← Chapters

အခန်း (၁၁၂၃-၁၁၂၄)

Vol. 66 Ch. 1123-1124

အခန်း (၁၁၂၃-၁၁၂၄)

Vol. 66 Ch. 1123-1124

အပိုင်း (၁၁၂၃)

မင်းသားလျန် အေးစက်စွာ ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ခင်ဗျား တကယ်ပဲ ကျုပ်တို့ရဲ့ အာဏာကို အထင်သေးနေတာလား။”

ရှမ့်လန် ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းသားလျန်... ရှင်းရှင်းလင်းလင်း သိထားပါ။ ဒါက ရင်ဝူမင်နဲ့ ကျုပ်ကြားက တစ်ဦးချင်း တိုက်ပွဲ။ အသေအကြေ တိုက်ပွဲ။ ဘာတရားမျှတမှု ရှိလို့လဲ။ ကျုပ် သူ့ကို သတ်နိုင်ရင် ကျုပ် နိုင်တာပဲ။ ထပ်ပြောမယ်။ ဒီပြိုင်ပွဲ ရလဒ်ကို ခင်ဗျားတို့ ကြိုက်သလို ဆုံးဖြတ်လို့ ရတယ်။ ဘာပဲဖြစ်ဖြစ် မျက်နှာပျက်မှာက ကျုပ် မဟုတ်ဘူး။ တော်ဝင်ရန်အင်ပါယာပဲ။”

ထို့နောက် ရှမ့်လန် မတ်တတ်ရပ်ပြီး ပြောလိုက်သည်။ “ကဲ... ခင်ဗျားတို့ ဖြည်းဖြည်း ဆွေးနွေးကြ။ ကျုပ် အရမ်း ပင်ပန်းနေပြီ။ အိပ်တော့မယ်။ ယောင်းအာ... လာပြီး ပွေ့ချီပေးပါအုံး။ လမ်းမလျှောက်နိုင်တော့ဘူး။”

ဤစကား ပြောလိုက်သည်နှင့် လူအုပ်ကြီး တစ်ခုလုံး တုန်လှုပ်သွားကြသည်။ ချောင်ယောင်းအာ ဝင်လာပြီး ရှမ့်လန်ကို ပွေ့ချီကာ ထွက်ခွာသွား၏။

“အားလုံးပဲ နှုတ်ဆက်ပါတယ်။”

ချောင်ယောင်းအာ ရင်ခွင်ထဲမှနေ၍ ရှမ့်လန် လက်ပြလိုက်သည်။ “ဂိုဏ်းချုပ်ရန်... ယောက္ခမကြီး... ကျုပ်နဲ့ စကားပြောဖို့ မမေ့နဲ့နော်။ ရန်ယင်ယင်ကို ကုသပေးနိုင်တယ်။ ကောင်းကင်ကို ဆန့်ကျင်နိုင်မဲ့ မြေးတစ်ယောက် ပေးနိုင်တယ်။ စေတီတောင်ကို ဆက်ခံသူ ပေးနိုင်တယ်။”

ထို့နောက် ရှမ့်လန် သမ်းဝေလိုက်ပြီး ချောင်ယောင်းအာ ရင်ခွင်ထဲတွင် အိပ်ပျော်သွားသည်။ လူတိုင်း၏ မျက်နှာများ ထပ်မံ ရှုံ့တွသွားပြန်သည်။ ရှမ့်လန်ကို စိုက်ကြည့်ရင်း အပေါက်ပေါင်း တစ်ထောင်လောက် ဖြစ်အောင် ထိုးဖောက်ချင်နေကြ၏။

‘အိမ်ရှေ့စံ ရင်ဝူမင်ကို သတ်လိုက်တာ ဒီကောင်တဲ့လား။ ရင်ဝူမင်က ဘယ်လောက် ဉာဏ်ရှိပြီး သန်မာလိုက်သလဲ။ ဒီလိုကောင် လက်ချက်နဲ့ သေသွားရတယ်တဲ့လား။ ကောင်းကင်ကြီးက တကယ် မျက်စိကန်းနေပြီ။’

......

ရှမ့်လန် ထွက်သွားပြီးနောက် အင်ပါယာ စင်မြင့်သည် ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ မင်းသားလျန်က ပြောလိုက်သည်။ “အားလုံးပဲ။ အပြင်မှာ လူသောင်းချီ ရလဒ် ကြေညာမယ့်အချိန်ကို စောင့်နေကြတယ်။ မြန်မြန် လုပ်ကြရအောင်။”

ရင်ဝူချန်က ပြောလိုက်၏။ “ချန်နိုင်ငံသစ်က ဒီပြိုင်ပွဲ ရလဒ်ကို အသိအမှတ် မပြုပါဘူး။ ရှမ့်လန်က လိမ်လည်ခဲ့တယ်။ လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးဖို့ တော်ဝင်ရန်အင်ပါယာကို မေတ္တာရပ်ခံပါတယ်။”

တုံ့ကျန်းဘုရားကျောင်း သခင်က ပြောလိုက်သည်။ “ကျုပ်လည်း ဒီပြိုင်ပွဲက မတရားဘူးလို့ ထင်တယ်။ ရှမ့်လန်ရဲ့လိမ်လည်မှုနဲ့ အိမ်ရှေ့စံ ရင်ဝူမင်ကို သတ်ဖြတ်မှုတွေကို စေ့စေ့စပ်စပ် စုံစမ်းဖို့ ကော်မတီ ဖွဲ့စည်းတာကို ထောက်ခံပါတယ်။”

ထို့နောက် လူတစ်စု ဆက်တိုက် ပြောဆိုကြပြီး ဤပြိုင်ပွဲ ရလဒ်ကို ငြင်းပယ်လိုကြောင်း ထုတ်ဖော် ပြောကြားကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် နိုင်ခြင်း ရှုံးခြင်းနှင့် မသက်ဆိုင်ပေ။ သေရေးရှင်ရေးနှင့်လည်း မသက်ဆိုင်ပေ။ တော်ဝင်ချန်အင်ပါယာ၏ တရားဝင် အမည်နာမနှင့် သက်ဆိုင်နေသည်။

ရှမ့်လန် နိုင်သည်ဟု ဆုံးဖြတ်လိုက်သည်နှင့် ရင်မိသားစုသည် တော်ဝင်ချန်အင်ပါယာ ထီးနန်းကို ဆုံးရှုံးရတော့မည် ဖြစ်သည်။ တော်ဝင်ချန်အင်ပါယာ တစ်ခုတည်းသာ ရှိနိုင်သည်။ ချန်နိုင်ငံသစ် ဆိုသည်မှာ မရှိနိုင်ပေ။

ထို့အပြင် ရှမ့်လန်နှင့် ရင်ဝူမင် သဘောတူညီချက်အရ ရှမ့်လန်နိုင်လျှင် ရင်မိသားစု ထီးနန်းစွန့်ရမည် ဖြစ်ပြီး ချန်နိုင်ငံသစ်ကို ရှမ့်လန်လက်ထဲ အပ်ရမည် ဖြစ်သည်။ ချန်နိုင်ငံသစ် ပြည်သူအားလုံး ရှမ့်လန်ကို သစ္စာဆိုရမည် ဖြစ်ပြီး တော်ဝင်ချန်အင်ပါယာ၏ အစိတ်အပိုင်း ဖြစ်လာရမည်။

အမှန်တကယ်အားဖြင့် ရင်ကွမ်းသည် ချင်မြို့တော်မှ ချက်ချင်း ဆုတ်ခွာပေးရမည် ဖြစ်ပြီး ရှမ့်လန်ကို ချင်မြို့တော်တွင် နေထိုင်ခွင့် ပြုရမည်။ ၎င်းကို တော်ဝင်ချန်အင်ပါယာ၏ မြို့တော် ဖြစ်စေရမည်။

မင်းသားလျန်က ပြောလိုက်၏။ “ရှမ့်လန်ရဲ့ အောင်ပွဲကို ငြင်းပယ်ချင်တဲ့သူတွေ လက်မြှောက်ပါ။”

ချက်ချင်းပဲ ရှိနေသူ ၂၀ ကျော်အနက် ၇၀ ရာခိုင်နှုန်းကျော် လက်မြှောက်လိုက်ကြသည်။ လူတိုင်း ရှမ့်လန်ကို ကြည့်မရဖြစ်နေကြပြီး သူ့ကို ကျေနပ်ခွင့် မပေးလိုကြပုံ ရသည်။ သူ့ကို နိုင်ခွင့် မပေးချင်ရုံသာမက တော်ဝင်ချန်အင်ပါယာ၏ တရားဝင် အရှင်သခင် အဖြစ်လည်း ခွင့်မပြုလိုကြပေ။ ရင်ကွမ်းကို ချန်နိုင်ငံသစ် အင်ပါယာအဖြစ် ဆက်လက် ရှိနေစေလိုကြသည်။ ရှမ့်လန်ကို လိမ်လည်မှု၊ လူသတ်မှုဖြင့် တရားစွဲလိုကြသည်။

မင်းသားလျန်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။ သူ ဘာတွေးနေလဲ မည်သူမှ မသိနိုင်ပေ။

တကယ်တော့ သူ ဘာတွေးနေသနည်း သိဖို့ လွယ်ကူ၏။ တော်ဝင်ရန်အင်ပါယာရဲ့ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားလိုက်ရုံသာ။ ချိန်ခွင်လျှာ ညှိခြင်း။ ရှမ့်လန်နှင့် ရင်ကွမ်းကြားမှာ တော်ဝင်ရန်အင်ပါယာက ပိုသန်မာတဲ့သူကို ဖိနှိပ်မှာပင်။

မင်းသားလျန် မတ်တတ်ရပ်ပြီး ပြောလိုက်သည်။ “ကောင်းပါပြီ။ တရားဝင် မဲခွဲဆုံးဖြတ်ကြရအောင်။ လေးလေးနက်နက် သဘောထားကြပါ။ ဘာလို့လဲဆိုတော့ ဒါက အရမ်း မြင့်မြတ်တဲ့ ကိစ္စမို့ပါ။ ဂုဏ်သိက္ခာ၊ သေရေးရှင်ရေးနဲ့တင် မဆိုင်ဘဲ တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်ခွင့်နဲ့ပါ သက်ဆိုင်နေလို့ပါ။

ရှမ့်လန် နိုင်ရင် ရင်မိသားစု ထီးနန်းဆုံးရှုံးမယ်။ တော်ဝင်ချန်အင်ပါယာ ဖြစ်စေ၊ ချန်နိုင်ငံသစ် ဖြစ်စေ အတူတူပါပဲ။ ရှမ့်လန်က တော်ဝင်ချန်အင်ပါယာရဲ့ တရားဝင် အရှင်သခင် ဖြစ်လာမယ်။ လောကကြီးက သူ့ကို အသိအမှတ်ပြုရမယ်။

ဒီပြိုင်ပွဲ ပျက်ပြယ်တယ်လို့ ကြေညာရင် ရင်ကွမ်းက တော်ဝင်ချန်အင်ပါယာ အရှင်သခင်အဖြစ် ဆက်ရှိနေမယ်။ ရှမ့်လန်ရဲ့ တော်ဝင်ချန်အင်ပါယာ အရှင်သခင် ဆိုတာ တရားမဝင်ဘူး၊ မတရားဘူး ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ တော်ဝင်ချန်အင်ပါယာ တစ်ခုတည်း ရှိနိုင်လို့ပဲ။

ဒီကိစ္စကို သမိုင်းမှတ်တမ်း တင်ထားလိမ့်မယ်။ ဒီမှာရှိတဲ့ မဲတစ်မဲချင်းစီက အရှေ့ဘက်လောကရဲ့ သမိုင်းကို ဆုံးဖြတ်လိမ့်မယ်။ လေးလေးနက်နက်နဲ့ မြင့်မြတ်စွာ စိတ်ထားကြပါ။ ကဲ... ပြောစရာ ရှိတာ ကုန်ပါပြီ။ မဲပေးကြရအောင်။”

မင်းသားလျန်က ပြောလိုက်သည်။ “လေးစားအပ်ပါသော ကျောက်စိမ်းဖြူမြို့တော် သံတမန်... မဲပေးပါအုံး။”

ကျောက်စိမ်းဖြူမြို့တော် သံတမန်က ပြောလိုက်၏။ “ရှမ့်လန် နိုင်တယ်။”

သူမသည် စကားတစ်ခွန်းမှ အပိုမပြောပေ။

ဤစကားကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ မျက်နှာများ အနည်းငယ် တုန်လှုပ်သွားကြသည်။

မင်းသားလျန်သည် ကောင်းကင်ပင်လယ်နန်းဆောင် သခင်ကို ကြည့်ပြီး မေးလိုက်၏။ “လေးစား အပ်ပါသော နန်းဆောင်သခင် ကျိုးရှီ... ဘာပြောချင်လဲ။”

ကျိုးရှီက ပြောလိုက်သည်။ “ဒါက တစ်ဦးချင်း တိုက်ပွဲ။ သိုင်းပြိုင်ပွဲ မဟုတ်ဘူး။ အသက်နဲ့ရင်းပြီး ဆုံးဖြတ်တာ။ ဘာလိမ်လည်မှု ရှိလို့လဲ။ ဘာလူသတ်မှု ရှိလို့လဲ။ ရှမ့်လန် နိုင်တယ်။”

ချက်ချင်းပဲ လူတိုင်း၏ မျက်နှာအမူအရာ ထပ်မံ ပြောင်းလဲသွားပြန်၏။

မင်းသားလျန်က မေးလိုက်သည်။ “လေးစားအပ်ပါသော ဂိုဏ်းချုပ်ရန်... ဘာပြောချင်လဲ။”

စေတီတောင် ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ကျုပ်က အကျိုးစီးပွားသက်ဆိုင်သူမို့ မဲမပေးဘဲ နေပါမယ်။”

လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားရုံသာမက တုန်လှုပ်သွားကြ၏။ ‘ဂိုဏ်းချုပ်ရန် ဘာသဘောလဲ။ ရင်ဝူမင်က သူ့သားမက်လေ။ ချန်နိုင်ငံသစ်နဲ့ စေတီတောင်က တစ်သားတည်းလေ။’

မင်းသားလျန်သည် ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်လေး ကျိဝူလန်ကို ကြည့်ပြီး မေးလိုက်သည်။ “သခင်လေးကျိ.. ပြောပါအုံး။”

ကျိဝူလန်သည် ရှမ့်လန် ရှုံးတယ်လို့ ပြောပြီး အခါတစ်ရာလောက် နင်းခြေပစ်ချင်သည်။ သို့သော်ငြား ကောင်းကင်ပြစ်ဒဏ်နန်းဆောင်သည် လူသိရှင်ကြား တော်ဝင်ရန်အင်ပါယာနှင့် ရပ်တည်ချက် တူညီရမည် ဖြစ်သည်။ သူ မဲမပေးဘဲ နေချင်သော်လည်း မရပေ။

“ရှမ့်လန် နိုင်တယ်။” ကျိဝူလန် ပြောလိုက်၏။

မင်းသားလျန် ဆက်မေးလိုက်သည်။ “ရှမ့်ကုန်းဘုရားကျောင်းက ဆရာတော် ကျိခုန်း... ဘယ်လိုထင်လဲ။”

ရှမ့်ကုန်းဘုရားကျောင်းမှ အကြီးအကဲ ကျိခုန်းက ပြောလိုက်၏။ “ရှမ့်လန် နိုင်တယ်။”

မင်းသားလျန်က မေးလိုက်သည်။ “တုံ့ကျန်းဘုရားကျောင်းကရော... ဘယ်လိုထင်လဲ။”

တုံ့ကျန်းဘုရားကျောင်းသခင်၏ မျက်နှာ တွန့်လိမ်သွားသည်။ စောစောကမှ သူသည် ရှမ့်လန်၏ အောင်ပွဲကို ပြင်းပြင်းထန်ထန် ငြင်းပယ်ပြီး လိမ်လည်မှု၊ လူသတ်မှုတို့ဖြင့် စစ်ဆေးရန် တောင်းဆိုခဲ့သည်။ သို့သော်ငြား ယခု အသက်ပြင်းပြင်း ရှူပြီးနောက် ဖြည်းညင်းစွာ ပြောရ၏။ “တုံ့ကျန်းဘုရားကျောင်းသခင်... မဲမပေးဘဲ နေပါမယ်။”

မင်းသားလျန်က မေးလိုက်သည်။ “အရှင်ကျင်း... ဘယ်လိုထင်လဲ။”

ကျင်းနိုင်ငံ၏ ရပ်တည်ချက်အရ ရှမ့်လန် ရှုံးပြီး ရင်ကွမ်းက တော်ဝင်ချန်အင်ပါယာ အရှင်သခင် ဖြစ်လာကာ တော်ဝင်ရန်အင်ပါယာကို ရှေ့တန်းမှ ဆန့်ကျင်စေချင်သည်။ သို့သော်ငြား ကျင်းနိုင်ငံသည် တော်ဝင်ရန် အင်ပါယာကို မဆန့်ကျင်နိုင်ပေ။ မဲမပေးဘဲ နေ၍လည်း မရပေ။

ခဏကြာချိန်မှာတော့ ကျင်းဘုရင်က ပြောလိုက်၏။ “ရှမ့်လန် နိုင်တယ်။”

မင်းသားလျန်က မေးလိုက်သည်။ “စစ်သည်တော်နိုင်ငံ အိမ်ရှေ့စံ... ဘယ်လိုထင်လဲ။”

စစ်သည်တော်နိုင်ငံသည် ကျယ်ပြောလှသော နယ်မြေပိုင်ဆိုင်သည့် ခြေသလုံးအိမ်တိုင် နိုင်ငံဖြစ်သည်။ ထို့အပြင် အရှေ့ဘက်လောက၏ ပြင်ပတွင် ရှိနေသည်မှာ ကြာပြီ ဖြစ်၏။

မင်းသားလျန်၏ စကားကို ကြားချိန်မှာတော့(စစ်သည်တော်၏ အိမ်ရှေ့စံက ပြုံးလိုက်ပြီး ပြောသည်။ “မူလက ရှမ့်လန် နိုင်တယ်လို့ ပြောချင်တာ။ ဒါပေမဲ့ အခု ခင်ဗျားတို့ အားလုံးက ရှမ့်လန် နိုင်တယ်လို့ ပြောနေကြတော့ ကျုပ် မဲမပေးဘဲ နေရမလား။ ဒါက အဓိပ္ပာယ် မရှိဘူး။ ကျုပ် ခင်ဗျားတို့ အားလုံးကို ဆန့်ကျင်ချင်တယ်။ ရှမ့်လန် ရှုံးတယ်။ ပြီးတော့ သူက လိမ်လည်မှု၊ လူသတ်မှုနဲ့ အပြစ်ရှိတယ်။”

ပြောပြီးနောက် စစ်သည်တော်အိမ်ရှေ့စံက ရယ်မောလိုက်သည်။ သူသည် အမှန်တကယ် မောက်မာလှ၏။

မင်းသားလျန်၏ မျက်နှာ တွန့်လိမ်သွားပြီး ချောင်ဘုရင်ကို ကြည့်လိုက်သည်။

“အရှင် ရှမ့်လန်က အမြင့်မြတ်ဆုံးပါပဲ။ သူ နိုင်တယ်။”

“အရှင် ရှမ့်လန်က အမြင့်မြတ်ဆုံးပါပဲ။ သူ နိုင်တယ်။”

“အရှင် ရှမ့်လန်က အမြင့်မြတ်ဆုံးပါပဲ။ သူ နိုင်တယ်။” ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ ဘုရင်များ တပြိုင်နက် ပြောလိုက်ကြ၏။

နောက်ထပ် လူတစ်ဒါဇင်ခန့်သည် မင်းသားလျန် ခေါ်စရာ မလိုတော့ပေ။ တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်ကာ ပြောလိုက်ကြသည်။

“ရှမ့်လန် နိုင်တယ်။”

“ရှမ့်လန် နိုင်တယ်။”

ရှမ့်လန် လူသတ်မှု ကျူးလွန်သည်ဟု ကြေညာခဲ့သော လျန်ဘုရင်ပင်လျှင် မတ်တတ်ရပ်ပြီး ရှမ့်လန် နိုင်ကြောင်း ပြောလိုက်ရသည်။

နောက်ဆုံးတွင် အားလုံး မဲပေးပြီးကြပြီ ဖြစ်သည်။ ခုံသမာဓိအဖွဲ့ဝင် ၃၀ အနက် ၂၆ ဦးက ရှမ့်လန် နိုင်ကြောင်း မဲပေးကြသည်။ ၃ ဦးက မဲမပေးဘဲ နေကြသည်။ တစ်ဦးက ရှမ့်လန် ရှုံးကြောင်း မဲပေး၏။

မင်းသားလျန်က ပြောလိုက်သည်။ “မြင့်မြတ်တဲ့ မဲပေးမှု ပြီးဆုံးသွားပါပြီ။ ရလဒ် ထွက်လာပါပြီ။ ဒီတစ်ဦးချင်း တိုက်ပွဲမှာ ရှမ့်လန် အနိုင်ရရှိပြီး တော်ဝင်ချန်အင်ပါယာရဲ့ တရားဝင် ဘွဲ့နာမကို ရရှိပါတယ်။ တော်ဝင်ချန် အင်ပါယာရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာပါတယ်။ ရင်ကွမ်း အနေနဲ့ အမြန်ဆုံး ထီးနန်းစွန့်ဖို့ လိုအပ်ပါတယ်။ ကန့်ကွက်စရာ မရှိရင် ဒီရလဒ်ကို လောကသိအောင် ကြေညာလိုက်ပါမယ်။”

.........

မင်းသားလျန် ချက်ချင်း အပြင်ထွက်လိုက်၏။

လူသောင်းချီသော မျက်လုံးများသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။ မင်းသားလျန်သည် လည်ချောင်းရှင်းပြီး ကြေညာလိုက်သည်။ “သဘာဝလွန်အင်အားစု ခြောက်ခု ၊ တော်ဝင်ရန်အင်ပါယာ၊ တိုင်းနိုင်ငံ အသီးသီးနဲ့ ခုံသမာဓိအဖွဲ့ကို ကိုယ်စားပြုပြီး ကျုပ် တရားဝင် ကြေညာလိုက်ပါတယ်။ ဒီသိုင်းပြိုင်ပွဲမှာ အရှင်ရှမ့်လန် အနိုင်ရရှိပါတယ်။”

ပြိုင်ပွဲကွင်း တစ်ခုလုံး ခေတ္တမျှ ဆူညံသွားပြီးနောက် ပြန်လည် တိတ်ဆိတ်သွားပြန်၏။

‘အရှင် သက်တော်ရာကျော် ရှည်ပါစေ’ ဟူသော ကြွေးကြော်သံများ မကြားရပေ။ တုန်လှုပ်ခြင်းမှလွဲ၍ ရှိနေသူအားလုံး၏ စိတ်ထဲတွင် ဖော်ပြ၍ မရနိုင်သော ရှုပ်ထွေးသည့် ခံစားချက်များ ဖြစ်ပေါ်နေသည်။

စုနန်နှင့် အခြားသူများသည် ပရိသတ်များကို ဝေ့ဝဲကြည့်လိုက်သည်။ အထူးသဖြင့် ချန်နိုင်ငံသစ်မှ မှူးမတ်များနှင့် ပြည်သူ့ကိုယ်စားလှယ် ၁၀၀၀၀ ကို ကြည့်လိုက်၏။

‘အရှင် ရှမ့်လန် နိုင်သွားပြီလေ။ သူက ခင်ဗျားတို့ရဲ့ သခင်အစစ်။ တော်ဝင်ချန်အင်ပါယာရဲ့ တစ်ဦးတည်းသော အင်ပါယာ။ ဒီနေ့ ရင်ဝူမင်ကို အနိုင်ယူပြီး နောက်ထပ် အံ့ဖွယ်အမှုတစ်ခု ဖန်တီးလိုက်ပြီ။ ခင်ဗျားတို့ ဂုဏ်ပြုသင့်တယ် မဟုတ်လား။ ရင်မိသားစု သူပုန်တွေကိုပဲ အဆုံးထိ လိုက်တော့မှာလား။’

‘အရင်တုန်းက အရှင် ရှမ့်လန်က အားနည်းလွန်းလို့ ခင်ဗျားတို့ကို မကာကွယ်ပေးနိုင်ဘူးလို့ ထင်ခဲ့ကြတယ် မဟုတ်လား။ အခု သူက ရင်ဝူမင်ကိုတောင် အနိုင်ယူလိုက်ပြီ။ ဒါ သက်သေပြဖို့ မလုံလောက်သေးဘူးလား။ သူ အံ့ဖွယ်အမှု ဘယ်နှကြိမ် ဖန်တီးခဲ့ပြီးပြီလဲ။ သူ့ကို မယုံကြသေးဘူးလား။’

သို့သော်ငြား ပြိုင်ပွဲကွင်း တစ်ခုလုံး တိတ်ဆိတ်နေဆဲ။ ဘယ်သူမှ ရှမ့်လန်အတွက် အားပေးခြင်း မရှိချေ။ သူတို့ အတွေးများ ရှုပ်ထွေးနေဆဲဖြစ်သည်။

“သွားကြစို့။” စုနန် အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူသည် နုရှောင့်မြို့ သံတမန်အဖွဲ့ ရာဂဏန်းကို ဦးဆောင်ကာ ပြိုင်ပွဲကွင်းမှ ထွက်ခွာသွား၏။

......

ရှမ့်လန် အနိုင်ရပြီး ရင်ဝူမင် သေဆုံးသွားသည့် သတင်းသည် တောမီးပမာ ပျံ့နှံ့သွားသည်။ သို့ဆိုစေကာမူ ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ ဖြစ်သော်လည်း လှိုင်းဂယက်များ မထလာပေ။

ချန်မြို့တော်ရှိ လူတိုင်း တုန်လှုပ်သွားကြသည်။ ဝိညာဉ် လွင့်ပါးသွားသကဲ့သို့ ဖြစ်ပြီး ကိုယ့်ဘဝကိုယ်ပင် သံသယ ဝင်လာကြသည်။

“ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အိမ်ရှေ့စံရင်ဝူမင်က ရှမ့်လန်ထက် အများကြီး ပိုသန်မာတာ။ ရှမ့်လန်က ဘယ်လို နိုင်သွားတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”

ဤကဲ့သို့သော ရလဒ်မျိုး ထွက်လာချိန်တွင် ချင်မြို့တော်မှ ပြည်သူများက ပျော်ကြသည်လား။ ပျော်သည်ဟုလည်း ပြောမရ၊ မပျော်ဟုလည်း ပြောမရဘဲ ခံစားချက်များက အလွန် ရှုပ်ထွေးနေသည်။ ပေါက်ကွဲထွက်လာမည့် အခြေအနေမျိုး ဖြစ်သင့်သော်လည်း ထူးဆန်းစွာ တိတ်ဆိတ်နေသည်။ အိမ်တံခါးများပင် တင်းကျပ်စွာ ပိတ်ထားကြ၏။

ပြိုင်ပွဲမစခင်က ရှမ့်လန် သေချာပေါက် သေလိမ့်မည်ဟု လူတိုင်း ထင်ခဲ့ကြသည်။ ထို့ကြောင့် ရှောင်ဖယ်နေခြင်းသည် အကြောင်းပြချက် ခိုင်လုံသည်။ ယခု ရှမ့်လန် နိုင်သွားချိန်မှာတော့ သူတို့၏ တုံ့ပြန်မှုသည် အတူတူပင် ဖြစ်နေဆဲ။

ရှမ့်လန်၏ ရထားလုံးသည် ပြိုင်ပွဲကွင်းမှ ထွက်ခွာပြီး နုရှောင့်မြို့ သံတမန်အဖွဲ့၏ အကာအကွယ်ဖြင့် လင်းနယ်စား အိမ်တော်သို့ ပြန်လာချိန်မှာတော့ လမ်းမကြီး တစ်ခုလုံး လူသူကင်းမဲ့နေသည်။

အားပေး ကြွေးကြော်သံ မရှိသည်ကို ထားလိုက်ပါတော့။ လာကြည့်သူပင် မရှိပေ။ အိမ်တိုင်းနီးပါး တံခါးပိတ်ထားကြ၏။

ရှမ့်လန်သည် မကြုံစဖူး အေးစက်သော ဆက်ဆံမှုကို ခံရဆဲပင်။ ချန်မြို့တော် ပြည်သူများသည် ရှမ့်လန်ကို မည်သို့ ရင်ဆိုင်ရမည်ဖြစ်ကြောင်း မဆုံးဖြတ်ရသေးခြင်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ သူရဲကောင်း တစ်ယောက်ကဲ့သို့ ကြိုဆိုခံရမည်ဟု မျှော်လင့်ခြင်းသည် စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပေလိမ့်မည်။

.......................

မိသားစု တစ်စုရှိသည်။ ပညာတတ် မျိုးရိုးဖြစ်သည်။ အဘိုးဖြစ်သူက အငယ်တန်း ပညာရှိ၊ ဖခင်ဖြစ်သူက အကြီးတန်း ပညာရှိ၊ မြေးဖြစ်သူကလည်း အငယ်တန်း ပညာရှိ ဖြစ်သည်။ ဖခင်တစ်ဦးတည်းသာ အပြင်တွင် အရာရှိ ဖြစ်ပြီး မှတ်တမ်းအရာရှိ အဆင့်သာ ရှိသည်။ အရာရှိသက်တမ်း အနှစ် ၂၀ ရှိသော်လည်း ရာထူးမတိုးခဲ့ပေ။ နောက်ခံမရှိသောကြောင့် ဖြစ်၏။

အမှန်တကယ်အားဖြင့် ဤမိသားစုသည် ရှမ့်လန်နှင့် ရင်ဝူမင် သိုင်းပြိုင်ပွဲကို သွားရောက် ကြည့်ရှုခွင့်ပင် မရှိပေ။ ရှမ့်လန်နိုင်ပြီး ရင်ဝူမင် သေဆုံးသွားသည့် သတင်းကို ကြားလိုက်ရချိန်မှာတော့ အဘိုးဖြစ်သူ ပညာရှိအိုကြီးသည် လုံးဝ တုန်လှုပ်သွားခဲ့သည်။ ၁၅ မိနစ်ခန့် ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမှ မရှိ။ ထို့နောက် ဝိုင်အိုးတစ်လုံး ယူကာ စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ သောက်နေသည်။

“အဘိုး... ဘာတွေ တွေးနေတာလဲ။ အမိန့်တော်အရဆိုရင် အင်ပါယာ ရှမ့်လန် နိုင်သွားပြီမို့ သူက တော်ဝင်ချန်အင်ပါယာရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာတော့မယ်။ အင်ပါယာ ရင်ကွမ်းက ထီးနန်းစွန့်ရတော့မယ် မဟုတ်လား။” မြေးဖြစ်သူက မေးလိုက်၏။

ပညာရှိအိုကြီး ဝိုင်တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်သည်။ “အင်ပါယာ ကျန်းလီ လက်ထက်တုန်းက ငါတို့ ချန်မြို့တော်ဟာ လောကကြီးရဲ့ဗဟိုချက် ဖြစ်ခဲ့တယ်။ ရန်မြို့တော်ကိုတောင် ကျော်လွန်လုနီးပါး ဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ငါတို့ တော်ဝင်ချန်အင်ပါယာက ပြိုင်ဘက်ကင်းပဲ။ ငါတို့ ပြည်သူတွေ တခြားနိုင်ငံ သွားရင်တောင် ခေါင်းမော့ ရင်ကော့ပြီး သွားရဲကြတယ်။ ငါလို ပညာရှိ အငယ်စားလေးတောင် ကျင်းနိုင်ငံ ရောက်တုန်းက အရာရှိတွေကို ဆဲဆိုရဲခဲ့တယ်။ တကယ့်ကို ကောင်းကင်အင်ပါယာရဲ့ အရှိန်အဝါပဲ။”

မြေးဖြစ်သူက မေးလိုက်၏။ “အဘိုးမှာ အဲဒီလောက် ဂုဏ်ယူစရာကောင်းတဲ့ အချိန်တွေ ရှိခဲ့ဖူးတာလား။”

ပညာရှိအိုကြီးက ပြောလိုက်သည်။ “အဲဒီတုန်းက ကျင်းနိုင်ငံကို ပညာတော်သင်သွားတုန်း ဆဋ္ဌမအဆင့် အရာရှိတစ်ယောက် အမှုမမှန်မကန် စစ်ဆေးနေတာ တွေ့လို့ ငါ ဝင်ပါခဲ့တယ်။ အစတုန်းက သူတို့ ငါ့ကို ဖမ်းချင်ကြတာ။ ဒါပေမဲ့ ငါက တော်ဝင်ချန်အင်ပါယာရဲ့ ပညာရှိပါလို့ ပြောလိုက်တော့ သူတို့ နောက်ဆုတ်သွားကြတယ်။ အဲဒီ ဆဋ္ဌမအဆင့် အရာရှိတောင် မြို့တော်ဝန်ရဲ့ အပြစ်ပေးတာ ခံလိုက်ရတယ်။

ဒါတွေအားလုံးက အင်ပါယာကျန်းလီရဲ့ ဂုဏ်သတင်းကြောင့်ပဲ။ သူက မတရားတာ လုံးဝ သည်းမခံဘူး။ ပြီးတော့ သူ့ပြည်သူတွေကို အရမ်း ကာကွယ်တယ်။ မြေး မသိပါဘူး။ အင်ပါယာကျန်းလီ အမိန့်တစ်ခု ပေးလိုက်ရင် တော်ဝင်ချန်အင်ပါယာ ပြည်သူ သန်းပေါင်းများစွာ နာခံကြတယ်။ သူ ဘာအမိန့်ပဲ ပေးပေး ပြည်သူသန်းပေါင်းများစွာက ထောက်ခံကြတယ်။ သူ ဘာခိုင်းခိုင်း ငါတို့ အစွမ်းကုန် လုပ်ပေးကြတယ်။ တကယ့်ကို စိတ်အားထက်သန်စရာကောင်းတဲ့ ကာလတစ်ခုပါပဲ။ မင်းအဘိုးလို အားနည်းတဲ့ ပညာရှိတောင် သွေးမြေကျဖို့ ဝန်မလေးခဲ့ဘူး။”

မြေးဖြစ်သူက ပြောလိုက်၏။ “ဒါဆို အဘိုး ပျော်သင့်တာပေါ့။ အင်ပါယာ ရှမ့်လန် နိုင်သွားပြီလေ။ သူက တော်ဝင်ချန်အင်ပါယာရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာတော့မှာ။”

အပိုင်း (၁၁၂၄)

“အရှင်ရှမ့်လန် နိုင်လို့ အဘိုး အတိုင်းမသိ ဝမ်းသာပါတယ်။ သူ အသက်ရှင်လျက် ရှိသေးတယ် ဆိုတာ ကြားတုန်းက အဘိုး နှစ်ရက်လောက် မူးအောင် သောက်ပြီး အရမ်း စိတ်လှုပ်ရှားခဲ့ရတာ။ အင်ပါယာ ကျန်းလီမှာ ဆက်ခံသူ ရှိပြီပေါ့။”

ပညာရှိအိုကြီး ဆက်ပြောသည်။ “ဒါပေမဲ့ လူတစ်ယောက်ရဲ့ သွေးက နောက်ဆုံးကျရင် အေးစက် သွားတတ်တယ်။”

မြေးဖြစ်သူက မေး၏။ “ဒါဆို အဘိုးက အင်ပါယာရှမ့်လန်ကို တော်ဝင်ချန်အင်ပါယာ အုပ်ချုပ်ဖို့ ထောက်ခံလား။ ချင်မြို့တော်ရဲ့ အရှင်သခင် ဖြစ်လာဖို့ ထောက်ခံလား။”

ပညာရှိအိုကြီးက ဖြေလိုက်သည်။ “ဒီလိုကိစ္စတွေကို ငါတို့ ဆုံးဖြတ်လို့ မရပါဘူး။ ငါက ပညာရှိ အငယ်စားလေး တစ်ယောက်ပါ။”

“အဘိုး... ကျုပ်တို့ အိမ်ထဲမှာ တံခါးပိတ် ပြောနေတာပါ။ ဘယ်သူမှ ပြန်မပြောပါဘူး။”

အဘိုးဖြစ်သူ ဝိုင်တစ်ငုံ ထပ်သောက်လိုက်ပြီး မျက်လုံးများ ခေတ္တ မှိတ်ထားလိုက်သည်။ ပြန်ဖွင့်လိုက် ချိန်မှာတော့ ခေါင်းခါယမ်းကာ ပြောလိုက်၏။ “မထောက်ခံဘူး။ ရှမ့်လန် ချင်မြို့တော်ရဲ့ အရှင်သခင် ဖြစ်လာမှာကို ငါ မထောက်ခံဘူး။”

မြေးဖြစ်သူက မေးလိုက်သည်။ “ဘာလို့လဲ။ အင်ပါယာရှမ့်လန်က အံ့ဖွယ်အမှုတွေ တစ်ခုပြီးတစ်ခု ဖန်တီးခဲ့တာလေ။ ဘာလို့ မထောက်ခံတာလဲ။ ပြီးတော့ သူက အင်ပါယာကျန်းလီရဲ့ သားလေ။ တစ်ဦးတည်းသော သား။”

အဘိုးဖြစ်သူက ပြောလိုက်၏။ “သူက ဆိုးရွားလွန်းတယ်။ သဘာဝလွန် ဖြစ်လွန်းတယ်။ ငါက ငြိမ်းချမ်းရေးကို လိုလားတယ်။ နောက်ထပ် ပရမ်းပတာ ဖြစ်လာတာမျိုး မလိုချင်တော့ဘူး။ ရင်ကွမ်းက သစ္စာဖောက် ဆိုပေမဲ့ အနည်းဆုံးတော့ သူက ငါတို့ကို နှစ် ၂၀ ကျော် ငြိမ်းချမ်းမှု ပေးခဲ့တယ်။”

ထို့နောက် ပညာရှိအိုကြီးသည် ဝိုင်များကို တစ်ခွက်ပြီး တစ်ခွက် မော့သောက်လိုက်သည်။ သူ အံကြိတ်ပြီး ပြောလိုက်သည်။

“ဘာမှ မပြောင်းလဲတာ အကောင်းဆုံးပဲ။ ရှမ့်လန် နိုင်သွားပြီ ဆိုတော့လည်း ပြီးတာပါပဲ။ သူ့ရဲ့ နုရှောင့်မြို့ကို မြန်မြန် ပြန်သွားပြီး ချန်မြို့တော်ကို ဘယ်တော့မှ ပြန်မလာရင် ကောင်းမယ်။ ဘယ်သူမှ ငါတို့ဘဝတွေကို လာမရှုပ်စေချင်ဘူး။ အဲဒီ ကပ်ဘေးဆိုးကြီးကို ထပ်မကြုံချင်တော့ဘူး။”

ထို့နောက် သူသည် ဝိုင်အိုးထဲမှ ဝိုင်များကို မော့သောက်လိုက်သည်။ စကားတစ်ခွန်းမှမဆိုဘဲ အိပ်ရာသို့ တန်းဝင်သွားသည်။ အိပ်ပျော်သွားချိန်မှာတော့ ပညာရှိအိုကြီးသည် ခွေခွေလေး အိပ်ရင်း ငိုကြွေးနေလေ၏။

“အင်ပါယာ ကျန်းလီ... ဒီအဘိုးကြီး အပြစ်ရှိပါတယ်။ ဒီအဘိုးကြီး အပြစ်ရှိပါတယ်။”

......

ယခုတစ်ကြိမ်တွင် ရှမ့်လန် ၁၄ နာရီတိတိ အိပ်ပျော်သွားခဲ့သည်။

ပြန်နိုးလာချိန်မှာတော့ ရှားပါးသော ဧည့်သည်တစ်ဦးကို တွေ့လိုက်ရသည်။ ကောင်းကင်ပင်လယ်နန်းဆောင် သခင် ကျိုးရှီ ဖြစ်နေ၏။

“ရှားရှားပါးပါး ဧည့်သည်ပါလား။”

ရှမ့်လန် ပြောလိုက်သည်။ “နန်းဆောင်သခင် ကျိုးရှီ... နေကောင်းရဲ့လား။”

ကျိုးရှီ ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ဆို၏။ “သဲကန္တာရထဲမှာ လေပြင်းတိုက်ပြီး ခြောက်သွေ့တာက လွဲရင် အကုန် အဆင်ပြေပါတယ်။”

ကောင်းကင်ပင်လယ်နန်းဆောင်သည် သဲကန္တာရထဲတွင် အများကြီး ရရှိခဲ့သည်ဟု ရှမ့်လန် ကြားထားသည်။ သို့သော်ငြား ဤကိစ္စမျိုးကို ရှမ့်လန် စတင် မေးမြန်း၍ မရပေ။ နန်းဆောင်သခင် ကျိုးရှီသည် စကားနည်းသူ ဖြစ်သောကြောင့် သူတို့နှစ်ဦး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ ရှမ့်လန်၏ အောင်ပွဲအတွက် ဂုဏ်ပြုစကား ပြောနိုင်သော်လည်း နောက်ဆုံးတွင် မပြောဖြစ်ခဲ့ပေ။

“နန်းဆောင်သခင် ကျိုးရှီ... ဘာကိစ္စ ရှိလို့ပါလဲ။” ရှမ့်လန် မေးလိုက်သည်။

ကျိုးရှီက ပြောလိုက်၏။ “အရှင်ရှမ့်လန်... လူသားတွေရဲ့တွေးခေါ်မှုက အရမ်း တစ်ဖက်စွန်း မရောက်ဘူးလား။ လူတစ်ယောက်က ဉာဏ်ကောင်းလေလေ ပိုပြီး တစ်ဖက်စွန်း ရောက်လေလေ၊ ကိုယ်လုပ်တာ မှန်တယ်လို့ ပိုပြီးထင်လေလေ မဟုတ်ဘူးလား။”

ရှမ့်လန် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ မှန်ပါတယ်။ ဒါပေမဲ့ နန်းဆောင်သခင် ကျိုးရှီ... ကျုပ် မှားတယ်လို့ ထင်နေတာလား။ ရင်ဝူမင်ကို သတ်လိုက်တာ မှားတယ်လို့ ထင်လား။ ဒါမှမဟုတ် ဒီလောကမှာ ရန်သူမရှိစေရဘူး ဆိုတဲ့ ကျုပ် ရည်မှန်းချက်က မှားနေတယ်လို့ ထင်လား။”

ကျိုးရှီ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင် ထွက်ခွာသွားပြီးတည်းက အရှင် ရှမ့်လန်က ကြီးကျယ်တဲ့ အောင်ပွဲတွေ တစ်ခုပြီး၊ တစ်ခု ရယူနိုင်ခဲ့တယ်။ အံ့ဖွယ်အမှု တစ်ခုပြီး တစ်ခုက အံ့သြစရာ ကောင်းလွန်းပါတယ်။

ဒါပေမဲ့ တစ်ခါတလေ အရှင် ရှမ့်လန်ကို အကြံပေးချင်မိတယ်။ ကိုယ့်လမ်းကြောင်းကို ပြန်စဉ်းစားကြည့်ပါ။ တကယ် မှန်ကန်ရဲ့လား။ တရားမျှတရဲ့လား။ အဲ .... တရားမျှတမှု ဆိုတဲ့ စကားလုံးက ကျုပ်ပါးစပ်က ထွက်လာရင် ရယ်စရာ ကောင်းနေလိမ့်မယ်။”

ရှမ့်လန် ခေတ္တ စဉ်းစားပြီး ပြောလိုက်၏။

“ကျုပ် စဉ်းစားပြီးပါပြီ။ ပြဿနာ မရှိဘူးလို့ ထင်တယ်။ ဒီလောကမှာ ရန်သူမရှိစေရဘူးဆိုတဲ့ ရည်မှန်းချက်က မမှားပါဘူး။ ကျုပ် လျှောက်နေတဲ့ လမ်းကြောင်းက မှန်ကန်ပါတယ်။”

ထို့နောက် ရှမ့်လန်က ဆက်ပြောသည်။ “ဒါနဲ့ နန်းဆောင်သခင် ကျိုးရှီ... ကျုပ် မေးစရာ တစ်ခု ရှိတယ်။”

“မေးပါ။”

“ဒီလောကမှာ စိတ်စွမ်းအင် တိုးတက်အောင် လုပ်မယ့် နည်းလမ်း ရှိလား။ ဥပမာ... ကျမ်းစာအုပ်တွေ ရှိလား။ တစ်လလောက် ကျင့်ကြံလိုက်ရင် စိတ်စွမ်းအင် အဆတစ်ရာလောက် တိုးလာမဲ့ ဟာမျိုးလေ။ ဒါမှမဟုတ် ဆေးဝါး ရှိလား။ သောက်လိုက်ရင် အဆတစ်ရာလောက် တိုးလာမဲ့ဟာမျိုး။ ဒါမှမဟုတ် လျှို့ဝှက်နယ်မြေ ရှိလား။ တစ်လလောက် ဝင်နေလိုက်ရင် အဆတစ်ရာလောက် တိုးလာမဲ့ ဟာမျိုးလေ။”

ကျိုးရှီ၏ မျက်နှာ ရှုံ့တွသွားသည်။ ရှမ့်လန်ကို ရိုက်သတ်ချင်စိတ်အား မနည်း ထိန်းချုပ်လိုက်ရ၏။ ‘စိတ်စွမ်းအင် ဆိုတာ ဘာမှတ်နေလဲ။ သိုင်းပညာ တိုးတက်ဖို့ထက်တောင် ပိုခက်ခဲသေးတယ်။’

သို့သော်ငြား ရှမ့်လန်သည် စိတ်စွမ်းအင်ကို အမှန်တကယ် လိုအပ်နေသည်။ အထူးသဖြင့် နဂါးနှလုံးသား၊ ရှေးဟောင်းဘုရင် လက်စွပ်နှင့် နဂါးဓားတို့ကို ရရှိပြီးနောက် စိတ်စွမ်းအင်သည် အလွန် တန်ဖိုးရှိလာသည်။

‘ဒီနေ့ လွှတ်ထုတ်လိုက်တဲ့ စွမ်းအင်ဝဲကတော့က အရမ်း ကြမ်းတမ်းတယ်။ ရင်ဝူမင်ကို ချက်ချင်း သတ်ပစ်လိုက်တယ်။ ဒါပေမဲ့ တစ်ကြိမ် လွှတ်ထုတ်ပြီးတာနဲ့ ငါ့ရဲ့စိတ်စွမ်းအင်တွေ အကုန် ကုန်ခမ်းသွားတယ်။ ဘာမှ မကျန်တော့ဘူး။ တော်တော် ခါးသီးစရာပဲ။’

‘နောက်ပိုင်းကျရင် တစ်ကွက်တည်းပဲ သုံးလို့ရတော့မှာလား။ ဘယ်လောက် ရှက်စရာ ကောင်းလဲ။ သေချာပေါက် တော်ဝင်ချန်အင်ပါယာ အင်ပါယာ အနေနဲ့ ခဏခဏ တိုက်ခိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ ဒီနေ့လိုမျိုး အကွက်ကြီးကြီး ထုတ်သုံးနိုင်ရင် ကောင်းတယ် မဟုတ်လား။ ဒီလိုဆိုရင်တောင် အရေးကြီးတဲ့ ပြဿနာ တစ်ခု ကျန်သေးတယ်။’

နဂါးနောင်တကို ကြားဖြတ် ဟန့်တားခြင်း။ ရှမ့်လန်၏ ရှေးဟောင်းဘုရင် လက်စွပ်နှင့် နဂါးနှလုံးသား ပေါင်းစပ်လိုက်ပြီးနောက် အလွန် အစွမ်းထက်သော စွမ်းရည်တစ်ခု ရရှိလာသည်။ ၎င်းမှာ မည်သည့် ရှေးဟောင်းလက်နက်ကိုမဆို ကြားဖြတ် ဟန့်တားနိုင်ခြင်း ဖြစ်၏။

သေချာပေါက် ဤအရာက သီအိုရီအရပင်။ လက်တွေ့မှာ ရှမ့်လန်၏ စိတ်စွမ်းအင်နှင့်ဆိုလျှင် ရှေးဟောင်းမြား တစ်စင်းလောက်သာ တားနိုင်ပြီး နဂါးနောင်တကို လုံးဝ တားနိုင်မည် မဟုတ်ချေ။ အရင်တုန်းက အကြိမ်ကြိမ် ပြောခဲ့ဖူးသလိုပင်။ ရှမ့်လန်က ခြေတစ်လှမ်း မလှမ်းခင် သုံးလှမ်းလောက် ကြိုကြည့်တတ်ပြီး နောက်တစ်ပွဲ၊ နောက်, နောက်ထပ်တစ်ပွဲ အတွက်ပါ ကြိုတင် ပြင်ဆင်ထားတတ်သည်။

ယခု ရင်ဝူမင်နှင့် ပြိုင်ပွဲ ပြီးသွားပြီဖြစ်၏။ ပြီးပြည့်စုံသော အောင်ပွဲ ရခဲ့သည်။ နောက်တစ်ဆင့်က ရင်ကွမ်းနှင့် စေတီတောင်ကို သတ်ဖို့ပင်။ ထို့အပြင် အဲဒါပြီးလျှင်ကော။ တော်ဝင်ရန်အင်ပါယာကို တိုက်ရိုက် ရင်ဆိုင်ရတော့မည်။ ရန်မြို့တော်သည် တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်း ရှိ၏။

ရှမ့်လန်က ရင်ကွမ်းနှင့် စေတီတောင်ကို လုံးဝ ဖျက်ဆီးလိုက်သည်ကို ရန်မြို့တော်က ဘာမှ ပြောမှာ မဟုတ်ချေ။ နဂါးနောင်တ အစစ်အမှန် သုံးလေးခုလောက် နုရှောင့်မြို့ဆီ ပစ်လွှတ်လိုက်မှာပင်။ ထိုအချိန်ကျလျှင် ရှမ့်လန်၌ ဘာမှ ကျန်တောမည် မဟုတ်တာ သေချာသည်။

ရင်ကွမ်းနှင့် စေတီတောင်မှာ နဂါးနောင်တကို အဝေးကနေ ကြားဖြတ် ဟန့်တားနိုင်သော ရှေးဟောင်း ကြားဖြတ် ကိရိယာများ ရှိ၏။ သို့သော်ငြား ရှမ့်လန်မှာ မရှိချေ။ ပြီးနောက် သူ၏ပိုင်ဆိုင်မှု အားလုံးနီးပါးက နုရှောင့်မြို့တွင် ရှိနေလေသည်။ ထိုနေရာ ပြာကျသွားလျှင် ရန်မြို့တော်ကို မည်သို့ ယှဉ်နိုင်မည်နည်း။

.......

လက်ရှိတွင် နဂါးနောင်တကို ကြားဖြတ် ဟန့်တားရန် နည်းလမ်းနှစ်ခု ရှိသည်။ ပထမနည်းမှာ ချန်မြို့တော် သို့မဟုတ် စေတီတောင်မှ ရှေးဟောင်း ကြားဖြတ် ကိရိယာကို ရယူရန် ဖြစ်သည်။ သို့သော်ငြား ရင်ကွမ်းနှင့် စေတီတောင်ကို ဦးစွာ ဖျက်ဆီးရမည်။

ဒုတိယနည်းမှာ ရှမ့်လန်၏ စိတ်စွမ်းအင် အားကောင်းလာရန် ဖြစ်သည်။ ဤနည်းဖြင့် နဂါးနောင်တကို ကြားဖြတ် ဟန့်တားနိုင်သည်။ ထို့အပြင် ဒုတိယနည်းသည် ကြားဖြတ်ဟန့်တားရုံမျှမက တိုက်ရိုက် သိမ်းယူနိုင်၏။

သူ၏ နဂါးနှလုံးသားနှင့် ရှေးဟောင်းဘုရင် လက်စွပ်တို့သည် အလွန် စွမ်းအားကြီးမားသည်။ ရှေးဟောင်းမြား သူ့ထံသို့ ပစ်ခတ်လာချိန်မှာတော့ လေထဲတွင် ချက်ချင်း ရပ်တန့်သွားသည်။ ပေါက်ကွဲခြင်း မရှိဘဲ မြေကြီးပေါ်သို့ တိုက်ရိုက် ကျရောက်သည်။

ရှမ့်လန် ယခု ဘာလိုအပ်နေသနည်း။ နဂါးနောင်တ မဟုတ်တော့ပေ။ သူ၏ စိတ်စွမ်းအင်သာ အားကောင်းလာလျှင် ချန်မြို့တော်က မြားဘယ်နှစ်စင်းပစ်ပစ် နဂါးနောင်တကို ကြားဖြတ် ဟန့်တားနိုင်မည်။ ဆိုလိုသည်မှာ တော်ဝင်ရန်အင်ပါယာကိုပါ မဟာဗျူဟာမြောက် ဟန့်တားနိုင်စွမ်း ရှိလာမည် ဖြစ်သည်။ ထိုအခါ ချိန်ခွင်လျှာ ညီမျှသွားပေလိမ့်မည်။

ထို့ကြောင့် စိတ်စွမ်းအင်သည် ရှမ့်လန်အတွက် အလွန် အရေးကြီးသည်။ သို့သော်ငြား ပင်ပင်ပန်းပန်း ကျင့်ကြံရမည် ဆိုလျှင်တော့ ထားလိုက်ပါတော့။ ရှမ့်လန်တွင် အချိန်မရှိပေ။ အများဆုံး လအနည်းငယ်သာ ရှိသည်။ ထို့အပြင် သူ့စိတ်စွမ်းအင်က အလွန် ညံ့ဖျင်းရာ တစ်ဆ ၊ နှစ်ဆ တိုးရုံဖြင့် အသုံးမဝင်မည် မဟုတ်ပေ။ အနည်းဆုံး အဆ ဒါဇင်ချီ တိုးမှ ရမည်။

အချိန်အတော်ကြာမှ နန်းဆောင်သခင် ကျိုးရှီက ပြောလိုက်သည်။ “အရှင် ရှမ့်လန်... အဲဒီလို ကျမ်းစာအုပ် မရှိပါဘူး။ အဲဒီလို လျှို့ဝှက်နယ်မြေ မရှိပါဘူး။ အဲဒီလို ဆေးဝါးလည်း မရှိပါဘူး။”

ရှမ့်လန်က မေးလိုက်၏။ “စိတ်စွမ်းအင်ကို အဆ ဒါဇင်ချီ၊ ရာချီ တိုက်ရိုက် တိုးစေမယ့် နည်းလမ်း လုံးဝ မရှိဘူးလား။”

“မရှိပါဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလို ဥပမာမျိုး မြင်ဖူးသလိုပဲ။”

ဘယ်ဥပမာနည်း။ ချောင်ယောင်းအာပင် ဖြစ်သည်။ သူမသည် ဘုရင်မမီဒူဆာ၏ ဝိညာဉ် ဝင်ရောက် စီးနင်းခြင်း ခံခဲ့ရပြီးနောက် သိုင်းပညာ ပိုမို အားကောင်းလာရုံသာမက စိတ်စွမ်းအင်လည်း အံ့မခန်း သန်မာလာခဲ့သည်။ ရင်ဝူမင်သည် အလွန်သန်မာသော်လည်း ဘုရင်မမီဒူဆာနှင့် ယှဉ်လျှင် အများကြီး ကွာခြားသေး၏။

နန်းဆောင်သခင် ကျိုးရှီက မေးလိုက်သည်။ “အရှင် ရှမ့်လန်... ရှင်းရှင်းလင်းလင်း ပြောပြပါအုံး။”

ရှမ့်လန်က မေးလိုက်၏။ “သူများ ခန္ဓာကိုယ်ကို သိမ်းပိုက်လို့ မရဘူးလား။”

ကျိုးရှီက ပြန်မေးလိုက်သည်။ “သူများ ခန္ဓာကိုယ်ကို သိမ်းပိုက်တယ် ဟုတ်လား။ တခြားသူရဲ့ ဝိညာဉ်ကို ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်ခွင့်ပေးလိုက်တာကို ပြောတာလား။ ဒါဆို အရှင်က အရှင် ရှမ့်လန် ဖြစ်နေအုံးမလား။ ပြီးတော့ ဝိညာဉ်မရှိတဲ့ ခန္ဓာကိုယ် မဟုတ်ရင် ဘယ်သူမှ သူများ ခန္ဓာကိုယ်ကို သိမ်းပိုက်လို့ မရဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ မင်းသမီး နင်ဟန်က ခန္ဓာကိုယ် လဲချင်တယ်လို့ ပြောဖူးတယ်။”

ကျိုးရှီ ကြောင်အသွားသည်။ ထိုအရာကို စောင့်နေသည်လား။ နင်ဟန် တကယ် ပြောဖူးသည်။

ကျိုးရှီက ပြောလိုက်၏။ “သူပြောတာနဲ့ အရှင်ပြောတာ မတူပါဘူး။ သူလိုချင်တာက ဝိညာဉ်မရှိတဲ့ ခန္ဓာကိုယ်သက်သက်၊ သာမန်လူ မဟုတ်ဘူး။

အရှင် ရှမ့်လန်... အခု အရှင် လိုချင်တာက တခြားလူ တစ်ယောက်က အရှင်ရဲ့ ခန္ဓာကိုယ်ကို လာသိမ်းပိုက်ဖို့ လိုနေတာ။ ဒါဆိုရင် အရှင်ရဲ့ဝိညာဉ်က ပျောက်ကွယ်သွားမယ်။ ဒါမှမဟုတ် ဘယ်တော့မှ ပြန်မထလာနိုင်အောင် ဖိနှိပ်ခံလိုက်ရမယ်။ ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးရမှာကို လိုလားလို့လား။”

“သေချာပေါက် မလိုလားပါဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “နန်းဆောင်သခင် ကျိုးရှီ... ဒီလို ဝိညာဉ်မျိုး မရှိဘူးလား။ ခန္ဓာကိုယ် မရှိဘဲ ဝိညာဉ်သက်သက် ရှိနေတာမျိုးလေ။”

ကျိုးရှီက ပြောလိုက်၏။ “အရှင် ရှမ့်လန်ဆီမှာ အဖြေရှိပြီးသားပဲ။ ဘာလို့ မေးနေသေးတာလဲ။”

ဟုတ်ပေသည်။ ရှမ့်လန်ဆီမှာ အဖြေရှိပြီးသားပင်။ သန့်စင်သော ဝိညာဉ်တစ်ခု ရှိကြောင်း သူသိသည်။ မိစ္ဆာတြိဂံနယ်မြေမှ ကျိန်စာသင့် ဘုရင်မ၊ ပျောက်ဆုံးသွားသော မိစ္ဆာမယ်တော် ဖြစ်သည်။ သူမ၏ ဝိညာဉ်သည် နှစ်ထောင်ချီ ရှင်သန်ခဲ့ပြီး အိန်ဂျလာကိုလည်း သိမ်းပိုက်ခဲ့ဖူးသည်။

ယခု သူမမှာ ခန္ဓာကိုယ် ရှိသည်လား။ ရှိကောင်း ရှိနိုင်သည်။ သို့သော်ငြား မည်သူ့ကိုမှ မတွေ့ရပေ။ ထိုသို့မဟုတ်ပါက မိစ္ဆာတြိဂံနယ်မြေတွင် သူမ အဘယ့်ကြောင့် မပေါ်လာရသနည်း။ သို့သော်ငြား သူမ၏ အခြေအနေသည် အလွန် ထူးခြားပြီး မိစ္ဆာတြိဂံနယ်မြေသည် သူမ၏ ပိုင်နက်ဖြစ်ရာ သူမ၏ ဝိညာဉ်ကို ရယူရန် ခက်ခဲလွန်း၏။

အရေးအကြီးဆုံးမှာ ရှမ့်လန်၏ အစီအစဉ်တွင် မိစ္ဆာတြိဂံနယ်မြေမှ ပင်လယ်မွန်းစတား တပ်တော်သည် အနာဂတ် မဟာမိတ်များ ဖြစ်လာမည်။ တော်ဝင်ရန်အင်ပါယာနှင့် နောက်ဆုံးတိုက်ပွဲတွင် ဤတပ်တော် အသုံးဝင် နိုင်သည်။ ထို့ကြောင့် ရှမ့်လန်သည် ကျိန်စာသင့် ဘုရင်မကို မစော်ကားလို၊ ရန်သူ မဖြစ်လိုပေ။

‘ဒီလောကမှာ နောက်ထပ် စွမ်းအားကြီးတဲ့ ဝိညာဉ်တစ်ခု ရှိသေးလား။ ဘယ်သူလဲ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ နတ်ဘုရား။’

တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် ယခင်က အလွန် အစွမ်းထက်ခဲ့သည်။ အရှေ့ဘက်လောကတွင် လေနှင့်မိုးကို ဆင့်ခေါ်နိုင်ပြီး တုံ့ကျန်းဘုရားကျောင်းနှင့် ရှန့်ကုန်းဘုရားကျောင်းတို့ကို ဖိနှိပ်ထားနိုင်ခဲ့သည်။ စေတီတောင် နှင့် ကောင်းကင်ပင်လယ်နန်းဆောင် ပိုင်နက်များကိုပင် ကျူးကျော်ခဲ့သည်။

ကျန်းလီသာ မရှိခဲ့လျှင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ပိုမို ကြီးထွားလာခဲ့ပေလိမ့်မည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် စုန်းအတတ်နှင့် လူများကို ပြုစားရာတွင် ကျွမ်းကျင်သောကြောင့် အင်ပါယာ ကျန်းလီ ဦးဆောင်ပြီး တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးခဲ့သည်။ ယခု နှင်းတောင်ထိပ်မှ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် အပျက်အစီး ဖြစ်လို့နေ၏။

သို့သော်ငြား တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် ရှေးဟောင်းယဉ်ကျေးမှုကို နားလည် သဘောပေါက်မှုတွင် အလွန် အားကောင်းကြသည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းတွင် အစွမ်းအထက်ဆုံး လူက မည်သူနည်း။ တော်ဝင်ကပ်ဘေး နတ်ဘုရား ဖြစ်သည်။

ဒဏ္ဍာရီများအရ တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်သည် ဘယ်တော့မှ မသေဆုံးဟု ဆိုကြသည်။ လက်ရှိ တော်ဝင်ကပ်ဘေး နတ်ဘုရား သေဆုံးခါနီးလျှင် သရဲမြို့တော်ထဲသို့ ကြိုတင် ဝင်ရောက်သွားသည်။ ထို့နောက် သူ့ဝိညာဉ်က လွင့်ပါးထွက်လာပြီး သရဲမြို့တော်ထဲတွင် ချိပ်ပိတ်ခံရသည်။ သူ့ခန္ဓာကိုယ် သည် တိတ်ဆိတ်စွာ သေဆုံးသွား၏။

ထို့နောက် တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် ကမ္ဘာပေါ်ရှိ ပါရမီအရှိဆုံး လူငယ်ကို ရှာဖွေပြီး သရဲမြို့တော်သို့ ပို့ဆောင်ကာ တော်ဝင်ကပ်ဘေးနတ်ဘုရား၏ ဝိညာဉ်ကို ထိုလူငယ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေသည်။ ဤနည်းဖြင့် ခန္ဓာကိုယ် ပြောင်းလဲနေသော်လည်း တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်သည် မပြောင်းလဲဘဲ နှစ်ထောင်ချီ လက်ဆင့်ကမ်းလာခဲ့သည်။

ဤလောကတွင် လူသေလျှင် ဝိညာဉ်များ ပြာကျသွားလေ့ရှိသည်။ သို့သော်ငြား ဒဏ္ဍာရီများအရ သရဲမြို့တော်ထဲ ဝင်ရောက်သွားသူ၏ ဝိညာဉ်သည် သေဆုံးပြီးနောက် ပျောက်ကွယ်မသွားဘဲ စုစည်းတည်ရှိ နေတတ်သည်ဟု ဆိုသည်။ ဤသည်မှာ တော်ဝင်ကပ်ဘေး ဘုရားကျောင်း အစွမ်းထက်ရခြင်း အကြောင်းရင်း ဖြစ်သည်။ အရာအားလုံးသည် တော်ဝင်ကပ်ဘေး နတ်ဘုရားကြောင့် ဖြစ်၏။

အင်ပါယာ ကျန်းလီက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးပြီး တော်ဝင်ကပ်ဘေး နန်းတော်ကို သိမ်းပိုက်စဉ်က တော်ဝင်ကပ်ဘေး နတ်ဘုရားသည် သေဆုံးပြီး ဖြစ်သည်ဟု ဆိုကြသည်။ ထို့အပြင် ကျန်းလီ သတ်လိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်သည် သရဲမြို့တော်ထဲတွင် ရှိနေနိုင်သေးသည်။ ထို့အပြင် ဤဝိညာဉ်သည် နှစ်ထောင်ချီ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ သေချာပေါက် ထိုအရာအားလုံးက ဒဏ္ဍာရီတွေပင်။

ရှမ့်လန်က ပြောလိုက်သည်။ “နန်းဆောင်သခင် ကျိုးရှီ... ခင်ဗျားလည်း တော်ဝင်ကပ်ဘေး နန်းတော် တိုက်ပွဲမှာ ပါဝင်ခဲ့တယ် မဟုတ်လား။ အရှင် ကျန်းလီနဲ့အတူ တော်ဝင်ကပ်ဘေး နတ်ဘုရားကို လိုက်လံ ဖမ်းဆီးခဲ့တယ်။ တော်ဝင်ကပ်ဘေးနတ်ဘုရားကို တွေ့တဲ့အချိန်မှာ သူ သေနေပြီလား။ ဒါဆို သူ့ဝိညာဉ်က သရဲမြို့တော်ထဲမှာ ရှိနေတုန်းပဲလား။ သူ့ဝိညာဉ်မှာ အံ့မခန်း စိတ်စွမ်းအင်တွေ ရှိနေလား။ သရဲမြို့တော်က ဘယ်မှာလဲ မေးလို့ရမလား။”

ရှမ့်လန်၏ မေးခွန်းများကို ကြားချိန်မှာတော့ နန်းဆောင်သခင် ကျိုးရှီသည် ရှမ့်လန်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

‘ဒါ... ဒါ အရူးပဲ။ သူက ဒီလို အတွေးမျိုး တွေးရဲတယ်ပေါ့။ တော်ဝင်ကပ်ဘေးနတ်ဘုရားက အင်ပါယာ ကျန်းလီရဲ့ အဓိက ပစ်မှတ်လေ။ အခု မင်းက သူ့ဝိညာဉ်ကို ယူချင်နေတာလား။’

အချိန်အတော်ကြာမှ ကျိုးရှီက ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ပထမအချက်၊ တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ ဝိညာဉ် အမွေဆက်ခံမှု ဆိုတာ ဒဏ္ဍာရီပါ။ ဒုတိယအချက် - တကယ်လို့ တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ ဝိညာဉ် တကယ် ရှိတယ်ဆိုရင်တောင်၊ သူက စိတ်စွမ်းအား အလွန် အားကောင်းတယ် ဆိုရင်တောင်၊ အရှင် အဲဒီကို သွားလိုက်တာနဲ့ ချက်ချင်း အသိမ်းပိုက်ခံရပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားလိမ့်မယ်။ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့စိတ်စွမ်းအင်က အရှင်ထက် အဆများစွာ ပိုသန်မာလို့ပဲ။ နောက်ဆုံးအနေနဲ့ သရဲမြို့တော် ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ တကယ် ရှိ၊ မရှိတောင် ဘယ်သူမှ မသိပါဘူး။”

ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွား၏။ “တကယ်လား။ နန်းဆောင်သခင် ကျိုးရှီ... ကျုပ်ကို မလိမ်ပါနဲ့။”

ကျိုးရှီက တည်ငြိမ်စွာ ပြောလိုက်သည်။ “အရှင် ရှမ့်လန်... အရှင်က ရူးသွပ်တဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီအကြံကို စွန့်လွှတ်ဖို့ အကြံပေးချင်ပါတယ်။ မဟုတ်ရင် ထာဝရ ကျဆုံးသွားပြီး ဝိညာဉ် ပျက်စီးသွားပါလိမ့်မယ်။”

သို့သော်ငြား ရှမ့်လန် မယုံကြည်ပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ရှေးဟောင်းဘုရင် လက်စွပ် ရှိသည်။ ဝိညာဉ် တိုက်ခိုက်မှု အပါအဝင် စွမ်းအင်တိုက်ခိုက်မှု အမျိုးမျိုးကို ခံနိုင်ရည် ရှိ၏။

ရှမ့်လန်က မေးလိုက်သည်။ “နန်းဆောင်သခင် ကျိုးရှီ... သရဲမြို့တော် ဘယ်မှာလဲ ဆိုတာ တကယ် မသိဘူးလား။”

“မသိပါဘူး။”

ကျိုးရှီ ဖြေ၏။ “ပြီးတော့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက လောကမှာ အဆိုးဝါးဆုံး နေရာပဲ။ သဘာဝလွန်အင်အားစု ခြောက်ခု ကတောင် ပြန်ပေါ်လာမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ တော်ဝင်ရန် အင်ပါယာလည်း ခွင့်ပြုမှာ မဟုတ်ဘူး။”

ရှမ့်လန် ပြုံးပြီး ပြောလိုက်သည်။ “စနောက်တာပါ။ အတည်မယူပါနဲ့။”

“ဒါဆိုရင် ကောင်းပါတယ်။ နှုတ်ဆက်ပါတယ်။” ကျိုးရှီ မတ်တတ်ရပ်ပြီး ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွား၏။ ဤအရူးနား၌ သူ ကြာကြာမနေနိုင်ပေ။

......

All Chapters