ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်း၊ ကျူးရှန်းဓားသိုင်းကို ကျင့်ကြံခြင်း(၃)။
Vol. 43 Ch. 476
နှစ်ပေါင်း (၂၀) ကြာပြီးနောက်...။
ကုယုံဂိုဏ်းကျွန်း၊ တိတ်ဆိတ်သော အခန်းတစ်ခု၌...။
ဤကျွန်းကို သိမ်းပိုက်ပြီးနောက်ပိုင်း ကျိုးစွေ့သည် ဤနေရာ၌သာ အဓိကထား ကျင့်ကြံခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ပဉ္စမအဆင့် ဝိညာဉ်ကြော ရှိသည် မဟုတ်ပါလော။
ကြယ်သုံးပွင့်ကျွန်းစု၏ စတုတ္ထအဆင့် ဝိညာဉ်ကြောနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ ပိုမို ကောင်းမွန်သည်။
ဤနည်းအားဖြင့် ကျင့်ကြံခြင်း အရှိန်အဟုန်သည် သဘာဝကျကျ ကြီးမားစွာ တိုးတက်လာခဲ့သည်။
"နှစ်ပေါင်း (၂၀) ကြာ ကျင့်ကြံပြီးနောက်... နောက်ဆုံးတော့ 'ကျူးရှန်းဓားသိုင်း'ကို တတ်မြောက်ခဲ့ပြီ..."
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ ရှေ့တွင် ဓားပျံတစ်ချောင်း ဝဲပျံနေကာ၊ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မမြင်နိုင်သော ဓားချီများ ပြန့်ကျဲနေပြီး ဓားအစီအရင်တစ်ခု ဖွဲ့စည်းထားသကဲ့သို့ ရှိနေချေသည်။
ဤကျင့်စဉ်ကို သင်ယူရန် အလွန် ခက်ခဲကြောင်း သိထားရပေမည်။
ရှေးယခင်က နတ်ဆိုးသတ်ဂိုဏ်းသည် ဤကျင့်စဉ်ကို အပိုင်းပိုင်း ခွဲခြားခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
အကယ်၍ အမှန်တကယ် သင်ယူလိုပါက ထူးခြားသော ခန္ဓာကိုယ်နှင့် အလွန်မြင့်မားသော ပါရမီမရှိလျှင် လုံးဝ မဖြစ်နိုင်ပေ။
သို့သော် 'စာအုပ်ကူ'၏ အကူအညီအောက်တွင် အချိန်ကြာမြင့်စွာ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ၌ ရှိနေခဲ့သဖြင့် 'ကျူးရှန်းဓားသိုင်း'ကို ကနဦး တတ်မြောက်ခဲ့ပြီး၊ ဤအတုမဲ့ကျင့်စဉ်၏ နက်နဲမှုကို နားလည်သဘောပေါက်ခဲ့သည်။
ထိုသို့ ဖြစ်လင့်ကစား သူသည် 'ကျူးရှန်းဓားသိုင်း'၏ ပထမဆုံး ဓားကွက်ဖြစ်သော 'သဏ္ဌာန်မဲ့ ဓားအလင်း'ကိုသာ သင်ယူနိုင်ခဲ့သည်။
ဤဓားကွက်ကို သင်ယူရန်ပင် မလွယ်ကူပေ။
ထုတ်ဖော်လိုပါက ဟင်းလင်းပြင်စွမ်းအား အနည်းငယ်နှင့် သတ်ဖြတ်ခြင်းဆန္ဒတို့ကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့နောက် ဟင်းလင်းပြင်စွမ်းအား၊ သတ်ဖြတ်ခြင်းဆန္ဒ၏ စွမ်းအားနှင့် ဓားချီတို့ကို တစ်သားတည်း ပေါင်းစပ်ကာ နောက်ဆုံးတွင် ပေါက်ကွဲထွက်ပေါ်စေပြီး 'သဏ္ဌာန်မဲ့ ဓားအလင်း'ကို ဖွဲ့စည်းရသည်။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ဤဓားချီသည် အရာအားလုံးကို ဖြိုခွင်းနိုင်ပြီး၊ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ရတနာဖြင့် ကာကွယ်ထားလျှင်ပင် ခုခံရန် ခက်ခဲကာ ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားစေနိုင်သည်။ သို့မဟုတ် အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်သည်။
ဟင်းလင်းပြင်စွမ်းအား၊ သတ်ဖြတ်ခြင်းဆန္ဒ၏ စွမ်းအားနှင့် ဓားချီစွမ်းအားတို့ကို ပေါင်းစပ်ထားသော ဓားတစ်ချက်၏ သတ်ဖြတ်နိုင်စွမ်းသည် ကြောက်ခမန်းလိလိ ကောင်းမွန်လှပြီး ဝိညာဉ်သန္ဓေသားအဆင့်၏ အသန်မာဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဟု ခေါ်ဆိုနိုင်ပေသည်။
ပိုမို ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းသည် ပုံသဏ္ဌာန်မဲ့ပြီး အသံလည်း မရှိပေ။
ဓားတစ်ချက် ဝင်ရောက်လာသည်နှင့် ရန်သူသည် လုံးဝ သတိမထားမိဘဲ ပိုင်းဖြတ်ခံလိုက်ရပြီး သေဆုံးသွားနိုင်သည်။
ထို့ကြောင့် 'ကျူးရှန်းဓားသိုင်း'ကို နားလည်သဘောပေါက်သော ဓားသိုင်းသမားသည် ဒုတိယဓားကွက်ကို ထုတ်ဖော်ရန် မလိုအပ်ပေ။
ပထမဓားကွက် တစ်ကွက်တည်းဖြင့်ပင် ရန်သူကို သတ်ဖြတ်ရန် လုံလောက်ပေသည်။
"'ကျူးရှန်းဓားသိုင်း'က အင်မော်တယ်ကျင့်စဉ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်... သတ္တမအဆင့်အထက် ကျင့်စဉ်တောင် ဖြစ်လောက်တယ်..."
"’ကျူးရှန်းဓားသိုင်း’လို့ နာမည်ပေးထားတာ အံ့သြစရာ မဟုတ်တော့ဘူး... အဆုံးစွန်ထိ ကျင့်ကြံရင် အင်မော်တယ်တွေကို တကယ် သတ်နိုင်မှာလား..."
(စကားချပ် - ကျူးရှန်း ဆိုတာ အင်မော်တယ်တွေကို စီရင်ခြင်း၊ သုတ်သင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။)
"'ကျူးရှန်းဓားသိုင်း'ရဲ့ စွမ်းအားကို ဆက်ပြီး မြှင့်တင်ချင်ရင် အမျိုးမျိုးသော သတ်ဖြတ်လိုစိတ်၊ မုန်းတီးစိတ်၊ ဒေါသစိတ် စွမ်းအားတွေကို စုပ်ယူဝါးမြိုဖို့ လိုအပ်တယ်..."
"ဒီစွမ်းအားတွေကို အသုံးပြုပြီး 'ကျူးရှန်းဓားသိုင်း'ထဲ ပေါင်းစပ်လို့ 'ကျူးရှန်းဓားချီ'ရဲ့ စွမ်းအားကို အဆက်မပြတ် မြှင့်တင်ရမယ်..."
"စုပ်ယူတဲ့ သတ်ဖြတ်လိုစိတ် များလေလေ... 'ကျူးရှန်းဓားချီ'ရဲ့ စွမ်းအားက ပိုပြီး ကြောက်စရာကောင်းလေ ဖြစ်လာမှာ..."
"ဒါကြောင့် 'ကျူးရှန်းဓားသိုင်း'ကို ကျင့်ကြံဖို့ အကောင်းဆုံးနေရာက စစ်မြေပြင်ပဲ..."
"သတ်ဖြတ်ခြင်းနဲ့ သတ်ဖြတ်လိုစိတ်တွေ နေရာအနှံ့ ပြည့်နှက်နေတဲ့ နေရာမျိုးကမှ 'ကျူးရှန်းဓားသိုင်း'ရဲ့ စွမ်းအားကို အရူးအမူး တိုးမြှင့်ပေးနိုင်မှာ..."
"အတိတ်တုန်းက နတ်ဆိုးသတ်ဂိုဏ်းတပည့်တွေက ဒီနည်းလမ်းနဲ့ 'ကျူးရှန်းဓားသိုင်း'ရဲ့ စွမ်းအားကို မြှင့်တင်ခဲ့ကြတာပဲ..."
"ရှေးဟောင်းခေတ်မှာ လူသားတွေ၊ နတ်ဆိုးတွေနဲ့ မိစ္ဆာသားရဲတွေကြား စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့... ကျင့်ကြံခြင်းလောက နေရာအနှံ့မှာ စစ်မြေပြင်တွေ ဖြစ်နေခဲ့တာ... တိုက်ပွဲတွေ မရှားသလို သတ်ဖြတ်လိုစိတ်တွေလည်း မရှားဘူး..."
"အဲ့ဒါကြောင့်လည်း နတ်ဆိုးသတ်ဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံခြင်းက တဟုန်ထိုး တိုးတက်နိုင်ခဲ့ပြီး တခြားဂိုဏ်းသားတွေကို ကျော်လွန်သွားခဲ့တာပဲ..."
ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။
'ကျူးရှန်းဓားသိုင်း'ကို လေ့လာလေလေ၊ ဤဓားသိုင်းသည် မိစ္ဆာလမ်းစဉ်သဘောသဘာဝ ပါဝင်နေကြောင်း သူ ခံစားမိလေလေ ဖြစ်သည်။
အနည်းငယ် သတိလက်လွတ် ဖြစ်သွားပါက လမ်းမှားရောက်သွားနိုင်ပြီး သတ်ဖြတ်ခြင်းကိုသာ သိသော မိစ္ဆာတစ်ကောင် ဖြစ်သွားနိုင်သည်။
အမှန်တကယ်တွင် နတ်ဆိုးသတ်ဂိုဏ်းတပည့် အများစု၏ ဇာတ်သိမ်းသည် မကောင်းလှပေ။
မြင့်မားသောအဆင့်သို့ ရောက်ရှိလျှင်ပင် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်သည် ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားပြီး နောက်ဆုံးတွင် လမ်းမှားရောက်ကာ သေဆုံးသွားတတ်ကြသည်။
ဤမျှ သန့်စင်ပြီး အစွန်းရောက်သော သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်နိုင်သော ဓားသိုင်းသမား မဟုတ်ပါက ခုခံနိုင်ရန် မဖြစ်နိုင်ပေ။
ဤသည်မှာ ဓားသွားနှစ်ဖက်ပါသော ဓားတစ်လက်ကဲ့သို့ပင်၊ သူတစ်ပါးကို ထိခိုက်စေသလို မိမိကိုယ်ကိုလည်း ထိခိုက်စေနိုင်သည်။
မှန်ပေသည်၊ ရှေးဟောင်းခေတ်ကာလက ဤကဲ့သို့သော ကျင့်စဉ်ကို တွင်ကျယ်စွာ အသုံးပြုခဲ့ခြင်းမှာလည်း မတတ်သာသောကြောင့် ဖြစ်သည်။
ထိုခေတ်က လူသားမျိုးနွယ်စုသည် မျိုးသုဉ်းလုနီးပါး ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ထို့သို့ဖြင့် သဘာဝအတိုင်း နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြရသည်။
မြင့်မားသောအဆင့်သို့ ရောက်ရှိချိန်တွင် လမ်းမှားရောက်၍ သေဆုံးသွားလျှင်လည်း ဘာဖြစ်ပါသနည်း။
နတ်ဆိုးသတ်ဂိုဏ်းတပည့် အများစုသည် ထိုအချိန်အထိပင် အသက်မရှင်နိုင်ကြဘဲ နတ်ဆိုးများနှင့် တိုက်ပွဲတွင် သေဆုံးသွားကြရသည် မဟုတ်ပါလော။
သူတို့သည် သန့်စင်သော တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိရန်အတွက် ဤအားနည်းချက်များကို ဂရုစိုက်နေရန် အချိန်မရှိပေ။
"ဒီဘေးထွက်ဆိုးကျိုးကို ဖြေရှင်းချင်ရင် တခြားနည်းလမ်း မရှိတာတော့ မဟုတ်ဘူး..."
"သာမန် ဓားသိုင်းသမားဆိုရင် နှစ်ရှည်လများ တရားထိုင်ပြီး ကိုယ့်ကိုယ်ပေါ်က သတ်ဖြတ်လိုစိတ်တွေကို ထုတ်ပစ်ရမယ်... စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်နှလုံးကို အမြဲတမ်း ငြိမ်းချမ်းနေတဲ့ အခြေအနေမှာ ထားရမယ်..."
"ဓားအိမ်ထဲမှာ ထည့်ထားတဲ့ ဓားသွားထက်ထက် တစ်လက်လိုမျိုး ကိုယ့်ရဲ့ ထက်မြက်မှုကို ဖုံးကွယ်ထားရမယ်..."
"ဒါပေမဲ့ ဒီလို ဖုံးကွယ်ထားတဲ့အချိန်မှာ တိုက်ခိုက်လို့ မရဘူး... မဟုတ်ရင် အရာအားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်..."
"ဒါပေမဲ့ ငါကတော့ မတူဘူး..."
"'အိပ်မက်ဝိညာဉ်ကူ'ရဲ့ စွမ်းအား ရှိနေတော့ ကိုယ့်ကိုယ်ပေါ်က အဆိုးမြင်စိတ်ခံစားမှုတွေကို ဝါးမြိုခိုင်းလို့ ရတယ်... ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အကြွင်းမဲ့အသိတရား ရှိနေအောင် ထိန်းထားနိုင်တယ်..."
"ဒါကြောင့် 'ကျူးရှန်းဓားသိုင်း'မှာ ပါဝင်တဲ့ သတ်ဖြတ်လိုစိတ်က ငါ့ကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး..."
ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်လေသည်။
'ကျူးရှန်းဓားသိုင်း'သည် သူ၏ အသန်မာဆုံး တိုက်ခိုက်ရေး နည်းလမ်းများထဲမှ တစ်ခု ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဤအတုမဲ့ ဓားသိုင်းကို တတ်မြောက်ထားပါက အဆင့်ကျော် တိုက်ခိုက်ခြင်းသည်လည်း လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
ဝှစ်...
ဤအကြောင်းကို တွေးမိပြီးနောက် သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး တိတ်ဆိတ်သောအခန်းမှ ချက်ချင်း ထွက်ခွာကာ အနီးနားရှိ လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်ရှိလာသည်။
ပတ်ဝန်းကျင်တွင် မြင့်မားသော တောင်ကြီးများနှင့် သစ်တောအုပ်များ ရှိနေလေသည်။
သူသည် ဓားတစ်လက်ကို ကိုင်စွဲပြီး ဝိညာဉ်သန္ဓေသား မှော်စွမ်းအားကို လည်ပတ်ကာ 'ကျူးရှန်းဓားသိုင်း'ကို ထုတ်ဖော်လိုက်တော့သည်။
ဘန်း...
ချက်ချင်းပင် သူ၏လက်ထဲမှ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် 'သဏ္ဌာန်မဲ့ ဓားအလင်း' ပေါက်ကွဲထွက်ပေါ်လာပြီး၊ အသံမရှိဘဲ အမြန်နှုန်းဖြင့် ဟင်းလင်းပြင်ကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့ ဖြစ်သွားချေသည်။
အုန်း...
ချက်ချင်းပင် အဝေးရှိ ပေထောင်ချီမြင့်သော တောင်ကြီးတစ်လုံးမှာ ချက်ချင်း နှစ်ပိုင်းပြတ်သွားပြီး အလယ်မှ ကွဲထွက်သွားလေ၏။
မြေကြီးပေါ်တွင်လည်း မိုင်ရာချီ ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။ ဖြတ်တောက်ရာ မျက်နှာပြင်သည် ညီညာချောမွတ်နေသည်။
မြေကြီးနှင့် တောင်များသည် တို့ဟူးကဲ့သို့ ဖြစ်နေပြီး ဤ 'သဏ္ဌာန်မဲ့ ဓားအလင်း'ကို လုံးဝ ခုခံနိုင်စွမ်း မရှိပေ။
"အရမ်း ကြမ်းတာပဲ... ဒါက 'ကျူးရှန်းဓားသိုင်း'လား..."
"ပထမဓားကွက် တစ်ကွက်တည်းနဲ့တင် ဒီလောက် ဖျက်ဆီးအား ပြင်းထန်တာ တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."
"ငါ့ရဲ့ ကိုယ်ပွားက ကူကောင်တွေကို မသုံးဘဲ 'ကျူးရှန်းဓားသိုင်း'တစ်ခုတည်းနဲ့တင် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်လောက်တယ်... ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူကိုတောင် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေနိုင်တယ်..."
"ဒါပေမဲ့ ဒီဓားအလင်းရဲ့ စွမ်းအား ဒီလောက် ကြီးမားရတာက ဟင်းလင်းပြင်စွမ်းအားနဲ့ ကြီးမားတဲ့ ပတ်သက်မှု ရှိနေလို့ပဲ..."
ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။
စမ်းသပ်မှု အနည်းငယ် ပြုလုပ်ရုံဖြင့် 'ကျူးရှန်းဓားသိုင်း'၏ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို သူ ခံစားလိုက်ရသည်။
ရှေးဟောင်းခေတ်၏ နံပါတ်တစ်ဓားသိုင်းဆိုသည်နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။ သတ်ဖြတ်ခြင်း၌ ပြိုင်ဘက်ကင်းပြီး မရေမတွက်နိုင်သော နတ်ဆိုးများကို ကြောက်ရွံ့စေခဲ့သည်။
မှန်ပေသည်၊ ဤဓားကွက်၏စွမ်းအား ဤမျှ ကြောက်မက်ဖွယ်ကောင်းနေခြင်းမှာ ဟင်းလင်းပြင်စွမ်းအား ပေါင်းစပ်ပါဝင်နေသောကြောင့် ဖြစ်၏။
သာမန် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် နေရာရွှေ့ပြောင်းခြင်းကို လုပ်ဆောင်နိုင်သော်လည်း ဟင်းလင်းပြင်လမ်းစဉ်၏ အပေါ်ယံမျှသာ ဖြစ်ပြီး ထွက်ပြေးရန်အတွက်သာ အသုံးပြုနိုင်သည်။
သို့သော် ယခုသည်ကား ဟင်းလင်းပြင်စွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်ခြင်းဖြစ်ရာ အသုံးပြုပုံ နည်းစနစ်သည် အဆပေါင်းများစွာ သာလွန်နေသည်။
ဤအချက်က 'ကျူးရှန်းဓားသိုင်း'၏ စွမ်းအားကို အခြား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံခြင်းများထက် များစွာ သာလွန်စေခြင်း ဖြစ်သည်။
သာမန် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် ဓားတစ်ချက်ကိုပင် တောင့်ခံနိုင်မည် မဟုတ်ချေ။