← Chapters

ဧကရာဇ်တံဆိပ်တော်

Vol. 3 Ch. 244

ဧကရာဇ်တံဆိပ်တော်

Vol. 3 Ch. 244

ထိုနေ့က…

ကူးချိုင်ဝေ့မှာ ကျင့်စဉ်ကျင့်ကြံမှု ပြီးဆုံးသွားသည့် အတွက် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူမစိတ်များက ကြည်လင်နေလေသည်။ ခန်းမဆောင်ထဲသို့ သက်တံရောင်အလင်းတန်းများ ဝင်ရောက်လာလေသည်။

"ဂိုဏ်းတူမောင်လေး ပြန်လာပြီပဲ"

ကူးချိုင်ဝေ့က ရေရွတ် လိုက်လေသည်။

သူမက အခန်းထဲမှ ထွက်လိုက်သည့် အခါတွင်တော့ ကောင်းကင်ထက်မှ ပျံသန်းလာသည့် အလင်းတန်း နှစ်ခုကို တွေ့မြင် လိုက်ရလေသည်။

အလင်းတန်း တစ်ခုမှာ မိုးပြာရောင် အလင်းတန်း ဖြစ်ပြီး ရေကဲ့သို့ ကြည်လင် နေလေသည်။ ထိုအလင်းတန်းမှာ သူမ၏ ဂိုဏ်းတူ မောင်လေးဖြစ်ကြောင်း ကူးချိုင်ဝေ့ ချက်ချင်း သိလိုက်သည်။ အခြား အလင်းတန်း တစ်ခုမှာတော့ ကြာပန်းသဏ္ဌာန်နှင့် ဆင်တူလေသည်။

ထို့နောက် ကောင်းကင်ထက်တွင် လူနှစ်ယောက်ပေါ်လာလေသည်။

ချောမောလှပပြီး သိမ်မွေ့ဟန်ရှိသည့် လူငယ်လေးမှာတော့ ဆန်းလျန်ဖြစ်ပြီး ဆန်းလျန်၏ ဘေးတွင် အလွန်ချောမော လှပသည့် မိန်းမပျို တစ်ယောက် ရှိနေလေသည်။

ထိုမိန်းကလေးမှာ ချောမောလွန်းသည့် အတွက် ကူးချိုင်ဝေ့ပင်လျှင် ငေးကြည့် နေမိလေသည်။

မိန်းမပျို၏ မျက်ဝန်းများမှာ ကြည်လင် တောက်ပနေပြီး သူမက လူတိုင်းကို ဖမ်းစားနိုင်သည့် အပြုံးလှလှလေးကို မျက်နှာထက်တွင် ဆင်မြန်း ထားလေသည်။ သူမ၏ အဖြူရောင်ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေပြီး မိုးကောင်းကင် ထက်မှ နတ်မိမယ်များပင် သူမ၏ အလှကို မီနိုင်မည် မဟုတ်ပေ။

"ဂိုဏ်းတူမောင်လေးက မိန်းကလေးတွေကို စိတ်ဝင်စားတတ်တဲ့သူ မဟုတ်ပါဘူး၊ ဘယ်လိုဖြစ်လို့ ဒီနတ်မိမယ်လေးကို ခေါ်လာတာပါလိမ့်"

ကူးချိုင်ဝေ့က တွေးနေမိလေသည်။

သူတို့နှစ်ယောက် မြေပြင်ထက်သို့ ဆင်းသက် လာကြလေသည်။

ကူးချိုင်ဝေ့က ပြုံးလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး၊ မင်းထွက်သွားတာ ကြာလိုက်တာ၊ နတ်ဘုရား ဈေးပွဲတော် ပြီးသွားတာ တစ်လတောင် ကြာနေပြီ၊ ခုမှပဲ ပြန်ရောက် လာတော့တယ်၊ ပြီးတော့ ဒီက မိန်းကလေးကရော ဘယ်ဂိုဏ်းကများလဲ၊ ချိုင်ဝေ့ နှုတ်ဆက်ပါတယ်နော်"

ဆန်းလျန်က ပြုံးလိုက်ပြီး ကျောက်ရှောင်ယွီကို ကူးချိုင်ဝေ့နှင့် မိတ်ဆက် ပေးလိုက်သည်။

"ဒါ ကျုပ်ရဲ့ ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့ပါ"

ကျောက်ရှောင်ယွီက သူမရှေ့မှ မိန်မပျိုကို တစ်ချက် ကြည့်လိုက်သည်။ ကူးချိုင်ဝေ့မှာ ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့ဟန် ရှိလေသည်။ အလွန် ချောမောလှပခြင်း မရှိသည့်တိုင် ကြည်လင် ရှင်းလင်းသည့် အလှတရားကို ပိုင်ဆိုင်ပြီး အမျိုးသမီး ကျင့်ကြံသူများထဲတွင် ထူးခြားသူ တစ်ယောက် ဖြစ်ကြောင်း ပေါ်လွင်လေသည်။ ကျောက်ရှောင်ယွီမှာ ချက်ချင်းပင် ကူးချိုင်ဝေ့ကို ခင်မင် သွားမိလေသည်။

ကူးချိုင်ဝေ့မှာ ဟိုင်သန်းအဆင့် အောင်မြင်ခြင်း မရှိသေးသည့်တိုင် သူမဆီမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများမှာ ဆန်းလျန်ဆီမှ တန်ခိုးစွမ်းအားများနှင့် ဆင်တူလေသည်။ သူတို့နှစ်ယောက်မှာ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ် တစ်ခုတည်းကို ကျင့်ကြံကြသည့် သူများဖြစ်သည်မှာ သိသာလှလေသည်။ ထို့ကြောင့် ကူးချိုင်ဝေ့မှာလည်း ကျိလင်နတ်သမီး၏ တပည့်ပင်ဖြစ်ရမည်ဟု ကျောက်ရှောင်ယွီ ယူဆလိုက်သည်။

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ဒါဆို အစ်မက မမကူးချိုင်ဝေ့ပေါ့၊ မမအကြောင်း ကြားဖူးတာတော့ ကြပါပြီ၊ ခုမှပဲ တွေ့ဖူးတော့တယ်၊ ညီမလေး ကျောက်ရှောင်ယွီ မမကို နှုတ်ဆက်ပါတယ်"

ကျင့်ကြံသူတို့ စည်းကမ်းများ အရ သူမက ဆန်းလျန်နှင့် ကျိလင်နတ်သမီးကို လေးစားသည့် အနေဖြင့် ကူးချိုင်ဝေ့ကို အစ်မဟု သတ်မှတ် ခေါ်ဝေါ်လိုက်ခြင်း ဖြစ်လေသည်။ ကူးချိုင်ဝေ့ကိုလည်း သူမက ခင်မင်ခဲ့မိပြီ မဟုတ်ပါလား။

သူမက ဆန်းလျန်နှင့် ပူးပေါင်းရန် ရည်ရွယ်ထားသဖြင့် ချင်းရွှမ် နတ်တံခါးတွင် သူမကိုယ် သူမ နှိမ့်ချ ဆက်ဆံခြင်း ပြုလုပ်သင့်သည်ဟုလည်း သူမက ယူဆထားလေသည်။

ကျောက်ရှောင်ယွီကို နားလည်ပြီးသား ဖြစ်သည့် ဆန်းလျန်ကတော့ မည်သည့် စကားမှ ဆိုခြင်းမရှိပါ။ သူ့အနေဖြင့် ကျောက်ရှောင်ယွီက သူ့ကိုကူညီခဲ့သည့် အတွက် သူ့ဘက်ကလည်း ပြန်လည် ကူညီရမည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်လေသည်။

ကျောက်ရှောင်ယွီနှင့် ဆန်းလျန်မှာ လေစွမ်းအားသားရဲကို ဖမ်းဆီးပြီးသည့်နောက် လမ်းခွဲရတော့မည် ဖြစ်လေသည်။ သို့သော် ကျောက်ရှောင်ယွီက ချင်းရွှမ်နတ်တံခါး၏ အနွယ်တော် ဂိုဏ်းခွဲတစ်ခု ဖြစ်သည့် ရှင်သန်စေခြင်း ကျောင်းတော်သို့ လိုက်ပါ လည်ပတ်လိုသည်ဟု ဆိုသဖြင့် ဆန်းလျန်က သူမကို ဧည့်သည်အဖြစ် ခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့သုံးယောက် ခန်းမဆောင် အတွင်းသို့ ဝင်လိုက်ကြပြီး ဆယ်မိနစ်ခန့် စကားစမြည် ပြောနေကြလေသည်။ ထို့နောက်မှ ကျောက်ရှောင်ယွီက ဟိုနား ဒီနား လျှောက်ကြည့်ဦးမည်ဟု ဆိုကာ ထွက်ခွာ သွားလေသည်။

ကျောက်ရှောင်ယွီ ထွက်ခွာသွားတော့မှ ဆန်းလျန်က ကူးချိုင်ဝေ့ကို ပြောလိုက်သည်။

"ဂိုဏ်းတူအစ်မ၊ ကျွန်တော့်ကို ပြောစရာ ကိစ္စတွေရှိရင် ပြောလို့ရပြီ"

"ကောင်းပါပြီ၊ လွန်ခဲ့တဲ့ ရက်နှစ်ဆယ်လောက်က ချင်းကျန်းဂိုဏ်းက ချင်းရွှမ်နတ်တံခါးကို သတင်းပို့တယ်၊ မင်းမရှိတာနဲ့ ဆရာဦးလေးဟုန်က အစ်မကို လှမ်းပြီး ဆက်သွယ်တယ်၊ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ဟွမ်လုန်ကျီ ကျူးကျော်လာပြီး ချင်းကျန်းဂိုဏ်းကို တိုက်ခိုက်တယ်၊ သူက နဂါးသဏ္ဌာန် ပြောင်းပညာကို လေ့ကျင့်ထားလို့ အဝါရောင် နဂါးသဏ္ဌာန်နဲ့ တိုက်ခိုက်တဲ့ အပြင် ရေမိစ္ဆာတွေကို အမိန့်ပေးပြီး ချင်းကျန်းဂိုဏ်းက ဘယ်သူမှ အပြင်ထွက်လို့ မရအောင် ဝိုင်းထားတယ်”

ဆန်းလျန်က မျက်မှောင်တစ်ချက် ကြုံ့လိုက်ရင်း….

"ကွမ်းချင်းနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူဂိုဏ်းအချင်းချင်းကို ဘာလို့ ဒီလိုလုပ်ရတာလဲ၊ ဒီလိုလုပ်ရင် သူတို့ နာမည်ပျက်မှာပဲ မဟုတ်ဘူးလား၊ ဒီလိုသိက္ခာမရှိတဲ့ လုပ်ရပ်မျိုးကို မလုပ်သင့်ပါဘူး"

"ဒါပေမဲ့ ပြဿနာက ဖြစ်ပြီးသွားပြီလေ၊ ကျော်ရှောင်ချင်းက သူ့ရဲ့ဂိုဏ်းကို ပြန်ပါရစေလို့ အစ်မကို ပြောနေတာ ခဏခဏပဲ၊ ဒါပေမဲ့ အစ်မသူ့ကို မလွှတ်လိုက်ဘူး၊ မင်းပြန်လာရင် ဘယ်လို ဆုံးဖြတ်မလဲဆိုတာ စောင့်နေတာ"

ဆန်းလျန်ရင်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်မိလေသည်။ ချင်းရွှမ် နတ်တံခါးတွင် အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိလျှင် ထိုပြဿနာကို ဖြေရှင်းရန် လွယ်သော်လည်း ယခုက ထိုသို့ မဟုတ်ပြီ။

ဟွမ်လုန်ကျီမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရား အလောင်းအလျာ ဆယ့်နှစ်ပါးတွင် တန်ခိုးစွမ်းအား အနည်းဆုံး ကျင့်ကြံသူ ဖြစ်သည့်တိုင် သူက ဖော့ဝမ့်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးတွင် ပိုင်စုဟွမ်နှင့် အရက်သမား တာအိုဆရာမှ လွဲလျှင် သူ့ကို ယှဉ်ပြိုင်နိုင်မည့်သူ မရှိပေ။

ထို့ပြင် ထိုဆရာသခင် နှစ်ပါးကလည်း လွယ်လွယ်နှင့် တိုက်ခိုက်မည် မဟုတ်ပေ။ အထူးသဖြင့် သူနှင့် ပြဿနာရှိခဲ့ဖူးသည့် ပိုင်စုဟွမ်ကို ဆန်းလျန်က မည်သို့မျှ စေခိုင်းလို့ရမည် မဟုတ်ပေ။

ဆန်းလျန်က ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကျွန်တော့်ကို ရေးပေါ် ဆက်သွယ်လို့ရအောင် စီစဉ်မပေးမိဘဲ ထွက်သွားမိတာကိုက ကျွန်တော့် အမှားပါပဲ၊ ချင်းကျန်းဂိုဏ်းက ချင်းရွှမ်ကို သတင်းပို့ နိုင်သေးတယ်ဆိုတော့ အခြေအနေ အရမ်း မဆိုးလောက်သေးဘူး"

"မင်းအမှား မဟုတ်ပါဘူးကွယ်၊ အစ်မက မင်းကိုသာ လူလွှတ်ပြီး ရှာခိုင်းမိရင်သာ ပြဿနာတွေ ပိုပြီးရှုပ်ကုန်မှာ၊ ချင်းကျန်းဂိုဏ်းကို ကူညီဖို့က အလျှင်စလို လုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူးလေ၊ အစ်မတို့ဘက်က အများကြီးပါဝင်ပတ်သက်မိသွားရင် ချင်းရွှမ်ရဲ့ အခြေအနေကို အားလုံးသိအောင် ချပြလိုက်သလို ဖြစ်သွားပြီး အကုန်ရှုပ်ကုန်လိမ့်မယ်"

ကူးချိုင်ဝေ့က ပြောလိုက်သည်။

ဟွမ်လုန်ကျီမှာ နတ်ဘုရားတစ်ပါး မဟုတ်သည့် အတွက် ချင်းကျန်း ဂိုဏ်းအတွင်းသို့ အချိန်တိုအတွင်း ထိုးဖောက် ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ရေမိစ္ဆာများ၏ အကူအညီကို ယူကာ ချင်းကျန်းဂိုဏ်းကို ဝိုင်းထားခြင်း ဖြစ်လေသည်။

"ကျွန်တော့် အနေနဲ့တော့ ဟွမ်လုန်ကျီကို အနိုင်ယူဖို့ မခက်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ပါဝင်ဖို့ကျတော့ တော်တော်ခက်တယ်၊ ကျွန်တော့် အနေနဲ့ ခြေလှမ်း မကျွံသင့်ဘူးထင်တယ်"

ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည့် ဆန်းလျန်၏စိ တ်ထားကို ကူးချိုင်ဝေ့ ကောင်းကောင်း နားလည်ပါသည်။

ဟွမ်လုန်ကျီမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါးတွင် တစ်ပါး အပါအဝင်ဖြစ်ပြီး ယွိမင်နတ်ဘုရား၏ ဂိုဏ်းတူတူလေး တော်စပ်သူ ဖြစ်လေသည်။ ထို့ကြောင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဂိုဏ်းချုပ်၏ တူဖြစ်သူကို ချင်းရွှမ်နတ်တံခါးမှ ဂိုဏ်းချုပ် ဖြစ်သည့် ဆန်းလျန်က တိုက်ခိုက်မည်ဆိုလျှင် ဘောင်ကျော်ရာ ရောက်လေသည်။

ဆန်းလျန်ကိုယ်တိုင်သာ ပါဝင် ပတ်သက်၍ ကောင်းသည့် ကိစ္စမဟုတ်ပေ။

အခြားဂိုဏ်းဆိုလျှင် ကိစ္စမရှိသော်လည်း ကွမ်းချင်း နတ်ဘုရား ဂိုဏ်းဖြစ်နေသည့် အတွက် ပိုပြီး သတိထား နေရလေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်း မည်သည့် ခြေလှမ်း လှမ်းနေသည်လည်း မသိရခင် သူတို့၏ ထောင်ချောက် အတွင်းသို့ တိုးဝင်သွား၍ မဖြစ်ပေ။

"ကျန့်မေကို လွှတ်မယ် ဆိုရင်ရော…"

ကူးချိုင်ဝေ့က ပြောလိုက်လေသည်။

"ဂအစ်ကိုချန်ကို လွှတ်လိုက်မယ်ဆိုရင် ဟွမ်လုန်ကျီရဲ့ဂိုဏ်းက တခြားသူတွေပါ ပါလာမှာကို စိတ်ပူမိတယ်၊ မသင့်တော်ဘူးထင်တယ် အစ်မ"

ဆန်းလျန်က ပြောလိုက်သည်။

ကျောက်ရှောင်ယွီကို အကူအညီ တောင်းလျှင်တော့ ရနိုင်လေသည်။ သို့သော် ကျောက်ရှောင်ယွီကို ချင်းရွှမ် နတ်တံခါး၏ အမည်အတိ အလင်း အသုံးပြုကာ ကူညီခိုင်းခြင်းက သူမနှင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ထိပ်တိုက် ရင်ဆိုင် ခိုင်းလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ကျောက်ရှောင်ယွီ ပေးဆပ်ရသည့် တန်ဖိုး များသွားမည် ဖြစ်လေသည်။

"ကျွန်တော် တခြားနည်းလမ်း စဉ်းစားပါဦးမယ် အစ်မ၊ စိတ်မပူပါနဲ့၊ အစ်မက တောင်ပေါ်ကို ပြန်ပါ၊ ပြီးရင် သေစေခြင်း ကျောင်းတော်ကို ယန့်ပုကွေးကို လွှတ်လိုက်ပါ၊ ကျွန်တော် အစ်မကို ပေးစရာ တစ်ခုရှိတယ်"

ဆန်းလျန်က လေစွမ်းအား သားရဲဖြင့် ဖော်စပ်ထားသည့် ဆေးအကြောင်းကို ကူးချိုင်ဝေ့ကို ပြောပြလိုက်လေသည်။

တာ့ကျိုးတိုင်းပြည်.....

ငါးနှစ်ကြာပြီးသည့်နောက် ဘုရင်မကြီး မကျန်းမမာ ဖြစ်ခဲ့လေသည်။

ဝန်ကြီးတစ်ပါး ဖြစ်သူ ယွိထျန်းလင်က ထိုအခွင့်အရေးကို အသုံးချကာ များစွာသော ဝန်ကြီးများနှင့် အတူ ဘုရင်မကြီးကို ထီးနန်းစွန့်ရန် ဖိအားပေးပြီး အိမ်ရှေ့မင်းသား ကျောက်ရွှမ်ကို နန်းတက် စေခဲ့သည်။

ကျောက်ရွှမ် နန်းတက် ပြီးသည့်နောက် မယ်တော်ဖြစ်သူ ဘုရင်မကြီးကို "ထျန်းစန့်ဟွမ်" ဆိုသည့် ဂုဏ်ထူးဆောင် ဘွဲ့ကို ပေးအပ်ခဲ့လေသည်။

ယခုတော့ တာ့ကျိုးတိုင်းပြည်မှာ တာ့ဝေ့တိုင်းပြည် ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။

ဘုရင်အသစ် နန်းတက်ပြီးသည့် နောက်ပိုင်း တိုင်းရေးပြည်ရာများမှာ တည်တည်ငြိမ်ငြိမ် ရှိလေသည်။ ကောလဟာလများအရ “ထျန်းစန့်ဟွမ်”မှာ တိုင်းရေး ပြည်ရာများတွင် အာဏာရှိနေဆဲ ဖြစ်လေသည်။

တာ့ကျိုးတိုင်းပြည်မှ တာ့ဝေ့တိုင်းပြည်ဟု ပြန်လည် အမည်ပြောင်းလဲ လိုက်သည့်တိုင် ဘုရင်မင်းမြတ်ကတော့ ယခင်ဘုရင်မကြီး၏ စကားကို နားထောင်ဆဲ ဖြစ်လေသည်။

ပိုပြီးအံ့သြစရာ ကောင်းသည်မှာ ဘုရင်မကြီးကို ထီးနန်းစွန့်ရန် ဖိအားပေးခဲ့သည့် ဝန်ကြီး ယွိထျန်းလင်မှာ နှစ်ဝက် အတွင်း ရာထူးမှ အနားယူသွားခြင်း ဖြစ်လေသည်။

ဝန်ကြီးဖြစ်စဉ်က အမြဲတမ်း လူသူဧည့်သည် မပြတ်ရှိနေခဲ့သည့် ယွိထျန်းလင်၏ အိမ်တော်မှာ ဝန်ကြီးရာထူးမှ အနားယူသွားသည်နှင့် ချက်ချင်းပင် ချောက်ကပ် တိတ်ဆိတ် သွားလေသည်။

ပညာရှိအများစုက သူ့အခြေအနေကို တရားကျ ခဲ့မိကြလေသည်။ ကံကြမ္မာ ဒီရေ အတက်အကျသည် မြန်ဆန်လို က်လေခြင်း။ အချို့သော အနုပညာ သမားများကတော့ မင်းမျိုးမင်းနွယ် များ၏ ရက်စက်မှုများကို ကဗျာ ရေးစပ်ကြလေသည်။

ကျောက်ရွှမ် နန်းတက်ပြီး နောက်ပိုင်း သူက အစစအရာရာကို သတိထားကာ ပြုမူ နေထိုင်လေသည်။ သူက အနားပင် မယူခဲ့ဘဲ အလုပ်ကြိုးစားသည့် ဘုရင်တစ်ပါး ဖြစ်သည့်အတွက် နန်းတွင်းရေးနှင့် တိုင်းပြည် အရေးများကတော့ ပိုမိုတိုးတက် ကောင်းမွန် လာခဲ့လေသည်။ သူ၏ ကြိုးစားအား ထုတ်မှုများအတွက် သူကိုယ်တိုင်လည်း များစွာ ကျေနပ်နေခဲ့မိလေသည်။

ဘုရင်မင်းမြတ် ကျောက်ရွှမ်သည် တိုင်းရေးပြည်ရာ ကိစ္စများ ပြီးသည်နှင့် ဘုရင့် ပန်းဥယျာဉ်ထဲတွင် ပန်းများကြည့်ရင်း စိတ်အပန်းဖြေ တတ်လေသည်။

ယနေ့လည်း ဘုရင်မင်းမြတ်သည် ပန်းဥယျာဉ်ထဲတွင် ပန်းများကြည့်ရင်း လမ်းလျှောက် နေလေသည်။ ပန်းဥယျာဉ်မှာ အလွန်ကြီးမားသည့် ပန်းဥယျာဉ်ကြီး ဖြစ်ပြီး စင်္ကြံလမ်းလေးများ ရှိလေသည်။ ဘုရင်မင်းမြတ်မှာ အတွေးတွင် နစ်မျောနေရင်း လမ်းလျှောက် နေလေသည်။

ဘုရင်မင်းမြတ်က စင်္ကြံလမ်းလေး တစ်ခုအတိုင်း လမ်းလျှောက်လာပြီး မျက်စိရှေ့တွင် အပန်းဖြေဆောင်လေး တစ်ခုကို တွေ့လိုက်ရလေသည်။

သူ၏ နှာခေါင်းတွင်းသို့ တိုးဝင်လာသည့် လက်ဖက်ရည် ကြမ်းရနံ့လေးကြောင့် စိတ်အစဉ်မှာ ကြည်လင် လန်းဆန်း သွားရပြီး မောပန်း နွမ်းနယ်ခြင်းများမှာ ယူပစ်သလို ပျောက်ဆုံး သွားလေသည်။

အပန်းဖြေဆောင်လေးထဲတွင် သားမွေးဝတ်စုံကို ဝတ်ဆင်ထားပြီး ကြယ်စင် သရဖူကို ဆောင်းထားသည့် တာအို ဆရာတစ်ပါး ထိုင်နေလေသည်။ ထိုတာအိုဆရာက လက်ဖက်ရည်ကြမ်း သောက်နေခြင်း ဖြစ်ပြီး မွှေးပျံ့ လတ်ဆတ်သည့် လက်ဖက်ရည် ရနံ့လေးက တာအိုဆရာ၏ လက်ဖက်ရည် ပန်းကန်ဆီမှ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

ကျောက်ရွှမ်မှာ ဧကရစ်တစ်ပါး၏ အရှိန်အဝါနှင့် ပြည့်ဝသည့်တိုင် အပန်းဖြေ ဆောင်ထဲတွင် လူစိမ်း တစ်ယောက် ယောက်ကို မြင်လိုက်ရသည့် အခါ ထိတ်လန့် အံ့သြသွားပြီး အမူအရာ ပျက်သွားလေသည်။

တာအိုဆရာက ရယ်မောလိုက်ရင်း....

"မင်းကြီး၊ ကျုပ်ကို မေ့သွားပြီလား"

ကျောက်ရွှမ်မှာ ထိုအသံကို ရင်းနှီးသလိုလို မရင်းနှီးသလိုလို ခံစားလိုက်ရသည်။ သူ့ဘေးနားရှိ အစေခံများမှာလည်း မည်သည့် နေရာသို့ ရောက်ရှိသွားကြမှန်း မသိကြပေ။ အပန်းဖြေ ဆောင်မှာလည်း သူတစ်ခါမှ မရောက်ဖူးသည့် အပန်းဖြေဆောင် ဖြစ်နေလေသည်။ တစ်ခုခု မှားနေပြီဟု သူချက်ချင်းသိလိုက်သည်။

သူက အပန်းဖြေ ဆောင်လေးထဲသို့ လှမ်းဝင်လိုက်သည့် အခါတွင်တော့ တာအိုဆရာမှာ အလွန်ငယ်ရွယ်သည့် လူငယ်လေး တစ်ယောက် ဖြစ်ကြောင်း တွေ့မြင်လိုက်ရလေသည်။

ကျောက်ရွှမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ချင်းရှ မဟုတ်လား"

"မင်းကြီး ကျုပ်ကို မှတ်မိနေတဲ့အတွက် ဝမ်းသာမိပါတယ်၊ လက်ဖက်ရည် သုံးဆောင်ပါဦး မင်းကြီး"

ဆန်းလျန်က ပြောလိုက်လေသည်။

ကျောက်ရွှမ်က ဆန်းလျန်မှာ အလွန်တန်ခိုး စွမ်းအားကြီးမားသည့် တန်ခိုးရှင် တစ်ပါးဖြစ်ပြီး သူ၏ စစ်သည်တော် တစ်သောင်းပင်လျှင် ဆန်းလျန်ကို နိုင်အောင် တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း ကောင်းကောင်း သိရှိထားလေသည်။

သူ၏ မိခင်ဖြစ်သူ ဘုရင်မကြီးပင်လျင် ဆန်းလျန်ကို အမြဲတမ်း ချီးကျူး ပြောဆိုလေ့ ရှိလေသည်။

ဆန်းလျန်ကို မတွေ့ရသည်မှာ ခုနစ်နှစ်ခန့်ရှိပြီ ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ ပုံစံမှာ အရင်အတိုင်းပင် ငယ်ရွယ်နုပျိုနေဆဲ ဖြစ်လေသည်။ အရင်ကထက်ပင် ပိုပြီး ငယ်ရွယ် နေသေးသည်ဟု ပြောလျှင် ပိုမှန်ပေမည်။ အမှန်တော့ ဆန်းလျန်၏ အသက်မှာ လေးဆယ်ခန့်ရှိပြီ ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ ငယ်ရွယ် နုပျိုမှုများကို ကျောက်ရွှမ်မှာ အားကျနေမိလေသည်။

ကျင့်ကြံသူများသည် လိုချင်လောဘ နည်းပါးကြသလို အသက်ရှည်ရှည်ဖြင့် ငယ်ရွယ်နုပျိုစွာ နေထိုင် နိုင်ကြလေသည်။ သို့သော် ကျင့်စဉ်လမ်းကို လိုက်လျှောက် နိုင်မည်လားဟု ကျောက်ရွှမ်ကို မေးလျှင် သူလုပ်နိုင်မည် မဟုတ်ပါ။

ကျောက်ရွှမ်က ဆန်းလျန်တိုက်သည့် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်လေသည်။

လက်ဖက်ရည်၏ အရသာမှာ ပန်းဝတ်မှုံ အရသာကဲ့သို့ ဖြစ်လေသည်။ လက်ဖက်ရည်မှ အနွေးဓာတ်က သူ၏ သွေးကြောဆုံချက်များ အားလုံးဆီသို့ လှည့်ပတ် သွားသည့်အခါ ကောင်းကင်ဘုံသို့ ရောက်နေသည့် အလား ခံစားလိုက်ရပြီး အကျောအချဉ်များ ပြေလျော့ သွားလေသည်။ သူက ကောင်းလွန်းသည့် ခံစားချက်အတွက် မနေနိုင်ဘဲ အော်ဟစ် ညည်းညူ လိုက်မိလေသည်။

ပြီးမှ ရာဇဣန္ဒြေ ပျက်ယွင်းသလို ဖြစ်သွားရသည့် အတွက် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက် မိလေသည်။

ကျောက်ရွှမ်၏အသက်က ငါးဆယ်ပင် မပြည့်သေးပေ။ သို့သော် သူက ဘုရင်တစ်ပါး အဖြစ် တိုင်းရေးပြည်ရာများနှင့် များစွာသော အလုပ်များကို လုပ်နေရသည့် အတွက် ဆံပင်များပင် ဖြူနေပြီ ဖြစ်လေသည်။ သူက သားတော်ဖြစ်သူ မင်းသားကျောက်ရှန့်ကို တာဝန်အချို့ ခွဲဝေပေးရန် စဉ်းစား ထားလေသည်။ သို့သော် ကျောက်ရှန့်မှ အရည်အချင်းရှိပြီး ဉာဏ်ရည် ထက်မြက်သူ တစ်ယောက် ဖြစ်သည့်တိုင် သူ့အနေဖြင့် ပညာကို ဆုံးခန်းတိုင်အေင် သင်ရန်လိုအပ်သေးသည်။

ကျောက်ရွှမ်က သက်ပြင်းချလိုက်ရင်း….

“တစ်ခါတလေ တော့လည်း မင်းလိုလူမျိုးတွေကို အားကျမိသား ချင်းရှရယ်၊ မင်းမှာတော့ ဘာမှ အပူအပင်မရှိ ပျော်ရွှင် နေသလိုပဲ”

“မင်းကြီး၊ မင်းကြီးမှာ သမုဒ္ဒရာ လေးခုလုံးကို ပိုင်ဆိုင်နိုင်တဲ့ ကြွယ်ဝချမ်းသာမှု မျိုးတွေ ရှိနေတာပဲ၊ ဒီထက်ပိုပြီး မလိုချင်နဲ့တော့လေ"

ဆန်းလျန်က ကျောက်ရွှမ်ကို ကြည့်ပြီး ပြုံးရင်း ပြောလိုက်သည်။

"မင်းတို့လိုမျိုး ကိုယ့်ဘဝကိုယ် ကျေနပ်ပြီး ပျော်ရွှင်နေတဲ့ လူတွေကတော့ ဒီစကားမျိုး ပြောမှာပေါ့၊ ဒါနဲ့ ချင်းရှ ဒီနေ့ ကျုပ်ဆီလာလည်ပြီး လက်ဖက်ရည်နဲ့ ဧည့်ခံတာ ဘာကိစ္စများရှိလို့လဲ၊ ကြည့်ရတာ ကျုပ်ဆီကများ အကူအညီတစ်ခုခု တောင်းစရာ ရှိလို့လား၊ ကျုပ်ကူညီနိုင်တဲ့ ကိစ္စဆိုရင် ကျုပ်မငြင်းပါဘူး"

ကျောက်ရွှမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဘုရင်ဧကရာဇ်များသည် စကားပြောလျှင် သူတို့ကိုယ်သူတို့ "ငါကိုယ်တော်" ပြောဆို သုံးစွဲလေ့ ရှိကြလေသည်။ သို့သော်... ကျောက်ရွှမ်ကတော့ ဆန်းလျန်ကို ရိုးရိုးပင် "ကျုပ်" ဟုသာ ပြောဆို သုံးစွဲနေမိလေသည်။ ထိုအချက်ကို သတိပြုလိုက်မိသည့် အချိန်တွင်တော့ ဧကရာဇ် တစ်ပါးကိုပင် လွှမ်းမိုးနိုင်သည့် ဆန်းလျန်၏ တန်ခိုးစွမ်းအားကို များစွာ အံ့သြ သွားမိလေသည်။

"ကျုပ်က မင်းကြီးဆီက ပစ္စည်းလေး တစ်ခုငှားချင်လို့ပါ”

ဆန်းလျန်က ပြောလိုက်သည်။

"ကျုပ်ဆီမှာ ရတနာပစ္စည်း မျိုးစုံရှိတယ်၊ ဒါပေမဲ့ ဒီရတနာတွေက ချင်းရှအတွက် တောင်ပေါ်က မြက်ပင်တွေ လောက်တောင် တန်ဖိုးရှိပါ့မလား၊ မင်းက ဘယ်လိုပစ္စည်းမျိုးများ လိုချင်ပါသလဲ"

ကျောက်ရွှမ်က မေးမြန်းလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း....

"တကယ့်နဂါးကြီး တစ်ကောင်ကို နှိမ်နင်းဖို့အတွက် ဧကရာဇ် တံဆိပ်တော်ကို လိုချင်တာပါ"

ကျောက်ရွှမ်မှာ ဆန်းလျန်၏ စကားကြောင့် သောက်နေသည့် လက်ဖက်ရည်ပင် သီးမလို ဖြစ်သွားရလေသည်။

ဆန်းလျန်က ဧကရာဇ် တံဆိပ်တော်ကို တောင်းဆိုလိမ့်မည်ဟု ယောင်၍ပင် တွေးမထားခဲ့မိပေ။

ယခုတော့ ကျောက်ရွှမ်မှာ အခက်တွေ့ရပြီ။

"အခြား ပစ္စည်းဆိုရင်တော့ ပေးပါတယ် ချင်းရှ၊ ဒါပေမဲ့ ဒီတံဆိပ်တော်ကတော့ တကယ့် အရေးကြီး ပစ္စည်းဖြစ်နေတော့...."

"ကျုပ်က အဲဒီ ပစ္စည်းကလွဲပြီး တခြား ဘာပစ္စည်းမှ မလိုချင်ဘူး၊ မင်းကြီးရဲ့ အသက်ထက်ပဲ ဧကရာဇ် တံဆိပ်တော်က ပို အရေးကြီးသလား"

ဆန်းလျန်က မေးလိုက်သည်။

ကျောက်ရွှမ်မှာ ဆန်းလျန် စကားကြောင့် ဒေါသ ထောင်းခနဲ ထွက်သွားရလေသည်။

"မင်းက နတ်ဘုရား တစ်ပါးဆိုတာနဲ့ပဲ ငါကိုယ်တော်ကို ဒီလိုခြိမ်းခြောက်လို့ရမလား...."

ထိုစကားကို ကျောက်ရွှမ်က စိတ်ထဲမှ ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော်...

ဆန်းလျန်၏ ကြည်လင်နေသည့် မျက်ဝန်းများတွင် ခြိမ်းခြောက်သည့် အရိပ်အယောက်ကို မတွေ့ရပေ။ ထိုမျက်ဝန်းများကို ငေးစိုက်ကြည့်မိရင်း…..

"ချင်းရှက ဒီလို ခြိမ်းခြောက်တတ်တဲ့ လူမျိုးတော့ မဟုတ်ပါဘူး"

ဟု ကျောက်ရွှမ် တွေးလိုက် မိပြန်လေသည်။

***

All Chapters