← Chapters

အခန်း (၁၁၂၅-၁၁၂၆)

Vol. 66 Ch. 1125-1126

အခန်း (၁၁၂၅-၁၁၂၆)

Vol. 66 Ch. 1125-1126

အပိုင်း (၁၁၂၅)

ရှမ့်လန်နှင့် ရင်ဝူမင် သိုင်းပြိုင်ပွဲ ပြီးဆုံးပြီးနောက် တော်ဝင်ရန်အင်ပါယာ မင်းသားလျန်သည် နှင်းလင်းယုန်ကို စီးနင်းကာ ရန်မြို့တော်သို့ ပြန်သွားပြီး အိမ်ရှေ့စံကို သတင်းပို့လိုက်သည်။ အင်ပါယာသည် တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်သည်။ သူ ဘယ်လောက်ကြာကြာ ကျင့်ကြံနေမည်၊ ဘာလုပ်နေမည်ကို မည်သူမှ မသိကြပေ။

“ရှမ့်လန် တကယ် နိုင်သွားတာလား။” အိမ်ရှေ့စံ မေးလိုက်သည်။

“ဟုတ်ပါတယ်၊ အိမ်ရှေ့စံ ခန့်မှန်းတာ မှန်ပါတယ်။ ရှမ့်လန် နိုင်မယ်လို့ ပြောခဲ့တာ တကယ် ဖြစ်လာခဲ့ပါပြီ။”

အိမ်ရှေ့စံက ပြောလိုက်၏။ “ခန့်မှန်းတာ တစ်ခု၊ တကယ်ဖြစ်လာတာကို မြင်ရတာက တစ်ခု။ အင်း ... တကယ်တော့ ယုံနိုင်စရာ မရှိဘူး။”

မင်းသားလျန်က ပြောလိုက်သည်။ “အမိန့်တော်အရဆိုရင် တော်ဝင်ချန်အင်ပါယာ တစ်ခုတည်း ရှိရမယ်။ ရှမ့်လန်နိုင်ရင် သူက တော်ဝင်ချန်အင်ပါယာရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာမယ်။ ရင်ကွမ်းက ထီးနန်းစွန့်ရမယ်။ နောက်တစ်ဆင့် ဘာဆက်လုပ်မလဲ။ အကြံဉာဏ်ပေးပါအုံး အိမ်ရှေ့စံ။”

အိမ်ရှေ့စံ ချက်ချင်း ပြန်မဖြေပေ။ လက်ထဲမှ စစ်တုရင်ရုပ်ကို ကိုင်ရင်း ရင်ဝူမင်အကြောင်း တွေးနေမိသည်။ ဤနှစ်အတွင်းမှာ သူ ရင်ဝူမင်နှင့် အကြိမ်ကြိမ် ပြောဆို ဆက်ဆံခဲ့ရသည်။ ရင်ဝူမင် ရုတ်တရက် သေဆုံးသွားခြင်းမှာ နှမြောစရာပင်။

‘ဒီရှမ့်လန်က တကယ် ထူးဆန်းတယ်။ သူ ပေါ်ထွက်လာတည်းက တစ်ခါမှ ရှုံးဖူးတယ် မထင်ဘူး။’

“ဟူး... ”

အိမ်ရှေ့စံ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “အမိန့်တော်ရေးပြီးမှတော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ရင်ကွမ်းကို ထီးနန်းစွန့်ခိုင်းလိုက်။”

မင်းသားလျန်က ပြောလိုက်၏။ “သူ လိုလားမယ် မထင်ဘူး။”

အိမ်ရှေ့စံ ရယ်မောလိုက်သည်။ “ဟားဟား။”

ထို့နောက် သူသည် အမိန့်တော် ရေးသားလိုက်သည်။ “တော်ဝင်ချန်အင်ပါယာ တစ်ခုတည်း ရှိသည်။ ရှမ့်လန် ထီးနန်းရလျှင် ရင်ကွမ်း ယနေ့ ထီးနန်းစွန့်ရမည်။”

အိမ်ရှေ့စံ၏ အမိန့်တော်သည် ရိုးရှင်းပြီး တိကျသည်။ အလှဆင်ထားခြင်း မရှိပေ။ သေချာပေါက် သူသည် အင်ပါယာကိုယ်စား ရေးသားခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ့ရာထူးဖြင့် အမိန့်တော်ဟု သုံးနှုန်း၍ မရပေ။

မင်းသားလျန်က ပြောလိုက်၏။ “အိမ်ရှေ့စံ... အားကြီးသူကို ဖိနှိပ်ပြီး အားနည်းသူကို ထောက်ပံ့တာက လောကကြီးကို မျှတစေမှန်း သိပါတယ်။ ဒါပေမဲ့ ရှမ့်လန်က ဆိုးရွားလွန်းတယ်။ သူ့ကို ဆက်ပြီး ထောက်ပံ့နေရင် ကပ်ဘေးကို ဖိတ်ခေါ်သလို ဖြစ်မှာ စိုးရိမ်မိတယ်။”

အိမ်ရှေ့စံ လက်ကာပြလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “သွားပြီး အမိန့်တော်ပြန်တမ်း ထုတ်လိုက်ပါ။”

မင်းသားလျန် ဦးညွှတ်ပြီး ပြောလိုက်၏။ “ကောင်းပါပြီ၊”

ရင်ကွမ်းသည် အကောင်းဆုံး ဆက်ခံသူ သားတစ်ယောက် ဆုံးရှုံးလိုက်ရုံ ရှိသေးသည်။ အခု တော်ဝင်ရန် အင်ပါယာက သူ့ကို ထီးနန်းစွန့်ခိုင်းနေသည်။ ထိုအရာက ဒဏ်ရာပေါ် ဆားသိပ်သည်ထက် ပိုဆိုး၏။ မီးလောင်ရာ လေပင့်သည်ထက် ပိုဆိုးသည်။

‘လောကကြီးတစ်ခုလုံး ထပ်ပြီး တုန်လှုပ်သွားတော့မယ်။’ မင်းသားလျန်သည် တော်ဝင်ရန်အင်ပါယာ၏ ထိပ်တန်း သိုင်းပညာရှင် နှစ်ဦး ဘာလုပ်ချင်နေသည် မသိပေ။

......

အိမ်ရှေ့စံ၏အမိန့်တော်ကို ရရှိပြီးနောက် မင်းသားလျန်သည် ရန်မြို့တော်မှ ချင်မြို့တော်သို့ မရပ်မနား ပျံသန်းလာခဲ့သည်။ တစ်ရက်နှင့် နှစ်ည ပျံသန်းပြီးနောက် ချန်နန်းတော်သို့ ထပ်မံ ရောက်ရှိလာ၏။

ဤအချိန်တွင် နန်းတော်တစ်ခုလုံး အဖြူရောင် လွှမ်းနေသည်။ နှင်းကျနေ၍ မဟုတ်၊ ရင်ဝူမင်၏ အသုဘကြောင့် ဖြစ်သည်။ ထို့ကြောင့် နေရာတိုင်းတွင် အဖြူရောင် အဝတ်အထည်များ ရှိနေသည်။ နန်းတော်အတွင်း နှင့် ချန်မြို့တော်ရှိ လူတိုင်း အဖြူရောင် ဝတ်ဆင်ထားကြသည်။ ချန်နိုင်ငံသစ် တစ်ခုလုံး ဝမ်းနည်း ပူဆွေးနေကြသည်။

ချန်နိုင်ငံသစ် ဘုရင်ရင်ကွမ်းပင်လျှင် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဤသည်မှာ သူ့သားအတွက် စစ်မှန်သော အသုဘ ဖြစ်သည်။ သူ့ရင်ထဲမှ ဝမ်းနည်းမှုသည် အကြီးမားဆုံး ဖြစ်နေသည်။ ရင်ဝူမင်၏ ခေါင်းတလားကို ပင်မခန်းမဆောင်တွင် ထားရှိသည်။ ရင်ကွမ်းသည် ခေါင်းတလား ဘေးတွင် ရက်ပေါင်းများစွာ စောင့်ကြပ်နေခဲ့သည်။ သူ မလှုပ်မယှက် ထိုင်နေ၏။

ဤအချိန်တွင် သူ့လက်များသည် ခေါင်းတလား အဖုံးကို ပွတ်သပ်နေပြီး သားဖြစ်သူ ရင်ဝူမင်၏ မျက်နှာကို ပွတ်သပ်နေသကဲ့သို့ပင်။ သူ့မျက်ဝန်းများတွင် အေးစက်သော လူသတ်လိုစိတ်၊ ပြတ်သားမှုများ ပြည့်နှက်နေသည်။

မျှော်လင့်ချက်ကုန်ဆုံးသွားသော လူတစ်ယောက်သည် အကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ဒဏ်ရာ ရထားသော ကျားတစ်ကောင်သည်လည်း အကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရင်ကွမ်းက ရင်ဝူမင်ထက် အများကြီး ပို၍သန်မာ၏။

မင်းသားလျန်သည် ရင်ကွမ်းနှင့် အကြိမ်ကြိမ် ဆက်ဆံဖူးသည်။ သူသည် ကျန်းလီအငယ်စားကို အမှန်တကယ် ကြောက်ရွံ့သည်။ ယခု သူ့လက်ထဲမှ အမိန့်တော်သည် ရင်ကွမ်းအတွက် သေစေလောက်သော ထိုးနှက်ချက် ဖြစ်သည်။

အချိန်အတော်ကြာမှ မင်းသားလျန် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အင်ပါယာ အမိန့်တော်... အရှင်ရင် လက်ခံပါ။”

ရင်ကွမ်း ခေါင်းမော့ကြည့်ပြီး မင်းသားလျန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ ဒူးထောက်မည့် အရိပ်အယောင် မရှိပေ။

မင်းသားလျန် အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။ “အရှင် ရင်ကွမ်း... အမိန့်တော် လက်ခံပါ။”

ရင်ကွမ်းသည် မတ်တတ်ရပ်လျက် မင်းသားလျန်ကို မလှုပ်မယှက် စိုက်ကြည့်နေသည်။ သူ့ပုံစံသည် အမှန်တကယ် ကြောက်စရာ ကောင်းလှသည်။ မင်းသားလျန်က သူ့ကို အတင်း ဒူးထောက်ခိုင်းလျှင် ရင်ကွမ်း ရန်ပြုလာနိုင်၏။

မင်းသားလျန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဘာမှ မဖြစ်သကဲ့သို့ ပြုမူလိုက်သည်။ ဤအချိန်တွင် ဒူးထောက်သည်၊ မထောက်သည် အရေးမကြီးတော့ပေ။ မကြာသေးမီ နှစ်များအတွင်း ရင်ကွမ်းသည် အမြဲတမ်း မောက်မာခဲ့သည်။ ထို့အပြင် သူသည် သားဆုံးရှုံးလိုက်ရုံ ရှိသေးသည်။

“ကောင်းကင်ဘုံအလိုအရ အင်ပါယာ အမိန့်တော် ထုတ်ပြန်သည်။ တော်ဝင်ချန်အင်ပါယာ တစ်ခုတည်း ရှိသည်။ ရှမ့်လန် ထီးနန်းရရှိသည်။ ရင်ကွမ်း ယနေ့ ထီးနန်းစွန့်ရမည်။”

အမိန့်တော် ဖတ်ပြီးနောက် မင်းသားလျန် ရင်တုန်သွားသည်။ သူ အတင်းပြုံးပြီး ပြောလိုက်၏။ “အရှင် ရင်ကွမ်း... အမိန့်တော် လက်ခံပါတော့။ အမိန့်တော်ကို ဖီဆန်လို့ မရပါဘူး။”

......

ထိုအချိန်၌ ချင်မြို့တော် လင်းနယ်စား အိမ်တော်၌ ရှမ့်လန်သည် ပို၍ ရှားပါးသော ဧည့်သည်တစ်ဦးကို လက်ခံတွေ့ဆုံနေသည်။ ဤလူ တကယ် လာလိမ့်မယ်လို့ သူ ထင်မထားခဲ့မိပေ။ ထို့အပြင် ရုပ်ဖျက်ပြီး လာခြင်း ဖြစ်သည်။

မည်သူနည်း။ စေတီတောင် ဂိုဏ်းချုပ်ရန်။

ရှမ့်လန် နောက်ကွယ်မှ လူဒါဇင်ပေါင်းများစွာသည် သူ့ကို ဝိုင်းရံထားကြ၏။

ဂိုဏ်းချုပ်ရန်သည် တစ်ယောက်တည်း တိတ်ဆိတ်စွာ ရပ်နေပြီး မျက်နှာတွင် သရော်ပြုံး ပြုံးနေသည်။

“အရှင် ရှမ့်လန်... ခင်ဗျားက ရင်ဝူမင်ကို တစ်စက္ကန့်အတွင်း သတ်ပစ်နိုင်တာပဲ။ ဘာလို့ ကျုပ်ကို ကြောက်နေသေးတာလဲ။ ကျုပ် တစ်ယောက်တည်း လာတာ၊ ခင်ဗျားကို အန္တရာယ် မပြုပါဘူး။”

ရှမ့်လန်က မေးလိုက်၏။ “ဂိုဏ်းချုပ်ရန်... ဘာလိုချင်လို့လဲ။”

စေတီတောင် ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ခင်ဗျား အရင်က ပြောခဲ့တဲ့ စကားတွေ တည်သေးလား။”

ရှမ့်လန်က မေးလိုက်၏။ “ဘာပြောခဲ့လို့လဲ။ ကျုပ် ပြောခဲ့တာတွေ များလွန်းတယ်။”

ဂိုဏ်းချုပ်ရန်က ဖြေသည်။ “ကျုပ်တို့ လက်ဆက်ဖို့ ကိစ္စလေ။ ခင်ဗျားက ကျုပ်သမီး... ရန်ယင်ယင်ကို လက်ထပ်ဖို့ ကိစ္စ။”

‘ခင်ဗျားက ရန်ယင်ယင်လို့တောင် ခေါ်လိုက်တာလား။ ဒါ ရှမ့်လန် ပေးထားတဲ့ နာမည်လေ။’

ရှမ့်လန် ဝမ်းသာအားရ ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... နောက်ဆုံးတော့ ခင်ဗျား စဉ်းစားလို့ ပြီးသွားပြီပေါ့။ ရင်ဝူမင်က သေပြီ။ မင်းသမီး ရန်ယင်ယင်နဲ့ ကျုပ်က ကောင်းကင်ဖူးစာဖက်ပဲ။ ပြီးတော့ ကျုပ်က နဂါးနောင်တ ပစ်လွှတ်နိုင်တယ်။ ကျုပ် တော်ဝင်ချန်အင်ပါယာနဲ့ ခင်ဗျားတို့ စေတီတောင်က အကောင်းဆုံး ပေါင်းစပ်မှုပဲ။ ကျုပ်တို့ ပူးပေါင်းမှ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူနိုင်မှာ မဟုတ်လား။ ဂိုဏ်းချုပ်ရန်... ဒါက ခင်ဗျားရဲ့ အမှန်ကန်ဆုံး ရွေးချယ်မှုပဲ။ ခင်ဗျား နောင်တရမှာ မဟုတ်ဘူး။”

ရှမ့်လန် ပြောသည်မှာ မှန်ကန်သည်။ သူနှင့် စေတီတောင် ပူးပေါင်းလိုက်လျှင် တစ်ပေါင်းတစ် နှစ်ထက် ပိုကြီးမားသော ရလဒ် ရရှိမည်။ ရှမ့်လန်တွင် ဉာဏ်ပညာ ရှိသည်။ ထို့အပြင် ရှေးဟောင်း ယဉ်ကျေးမှုနှင့် သိပ္ပံနှင့်နည်းပညာ ယဉ်ကျေးမှု ပေါင်းစပ်ခြင်းသည် မကြာမီ ရလဒ်ကောင်းများ ထွက်ပေါ်လာ တော့မည်။

စေတီတောင်တွင် နဂါးနောင်တ၊ ကြီးမားသော ရှေးဟောင်းအမွေအနှစ် နေရာ၊ မရေမတွက်နိုင်သော ရှေးဟောင်းကျမ်းစာများ၊ ရှေးဟောင်းကိရိယာများ၊ အစွမ်းထက်သော ငရဲတပ်တော်နှင့် အထူးစစ်သည်များ ရှိသည်။ ဤသည်မှာ အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သော အရာများ ဖြစ်သည်။

စေတီတောင် ဂိုဏ်းချုပ်ရန်က ပြောလိုက်၏ “ခင်ဗျား စေတီတောင်ရဲ့ သားမက် ဖြစ်ချင်ရင်၊ ရန်ယင်ယင်ကို လက်ထပ်ချင်ရင် အရမ်း လွယ်ပါတယ်။ ကျုပ်မှာ အခြေအနေ တစ်ခုတည်း ရှိတယ်။”

......

“ဘာအခြေအနေလဲ။ ပြောပါ။” ရှမ့်လန် မေးလိုက်သည်။

ဂိုဏ်းချုပ်ရန်က တန်ပြန် မေးခွန်းထုတ်၏။ “ရင်ဝူမင်ကို အနိုင်ယူပြီး သတ်ပစ်လိုက်တာ ဘာကို အားကိုးပြီး လုပ်ခဲ့တာလဲ။ ခင်ဗျားရဲ့ ကိုယ်ပိုင် သိုင်းပညာ မဟုတ်တာတော့ သေချာတယ်။ ရှေးဟောင်းလက်နက် တစ်မျိုးမျိုးလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ဉာဏ်ကောင်းလိုက်တာ။”

ဂိုဏ်းချုပ်ရန်က မေး၏။ “ဒါဆို အဲဒီလောက် စွမ်းအားကြီးတဲ့အရာက ဘာလဲ။”

စကားပြောနေရင်း ဂိုဏ်းချုပ်ရန်၏ အကြည့်သည် ရှမ့်လန်လက်ထဲမှ နဂါးဓားပေါ်သို့ ရောက်ရှိသွားသည်။

ရှမ့်လန်သည် လက်ထဲမှ နဂါးဓားကို မြှောက်ပြလိုက်ပြီး ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ် နဂါးဓားလို့ နာမည်ပေးထားတဲ့ ဒီအရာပဲ။ ရှေးဟောင်းရင်ပြင်မှာတုန်းက ကျောက်ခေါင်းတလားထဲက ဓားကို နဂါးဓားလို့ ထင်ခဲ့ပေမဲ့ မဟုတ်မှန်း သိလိုက်ရတယ်။ ပြီးတော့ ကျုပ် ကျောက်ခေါင်းတလားထဲ ဝင်ပြီး ပျောက်သွားတာ မှတ်မိတယ် မဟုတ်လား။”

ဂိုဏ်းချုပ်ရန်က စကားထောက်ပေးသည်။ “ဟုတ်တယ်။ အဲဒီမြင်ကွင်းကို မှတ်မိနေတုန်းပဲ။”

ရှမ့်လန်က ဆက်ပြောလိုက်၏။ “အဲဒီနောက် ကျုပ် အရမ်း ဆန်းကြယ်တဲ့ နေရာတစ်ခုကို ရောက်သွားတယ်။ အဲဒီနေရာက တကယ့် ရှေးဟောင်းဂူသင်္ချိုင်း ဖြစ်လောက်တယ်။ အဲဒီကနေ ဒီဓားကို ရခဲ့တာ။ ဒါက နဂါးဓားအစစ်ပဲ။”

ထို့နောက် သူသည် ဂိုဏ်းချုပ်ရန်ကို ကြည့်ပြီး မေးလိုက်သည်။ “ကျုပ် စွမ်းရည်ပြရမလား။”

“ကောင်းတာပေါ့ ။” ဂိုဏ်းချုပ်ရန် ပြောလိုက်၏။

ထို့နောက် သူသည် အလိုအလျောက်ပင် အတွင်းအား အားလုံးကို စုစည်းလိုက်သည်။ ရှမ့်လန် တိုက်ခိုက်သည်နှင့် သူ ချက်ချင်း ရှောင်တိမ်းနိုင်ရန် ပြင်ဆင်ထားလိုက်သည်။

ရှမ့်လန် ခေတ္တ တွန့်ဆုတ် နေသည်။ ဂိုဏ်းချုပ်ရန်ကို တိုက်ရိုက် တိုက်ခိုက်ရမည်လား။ သို့သော်ငြား သူ ချက်ချင်း လက်လျော့လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက အသင့်ပြင်ထားပြီး ဖြစ်သောကြောင့် တိုက်ရိုက် ထိမှန်ရန် ခက်ခဲသောကြောင့်ပင်။

“စွမ်းအင်ဝဲကတော့... တိုက်ခိုက်။” ရှမ့်လန် စိတ်အာရုံကို လှုပ်ရှားလိုက်သည်။ တစ်ခဏချင်းမှာပင် စွမ်းအင်ဝဲကတော့ တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ လမ်းတစ်လျှောက်ရှိ အရာအားလုံးသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ ပရိဘောဂများ၊ နံရံများ၊ အပြင်ဘက်ရှိ ကျောက်ဆောင်တုများ အားလုံး ပြာကျသွား၏။

စေတီတောင် ဂိုဏ်းချုပ်ရန် လုံးဝ ကြောင်အသွားရသည်။ ‘ဒီနဂါးဓားက တကယ် စွမ်းအားကြီးတာပဲ။ လုံးဝ ကာကွယ်လို့ မရနိုင်ဘူး။’

အချိန်အတော်ကြာမှ ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ရှမ့်လန်... စေတီတောင်ရဲ့ သားမက် ဖြစ်ချင်ရင်၊ ရန်ယင်ယင်နဲ့ လက်ထပ်ချင်ရင် ငါ့မှာ အခြေအနေ တစ်ခုတည်း ရှိတယ်။ ဒီနဂါးဓားကို တင်တောင်း လက်ဆောင်အဖြစ် ပေးရမယ်။ ဘယ်လိုလဲ။”

ဤစကားကြားလိုက်သည်နှင့် ရှမ့်လန် ဘေးနားရှိ လူအားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။

‘ဂိုဏ်းချုပ်ရန်... ခင်ဗျား လောဘကြီးလွန်းမနေဘူးလား။ နဂါးဓားက အရှင်ရှမ့်လန်ရဲ့ အသက်သွေးကြော ဖြစ်ရုံသာမက တော်ဝင်ချန်အင်ပါယာရဲ့ အသက်သွေးကြောလည်း ဖြစ်တယ်။ ဒါကို ခင်ဗျားက လုယူချင်တယ်တဲ့လား။’

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ရှမ့်လန်... မင်းက ငါ့သမီးတစ်ယောက်တည်းနဲ့ လက်ထပ်တာ မဟုတ်ဘူး။ အဓိကက ငါ့စေတီတောင်ရဲ့ ထောက်ခံမှုကို ရယူဖို့ပဲ။ ဒါက ဘယ်လောက် အလေးချိန်ရှိလဲ မင်း သိသင့်တယ်။”

ရှမ့်လန်သည် လက်ထဲမှ နဂါးဓားကို ကြည့်လိုက်သည်။ ၎င်းမရှိလျှင် ရှမ့်လန်သည် တိုက်ခိုက်နိုင်စွမ်း အားလုံး ဆုံးရှုံးသွားလိမ့်မည်။

ရှမ့်လန်က မေးလိုက်သည်။ “ဂိုဏ်းချုပ်ရန်... အခု ရင်ဝူမင် သေသွားပြီဆိုတော့ ဘာလို့ ချန်နိုင်ငံသစ်ကို တွယ်ကပ်နေသေးတာလဲ။ ခင်ဗျားအတွက် အကောင်းဆုံး သားမက်က ကျုပ် ဆိုတာ ခင်ဗျားရဲ့ ဆင်ခြင်တုံ တရားက သိနေမှာပါ။ ကျုပ် တစ်ယောက်တည်းကသာ ခင်ဗျားသမီး ရန်ယင်ယင်ကို ကုသပေးနိုင်တယ်။ အိမ်ထောင်ပြုပြီး ကလေးမွေးပေးနိုင်တယ်။”

“ဟုတ်တယ်။ ကျုပ် စေတီတောင်က လူတွေ အများကြီးကို သတ်ခဲ့တယ်။ တောင်ပင်လယ် ရှေးဟောင်း အမွေအနှစ်နေရာ အများစုကိုလည်း ဖျက်ဆီးခဲ့တယ်။ ဒါပေမဲ့ ကျုပ် ပေးနိုင်တဲ့ အကျိုးအမြတ်က ခင်ဗျားတို့ ဆုံးရှုံးမှုထက် အများကြီး သာလွန်တယ်။ ကျုပ်တို့က ကောင်းကင်ဖူးစာပဲ။ ဘာလို့ တင်တောင်း လက်ဆောင်ကို ထည့်ပြောနေရသေးတာလဲ။ တင်တောင်းလက်ဆောင်မပါဘဲ သမီးကို ပေးစားလို့ မရဘူးလား။ ခင်ဗျားက သမီးကို ပေးစားတာလား၊ ရောင်းစားတာလား။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ဒီလောကမှာ ယောကျ်ားတွေ မိန်းမယူရင် တင်တောင်းလက်ဆောင် ပေးရတာ ထုံးစံ မဟုတ်ဘူးလား။ သိပ်ကိုသာမန်ကျတဲ့ ကိစ္စပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ရွှေဒင်္ဂါး တစ်သန်းကို တင်တောင်းလက်ဆောင်အဖြစ် ပေးပါမယ်။”

ဂိုဏ်းချုပ်ရန် လက်ကာပြလိုက်ပြီး ပြောလိုက်၏။ “လိုချင်တာ နဂါးဓားပဲ။ ဆုံးဖြတ်လို့ ရပါတယ်။ စေတီတောင် တစ်ခုလုံးကို လိုချင်လား။ ဒါမှမဟုတ် တစ်သက်မှာ အကြိမ်နည်းနည်းပဲ သုံးလို့ရတဲ့ နဂါးဓားကို လိုချင်တာလား။”

ရှမ့်လန် မျက်လုံးမှိတ်ပြီး စဉ်းစားလိုက်သည်။ ခက်ခဲသော ဆုံးဖြတ်ချက် ချနေရသကဲ့သို့ပင်။

......

ထိုအချိန်၌ ချန်နန်းတော်ရှိ တော်ဝင်ရန်အင်ပါယာ မင်းသားလျန်သည် အလွန် စိတ်လှုပ်ရှားနေသည်။ ရင်ကွမ်း ရန်ပြုလာမည်ကို သူ အမှန်တကယ် စိုးရိမ်နေသည်။ ဤသည်မှာ သားဆုံးရှုံးလိုက်ရသော ကျန်းလီ အငယ်စား ဖြစ်သည်။ သူ့သိုင်းပညာသည် ထိတ်လန့်ဖွယ် ကောင်းသည်။ ရန်ပြုပြီး သတ်ဖြတ်ပွဲ စတင်လိုက်လျှင် ကြောက်စရာ ကောင်းပေလိမ့်မည်။

“အရှင်ရင်... အမိန့်တော်ကို ဖီဆန်ဖို့ ကြံစည်နေတာ မဟုတ်ပါဘူးနော်။” မင်းသားလျန် ထပ်မေးလိုက်သည်။

ရင်ကွမ်းက ပြန်မေးလိုက်၏။ “မင်းသားလျန်... ရန်မြို့တော်က ဒီလိုလုပ်နေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။”

“ဘာကို ဆိုလိုတာလဲ။ အရှင်ရင်။”

“ဘာလို့လဲ။ ရှမ့်လန်ကို ဆက်ပြီး ထောက်ခံပေးပြီး ဘေးကနေ အကျိုးအမြတ် ထုတ်ချင်လို့လား။ မလိုအပ်ပါဘူး။ ခင်ဗျားတို့ တော်ဝင်ရန်အင်ပါယာက ဒီလောက် အစွမ်းထက်တာ။ ဒီလိုလုပ်စရာ မလိုပါဘူး။ အင်ပါယာက ဘာတွေ တွေးနေတာလဲ။”

မင်းသားလျန် သက်ပြင်းချလိုက်မိသည်။ ‘ငါလည်း မသိပါဘူး။ အင်ပါယာ ဘာတွေးနေလဲ၊ ဘာလိုချင်လဲ ငါဘယ်လို သိမှာလဲ။’

ရင်ကွမ်းက ပြောလိုက်၏။ “သူက ရှမ့်လန်ကို သုံးပြီး ငါနဲ့ စေတီတောင်ကို ဖျက်ဆီးချင်တာလား။ ရှမ့်လန်က ကောက်ကျစ်တယ်။ ဉာဏ်ဆင်ပြီး သူများအင်အားကို အသုံးပြုတတ်တယ်။ ဒါပေမဲ့ စေတီတောင်နဲ့ ချန်နိုင်ငံသစ်ကို ဖျက်ဆီးချင်ရင် တကယ့် စစ်တပ် လိုအပ်တယ်။ အင်ပါယာတစ်ပါးက တိုင်းပြည်ဖျက်ဆီးတဲ့ စစ်ပွဲကို ကိုယ်တိုင်တိုက်တာ မြင်ဖူးလို့လား။ ရှမ့်လန်က ကိုယ့်ကိုယ်ကိုယ် ဘယ်နှကြိမ် အန္တရာယ်ထဲ ပို့ထားပြီးပြီလဲ။ နောက်ထပ် ဘယ်နှကြိမ် လုပ်နိုင်အုံးမှာလဲ။”

မင်းသားလျန် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အရှင်ရင်... ကျုပ်တို့ စကားလမ်းကြောင်းလွဲနေပြီ။”

ထို့နောက် အပြုံး ရပ်တန့်သွားပြီး ပြောလိုက်၏။ “ဒါပေမဲ့ ရန်မြို့တော်ရဲ့ အမိန့်တော်က ဒီမှာ ရှိနေပြီ။ နာခံမလား၊ ဖီဆန်မလား။ ဒါမှမဟုတ် သတ်ဖြတ်ပွဲ စတင်မလား။ အားလုံး ခင်ဗျားသဘောပါပဲ။”

“သတ်ဖြတ်ပွဲ စတင်မယ် ဟုတ်လား။”

ရင်ကွမ်းက ပြောလိုက်သည်။ “ဘယ်သူ့ကို သတ်ရမှာလဲ။ ခင်ဗျားကို သတ်ရမှာလား။ ရှမ့်လန်ကို သတ်ရမှာလား။ နိုင်ငံအသီးသီးနဲ့ သဘာဝလွန်အင်အားစု ခြောက်ခု က ကိုယ်စားလှယ်တွေ အကုန်လုံး ချင်မြို့တော်မှာ ရှိနေတယ်။ ဘယ်သူ့ကို သတ်ရမှာလဲ။”

မင်းသားလျန်က ပြောလိုက်၏။ “အရင် အမိန့်တော်မှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားလေ။ ဘယ်သူနိုင်နိုင် တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင် ဖြစ်ရမယ်။ ပြီးတော့ လောကကိုလည်း ကြေညာ ထားပြီးသား။ လောကကြီးကို ဖြေရှင်းချက်ရမယ်။ ကတိဖျက်လို့ မရဘူး။ ရင်မိသားစုက အရှုံးမပေးရဲဘူးလို့ အားလုံးကို ဝန်ခံတော့မလို့လား။”

ရင်ကွမ်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “အမိန့်တော်ကို လက်ခံပါတယ်။”

မင်းသားလျန်က မေးလိုက်၏။ “မင်းသား ရင်ကွမ်း... အမိန့်တော်ကို လက်ခံတာ သေချာလား။ အမိန့်တော် လက်ခံပြီးတာနဲ့ ချက်ချင်း ထီးနန်းစွန့်ရမှာနော်။”

ရင်ကွမ်းက ပြောလိုက်သည်။ “နားလည်ပါတယ်။ အမိန့်တော် လက်ခံပါတယ်။”

မင်းသားလျန်က ပြောလိုက်သည်။ “နိုင်ငံအသီးသီးက သံတမန်တွေနဲ့ သဘာဝလွန်အင်အားစု ခြောက်ခု က ကိုယ်စားလှယ်တွေ ရှိနေတုန်းပဲ။ အမိန့်တော် လက်ခံရင် အခမ်းအနား ရက်သတ်မှတ်ရမယ်။”

“ဘာအခမ်းအနားလဲ။”

“သေချာတာပေါ့။ ခင်ဗျား ထီးနန်းစွန့်တဲ့ အခမ်းအနားလေ။”

အပိုင်း (၁၁၂၆)

ရင်ကွမ်းက မေးလိုက်သည်။ “တော်ဝင်ချန်အင်ပါယာ ထီးနန်းကို ရှမ့်လန်ဆီ ပြန်ပေးစေချင်တာလား။”

“ဟုတ်တယ်။”

“ပြီးတော့ ချင်မြို့တော် တစ်ခုလုံးနဲ့ ချန်နိုင်ငံသစ် တစ်ခုလုံးကိုပါ ရှမ့်လန်ဆီ ပြန်ပေးစေချင်တာလား။”

“တိတိကျကျ ပြောရရင် ဟုတ်ပါတယ်။”

ရင်ကွမ်း ရုတ်တရက် ရယ်မောလိုက်သည်။ ထို့နောက် ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းတလားဆီ လျှောက်သွားကာ အဖုံးကို ညင်သာစွာ ပုတ်လိုက်သည်။ “ကောင်းပြီလေ။ ကျုပ်ရဲ့ ထီးနန်းစွန့်ပွဲနဲ့ တော်ဝင်ချန်အင်ပါယာ ထီးနန်းဆက်ခံပွဲကို ငါးရက်အကြာမှာ ကျင်းပကြတာပေါ့။”

“ဘာလို့ ငါးရက်လဲ။”

“ဘာလို့လဲဆိုတော့ လေးရက်နေရင် ကျုပ်သား ရင်ဝူမင်ရဲ့ အသုဘအခမ်းအနား ရှိလို့လေ။”

......

လင်းနယ်စား အိမ်တော်တွင် ရှမ့်လန်သည် ခက်ခဲသော ဆုံးဖြတ်ချက် ချနေဆဲ ဖြစ်ပြီး ဂိုဏ်းချုပ်ရန်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

၁၅ မိနစ်ခန့် ကြာချိန်မှာတော့ ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် သဘောတူတယ်။”

ဤစကားကြားလိုက်သည်နှင့် သူ့ဘေးနားရှိ လူများအားလုံး အသက်ရှူမှားသွားကြ၏။ “အရှင်... မဖြစ်ပါဘူး။”

ချောင်ယောင်းအာပင်လျှင် ရှမ့်လန်ကို သဘောမတူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အရှင်... နဂါးဓားက ဘယ်လောက် အရေးကြီးလဲ။ ဘယ်လိုလုပ် သူများလက်ထဲ ထည့်ပေးလိုက်လို့ ဖြစ်မှာလဲ။ ကျုပ်တို့ရဲ့ တော်ဝင်ချန်အင်ပါယာက ရန်သူမရှိစေရဘူး ဆိုတဲ့ ရည်မှန်းချက် အောင်မြင်ဖို့ စေတီတောင်ကို မလိုအပ်ပါဘူး။ အရှင် ဒီလောက်ကြီး ပေးဆပ်စရာ မလိုပါဘူး။”

ရှမ့်လန် လက်ကာပြလိုက်ရာ အားလုံး ငြိမ်သက်သွားကြသည်။ ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ဂိုဏ်းချုပ်ရန်... ကျုပ်မှာ တောင်းဆိုချက် တစ်ခု ရှိတယ်။”

“ပြောပါ။”

“ကျုပ်တို့ ဒီလို လျှို့ဝှက် သဘောတူညီချက် လုပ်လို့ မရဘူး။ လူသိရှင်ကြား လက်ထပ်ပွဲ ကျင်းပရမယ်။ တော်ဝင်ရန်အင်ပါယာ၊ တခြားနိုင်ငံတွေနဲ့ သဘာဝလွန်အင်အားစု ခြောက်ခု က သံတမန်တွေ ရှိနေတုန်း လူတိုင်းရှေ့မှာ လက်ထပ်ပွဲ ကျင်းပရမယ်။ လူတိုင်းရှေ့မှာ တင်တောင်းလက်ဆောင် လက်ခံရမယ်။”

စေတီတောင် ဂိုဏ်းချုပ်ရန်၏ မျက်နှာ အနည်းငယ် တွန့်လိမ်သွားသည်။ ဘာအဓိပ္ပာယ်နည်း။ ဆိုလိုသည်မှာ သူသည် ရင်ကွမ်းကို သစ္စာဖောက်လိုက်ပြီဟု အဓိပ္ပာယ်ရသည်။ စေတီတောင်၏ သမီးပျိုသည် စိတ်မခိုင်ပေ။ ရင်ဝူမင် သေဆုံးပြီးသည်နှင့် နောက်အိမ်ထောင်ရှာရန် မစောင့်နိုင်တော့ပေ။

ဆိုလိုသည်မှာ စေတီတောင်နှင့် ချန်နိုင်ငံသစ် မဟာမိတ်အဖွဲ့သည် တရားဝင် ပြိုကွဲသွားပြီ ဖြစ်သည်။ စေတီတောင်သည် ရှမ့်လန်နှင့် ပူးပေါင်းတော့မည် ဖြစ်သည်။ သေချာပေါက် ဤသည်မှာ ရင်ကွမ်းအတွက် သေစေလောက်သော ထိုးနှက်ချက် ဖြစ်သည်။

ဂိုဏ်းချုပ်ရန် အေးစက်စွာ ပြောလိုက်၏။ “ဒီလိုလုပ်ရင် လောကကြီးက ငါ့ကို ဘယ်လိုမြင်မလဲ။ အရင်ဆုံး တိတ်တဆိတ် စေ့စပ်ထားပြီးမှ ဖြည်းဖြည်းချင်း အမှန်တရားကို ဖော်ထုတ်လို့ ရတာပဲ။ လက်ထပ်တာက အမှန်တရား ဖြစ်လာမှတော့ ဘာလို့ လောကကို ပြနေရအုံးမှာလဲ။ လူသိရှင်ကြား လက်ထပ်ပွဲ လုပ်လိုက်ရင် ငါက ယုတ်မာပြီး အရှက်မဲ့တဲ့လူ ဖြစ်မသွားဘူးလား။ ပြီးတော့ ညီနောင် ရင်ကွမ်းက အခုမှ သားဆုံးရှုံးထားတာ။ ငါ ဒီလိုလုပ်လိုက်ရင် သွေးအေးလွန်းရာ ကျမနေဘူးလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်... ရင်ကွမ်းက အရင် မတရားတာ လုပ်ခဲ့တာလေ။”

ဂိုဏ်းချုပ်ရန်က မေးလိုက်၏။ “ဟွမ်လူမြို့က မြေအောက် လျှို့ဝှက်စခန်း အကြောင်း ပြောတာလား။ အဲဒီကိစ္စ ပြီးသွားပါပြီ။ ငါ သူ့ကို ခွင့်လွှတ်ပြီးပြီ။”

ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ နဂါးဥအကြောင်း ပြောတာ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဂိုဏ်းချုပ်ရန်၏ မျက်နှာ တုန်လှုပ်သွားသည်။ အာရုံခံစားမှု အားလုံး ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်သွား၏။

“နဂါးဥ ဟုတ်လား။ ဘာနဂါးဥလဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “တင်းယွမ်မြို့ကို ဝင်တိုက်ခဲ့တဲ့ ကြယ်တံခွန်ကို မှတ်မိသေးလား။ အဲဒါက အနက်ရှိုင်းဆုံးနဲ့ အကျဉ်းဆုံး ချိုင့်ခွက်တစ်ခု ချန်ထားခဲ့တယ်။ အဲဒီထဲမှာ ဘာမှ မရှိဘဲ နဂါးဥ တစ်လုံးပဲ ရှိခဲ့တယ်။ တခြား ချိုင့်ခွက်တွေထဲမှာ အိမ်မက်ဆိုးကျောက်တုံး ပုံဆောင်ခဲတွေ၊ လျှို့ဝှက်သတ္တုတွေ အများကြီး ရှိခဲ့ပေမဲ့ နောက်ဆုံး ချိုင့်ခွက်ထဲမှာတော့ နဂါးဥ တစ်လုံးပဲ ရှိခဲ့တယ်။ ဒီနဂါးဥကို ရင်ဝူမင် ယူသွားပြီး အခု ရင်ကွမ်းလက်ထဲ ရောက်နေပြီ။ ရင်မိသားစုက ခင်ဗျားကို ဒီအကြောင်း တစ်ခါမှ မပြောပြဘူးမလား။”

ချက်ချင်းပဲ စေတီတောင် ဂိုဏ်းချုပ်ရန် အသက်အောင့်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

‘နဂါးဆိုတာ ဒီလောကမှာ ဒဏ္ဍာရီပဲ ရှိတယ်။ ဘယ်သူမှ မမြင်ဖူးဘူး။ ဒါပေမဲ့ အဲဒီ ကြယ်တံခွန်ကို မီးနဂါးကြယ်တံခွန်လို့ ခေါ်တယ်။ ဒီလောကရဲ့ အန္တိမ လက်နက်ကို နဂါးနောင်တလို့ ခေါ်တယ်။’

ထို့အပြင် တော်ဝင်ရန်အင်ပါယာသည် လောကကို အုပ်စိုးနိုင်ခြင်း၊ သဘာဝလွန်အင်အားစု ခြောက်ခု ကို ထိန်းချုပ်နိုင်ခြင်းမှာ တားမြစ်မျှော်စင်ထဲတွင် နဂါးတစ်ကောင် ဝှက်ထားသောကြောင့်ဟု ဆိုကြသည်။ ထိုနဂါးသည် လွန်ခဲ့သော နှစ်တစ်ထောင်က ဤလောကသို့ ရောက်ရှိလာသည်ဟု ဆိုကြသည်။ ထိုအချိန်သည် မီးနဂါးကြယ်တံခွန် ပထမဆုံးအကြိမ် ပေါ်လာပြီး ပထမဆုံး ကြယ်ကြွေမိုး ရွာသွန်းချိန် ဖြစ်သည်။ မကြာမီ တော်ဝင်ရန်အင်ပါယာ ထွန်းကားလာခဲ့သည်။

ထို့ကြောင့် နဂါးသည် တော်ဝင်ရန်အင်ပါယာ၏ တိုတမ် ဖြစ်လာပြီး စောင့်ရှောက်သူ နတ်သားရဲ ဖြစ်လာသည်။ နဂါးကို ပိုင်ဆိုင်ခြင်းသည် ကံကြမ္မာကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။ စစ်မှန်သော နဂါး၊ ကောင်းကင်သားတော် ဖြစ်လာနိုင်သည်ဟု ဆိုလို၏။

ရင်ကွမ်းက ဂိုဏ်းချုပ်ရန် မသိအောင် နဂါးဥကို တကယ် ရရှိထားခဲ့လျှင် ၎င်းသည် အကြီးမားဆုံး လိမ်လည်မှု ဖြစ်သည်။ နှစ်ဖက်စလုံး၏ အပြန်အလှန် ယုံကြည်မှု လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။ ဂိုဏ်းချုပ်ရန်၏ ဆန္ဒအရ သူ့သမီးနှင့် ရင်ဝူမင်၏ သားသည် စေတီတောင်၏ သခင် ဖြစ်လာရုံသာမက ချန်နိုင်ငံသစ်၏ အင်ပါယာလည်း ဖြစ်လာရမည်။

ယခု ရင်ကွမ်းက နဂါးဥကို တိတ်တဆိတ် ဖွက်ထားသည်လား။ ဘာအဓိပ္ပာယ်နည်း။ သူ တစ်ခုခု ကြံစည် နေတာ သေချာသည်။ နောင်တွင် ဤနဂါး အကောင်ပေါက်လာရင် ရင်မိသားစုက ဘာလုပ်မည်နည်း။ ဤနဂါး ပိုသန်မာလာရင် ရင်မိသားစုက ဘာလုပ်မည်နည်း။ သေချာပေါက် စေတီတောင် ရန်မိသားစုကို ကန်ထုတ်ပြီး စေတီတောင်ရဲ့ အခြေခံအုတ်မြစ်ကို ဝါးမျိုပစ်မည်ပင်။

ရင်မိသားစုနှင့် စေတီတောင် ပေါင်းစည်းစဉ်က မဟာဗျူဟာမြောက် လျှို့ဝှက်ချက်များ၊ အရင်းအမြစ်များနှင့် စခန်းများ အားလုံးကို မျှဝေသုံးစွဲရမည်ဟု ရှင်းလင်းစွာ သဘောတူခဲ့ကြသည်။ ယခု နဂါးဥလို မဟာဗျူဟာမြောက် ပစ္စည်းကို ဖွက်ထားသည်။ ဘာလုပ်ချင်နေသနည်း။

“နှုတ်ဆက်ပါတယ်။” စေတီတောင် ဂိုဏ်းချုပ်ရန် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ထွက်ခွာသွားသည်။

လင်းနယ်စား အိမ်တော်မှ ထွက်ခွာပြီးနောက် ဂိုဏ်းချုပ်ရန်သည် ချင်နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။ သူ ဒေါသထွက်ပုံမရသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့်အရှိန်အဝါကို ထုတ်လွှတ်နေ၏။

ဂိုဏ်းချုပ်ရန် ပင်မခန်းမဆောင်ထဲ ဝင်သွားပြီးနောက် တံခါးများ တင်းကျပ်စွာ ပိတ်ထားလိုက်သည်။ မည်သူ့ကိုမှ အနားကပ်ခွင့် မပေးပေ။ ထို့ကြောင့် သူနှင့် ရင်ကွမ်း ဘာပြောခဲ့ကြသနည်း မည်သူမှ မသိပေ။

သို့သော်ငြား လေးနာရီကြာမှ ဂိုဏ်းချုပ်ရန် ပြန်ထွက်လာခဲ့သည်။ ချန်နန်းတော်မှ ထွက်ခွာပြီးနောက် ဂိုဏ်းချုပ်ရန်သည် မျက်နှာသေဖြစ်နေဆဲပင်။

သို့သော်ငြား အကဲခတ်တတ်သူအချို့က သူ့လက်မောင်းမှ အနက်ရောင် အဝတ်စတစ်ခု ပြုတ်ကျသွားသည်ကို သတိထားမိလိုက်ကြသည်။

......

ထိုညတွင် ဂိုဏ်းချုပ်ရန်သည် လင်းနယ်စား အိမ်တော်သို့ ရှမ့်လန်ကို တွေ့ရန် ထပ်မံ ရောက်ရှိလာသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် သူသည် သုံးမိနစ် မပြည့်မီအချိန်သာ နေခဲ့၏။

“ကောင်းပြီ။ မင်းပြောသလို လုပ်မယ်။ အောင်သွယ်ရှာလိုက်။ တရားဝင် လက်ထပ်ပွဲ လုပ်ကြစို့။ လူတိုင်းရှေ့မှာ တင်တောင်းလက်ဆောင် လက်ခံမယ်။”

စကားဆုံးသည်နှင့် ဂိုဏ်းချုပ်ရန် ချက်ချင်း ထွက်ခွာသွားသည်။ သူ လုံးဝ ပျော်ရွှင်ပုံ မရပေ။

......

နောက်တစ်နေ့ ရင်ဝူမင် အသုဘမကျင်းပမီ နှစ်ရက်အလိုတွင် ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာ မင်းသားလျန်ထံသို့ လျှို့ဝှက်စွာ ထပ်မံ သွားရောက်ခဲ့သည်။

“မင်းသားလျန်... ဦးလေးလို့ ခေါ်ရမလား။ ကျုပ်အဘွားက ခင်ဗျားအဒေါ် တော်တယ် မဟုတ်လား။” ရှမ့်လန် မေးလိုက်၏။

မင်းသားလျန်၏ မျက်ခမ်းများ လှုပ်ခတ်သွားသည်။ ရှမ့်လန်က သူ့ကို ဦးလေးတဲ့လား။ မကောင်းသော နိမိတ်တစ်ခုခု ဖြစ်လာတော့မည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

“အကူအညီ လိုလို့ပါ။” ရှမ့်လန် ပြောလိုက်၏။

“ပြောပါ။”

“ကျုပ်အတွက် အောင်သွယ် လုပ်ပေးစေချင်တယ်။”

“ခင်ဗျားမှာ မိန်းမရှိနေပြီ မဟုတ်လား။ ပထမဇနီး ကျင်းမူလန်လေ။”

“မဟုတ်ဘူး။ ကျုပ်က ကျင်းမိသားစုရဲ့ သားမက်လေ။ ကျင်းမူလန်က ရှမ့်လန်ရဲ့ တစ်ဦးတည်းသော ဇနီးပါ။ ဒါပေမဲ့ ကျန်းလန်မှာ ပထမဇနီး မရှိသေးပါဘူး။”

[ကျန်းလန်အမည်ဖြင့် လက်ထပ်ခဲ့သော်လည်း ကျန်းချွင်းဟွာသည် ကိုယ်လုပ်တော်ဖြစ်သည်။ - ဘာသာပြန်သူ]

“ဟမ်...” မင်းသားလျန် ကြောင်အသွား၏။ ‘မင်း... မင်း နည်းနည်း အရှက်မဲ့လွန်းနေပြီ မဟုတ်လား။ တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင်၊‌ လောကအရှင်သခင် ဖြစ်ချင်တာလား။ ဒီလို ပုံစံမျိုးနဲ့လား။’

မင်းသားလျန်က မေးလိုက်၏။ “ဘယ်သူ့ကို လက်ထပ်ချင်တာလဲ။”

“စေတီတောင် မင်းသမီး ရန်ယင်ယင်။”

မင်းသားလျန် အံ့သြသွားသည်။ “စေတီတောင်မှာ ရန်ယင်ယင် ဆိုတဲ့လူ မရှိပါဘူး။”

ရှမ့်လန်က ပြောလိုက်၏။ “သူ့နာမည်အရင်း ဘယ်သူလဲ ကျုပ် မသိဘူး။ ဒါပေမဲ့ အခုကစပြီး ရန်ယင်ယင်လို့ ခေါ်ရတော့မယ်။ ပြီးတော့ သူ့အမေက မင်းသမီးကျင်းလေ။ လက်ရှိ အင်ပါယာရဲ့ ညီမတော်။ ကျုပ်အဖေ ကျန်းလီနဲ့ စေ့စပ်ထားသူဟောင်း။ ရန်ယင်ယင်ကို တော်ဝင်ရန်အင်ပါယာ အင်ပါယာ ကိုယ်တိုင် မင်းသမီးဘွဲ့ ပေးအပ်ထားတာ။”

မင်းသားလျန် စကားမပြောနိုင် ဖြစ်သွားသည်။

‘မင်းတို့နှစ်ယောက် နည်းနည်းလောက် အရှက်ထိန်းလို့ မရဘူးလား။ ရင်ဝူမင် သေတာ ဘယ်လောက်မှ မကြာသေးဘူး။ အလောင်းတောင် မမြှုပ်ရသေးဘူး။ အလောင်းကောင်တောင် မအေးသေးဘူး။ အခု ငါ့ကို အောင်သွယ်ခိုင်းနေတာလား။ ဒါက သမီးပေးစားရုံ သက်သက် မဟုတ်ဘူး။ စေတီတောင်က မဟာဗျူဟာ ပြောင်းလဲလိုက်ပြီဆိုတဲ့ သဘောလား။ ရင်မိသားစုကို စွန့်ပစ်ပြီး ရှမ့်လန်နဲ့ လက်ထပ် မဟာမိတ်ပြုလိုက်ပြီ ဆိုတဲ့ သဘောလား။ ဒါက လောကကြီးတစ်ခုလုံး တုန်ဟီးသွားမယ့် ကိစ္စကြီး။ ဘယ်လိုလုပ် ဒီလောက် လွယ်ကူနိုင်မှာလဲ။’

ထို့အပြင် စေတီတောင်က ရှမ့်လန်နှင့် လက်ထပ် မဟာမိတ်ပြုလိုက်ရင် ဘာဖြစ်မည်နည်း။ ရှမ့်လန် ချက်ချင်း အစွမ်းထက်လာပေတော့မည်။ ကြီးမားတဲ့ ရှေးဟောင်းအမွေအနှစ် တည်နေရာကြီး ရှမ့်လန်လက်ထဲ ရောက်သွားရင် ဘာဖြစ်မည်နည်း။ သူ မစဉ်းစားရဲချေ။ တော်ဝင်ရန်အင်ပါယာအတွက် အကျိုးယုတ် စေမှာလား။ ဤကိစ္စက ကြီးမားလွန်းပြီး မင်းသားလျန်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေပြီဖြစ်သည်။ သို့သော်ငြား သူ လုပ်ပေးရုံသာ ရှိ၏။

သူ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

‘ရှမ့်လန်... မင်း နည်းနည်းလောက် လိမ္မာလို့ မရဘူးလား။ ငါ ချန်မြို့တော်ကနေ ရန်မြို့တော်ကို ပျံသန်းရတာ ရက်ပေါင်းများစွာ ရှိနေပြီ။ အခု ငါ့ကို ရန်မြို့တော် ပြန်ခိုင်းနေပြန်ပြီလား။’

ဤမျှ မြင့်မားတဲ့ နေရာမှ ပျံသန်းရတာ သက်တောင့်သက်သာ မရှိချေ။ မင်းသားလျန်၏ သိုင်းပညာနှင့် ရှေးဟောင်းသံချပ်ကာ မရှိရင် ခံနိုင်ရည် ရှိမှာ မဟုတ်ပေ။

“စောင့်နေ... ” မင်းသားလျန် ဒေါသတကြီး ပြောလိုက်၏။

“ကျုပ် ဂိုဏ်းချုပ်ရန်ကို အရင်သွားမေးမယ်။ ပြီးရင် ရန်မြို့တော်ကို သတင်းပို့မယ်။ ခင်ဗျား သေလမ်း ဆက်ရှာနေလိုက်။ ရင်ကွမ်း ဒေါသထွက်တာ နည်းနေသေးလို့လား။ သူ သတ်ဖြတ်ပွဲ မစမှာကို ကြောက်နေလို့လား။”

ထို့နောက် မင်းသားလျန်သည် ဒေါသတကြီးဖြင့် ဂိုဏ်းချုပ်ရန်ကို သွားရောက် ရှာဖွေသည်။ အမှန်တကယ် ဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ရှေးဟောင်းလင်းယုန်ကို စီးနင်းကာ ကောင်းကင်သို့ ပျံတက်သွားရ ပြန်သည်။ နှင်းလင်းယုန်က နှေးလွန်းသောကြောင့် ရင်ဝူမင် အသုဘ အမီပြန်မရောက်မည်ကို စိုးရိမ်ရသည်။ မင်းသားလျန်သည် အနားယူချိန်ပင် မရလိုက်ပေ။ ရန်မြို့တော်သို့ ပြန်လှည့်သွားရပြန်သည်။ ဤအတိုင်းဆိုလျှင် သူ အမြင့်ကြောက် ရောဂါပင် ရနိုင်သည်။

......

ရှေးဟောင်းလင်းယုန်က နှစ်ဆ မြန်သည်။ ၁၀ နာရီ မပြည့်မီအချိန်အတွင်း မင်းသားလျန်သည် တော်ဝင်ရန် အင်ပါယာ နန်းတော်သို့ ရောက်ရှိသွားသည်။ အိမ်ရှေ့စံ သူ့ကို မြင်လိုက်ရချိန်မှာတော့ လန့်သွားသည်။

‘မင်းသားလျန်... ငါတို့ ခုလေးတင် တွေ့ခဲ့ကြတာ မဟုတ်ဘူးလား။ အခု ပြန်ရောက်လာပြန်ပြီလား။’

မင်းသားလျန်၏ မျက်ကွင်းများ ညိုမဲနေပြီး မျက်နှာ ဖြူဖျော့နေသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ ရန်မြို့တော်သည် မြောက်ဘက်တွင် ရှိပြီး ရာသီဥတု အတော်လေး အေးသည်။ မတ်လသာ ရှိသေးသည်။ ထို့အပြင် ရှေးဟောင်းလင်းယုန်သည် မီတာ သောင်းချီ အမြင့်တွင် ပျံသန်းလေ့ရှိသည်။ ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော်လည်း အေးခဲနေဆဲပင်။

“အိမ်ရှေ့စံ... ကျုပ် မဆုံးဖြတ်နိုင်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ။ လမ်းညွှန်ပေးပါအုံး။”

“ပြောပါ။”

“ရှမ့်လန်က စေတီတောင် မင်းသမီးကို လက်ထပ်ချင်လို့တဲ့။ ကျုပ်ကို အောင်သွယ်ခိုင်းနေပါတယ်။ ရင်ဝူမင် အသုဘချပြီး နောက်တစ်ရက်မှာ စေ့စပ်ပွဲ လုပ်မယ်တဲ့။ ပြီးရင် လောကကို ကြေညာမယ်တဲ့။”

“ဟမ်...”

အိမ်ရှေ့စံ စကားမပြောနိုင် ဖြစ်သွားသည်။ ‘ဒါက ရင်ကွမ်းရဲ့ ဒဏ်ရာပေါ် ဆားသိပ်ရုံတင် မကဘူး။ ဒဏ်ရာကို ဆွဲဖြဲပြီး မီးကင်တာနဲ့ တူနေပြီ။ ဒီနှစ်ယောက် တကယ် ဒီလောက်ထိ ရက်စက်ကြတာလား။’

မင်းသားလျန်က ပြောလိုက်၏။ “ကျုပ်အမြင်အရတော့ ရှမ့်လန်က အပေါ်ယံကြည့်ရင် အားနည်းပေမဲ့ စေတီတောင်ရဲ့ ထောက်ခံမှု အပြည့်အဝရသွားရင် အခြေအနေ ပြောင်းလဲသွားလိမ့်မယ်။ သူက ကြီးမားလွန်းလို့ ကိုင်တွယ်ရ ခက်ခဲလာလိမ့်မယ်။ နောင်ကျရင် ကျုပ်တို့ကို ဒုက္ခပေးလာလိမ့်မယ်။”

အိမ်ရှေ့စံ ဘာမှ မပြောပေ။ လက်ထဲမှ စစ်တုရင်ရုပ်ကို ဆက်လက် ကစားနေသည်။

‘ဒီလောကကြီးက တကယ်ကို အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပဲ။ စိတ်ဝင်စားစရာပဲ။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။’

မင်းသားလျန်က ပြောလိုက်၏။ “ပြီးတော့ ရင်ကွမ်းနဲ့ စေတီတောင် မဟာမိတ်အဖွဲ့က ဆယ်စုနှစ်ချီ တည်ဆောက်ထားတာ။ ရှမ့်လန်ကြောင့် တစ်နှစ်၊ နှစ်နှစ်လောက်နဲ့ ပြိုကွဲသွားမှာလား။”

အိမ်ရှေ့စံ ဘာမှမပြောသေးပေ။

မင်းသားလျန်က ဆက်ပြောသည်။ “ဒါကြောင့် သိပ်မသင့်တော်ဘူးလို့ ထင်ပါတယ်။”

အိမ်ရှေ့စံက ပြောလိုက်၏။ “ပြောရရင် ရှမ့်လန်က ကျုပ် ဝမ်းကွဲညီလေးပဲ။ စေတီတောင် မင်းသမီးက ကျုပ် ဝမ်းကွဲညီမလေးပဲ။ အတိုင်းအတာတစ်ခုအထိ သူတို့နှစ်ယောက်က လိုက်ဖက်ပါတယ်။ ရန်ကလန်က ရှေးခေတ်တုန်းက ကျိကလန် ခန့်အပ်ခဲ့တဲ့ ဘုရင် ၁၂ ပါးထဲက တစ်ပါးပဲ။ ကျန်းကလန်လောက် မမြင့်မြတ်ပေမဲ့ ရှမ့်လန်က ကျဆုံးသွားတဲ့ ဖီးနစ်ငှက် ဖြစ်နေပြီ။ ရန်ကလန်နဲ့ ကျန်းကလန်က တန်းတူလောက် ဖြစ်နေပါပြီ။”

“ဒါပေမဲ့ အိမ်ရှေ့စံ... ဒါက... ”

“ရှမ့်လန်နဲ့ စေတီတောင် မင်းသမီး ချစ်ကြိုက်နေကြတယ်လို့ ကြားတယ်။ ဘာလို့ ကျုပ်တို့က လူဆိုးလုပ်ပြီး သူတို့နှစ်ယောက်ကို ခွဲရမှာလဲ။ ဘုရားကျောင်း ဆယ်ဆောင် ဖျက်ဆီးရရင် ရပါစေ၊ အိမ်ထောင်ရေး တစ်ခုကိုတော့ မဖျက်ဆီးပါဘူး။ သူများ ကောင်းကျိုးလိုလားပေးလိုက်ကြတာပေါ့။”

“ဟမ်...”

မင်းသားလျန်က မေးလိုက်သည်။ “ဒါဆို ကျုပ် အောင်သွယ်လုပ်ပေးရမလား။”

“ခင်ဗျားတစ်ယောက်တည်း မလုံလောက်ဘူး။ နန်းဆောင်သခင် ကျိုးရှီကိုပါ ခေါ်သွား။ သူက အရေးပါတဲ့လူပဲ။ ခင်ဗျားတို့နှစ်ယောက် အောင်သွယ်လုပ်ပေးရင် ဒီမင်္ဂလာပွဲ ဘယ်လောက် အရေးကြီးလဲ ဆိုတာ ပေါ်လွင်တာပေါ့။”

မင်းသားလျန် ခေါင်းနပန်းကြီးသွား၏။ ‘ဘာဖြစ်နေတာလဲ။ အိမ်ရှေ့စံ ဘာလုပ်ချင်နေတာလဲ။’

“ကောင်းပြီ။ သွားလို့ရပြီ။”

“ကောင်းပါပြီ၊” မင်းသားလျန် နန်းတော်ထဲမှ ထွက်ခွာလာခဲ့သည်။ ရေတစ်ခွက်ပင် မသောက်ရသေးပေ။ ရှေးဟောင်းလင်းယုန်ကို စီးနင်းကာ ချင်မြို့တော်သို့ ပြန်လည် ပျံသန်းသွားသည်။

‘လေယာဉ်စီးရတာ ကြိုက်တဲ့သူ ရှိလား။ ထွက်ခဲ့စမ်း။ ရက်အနည်းငယ်လောက် ဆက်တိုက် စီးခိုင်းလိုက်မယ်။’

......

မင်းသားလျန် ချင်မြို့တော်သို့ ရောက်သည်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်သခင် ကျိုးရှီကို ချက်ချင်း သွားရှာလိုက်သည်။

“ဘာ... ကျုပ်တို့နှစ်ယောက် အောင်သွယ်လုပ်ပြီး ဂိုဏ်းချုပ်ရန်ကို သွားပြောပေးရမယ် ဟုတ်လား။” ကျိုးရှီ မေးလိုက်၏။

မင်းသားလျန် ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကူညီပေးပါ နန်းဆောင်သခင် ကျိုးရှီ။ ဒါ ရန်မြို့တော်ရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်။”

ကျိုးရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဖြည်းညင်းစွာ ပြောလိုက်၏ “မင်းသားလျန်... နောက်မှ ပြန်ရှင်းလို့မရ ဖြစ်နေအုံးမယ်။”

All Chapters