နတ်ဘုရားအသွင်ပြောင်းအဆင့် တိုက်ခိုက်ရေးပါရမီရှင်(၂)။
Vol. 43 Ch. 472
"သေချာတာကတော့ အဲဒီ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေ တမင်သက်သက် လုပ်တာပဲ..."
"သူတို့က အတွင်းထဲက တားမြစ်အစီအရင်ကို ဖျက်ဆီးပြီး နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေထဲက နတ်ဆိုးတွေကို လွှတ်ပေးချင်နေတာ..."
"ဘာပဲပြောပြော ချန်လန်ပင်လယ်ဒေသမှာ ငါတို့ လူသားမျိုးနွယ်စုက အရှင်သခင်လုပ်နေတာလေ..."
"တကယ်လို့ တစ်ခုခု ဖြစ်လာလို့... နတ်ဆိုကပ်ဘေး ဖြစ်လာရင်လည်း သေချာပေါက် ငါတို့ လူသားမျိုးနွယ်စုကပဲ ခေါင်းနဲ့ရင်းပြီး ခံရမှာ..."
စကားပြောလိုက်သူမှာ ရွှမ်ယင်ဂိုဏ်း၏ ဂိုဏ်းချုပ် စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင် ဖြစ်ပြီး သူသည်လည်း ဒေါသအထွတ်အထိပ် ရောက်နေလေသည်။
သူသည် ဤတစ်ကြိမ်တွင် ရေတိမ်နစ်လုနီးပါး ဖြစ်ခဲ့ပြီး၊ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေထဲတွင်ပင် သေဆုံးသွားနိုင်ခဲ့ကြောင်း လုံးဝ မထင်ထားခဲ့မိပေ။
အဘယ်ကြောင့်ဆိုသော် အတွင်းထဲမှ ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုးများ၊ သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများသာ လွတ်မြောက်လာပါက၊ သူ၏ ကျင့်ကြံမှုဖြင့် ဆိုလျှင်ပင် ဤတစ်ကြိမ် သေချာပေါက် သေလမ်းသာ ရှိပေမည်။
ထို့ကြောင့် ပင်လယ်မျိုးနွယ်စုအပေါ် သူ၏ အမုန်းတရားသည် မြစ်သုံးစင်း၏ ရေဖြင့်ပင် ဆေးကြော၍ မရနိုင်လောက်အောင် ဖြစ်နေချေသည်။
"တကယ့်ကို ကိုယ့်မျိုးနွယ် မဟုတ်ရင် စိတ်သဘောထားက ကွဲပြားနေတာပဲ..."
"ကံကောင်းလို့ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေမှာ ငါတို့ လူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတွေ ချန်ထားခဲ့တဲ့ ကာကွယ်ရေး ယန္တရား ရှိနေသေးလို့..."
"မဟုတ်ရင် ငါတို့အားလုံး အထဲမှာ သေကုန်ကြပြီ..."
"ဒီ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေက ကမ္ဘာချင်း ပေါင်းစပ်ခါနီးပြီမို့လို့၊ အနာဂတ် ကျင့်ကြံခြင်းလောကက နတ်ဆိုးမျိုးနွယ်စုရဲ့ ကမ္ဘာ ဖြစ်လာတော့မယ် ဆိုပြီး ဒီလောက်တောင် အတင့်ရဲလာကြတာလား... ငါတို့ တကယ်ပဲ အထင်သေးခံလိုက်ရတာပဲ..."
"ဒီတစ်ခါ ငါတို့ မဖြစ်မနေ လက်စားချေရမယ်... ဒီ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေကို ငါတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းရဲ့ အစွမ်းပြရမယ်..."
ဟေးရှားနန်းတော်၏ သခင် ပင်လယ်ခွင်းမိစ္ဆာဘုရင်သည်လည်း သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။
သူသည် မူလက ပင်လယ်မျိုးနွယ်စုနှင့် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း၊ ဤတစ်ကြိမ်တွင် ပင်လယ်မျိုးနွယ်စုက သူ့ကိုပါ သတ်ချင်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထင်ရှားသည်မှာ ပင်လယ်မျိုးနွယ်စုသည် လူသားမျိုးနွယ်စုကို မျိုးဖြုတ်ချင်သည့် စိတ်ဆန္ဒ မပျောက်ပျက်သေးပေ။
သူသည် မိစ္ဆာလမ်းစဉ်ဂိုဏ်း ကျင့်ကြံသူ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် လူသားမျိုးနွယ်စု ဖြစ်သည်။
သဘာဝကျကျပင် ပင်လယ်မျိုးနွယ်စု၏ မျက်လုံးထဲက ဆူး၊ အသားထဲက လောက် ဖြစ်လာရသည်။
"ပြောတာ မှန်တယ်... မဟုတ်ရင် ငါတို့ကို တကယ်ပဲ ငစနူလေးတွေလို့ ထင်နေကြလိမ့်မယ်..."
"ကမ္ဘာ့တံခါးပေါက် အပြည့်အဝ မဖြစ်ပေါ်ခင် ဒီ ပင်လယ်မျိုးနွယ်စု အတွင်းရန်သူတွေကို အရင် ရှင်းလင်းပစ်ရမယ်..."
"ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာက မိစ္ဆာသားရဲကျင့်ကြံသူတွေ ကျူးကျော်ဝင်ရောက်လာတဲ့အခါ အတွင်းအပြင် ပေါင်းပြီး ငါတို့ကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေနိုင်တယ်..."
"ဂိုဏ်းချုပ်ချန်... ခင်ဗျား ဘယ်လိုမြင်လဲ မသိဘူး..."
ရွှမ်ယင်ဂိုဏ်း ဂိုဏ်းချုပ် စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင်လည်း ဒေါသထွက်နေပြီး၊ သူနှင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူများကြားတွင် သွေးပင်လယ် ပမာဏရှိသော ရန်ငြိုးရန်စ ရှိနေပြီ ဖြစ်သည်။
လက်စားမချေရလျှင် သူသည် စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင် မဟုတ်တော့ပေ။
"ကျွန်မကတော့ သေချာပေါက် လက်နှစ်ဖက်မြှောက်ပြီး ထောက်ခံပါတယ်..."
"ပင်လယ်မျိုးနွယ်စုက တကယ်ပဲ အရမ်း မောက်မာလွန်းတယ်... သူတို့ကို အရင်ဆုံး အထိနာအောင် လုပ်လိုက်တာက အနာဂတ် စစ်ပွဲအတွက်လည်း ကောင်းတဲ့ကိစ္စပါပဲ..."
"ပြည်ပရန်ကို နှိမ်နင်းမယ်ဆိုရင် ပြည်တွင်းရန်ကို အရင် ရှင်းရမယ် ဆိုတာ အမှန်ပဲ..."
ချန်ဇီယွင်ကလည်း သဘာဝကျကျ ငြင်းပယ်ရန် ဆန္ဒမရှိပေ။
သို့သော် ယခုအချိန်တွင် သူမ၏ စိတ်အာရုံသည် နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေထဲသို့ စောစီးစွာကပင် ရောက်ရှိနေပြီး၊ ရင်ထဲတွင် အလွန်တရာ ရှက်ရွံ့ဒေါသထွက်နေမိသည်။
ဒီခွေးကောင်ကတော့လေ တကယ့်ကို မိန်းမလှလေးကို တယုတယ မကြင်နာတတ်ဘူးပဲ… ဟွန့်…။
ကိုယ့်ဘက်က ဒီလောက်တောင် အရိပ်အမြွက် ပြနေတာကိုတောင် လစ်လျူရှုရက်တယ်လား… တကယ်ကို မုန်းစရာ ကောင်းလိုက်တာနော်…။
အခုဆိုရင်လည်း ကြည့်… ဘာမှမပြောမဆိုနဲ့ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေထဲကနေ တိုက်ရိုက် ရွှေ့ပြောင်းပေးလိုက်တယ်…။
သက်မဲ့အရုပ်တစ်ခုလိုမျိုး ငါ့ကို ပစ်ထုတ်လိုက်တာများ… တကယ်ကို ပိုင်စိုးပိုင်နင်းနဲ့… ဟွန့်…။
ဒါပေမဲ့ ဘာလို့မှန်းတော့ မသိဘူး…၊ ဒီယောက်ျား ဒီလောက် ဗိုလ်ကျသလို ဒီလောက် ရိုင်းစိုင်းပေမယ့်…. ဟင့်…။
ငါလေ… ဒီယောက်ျားအပေါ် ဘာရွံရှာစိတ်မှ မဖြစ်မိတဲ့အပြင် ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာမိတယ်….။
ဤသည်မှာ သူမ အသက် ခုနစ်ရာကျော် ရှင်သန်လာခဲ့သည် သက်တမ်းတစ်လျှောက်လုံး တစ်ခါမှ မခံစားဖူးသော ခံစားချက်မျိုးပင်။
ဤအခိုက်အတန့်တွင် မိမိ၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေသလို ခံစားရပြီး အချစ်စိတ်ဝင်နေသော အပျိုဖြန်းလေးတစ်ယောက်လို ဖြစ်နေမိချေသည်။
"ကောင်းပြီ... ဂိုဏ်းချုပ်ချန် သဘောတူမှတော့ ဒီတစ်ခါ ငါတို့ မိစ္ဆာလမ်းစဉ်ဂိုဏ်းကြီးသုံးခု ပေါင်းစည်းပြီး..."
"သေချာပေါက် ပင်လယ်မျိုးနွယ်စုကို သေကျေပျက်စီးမှု များပြားစေရမယ်..."
ရွှမ်ယင်ဂိုဏ်း ဂိုဏ်းချုပ် စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာဘုရင်သည် ချန်ဇီယွင်၏ မျက်နှာအမူအရာကို ကြည့်လိုက်ပြီး သူ့ရင်ထဲတွင်လည်း တိတ်တဆိတ် အံ့သြနေမိသည်။
‘ဒီမိန်းမက ဘာဖြစ်နေတာလဲ.. ရုတ်တရက်ကြီး အချစ်စိတ်ဝင်နေတဲ့ မိန်းမပျိုလေးပုံစံ ပေါက်နေပြီးတော့ ယောက်ျားတစ်ယောက်ယောက်ကို ချစ်မိသွားသလို ဖြစ်နေတယ်…’
‘ဒါပေမဲ့ ဒီလို မျက်နှာထားမျိုးက သေချာပေါက် အတုပဲ ဖြစ်မှာ… ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်… နာမည်ကျော်ကြားတဲ့ မူယာတစ်သိန်းမိစ္ဆာမက ဘယ်လိုလုပ် ဒီလိုမျက်နှာထားမျိုး လုပ်ပြနေမှာတုန်း…’
‘ဒီမိန်းမ ကျင့်ကြံတဲ့ ကောင်းကင်မိစ္ဆာကျင့်စဉ် စွမ်းအားက ပိုပြီး ကြောက်စရာ ကောင်းလာပြီလို့ပဲ ပြောရမယ်.. လှုပ်ရှားမှုတိုင်းက သဘာဝကျကျ ဖြစ်ပေါ်နေပြီးတော့ လူ့စိတ်ကို ဖမ်းစားနိုင်တာကြီးက အတုအစစ် ခွဲခြားဖို့ တော်တော့်ကို ခက်လာပြီ…’
ဤအကြောင်းကို တွေးမိပြီးနောက် သူသည် ဤအမျိုးသမီးကို ပိုမို သတိထားမိလာတော့သည်။
"ဒါပေမဲ့ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေက ဘယ်လိုလုပ်မလဲ..."
"ငါတို့က မနည်းဝင်ခွင့်ရထားတဲ့ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေကို အခု ဒီလောက် မြန်မြန် ထွက်လာရတော့တာလား..."
"ဘာအကျိုးအမြတ်မှလည်း မရလိုက်ဘူး..."
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအချို့က ညည်းတွားလိုက်သည်။
"အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာပဲ ကံကောင်းနေပြီ... ဘာတွေ မျှော်လင့်နေဦးမှာလဲ..."
"ဒီတစ်ခါ နတ်ဆိုးတွေ သောင်းကျန်းတာ အချိန်သိပ်မကြာဖို့နဲ့.. အတွင်းထဲက နတ်ဆိုးတွေ ထွက်မလာဖို့ပဲ ဆုတောင်းရမယ်..."
ဟေးရှားနန်းတော် သခင် ပင်လယ်ခွင်းမိစ္ဆာဘုရင်က စိုးရိမ်ပူပန်နေမိသည်။
ဤစကားကို ကြားသောအခါ ချန်ဇီယွင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူမသည် ဤကိစ္စ၏ ဖြစ်စဉ်အစအဆုံးကို သဘာဝကျကျ သိရှိနေသည် မဟုတ်ပါလော။ သူမတို့ ကျင့်ကြံသူများ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေမှ ထွက်ခွာနိုင်ခဲ့ခြင်းမှာ ထိုအမျိုးသား၏ လက်ချက်ပင် ဖြစ်သည်။
ထိုအမျိုးသား၏ စွမ်းရည်အရ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေထဲမှ နတ်ဆိုးများကို သေချာပေါက် မျိုးဖြုတ်ပစ်နိုင်လိမ့်မည်ဟု သူမ ထင်မြင်မိသည်။
သို့သော် ထိုအမျိုးသားက မည်သည့်အချိန်တွင် နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေ၏ ထိန်းချုပ်ခွင့်ကို ရရှိသွားခဲ့သည် ဆိုသည်ကို သူမ မသိရှိပေ။
‘မဟုတ်မှလွဲရော ဒီအမျိုးသားက အစကတည်းက လိမ်ညာနေခဲ့တာလား…’
အမှန်တကယ်တော့ သူက တမင်သက်သက် နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေကို လာခဲ့တာ၊ မတော်တဆ ရောက်လာတာ မဟုတ်ဘူးပဲ… ဟမ့်…။
ဤအကြောင်းကိုတွေးမိပြီးနောက် သူမ ပိုပြီး စိတ်လှုပ်ရှားလာတော့သည်။
ထိုအမျိုးသားက ပိုစွမ်းအားကြီးလေ၊ ပိုလျှို့ဝှက်ဆန်းကြယ်လေ…
အနိုင်ယူရခြင်းသည် ပိုမို၍ အောင်မြင်မှု ခံစားရလေပင် ဖြစ်၏။
…………
ဤအချိန်တွင် နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေထဲ၌...။
စောစောက ကျိုးစွေ့သည် နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေ၏ တားမြစ်အစီအရင်ကို အသုံးပြုပြီး လူသားကျင့်ကြံသူ အားလုံးကို ရွှေ့ပြောင်းပေးလိုက်ပြီ ဖြစ်သည်။
ကြီးမားကျယ်ပြန့်သော နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေထဲတွင် နတ်ဆိုးအများအပြားသာ ကျန်ရှိတော့သည်။
"စလိုက်ကြစို့..."
ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားသော ပဉ္စမအဆင့် ထိပ်တန်းအစီအရင် မြောက်ပိုင်းကြယ်ခုနစ်ပွင့် နတ်ဆိုးသတ်အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
ဝုန်း...
ကောင်းကင်ယံထက်တွင် ကြီးမားသော ကြယ်ခုနစ်ပွင့်သည် ချက်ချင်း ပေါ်ထွက်လာပြီး ကြယ်တာရာများကြားတွင် နေရာယူကာ၊ နေမင်းခုနစ်စင်း တောက်ပနေသကဲ့သို့ အပြာရောင်အလင်းတန်းများ ဖြာထွက်နေပြီး အကန့်အသတ်ထိ တောက်ပနေလေသည်။
အဆုံးမဲ့သော ကြယ်တာရာစွမ်းအားများသည် ကောင်းကင်ယံထက်တွင် စုဝေးနေ၏။
မမြင်ရသော ကြယ်တာရာ အကာအရံတစ်ခုသည် လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ဘန်း… ဘန်း.. ဘန်း…
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ် တောက်ပသော အပြာရောင် ကြယ်တာရာ အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး၊ ကောင်းကင်ဘုံပြစ်ဒဏ်ကဲ့သို့ နတ်ဆိုးတစ်ကောင်စီတိုင်း၏ အရှိန်အဝါကို အသေမှတ်လိုက်လေသည်။
တစ်ခဏအတွင်းမှာပင် ထောင်သောင်းချီ ကျဆင်းလာပြီး၊ ကြယ်တံခွန်များ မရေမတွက်နိုင်အောင် ကျဆင်းလာသကဲ့သို့ ဖြစ်ကာ ကြောက်မက်ဖွယ် ဖျက်ဆီးရေးစွမ်းအားများကို ထုတ်လွှတ်လိုက်လေသည်။
ချက်ချင်းပင် အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်မျှော်စင် အနီးသို့ ချဉ်းကပ်လာသော နတ်ဆိုးအများအပြားသည် သေရေးရှင်ရေးအန္တရာယ်ကို ခံစားလိုက်ရသကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
သို့သော် ဤတစ်ချက်ကြည့်လိုက်ခြင်းသည် ထာဝရ ဖြစ်သွားပုံ ရလေသည်။
ဝုန်း...
ချက်ချင်းပင် ဤနတ်ဆိုးများသည် ကြယ်တာရာ အလင်းတန်းများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး မြေကြီးပေါ်တွင် ကြီးမားသော တွင်းနက်ကြီးများ ချက်ချင်း ပေါ်လာစေသည်။
ကျောက်ခဲများ လွင့်စင်ပြီး မီးခိုးငွေ့များ လိမ့်တက်လာတော့သည်။
ဒုံးကျည်အမြောက်အမြား ဗုံးကြဲချလိုက်သကဲ့သို့ပင်။
၎င်းတို့တွင် ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိချေ။ ခန္ဓာကိုယ် မည်မျှပင် သန်မာသည်ဖြစ်စေ၊ ကြယ်တာရာ စွမ်းအားများ၏ လွယ်ကူစွာ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။
နာရီဝက်ခန့် အကြာတွင် နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးသည် မြောက်ပိုင်းကြယ်ခုနစ်ပွင့် နတ်ဆိုးသတ်အစီအရင်၏ ပြင်းထန်စွာ ဖျက်ဆီးခြင်းကို ဒါဇင်ပေါင်းများစွာ ခံလိုက်ရပြီး၊ အခြေခံအားဖြင့် အသက်ရှင်ကျန်ရစ်သော နတ်ဆိုးတစ်ကောင်မျှ မရှိတော့ပေ။
ဤလျှို့ဝှက်နယ်မြေကမ္ဘာသည်လည်း ယခင် ငြိမ်းချမ်းမှုအတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။
နတ်ဆိုးအငွေ့အသက် အများအပြားသည်လည်း ဤအချိန်တွင် လုံးဝ ပျောက်ကွယ်သွားပြီး၊ နတ်ဆိုးသတ် လျှို့ဝှက်နယ်မြေမှ ထွက်ပေါ်လာကာ ဟင်းလင်းပြင်များထဲတွင် ပျော်ဝင်သွားကြသည်။
"အရမ်း စွမ်းအားကြီးတာပဲ..."
"ဒါက ပဉ္စမအဆင့် အစီအရင် မြောက်ပိုင်းကြယ်ခုနစ်ပွင့် နတ်ဆိုးသတ်အစီအရင်လား..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့သည်လည်း အံ့သြချီးကျူးမိလေ၏။
မူလက ဤနတ်ဆိုးများအားလုံးကို မျိုးဖြုတ်ပစ်ချင်ပါက အချိန်အမြောက်အမြား ကုန်ဆုံးရဦးမည် ဖြစ်သည်။
သို့သော် မြောက်ပိုင်းကြယ်ခုနစ်ပွင့် နတ်ဆိုးသတ်အစီအရင်၏ ရှေ့မှောက်တွင်မူ အလွန် လွယ်ကူစွာ မျိုးဖြုတ်ပစ်နိုင်ခဲ့သည်။
၎င်း၏ စွမ်းအား ကြီးမားမှုသည် ရိုးရိုးရှင်းရှင်းပင် ကြောက်ခမန်းလိလိ ဖြစ်သည်။
မည်သည့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူမဆို ဤပဉ္စမအဆင့် အစီအရင်၏ ရှေ့မှောက်တွင် အသက်ရှင်သန်နိုင်မည် မဟုတ်ဟု ထင်မြင်မိလေတော့သည်။