← Chapters

အခန်း (၂၄၇)

Vol. 24 Ch. 247

အခန်း (၂၄၇)

Vol. 24 Ch. 247

အပိုင်း(၂၄၇)

မိစ္ဆာများအတွက် စီစဉ်ပေးခြင်း

လင်းယွင်ကျိနှင့်အခြားသူများ ကျန်းယန်အကြည့်ကိုတွေ့သောအခါ သူတို့အားလုံး ကျောချမ်းသွားခဲ့ကြသည်။

ဤကလေးသည် သူတို့ကိုရော မိစ္ဆာများကိုသုံးပြီး ဖိအားပေးချင်နေခြင်းပေလော။

“ဆရာဦးလေး ၃ ဆေးလုံးသန့်စင်တာ ဘယ်လိုအခြေအနေရှိလဲ” ကျန်းယန် မေးလိုက်၏။

တန်ချန်ကျိ အမြန်ပြန်ဖြေလိုက်သည်။

“သင်ခန်းစာတွေပြီးရင် ငါပြန်စမယ် အဲ့ဒီလိုအရေးကြီးဆေးလုံးတွေကို သန့်စင်ဖို့က အနည်းဆုံးတော့ တစ်လလောက်တံခါးပိတ်သန့်စင်ဖို့ လိုတယ် ဒါမှအမှားလုံး၀မရှိမှာ

ငါဆေးတွေရဲ့ အာနိသင်တွေကိုစမ်းသပ်‌ပြီးပြီ အခုက အချိန်ကိုက်ဖြစ်မယ့်အချိန်ကို စောင့်ရုံပဲ”

“ဒါ‌ဆိုဘာတွေစောင့်နေတာလဲ အခု သွားသန့်စင်တော့လေ” ဟွာလင်းကျိ လောလိုက်သည်။

တန်ချန်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်၏။ ထိုကလေးက သူ့ကို သင်ခန်းစာများပို့ချရန် စီစဉ်ပေးထားလေရာ သူမည်သို့ သွားသန့်စင်ရပါမည်နည်း။

ကျန်းယန် တခဏတွေးတောပြီးနောက် ပြောလိုက်သည်။

“သင်ခန်းစာတွေပဲအရင်ပြီးအောင် ပို့ချလိုက်ပါ အချိန်ကရှိဦးမှာပါ တကယ်လို့ တပည့်တွေထဲမှာ ဆေးတာအိုမှာပါရမီပါတဲ့လူရှိခဲ့ရင် ဆရာဦးလေးလည်း အနာဂတ်မှာ အဆင့်နိမ့်ဆေးတွေ ဖော်စပ်တဲ့နေရာမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့”

“ကောင်းပြီလေ ငါသင်ခန်းစာတွေပို့ချပြီးမှ ဆက်သန့်စင်မယ်” တန်ချန်ကျိ စိတ်အေးသွားဟန်ဖြင့် ပြောလိုက်၏။

ထို့နောက် ကျန်းယန် ဟော်လင်းကျိကိုကြည့်ကာ မေးလိုက်သည်။

“ဆရာဦးလေး ၆ တပည့်တွေအတွက် လက်နက်သန့်စင်နေတာရော ဘယ်လိုအခြေအနေရှိလဲ”

“ငါတို့ ငါးထောင်ကျော်ပြီးသွားပြီ အချိန်နည်းနည်းလောက်ထပ်ယူလိုက်ရင် အားလုံးတောင် ပြီးသွားနိုင်တယ် ငါတို့က လက်နက်အသက်သွင်းမယ့်အပိုင်းကိုပဲ လုပ်နေကြတာလေ ကျန်တဲ့အခြေခံအဆင့်တွေကိုက တပည့်တွေကို လုပ်ခိုင်းထားတာ အဲ့တာကြောင့် ငါတို့သန့်စင်နှုန်းက အတော်လေး မြန်နေတာ”

“ကောင်းတယ် ကဗ္ဗည်းအပိုင်းက အရေးအကြီးဆုံးပဲ” ကျန်းယန် ပြန်ပြောလိုက်သည်။

သူသူ့ဆရာဦးလေးများကို စာအုပ်တစ်အုပ်စီပေးခဲ့ပြီးသား ဖြစ်၏။ ထိုစာအုပ်များက သူတို့၏တာအိုနားလည်မှုကို များစွာ တိုးတက်သွားစေခဲ့သည်။

ကျန်သည့်အရာများကိုတော့ တန်ချန်ကျိ၏ဆေးလုံးကိုသာ အားကိုးရပေတော့မည်။

ထို့နောက် ကျန်းယန် စစ်ထူမင်ယွဲ့နှင့်ချင်းရှုကိုကြည့်ပြီး မေးလိုက်၏။

“မင်းတို့နှစ်ယောက်မှာရော နတ်ဝိညာဉ်အဆင့်ကိုတက်ဖို့ အခွင့်အလမ်းရှိလား”

“ညီမလေးပြီးရင် ခဏလောက်တံခါးပိတ်ကျင့်ကြံခြင်း၀င်တော့မယ် နတ်ဝိညာဉ်အဆင့်ကို တစ်လအတွင်းရောက်လိမ့်မယ်လို့ ယုံကြည်မှုရှိတယ်” စစ်ထူမင်ယွဲ့ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

သူမတာအိုမျိုးစေ့နှင့်ကျင့်စဉ်က အလွန်အဆင့်မြင့်သောအရာများဖြစ်သောကြောင့် သူမသည် ကျင့်ကြံခြင်းတွင် တစ်ဆလောက်ကြိုးစားရုံဖြင့် နှစ်ဆရရှိနေခဲ့၏။

“ငါကတော့ လက်နက်တွေသန့်စင်ပြီးသွားရင် အဆင့်ချိုးဖြတ်မယ်” ချင်းရှု ပြန်ပြောလိုက်သည်။

ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“ဒါဆို ဒီလိုပဲ စီစဉ်ထားလိုက်ပြီနော်

ပြီးရင် မိစ္ဆာတွေကိုလည်း စီစဉ်ပေးရဦးမယ်

စကားမစပ် ဂျူနီယာညီမလေး ဂိုဏ်းထဲမှာ နင့်အစေခံကောင်မလေးရဲ့ အဆင့်အတန်းက မရှင်းမလင်းဖြစ်နေတယ်

အခုကစပြီး သူ့ကို နင့်တပည့်အဖြစ် သတ်မှတ်လိုက် သူ့ကိုဂိုဏ်းသားတစ်ယောက်အဖြစ်နဲ့ပဲ နင့်အောက်မှာထားပေါ့

သူကဂိုဏ်းရဲ့ကျင့်စဉ်တွေကို ကျင့်ကြံနိုင်မယ် ဂိုဏ်းရဲ့အရင်းအမြစ်တွေကိုလည်းရမယ် ဒါပေါ့ နင့်ကိုဂရုစိုက်ပေးတာအပြင် သူက ဂိုဏ်းရဲ့ တာ၀န်တွေကိုလည်း ထမ်းဆောင်ပေးရမယ်”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး” စစ်ထူမင်ယွဲ့ အမြန်ပြောလိုက်၏။

လက်ရှိဂိုဏ်း၏အဆင့်အတန်းက ချွန်းရှောင်ကို အခုလို တရား၀င်ဂိုဏ်းသားဖြစ်ခွင့်ပေးလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိပေ။

ဆွေးနွေးခြင်းပြီးဆုံးသွားပြီးသည့်နောက်တွင် သူတို့ လူစုခွဲလိုက်ကြသည်။

ထိုဆွေးနွေးပွဲတွင် ဘယ်သူကမှ ကျန်းယန်ရောမကျင့်ကြံဘူးလားလို့ မမေးခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းယန်သည် အားလပ်ချိန်များတွင် အချိန်ဖြုန်းနေတတ်သူ မဟုတ်မှန်းသူတို့ကောင်းကောင်းကြီး သိနေကြသောကြောင့် ဖြစ်၏။

လူတိုင်းထွက်သွားပြီးသည့်နောက် ကျန်းယန် ချင်းယွင်ကျိကို ပြောလိုက်သည်။

“ဆရာ သူတို့ငါးယောက်ကို ဂိုဏ်းထဲမှာတော့ နေရာချထားပေးလို့ မရဘူးထင်တယ်”

ယခုအခါ သူတို့ဂိုဏ်းထဲတွင် တပည့်တွေအများကြီးရှိနေပြီဖြစ်သည်။ မိစ္ဆာများကလည်း သူတို့အရှိန်အဝါကို အပြည့်အ၀ ဖုံးကွယ်ထားနိုင်ကြသူများ မဟုတ်ကြပေ။ အကယ်၍များ သူတို့အရှိန်အဝါကြောင့်သာ တပည့်များ တစ်ခုခုဖြစ်သွားခဲ့လျှင် ပြဿနာကြီးများ ဖြစ်ကုန်ပေလိမ့်မည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဆရာတောင်ထိပ်ကြီးတစ်ခုကို အဇူရာတိမ်မြို့ အနောက်ဘက် လီ၃၀လောက်အကွာဆီ လွှင့်ပစ်ခဲ့တယ်မဟုတ်လား အနာဂတ်မှာ သူတို့ကိုအဲ့ဒီနေရာတစ်ဝိုက်မှာပဲ နေခိုင်းကြတာပေါ့ ပြီးရင် အဲ့ဒီနေရာကို စည်းပိတ်ပြီး တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပေးပါဆရာ ဘယ်သူမှ အဲ့ဒီနားကိုချဉ်းကပ်သွားလို့ မဖြစ်ဘူး” ကျန်းယန် ဆက်ပြောလိုက်သည်။

ချင်းယွင်ကျိ ကျန်းယန်ကိုလေးလေးနက်နက်ကြည့်ကာ သတိပေးလိုက်၏။

“မင်းလည်းဂရုစိုက်ရမယ် ဘယ်အချိန်မှာမှ သတိလက်လွတ်နေလို့ မဖြစ်ဘူး” ချင်းယွင်ကျိ သတိပေးလိုက်သည်။

“ဝိညာဉ်ဖိနှိပ်အလံ” ကျန်းယန် ပြုံးလိုက်၏။

“ကျွန်တော်အဲ့ဒီကောင်ကိုယဉ်ပါးလာအောင်လုပ်ဖို့ အခွင့်အရေးရှိမရှိ တစ်ချက်ကြည့်ရမယ်”

ချင်းယွင်ကျိ အကူအညီမဲ့စွာပြုံးလိုက်မိသည်။ ဒီကလေးကတော့….

အခုလိုအချိန်မျိုးမှာပင် ဒီကလေးသည် ဝိညာဉ်ဖိနှိပ်အလံကို ယဉ်ပါးအောင်လုပ်မည့်အကြောင်း တွေးနေနိုင်သေးသည်။

“သူတို့ကို အဲ့ဒီ‌ေတာင်ဆီခေါ်ခဲ့” ချင်းယွင်ကျိ လက်ယမ်းပြလိုက်၏။

“ငါအခုချက်ချင်းအဲ့ဒီနေရာကို တားမြစ်နယ်မြေအဖြစ် ပုံစံချလိုက်မယ်”

အဇူရာမဟာတိမ်၀င်္ကပါ၏စွမ်းအားကိုသုံးကာ ချင်းယွင်ကျိ အဇူရာတိမ်မြို့၏အနောက်ဘက် လီ ၃၀အကွာရှိနယ်မြေကို စည်းပိတ်လိုက်သည်။

ထို့နောက် သူကျန်းယန်ကို ထိုတားမြစ်နယ်မြေထဲ၀င်ခွင့်ပေးနိုင်မည့် တံဆိပ်ပြားတစ်ပြားပေးလိုက်၏။

တံဆိပ်ပြားကို ကိုင်ထားရင်း ကျန်းယန် မိစ္ဆာငါးကောင်ဆီသွားကာ ညွှန်ကြားလိုက်သည်။

“စီနီယာတို့ ကျွန်တော်နဲ့လိုက်ခဲ့ပါ ကျွန်တော်တို့ တစ်နေရာရာကို သွားရမယ်”

မိစ္ဆာငါးကောင် တိတ်ဆိတ်စွာပင် ကျန်းယန်နောက်မှလိုက်လာပြီး တောင်ဆီသို့ ပျံသန်းလာခဲ့ကြ၏။

တားမြစ်နယ်မြေသို့ ရောက်သောအခါ ကျန်းယန် တံဆိပ်ပြားကိုသုံးကာ စည်းကိုဖွင့်လိုက်ပြီး တားမြစ်နယ်မြေထဲ ၀င်လိုက်သည်။

“အခုကစပြီး စီနီယာတို့ငါးယောက်ဒီနယ်မြေထဲမှာ လွတ်လွတ်လပ်လပ်နေလို့ရပါပြီ” ကျန်းယန် ပြောလိုက်၏။

“စီနီယာတို့ အရှိန်အဝါတွေကိုလည်း အပင်ပန်းခံပြီး ဖိနှိပ်ထားစရာမလိုတော့ပါဘူး ဒါပေမယ့် ဒီစည်းပျက်ဆီးသွားအောင် တမင်သက်သက် အရှိန်အဝါတွေအားလုံးကို တပြိုင်တည်းထုတ်ပစ်လိုက်လို့တော့ မရဘူးနော် အဲ့လိုလုပ်ရင် အထင်လွဲစရာတွေ ဖြစ်လာလိမ့်မယ်”

မိစ္ဆာငါးကောင် ကျန်းယန်ကိုတစ်ချက်ကြည့်ကာ အရှိန်အဝါများကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။

ရုတ်ချည်းဆိုသလို ပတ်၀န်းကျင်တစ်ခုလုံးက ပြောင်းလဲသွားပြီး နေရာတိုင်းတွင်ကြောက်မက်ဖွယ်မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့၏။

ထိုအရှိန်အဝါများက ကောင်းကင်နှင့်မြေပြင်နိယာမများနှင့်အချင်းချင်းတိုက်ခိုက်နေပြီး နိယာမများပင် ကြမ်းကြမ်းတမ်းတမ်း တုန်ခါနေခဲ့သည်။

ဒါပေါ့ ထိုအဖြစ်အပျက်များအားလုံးသည် စည်းအတွင်းတွင်သာ ဖြစ်ပွားနေခြင်းဖြစ်ပြီး အပြင်ဘက်သို့ ပျံ့နှံ့မသွားစေရန် စည်းက တားဆီးပေးထား၏။

ဖြည်းဖြည်းချင်း ကောင်းကင်နှင့်မြေပြင်နိယာမများသည် ထိုအရှိန်အဝါနှင့် ဟန်ချက်ညီသွားခဲ့ပြီး နောက်ဆုံးတွင် တုန်ခါနေခြင်း ရပ်တန့်သွားခဲ့သည်။

ထိုတားမြစ်နယ်မြေသည် မိစ္ဆာများအတွက် နိဗ္ဗာန်ဘုံတစ်ခုဖြစ်လာခဲ့ပြီး ကျင့်ကြံသူများအတွက်တော့ သေခြင်းနယ်မြေတစ်ခု ဖြစ်လာခဲ့၏။

သို့သော် ကျန်းယန်ကတော့ ထိုသေခြင်းနယ်မြေတွင် လုံး၀‌မသက်မသာ ဖြစ်မနေခဲ့ပေ။

မိစ္ဆာများကိုကြည့်ပြီး ကျန်းယန် ပြောလိုက်သည်။

“စီနီယာတို့ရဲ့ ထူးခြားတဲ့သဘာ၀ကြောင့် လက်ရှိတော့ စီနီယာတို့ကို နေရာတိုင်းကိုလွတ်လွတ်လပ်လပ်သွားခွင့်မပေးနိုင်သေးဘူး ဒါပေမယ့် ပူးပေါင်းပြီးပြီဆိုမှတော့ ကျွန်တော်တို့ဘက်ကလည်း စစ်မှန်မှုကို ပြသရမယ်လေ

အနာဂတ်မှာ စီနီယာတို့တောင်းဆိုတဲ့ အကျိုးအကြောင်းသင့်တဲ့ ကိစ္စတိုင်းကို သဘောတူသွားမှာပါ

ဥပမာ စီနီယာတို့ အစားအစာ ဒါမှမဟုတ် အထောက်အပံ့ တစ်ခုခုလိုချင်ရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ

စကားမစပ် ကျွန်တော်စီနီယာတို့ငါးယောက်ကို ဘယ်လိုခေါ်သင့်လဲ”

သူတို့နာမည်အရင်းများကို သူသိသော်လည်း ထိုအရာများကို အသုံးပြုဖို့က မသင့်တော်ပေ။

“ငါ့နာမည်က ဂူဒူအာ” ဂူဒူအာ ပြောလိုက်သည်။

“အခြားသူတွေကတော့….မင်းသူတို့နာမည်အရင်းတွေ‌မခေါ်ရင်ရပြီ ကြိုက်သလိုသာခေါ် မင်းခေါ်တာကို သူတို့လက်ခံလိမ့်မယ် ဒါမှမဟုတ်ရင်လည်း ငါတို့အားလုံးရဲ့ မျိုးရိုးနာမည်တွေကို ရိုးရိုးရှင်းရှင်း ဂူ လို့ပဲ မှတ်ထားပြီး ကျန်တာက မင်းစိတ်ကြိုက်ခေါ်”

ကျန်းယန်ပြုံးကာ ပြောလိုက်သည်။

“အရမ်းကောင်းတယ် စီနီယာတို့တစ်ယောက်ချင်းစီတိုင်းရဲ့ စရိုက်လက္ခဏာတွေကိုလိုက်ပြီး ခေါ်မယ် စီနီယာတို့ကို ဂူမေ့ယင် ဂူယူ ဂူယန် ဂူချမ်း ပြီးတော့ ဂူဟွမ်လို့‌ေခါ်မယ် ဆိုရင်ရော”

မိစ္ဆာများ သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဂူဒူအာအေးအေးဆေးဆေးပြောလိုက်သည်။

“မင်းဆရာရဲ့ နတ်ဆရာရဲ့နတ်အာရုံက တစ်ချိန်လုံးငါတို့ပေါ်မှာပဲ ရှိနေတာ…မင်းတို့ ငါတို့ကိုသတိထားနေတာကို ငါနားလည်ပါတယ် အချိန်ကပဲ ငါတို့စစ်မှန်မှုကို သက်သေပြသွားမှာပါ”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။

“ကျွန်တော့်ဆရာက စီနီယာတို့ရဲ့ မိစ္ဆာဝိညာဉ်စွမ်းအားနဲ့ ကျွန်တော့်ကိုပူးကပ်လိုက်မှာကို စိတ်ပူတာပါ သူက ကျွန်တော့်လုံခြုံရေးကိုစိတ်ပူနေတာ

အခု စီနီယာတို့ဘာလိုလဲဆိုတာ ကျွန်တော့်ကိုပြောပြလို့ရပြီ”

မိစ္ဆာများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ဘာလိုပါသနည်း။

အစားအစာလား!

သူတို့သည် အစားအစာကိုစိတ်ကျေနပ်ဖို့သာ အနည်းငယ်စားကြခြင်းဖြစ်ပြီး တကယ်တော့ ဘာမှစားဖို့ မလိုအပ်ပေ။

ကျင့်ကြံခြင်း အရင်းအမြစ်လား!

အဇူရာတိမ်ဂိုဏ်းတွင် မိစ္ဆာကျင့်ကြံခြင်းအတွက်သင့်တော်သော အရင်းအမြစ်မျိုး ရှိနေနိုင်မည် မဟုတ်ပေ။

“မင်းငါတို့ကို မြေပုံတွေပေးမယ်ဆိုရင်တော့ ငါတို့အတော်လေး ကျေးဇူးတင်မိမှာပဲ” ဂူဒူအာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အထူးသဖြင့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ရဲ့ မြေပြင် ငါတို့အဲ့တာကို နားလည်ဖို့လိုတယ်”

ထိုတောင်းဆိုချက်က ကျန်းယန်မျှော်လင့်ထားသည့် အတိုင်းအတာထဲတွင်သာ ရှိနေသေး၏။

သူတခဏတွေးတောပြီးနောက် ပြန်ပြောလိုက်သည်။

“မြေပုံတွေ စီနီယာတို့ကိုပေးနိုင်ပါတယ်”

နောက်ဆုံးတွင် မိစ္ဆာငါးကောင်သည် လွတ်လွတ်လပ်လပ် လျှောက်မသွားနိုင်သောကြောင့် သူတို့ကို မြေပုံပေးလိုက်တာက ပြဿနာတော့ သိပ်ရှိသွားမည် မဟုတ်ပေ။

အနက်ရောင်မိစ္ဆာ ဂူယန် ရှေ့တက်လာကာ ပြောလိုက်၏။

“ငါလည်း ငါ့နှစ်တစ်ထောင်ကြာအောင်ဖိနှိပ်ထားရတဲ့ ဒေါသတွေကိုဖြေဖို့ တိုက်ပွဲတစ်ပွဲလိုတယ် မင်းဆရာ ငါနဲ့တိုက်ခိုက်နိုင်ရင် အကောင်းဆုံးပဲ”

All Chapters