ နောက်ကျရင် မင်းက သေရမှာပဲလေ၊ ဒါဆို လူသားတစ်ယောက် ဖြစ်ခွင့်ရဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်တော့ဘူး”
လေစွမ်းအား သားရဲလေးမှာ မွေးရာပါ ဝိညာဉ် စွမ်းအားကောင်းသူ ဖြစ်လေသည်။ သူက လေအသွင်သို့ ကူးပြောင်းနိုင်သည့် တန်ခိုးစွမ်းအားဖြင့် ကျင့်ကြံသူများရန် ပုန်းရှောင်ခဲ့သော်လည်း သူ့တွင် အခြားသော တန်ခိုးစွမ်းအား မရှိပေ။
လေစွမ်းအား သားရဲငယ်လေးသည် ဆန်းလျန်၏ ရင်ဘတ်ကို ခေါင်းဖြင့် တိုးဝှေ့လိုက်ရင်း ခေါင်းညိတ်သလို တစ်ချက်ပြုကာ မျက်တောင် ခတ်ပြလိုက်လေသည်။
ဆန်းလျန်မှာ အစပိုင်းတုန်းက ထိုသို့သော အကြံဉာဏ်ကို မရခဲ့ပေ။ သို့သော် ဝိညာဉ်စွမ်းအား အလွန်ကောင်းသည့် ထိုသတ္တဝါလေးကို ဆန်းလျန်မှာ မသတ်ရက်တော့ပေ။ သူ့အတွက်သာဆိုလျှင် သူက ထိုသတ္တဝါလေးကို အသုံးပြုမည် မဟုတ်ပေ။ သို့သော် ချင်းရွှမ် နတ်တံခါးအတွက် ဖြစ်နေသည့် အတွက် သူ့တွင် ရွေးချယ်စရာမရှိပေ။
ဆန်းလျန်က ထုန်ထျန်း တန်ခိုးစွမ်းအားကို ကျင့်ကြံအောင်မြင် ထားသူဖြစ်သည့် အတွက် အာရုံခံနိုင်စွမ်း ထူးခြားလေသည်။ သူက ပြန်လည် မွေးဖွားခြင်း အတွက် ကံကြမ္မာကို မပြောနိုင်သည့်တိုင် ဘဝ သံသရာလည်ခြင်းနှင့် ကုသိုလ် အကုသိုလ်ကို သူနားလည်ထားလေသည်။
ကျင့်ကြံသူများကြားတွင် မူလအရင်းခံမှာ "တာအိုတေချင်ကျမ်း" ဟုခေါ်သည့် "တောက်တယ်ကျင်း" ကျမ်းပင် ဖြစ်လေသည်။ "တောက်တယ်" ဆိုသည့် အဓိပ္ပာယ်မှာ "ကိုယ်ကျင့်တရား" ဟူ၍ဖြစ်သည်။
တာအို (တောက်) ဆိုသည်မှာ စကြဝဠာ သဘာဝတရား၏ ကျင့်စဉ်လမ်းကိုသာ ဆိုလိုခြင်း မဟုတ်ပါ။ တရားအလင်း ရရှိအောင် ကျင့်ကြံ အားထုတ်ရမည့် "လမ်း" ဟူ၍လည်း အဓိပ္ပာယ် ရလေသည်။ "တေ" (တယ်) ဆိုသည်မှာ ကိုယ်ကျင့်တရား၊ အပြုအမူဟု ဆိုခြင်းထက် "လောကကို မှန်ကန်စွာ ရှုမြင်နိုင်ခြင်း" နှင့် ကျင့်ကြံသူတစ်ယောက်၏ အခြားသူများကို ပြုမူဆက်ဆံပုံကို ဆိုလိုခြင်း ဖြစ်လေသည်။
"တာအိုတေ" ဆိုသည့် "တောက်တယ်" အတိုင်း ဖြည့်ကျင့် နေထိုင်သရွေ့ လူတစ်ယောက်သည် လောကတွင် အောင်မြင်မှုကို ရရှိမည်ဖြစ်ပြီး မလိုအပ်သည့် အန္တရယ်များ အားလုံးကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်လေသည်။
နတ်မိစ္ဆာသားရဲတစ်ကောင်က ဆန်းလျန်ကို တိုက်ခိုက်မည်ဆိုလျှင် ဆန်းလျန်က ထိုနတ်မိစ္ဆာသားရဲကို သတ်ပစ်မည် ဖြစ်လေသည်။ သို့သော် လုပ်ရပ်တိုင်းအတွက် အကျိုးဆက်ကို ရင်ဆိုင်ရမည်မှာတော့ လောကနိယာမ တရားပင် ဖြစ်လေသည်။
လေစွမ်းအားသားရဲကဲ့သို့ ဝိညာဉ်စွမ်းအား ပြည့်ဝသည့် သားရဲလေးကို ဆန်းလျန်အနေဖြင့် သတ်ရန်မသင့်ပေ။
ကံကြမ္မာ တစ်ပတ်လည်လာသည့် အခါ ဆန်းလျန်အနေဖြင့် ဝဋ်ကြွေး ဆပ်ရမည် ဖြစ်လေသည်။
ဝိညာဉ် စွမ်းအား ပြည့်ဝသည့် သားရဲတိုင်းသည် လူသားအဖြစ် ပြောင်းလဲနိုင်ခွင့် မရှိပါ။ ဆန်းလျန် ကဲ့သို့သော တန်ခိုးရှင်မျိုးက ကူညီမှသာ အခွင့်အရေး ရနိုင်မည် ဖြစ်လေသည်။
လူသားအဖြစ် ပြောင်းလဲခွင့်သည် ဆရာသခင် ကျန်းရော့ရွှီး လူ့ဘဝ ပြန်ဝင်စားခြင်းကဲ့သို့ ဘဝ ခြားနားသွားခြင်းနှင့် မတူညီပေ။
လေစွမ်းအား သားရဲလေးအတွက် လေစွမ်းအား သားရဲ ရုပ်ခန္ဓာကို စွန့်လွှတ်ပြီး လေစွမ်းအား သားရဲငယ်၏ ဝိညာဉ်နှင့် အခြားသော လူသားတစ်ဦး ခန္ဓာကိုယ်တစ်ခုဖြင့် ပြန်လည်ရှင်သန်ခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ ဆယ်ရက်ကျော်ခန့် ခရီးနှင်ပြီးသည့် နောက်တွင်တော့ မိသားစုလေး တစ်စုကို ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။
ထိုမိသားစုလေးမှာ ရွာငယ်လေး တစ်ရွာတွင် နေထိုင်သူများ ဖြစ်ကြလေသည်။
အချိန်က ညနေခင်း အချိန်ဖြစ်လေသည်။
ရွာလေး၏ပုံစံမှာ "ကျီးကန်းများ ပျံသန်းနေပြီး ရေပတ်လည် ဝိုင်းနေသည့် စွန့်ပစ်ထားသည့် ရွာလေး" ဆိုသည့် စာသားထဲမှ အတိုင်းပင် ဖြစ်လေသည်။
ထိုမိသားစုလေးတွင် မွေးပြီးပြီးချင်းမှာပင် ကံဆိုးစွာဖြင့် ဆုံးပါးသွားသည့် ကလေးငယ်လေး တစ်ဦး ရှိလေသည်။ ကလေးတစ်ယောက်ကို မွေးဖွားရန်မှာ ချမ်းသာသည့် သူများအတွက်ပင် လွယ်ကူခြင်း မရှိလေရာ ဆင်းရဲသည့် မိသားစုလေး အတွက်တော့ ခက်ခဲ ခဲ့လေသည်။ ထို့ကြောင့် ဆင်းရဲသည့် ဒဏ်ကို မခံနိုင်ဘဲ ကလေးငယ်မှာ ဆုံးပါးသွားရခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ထိုမိသားစုလေး၏ အိမ်တည်ရှိရာ ကောင်းကင်ထက်တွင် ရှိနေလေသည်။
သူက စပါးပင်နှင့် ခပ်ဆင်ဆင်တူသည့် သစ်ရွက်ငယ်လေး တစ်ခုကို ယူလိုက်သည်။ ထိုသစ်ရွက်ငယ်လေးမှာ နှစ်တစ်ရာ မြက်ပင်လေး ဖြစ်လေသည်။ ဆန်းလျန်က ထိုမြက်ပင်လေးကို လေစွမ်းအား သားရဲငယ်လေး၏ နှာခေါင်းတွင်းသို့ ထည့်လိုက်လေသည်။
သိပ်မကြာမီပင် ထိုသားရဲငယ်လေး၏ ဦးခေါင်းဆီမှ အစိမ်းရောင် အငွေ့များ ထွက်ပေါ် လာလေသည်။ ထိုအငွေ့များက လေစွမ်းအား သားရဲငယ်လေးနှင့် ပုံသဏ္ဌာန် ဆင်တူလေသည်။ ထိုအငွေ့ရိပ်လေးက ဆန်းလျန်ကို နှုတ်ဆက်နေသည့် အလား လေထဲတွင် ယိမ်းနွဲ့ နေလေသည်။
ဆန်းလျန်က ထိုအငွေ့လေးများကို သေဆုံးသွားသည့် ကလေးငယ်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ပြီး ဘဝကူးပြောင်းရန် အမိန့်ပေး လိုက်လေသည်။
သေဆုံးနေသည့် ကလေးငယ်မှာ အသက်ပြန်ဝင် လာပြီး ရုတ်တရက် ထငိုလိုက်လေသည်။ ကလေးငယ် ထငိုသည့်အတွက် ကလေးကို ပွေ့ချီထားသည့် ဖခင်ဖြစ်သူမှာ ထိတ်လန့်သွားပြီး ကလေးကို လွှတ်ချ လိုက်မိလေသည်။
ရုတ်တရက် ဆန်းလျန်က သူ့အနားတွင် ပေါ်လာပြီး ကလေးငယ် ပြုတ်ကျ မသွားစေရန် အချိန်မီ ထိန်းထား ပေးလိုက်သည်။
ဆန်းလျန်က ယခုအခါ စာပေသမား လူငယ်တစ်ယောက် ပုံစံ ဝတ်ဆင်ထားပြီး သူ့ကို ကြည့်ရသည်မှာ စာကြမ်းပိုးပုံ ပေါက်နေလေသည်။
"အစ်ကိုကြီး၊ ကလေးကို ပြုတ်မကျအောင် ချီမှပေါ့"
ဆန်းလျန်က ပြောလိုက်လေသည်။
ရွာလေးတွင် နေထိုင်သည့် သူများမှာ စာပေသမားများကို လေးစားကြလေသည်။
ကလေးငယ်၏ ဖခင်ဖြစ်သူက ကလေးကို ဆန်းလျန်လက်ထဲမှ ပြန်ယူလိုက်ရင်း သူ၏ ကလေး အသက်ပြန်ရှင် လာသည့်အတွက် အံ့သြ ပျော်ရွှင်မဆုံး ဖြစ်နေလေသည်။
"ဒီက သခင်လေးက ဘယ်က ရောက်လာတာလဲ၊ ကျေးဇူး အများကြီး တင်ပါတယ်"
ဟု ပြောလိုက်လေသည်။
သို့သော် သူ့စကား မဆုံးမီမှာပင် ဆန်းလျန်က သူ့ရှေ့မှ ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။
နေ့ခင်း ကြောင်တောင်ကြီး အိပ်မက်များ မက်နေသည်လားဟု လယ်သမားကြီးက တွေးလိုက်မိပြီး သူ့ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်လိုက်သည့် အခါတွင်တော့ မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်ရင်း သက်ဝင် လှုပ်ရှားနေလေသည်။
သူ့ဘေးနားတွင် မြစိမ်းရောင် ဝါးတုတ်လေး တစ်ခုကိုလည်း တွေ့ရလေသည်။ မည်သူ လာထားသွားမှန်းပင် သိရပေ။
လယ်သမား မိသားစုဖြစ်သည့် ဖုန်းမိသားစုမှ ကလေးငယ်လေး အသက်ပြန်ရှင် လာသည့် သတင်းမှာ တစ်ရွာလုံးသို့ ပျံ့နှံ့ သွားလေသည်။
ထိုဖြစ်ရပ်ကြောင့် တစ်ရွာလုံးမှာ အံ့အားသင့် နေကြရပြီး ကလေးငယ်၏ ဖခင်က ကလေးအသက် ပြန်ရှင်လာသည့်နေ့က စာပေသမား တစ်ယောက်ကို တွေ့လိုက်ရပြီး မျက်စိတစ်မှိတ် အတွင်း ပြန်လည် ပျောက်ကွယ် သွားသည်ဟု ပြောပြလေသည်။
အချို့လူများကလည်း ထိုနေ့ညက ကောင်းကင်တွင် စာပေသမားကြယ် တောက်ပနေသည်ဟု ဆိုကြလေသည်။ လယ်သမားကြီးက သူ၏သားငယ်မှာ စာပေသမားဖြစ်ဖို့ ကံပါသည်ဟု ယူဆကာ ကလေးငယ်ကို ပြုစု ပျိုးထောင် ပေးလေသည်။
သိပ်မကြာမီပင် ရွာထဲသို့ ဗေဒင်ဆရာတစ်ယောက် ရောက်လာပြီး ကလေးငယ်မှာ ပါရမီရှင် တစ်ယောက် ဖြစ်သည်ဟု နိမိတ်ဖတ်ကာ "ဖုန်းချင်းယန်" ဟု အမည် ပေးသွားခဲ့လေသည်။
ရွာထဲမှ ကလေးငယ်များမှာ များသောအားဖြင့် ကော်တန့်၊ အော့တန့်ဟု သာမန် နာမည်များသာ ပေးထားကြလေရာ ဖုန်းမိသားစုမှ သားငယ်ကတော့ လှပသည့် နာမည်လေးကို ပိုင်ဆိုင်သည့် ပထမဆုံး ကလေးငယ် ဖြစ်လေသည်။
ကလေးငယ် ဖုန်းချင်းယန်မှာ အသက်လေးနှစ်တွင် ပထမဆုံး ကဗျာတစ်ပုဒ်ကို ရေးစပ်ခဲ့ပြီး နိမိတ်အတိုင်း ထူးချွန်သည့် ကလေး ဖြစ်ကြောင်း သက်သေ ပြလိုက်လေသည်။
ထို့ပြင် ဖုန်းအိမ်မှ ကလေးမှာ သူ၏ မြစိမ်းရောင် ဝါးတုတ်လေးကိုကိုင်ကာ ကျွဲများ နွားများကို ကျောင်းလေ့ရှိပြီး ကျွဲများ နွားများမှာ အဝေးသို့ မပြေးဘဲ သူ့အနားတွင်ပင် ယဉ်ပါးစွာ ငြိမ်သက်နေကြမြဲ ဖြစ်လေသည်။
ထိုအဖြစ်အပျက်များအားလုံးမှာ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ရှင်သန်စေခြင်းကျောင်းတော်သို့ ရောက်ရှိသွားပြီး နောက်ပိုင်းမှ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသာ ဖြစ်လေသည်။
***