ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းတူအစ်မကြီး ရှရွှေယန့်၊ ဒီယောက်ျားကို ငါ သဘောကျသွားပြီ(၂)။
Vol. 43 Ch. 480
"အိုး... စီနီယာကျိုးပေါ့... ကျွန်မနောက်ကို လိုက်ခဲ့ပါ..."
ဤစကားကို ကြားသောအခါ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ မြောင်မြောင်သည် ပါးစပ်ကိုအုပ်လျက် ပြုံးလိုက်ပြီး ရှေ့မှ ချက်ချင်းဆိုသလို လမ်းပြကာ ကျိုးစွေ့ကို ပန်းတစ်ရာမြို့တော်ထဲသို့ ခေါ်ဆောင်သွားလေတော့သည်။
မြို့တော်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသော အဆောက်အအုံ အမျိုးမျိုးနှင့် လေးဘက်လေးတန် ရှုပ်ထွေးပွေလီနေသော လမ်းမများကို ကျိုးစွေ့ ပထမဆုံး မြင်တွေ့လိုက်ရလေသည်။ သို့သော် ဆွဲဆောင်မှုအရှိဆုံးမှာ တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသော ပါးလျသော အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူ အများအပြားပင် ဖြစ်သည်။
သူသည် ယခင်ဘဝက ကမ်းခြေတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားလိုက်ရတော့သည်။
အမျိုးမျိုးသော မိန်းမလှလေးများသည် အလှချင်း ပြိုင်နေကြပြီး ပါးလျသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြသည်။
မိမိတို့၏ ဆွဲဆောင်မှုကို ထုတ်ဖော်ပြသရန် တမင်တကာ ဝတ်ဆင်ထားကြပုံ ရလေသည်။
ဤအမျိုးသမီးကျင့်ကြံသူများသည် အဆောက်အအုံများရှေ့တွင် ရပ်လျက် လှပစွာ ပြင်ဆင်ထားကြပြီး ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများကို ဝင်ရောက်ပျော်ပါးရန် ဖိတ်ခေါ်နေကြလေသည်။
နေရာတိုင်းမှ ဆွဲဆောင်သံများက အပြိုင်အဆိုင် ထွက်ပေါ်နေလေ၏။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရင်ဆိုင်ရပါက ယောက်ျားသား အနည်းငယ်သာ မိမိစိတ်ကို ထိန်းထားနိုင်ပေလိမ့်မည်။
"စီနီယာ... ဝင်ရောက်ပျော်ပါးဖို့ စိတ်ဝင်စားလားဟင်..."
"ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေက နာမည်ကြီးတွေနော်... အရှေ့ဘက်ကန္တာရတိုက်ကြီး တစ်ခုလုံးမှာတောင် နာမည်ကျော်ကြားတယ်..."
"မသိသူ မရှိသလောက်ပဲ... 'တူနှစ်ကိုယ်ကျင့်ကြံခြင်း' နဲ့ 'စုပ်ယူအားဖြည့်ခြင်း' ပညာရပ်တွေမှာ နာမည်ကြီးတယ်လေ..."
"အဆင့်မြင့်ကျင့်ကြံသူ အများအပြားရဲ့ တာအိုလက်တွဲဖော်တွေတောင် ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းက တပည့်တွေပါပဲ..."
"ဈေးနည်းနည်းကြီးပေမယ့်... ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်ပါတယ်..."
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ မြောင်မြောင်သည် ကျိုးစွေ့ကို ကြည့်ပြီး ဤဝိညာဉ်သန္ဓေသား ကျင့်ကြံသူကို တစ်နေရာရာမဟုတ် တစ်နေရာသို့ ဝင်ရောက်ပျော်ပါးရန် မိတ်ဆက်ပေးနေလေသည်။
မည်သို့ပင်ဖြစ်စေ သူမသည်လည်း အကျိုးဆောင်ခ ရရှိမည် မဟုတ်ပါလော။
သုံးစွဲမှု များလေလေ၊ သူမ ရရှိမည့် အကျိုးဆောင်ခ များလေလေ ဖြစ်သည်။
"စကားမစပ်... ဒီလိုဆိုရင် ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူရော ရှိလား..."
ကျိုးစွေ့ မျက်ခုံးပင့်လိုက်လေသည်။
"ဒါကတော့... ဝိညာဉ်သန္ဓေသား အကြီးအကဲတွေ ဧည့်သည်လက်ခံတာ ရှားပေမယ့် မရှိတာတော့လည်း မဟုတ်ပါဘူး..."
"တကယ်လို့ စီနီယာက သူတို့ မငြင်းနိုင်လောက်တဲ့ ဈေးနှုန်းကို ကမ်းလှမ်းနိုင်ရင်... စီနီယာနဲ့အတူ ပျော်ပါးဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး..."
"ဥပမာအားဆိုရရင်… ကျင့်ကြံခြင်းကို တိုးတက်စေနိုင်တဲ့ စတုတ္ထအဆင့် ရတနာဆေးလုံးတွေ… အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ရတနာတွေပေါ့လေ..."
"စီနီယာ ဈေးကောင်းပေးနိုင်သရွေ့ အရာအားလုံးက ဆွေးနွေးလို့ ရပါတယ်..."
မြောင်မြောင်က တသိမ့်သိမ့်တုန်အောင် ရယ်မောလိုက်ပြန်သည်။
ထင်ရှားသည်မှာ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများတွင် စောင့်ထိန်းစရာ ကျင့်ဝတ်ဟူ၍ များစွာမရှိဘဲ ဈေးကောင်းရပါက အရာအားလုံး ရောင်းချနိုင်ပေသည်။
သူမသည် ကျိုးစွေ့ကို မျှော်လင့်တကြီး ကြည့်နေလေသည်။
အကယ်၍ ရှေ့မှ ယောက်ျားသာ ဈေးကောင်းပေးနိုင်ပါက ကြားခံဖြစ်သော သူမအနေဖြင့် အမြတ်အစွန်းများစွာ ရရှိနိုင်ပေလိမ့်မည်။
မှန်ပေသည်၊ ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူ၏ ဈေးနှုန်းသည် အလွန်တရာ ကြီးမားလှပြီး သာမန်ကျင့်ကြံသူများ မတတ်နိုင်ကြပေ။
"အင်း… အရင်ဆုံး ကြည့်ကြည့်တာပေါ့..."
ကျိုးစွေ့က တည်ငြိမ်စွာ ပြောလိုက်လေသည်။
သူ၏စိတ်ထဲတွင်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အရှေ့ဘက်ကန္တာရတိုက်ကြီး ဆိုသည်မှာ အမှန်တကယ်ပင် ဟုတ်ပေသည်။
ဈေးကောင်းကောင်းပေးနိုင်သရွေ့ ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူကိုပင် မြည်းစမ်းနိုင်ပေသည်။ သို့သော် ဤသည်မှာ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများက ထူးခြားသောကြောင့်သာ ဖြစ်သည်ဟု ဆိုရပေမည်။
အခြားဂိုဏ်းများသာ ဆိုလျှင် ဤကဲ့သို့ ပြုလုပ်ရန်မှာ မဖြစ်နိုင်ချေ။
ဤသည်မှာ ဟယ်ဟွမ်းဂိုဏ်း ကျင့်ကြံသော ကျင့်စဉ်များနှင့်လည်း ကြီးမားသော ဆက်နွယ်မှု ရှိနေလေသည်။
သို့သော်ငြား သူ ပန်းတစ်ရာမြို့တော်သို့ ဝင်လာခြင်းမှာ ပျော်ပါးရန် မဟုတ်ဘဲ၊ 'ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်အမြစ်' ကို လာရောက်ရှာဖွေခြင်းသာ ဖြစ်သည်။
သူသည် 'ပစ္စည်းရှာဖွေကူ' ညွှန်ပြသော လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားလိုက်လေသည်။
............
ဤအခိုက်အတန့်တွင် ပန်းတစ်ရာမြို့တော်တစ်နေရာ၌...။
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားသည် ကျိုးစွေ့တစ်ယောက် ပန်းတစ်ရာမြို့တော်သို့ ဝင်ရောက်လာသည်နှင့် ချက်ချင်းပင် သတိထားမိလိုက်ကြလေသည်။
ကျိုးစွေ့သည် သူ၏ ရုပ်ရည်အစစ်အမှန်ကို ဖုံးကွယ်ထားသော်လည်း ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးစွမ်းအင်များကိုမူ အပြည့်အဝ ဖုံးကွယ်၍ မရနိုင်ချေ။
မူလခန္ဓာကိုယ်၏ တစ်ဝက်သာ ရှိသော်လည်း၊ သာမန်ကျင့်ကြံသူများအတွက်မူ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်အောင် သိပ်သည်းလွန်းလှပေသည်။
အထူးသဖြင့် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများအတွက်မူ လမ်းလျှောက်နေသည့် ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းကြီး တစ်ခုနှင့် တူနေလေသည်။
ချက်ချင်းပင် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ တုန်လှုပ်သွားကြရသည်။
"အကြီးအကဲ... ငါတို့ ပန်းတစ်ရာမြို့တော်ကို ငါးကြီးကြီးတစ်ကောင် ရောက်လာတယ်..."
"တစ်ဖက်လူက ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ ဖြစ်ပေမယ့်... တစ်ကိုယ်လုံးရဲ့ သန့်စင်ယန်စွမ်းအင်တွေက ကြောက်စရာကောင်းလောက်အောင် သိပ်သည်းလွန်းနေတယ်..."
"ဘယ်ယောက်ျားမှာမှ ဒီလောက်များတဲ့ သန့်စင်ယန်စွမ်းအင် ရှိတာမျိုး ကျွန်မတော့ မတွေ့ဖူးဘူး..."
"ဒဏ္ဍာရီထဲက 'သန့်စင်ယန်ခန္ဓာ' များလား မသိဘူး..."
ချက်ချင်းပင် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများက ဂိုဏ်း၏ ဝိညာဉ်သန္ဓေသား အကြီးအကဲများထံသို့ သတင်းပို့လိုက်ကြလေသည်။
"ဘာ... 'သန့်စင်ယန်ခန္ဓာ' ဟုတ်လား..."
"ဒီလိုယောက်ျားမျိုး ငါတို့ ပန်းတစ်ရာမြို့တော်ထဲကို ဝင်လာတယ်ဆိုတော့... ကောင်းကင်ဘုံက ငါတို့ကို ကောင်းချီးပေးတာပဲ မဟုတ်လား..."
"တကယ်လို့ ဒီယောက်ျားဆီက သန့်စင်ယန်စွမ်းအင်ကိုသာ ရလိုက်ရင်... ငါ ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ သေချာပေါက် အထောက်အကူ ဖြစ်လိမ့်မယ်..."
ချက်ချင်းပင် ဟယ်ဟွမ်းဂိုဏ်းမှ ဝိညာဉ်သန္ဓေသား အကြီးအကဲမိန်းမများ အတိုင်းအဆမရှိ စိတ်လှုပ်ရှားသွားကြလေသည်။
သူမတို့သည်လည်း ပါးလျသော အဝတ်အစားများ ဝတ်ဆင်ထားကြပြီး အလွန်တရာ ဆွဲဆောင်မှု ရှိကြသည်။
ကျင့်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် တစ်ယောက်စီတိုင်းသည် အလွန်တရာ လှပကြသည်။ ကျိပင်းယွီနှင့် အခြားသူများကို မယှဉ်နိုင်သော်လည်း တစ်မူထူးခြားသော အရသာမျိုး ရှိနေပြီး၊ မရေမတွက်နိုင်သော အမျိုးသားကျင့်ကြံသူများကို သူမတို့၏ ဂါဝန်အောက်တွင် ဒူးထောက်စေရန် လုံလောက်ပေသည်။
"ညီမတို့... ဒီယောက်ျားကို ငါတော့ သဘောကျသွားပြီ..."
"နင့်မှာ မျက်နှာချော ကိုယ်လုပ်တော်အမျိုးသားတင် သုံးထောင်တောင် ရှိတာပဲ... တခြားယောက်ျား ထပ်မလိုလောက်တော့ပါဘူး..."
"ငါက တစ်ကိုယ်တည်း နေလာတာ ကြာလှပြီ... အိပ်ရာထဲမှာ အဖော်မဲ့နေရှာတာ... ငါ့ရဲ့ အထီးကျန်မှုကို ဖြည့်ဆည်းပေးဖို့ ယောက်ျားတစ်ယောက် တကယ်ကိုလိုနေတာ..."
"ဒီယောက်ျားကို ငါ့ဆီကိုပဲ လွှဲပေးလိုက်ပါဟယ်..."
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူတစ်ဦးက ချက်ချင်း ပြန်ပြောလိုက်သည်။
"ပေါက်ကရတွေ... လိမ်မယ်ဆိုလည်း ပိပိရိရိလေးတော့ လိမ်ဦး..."
"နင်ကများ တစ်ကိုယ်တည်း နေလာတာ ကြာပြီတဲ့... နာမည်ကြီးဂိုဏ်းတွေက အမွေခံတပည့် ဘယ်နှစ်ယောက်တောင် နင့်အခန်းထဲ ဝင်ထွက်နေလဲ..."
"နင့်ဘေးမှာ ယောက်ျား ပြတ်တယ်လို့ကို မရှိဘူး... ဒါနဲ့များ အထီးကျန်တယ် အဖော်မဲ့တယ်လို့ ပြောရဲသေးတယ်နော်..."
"နင် ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး ဒီလိုစကားမျိုး ပြောထွက်ရတာလဲ...အဟတ်…"
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူတစ်ဦးက အေးစက်စွာ ရယ်မောလိုက်ပြီး တစ်ဖက်လူ၏ မုသားကို မညှာမတာ ဖော်ထုတ်လိုက်လေသည်။
"ဒီလိုပြောမှတော့ ညီအစ်မ မပီသတော့ဘူးပေါ့လေ... ယောက်ျားလုချင်တာလား... ဟမ့်…"
"ဟဟ... လုတော့ ဘာဖြစ်လဲ... နင့်ကို ကြောက်နေမယ် ထင်လား... ဒါက ကျင့်ကြံခြင်းလမ်းစဉ် အောင်မြင်ဖို့ အခွင့်အရေးပဲ... ဘယ်သူက လက်လွှတ်ခံမှာလဲ..."
"ပြောတာ မှန်တယ်ဟေ့... ဒီလို အထွတ်အထိပ်ယောက်ျားမျိုးက ရှားပါးလွန်းတယ်... ဒီအခွင့်အရေးကိုသာ ကျော်သွားရင် နောက်ထပ် ရတော့မှာ မဟုတ်ဘူး... ဘယ်သူမှ လက်လွှတ်ခံနေမှာ မဟုတ်ဘူး..."
"ဒီလို မလုပ်ပါနဲ့ဟယ်... ယောက်ျားတစ်ယောက်အတွက်နဲ့ ညီအစ်မချင်း ရန်ဖြစ်နေရင် မကောင်းပါဘူး... မိန်းမအချင်းချင်း ကူညီသင့်တာပေါ့..."
"ဒီတော့ ဒီယောက်ျားကို ငါ့ကို ပေးလိုက်ကြပါ... နောက်မှ ညီမတို့ကို ပြန်ပြီး လျော်ကြေးပေးပါ့မယ်..."
"ဆုတောင်းလေ... နင့်ပါးစပ်က ဘယ်လိုလုပ် ဒီလောက် အဓိပ္ပါယ်မရှိတဲ့ စကားမျိုး ထွက်လာရတာလဲ... နောက်မှ လျော်ကြေးပေးမယ်တဲ့... ဘယ်လို လျော်ကြေးပေးမှာလဲ... နောက်ထပ် သန့်စင်ယန်ခန္ဓာ ပိုင်ဆိုင်တဲ့ ယောက်ျားတစ်ယောက် ရှာပေးနိုင်မှာမို့လို့လား..."
"ဒါ… ဒါကတော့... ငါ ဒီယောက်ျားနဲ့ လက်ထပ်ပြီးရင် သားအယောက်တစ်ဒါဇင်လောက် မွေးလိုက်မယ်လေ... အဲဒီကျရင် ငါ့သားတွေအားလုံးက သန့်စင်ယန်ခန္ဓာတွေ ဖြစ်လာမှာပဲ... အဲဒီကျရင် ညီမတို့ကို ဈေးပေါပေါနဲ့ ပေးလိုက်မယ်လေ..."
"ပေါက်ကရ... နင်ကများ ဒီလိုစကားမျိုး ပြောထွက်ရဲသေးတယ်... တကယ်လို့ သန့်စင်ယန်ခန္ဓာက မျိုးရိုးလိုက်နိုင်ရင်... ဒီလောကမှာ ဒီလိုခန္ဓာကိုယ်ပိုင်ဆိုင်တဲ့ ယောက်ျားတွေ ဒီလောက် ရှားနေပါ့မလား..."
ဟယ်ဟွမ်းဂိုဏ်းမှ ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူ အများအပြားသည် ဆွေးနွေးငြင်းခုံနေကြပြီး အခြေအနေတင်းမာနေကာ မည်သူမျှ လက်မလျှော့ချင်ကြချေ။
"တော်လိုက်ကြတော့... ဒီယောက်ျားကို ငါ သဘောကျသွားပြီ..."
"ဘယ်သူမှ ဝင်လုမယ် မကြံနဲ့..."
ထိုအခိုက်အတန့်တွင် ကြည်လင်ပြတ်သားပြီး ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်ပေါ်လာကာ ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူ အားလုံး၏ သိစိတ်ပင်လယ်ထဲသို့ ပျံ့နှံ့သွားလေသည်။
အဝေးမှနေ၍ အလှပဂေးတစ်ဦးက ဖြည်းညင်းစွာ လျှောက်လှမ်းလာလေသည်။ ပထမဦးဆုံး မြင်လိုက်ရသည်မှာ ဆွဲဆောင်မှု အပြည့်ရှိသော မျက်ဝန်းတစ်စုံ ဖြစ်ပြီး၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယောက်ျားသားများ၏ တစ်ကိုယ်လုံးကို ထုံကျင်သွားစေနိုင်လောက်အောင် ညှို့ဓာတ်ပြင်းလှပေသည်။
သူမတွင် နက်မှောင်သော ဆံကေသာသည် ရှည်လျားစွာ ရှိပြီး၊ ဆံထုံးကို မြင့်မားစွာ ထုံးဖွဲ့ထားကာ ရုပ်ရည်မှာ ပြိုင်ဘက်ကင်းအောင် လှပလွန်းလှပေသည်။
မျက်ခုံးတန်းလေးများအား အနည်းငယ် ပင့်ထားသည်မှာ မြင့်မြတ်ပြီး တည်ကြည်သောပုံစံ ပေါက်နေကာ၊ အထက်စီးမှ ရှိနေသော နတ်ဘုရားမတစ်ပါးကဲ့သို့ အရှိန်အဝါ ကြီးမားလွန်းလှပေသည်။
အရေးအကြီးဆုံးမှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် အလွန်တရာ ပြည့်စုံကောင်းမွန်ခြင်းပင် ဖြစ်လေသည်။ ပွပွချောင်ချောင်ဝတ်ရုံကို ဝတ်ဆင်ထားလျှင်ပင် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားကို ဖုံးကွယ်၍ မရနိုင်ချေ။
ဤနေရာတွင် ထွက်ပေါ်လာသည်နှင့် ကြက်အုပ်ကြားက ဗျိုင်းပျိုဖြူကဲ့သို့ ထင်ရှားနေလေသည်။
ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူ အများအပြားသည် ရှေ့မှ အမျိုးသမီး၏ အရှိန်အဝါကြောင့် ဖိနှိပ်ခံလိုက်ရလေသည်။
အခြား အမျိုးသမီးများသည် သာမန်ရွက်ကြမ်းရေကျို ရုပ်ဆိုးမလေးများ ဖြစ်သွားရပြီး၊ သူမကသာ စစ်မှန်သော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေလေတော့သည်။
သူမတို့အားလုံး ခေါင်းငုံ့ထားကြပြီး စကားပင် မပြောရဲကြတော့ချေ။
ထွက်ပေါ်လာသူမှာ ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းတူအစ်မကြီး ရှရွှေယန့်ပင် ဖြစ်လေသည်။
ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူဖြစ်ပြီး အသက်မှာ (၄၅၀) သာ ရှိသေးသဖြင့် အနာဂတ်အလားအလာ အလွန် ကောင်းမွန်ကာ၊ ဟယ်ဟွမ်းဂိုဏ်း၏ နောက်တက်မည့် ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
မထိမတွေ့နိုင်သော အလွန်တရာ အဆင့်အတန်းမြင့်မားလှသည့် တည်ရှိမှုပင် ဖြစ်ချေတော့သည်။