အခန်း (၂၅၄)
Vol. 24 Ch. 254
အပိုင်း(၂၅၄)
ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
ဂူဒူအာ သူတို့ခွန်အားသုံးတာ လုံလောက်ပြီဟုခံစားလိုက်ရပြီး ၀မ်လင်းဂိုဏ်းကို ထွက်ပေါက်တစ်ခုပေးလိုက်လေသည်။
သူအသာအယာပြုံးကာ ပြောလိုက်၏။
“ငါတို့က နှစ်ပေါင်း ၁၀၀၀ကြာအောင်ဖိနှိပ်ခံထားရတာကနေ အခုမှပြန်လွတ်လာတာဆိုတော့ အတော်လေး ဆင်းရဲနေတယ် မင်းငါတို့ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင် ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး သေတဲ့အထိတိုက်ခိုက်ဖို့ကတော့ ငါတို့လည်း အဲ့တာမျိုးမဖြစ်ချင်ပါဘူး ငါတို့သာသေချင်နေရင် နှစ်တစ်ထောင်လောက်ဖိနှိပ်ခံထားရပြီးကတည်းက သတ်သေလိုက်တာ ကြာပေါ့”
မိစ္ဆာများ၏ပျော့ပြောင်းသွားသော လေသံကိုနားထောင်ပြီး ကျိုးရွှမ်ရှန်း မေးလိုက်သည်။
“ဒါဆို မင်းတို့ကဘာလိုချင်တာလဲ”
သူတို့ဆုတ်ခွာဖို့ သဘောတူနေသမျှကာလပတ်လုံး သူတို့တောင်းဆိုသမျှကို သူ ညှိနှိုင်းပေးနိုင်၏။
နောက်ဆုံးတွင် တိုက်ပွဲက ၀မ်လင်းကုန်းမြေတိုက်ကြီးပေါ်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ဘာပဲဖြစ်လာလာ နောက်ဆုံးတွင် အများဆုံးဆုံးရှုံးရမည်က သူတို့သာ ဖြစ်သည်။
“ငါတို့က အဇူရာတိမ်ဂိုဏ်းကိုယ်စားဆောင်ရွက်ပေးနေတာ တကယ်လို့ ဆွေးနွေးစရာကိစ္စတစ်ခုခုရှိရင် သူတို့နဲ့သာ သွားပြောချည်” ဂူဒူအာ ပြောလိုက်ပြီးနောက် တိုက်ခိုက်ချင်နေသေးသော ဂူယန်ကိုအတင်းဆွဲခေါ်ကာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပြန်လာခဲ့၏။
“မင်းဒီကိစ္စကို ကောင်းကောင်းမဖြေရှင်းနိုင်ရင် နောက်တစ်ကြိမ်ငါတို့ရောက်လာတဲ့အခါ ဒီလောက်ရိုးရှင်းနေမှာ မဟုတ်တော့ဘူး”
သူသည် အဇူရာတိမ်ဂိုဏ်း၏ သစ္စာတော်ခံတစ်ယောက်လို ပြုမူဆောင်ရွက်နေပြီး သူ့ပုံရိပ်ကို လုံး၀ ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးတစ်ခုလုံးက အဇူရာတိမ်ဂိုဏ်းသည် ဤမိစ္ဆာများနှင့် အလွန်နီးကပ်သည်ဟု သူမြင်စေလိုသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သောအခြေအနေမျိုးတွင် ဘယ်ဂိုဏ်းက အဇူရာတိမ်ဂိုဏ်းနှင့် စစ်မှန်သောမိတ်ဆွေဆက်ဆံရေး ရှိလာပါတော့မည်နည်း။
ထိုအခါ အဇူရာတိမ်ဂိုဏ်းက မလွဲမသွေ တစ်ကိုယ်တည်းထီးထီးကြီး ဖြစ်လာပေလိမ့်မည်။
အဇူရာတိမ်ဂိုဏ်းက တစ်ကိုယ်တည်းဖြစ်လာပြီး မိစ္ဆာများအပေါ် ပိုပြီးမှီခိုလာရလေလေ သူတို့မိစ္ဆာများအတွက်လည်း ပိုပြီး လုံခြုံလာလေလေပင်။
ကျိုးရွှမ်းရှန် ထွက်ခွာသွားသောမိစ္ဆာများကို ကြည့်နေခဲ့ပြီး ထိုမိစ္ဆာများ မြင်ကွင်းမှပျောက်ကွယ်သွားသော အခါမှ သူ့ဒေါသများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
“ဂုဏ်သိက္ခာကင်းမဲ့တဲ့ အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေနဲ့ ပူးပေါင်းရဲတယ် ဒါက ကောင်းကင်နဲ့မြေပြင်အောက်က သက်ရှိတွေအားလုံးကို အပြစ်ပြုလိုက်တာပဲ
ဒီလိုဂိုဏ်းမျိုးက ကျင့်ကြံသူတွေရဲ့မျက်နှာကို အိုးမည်းသုတ်တဲ့ဂိုဏ်းမျိုးပဲ တစ်ချက်တည်းနဲ့ သုတ်သင်ရှင်းလင်းပစ်သင့်တယ်!”
၀မ်လင်းဂိုဏ်းသားများလည်း သူတို့ဂိုဏ်းချုပ်နောက်မှ သံယောင်လိုက်ကာ ဒေါသများပေါက်ကွဲနေခဲ့ကြသည်။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ပညာရှင်များကတော့ ထိုစကားများကို အလေးအနက်ထားမနေခဲ့ပေ။
အခုအချိန်က အဇူရာတိမ်ဂိုဏ်းကိုရှင်းလင်းဖို့ ပြောရမည့်အချိန် ဟုတ်မနေပေ။
အခန့်မသင့်လျှင် သူတို့တောင် ရှင်းလင်းခံရနိုင်သည့် အခြေအနေမျိုး ဖြစ်၏။
မြင့်မြတ်သခင်သက်ပြင်းချကာ ကျိုးရွှမ်းရှန်ကို ပြောလိုက်သည်။
“ငါတို့အဇူရာတိမ်ဂိုဏ်းဆီ အမြန်လူလွှတ်ပြီး သူတို့ဘာလိုချင်တာလဲဆိုတာ သိအောင်လုပ်ဖို့လိုတယ်
ဘာပဲဖြစ်ဖြစ် ငါတို့ဒီကိစ္စကို တတ်နိုင်သမျှ စိတ်အေးအေးထားပြီး ဖြေရှင်းရမယ်”
သူတို့ဂိုဏ်းနှစ်ဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်းနှင့်အနီးဆုံးဂိုဏ်းများဖြစ်သောကြောင့် စိတ်အညစ်ရဆုံး ဂိုဏ်းများဖြစ်နေခဲ့၏။
အခြားကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
တကယ်တော့ ကျိုးရွှမ်ရှန်းကလည်း အနိုင်ကျင့်ခံရသောကြောင့် မခံမရပ်နိုင်ဖြစ်နေခြင်းသာ ဖြစ်ပြီး သူ့တွင်ရွေးချယ်စရာမရှိမှန်း သူသိ၏။
သူတို့တွင်ရှိသည့် တစ်ခုတည်းသောရွေးချယ်စရာက အဇူရာတိမ်ဂိုဏ်းနှင့်ငြိမ်းချမ်းရေးဆွေးနွေးဖို့သာ ဖြစ်သည်။
ထို့နောက် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ပညာရှင်များ လိုအပ်သည်များစီစဉ်ဖို့ ကိုယ့်ဂိုဏ်းကိုယ်ပြန်သွားခဲ့ကြ၏။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးေပါ်တွင် ချင်းယွင်ကျိ ပြန်လာသော မိစ္ဆာငါးကောင်ကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေခဲ့လေသည်။
သူ့စိတ်ထဲ မိစ္ဆာများကို ၀မ်လင်းဂိုဏ်းအားရှင်းပစ်စေချင်သော်လည်း တစ်ချိန်တည်းမှာပင် သူ့တွင်ရွေးချယ်စရာမရှိခဲ့ပေ။
“ပြန်ကြစို့”
ချင်းယွင်ကျိ ပြောလိုက်ပြီးနောက် သူ့မိစ္ဆာဆယ်ကောင်နှင့်အတူ မိစ္ဆာငါးကောင်ကိုဦးဆောင်လာပြီး အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာခဲ့၏။
အဇူရာတိမ်တောင်ထွတ်တွင် စောင့်နေသော ကျန်းယန် သူ့ဆရာပြန်လာသည်ကိုမြင်သောအခါ အမြန်မေးလိုက်သည်။
“ဆရာ ဘယ်လိုဖြစ်သွားလဲ”
“အခြေအနေက လတ်တလောတော့ တည်ငြိမ်သွားပြီ” ချင်းယွင်ကျိ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်၏။
“ငါတို့သူတို့ကို ခြောက်လှန့်လိုက်နိုင်တယ် မကြာခင် သူတို့ဘက်က ညှိနှိုင်းဖို့လူတွေပို့လိုက်လိမ့်မယ် မင်းကဒါမျိုးကိစ္စတွေမှာကျွမ်းကျင်တယ်ဆိုတော့ ငါဒီကိစ္စအတွက် မင်းကိုပဲ တာ၀န်ပေးလိုက်မယ် ကုန်းမြေတိုက်ကြီးထဲ၀င်လာတဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ၂၇ယောက်ကိုတော့ အကုန်သတ်ပစ်လိုက်ပြီ”
သူပြောနေရင်း ဂူဒူအာနှင့်အခြားမိစ္ဆာများ သူတို့ယူလာသည့် အလောင်းများနှင့် စိတ်ဝိညာဉ်ရတနာများကို ထုတ်ပေးလိုက်ကြသည်။
“ဘယ်သူ့မှာမှ အများကြီးရှိမနေဘူး တန်ဖိုးကြီးတာဆိုလို့ စိတ်ဝိညာဉ်လက်နက်တစ်ယောက်တစ်ခု ရှိနေတာပဲ ရှ်ိမယ်” ဂူဒူအာ ရှင်းပြလိုက်၏။
ကျန်းယန် စိတ်ဝိညာဉ်လက်နက်အပုံလိုက်ကြီးကို ကြည့်ကာ ပျော်ရွှင်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာတို့”
ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အဇူရာတိမ်ဂိုဏ်းက စိတ်ဝိညာဉ်လက်နက် ၂၇ခုတော့ ရခဲ့ချေပြီ။
ထိုအခိုက်တွင် လင်းယွင်ကျိနှင့်အခြားသူများထွက်လာခဲ့ကြပြီး စန်းစုန့်နှင့်သူ့တပည့်လည်း ရှောက်ရှိလာခဲ့ကြ၏။
“စီနီယာအစ်ကိုကြီး ညီမလေးတို့နိုင်ခဲ့လား” ပိလင်းကျိ အလောတကြီးမေးလိုက်သည်။
“ငါတို့ နိုင်ခဲ့တယ်” ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်၏။
အန္တရာယ်များရှိသေးကြောင်းကိုတော့ အခြားသူများကို အသိပေးစရာ မလိုပေ။
အားလုံး၀မ်းသာပျော်ရွှင်နေကြချိန်တွင် စန်းစုန့်အလောင်းများကို သတိပြုမိသွားခဲ့သည်။
ထိုအထဲတွင် သူအရင်ကကြားခဲ့ဖူးသောစီနီယာများလည်း ပါနေသောကြောင့် သူအနည်းငယ်ပူဆွေးသွားသလို ခံစားလိုက်ရ၏။
ဒါပေါ့ ထိုပူဆွေးမှုက အနည်းငယ်သာဖြစ်ပြီး သူ့နှလုံးသားထဲတွင်တော့ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်အခုသူက အဇူရာတိမ်ဂိုဏ်းသားဖြစ်နေပြီဖြစ်ပြီး အဇူရာတိမ်ဂိုဏ်းက ဤစစ်ပွဲကို အနိုင်ရခဲ့ခြင်း ဖြစ်၏။
သို့သော် လက်ရှိအခြေအနေများအရ ဤနိုင်ပွဲက အစသာရှိသေးမှန်း စန်းစုန့် ကောင်းကောင်းကြီး နားလည်နေခဲ့သည်။
ဒါပေမယ့် ဤတစ်ကြိမ်တောင်မနိုင်လျှင်လည်း သူတို့တွင် နောက်တစ်ကြိမ်ဆိုတာ ရှိလာတော့မည် မဟုတ်ပေ။
“ဂိုဏ်းချုပ် ကျွန်တော်တို့ရှေ့ဆက်ပြီး ဘာတွေစီစဉ်ကြမလဲ” စန်းစုန့် မေးလိုက်၏။
ချင်းယွင်ကျိ ပတ်ပတ်လည်ကို အေးအေးဆေးဆေးတစ်ချကဝေ့ကြည့်လိုက်ကာ ပြောလိုက်သည်။
“အခုက သူတို့စိတ်ပူရမယ့် အလှည့်ပဲ”
မိစ္ဆာ ၁၅ကောင်၏ ခြိမ်းခြောက်မှုဆိုသည်မှာ အလွယ်တကူ လျစ်လျူရှုထား၍ရသော အရာမျိုး မဟုတ်ပေ။
ယခုအချိန်တွင် ကမ္ဘာပေါ်ရှိထိပ်တန်းဂိုဏ်းတိုင်း ကြောက်ရွံ့နေမှာ သေချာ၏။
အရေးပွဲအစည်းအဝေးလုပ်ပြီးသည့်နောက်တွင် ဂိုဏ်းကြီးတိုင်းက အဇူရာတိမ်ဂိုဏ်းသို့ ကိုယ်စားလှယ်များစေလွှတ်ရန် သဘောတူခဲ့ကြသည်။
ဂိုဏ်းတစ်ဂိုဏ်းချင်းစီက သူတို့အောက်ခြေစည်းများကို သတ်မှတ်လိုက်ကြပြီး တစ်ဂိုဏ်းကို တာအိုပေါင်းစည်းခြင်းတစ်ယောက်ဆီ စေလွှတ်လိုက်ကြ၏။
ထိုကိုယ်စားလှယ်များကတော့ ကြောက်လန့်နေခဲ့ကြသည်။
ဤခရီးက အပြန်လမ်းမရှိသော ခရီးမျိုးလည်းဖြစ်သွားနိုင်၏။
အဇူရာတိမ်ဂိုဏ်းက သူတို့ကို မိစ္ဆာစာကျွေးမပစ်နိုင်ဘူးဟု ဘယ်သူမှ အတတ်မပြောနိုင်ပေ။
တာအိုပေါင်းစည်းခြင်းအဆင့်များ ရက်အနည်းငယ်အတွင်း ဆွေးနွေးညှိနှိုင်းရန် အဇူရာတိမ်ကုန်းမြေတိုက်ကြီး အပြင်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာတွင် သူတို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၀င်ခွင့်တောင်းခံနေခဲ့ကြခြင်း ဖြစ်၏။
၀င်ခွင့်ရပြီးသည့်နောက်တွင်တော့ သူတို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ပျံသန်း၀င်ရောက်လာခဲ့ကြသည်။
သို့သော် အရင်လို မောက်မောက်မာမာတော့ မပြုမူဝံ့တော့ပေ။
…..
အဇူရာတိမ်ဂိုဏ်းဘက်ခြမ်းတွင် ကျန်းယန် လင်းယွင်ကျိကို တောင်ဂိတ်တံခါးဆီ သွားစောင့်ခိုင်းထားခဲ့ပြီး ထိုတာအိုပေါင်းစည်းခြင်းအဆင့်များကို လင်းယွင်ကျိ ကိုယ်တိုင် ကြိုဆိုစေခဲ့၏။
ထိုကိုးယောက်ထဲတွင် ကွေ့ယွမ်ဘုရားကျောင်းက ကျင်းရှန်လို အရင်က လာခဲ့ဖူးသူများလည်း ပါနေခဲ့သည်။
ထိုသူများသည် ကျန်းယန် သူတို့ကို အရင်တစ်ခေါက်ကလိုဆက်ဆံမှာ စိတ်ပူနေပြီး အနိုင်ကျင့်ခံနိုင်ဖို့လည်း စိတ်ကို ကြိုတင်ပြင်ဆင်လာခဲ့ကြ၏။
လင်းယွင်ကျိ ကိုယ်တိုင် သူတို့ကိုကြိုဆိုတာမြင်မှသာ သူတို့စိတ်အေးသွားခဲ့ကြသည်။
ကံကောင်းစွာဖြင့် အဇူရာတိမ်ဂိုဏ်းသည် အနည်းငယ်တော့ သိတတ်နေသေး၏။
သို့သော် တာအိုပေါင်းစည်းခြင်းအဆင့်ကိုးယောက် အဇူရာတိမ်ခန်းမထဲတွင် ကိုယ်စီနေရာယူပြီးနောက်တွင်တော့ တစ်ခုခုမှားနေပြီဖြစ်မှန်း သိရှိသွားခဲ့သည်။
နောက်ဆုံးတစ်ခေါက်တုန်းက အနည်းဆုံးတော့ သာမန်အရွက်များဖြင့်ပြုလုပ်ထားသည့် ရေနွေးကြမ်းရှိနေသေးသော်လည်း ဒီတစ်ခေါက်တော့ ဘာမှရှိမနေတော့ပေ။
ထို့ေနာက် အဇူရာတိမ်ဂိုဏ်းဘက်ခြမ်းတွင် ကျန်းယန်နှင့်လင်းယွင်ကျိတို့ ပေါ်လာခဲ့ကြ၏။
ချင်းယွင်ကျိနှင့်ကြောက်စရာမိစ္ဆာများကိုတော့ မတွေ့ခဲ့ရပေ။ ထိုအချက်ကပင် တာအိုပေါင်းစည်းခြင်းအဆင့်များကို ပိုပြီး မသက်မသာဖြစ်နေစေခဲ့သည်။ ထိုမိစ္ဆာများ ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက်လိုက်မှာကို သူတို့ကြောက်ရွံ့နေခဲ့ကြ၏။
ကျန်းယန်အားလုံးကိုတစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။
“ဂုဏ်သရေရှိစီနီယာတို့ ကျွန်တော့်ဆရာနဲ့ အခြားသူတွေက မိစ္ဆာတွေကိုဖိနှိပ်ရင်း အလုပ်ရှုပ်နေလို့ ဒီညှိနှိုင်းမဲ့ကိစ္စကို ကျွန်တော်နဲ့ထားခဲ့လိုက်တာပါ
ကျွန်တော့်ကျင့်ကြံခြင်းက စီနီယာတို့ထက်အများကြီးနိမ့်ကျပါတယ်
အဲ့တာကြောင့် ကျွန်တော်များ ပြောမှားဆိုမှားရှိသွားခဲ့ရင် စီနီယာတို့ကျွန်တော့်ကို ရိုက်တော့မရိုက်ဘူးမလား”
တာအိုပေါင်းစည်းခြင်းအဆင့်များ အံကြိတ်ထားလိုက်ကြကာ တွေးနေခဲ့သည်။
မင်းမှာသာ အဲ့ဒီလိုစွမ်းအားကြီးဆရာတစ်ယောက်ရှိမနေရင် ငါတို့မင်းကို အခုချက်ချင်း ရိုက်သတ်ပြီးနေပြီကွ!