← Chapters

အခန်း (၁၁၂၇-၁၁၂၈)

Vol. 66 Ch. 1127-1128

အခန်း (၁၁၂၇-၁၁၂၈)

Vol. 66 Ch. 1127-1128

အပိုင်း (၁၁၂၇)

မင်းသားလျန်က ပြောလိုက်သည်။ “အရာအားလုံး ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။”

ကျိုးရှီက ပြောလိုက်၏။ “ကျုပ် အနောက်ဘက်အရပ်မှာ အလုပ်အရမ်းများတယ်။ အောင်သွယ်လုပ်ပေးရင် စေ့စပ်ပွဲ အခမ်းအနားကိုပါ တက်ရမှာလား။”

“တက်ရမှာပေါ့။”

“ကျုပ် အချိန်မလောက်ဘူး ထင်တယ်။”

“သဘောတူညီချက်အရ ရှမ့်လန်နဲ့ စေတီတောင် မင်းသမီးရဲ့ စေ့စပ်ပွဲကို သဘက်ခါ ကျင်းပမှာပါ။”

ကျိုးရှီ မျက်လုံးများ လှုပ်ခတ်သွားသည်။ ‘သဘက်ခါ ဟုတ်လား။ အဲဒါ ရင်ဝူမင် အသုဘချပြီး ရင်ကွမ်း ထီးနန်းစွန့်တဲ့နေ့ မဟုတ်ဘူးလား။ ရူးနေကြတာလား။ ခင်ဗျားတို့ အကုန် ရူးနေကြတာလား။ ရင်ကွမ်း ဒေါသထွက်ပြီး အဲဒီနေ့မှာ သတ်ဖြတ်ပွဲ စတင်မှာကို မကြောက်ကြဘူးလား။’

မင်းသားလျန်က အေးဆေးစွာ ပြောလိုက်၏။ “သေချာပေါက် နန်းဆောင်သခင် ကျိုးရှီ ငြင်းလို့ ရပါတယ်။”

ကျိုးရှီ အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ကျုပ်က ရွှဲ့ပြည်နယ်ကနေ ထွက်ခွာသွားပြီ။ တော်ဝင်ရန်အင်ပါယာ ကိစ္စတွေကို ဂရုမစိုက်တော့ဘူး။ ပြင်ပလူဖြစ်တဲ့ ကျုပ်က ဘာလို့ မလုပ်နိုင်ရမှာလဲ။ မီးနဲ့ကစားရင်း ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းသွားမှာကိုပဲ စိုးရိမ်မိတာ။”

မင်းသားလျန်က ပြောလိုက်၏။ “ဒါဆိုရင် ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။”

......

မင်းသားလျန်နှင့် နန်းဆောင်သခင် ကျိုးရှီတို့ လင်းနယ်စား အိမ်တော်သို့ သွားရောက်ပြီး ရှမ့်လန်နှင့် တွေ့ဆုံကာ စေတီတောင် မင်းသမီးနှင့် စေ့စပ်ပွဲ ကိစ္စကို အတည်ပြုကြသည်။

“အရှင် ရှမ့်လန်... သဘက်ခါ စေ့စပ်ပွဲ လုပ်မှာ သေချာလား။”

မင်းသားလျန်က မေး၏။ “အဲဒီနေ့က ရင်ဝူမင် အသုဘချပြီး နောက်တစ်ရက် ဖြစ်သလို ရင်ကွမ်း ထီးနန်းစွန့်တဲ့နေ့ လည်း ဖြစ်နေတယ်။ သေချာရဲ့လား။”

“သေချာတာပေါ့။”

“ခင်ဗျားရဲ့ နဂါးဓားကို တင်တောင်းလက်ဆောင်အဖြစ် ပေးမှာ သေချာလား။”

“သေချာတယ်။”

“ဒါပေမဲ့ ရင်ကွမ်း ထီးနန်းစွန့်တဲ့ အခမ်းအနားမှာ ခင်ဗျား ရှိနေဖို့ လိုတယ်။ တော်ဝင်ချန်အင်ပါယာရဲ့ တံဆိပ်တုံး၊ သရဖူနဲ့ တော်ဝင်မှတ်တမ်းတွေကို ခင်ဗျားဆီ လွှဲပြောင်းပေးရမယ်။ ခင်ဗျားက တော်ဝင်ချန် အင်ပါယာရဲ့ တစ်ဦးတည်းသော ဘုရင်လေ။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် စေ့စပ်ပွဲကို ချန်မြို့တော်က တခြားနန်းတော် တစ်ခုမှာ ကျင်းပမယ်။ စေ့စပ်ပြီးတာနဲ့ မင်္ဂလာဝတ်စုံနီဝတ်ပြီး ရင်ကွမ်း ထီးနန်းစွန့်ပွဲကို တက်ရောက်မယ်။ တော်ဝင်ချန်အင်ပါယာ တံဆိပ်တုံး၊ အဆောင်အယောင်၊ တော်ဝင်မှတ်တမ်း၊ နဂါးဝတ်ရုံနဲ့ သရဖူကို လက်ခံယူမယ်။”

‘ဟမ်... ဒီလို အကြံမျိုး တွေးမိတယ်ပေါ့။ မင်းလိုကောင်က ဘယ်လိုလုပ် အခုထိ အသက်ရှင်နေသေးတာလဲ။ ဟိုးအရင်တည်းက အရိုက်ခံရပြီး သေသွားသင့်တာ။ သူများမိန်းမနဲ့ ထီးနန်းကို သူများနန်းတော်ထဲမှာ လုယူမယ်ပေါ့။ ဒါ အများရှေ့မှာ ဖောက်ပြန်ပြီး ပရိသိတ်ကို လက်ခုပ်တီးခိုင်းတာနဲ့ အတူတူပဲ။ မင်းလိုကောင်မျိုးကို အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်တာ ကြာပြီ။’

“ဘာလို့လဲ။ မရဘူးလား။” ရှမ့်လန်က မေးလိုက်၏။

မင်းသားလျန် အေးစက်စွာ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် နှိပ်ကွပ်ခံရမယ့်သူက ခင်ဗျားပဲလေ။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် အောင်သွယ်တော်နှစ်ယောက်ကို ဒုက္ခပေးရအုံးမယ်။”

ထို့နောက် ရှမ့်လန် လက်ပြလိုက်ရာ ရွှေပြားနှစ်ပြားကို မင်းသားလျန်နှင့် ကျိုးရှီထံ ပေးအပ်လိုက်သည်။ အောင်သွယ်တော် ဆုကြေး ဖြစ်သည်။ နှစ်ယောက်သား အံကြိတ်ပြီး လက်ခံလိုက်ကြသည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “မင်းသားလျန်... ယောက္ခမကြီးကို ပြောပေးပါ။ စေ့စပ်ပွဲ အခမ်းအနားကို မင်းသမီး ရန်ယင်ယင် ကိုယ်တိုင် လာတက်ရမယ်။ ပြီးတော့ သူ့ကို ကျုပ်လက်ထဲ အပ်နှင်းရမယ်။ တင်တောင်း လက်ဆောင် ပေးမယ်၊ နဂါးဓား ပေးမယ်၊ သတို့သမီး လက်ခံမယ်။ တော်ဝင်ချန်အင်ပါယာ အရှင်သခင် ကျန်းလန်နဲ့ စေတီတောင်တို့ လက်ဆက်ကြောင်း လောကကို ကြေညာမယ်။”

“ကောင်းပြီ။ ဒီစကားတွေကို ပေးပို့လိုက်ပါ့မယ်။” မင်းသားလျန် ပြောလိုက်သည်။ ထို့နောက် သူနှင့် နန်းဆောင်သခင် ကျိုးရှီတို့ လင်းနယ်စား အိမ်တော်မှ ထွက်ခွာပြီး ဂိုဏ်းချုပ်ရန် ရှိရာသို့ သွားရောက်ကြသည်။

......

မင်းသားလျန်နှင့် နန်းဆောင်သခင် ကျိုးရှီကို မြင်လိုက်ရချိန်မှာတော့ ဂိုဏ်းချုပ်ရန် အနည်းငယ် အံ့အားသင့် သွား၏။ ‘ဒီလူကြီးနှစ်ယောက်ကို အောင်သွယ် လာခိုင်းတာလား။ ရှမ့်လန်က ငါ့ကို ဘယ်လောက်တောင် မယုံတာလဲ။ ဒီလက်ထပ်ပွဲကို လောကသိအောင် လုပ်ချင်နေတာလား။’

မင်းသားလျန်က ပြောလိုက်သည်။ “အရှင် ရှမ့်လန်က စေ့စပ်ပွဲကို သဘက်ခါ လုပ်ချင်တယ်တဲ့။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ဒါပေမဲ့ သဘက်ခါက မင်းသား ရင်ကွမ်း ထီးနန်းစွန့်တဲ့နေ့လေ။”

“ဟုတ်တယ်။ တိုက်ဆိုင်လိုက်တာ။”

မင်းသားလျန်က ပြောလိုက်သည်။ “အရှင် ရှမ့်လန်က မှာလိုက်တယ်။ စေ့စပ်ပွဲမှာ ရန်... မင်းသမီး ရန်ယင်ယင် ကိုယ်တိုင် ရှိနေရမယ်တဲ့။ သတို့သမီးကို လွှဲပြောင်းပေးရမယ်၊ တင်တောင်းလက်ဆောင်ကို လက်ခံရမယ်တဲ့။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “နားလည်ပြီ။ သမီးကို သွားခေါ်ဖို့ လူလွှတ်လိုက်ပြီ။”

မင်းသားလျန်က ပြောလိုက်သည်။ “မင်းသမီးက နေရောင်ခြည်နဲ့ မတည့်မှန်း သိပါတယ်။ ဒါကြောင့် စေ့စပ်ပွဲကို မိုးမလင်းခင် လုပ်ပါမယ်။ စေ့စပ်ပွဲပြီးတာနဲ့ အရှင်ရင်ကွမ်းရဲ့ ထီးနန်းစွန့်ပွဲနဲ့ တော်ဝင်ချန် အင်ပါယာ ထီးနန်းဆက်ခံပွဲကို တန်းသွားပါမယ်။”

ဂိုဏ်းချုပ်ရန် မျက်နှာ ရှုံ့တွသွားသည်။ ပြီးနောက် ပြောလိုက်၏။ “ဒီလိုလုပ်ရင် ရင်ကွမ်း ဒေါသထွက်မှာကို ရှမ့်လန် မကြောက်ဘူးလား။ သူ စည်းမစောင့်တော့ဘူးလား။”

မင်းသားလျန်က ပြောလိုက်သည်။ “ကျုပ်တို့က အောင်သွယ်တွေပါ။ ရှမ့်လန် ပြောတာကို ပြန်ပြောပြရုံပါပဲ။ သတို့သမီးဖခင် အနေနဲ့ ငြင်းခွင့်ရှိပါတယ်။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “မငြင်းပါဘူး။ သဘောတူပါတယ်။ သဘက်ခါ စေ့စပ်ပွဲ လုပ်မယ်။ သတို့သမီး လွှဲပေးမယ်၊ တင်တောင်းလက်ဆောင် လက်ခံမယ်။ လောကကို ကြေညာမယ်။”

မင်းသားလျန်က ပြောလိုက်သည်။ “ဒါဆိုရင် အတည်ပဲ။”

“အတည်ပဲ။”

“မိုးလင်းတော့မယ်။ ရေမိုးချိုးပြီး ရင်ဝူမင် အသုဘ အခမ်းအနား သွားတက်ကြတာပေါ့။”

......

ယနေ့သည် လွန်စွာလေးနက်၍ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းသောနေ့ပင် ဖြစ်သည်။ တိုင်းနိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်များ၊ သဘာဝလွန်အင်အားစု ခြောက်ခု နှင့် ချန်နိုင်ငံသစ် ပြည်သူအပေါင်းတို့သည် ချန်နိုင်ငံသစ် အိမ်ရှေ့စံ ရင်ဝူမင်၏ အသုဘအခမ်းအနားသို့ တက်ရောက်လာကြ၏။

အဆိုပါ အခမ်းအနားတွင် ရင်ကွမ်းသည် သားဖြစ်သူအတွက် မျက်ရည်တစ်စက် မကျခဲ့ပေ။ ၎င်းတွင် သားသမီး များစွာ ရှိသည်။

အခမ်းအနားတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ လွှမ်းမိုးနေသည်မှာ မီးတောင် မပေါက်ကွဲမီ ငြိမ်သက်နေခြင်းနှင့် တူလှသည်။ ရင်ကွမ်း၏ ဖိနှိပ်ထားသော ဒေါသတရားတို့သည် အရာခပ်သိမ်း ကို ဖျက်ဆီးပစ်ချင်နေသည့်အလား ခံစားရသောကြောင့် အခမ်းအနားတစ်လျှောက်လုံးတွင် မည်သူမှ သူ၏အနီး ဆယ်မီတာအတွင်းသို့ မကပ်ရဲကြချေ။ သူသည်လည်း တစ်နေ့ကုန် စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့ရာ ညနေပိုင်းတွင် အသုဘအခမ်းအနား ပြီးဆုံးသွားခဲ့၏။

မတ်လ ၂၉ ရက်နေ့သည် သမိုင်းမှတ်တမ်းတင်ရမည့်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ ရင်ကွမ်းသည် ယနေ့တွင် ထီးနန်းစွန့်လွှတ်ကာ ချန်နိုင်ငံသစ်၏ အာဏာအရပ်ရပ်ကို ရှမ့်လန်ထံသို့ လွှဲပြောင်းပေးရမည် ဖြစ်သောကြောင့်ပင်။

နံနက် ၃ နာရီအချိန်တွင် မင်းသမီး ရန်ယင်ယင်သည် ချန်နိုင်ငံသစ်အတွင်းသို့ ဝင်ရောက်လာသည်။ သူမ၏ ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်နိုင်သည့်အပြင် နေရောင်ခြည်နှင့် ထိတွေ့၍မရသောကြောင့် စေ့စပ်ပွဲကို မနက်အစောကြီးတွင် ကျင်းပရခြင်းဖြစ်သည်။ စေ့စပ်ပွဲပြီးဆုံးပါက ရင်ကွမ်း၏ ထီးနန်းစွန့်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

မင်းသားလျန်နှင့် နန်းဆောင်သခင် ကျိုးရှီတို့၏ ဦးဆောင်မှုဖြင့် ရှမ့်လန်နှင့် စေတီတောင်မင်းသမီးတို့၏ စေ့စပ်ပွဲကို တရားဝင် စတင်လိုက်ပြီဖြစ်၏။

......

နံနက် ၃ နာရီအချိန်တွင် ကောင်းကင်ကြီးမှာ မှောင်မည်းနေဆဲဖြစ်သည်။ မင်းသားလျန်နှင့် နန်းဆောင်သခင် ကျိုးရှီတို့သည် ရှမ့်လန်ကဲ့သို့ အရှက်ကင်းမဲ့သူများ မဟုတ်သောကြောင့် စေ့စပ်ပွဲကို ချန်နန်းတော်တွင် မကျင်းပဘဲ လင်းနယ်စားအိမ်တော်၌သာ ကျင်းပကြသည်။

ရှမ့်လန်သည် အခမ်းအနား စည်ကားစေရန် ဖိတ်ကြားနိုင်သမျှ လူအပေါင်းကို ဖိတ်ကြားထားသည်။ သဘာဝလွန် အင်အားစု ခြောက်ခု နှင့် တိုင်းနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အားလုံး ရှမ့်လန်နှင့် စေတီတောင်တို့၏ လက်ထပ်ပွဲကို လာရောက်သက်သေပြုကြ၏။

ရှမ့်လန်သည် သူနှင့် စေတီတောင်တို့ မဟာမိတ်ပြုလိုက်ပြီဖြစ်ကြောင်း တစ်လောကလုံးသိအောင် ထုတ်ဖော်ပြသချင်နေခြင်း ဖြစ်သည်။ သို့သော်ငြား ဤစေ့စပ်ပွဲတွင် ပျော်ရွှင်ဖွယ်အငွေ့အသက် လုံးဝမရှိဘဲ လွန်စွာ လေးလံထိုင်းမှိုင်းနေသည်။

အကြောင်းမှာ တက်ရောက်လာသူ အားလုံးနီးပါးသည် ရှမ့်လန်နှင့် ဂိုဏ်းချုပ်ရန်တို့ကို ကြည်ဖြူခြင်း မရှိကြသောကြောင့်ပင်။

“အရှင် ရှမ့်လန်... ဒီနဂါးဓားကို တင်တောင်းလက်ဆောင်အဖြစ် ပေးပြီး စေတီတောင် ဂိုဏ်းချုပ်ရန်ကို ကမ်းလှမ်းမှာ သေချာလား။” နန်းဆောင်သခင် ကျိုးရှီက မေးလိုက်၏။

“သေချာပါတယ်။”

ထို့နောက် သူသည် နဂါးဓားကို ထုတ်ပြလိုက်ရာ ဓားပေါ်တွင် အနီရောင် ပိုးစည်းတစ်ခုပင် ချည်နှောင်ထားသေးသည်။

“အားလုံးပဲ... အခမ်းအနားကို ကြည့်ရှုပေးကြပါ။” တော်ဝင်ရန်အင်ပါယာ မင်းသားလျန် ပြောလိုက်၏။

ထို့နောက် သူသည် နဂါးဓားကို ကိုင်လျက် လူတိုင်း မြင်နိုင်စေရန် ဖြည်းညင်းစွာ လျှောက်ပြလိုက်ရာ တစ်ခဏချင်းမှာပင် ခန်းမဆောင်ထဲရှိ အပူချိန် မြင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာမှာ ရှေးဟောင်းခေတ်က အဖိုးတန်ရတနာဖြစ်သော နဂါးဓားပင် ဖြစ်သည်။

အားနည်းလွန်းသည့် ရှမ့်လန်သည် ဤဓားကို အသုံးပြု၍ ရင်ဝူမင်ကို ချက်ချင်း သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ လွန်စွာတန်ဖိုးရှိလှသောကြောင့် အခြားအချိန်သာဆိုပါက ရှိနေသူများအနေဖြင့် လုယူရန် ကြိုးစားကြပေ လိမ့်မည်။

သို့သော်ငြား ယခုအခါ လောကအထက်တန်းလွှာ ကိုယ်စားလှယ်များ အားလုံး ရှိနေသောကြောင့် မည်သူမျှ မထိရဲ၊ မလုယူရဲကြပေ။ မင်းသားလျန်သည် လူတိုင်း သေချာ မြင်နိုင်စေရန် ၁၅ မိနစ်ခန့် လျှောက်ပြလိုက်သည်။

“အရှင်ရှမ့်လန်... သူ့စွမ်းအားကို ပြသနိုင်မလား။”

တစ်စုံတစ်ယောက် ရုတ်တရက် မေးလိုက်၏။ “အတုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူ သက်သေပြနိုင်မလဲ။”

ဤစကား ထွက်လာသည်နှင့် လူတိုင်း၏ အကြည့်သည် ရှမ့်လန်ဆီသို့ ရောက်ရှိသွားသည်။

“မင်းသားလျန်၊ နန်းဆောင်သခင် ကျိုးရှီ... ခင်ဗျားတို့က ဒီည စေ့စပ်ပွဲရဲ့ အခမ်းအနားမှူးတွေပဲ။ ခင်ဗျားတို့ သဘောပါပဲ။” ရှမ့်လန် ပြောလိုက်၏။

မင်းသားလျန်က ပြန်လည်ပြောကြားသည်။ “ဒီကိစ္စက အရေးကြီးတယ်။ သက်သေပြတာ ပိုကောင်းမယ်။”

“ကောင်းပြီလေ။ အားလုံးပဲ သေချာ ကြည့်ထားကြ။”

ပြောပြီးနောက် ရှမ့်လန်သည် နဂါးဓားကို ယူကာ အပြင်ဘက် ခြံဝင်းထဲသို့ ထွက်သွားပြီး မီတာ ဒါဇင်အနည်းငယ် အကွာရှိ ကျောက်ဆောင်တု တစ်ခုကို ချိန်လိုက်သည်။ ဤကျောက်ဆောင်တုသည် အလွန် ခမ်းနားလှပြီး အမြင့် မီတာ ၃၀ ကျော်ရှိသော ကျောက်ဆောင်တစ်ခုလည်း ဖြစ်၏။

ထို့အပြင် ကျောက်ဆောင်တု နောက်ကွယ်တွင် ကောင်းကင်မြေကြီး ဘောလုံး တစ်လုံး ရှိနေသည်။ ကောင်းကင်မြေကြီး ဘောလုံး ဆိုသည်မှာ ဤလောကရှိ အထူးပစ္စည်း တစ်ခုဖြစ်ပြီး ထိပ်တန်း မိသားစုများသာ ပိုင်ဆိုင်ကြသည်။ ၎င်းမှာ အိမ်စောင့်ရှောက်ရန် အသုံးပြုသော သတ္တုဘောလုံးကြီးဖြစ်ပြီး ပေါင်ချိန် တစ်သောင်းကျော် လေးလံသည်။ အချို့သော ချမ်းသာသော မိသားစုများက ဘောလုံးကြီးသည် ရုပ်ဆိုးသည်ဟု ယူဆသဖြင့် နတ်ဘုရား သားရဲပုံစံများ ပြုလုပ်ထားကြသည်။

ရှမ့်လန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်အာရုံကို စတင်လှုပ်ရှားစေ၏။

‘စွမ်းအင်ဝဲကတော့... တိုက်ခိုက်။’

ထို့နောက် သူသည် လက်ထဲမှ နဂါးဓားဖြင့် ခုတ်ပိုင်းလိုက်ရာ တစ်ခဏချင်းမှာပင် အချင်း မီတာအနည်းငယ် ရှိသော စွမ်းအင်ဝဲကတော့ တစ်ခု ထွက်ပေါ်လာသည်။ အရှိန်မှာ လွန်စွာမြန်ဆန်သောကြောင့် အလင်းတန်း တစ်ခုကဲ့သို့ ဖြစ်နေသည်။

ထို့နောက် ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ပေါ်လာသည်။ မီတာ ၃၀ မြင့်သော ကျောက်ဆောင်တုသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားပြီး ပေါင်ချိန် ၅၀၀၀ လေးသော ကောင်းကင်မြေကြီး ဘောလုံးသည်လည်း အမှုန့်ဖြစ်သွား၏။

လူတိုင်း အသက်အောင့်ထားမိကြသည်။ ထိုလက်နက်မှာ ကြောက်စရာ ကောင်းလှသကဲ့သို့ တုန်လှုပ်ဖွယ်ရာလည်း ကောင်းသည်။

ဤနဂါးဓားသည် အမှန်တကယ်ပင် စွမ်းအားကြီးလှရာ ရှေးဟောင်းဘုရင် လက်ထက်တွင်ပင် ထိပ်တန်း ရတနာ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သောရတနာမျိုးကို ရှမ့်လန်က စေတီတောင် မင်းသမီးအတွက် တင်တောင်း လက်ဆောင်အဖြစ် ပေးအပ်ရန် ဆန္ဒရှိနေခြင်းမှာ မိန်းမရရှိရေးအတွက် အရာအားလုံးကို ပုံအောလိုက်ခြင်းပင် ဖြစ်၏။

ဂိုဏ်းချုပ်ရန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရင်တုန်သွားရသည်။ ဤရှေးဟောင်း ရတနာသည် မကြာခင် သူ၏အပိုင် ဖြစ်တော့မည် မဟုတ်ပါလား။ ရှေးဟောင်းရင်ပြင်တုန်းက ရွှေဓားကို မင်းသမီး ကျိရွှမ်ထံ ပေးအပ်ရန် တွန့်ဆုတ်ခဲ့ဖူးသော်လည်း ဤနဂါးဓားနှင့် ယှဉ်ပါက ရှေးဟောင်းဘုရင် လက်ထဲက ရွှေဓားက ဘာမှမဟုတ်တော့ပေ။

မင်းသားလျန်က မေးလိုက်သည်။ “အရှင်ရှမ့်လန်... ထပ်မေးပါရစေ။ ဒီနဂါးဓားကို တင်တောင်းလက်ဆောင် အဖြစ် ပေးမှာ သေချာလား။”

“သေချာပါတယ်။”

ရှမ့်လန်မှာ တစ်ဖန် ပင်ပန်းနွမ်းနယ်သွားပြန်သည်။ အခြေခံ စွမ်းအင်ဝဲကတော့ကို အသုံးပြုပြီးနောက် သူ၏ စိတ်စွမ်းအင်များ အကုန်အစင် ကုန်ခမ်းသွားသောကြောင့် အတင်းအကျပ် တောင့်ခံ ထားရခြင်း ဖြစ်သည်။ သူသည် စိတ်စွမ်းအင် အမှန်တကယ် လိုအပ်နေပြီဖြစ်သောကြောင့် တစ်ကွက်လောက်ပင် ထပ်မံ ထုတ်သုံးနေ၍ မဖြစ်တော့ပေ။

“ဒါဆိုရင် လွှဲပြောင်းပေးလိုက်ပါ။” မင်းသားလျန် ပြောလိုက်၏။

ရှမ့်လန်သည် နဂါးဓားကို လက်နှစ်ဖက်ဖြင့် ဗန်းပေါ်တွင် တင်လိုက်သည်။

မင်းသားလျန်က မေးလိုက်၏။ “စေတီတောင် ဂိုဏ်းချုပ်ရန်... ဒီတင်တောင်းလက်ဆောင်ကို လက်ခံပြီး သမီးကို အရှင် ရှမ့်လန်နဲ့ လက်ထပ်ပေးမှာ သေချာလား။”

“သေချာပါတယ်။” ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။

“သဘောတူညီချက်အရ နှစ်ဖက်စလုံး လက်ထပ်စာချုပ် ချုပ်ဆိုရပါမယ်။ လက်ထပ်စာချုပ် သုံးစောင် ရှိပါတယ်။ တစ်ယောက် တစ်စောင်စီ ယူပြီး တော်ဝင်ရန်အင်ပါယာက တစ်စောင် သိမ်းထားပါမယ်။”

ဤစကားများသည် အလွန် ရှင်းလင်းလှသည်။ ဤသည်မှာ ရိုးရှင်းသော လက်ထပ်ပွဲ မဟုတ်ဘဲ အင်အားစု နှစ်ခုကြားရှိ လက်ထပ်ပွဲ ဖြစ်သောကြောင့်ပင်။

အပိုင်း (၁၁၂၈)

“ကောင်းပါပြီ။” ဂိုဏ်းချုပ်ရန် ပြန်လည်ဖြေကြားသည်။

ထို့နောက် မင်းသားလျန်သည် လက်ထပ်စာချုပ် သုံးစောင်ကို ထုတ်ယူလိုက်ရာ ရှမ့်လန်၊ ဂိုဏ်းချုပ်ရန်၊ မင်းသားလျန်နှင့် နန်းဆောင်သခင် ကျိုးရှီတို့က လက်မှတ်ထိုးကြသည်။ ဤသို့ဖြင့် လက်ထပ်စာချုပ်သည် တရားဝင် အာဏာတည်သွားပြီး လောကကြီး တစ်ခုလုံးက ရှမ့်လန်နှင့် စေတီတောင် မင်းသမီးတို့၏ လက်ထပ်ပွဲကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်၏။

မင်းသားလျန်က ပြောလိုက်သည်။ “နောက်တစ်ဆင့်... မင်းသမီး ရန်ယင်ယင်ရဲ့ အထောက်အထားကို စစ်ဆေးဖို့ ဖိတ်ခေါ်ပါတယ်။”

ဂိုဏ်းချုပ်ရန်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ခုပ်တီးလိုက်ရာ စေတီတောင် အကြီးအကဲ လေးဦး ထွက်ပေါ်လာပြီး ဝေါယာဉ်တစ်စီးကို ထမ်းလာကြ၏။

“ဝေါယာဉ်ပေါ်က ဆင်းပါ။”

ဝေါယာဉ် လိုက်ကာ ပွင့်သွားပြီး မင်းသမီး ရန်ယင်ယင် ထွက်လာသည်။ သူမ၏ ယခင်နာမည် မည်သို့ပင် ရှိစေကာမူ ယနေ့မှစ၍ ဤနာမည်ဖြင့်သာ ခေါ်ဝေါ်ရတော့မည်။

သူမ ထွက်လာသည်နှင့် လူတိုင်းနီးပါး အံ့အားသင့်ကာ အသက်ရှူမှားသွားကြသည်။ လူအများစုမှာ သူမကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် မိန်းမောသွားကြသည်။ ဤမျှ သေသပ်လှပသော မျက်နှာနှင့် ဆန်းကြယ်သော ကိုယ်ခန္ဓာမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။

သို့သော်ငြား လူတိုင်း အံ့အားသင့်ရသည့် အဓိကအကြောင်းရင်းမှာ သူမ၏ အသားအရေသည် ဖောက်ထွင်း မြင်နေရသောကြောင့် ဖြစ်သည်။ မျက်နှာ၊ လက်နှင့် လည်ပင်းတို့မှာ ဖောက်ထွင်းမြင်နေရသဖြင့် အလွန် ထူးဆန်းကာ ကြောက်စရာလည်း ကောင်းသည်။ ပြိုင်ဘက်ကင်း အလှပဂေး ဖြစ်သော်လည်း ဤကဲ့သို့ ဖောက်ထွင်းမြင်နေရမှုက အတွင်းရှိ အရိုးစုနှင့် သွေးကြောများကို မြင်နေရသောကြောင့် အိပ်မက်ဆိုးကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် စေတီတောင် မင်းသမီးသည် ဘယ်သောအခါမှ မျက်နှာမပြခြင်း ဖြစ်ပေသည်။

အထောက်အထား စစ်ဆေးရန်ပင် မလိုတော့ပေ။ ဤလောကတွင် သူမကဲ့သို့သောသူ နောက်တစ်ယောက် မရှိနိုင်ချေ။ ရှမ့်လန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအမျိုးသမီးမှာ မင်းသမီး ရန်ယင်ယင် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်... တရားဝင် လက်မထပ်ရသေးပေမဲ့ ဒီအချိန်ကစပြီး ရန်ယင်ယင် ကို ကျုပ် ကျန်းလန် ပိုင်ဆိုင်သွားပြီ မဟုတ်လား။”

“ဟုတ်တယ်။”

မင်းသားလျန်က ပြောလိုက်၏။ “အရှင် ရှမ့်လန်... ဒါဆိုရင် တင်တောင်းလက်ဆောင်ကို ဂိုဏ်းချုပ်ရန်ဆီ လွှဲပြောင်းပေးလိုက်ပါ့မယ်။”

ရှမ့်လန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “လွှဲပြောင်းပေးလိုက်ပါ။”

မင်းသားလျန်သည် နဂါးဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ဂိုဏ်းချုပ်ရန်ထံ ကမ်းပေးလိုက်၏။ “လက်ခံပေးပါ။”

ဂိုဏ်းချုပ်ရန်သည် ဗန်းကို မယူဘဲ နဂါးဓားကို ကောက်ယူလိုက်သည်။ ဤအဆင့်တွင် စေ့စပ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ယောက္ခမကြီး... ဒီနေ့ကစပြီး တော်ဝင်ချန်အင်ပါယာနဲ့ စေတီတောင်က မိသားစု တစ်ခုတည်း ဖြစ်သွားပြီ မဟုတ်လား။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီနေ့ကစပြီး မင်း ရှမ့်လန်က စေတီတောင်ရဲ့ တစ်ဦးတည်းသော သားမက်ပဲ။”

မင်းသားလျန်က ကြေညာလိုက်၏။ “တော်ဝင်ချန်အင်ပါယာ အရှင်သခင် ကျန်းလန်နဲ့ စေတီတောင် မင်းသမီး ရန်ယင်ယင်တို့ လက်ထပ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။”

ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်ကို ကြည့်ပြီး ပြောလိုက်သည်။ “ငါ့သမီးကို ကောင်းကောင်း စောင့်ရှောက်ပေးပါ။ ပြန်ခွင့်ပြုပါအုံး။”

ထို့နောက် သူသည် နဂါးဓားကို ယူပြီး ထွက်ခွာသွားသည်။ ရှေးဟောင်း ရတနာသည် နောက်ဆုံးတွင် သူ့လက်ထဲ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ရန်ယင်ယင်ကို ရှမ့်လန်ဘေးတွင် တကယ် ထားရစ်ခဲ့၏။

‘တကယ်ပဲ ဒီလောက် ပြတ်သားတာလား။’

ရှမ့်လန်သည် မင်းသမီး ရန်ယင်ယင်ကို ပြုံးပြလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားသည်။ သူ့စိတ်စွမ်းအင် သည် အလွန် အားနည်းသည်။ စွမ်းအင်ဝဲကတော့ လွှတ်ထုတ်ပြီးနောက် ခန္ဓာကိုယ်ထဲမှ ဝိညာဉ် ထွက်သွားသကဲ့သို့ ခံစားရပြီး အလွန် ပင်ပန်းနွမ်းနယ်နေသည်။

......

ယခင်က ရှမ့်လန်သည် ၁၂ နာရီကျော် အိပ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် ငါးနာရီ မပြည့်မီအချိန်တွင် နှိုးခံလိုက်ရ၏။

“ထတော့... ထတော့။”

ချောင်ယောင်းအာက နှိုးလိုက်သည်။ “ချန်နန်းတော်ထဲ ဝင်ပြီး ရင်ကွမ်း ထီးနန်းစွန့်ပွဲကို သက်သေပြုရမယ်။ တော်ဝင်ချန်အင်ပါယာရဲ့ တံဆိပ်တုံး၊ သဝဏ်လွှာ၊ သရဖူနဲ့ နဂါးဝတ်ရုံတွေကို လက်ခံယူရမယ်။”

ထို့နောက် ရှမ့်လန်သည် သတိမလွတ်အောင် မနည်းထိန်းချုပ်ပြီး မျက်နှာသစ်၊ ရေချိုးလိုက်သည်။ ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ပြီး နုရှောင့်မြို့ သံတမန်အဖွဲ့၏ အကာအကွယ်ဖြင့် ချန်နန်းတော်သို့ ဦးတည် ထွက်ခွာခဲ့၏။

“ရန်ယင်ယင် ဘယ်မှာလဲ။” ရှမ့်လန် မေးလိုက်သည်။

“မြေအောက်ခန်းထဲမှာ။” ချောင်ယောင်းအာ ဖြေလိုက်၏။

လင်းနယ်စား အိမ်တော်မှ ထွက်ခွာပြီး ချန်နန်းတော်သို့ သွားရာလမ်းတစ်လျှောက်တွင် လူသူကင်းမဲ့နေသည်။ အိမ်တိုင်း တံခါးပိတ်ထားကြပြီး မသိသူများ အနေဖြင့် လူမရှိသော မြို့ပျက်ကြီးဟု ထင်မှတ်ရလောက်သည်။ ချန်မြို့တော် တစ်ခုလုံးသည် မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်းမျိုးဖြင့် လေးလံထိုင်းမှိုင်းနေသည်။ ယနေ့သည် ရင်ကွမ်း ထီးနန်းစွန့်မည့်နေ့ ဖြစ်သည်။ ဘာတွေ ဖြစ်လာမည်ကို မည်သူမှ မသိကြပေ။

......

ဤနန်းတော်သည် ချန်နန်းတော်သာမက တော်ဝင်ချန်အင်ပါယာ နန်းတော်လည်း ဖြစ်သည်။ အင်ပါယာ ကျန်းလီသည် ဤနေရာတွင် ဆယ်စုနှစ်ချီ နေထိုင်ခဲ့သည်။ မည်သို့ပင်ကြည့်ကြည့် ဤနန်းတော်သည် ရှမ့်လန် ပိုင်ဆိုင်သော အရာ ဖြစ်သည်။

ယနေ့ ရင်ကွမ်း ထီးနန်းစွန့်မည်။ တော်ဝင်ချန်အင်ပါယာ ထီးနန်းကို လွှဲပြောင်းပေးရုံသာမက နန်းတော်မှ လုံးဝ ထွက်ခွာပေးရမည်။ ချန်နိုင်ငံသစ် တစ်ခုလုံးကို ရှမ့်လန်ထံ အပ်နှင်းရမည်။ သုံးပွင့်ဆိုင် အမိန့်တော်အရ ယနေ့မှစ၍ ရှမ့်လန်သည် ချန်နန်းတော်၏ အရှင်သခင် ဖြစ်လာတော့မည်။

နန်းတော်ထဲသို့ ဝင်ရောက်ချိန်မှာတော့ လူတိုင်း ရောက်ရှိနေပြီ ဖြစ်သည်။ မင်းသားလျန်၊ ရင်ကွမ်းနှင့် ရှမ့်လန် သုံးဦးသာ လိုတော့၏။

ပဉ္စမအဆင့်နှင့်အထက် ရှိသော ချန်မြို့တော် အရာရှိများ အားလုံး ရောက်ရှိနေကြသည်။ ခန်းမဆောင် တစ်ခုလုံး လူထောင်ချီဖြင့် ပြည့်နှက်နေသည်။

ချန်နန်းတော်သည် ခမ်းနားထည်ဝါသည်။ လောကဒုတိယ အကြီးဆုံး နန်းတော်ဖြစ်ပြီး ရန်နန်းတော်၏ နောက်တွင်သာ ရှိသည်။ ချောင်နန်းတော်၊ ရွှဲ့နန်းတော် စသည်တို့သည် ချန်နန်းတော်နှင့် နှိုင်းယှဉ်လျှင် အရောင်မှိန်သွားရသည်။ သို့သော်ငြား ရင်ကွမ်းသည် ဤနန်းတော်တွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သည်။ သူ စွန့်ခွာရက်ပါ့မည်လား။

ရှမ့်လန် ခန်းမဆောင်ထဲ ဝင်လာချိန်မှာတော့ ချန်နိုင်ငံသစ် အရာရှိများသည် မလှုပ်မယှက် ရပ်နေကြသည်။ မည်သူမှ သူ့ကို မကြည့်ကြပေ။ ရှမ့်လန်သည် လူမရှိသကဲ့သို့ ခန်းမဆောင်ထဲ ဝင်သွားပြီး ပလ္လင်တစ်ခုပေါ်တွင် ထိုင်လိုက်သည်။ သမ်းဝေလိုက်သေးသည်။ အိပ်ရေးမဝသေးပေ။ အလွန် အိပ်ချင်နေ၏။

မကြာမီ တော်ဝင်ရန်အင်ပါယာ မင်းသားလျန် ရောက်ရှိလာသည်။ သူ့နောက်တွင် လူရာချီ လိုက်ပါလာသည်။ ၎င်းတို့မှာ တိုင်းနိုင်ငံ အသီးသီးမှ သံတမန်များ ဖြစ်ကြသည်။ သဘာဝလွန်အင်အားစု ခြောက်ခု မှ လူများ မပါဝင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤနေရာသည် ဘုရင်များ၏ နယ်မြေဖြစ်ရာ စည်းမျဉ်းအရ သဘာဝလွန် အင်အားကြီး အဖွဲ့အစည်းများ ဝင်ရောက်ခွင့် မရှိပေ။

မင်းသားလျန်သည်လည်း ခန်းမဆောင်ထဲရှိ ပလ္လင်တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ ယခု ရင်ကွမ်း တစ်ယောက်တည်းကိုသာ စောင့်ဆိုင်းနေကြသည်။ သူသည် ယနေ့၏ အဓိက ဇာတ်ကောင် ဖြစ်သည်။ ဝမ်းနည်းဖွယ် ဇာတ်ကောင် ဖြစ်နေလျှင်ပင် ....။

လူတိုင်း အသက်အောင့်ထားကြသည်။ ရင်ကွမ်း ပေါ်လာမည်လား။ တကယ် ထီးနန်းစွန့်မည်လား။

ထိုအချိန်တွင် မိန်းမစိုး တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ “အရှင် ကြွလာပါပြီ။”

ထို့နောက် သရဖူများ ထိခိုက်သံများ ကြားလိုက်ရသည်။ ရင်ကွမ်း ရောက်ရှိလာပြီ ဖြစ်သည်။ သူသည် ခမ်းနားထည်ဝါသော ဟန်ပန်ဖြင့် လူတိုင်းရှေ့တွင် ပေါ်ထွက်လာ၏။

အရာရှိ ထောင်ချီ ဒူးထောက် ဂါရဝပြုလိုက်ကြသည်။ “အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

မင်းသားလျန်၏ မျက်နှာ တွန့်လိမ်သွားသည်။ ဤသည်မှာ တားမြစ်ချက် ဖြစ်သည်။ လွန်ခဲ့သော လေးနှစ်တည်းက ဤလောကတွင် လူတစ်ယောက်တည်းသာ ‘သက်တော်ရာကျော် ရှည်ပါစေ’ ဟု ကြွေးကြော်ခွင့် ရှိသည်။ ဤသည်မှာ အင်အားပြလိုက်ခြင်းပင်။

ရှမ့်လန် ရောက်လာစဉ်က အရာရှိ ထောင်ချီ မလှုပ်မယှက် နေခဲ့ကြသည်။ မင်းသားလျန် ရောက်လာစဉ် ကလည်း ထိုအတိုင်းပင်။ ရင်ကွမ်း ရောက်လာချိန်မှာတော့ အရာရှိ ထောင်ချီ စနစ်တကျ မတ်တတ်ရပ် လိုက်ကြသည်။ အလွန် လေးစားသမှု ရှိနေကြသည်။

ရင်ကွမ်းသည် ဒူးထောက်နေသော လူများကို လျစ်လျူရှုကာ ခန်းမဆောင် အလယ်မှတဆင့် လှေကားထစ် ဒါဇင်ပေါင်းများစွာကို တက်လှမ်းပြီး အမြင့်ဆုံး ပလ္လင်ပေါ်သို့ ရောက်ရှိသွား၏။

“အားလုံး ထကြပါ။” ရင်ကွမ်း ပြောလိုက်သည်။

အရာရှိ ထောင်ချီ မတ်တတ်ရပ်လိုက်ကြ၏။

မင်းသားလျန် မတ်တတ်ရပ်လိုက်သည်။ အမိန့်တော်ကို ဖွင့်ပြီး ပြောလိုက်သည်။ “အင်ပါယာ အမိန့်တော် ရှိတယ်။”

ရှမ့်လန် မလှုပ်ပေ။ ရင်ကွမ်းလည်း မလှုပ်ပေ။

မင်းသားလျန် ဂရုမစိုက်တော့ဘဲ ဖတ်ကြားလိုက်သည်။ “ကောင်းကင်ဘုံအလိုအရ အင်ပါယာ အမိန့်တော် ထုတ်ပြန်သည်။ ဤလောကတွင် တော်ဝင်ချန်အင်ပါယာ တစ်ခုတည်း ရှိသည်။ ရှမ့်လန် ထီးနန်းရရှိသည်။ ရင်ကွမ်း ယနေ့ ထီးနန်းစွန့်ရမည်။”

ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ အရာရှိ ထောင်ချီက မကြားသကဲ့သို့ပင်။

မင်းသားလျန်က ပြောလိုက်၏။ “အရှင်ရင်ကွမ်း... အမိန့်တော် လက်ခံပါ။”

ရင်ကွမ်း ခေတ္တ တိတ်ဆိတ်နေပြီးနောက် အရှေ့မြောက်ဘက်သို့ ဦးတည်ကာ ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “ကျုပ် ... ရင်ကွမ်း... အမိန့်တော် နာခံပါတယ်။”

ဤစကားကြားလိုက်သည်နှင့် လူတိုင်း တုန်လှုပ်သွားကြ၏။ ‘ဘာအဓိပ္ပာယ်လဲ။ ရင်ကွမ်း တကယ် ထီးနန်းစွန့်တော့မှာလား။’

မင်းသားလျန်က ပြောလိုက်သည်။ “ဒါဆိုရင် လွှဲပြောင်းခြင်း အခမ်းအနား တရားဝင် စတင်ကြမလား။”

“ကောင်းပါပြီ။” ရင်ကွမ်း ပြန်ဖြေလိုက်၏။

မင်းသားလျန်က ပြောလိုက်သည်။ “နှစ်ဖက်စလုံး တော်ဝင်ချန်အင်ပါယာ တံဆိပ်တုံးကို လွှဲပြောင်းပေးပါ။”

ချက်ချင်းပဲ မိန်းမစိုးကြီးတစ်ဦး သေတ္တာတစ်လုံးကို မြှောက်ကိုင်ကာ ရင်ကွမ်းထံ ဒူးထောက် ဆက်သ လိုက်သည်။ ဤသေတ္တာထဲတွင် တော်ဝင်ချန်အင်ပါယာ တံဆိပ်တုံး ရှိနေမည် ဖြစ်၏။

“တံဆိပ်တုံးကို စစ်ဆေးပါ။” ရင်ကွမ်းက ယူလိုက်ပြီး မင်းသားလျန်ထံ ပေးလိုက်သည်။

မင်းသားလျန် ယူလိုက်ပြီး လက်ပြလိုက်ရာ ပညာရှိ ဆယ်ဦးကျော် ရှေ့ထွက်လာပြီး တံဆိပ်တုံးကို သေချာ စစ်ဆေးကြ၏။ ၁၅ မိနစ်ခန့် ကြာချိန်မှာတော့ စစ်ဆေးမှု ပြီးဆုံးသွားသည်။ တကယ်တော့ သူတို့ စစ်ဆေးစရာ မလိုပေ။ မင်းသားလျန် ကြည့်လိုက်ရုံဖြင့် အစစ်မှန်း သိနိုင်၏။

“ဒီတော်ဝင်ချန်အင်ပါယာ တံဆိပ်တုံးက အစစ်ပါ။” ခေါင်းဆောင် ပညာရှိက ပြောလိုက်သည်။

မင်းသားလျန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် တံဆိပ်တုံးကို သေတ္တာထဲ ပြန်ထည့်ပြီး ရင်ကွမ်းထံ ပြန်ပေးကာ မေးလိုက်၏။ “အရှင်ရင်ကွမ်း... တံဆိပ်တုံး လွှဲပြောင်းပေးမှာ သေချာလား။”

“သေချာပါတယ်။” ရင်ကွမ်း ပြောလိုက်သည်။

မင်းသားလျန်က ပြောလိုက်၏။ “တံဆိပ်တုံး လွှဲပြောင်းခြင်း အခမ်းအနား တရားဝင် စတင်ပါပြီ။”

ရှမ့်လန် မတ်တတ်ရပ်ပြီး ရင်ကွမ်းရှေ့သို့ လျှောက်သွားကာ လက်နှစ်ဖက် ဆန့်တန်းလိုက်သည်။

“တံဆိပ်တုံး ပေးအပ်ပါ။” မင်းသားလျန် အော်ဟစ်လိုက်၏။

ရင်ကွမ်းသည် တံဆိပ်တုံးနှင့် သေတ္တာကို ကမ်းပေးလိုက်သည်။

“တံဆိပ်တုံး လက်ခံပါ။” မင်းသားလျန် ပြောလိုက်သည်။

ရှမ့်လန် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ခါသွား၏။ ‘လေးလိုက်တာ။ အနည်းဆုံး ၂၅ ကီလိုဂရမ်လောက် ရှိမယ်။ ငါ့အင်အားကို အထင်ကြီးလွန်းနေပြီ။’

“တံဆိပ်တုံး ပြသပါ။” မင်းသားလျန် အော်ဟစ်လိုက်သည်။

ရှမ့်လန် သေတ္တာဖွင့်ပြီး တံဆိပ်တုံးကို ထုတ်ယူကာ မြှောက်ပြလိုက်သည်။ ရှိနေသော သံတမန် အားလုံး မြင်အောင် ပြသလိုက်သည်။ ထို့နောက် သေတ္တာထဲ ပြန်ထည့်ကာ ချောင်ယောင်းအာထံ အမြန် ပေးလိုက်သည်။ လေးလွန်းလှ၏။

မင်းသားလျန်က ပြောလိုက်သည်။ “နောက်တစ်ဆင့်... လွှဲပြောင်းခြင်း အခမ်းအနား ဒုတိယပိုင်း ဆက်သွားပါမယ်။ တံဆိပ်တုံး၊ အလံတော်နဲ့ ရတနာဓားကို လွှဲပြောင်းပေးပါ။”

ဤတံဆိပ်တုံးသည် သံတမန်ရေးရာ တံဆိပ်တုံး မဟုတ်ဘဲ သံတမန်ရေးရာ အာဏာ ဖြစ်သည်။ ရင်ကွမ်းက တော်ဝင်ချန်အင်ပါယာ၏ သံတမန်ရေးရာ အာဏာကို ရှမ့်လန်ထံ လွှဲပြောင်းပေးခြင်းနှင့် တူညီသည်။ အလံတော်နှင့် ပတ်သက်လျှင် မူလ တော်ဝင်ချန်အင်ပါယာ အလံတော်နှင့် အနည်းငယ် ကွာခြား၏။

မူလ တော်ဝင်ချန်အင်ပါယာ အလံတော်သည် ပိုမို ခမ်းနားထည်ဝါသည်။ ရွှေနဂါးပုံ ထိုးထားပြီး တော်ဝင်ရန်အင်ပါယာ အလံတော်နှင့် ဆင်တူသည်။ ကွာခြားချက်မှာ မီးတောက်အရောင်နှင့် နဂါးလက်သည်း အနည်းငယ် တိုခြင်းသာ ဖြစ်သည်။

ဤသည်မှာ အလွန် အရေးကြီးသည်။ နိုင်ငံတစ်ခု၏ အလံတော်နှင့် အင်ပါယာတစ်ခု၏ အလံတော် ကွာခြားသည်။ ရင်ကွမ်းသည် ချန်နိုင်ငံသစ်ဘုရင် ဖြစ်လာပြီးနောက် အလံတော်ကို ပြောင်းလဲခဲ့သည်။ ရွှေနဂါးမှ အဝါရောင်နဂါးအဖြစ် အဆင့်လျှော့ချလိုက်သည်။ မီးတောက်အရောင် ပြောင်းလဲသွားသည်။ နဂါးလက်သည်း တိုသွားရုံသာမက လက်သည်းတစ်ချောင်း လျော့နည်းသွား၏။

ရတနာဓားနှင့် ပတ်သက်လျှင် အင်ပါယာ ကျန်းလီ အမှန်တကယ် ဝတ်ဆင်ခဲ့သော ဓားဖြစ်သည်။ စစ်ပွဲတွင် အသုံးပြုသော ဓားမဟုတ်ဘဲ နန်းတော်တွင်း အာဏာပြရန် အသုံးပြုသော ရွှေရောင် ရတနာဓား ဖြစ်သည်။ ထို့ကြောင့် ခမ်းနားထည်ဝါလှသည်။

ရှမ့်လန်သည် အလံတော်၊ သဝဏ်လွှာနှင့် ရွှေရောင် ဘုရင်ဓားတို့ကို စေ့စပ်သေချာစွာ လက်ခံရယူလိုက်သည်။

လုပ်ငန်းစဉ် တစ်ခုလုံး တိတ်ဆိတ်နေသည်။ တကယ် ထူးဆန်းသည်။ ဤလွှဲပြောင်းခြင်း အခမ်းအနားသည် ချောမွေ့လွန်းသည်။ မျှော်လင့်ထားသည်ထက် ပိုမို ချောမွေ့နေသည်။ ရင်ကွမ်းသည် အရာအားလုံးကို လွယ်ကူစွာ လွှဲပြောင်းပေးခဲ့၏။

သို့သော်ငြား မင်းသားလျန်သည် အသက်ရှူကျပ်သကဲ့သို့ ခံစားနေရသည်။ ရင်ဘတ်ထဲမှ ဖိအားကို လျှော့ချရန် အသက်ပြင်းပြင်း ရှူလိုက်ရသည်။ “အင်ပါယာ ဝတ်ရုံ လွှဲပြောင်းပေးပါ။”

ရင်ကွမ်းသည် လူတိုင်းရှေ့တွင် အင်ပါယာ ဝတ်ရုံကို ချွတ်ပြီး ဗန်းပေါ်တွင် တင်လိုက်သည်။ သူ့ကို ချန်နိုင်ငံသစ်ဘုရင်ဟု အမည်နာမ သတ်မှတ်ပြီး ဝတ်ဆင်ထားသော ဝတ်ရုံသည် ကျန်းလီ ဝတ်ဆင်ခဲ့သော ဝတ်ရုံနှင့် ကွဲပြားသော်လည်း တော်ဝင်ချန်အင်ပါယာကို ကိုယ်စားပြုနေဆဲ ဖြစ်သည်။ နိုင်ငံအသီးသီးကလည်း အသိအမှတ်ပြုထားသည်။ ယခု ဝတ်ရုံ ချွတ်လိုက်ပြီ ဆိုသည်မှာ သူသည် တော်ဝင်ချန်အင်ပါယာ ဘုရင် မဟုတ်တော့ဟု ဆိုလို၏။

“အရှင် ရှမ့်လန်... အင်ပါယာဝတ်ရုံ ဝတ်ဆင်ပါ။” တော်ဝင်ရန်အင်ပါယာဘက်မှ မိန်းမစိုး အချို့ ရှေ့ထွက်လာပြီး ရှမ့်လန်ကို အင်ပါယာဝတ်ရုံ ဝတ်ပေးကြသည်။

ရှမ့်လန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သန့်ရှင်းရေး ကြိုက်သူ ဖြစ်သည်။ ရင်ကွမ်း ဝတ်ပြီးသားကို ပြန်ဝတ်ရမည် ဖြစ်၍ မနှစ်မြို့ပေ။ သို့သော်ငြား သည်းခံရမည်။ တစ်နာရီလောက်ကြာလျှင် ပြန်ချွတ်လိုက်၍ ရပေသည်။

“သရဖူ လွှဲပြောင်းပေးပါ။” မင်းသားလျန် ပြောလိုက်၏။

ရင်ကွမ်းသည် ခေါင်းပေါ်မှ သရဖူကို ချွတ်ပြီး ဗန်းပေါ်တွင် တင်လိုက်သည်။ ဤအချိန်တွင် သူ့ကိုယ်ပေါ်၌ ဘုရင်တစ်ပါး၏ အမှတ်အသား မရှိတော့ပေ။ အင်ပါယာ ဝတ်ရုံ မရှိ၊ အင်ပါယာ ဓားမရှိ၊ သရဖူ မရှိ။ သာမန်လူ တစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။

“အရှင် ရှမ့်လန်... သရဖူ ဆောင်းပါ။” မင်းသားလျန် ပြောလိုက်၏။

ရှမ့်လန်သည် မင်းသားလျန် ရှေ့သို့ လျှောက်သွားပြီး တော်ဝင်ချန်အင်ပါယာ သရဖူကို ကိုယ်တိုင် ဆောင်းပေးစေလိုက်သည်။

ဤအဆင့်တွင် ထီးနန်းလွှဲပြောင်းမှု တစ်ဆင့်သာ ကျန်တော့သည်။ ရင်ကွမ်းသည် ပလ္လင်ပေါ်မှ လုံးဝ ဆင်းပေးရမည် ဖြစ်ပြီး ရှမ့်လန်က ပလ္လင်ပေါ် တက်ထိုင်ရမည် ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး အဆင့်လည်း ဖြစ်သည်။ ရင်ကွမ်း ဆင်းပေးမလား ၊ မပေးဘူးလား ဆိုတာ ဤအခိုက်အတန့် အပေါ်၌ မူတည်နေ၏။

မင်းသားလျန် အသက်အောင့်ထားလိုက်သည်။ ချောင်ယောင်းအာလည်း အသက်အောင့်ထားလိုက်သည်။ သူမသည် ကျောက်စိမ်းတံဆိပ်တုံးကို ဘေးနားရှိ စုနန်ထံ ပေးလိုက်ပြီး သူမ၏ လက်က ဓားရိုးပေါ် ရောက်နေပြီ ဖြစ်သည်။

တော်ဝင်ချန်အင်ပါယာ ဒုတိယအတွင်းဝန်၊ သံတမန်အဖွဲ့ ခေါင်းဆောင် စုနန်သည် တုန်ယင်နေသည်။ သူ လောကအနှံ့ သွားလာဖူးသော်လည်း ဤကဲ့သို့ ခမ်းနားသော မြင်ကွင်းမျိုးကို တစ်ခါမှ မကြုံဖူးပေ။ တိုင်းပြည် တစ်ခုလုံး လွှဲပြောင်းပေးခြင်းသည် သမိုင်းမှတ်တမ်းတင်လောက်သော ကိစ္စ ဖြစ်သည်။ သေချာပေါက် အရာအားလုံး ချောမွေ့နေခဲ့သည်။ သို့သော်ငြား ချောမွေ့လွန်းနေသောကြောင့် လူများကို တုန်လှုပ်စေသည်။ ဤလောက် လွယ်လွယ်ကူကူ လွှဲပြောင်းပေးလိုက်သည်လား။

မင်းသားလျန် ရင်ကွမ်းကို ကြည့်လိုက်သည်။ ‘ခင်ဗျား ဘာလုပ်ချင်တာလဲ။ အခု နောက်ဆုံး အခမ်းအနား တစ်ခုပဲ ကျန်တော့တယ်။ ဘာလုပ်ချင်ချင် အခွင့်အရေး တစ်ကြိမ်ပဲ ရှိတော့တယ်။’

All Chapters