အခန်း (၂၅၀)
Vol. 24 Ch. 250
အပိုင်း(၂၅၀)
မိစ္ဆာများ၏ခွန်အား
ကျိုးရွှမ်ရှန်း အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကိုတကယ်ကြီး လွှတ်ပေးလိုက်ခြင်းအပေါ် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ဤအဖြစ်အပျက်ေကြာင့် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သော သူ့ရင်ထဲတွင်ပင် အကြောက်တရားများ ဖြစ်ပေါ်လာခဲ့ရ၏။
သူ့ကျင့်ကြံခြင်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သော်လည်း ထိုစဉ်က အမတနယ်မြေကိုတက်လှမ်းဖို့ အသင့်ဖြစ်နေပြီဖြစ်သော အဇူရာတိမ်ဂိုဏ်း၏ဘိုးဘေးများပင် ဤမိစ္ဆာများနှင့်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည် မဟုတ်ပါလော။
ထို့ကြောင့်လည်းအဇူရာတိမ်ဂိုဏ်းက မိစ္ဆာများကိုမလွှတ်လောက်ပါဘူးဟု သူယူဆထားခဲ့ခြင်း ဖြစ်သည်။
အဇူရာတိမ်ဂိုဏ်းနှင့်မိစ္ဆာများကြားထဲတွင် ကြီးမားသော အမုန်းတရားရှိနေပြီး လွှတ်လိုက်လျှင်လည်း မိစ္ဆာများအရင်ဆုံး ဖျက်ဆီးပစ်မှာက အဇူရာတိမ်ဂိုဏ်းသာဖြစ်၏။
သို့သော်လည်း အခုတော့ မိစ္ဆာတစ်ကောင်ကသူ့ရှေ့တွင် ရပ်နေခဲ့ချေပြီ။
“အဇူရာတိမ်ဂိုဏ်း…ခွေးကောင်တွေ” ကျိုးရွှမ်ရှန်း ဒေါသတကြီးဟိန်းဟောက်လိုက်လေသည်။
သူကျယ်လောင်စွာ ကျိန်ဆဲလိုက်သော်လည်း သူ့လက်များက နည်းနည်းမှ နှေးမနေနဲ့ပေ။
သူလက်တစ်ချက်ဝေ့ယမ်းလိုက်သောအခါ လီ ၁၀၀၀ပတ်လည်နယ်မြေကြီးက ဆေးမီးဖိုကြီးအဖြစ်ပြောင်းလဲသွားပြီး ဂူယန်ကိုအထဲတွင် သန့်စင်ပစ်ဖို့ ကြိုးစားလိုက်၏။
“ယားးး”
ဂူယန် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ့လက်မောင်းတုတ်တုတ်ကြီးကို ဝေ့ယမ်းကာ ကျိုးရွှမ်ရှန်းဆီလက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
သူ့လက်သီးဖြတ်သန်းသွားသော နေရာရာတိုင်းရှိ ကောင်းကင်နှင့်မြေပြင်နိယာမများ ကွဲကြေကုန်ကြ၏။ ထိုလက်သီးရှေ့ရှိအရာတိုင်းလည်း တုန်ခါကာ ပျက်ဆီးကုန်ကြသည်။
ကျိုးရွှမ်ရှန်း၏အမူအရာ ပြောင်းလဲသွားခဲ့၏။ သူထိုလက်သီးကို ထိပ်တိုက်ရင်မဆိုင်ရဲခဲ့ပေ။
လက်ကိုဖြတ်ကနဲဝေ့ယမ်းလိုက်လေရာ သူ့ရှေ့တွင် သူ့ကိုယ်ပိုင်စိတ်၀ိညာဥ်ရတနာဖြစ်ေသာ တောင်ဝှေးတစ်ချောင်းပေါ်လာခဲ့သည်။
သူတောင်ဝှေးကိုေမြှာက်ကာ ကောင်းကင်နှင့်မြေပြင်နိယာမများကို မွှေပစ်လိုက်၏။ ထိုအခါ လီ ၁ထောင်ပတ်ပတ်လည်တွင် ကောင်းကင်နှင့်မြေပြင်နိယာမများ ကင်းစင်သွားပြီး ထိုအစား ကျန်းဒါဇင်နှင့်ချီပြီး ကြီးမားသော မဟာတာအိုဓားကြီးတစ်စင်း ပေါ်ပေါက်လာခဲ့သည်။
“ဖြတ်တောက်”
မဟာတာအိုဓားကြီးက လက်သီးချက်ကို အပေါ်စီးမှ ခုတ်ပိုင်းချလိုက်၏။
မဟာတာအိုဓားကြီး ကျဆင်းလာသည်ကိုမြင်သောအခါ ဂူယန် မျက်လုံးထဲ နောက်ဆုတ်မည့်အရိပ်အယောင်တစ်ချက်ကလေးမှ ပေါ်မလာခဲ့ပေ။ ထိုအစား စိတ်လှုပ်ရှားမှုများဖြင့်သာ ပြည်နှက်လာခဲ့သည်။
သူနောက်ထပ်လက်သီးတစ်လုံးကိုပါ ထုတ်လိုက်ပြီး လက်သီးနှစ်လုံးဖြင့် မဟာတာအိုဓားကြီးကို ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်၏။
လက်သီးချက်များ မဟာတာအိုဓားကြီးနှင့်ထိသွားသည်နှင့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အားလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
ပေါက်ကွဲမှုပြီးဆုံးသွားသောအခါ လီထောင်ချီပတ်ပတ်လည်ရှိ တောင်များအားလုံးပျောက်ကွယ်သွားပြီး မြေပြင်က ကွင်းပြင်ကြီးနှယ် ဖြစ်သွားခဲ့ကာ မြေမျက်နှာပြင်ပေါ်တွင်လည်း ဧရာမ အက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာခဲ့၏။
ထိုလီထောင်ချီပတ်ပတ်လည်ရှိ သက်ရှိများလည်း ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ထိုက်တန်တဲ့ပြိုင်ဘက်ပဲ”
ဂူယန် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က ကြုံ့သွားခဲ့ပြီး မူလက ကျန်းဒါဇင်နှင့်ချီပြီး မြင့်မားနေရာမှ ၁၀ကျန်း ကျော်သာ မြင့်မားတော့သည်။
သို့သော် သူ့ကိုယ်ပေါ်ကထွက်ပေါ်နေသော အရှိန်အဝါများကတော့ လျော့ကျ မသွားခဲ့ပေ။
သူ့ပတ်ပတ်လည်ရှိ အနက်ရောင်လှိုင်းများက ပိုပြီးပင် မည်းမှောင်လာခဲ့သေး၏။
ဝုန်းး!
ကြုံ့သွားသော ဂူယန်၏ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ပြေးတက်သွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်တစ်ခွင်တွင် မိုးကြိုးများပင် ထွက်ပေါ်လာခဲ့သည်။
သူဘာနည်းစနစ်ကိုမှ သုံးနေခြင်းမဟုတ်ပေ။ သူ့ခန္ဓာကိုယ်၏ မာကျောမှုသက်သက်ကိုသာ သုံးပြီး ရှေ့တက်လာခဲ့ခြင်း ဖြစ်၏။
သူ့တိုက်ခိုက်မှုပုံစံက အတော်လေးရိုးရှင်းကာ အတော်လေးလည်း အခြေခံကျလှသည်။
သို့သော် ထိုရိုးရှင်းမှုကပင် တန်ပြန်တိုက်ခိုက်ဖို့ ခက်နေစေခြင်း ဖြစ်၏။
ပြေးတက်လာသော ဂူယန်ကိုေတွ့လိုက်သောအခါ ကျန်းရွှမ်ရှန်း သူ့တောင်ဝှေးကို ဝေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ သူနှင့်ဂူယန်ကြား တာအိုစီးကြောင်းများပေါ်ပေါက်လာခဲ့ပြီး ထိုအရာများက ဂူယန်ကို အားနည်းသွားစေရန် ကြိုးစားနေခဲ့ကြ၏။
သို့သော်လည်း ထိုအရာများက ဂူယန်ရှေ့တွင် စက္ကူများလိုဖြစ်နေပြီး သူချက်ချင်းဆိုသလို စုတ်ဖြဲပစ်လိုက်လေသည်။
ကျိုးရွှမ်ရှန်း ရွေးချယ်စရာမရှိတော့ဘဲ နောက်သို့သာ ဆုတ်လိုက်ရပြီး သူနှင့်ဂူယန်ကြားအကွာအဝေးကို ထိန်းထားလိုက်ကာ ဆက်လက်တိုက်ခိုက်နေခဲ့၏။
ဤသို့ဖြင့် တိုက်ပွဲနယ်မြေက ပိုပိုပြီး ကျယ်လာခဲ့သည်။
ကမ္ဘာကြီးက သူတို့တိုက်ခိုက်မှုကြောင့် ကွဲကြေကုန်၏။ ထိုနယ်မြေအတွင်းရှ်ိ သက်ရှိများအားလုံး ပျောက်ကွယ်သွားခဲ့ရသော်လည်း ဘယ်သူမှ သူတို့တိုက်ပွဲကို ၀င်မတားရဲခဲ့ကြပေ။
တကယ်တော့ အဇူရာမဟာတိမ်၀င်္ကပါ၏အကာအကွယ်သာ ရှိမနေလျှင် ထိုတိုက်ပွဲကြောင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီး၏ တစ်စိတ်တစ်ပိုင်းက လုံး၀ပင် ပျောက်ကွယ်သွားနိုင်ပေသည်။
သို့သော် ၀င်္ကပါစွမ်းအားက မိစ္ဆာများကိုဖိနှိပ်ရာတွင် အာရုံစိုက်ထားရသောကြောင့် ကုန်းမြေတိုက်ကြီးကို အပြည့်အ၀လည်း ကာကွယ်မပေးနိုင်ခဲ့ပေ။
ထိုတိုက်ပွဲသာ ဆက်ဖြစ်နေမည်ဆိုလျှင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးက ဤကပ်ဘေးအတွင်း ဆုံးရှူံးမှုများစွာနှင့် ရင်ဆိုင်ရပေတော့မည်။
……
ဂူယန်နှင့်ကျိုးရွှမ်ရှန်းတို့အပြင်းအထန်တိုက်ခိုက်နေကြချိန်တွင် အခြားမိစ္ဆာလေးကောင်ကလည်း သူတို့ပြိုင်ဘက်များကို အသီးသီးရှာတွေ့သွားခဲ့ကြ၏။
ဂူဒူအာက သူ့အရပ်စစ်သည်ထောင်ချီသောစစ်တပ်ကိုဦးဆောင်ကာ အရှေ့မြောက်အရပ်မှ ကုန်းမြေတိုက်ကြီးထဲ ကျူးကျော်လာသည့် လန်ကျားအထွတ်အမြတ်မြေမှ တာအိုပေါင်းစည်းခြင်းအဆင့် ၃ ယောက်ကို တိုက်ခိုက်နေခဲ့သည်။
ထိုသုံးယောက်သည် ဤနေရာတွင် အသေခံတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြသူများ ဖြစ်၏။
ထို့ကြောင့် သူတို့ပြိုင်ဘက်ကိုမြင်သည်နှင့် အားကုန်သုံးကာ တိုက်ခိုက်ကြလေတော့သည်။
တာအိုပိုင်နက်သုံးခုက လျင်မြန်စွာ ပြန့်ကားလာပြီး ဂူဒူအာကို အထဲတွင် ပိတ်ထားလိုက်၏။
သို့သော် ဂူဒူအာ၏အရိပ်စစ်သည်များက တာအိုပိုင်နက်သုံးခုလုံးဆီ ချီတက်သွားခဲ့ကြပြီး အင်အားကြီးစစ်တပ်တစ်ခုက သူတို့ချီတက်ရာလမ်းကြောင်းရှိ မြို့ရွာမှန်သမျှကို နင်းခြေသွားသလိုပင် တာအိုပိုင်နက်သုံးခုထဲရှိ ကမ္ဘာများကို ဖျက်ဆီးနေခဲ့သည်။
သူတို့ပိုင်နက်များထဲ အရိပ်စစ်သည်များ၏ဖျက်ဆီးမှုနှင့် ကြုံလိုက်ရသောအခါ တာအိုပေါင်းစည်းခြင်းအဆင့်များ သူတို့အင်ပါယာများ ကျူးကျော်ခံလိုက်ရသလို ခံစားလိုက်ကြရ၏။
သူတို့ အကာအကွယ်များက တစ်လွှာပြီးတစ်လွှာပျက်ဆီးသွားခဲ့ရသည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်း သူတို့တာအိုပိုင်နက်များက ဂူဒူအာ့စစ်တပ်၏ လံုး၀ ဖျက်ဆီးခြင်းကိုခံလိုက်ရပြီး သူတို့မဟာတာအိုများလည်း ကွဲကြေသွားခဲ့ရ၏။
ထိုတာအိုပေါင်းစည်းခြင်းအဆင့်သုံးယောက်သည် သေခါနီးများဖြစ်သောကြောင့် ထိုအဖြစ်အပျက်နှင့်ကြုံသောအခါ ထိုနေရာတွင်ပင် ချက်ချင်းသေဆုံးသွားခဲ့ကြရသည်။
ဂူဒူအာလက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ အလောင်းသုံးလောင်းက သူတို့စိတ်ဝိညာဉ်ရတနာများနှင့်အတူ သူ့လက်ထဲ ရောက်ရှိလာခဲ့၏။
သူကျင့်ကြံသူတစ်ယောက်၏ သိုလှောင်လက်စွပ်ကိုယူကာ သန့်စင်လိုက်ပြီး တစ်ချက်ကြည့်လိုက်လေရာ အထဲတွင် ရတနာအနည်းငယ်သာ ရှိသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ထိုတာအိုပေါင်းစည်းခြင်းအဆင့်များဖြစ်ကြသောကြောင့် ပိုင်ဆိုင်မှုများများစားစား မရှိကြပေ။
ဂူဒူအာ အလောင်းသုံးလောင်းနှင့်စိတ်ဝိညာဉ်ရတနာများကို သူ့ကိုယ်ပိုင်လေဟာနယ်ထဲတွင် သိမ်းဆည်းထားလိုက်၏။ ထို့နောက် သူ့မိစ္ဆာဝိညာဉ်စွမ်းအားဖြင့် အာရုံခံပြီး တောင်အရပ်သို့ ဦးတည်သွားခဲ့လေသည်။
……
အဇူရာတိမ်ဂိုဏ်းမြောက်ပိုင်းတွင် ဂူမေ့ယင်လည်း တာအိုပေါင်းစည်းခြင်းအဆင့် သုံးယောက်နှင့်ရင်ဆိုင်နေခဲ့၏။
ဂူဒူအာသည် အခြားသူများလို မိစ္ဆာတစ်ကောင်နှင့် တူမနေခဲ့ပေ။ ထိုအစား သူမက ပုံသဏ္ဍာန်အတိအကျမရှိဘဲ သူမလိုချင်သောပုံသဏ္ဍာန်ကို ပုံဖော်၍ရသော တည်ရှိမှုတစ်ခုနှင့် ပိုတူနေခဲ့သည်။
လီရာချီပြန့်ကားနေသော မိစ္ဆာတိမ်တိုက်ကြီးက ကောင်းကင်တွင် ပျံသန်းလာခဲ့သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ထိုအရာကြီးက အလွန် ကြောက်စရာ ကောင်းလွန်းလှ၏။
အသက်ကြီးကြီး တာအိုပေါင်းစည်းခြင်းအဆင့်ကြီးသုံးယောက် ထိုအရာကြီးကိုမြင်ရုံနှင့် တုန်လှုပ်သွားခဲ့ကြသည်။
“မိစ္ဆာတစ်ကောင်!”
“ဟီးဟီး…မှန်တယ် ငါကနင်တို့မိစ္ဆာလို့ပြောတဲ့အရာပဲ” ဂူမေ့ယင်၏ရယ်သံကြီးက တိမ်တိုက်ထဲမှ ထွက်ပေါ်လာခဲ့၏။
ထို့နောက်တိမ်တိုက်ကြီးက ကြမ်းတမ်းစွာ လည်ပတ်လာပြီး အထဲမှ ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
တာအိုပေါင်းစည်းခြင်းအဆင့်သုံးယောက်သည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် အားကုန်သုံးကာ ခုခံလေတော့၏။
သို့သော် သူတို့ဘယ်လောက်ခုခံခုခံ ထိုစွမ်းအားကြီးက ရပ်တန့်သွားတော့မည့်ပုံ ပေါ်မနေခဲ့ပေ။
တာအိုပေါင်းစည်းခြင်းအဆင့်သုံးယောက်သည် မုန်တိုင်းကြားက လှေငယ်များနှယ် ကူကယ်ရာမဲ့ေနပြီး နောက်ဆုံးတွင် လှိုင်းလုံးကြီးတစ်ခုရောက်ရှိလာသည်နှင့် သူတို့ပျက်ဆီးသွားရတော့မည်မှန်း သိသိကြီးနှင့် ခုခံနေခဲ့ကြရသည်။
ထို့နောက် မိစ္ဆာတိမ်တိုက်ထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့ပြီး သေလုမတတ်ကြောက်ရွံနေသော ကျင့်ကြံသူများကိုကြည့်ကာ ရေရွတ်လိုက်၏။
“ငါ့ပုံရိပ်ယောင်မိစ္ဆာစွမ်းအားက အားမနည်းပါဘူး…ဒါဆို ဘာလို့ သခင်လေးကိုမခြောက်လှန့်နိုင်ခဲ့တာလဲ ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်ခန္ဓာပိုင်ရှင်ဆိုတဲ့အတိုင်းပဲ ငါ့ပုံရိပ်ယောင်မိစ္ဆာစွမ်းအားကိုတောင် ခုခံနိုင်တာပဲ”
ဂူမေ့ယင် အလောင်းသုံးလောင်းကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ကြီးမားလွန်းသော မိစ္ဆာတိမ်တိုက်ကြီးက အရှေ့မြောက်အရပ်ဆီ ဦးတည်သွားခဲ့လေသည်။