အခန်း (၂၅၅)
Vol. 24 Ch. 255,
အပိုင်း(၂၅၅)
ညှိနှိုင်းရေးပညာရှင်
“တာအိုမိတ်ဆွေလေးကတော့ နောက်နေပြန်ပါပြီ ကိုယ်တော်တို့ ဒီတစ်ခေါက်လာတာက ခင်ခင်မင်မင်ရင်းရင်းနှီးနှီးဆွေးနွေးကြဖို့ပါ” ဘုန်းတော်ကြီးကျင်းရှန်ပြုံး၍ပြောလိုက်သည်။
“ဒါပေမယ့် ဒီကိစ္စက အရမ်းအရေးကြီးတော့ ဂိုဏ်းချုပ်ချင်းယွင်လာရင် ပိုမကောင်းဘူးလား”
“ကျွန်တော့်ဆရာမှာ အချိန်မရှိဘူး” ကျန်းယန် ခေါင်းယမ်းကာ ပြောလိုက်၏။
“မိစ္ဆာတွေကိုလွှတ်ပေးလိုက်တာလို့ စီနီယာတို့က ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ မိစ္ဆာတွေက တစ်ချိန်လုံးဆရာ့ဖိနှိပ်မှုအောက်မှာပဲ ရှိနေတာပါ သူကိုနည်းနည်းလေးတောင် အနှောင့်အယှက်ပေးလို့မဖြစ်ဘူး မဟုတ်ရင် ပြဿနာကြီးတွေတက်သွားလိမ့်မယ်”
တာအိုပေါင်းစည်းခြင်းအဆင့်များ ဆွံ့အသွားခဲ့ကြသည်။ အကယ်၍ ချင်းယွင်ကျိကသာ တကယ်ကြီး မိစ္ဆာ ၁၅ကောင်ကို တစ်ယောက်တည်းဖြင့် ထိန်းချုပ်နိုင်ခဲ့လျှင် သူ့ကို ဤကမ္ဘာပေါ်ကအသန်မာဆုံး ပုဂ္ဂိုလ်ဟု ခေါ်ခြင်းကပင် လုံလောက်နေတော့မည် မဟုတ်ပေ။
ထိုကဲ့သို့သောခွန်အားမျိုးက အစစ်အမှန်အမတတစ်ပါးတွင်သာ ရှိနိုင်သော ခွန်အားမျိုးသာ ဖြစ်၏။
“ကျွန်တော့်ဆရာက ဂိုဏ်းကိစ္စအားလုံးကို ကျွန်တော့်လက်ထဲလွှဲထားခဲ့ပါတယ် ဘာကိစ္စပဲဆွေးနွေးချင်ချင် ကျွန်တော်နဲ့ဆွေးနွေးလို့ရပါတယ် ကျွန်တော့်အမြင်က အဇူရာတိမ်ဂိုဏ်းကို ကိုယ်စားပြုပါတယ်” ကျန်းယန် ဆက်ပြောလိုက်သည်။
ကျင်းရှန် သူတို့နောက်ဆုံးအကြိမ်အဇူရာတိမ်ဂိုဏ်းဆီလာခဲ့သော အချိန်ကို သတိရသွားခဲ့၏။ကျန်းယန်သည် တကယ်ကြီး ဂိုဏ်းကိစ္စများကို ကိုင်တွယ်သူ ဖြစ်ပေသည်။
သူထပ်မငြင်းတော့ဘဲ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြုံး၍ပြောလိုက်၏။
“ဒီတစ်ခေါက် ကိုယ်တော်တို့ဂိုဏ်းတွေနဲ့ အဇူရာတိမ်ဂိုဏ်းကြားထဲမှာ အထင်လွဲစရာကိစ္စလေးတွေ ရှိသွားခဲ့တယ်လေ ကိုယ်တော်တို့ဂိုဏ်းတွေရဲ့ စီနီယာတွေက အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ မဆင်မခြင် ၀င်သွားခဲ့ကြတယ်…ဒါပေါ့ တာအိုမိတ်ဆွေလေးနားလည်မှာပါ အဲ့ဒီစီနီယာတွေရဲ့ ကျင့်ကြံခြင်းက နက်ရှိုင်းလွန်းတယ်လေ အဲ့တာကြောင့် ကိုယ်တော်တို့လည်း သူတို့ကို မတားရဲခဲ့ဘူး ကိုယ်တော်တို့ ဒီတစ်ခေါက်လာခဲ့တာက ဒကာလေးတို့ဂိုဏ်းက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုအမြင်ရှိသလဲ သိချင်လို့ပါ”
သူတို့သည် လျော်ကြေးပေးဖို့ပြင်ဆင်ထားပြီးဖြစ်သော်လည်း ဤကိစ္စကို အမြင်တစ်မျိုးဖြင့် ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းချင်ကြသေး၏။
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“ဘာအမြင်ရယ်လို့မှတော့ မရှိပါဘူး
အဇူရာတိမ်ဂိုဏ်းက သတိပေးချက်ထုတ်ထားပြီးသားကို သူတို့က ကျူးကျော်လာတယ်လေ အဲ့တာကြောင့် သူတို့ကိုသတ်ပစ်လိုက်ရုံပါပဲ
သူတို့သေသွားတော့ သူတို့ကျန်ခဲ့တဲ့စိတ်ဝိညာဉ်ရတနာတွေက အဇူရာတိမ်ဂိုဏ်းရဲ့အုတ်မြစ်ကို ပိုတောင်အားကောင်းလာစေသေးတယ်
သူတို့ကျူးကျော်တဲ့ကိစ္စကို ဖြေရှင်းပြီးပြီပဲထားလိုက်ပါတော့
နောက်ဆုံးတော့ သူတို့အသက်နဲ့ပြန်ပေးဆပ်ပြီးသွားပြီပဲလေ ဘာဆက်လုပ်စရာ လိုနေဦးမှာလဲ”
တာအိုပေါင်းစည်းခြင်းအဆင့် ၉ ယောက် ကျန်းယန်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့၏။
ဤကိစ္စကိုအခုလောက်လွယ်လွယ်လေး ဖြေရှင်းလို့ရလိုက်ခြင်းပေလော။
“ဆိုတော့ တာအိုမိတ်ဆွေလေးဆိုလိုချင်တာက ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီလို့ ဆိုလိုချင်တာလား” လန်ကျားအထွတ်အမြတ်မြေမှ တာအိုပေါင်းစည်းခြင်းအဆင့် သတိထား၍ မေးလိုက်သည်။
ကျန်းယန်အဲ့လောက်လွယ်လွယ်သဘောတူလိုက်ခြင်းကို သူတို့မယုံကြည်နိုင်ဖြစ်နေခဲ့ကြ၏။
“ဖြေရှင်းမပြီးလို့ ဘာလုပ်ရမှာလဲ” ကျန်းယန် ပြန်ပြောလိုက်သည်။
“စီနီယာတို့မှာ အခြားအစီအစဉ်တွေ ရှိသေးလို့လား”
ဘုန်းတော်ကြီး ကျင်းရှန် အမြန်အားတင်း၍ ပြုံးလိုက်ကာ
“ကိုယ်တော်တို့ကလည်း တာအိုမိတ်ဆွေလေးရဲ့ စကားအတိုင်းပဲ သွားကြမှာပါ ဒီကိစ္စကပြီးသွားပြီနော် ကိုယ်တော်တို့ကလည်း ဒီကိစ္စကိုဆွေးနွေးဖို့ အဓိကလာကြတာဆိုတော့ အခုသွားလိုက်ပါဦးမယ်”
အခြားတာအိုပေါင်းစည်းခြင်းအဆင့်များလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထွက်ခွာသွားဖို့ ပြင်လိုက်ကြ၏။
သူတို့က ထိုကိစ္စနှင့်ပတ်သက်ပြီး ခေါင်းခဲနေကြခြင်းဖြစ်ပြီး အခုတော့ ထိုကိစ္စက အလွယ်လေး ပြေလည်သွားခဲ့သည်။
ကျန်းယန် မတ်တပ်ထရပ်ကာ ပြုံး၍ပြောလိုက်၏။
“စီနီယာတို့က ဒီကိစ္စကိုဆွေးနွေးဖို့ လာတာဆိုရင်တော့ ကျေးဇူးပြုပြီး ပြန်ကြပါတော့
အို့ ပြန်ရောက်ရင်တော့ ဂိုဏ်းသားတွေကိုသေချာစုစည်းထားပြီး ဂိုဏ်းရဲ့ အကာအကွယ်၀င်္ကပါကိုလည်း ဖွင့်ထားဦးနော်
ပြီးတော့ ကုန်းမြေတိုက်ကြီးပေါ်က သက်ရှိတွေကိုလည်း တတ်နိုင်သလောက်အဝေးကို ရွှေ့ပြောင်းပေးထားကြပါ ကျွန်တော်တို့ စလှုပ်ရှားရင် သူတို့ကိုဂရုစိုက်နေနိုင်မှာမဟုတ်ဘူး”
“ဘာ”
တာအိုပေါင်းစည်းခြင်းအဆင့်ကိုးယောက် ငေးကြောင်သွားခဲ့ကြ၏။
ထိုစကားများက ဘာကို ဆိုလိုနေပါသနည်း။
ကျန်းယန် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။
“ဘာမှားလို့လဲ
စီနီယာတို့ဂိုဏ်းက တာအိုပေါင်းစည်းခြင်းအဆင့်တွေ ကျူးကျော်လာတုန်းက ဘာသတိပေးချက်မှမပေးခဲ့လို့ ဒီကုန်းမြေတိုက်ကြီးပေါ်က သက်ရှိတွေ အများကြီး သေဆုံးခဲ့ရတယ်လေ
အခုကျွန်တော်ကတော့ စီနီယာတို့ကို ကြိုပြီးတောင် သတိပေးနေတာလေ အဲ့တာမှားလို့လား
ဒါမှမဟုတ် စီနီယာတို့နည်းလမ်းအတိုင်းပဲ မိစ္ဆာ ၁၅ကောင်ကို တိတ်တဆိတ်လွှတ်ပြီး သတ်ဖြတ်ခိုင်းလိုက်ရမှာလား
အာ ဟုတ်သားပဲ ကျွန်တော်အတွေးလွန်သွားတာ စီနီယာတို့က ပြင်ဆင်ထားဖို့မှမလိုဘဲ ကျွန်တော်တို့တိုကိခိုက်ဖို့ လာတာနဲ့ စီနီယာတို့သိမှာပဲကို”
ကျန်းယန် ထိုစကားကိုဟာသအဖြစ်ပြောလိုက်ခြင်းဖြစ်သော်လည်း တာအိုပေါင်းစည်းခြင်းအဆင့်များကတော့ မရယ်နိုင်ခဲ့ပေ။
ထိုနေရာတွင်သာ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ကြ၏။
ကျင်းရှန် အားတင်း၍ ပြုံးလိုက်ပြီးမေးလိုက်သည်။
“တာအိုမိတ်ဆွေလေးက ဒီကိစ္စပြီးသွားပြီလို့ ပြောခဲ့တယ်မလား”
ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။
“တာအိုေပါင်းစည်းခြင်းအဆင့်ပညာရှင်ေတွ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၀င်လာတဲ့ ကိစ္စကတော့ ပြီးသွားပါပြီ
ဒါပေမယ့် စီနီယာတို့ဂိုဏ်းတွေ အဇူရာတိမ်ဂိုဏ်းကို အနိုင်ကျင့်တဲ့ကိစ္စကရော
စီနီယာတို့သန်မာတုန်းကတော့ အဇူရာတိမ်ဂိုဏ်းက အဲ့ဒီအနိုင်ကျင့်မှုကို ခေါင်းငုံ့ခံခဲ့ရတယ် စီနီယာတို့ရဲ့ နတ်ဝိညာဉ်အဆင့်တွေ တာအိုပေါင်းစည်းခြင်းအဆင့်တွေက ဒီနေရာကို အများဆုံးအိမ်သာတစ်ခုလို သဘောထားပြီး ၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်းထွက် လုပ်ခဲ့ကြတယ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ပညာရှင်တွေတောင် ကုန်းမြေတိုက်ကြီးအပြင်မှာ စိတ်တိုင်းကျ လှည့်ပတ်သွားလာခဲ့ကြတယ်
အခုတော့ အဇူရာတိမ်ဂိုဏ်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဆရာရှိနေပြီ ပြီးတော့ အနည်းဆုံးမိစ္ဆာ ၁၅ကောင်လည်း ရှိနေပြီ
ကျွန်တော်တို့က အဲ့ဒီမိစ္ဆာ ၁၅ကောင်ကို စီနီယာတို့ရဲ့ကုန်းမြေတိုက်ကြီးတွေထဲ လျှောက်သွားခိုင်းလိုက်ရင်ရော
အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်လာမလဲဆိုတာတော့ ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး”
၀မ်လင်းဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့် အေးစက်စက် ပြောလိုက်၏။
“မင်းငါတို့ဆီက ဘာလိုချင်တာလဲ အဇူရာတိမ်ဂိုဏ်းက အများကြီးဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် မင်းတို့ ၀မ်လင်းကုန်းမြေတိုက်ကြီးဆီ မိစ္ဆာတွေလွှတ်လိုက်တုန်းကလည်း ငါတို့အများကြီး ဆုံးရှုံးခဲ့ရတာပဲ”
ကျန်းယန် အေးစက်စက်ရယ်မောလိုက်သည်။
“ခင်ဗျားမကျေနပ်ရင် ပြန်လိုက်လေ ကျုပ်တို့ထပ်တိုက်ခိုက်ကြမယ် ကျန်တဲ့စီနီယာတို့ ဘေးဖယ်နေကြပါ အရင်ဆုံး ဘာကိုမှမဆွေးနွေးရသေးခင် အဇူရာတိမ်ဂိုဏ်းနဲ့ ၀မ်လင်းဂိုဏ်းတို့ တိုက်ခိုက်ကြည့်ကြတာပေါ့”
၀မ်လင်းဂိုဏ်းကိုယ်စားလှယ်တုန်ရီလာပြီး အမြန်အားတင်း၍ ပြုံးကာ ပြောလိုက်၏။
“မလိုပါဘူး မိတ်ဆွေလေး အရာအားလုံးကဆွေးနွေးလို့ရပါတယ်”
မိစ္ဆာ ၅ကောင်နှင့်ပင် ၀မ်လင်းဂိုဏ်းက ကြီးကြီးမားမားဆုံးရှုံးခဲ့ရသည်။ အကယ်၍ မိစ္ဆာ ၁၅ယောက်ဆိုလျှင် သူတို့ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်ဆီးသွားရပေလိမ့်မည်။
အခြားကိုယ်စားလှယ်များလည်း ကျန်းယန်၏တင်းမာသော သဘောထားကိုကြည့်ပြီး နေရထိုင်ရ ခက်လာကြ၏။
ကြည့်ရသည်မှာ အဇူရာတိမ်ဂိုဏ်းသည် တမင်သက်သက် ဤကိစ္စအား ကျန်းယန်ကို ကိုင်တွယ်ခိုင်းထားခြင်း ဖြစ်ပုံပေါ်သည်။
ကျန်းယန်သူတို့ကိုတစ်ချက်ကြည့်ကာ အေးစက်စက်ပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းက လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကပ်ဘေးကိုစတင်ခံစားခဲ့ရတယ် နောက်ပိုင်းနှစ်တွေမှာ စီနီယာတို့ဂိုဏ်းတွေက အဇူရာတိမ်ဂိုဏ်းကိုကူညီဖို့ ပညာရှင်တွေလွှတ်ပေးခဲ့တာကို ကျွန်တော်သိပါတယ် အချို့ဆို မိစ္ဆာတွေကို ဖိနှိပ်ရင်း အသက်ပေးခဲ့ကြရတယ်
အဲ့ဒီအတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်၅၀၀တုန်းက အဇူရာတိမ်ဂိုဏ်းစတင်ကျဆင်းလာချိန်ကစပြီး စီနီယာတို့က အဇူရာတိမ်ဂိုဏ်းအပေါ် သဘောထားပြောင်းလာခဲ့တယ်
မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ ၀င်မပါတော့ရုံသာမကဘဲ အဇူရာတိမ်ဂိုဏ်းကိုပါ အကောက်ကြံခဲ့ကြတယ်
လွန်ခဲ့တဲ့နှစ်သုံးရာတုန်းကဆိုရင် ကျွန်တော်တို့ ဂိတ်တံခါးထိလာတိုက်ခိုက်ခဲ့ကြတယ် စီနီယာတို့ကို မောင်းထုတ်ဖို့ ဂိုဏ်းအကြီးအကဲတွေက အသက်နဲ့ရင်းခဲ့ကြရတယ်
ဒီနေ့ နှစ်သုံးရာကြာတော့ စီနီယာတို့က နောက်တစ်ကြိမ် တိုက်ရိုက်တိုက်ခိုက်ကြပြန်ပြီ
တာအိုပေါင်းစည်းခြင်းအဆင့် ၂၇ယောက်နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၀ယောက်
အားလုံးက အဇူရာတိမ်ဂိုဏ်းကို ရှင်းလင်းပစ်ဖို့လာခဲ့ကြတာ
ဒါတောင် ဒီကိစ္စကိုလွယ်လွယ်လေး ဖြေရှင်းလို့ရမယ်လို့ ထင်နေကြတုန်းလား”
ရှို့ယိဘုရားကျောင်းမှယွင်စုန့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါတို့က အခု အဲ့ဒီကိစ္စကိုဖြေရှင်းဖို့ရောက်လာတာပါပဲ ဝေ့မနေပါနဲ့တော့ မင်းအခြေအနေကိုပြောလိုက်”
“အရမ်းကောင်းတယ်” ကျန်းယန် ထိုင်နေရင်းအေးအေးဆေးဆေးပြောလိုက်သည်။
“စီနီယာတို့က လွန်ခဲ့တဲ့နှစ်ငါးရာတုန်းက စတင်အကောက်ကြံခဲ့ကြတာဆိုတော့ တစ်နှစ်ကို စိတ်ဝိညာဉ်ကျောက်တုံး သန်း၁၀၀နှုန်းနဲ့တွက်မယ်
နှစ်ငါးရာဆိုတော့ စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံ
တာအိုပေါင်းစည်းခြင်းအဆင့် ၉ယောက်၏ အမူအရာများ ပြောင်းလဲသွားခဲ့ကြ၏။
ဘီလီယံ ၅၀ဆိုလျှင် သူတို့ဂိုဏ်းတစ်ဂိုဏ်းချင်းစီအတွက် ၅ဘီလီယံ ကျော်လောက် ကျနေပေလိမ့်မည်။
ကျန်းယန် သူတို့ကိုတစ်ချက်ကြည့်လိုက်သည်။
“အားလုံးပေါင်း ၅၀ ဘီလီယံ မဟုတ်ဘူးနော် တစ်ဂိုဏ်းကို ၅၀ ဘီလီယံ ”
တာအိုပေါင်းစည်းခြင်းအဆင့် ၉ ယောက် ထရပ်လိုက်မိကြ၏။
ဘာကြီးလဲ မင်းက ညှိနှိုင်းဖို့ကြိုးစားနေတာတောင် ဟုတ်သေးလား!
ကောင်းပြီလေ!
အားလုံးပုံအောပြီး စစ်ပဲတိုက်လိုက်ကြတာပေါ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဘိုးဘေးတိုင်းကို ခေါ်ကြမယ် ပြီးရင် ဘယ်သူကနောက်ဆုံးမှာ ရှင်ကျန်နိုင်မလဲ ကြည့်ကြတာပေါ့!