အခန်း (၂၅၁)
Vol. 24 Ch. 251
အပိုင်း(၂၅၁)
အတူတကွသုတ်သင်ရှင်းလင်းခြင်း
အဇူရာတိမ်ကုန်းမြေတိုက်ကြီး၏ အနောက်တောင်ဘက်တွင် ဂူဟွမ်ဖြတ်သန်းသွားသောနေရာတိုင်းတွင် ပျက်ဆီးခြငးစွမ်းအားက ပျံ့နှံ့သွားခဲ့၏။
သူ့စွမ်းအားနှင့်ထိတွေ့မိသော ကောင်းကင်နှင့်မြေပြင်အောက်က အရာတိုင်း ပျက်ဆီးသွားခဲ့ရသည်။
ထိုအရာများသည် ဆောင်းဦးရာသီရောက်ရှိသွားသော သစ်ပင်များလို လျင်မြန်စွာခြောက်ကပ်ကုန်ပြီး အရွက်များလည်း တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်ကြ၏။
ပိုအားနည်းသောသက်ရှိများဆိုလျှင် ချက်ချင်းပင် သေဆုံးသွားခဲ့ရသည်။
ပိုအားကောင်းသာ သက်ရှိများကလည်း အသက်များစွာကြီးသွားသလိုခံစားလိုက်ရပြီး သူတို့သက်တမ်းကို သူတို့ဆီမှ အတင်းအကြပ်ဆွဲယူခြင်း ခံလိုက်ကြရ၏။
မကြာခင်တွင် ဂူဟွမ်တာအိုပေါင်းစည်းခြင်းအဆင့် သုံးယောက်နှင့်တွေ့ဆုံခဲ့သည်။
ထိုသူများကို မြင်သည်နှင့် သူကိုယ်မှပျက်ဆီးခြင်းစွမ်းအားများထွက်ပေါ်လာကာ ထိုသူများဆီ ဦးတည်သွားခဲ့၏။
ထိုသူများသည် နဂိုကတည်းကမှ သေခါနီးလူများ ဖြစ်ကြပေသည်။ ယခုလို ပျက်ဆီးခြင်းစွမ်းအားနှင့်ရင်ဆိုင်လိုက်ရသောအခါတွင်တော့ လေပြင်းတစ်ချက်နှင့်ကြုံတွေ့လိုက်ရသော ငြိမ်းခါနီးမီးတောက်များနှယ် ချက်ချင်းဆိုသလို မီးစာကုန် ဆီခမ်းသွားပြီး မီးငြိမ်းသွားခဲ့ရလေသည်။
ဂူဟွမ် သစ်ပင်ကြီးများလိုခြောက်သွေ့နေသော သူတို့အလောင်းသုံးလောင်းကိုယူကာ အနောက်ပိုင်းဆီ ဆက်လက်ဦးတည်သွားခဲ့၏။
ထိုနေရာတွင် သူရှင်းလင်းပစ်ရမည့် တာအိုပေါင်းစည်းခြင်းအဆင့်များ ကျန်ရှိနေသေးသည်။
သူ့တာ၀န်က ထိုသူများအားလုံးကို ရှင်းပစ်ဖို့ပင်။
အဇူရာတိမ်ဂိုဏ်း တောင်ပိုင်းနယ်မြေတွင် ချင်းယွင်ကျိ သူ့ရှေ့က တာအိုပေါင်းစည်းခြင်းအဆင့်သုံးယောက်ကိုကြည့်ကာ အေးစက်စက် လှောင်ရယ်လိုက်၏။
“အရူးအိုကြီးသုံးကောင် သေဖို့ကို ဘာတွေလောနေတာလဲ”
တာအိုပေါင်းစည်းခြင်းအဆင့်သုံးယောက် ချင်းယွင်ကျိကိုမြင်သောအခါ တခဏတော့ ကြောင်အသွားခဲ့သည်။
ကျိုးရွှမ်ရှန်းသည် ချင်းယွင်ကျိကို ဖိနှိပ်နေခြင်းမဟုတ်ပါလော။ အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာရပါသနည်း။
သို့သော် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နှင့် ရင်ဆိုင်နေရချိန်တွင်ပင် သူတို့ နောက်ဆုတ်မသွားခဲ့ကြပေ။
ဤနေရာကို ၀င်လာကတည်းက သူတို့သည် သေလူများသာဖြစ်မှန်း သူတို့သိထားခဲ့ကြပြီး ဖြစ်လေရာ ဘာကြောက်နေစရာ လိုပါတော့မည်နည်း။
“ရိုင်းလိုက်လေ” သူတို့ထဲကတစ်ယောက်အော်ပြောလိုက်၏။
“မင်းလိုဂျူနီယာလေးမပြောနဲ့ မင်းဆရာတောင် တစ်ခါတုန်းက ငါတို့ဂျူနီယာဖြစ်ခဲ့ဖူးတယ်ကွ”
ချင်းယွင်ကျိ အားရပါးရ ရယ်မောလိုက်၏။
“ခွေးအိုကြီးတွေ ကျုပ်တပည့်ပြောသလိုပဲ ရွံစရာကောင်းလိုက်တာ ခင်ဗျားတို့က ခွန်အားနဲ့အနိုင်ကျင့်လို့ရရင် ကျင့်တယ် မရရင်တော့ ဝါစဉ်နဲ့ကိုင်ပေါက်တယ်
ကျုပ်ဆရာက မိစ္ဆာတွေကိုတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတာ
ခင်ဗျားတို့လိုခွေးအိုကြီးတွေကတော့ မသေရဲလို့ ဒီအသက်လေးကိုဖက်တွယ်နေခဲ့ကြတာ ကိုယ့်ကိုကိုယ် ဘယ်လိုလုပ် ကျုပ်ဆရာနဲ့ နှိုင်းရဲရတာလဲ
ခွေးအိုကြီးတွေ ခင်ဗျားတို့ကိုကြည့်နေရင်း အန်ချင်မလာခင် အမြန်ဆုံးသေမင်းဆီပို့ပေးလိုက်တာ ကောင်းမယ်ထင်ပါတယ်”
သူပြောပြီးသည်နှင့် တာအိုပိုင်နက်ကိုဖွင့်ကာ အထဲမှ မိစ္ဆာသုံးကောင်ထုတ်လိုက်လေသည်။
သူဤတိုက်ပွဲကို အမြန်အဆုံးသတ်ဖို့ လိုပေသည်။ အဇူရာတိမ်ကုန်းမြေတိုက်ကြီးတွင် ရှင်းစရာ ရန်သူများက ကျန်ရှိနေသေး၏။
ထို့အပြင်ဤတာအိုပေါင်းစည်းခြင်းအဆင့်များက တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်များဖြစ်သလို သေဖို့ဆုံးဖြတ်ထားသူများ ဖြစ်နေသောကြောင့် သူတို့ကိုသတ်ဖြတ်ဖို့က တန်ချိုးရွှေကိုသတ်ဖြတ်ရသလောက် လွယ်နေမည် မဟုတ်ပေ။
မိစ္ဆာများကိုမြင်သောအခါ တာအိုပေါင်းစည်းခြင်းအဆင့်များတုန်လှုပ်သွားခဲ့ကြလေသည်။
“မင်းတို့အဇူရာတိမ်ဂိုဏ်းက တကယ်ကြီး မိစ္ဆာတွေကိုလွှတ်ပေးလိုက်တာလား” သူတို့ထဲမှ တစ်ယောက် သတိပေးဟန်ဖြင့် ပြောလိုက်၏။
“ချင်းယွင်ကျိ မင်းအကျိုးဆက်တွေကို စဉ်းစားပြီးပြီလား”
နောက်တစ်ယောက်ခပ်တင်းတင်းပြောလိုက်ပြန်သည်။
“ချင်းယွင်ကျိ မင်းက အဇူရာတိမ်ဂိုဏ်းဘိုးဘေးတွေရဲ့မျက်နှာကို အိုးမည်းသုတ်နေတာပဲ သူတို့ကမိစ္ဆာတွေကို ဖိနှိပ်ရင်း ကျဆုံးခဲ့ရပေမယ့် မင်းကတော့ သူတို့ကိုလွှတ်ပေးရဲတယ် မင်းသူတို့နဲ့ ဘယ်လိုမျက်နှာချင်းဆိုင်မှာလဲ”
သူတို့တုန့်ပြန်မှုများနှင့် ရင်ဆိုင်ရသောအခါ ချင်းယွင်ကျိ မိစ္ဆာဆယ်ကောင်လုံးကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်၏။
အတိတ်တုန်းကဆိုလျှင်တော့ အခုလို ကိုယ်ကျင့်တရားဖြင့်ကိုင်ပေါက်ခြင်းက အလုပ်ဖြစ်နိုင်သော်လည်း အခုတော့ မရတော့ပေ။
မိစ္ဆာဆယ်ကောင်ထွက်ပေါ်လာသောအခါ တာအိုပေါင်းစည်းခြင်းအဆင့်များ ဆွံ့အသွားခဲ့ကြသည်။
မိစ္ဆာတစ်ကောင်ကတောင် ကြောက်စရာကောင်းနေပြီဖြစ်လေရာ အခုတော့ ဆယ်ကောင်တဲ့လား!
မိစ္ဆာအတုဆယ်ကောင်လုံးသည် မိစ္ဆာပညာရပ်များကို ကျင့်ကြံထားကြသူများ ဖြစ်၏။ ထို့ကြောင့် တာအိုပေါင်းစည်းခြင်းအဆင့်များအနေနှင့် ထိုမိစ္ဆာများကို အတုလားအစစ်လား မခွဲနိုင်ခဲ့ပေ။
မိစ္ဆာများ၏တိုက်ခိုက်မှုအောက်တွင် တာအိုပေါင်းစည်းခြင်းအဆင့်များ အသက်၂ရှိုက်စာအတွင်း သုတ်သင်ခံလိုက်ကြရသည်။
ချင်းယွင်ကျိ သူတို့သိုလှောင်လက်စွပ်များနှင့်စိတ်ဝိညာဉ်ရတနာများကိုယူပြီးနောက် ထိုအလောင်းများကို ပြာချပစ်လိုက်၏။
ထို့နောက် သူနတ်အာရုံတစ်ချက်ဖြန့်ကာ တာအိုပေါင်းစည်းခြင်းအဆင့် နောက်တစ်သုတ်ဆီ ဦးတည်သွားခဲ့ပြန်သည်။
သူ့ရည်ရွယ်ချက်က ရှင်းပေသည်။ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ကျူးကျော်လာသူမှန်သမျှကို တတ်နိုင်သလောက်မြန်မြန် ရှင်းပစ်ရန်သာ ဖြစ်၏။
ရုတ်တရက် ချင်းယွင်ကျိ အမူအရာ ပြောင်းလဲသွားခဲ့သည်။
နတ်အာရုံတစ်ခု အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၀င်လာတာကို သူအာရုံခံလိုက်မိခြင်းဖြစ်၏။ ချက်ချင်း သူတာအိုပိုင်နက်ကိုဖွင့်ကာ မိစ္ဆာဆယ်ကောင်လုံးကို ခေါ်ထုတ်လိုက်လေသည်။
ထိုအခါ အပြင်မှကြည့်လျှင် သူသည် မိစ္ဆာဆယ်ကောင်နှင့်အတူတူချီတက်လာနေသလို ဖြစ်သွားခဲ့၏။
မိစ္ဆာပညာရပ်များကို မကျင့်ကြံခင်ကပင် ချင်းယွင်ကျိ၏ မိစ္ဆာအတုများသည် အစစ်နှင့်အလွန်တူနေခဲ့ခြင်း ဖြစ်သည်။
အခုလို မိစ္ဆာပညာရပ်များပါ လေ့ကျင့်ပြီးသွားချိန်တွင်တော့ ကိုယ်တိုင်တိုက်ခိုက်မကြည့်ဘဲ ဘယ်သူကမှ အမြင်လောက်နှင့် သူ့မိစ္ဆာများကို အတုအစစ်ခွဲနိုင်တော့မည် မဟုတ်ပေ။
ထို့နောက် ချက်ချင်းဆိုသလို ကျူးကျော်လာသော နတ်အာရုံများ ပြန်ဆုတ်သွားခဲ့ကြ၏။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ထိပ်တန်းကျင့်ကြံသူများ ကြက်သေသေကုန်ကြလေသည်။
သူတို့လွှတ်လိုက်သောတာအိုပေါင်းစည်းခြင်းအဆင့်များသည် မိစ္ဆာများ၏ တစ်သုတ်ပြီးတစ်သုတ်သတ်ဖြင်းကို ခံနေရမှန်း သူတို့ တွေ့မြင်သွားခဲ့ရသည်။
အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး မိစ္ဆာများကို လွှတ်ပေးလိုက်ချေပြီ။
ထိုအချက်ကိုသိရှိသွားသည်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ပညာရှင်များ၏ နှလုံးသားထဲတွင် အကြောက်တရားများ ထိုးတက်လာခဲ့၏။
ပြီးဆုံးသွားလေပြီ။
အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး ရူးသွပ်သွားခဲ့ချေပြီ။
သူတို့နှလုံးသားထဲ ခါးသက်သက်ခံစားလိုက်ကြရသည်။ သို့သော်လည်း သူတို့သည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်ဖို့ ပြင်ဆင်လိုက်ကြရ၏။
သူတို့သည် ဤနေရာသို့ မိစ္ဆာများကိုဖိနှိပ်ဖို့ရောက်လာခြင်းဖြစ်ပြီး အခု မိစ္ဆာများ ထွက်ပေါ်လာပြီဖြစ်လေရာ သူတို့လှုပ်ရှားဖို့အချိန် ကျရောက်လာခဲ့ချေပြီ။
“ဂိုဏ်းကိုပြန်ပြီး မဟာ၀င်္ကပါကိုအသက်သွင်းထားဖို့ အကြောင်းကြားလိုက်ကြ ဂိုဏ်းတစ်ခုလုံး စစ်ပွဲအတွက်ပြင်ဆင်ထားကြ တံခါးပိတ်ကျင့်ကြံခြင်း၀င်နေတဲ့သူတွေအားလုံးလည်း ထွက်ကိုထွက်လာရမယ် သက်တမ်းကုန်ခါနီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဘိုးဘေးကြီးတွေကိုလည်း နှိုးဖို့ပြင်တော့ ဂိုဏ်းက သေခြင်းရှင်းခြင်းအခြေအနေနဲ့ ရင်ဆိုင်နေရပြီ”
မြင့်မြတ်သခင် ပူဆွေးနေသောအမူအရာဖြင့် သူ့ဘေးက တာအိုပေါင်းစည်းခြင်းအဆင့်တွေကို ညွှန်ကြားနေခဲ့သည်။
“မြင့်မြတ်သခင် ဘာဖြစ်သွားတာလဲ” သူ့ဘေးကတာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် မေးလိုက်၏။
“မိစ္ဆာတွေထွက်လာပြီ” မြင့်မြတ်သခင် ပြန်ဖြေလိုက်သည်။
လန်ကျားအထွတ်အမြတ်မြေမှတာအိုပေါင်းစည်းခြင်းအဆင့်၏မျက်နှာ ဖြူဖျော့သွားကာ သူ့တစ်ကိုယ်လုံးလည်း တုန်ရီလာခဲ့၏။
“အဇူရာတိမ်ဂိုဏ်းက ဘယ်လိုဖြစ်လို့ ဒီလောက်ရဲတင်းရတာလဲ သူတို့က တကယ်ကြီး ကောင်းကင်နဲ့မြေပြင်အောက်က သက်ရှိတွေအားလုံးကို ဂရုမစိုက်တော့ဘူးလား”
မြင့်မြတ်သခင် ခါးသက်သက်ပြုံးလိုက်မိသည်။ အခုလို အချိန်မျိုးတွင် ဒီလိုမေးခွန်းမျိုးဖြင့် စကားနိုင်လုနေတာက ဘာမှအရေးပါမနေတော့ပေ။
သူအဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်ဖို့ပြင်လိုက်ချိန်တွင် ချင်းယွင်ကျိ၏နတ်အာရုံက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့၏။
“အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ခြေတစ်လှမ်းချရဲတဲ့သူတိုင်းရဲ့ ဂိုဏ်းတစ်ဂိုဏ်းချင်းစီတိုင်းကို ငါမိစ္ဆာတွေနဲ့အတူ အမြစ်ပြတ် လာသတ်ဖြတ်မှာ
တကယ်လို့ ငါတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးက ပျက်ဆီးဖို့ သတ်မှတ်ခံထားရပြီးသားဆိုရင် မင်းတို့ကုန်းမြေတိုက်ကြီးတွေလည်း အကောင်းအတိုင်းကျန်မယ် မထင်နဲ့ ငါတို့အားလုံးက မင်းတို့ကုန်းမြေတိုက်ကြီးတွေအကုန်လုံးကို အတူတူပူးပေါင်းပြီး ဖျက်ဆီးပစ်မှာ”