အခန်း (၁၁၂၉-၁၁၃၀)
Vol. 66 Ch. 1129-1130
အပိုင်း (၁၁၂၉)
ခန်းမဆောင် တစ်ခုလုံး တစ်မိနစ်ခန့် တိတ်ဆိတ်နေသည်။ အသက်ရှူသံ၊ နှလုံးခုန်သံများပင် ကြားနေရလောက်အောင် တိတ်ဆိတ်နေသည်။
နောက်ဆုံးတွင် အခမ်းအနားမှူး မင်းသားလျန်က ပြောလိုက်၏။ “ဒါက လွှဲပြောင်းခြင်း အခမ်းအနားရဲ့ နောက်ဆုံး အပိုင်းပါ။ အရှင်ရင်ကွမ်း ပလ္လင်ပေါ်က ဆင်းပေးပြီး အရှင် ရှမ့်လန် ပလ္လင်ပေါ် တက်ထိုင်ပါမယ်။”
ချက်ချင်းပဲ လူတိုင်း၏ အကြည့်သည် ရင်ကွမ်းပေါ်သို့ ရောက်ရှိသွားသည်။ ‘ဒါ နောက်ဆုံး အခွင့်အရေးပဲ။ ပလ္လင်ပေါ်က ဆင်းလိုက်တာနဲ့ အခွင့်အရေး မရှိတော့ဘူး။ ခင်ဗျား ဒီပလ္လင်ပေါ်မှာ ထိုင်နေတာ အနှစ် ၂၀ ကျော်ပြီ။ တကယ်ပဲ ဒီလောက် လိုလိုလားလား လွှဲပေးလိုက်မှာလား။ အခုမှ မလှုပ်ရှားရင် ဘယ်တော့ လှုပ်ရှားမှာလဲ။’
တိုင်းနိုင်ငံ အသီးသီးမှ သံတမန်များသာမက အရာရှိ ထောင်ချီလည်း မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။ လေထု အေးခဲသွားသကဲ့သို့၊ အချိန် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။ ရင်ကွမ်း၏ လှုပ်ရှားမှုတိုင်းသည် အဆတစ်ရာ ချဲ့ကားပြသနေသကဲ့သို့ ဖြစ်နေသည်။ အချိန်မရွေး ပေါက်ကွဲပြီး သတ်ဖြတ်ပွဲ စတင်တော့မည့် အလားပင်။
သို့သော်ငြား ရင်ကွမ်းသည် ညင်သာစွာ သက်ပြင်းချလိုက်၏။
“ဟင်း…”
ရင်ကွမ်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရှမ့်လန်... ဪ မဟုတ်ဘူး... ကျန်းလန်။”
‘လာပြီ... နောက်ဆုံးတော့ လာပြီလား။ အာဏာရှင် ရင်ကွမ်းက သူ့အစွမ်းကို နောက်ဆုံးတော့ ပြတော့မှာလား။’
“ကျန်းလန်... ကျုပ် ရင်ကွမ်းဟာ တစ်ချိန်တုန်းက စွန့်ပစ်ခံရတဲ့ ကလေးလေး တစ်ယောက်ပါ။ အင်ပါယာဟောင်းက မွေးစားပြီး သားအရင်းလို ဆက်ဆံခဲ့တယ်။ အရှင် ကျန်းလီ ထီးနန်းဆက်ခံပြီးတဲ့နောက် ကျုပ်ကို ညီအစ်ကိုလို ဆက်ဆံပြီး ယုံကြည်ခဲ့တယ်။ သူ့ညီအရင်း ကျန်းလင်း တောင် မြို့စားဘွဲ့ပဲ ရခဲ့တယ်။ ကျန်းမိသားစု တစ်ခုလုံးကို တော်ဝင်မိသားစုလို့ ခေါ်ပေမဲ့ ဘယ်သူမှ ဘုရင်ဘွဲ့ မရခဲ့ဘူး။ ဒါပေမဲ့ ကျုပ် ရင်ကွမ်းကတော့ မင်းအဖေ ကျန်းလီ ပေးသနားတဲ့ ဘုရင်ဘွဲ့ ရခဲ့တယ်။
ကျန်းမိသားစုရဲ့ ကျေးဇူးတရားက တောင်လောက် ကြီးမားတယ်။ အရှင် ကျန်းလီရဲ့ ကျေးဇူးတရားက တောင်လောက် ကြီးမားတယ်။ အရှင်ကျန်းလီ သေဆုံးပြီးနောက် ကျုပ် ရင်ကွမ်း ဂုဏ်သိက္ခာ ကျဆင်းပြီး သစ္စာဖောက်လို့ အခေါ်ခံခဲ့ရတယ်။
လောကကြီး တစ်ခုလုံးက ထင်နေကြတယ်။ ကျုပ် ရင်ကွမ်းက တော်ဝင်ချန်အင်ပါယာ ထီးနန်းကို လုယူပြီး အနှစ် ၂၀ ကျော် ထိုင်နေခဲ့တယ်လို့။ ကျုပ်နာမည် ဘယ်တော့မှ ပြန်မကောင်းနိုင်တော့ဘူး။ ကျုပ် ရင်ကွမ်း တော်ဝင်ချန်အင်ပါယာ ထီးနန်းပေါ် ထိုင်နေသရွေ့ သစ္စာဖောက် နာမည် ခံနေရအုံးမှာပဲ။ ကျန်းလန်... အခု ကျုပ် ထီးနန်းကို တရားဝင် ပြန်ပေးပါ့မယ်။ မင်းတို့ ကျန်းမိသားစုဆီ ပြန်ပေးပါ့မယ်။”
ပြောပြီးနောက် ရင်ကွမ်း ရုတ်တရက် မတ်တတ်ရပ်ပြီး ပလ္လင်ပေါ်မှ ဆင်းလာခဲ့သည်။ အနှစ် ၂၀ ကျော် ထိုင်ခဲ့သော ပလ္လင်ကို ဤအတိုင်း စွန့်ခွာလိုက်ခြင်း ဖြစ်သည်။
တော်ဝင်ရန်အင်ပါယာ မင်းသားလျန်က ပြောလိုက်၏။ “အရှင် ကျန်းလန်... တော်ဝင်ချန်အင်ပါယာ ပလ္လင်ပေါ် ကြွမြန်းတော်မူပါ။”
ရှမ့်လန် အသက်ပြင်းပြင်း ရှူလိုက်ပြီး တော်ဝင်ချန်အင်ပါယာ ပလ္လင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ထိုင်လိုက်သည်။
မင်းသားလျန် ချက်ချင်း လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး ပြောလိုက်၏။
“ချန်ဘုရင်ကို ဂါရဝပြုပါတယ်။”
ထို့နောက် မင်းသားလျန်က ပြောလိုက်သည်။ “သံတမန် အပေါင်းတို့... ချန်ဘုရင်ကို ဂါရဝပြုကြပါ။”
လက်အောက်ခံ နိုင်ငံများမှ သံတမန် ဒါဇင်ပေါင်းများစွာ ရှေ့ထွက်လာပြီး ဦးညွှတ် ဂါရဝပြုကြ၏။ “အရှင်ကို ဂါရဝပြုပါတယ်။”
ဤအဆင့်တွင် ရှမ့်လန်သည် တော်ဝင်ချန်အင်ပါယာ၏ အရှင်သခင်အဖြစ် နိုင်ငံအားလုံးက အသိအမှတ်ပြု လိုက်ပြီ ဖြစ်သည်။
မင်းသားလျန်က ပြောလိုက်၏။ “အရှင် ကျန်းလန်... တော်ဝင်ရန်အင်ပါယာက အရှင်ကို တော်ဝင်ချန် အင်ပါယာ အရှင်သခင် အဖြစ် အသိအမှတ်ပြုပေမဲ့ အရှင်ရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီလို့ မဆိုလိုပါဘူး။ ဒါကြောင့် အင်ပါယာနဲ့ ဧကရာဇ်ကို စိတ်ပျက်အောင် မလုပ်မိပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ကိုယ့်နေရာကိုယ် သိရပါမယ်။ တော်ဝင်ချန်အင်ပါယာက တော်ဝင်ရန်အင်ပါယာရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ထာဝရ တည်ရှိနေမှာပါ။”
မင်းသားလျန်သည် ခန်းမဆောင်ထဲရှိ အရာရှိ ထောင်ချီကို ကြည့်ပြီး ပြောလိုက်သည်။ “မင်းတို့အားလုံးက တော်ဝင်ချန်အင်ပါယာရဲ့ ပြည်သူတွေပဲ။ ဘာလို့ ဘုရင်သစ်ကို ဂါရဝမပြုကြတာလဲ။”
သို့သော်ငြား အရာရှိ ထောင်ချီ မလှုပ်မယှက် နေနေကြ၏။
မင်းသားလျန်က မေးလိုက်သည်။ “အရှင် ရင်ကွမ်း... ဒါ ဘာသဘောလဲ။”
ရင်ကွမ်းက ပြောလိုက်၏။ “မင်းသားလျန်... ကျုပ်ရဲ့ ထီးနန်းစွန့်ပွဲ ပြီးပြီလား။”
မင်းသားလျန်က ပြောလိုက်သည်။ “နောက်တစ်ဆင့် အနေနဲ့ ခင်ဗျား ဒီနန်းတော်ထဲကနေ ထွက်ခွာပေးရမယ်။ ဘာလို့လဲဆိုတော့ အရှင် ကျန်းလန်က ဒီနန်းတော်နဲ့ ချန်မြို့တော်ရဲ့ သခင် ဖြစ်သွားပြီလေ။”
ရင်ကွမ်းသည် မင်းသားလျန်ကို ဂရုမစိုက်တော့ဘဲ ရှမ့်လန်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင် ရှမ့်လန်... ဪ အရှင် ကျန်းလန်... တော်ဝင်ချန်အင်ပါယာရဲ့ အရှင်သခင် ပြန်ဖြစ်လာရတာ ဘယ်လို ခံစားရလဲ။”
ရှမ့်လန်က ဖြေလိုက်သည်။ “ဘာမှ မခံစားရပါဘူး။ အလွတ်သဘော၊ အထီးကျန်ဆန်တဲ့သဘော၊ အေးစက်တဲ့ သဘောပဲ ခံစားရတယ်။”
ရင်ကွမ်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “ရှမ့်လန်... ပြိုင်ပွဲစင်မြင့်ပေါ်မှာ ပြောခဲ့တာ မှတ်မိသေးလား။”
ရှမ့်လန် အံ့သြသွားသည်။ “ဘာပြောခဲ့လို့လဲ။ အရေးမကြီးတာတွေကို မေ့ပစ်တတ်တဲ့ အကျင့်ရှိလို့ပါ။”
ရင်ကွမ်းက ပြောလိုက်၏။ “မင်း ဝူမင်ကို သတ်လိုက်တဲ့အတွက် မင်းရဲ့လူ တစ်သန်းလောက်ကို သူ့ရဲ့ အဖော်အဖြစ် လိုက်ခိုင်းမယ်လို့ ပြောခဲ့တယ်လေ။”
ရှမ့်လန်က မေးလိုက်သည်။ “အရှင်ရင်ကွမ်း... ခင်ဗျားပြောတဲ့ လူတစ်သန်း ဆိုတာ နာမည်တွေလား။ မျိုးရိုးနာမည် တစ်ခုတည်းနဲ့ လူတစ်သန်း ရှိလို့လား။”
ရင်ကွမ်းက ပြန်မေး၏။ “အရှင် ရှမ့်လန်... ဒီတော်ဝင်ချန်အင်ပါယာ နန်းတော်ကို ဘယ်လိုမြင်လဲ။”
ရှမ့်လန်က ဖြေလိုက်သည်။ “မဆိုးပါဘူး။ ချောင်နန်းတော်၊ ရွှဲ့နန်းတော်တွေထက် အများကြီး သာတယ်။ နုရှောင့်မြို့က ကျုပ်ရဲ့အိမ်ထက် အဆတစ်သောင်းလောက် ပိုကောင်းတယ်။”
ရင်ကွမ်းက ပြောလိုက်၏။ “ဒီလောက် ကောင်းမှတော့ ထွက်မသွားနဲ့တော့လေ။”
မင်းသားလျန် စိတ်လှုပ်ရှားသွားသည်။ ‘နောက်ဆုံးတော့ ရောက်လာပြီလား။ အပြောင်းအလဲကြီး တစ်ခု စတင်တော့မှာလား။’
သို့သော်ငြား သူ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “အရှင်ရင်ကွမ်း... ဘာလုပ်ချင်တာလဲ။”
ရင်ကွမ်းက ပြောလိုက်၏။ “မင်းသားလျန်နဲ့ အရှင် ရှမ့်လန်ကို ပြောပြဖို့ မေ့နေတာ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက ကြွင်းကျန်ရစ်သူတွေလို့ ပြောတဲ့ လူတစ်စု ချန်မြို့တော်ထဲ ဝင်ရောက်လာပြီး ဆိုးရွားတဲ့ ကိစ္စတွေ လုပ်မယ်လို့ ကြွေးကြော်နေကြတယ်။ အရှင် ရှမ့်လန်... ခင်ဗျားရဲ့ စေ့စပ်ထားသူ မင်းသမီး ရန်ယင်ယင်နဲ့ ခင်ဗျားရဲ့ လက်အောက်ငယ်သား ရာပေါင်းများစွာ လင်းနယ်စား အိမ်တော်ထဲမှာ ရှိနေသေးတယ် မဟုတ်လား။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဘာဖြစ်လို့လဲ။ သူက စေတီတောင် မင်းသမီးလေ။ ဘယ်သူကများ သူ့ကို ရန်ပြုရဲမှာလဲ။ ဂိုဏ်းချုပ်ရန်ရဲ့ ဒေါသကို မကြောက်ကြဘူးလား။”
ရင်ကွမ်းက အမိန့်ပေးလိုက်၏။ “အစောင့်တွေ... လင်းနယ်စား အိမ်တော်ကို သွားပြီး ကာကွယ်ပေး လိုက်ပါ။”
“ကောင်းပါပြီ၊” အဆင့်မြင့် အရာရှိ တစ်ဦးက ပြန်လည် ဖြေကြားလိုက်သည်။ ထို့နောက် သူသည် စစ်သည် ထောင်ချီ ဦးဆောင်ကာ လင်းနယ်စား အိမ်တော်ဘက်သို့ ထွက်ခွာသွားသည်။
ရင်ကွမ်းက ပြောလိုက်၏။ “အရှင် ရှမ့်လန်... နောက်မကျပါစေနဲ့လို့ မျှော်လင့်ပါတယ်။”
ထို့နောက် ရင်ကွမ်းသည် အင်္ကျီထဲမှ သဲနာရီ တစ်ခုကို ထုတ်ယူလိုက်သည်။ ရွှေရောင်သဲပွင့်များ အဆက်မပြတ် ကျဆင်းနေသည်။ ထို့နောက် သူ ရေတွက်လိုက်သည်။
“သုံး... နှစ်... တစ်... ”
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ”
ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လောကကြီးတစ်ခုလုံး တုန်ဟီးသွားစေသော ပေါက်ကွဲမှုများ ဖြစ်သည်။ နန်းတော်ထဲရှိ လူများပင် တုန်ခါမှုကို ခံစားလိုက်ရသည်။ ရှေးဟောင်း စွမ်းအင်ဗဟိုချက် ပေါက်ကွဲသွားပြီး လင်းနယ်စား အိမ်တော်ကို ပြာကျသွားစေခဲ့၏။
ရှမ့်လန်၏ မျက်နှာ ပျက်သွားပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားပြီး ရင်ကွမ်းကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။
‘ခင်ဗျား ရူးနေပြီလား။ ရူးနေပြီလား။ နိုင်ငံအသီးသီးက သံတမန်တွေ ရှေ့မှာ ရှမ့်လန်ရဲ့ အိမ်စခန်းကို ဖောက်ခွဲပစ်လိုက်တယ်ပေါ့။ အထဲမှာ သူ့ရဲ့ စေ့စပ်ထားသူ ရှိနေတယ်လေ။ နဂါးဓားကို တင်တောင်း လက်ဆောင်ပေးပြီး လက်ထပ်ထားတဲ့ စေ့စပ်ထားသူ။ အဲဒါ စေတီတောင်ဂိုဏ်းချုပ်ရဲ့ သမီးနော်။ အဲဒါကိုတောင် ဖောက်ခွဲပစ်ချင်သေးတာလား။ ရင်ကွမ်း... ခင်ဗျား လုံးဝ ရူးသွားပြီ။ နောက်ဆက်တွဲ အကျိုးဆက်တွေကို သိရဲ့လား။’
ရင်ကွမ်း ရှမ့်လန်ကို ကြည့်ပြီး ပြောလိုက်သည်။ “တော်ဝင်ချန်အင်ပါယာ ပလ္လင်က ထိုင်ချင်စရာ မကောင်းနေလို့လား။ အရှင် ရှမ့်လန်... နည်းနည်းလောက် ဆက်ထိုင်နေပါအုံး။ ဒီအထိ ရောက်လာဖို့ မလွယ်ပါဘူး။ ဘာလို့ ဆက်မနေတာလဲ။”
ရင်ကွမ်း လက်ဝှေ့ယမ်းလိုက်ရာ စစ်သည် သောင်းချီ ဒီရေလှိုင်းလုံးကြီးကဲ့သို့ ဝင်ရောက်လာပြီး နန်းတော် တစ်ခုလုံးနှင့် ရှမ့်လန် ခေါ်လာသော လူရာဂဏန်းကို ဝိုင်းထားလိုက်ကြ၏။
မင်းသားလျန် တုန်ယင်စွာ ပြောလိုက်သည်။ “ရင်ကွမ်း... ခင်ဗျား ရူးနေပြီလား။ ပုန်ကန်ချင်နေတာလား။”
......
“ရင်ကွမ်း... ခင်ဗျား ဘာလုပ်ချင်နေတာလဲ။” မင်းသားလျန်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ရင်ကွမ်းကမူ မင်းသားလျန်ကို လျစ်လျူရှုကာ အမိန့်ပေးလိုက်သည်။ “လာကြစမ်း။”
မိန်းမစိုးအချို့ ရှေ့သို့ တိုးဝင်လာကြပြီး ရင်ကွမ်းအား ဧကရာဇ်ဝတ်ရုံသစ်ကို ဆင်မြန်းပေးကြ၏။ ပုံမှန်အားဖြင့် ဘုရင်အဆင့်ရှိသူများမှာ ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ခွင့် မရှိပေ။ သို့သော်ငြား ရင်ကွမ်း ဝတ်ဆင်ထားသည့် ဝတ်ရုံမှာ နဂါးနက်ရွှေရောင် ရစ်ခွေနေပြီး ခမ်းနားထည်ဝါလွန်းလှသည့် အရှိန်အဝါတို့ လွှမ်းခြုံထားခဲ့၏။
ထိုဝတ်ရုံသည် ဧကရာဇ်ကျန်းလီ၏ ဝတ်ရုံနှင့် အဆင့်အတန်းချင်း တူညီနေသော်လည်း တော်ဝင်ရန်နိုင်ငံ၏ ဧကရာဇ်ဝတ်ရုံထက်မူ အနည်းငယ် နိမ့်ကျပေသည်။ နဂါး၏ လက်သည်းများမှာ အနည်းငယ် တိုတောင်းနေပြီး လက်သည်းတစ်ခု လိုအပ်နေခဲ့၏။ သို့သော်ငြား ဧကရာဇ်ဝတ်ရုံသည် ဧကရာဇ်ဝတ်ရုံသာ ဖြစ်ပြီး ပုန်ကန်ခြင်းသည် ပုန်ကန်ခြင်းသာ ဖြစ်သည်။ ထို့နောက် သူသည် သရဖူအသစ်ကို ဆောင်းကာ ဘုရင့်ဓားသစ်ကို ချိတ်ဆွဲလိုက်ပြန်သည်။
“ကျုပ်ကို နိုင်ငံတော် တံဆိပ်တုံး ပေးစမ်း။” ရင်ကွမ်းက ဟိန်းဟောက်လိုက်၏။
မိန်းမစိုးများက နိုင်ငံတော် တံဆိပ်တုံးကို ချက်ချင်း ယူဆောင်လာကြပြီး လေထဲသို့ မြှောက်တင်ပေး လိုက်ကြသည်။ “ဒါက ကျုပ်ရဲ့ နိုင်ငံတော် တံဆိပ်တုံးအသစ်ပဲ။”
ထိုတံဆိပ်တုံးကို ရှေးဟောင်း နဂါးနက်သလင်းကျောက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ယခင် ချန်မင်းဆက်၏ တံဆိပ်တုံးထက် အဆင့်အတန်း ပိုမိုမြင့်မားပုံ ရသည်။ ဤအချိန်၌ ရင်ကွမ်းသည် ဧကရာဇ်ဝတ်ရုံသစ်၊ သရဖူသစ်ကို ဝတ်ဆင်ထားပြီး နဂါးသလင်းကျောက် တံဆိပ်တုံးကို ကိုင်ဆောင်ကာ လှေကားထစ်များ ပေါ်တွင် မာန်ဝင့်ကြွားကာဖြင့် ရပ်တန့်နေခဲ့၏။ လူတိုင်းမှာ သူ၏ အရှိန်အဝါကြောင့် ကြက်သေ သေသွားခဲ့ကြရ၏။
ရင်ကွမ်းသည် ရှမ့်လန်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် မင်းသားလျန်ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။ “ခင်ဗျားတို့က ကျုပ်ကို ထီးနန်းစွန့်ဖို့ ဖိအားပေးခဲ့တယ် မဟုတ်လား။ ချန်မင်းဆက်ရဲ့ ထီးနန်းကို ကျန်းမျိုးနွယ်စုဆီ ပြန်ပေးဖို့ ဖိအားပေးခဲ့ကြတယ်။ ကောင်းပြီ။ ကျုပ် ပြန်ပေးလိုက်မယ်။”
“အခုအချိန်ကစပြီး ကျုပ်ရဲ့အင်ပါယာကို တော်ဝင်ရင်အင်ပါယာဟု ခေါ်တွင်စေမယ်။ ကျုပ် ရင်ကွမ်းက တော်ဝင်ရင်အင်ပါယာ၏ ပထမဆုံးသော ဧကရာဇ်ပဲ။ အခုအချိန်ကစပြီး ရင်မျိုးနွယ်စုက ကျန်းမျိုးနွယ်စုရဲ့ နောက်လိုက်ခွေးတွေ မဟုတ်တော့သလို ကျန်းမျိုးနွယ်စုကို သစ္စာဖောက်သူတွေလည်း မဟုတ်တော့ဘူး။”
ရင်ကွမ်းသည် စုနန်ထံသို့ လျှောက်လှမ်းသွားပြီး ချန်မင်းဆက်၏ နိုင်ငံတော် တံဆိပ်တုံးကို လုယူလိုက် သည်။ သူသည် ထိုတံဆိပ်တုံးကို မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်ပြီး အေးစက်စွာ ပြုံးကာ ပြောဆိုလိုက်၏။
“ရှမ့်လန်... မင်း လိုချင်နေတဲ့ ချန်မင်းဆက်ရဲ့ ထီးနန်းကို ယူသွားလိုက်တော့။ ဒီအချိန်ကစပြီး ရင်မျိုးနွယ်စုက လွတ်လပ်သော မျိုးနွယ်စု ဖြစ်သွားပြီ။ ကျုပ်ရဲ့ တော်ဝင်ရင်အင်ပါယာကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်တယ်။”
ထိုစကားဆုံးသည်နှင့် ထောင်ချီသော မှူးမတ်တို့သည် ဒူးထောက်ချလိုက်ကြသည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”
ရှမ့်လန်က မထီမဲ့မြင် ပြုံးကာ တုန့်ပြန်လိုက်သည်။ “ရင်ကွမ်း... ခင်ဗျား ဘုရင်လုပ်မယ်ဆိုတာကို မပြောနဲ့အုံး။ ဧကရာဇ် လုပ်ချင်တယ် ဆိုရင်တောင် ကျုပ် ကန့်ကွက်မှာ မဟုတ်ဘူး။ ခင်ဗျားကိုယ် ခင်ဗျား မဟာအောင်ပွဲခံ ဧကရာဇ်လို့ ခေါ်ချင်ရင်တောင် သဘောပဲ။ ဒါပေမဲ့ တော်ဝင်ချန်နန်းတော်နဲ့ ချန်မြို့တော် မှာတော့ လာမလုပ်နဲ့။ ဒီနန်းတော်နဲ့ ဒီမြို့တော်က ကျုပ်ရဲ့ ကျန်းမျိုးနွယ်စု ပိုင်ဆိုင်တာ ဖြစ်တယ်။”
“ဟုတ်လို့လား။” ရင်ကွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် ရှမ့်လန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။
စုနန်၊ ချောင်ယောင်းအာနှင့် အခြားသူများက ရှမ့်လန်ကို ကာကွယ်ရန် အလျင်အမြန် ပြေးဝင်လာကြသည်။
“သွားစမ်း။” ရင်ကွမ်းက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်လွန်းသည့် စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ မျက်စိတစ်မှိတ် အတွင်းမှာပဲ စုနန်နှင့် ချောင်ယောင်းအာ အပါအဝင် လူအားလုံး လွင့်စင်ထွက်သွားခဲ့ကြရသည်။ ရင်ကွမ်းသည် ကြက်ကလေး တစ်ကောင်ကို ဖမ်းဆုပ်လိုက်သကဲ့သို့ ရှမ့်လန်ကို ရုတ်တရက် ဖမ်းဆုပ်ကာ မြှောက်တင်လိုက်၏။
“ရှမ့်လန်... တော်ဝင်ချန်နန်းတော်က မင်းပိုင်တာ ဟုတ်လား။ ဒီချန်မြို့တော်က မင်းပိုင်တာတဲ့လား။”
ရင်ကွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။ “အိပ်မက် မက်နေလိုက်...”
တော်ဝင်ရန် အင်ပါယာမှ မင်းသားလျန်က အေးစက်စွာ ဝင်ရောက်ပြောဆိုလိုက်၏။ “ရင်ကွမ်း... အရှင်ရှမ့်လန်ကို အောက်ချပေးလိုက်စမ်း။ ခင်ဗျားက တော်ဝင်ရန် အင်ပါယာကို လုံးဝ ရန်စချင်နေတာလား။”
ရှမ့်လန်က အသံကုန် အော်ဟစ်လိုက်သည်။ “ဂိုဏ်းချုပ်ရန်... ခင်ဗျား ဒီတိုင်းပဲ ရပ်ကြည့်နေတော့မှာလား။ ကျုပ်က ခင်ဗျားရဲ့ သားမက်နော်။ ခုဏကပဲ ရင်ကွမ်းက လင်းနယ်စား အိမ်တော်တစ်ခုလုံးကို မြေလှန်ပစ် လိုက်ပြီ။ ခင်ဗျားသမီး ရန်ယင်ယင်လည်း အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပြီ။ ခင်ဗျား ဘာမှမဖြစ်သလို နေနိုင်သေးတာလား။”
“ကျုပ်က ဘာလို့ ဘာမှမဖြစ်သလို နေရမှာလဲ။”
လူကို မမြင်ရသေးမီ အသံကို ကြားလိုက်ရပေသည်။ စေတီတောင် ဂိုဏ်းချုပ်ရန်သည် ဖြည်းညင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့၏။ ဤအချိန်၌ ဂိုဏ်းချုပ်ရန် သည်လည်း နဂါးနက်ရွှေရောင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ သူသည် လူတိုင်း၏ ရှေ့မှောက်သို့ ခမ်းနားစွာ ထွက်ပေါ်လာပြီး ရှမ့်လန်၏ နဂါးဓားကိုလည်း လက်ထဲတွင် ကိုင်ဆောင်ထား၏။
“အရှင်ရှမ့်လန်... သတို့သမီး ဓားလက်ဖွဲ့အတွက် ကျေးဇူးတင်ပါတယ်။” ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။
ရှမ့်လန်က တုန့်ပြန်လိုက်၏။ “ယောက္ခမကြီး... ရပါတယ်။ စေတီတောင်နဲ့ ကျုပ်က လက်ထပ် ထိမ်းမြားခြင်းအားဖြင့် ပတ်သက်ဆက်နွယ်နေပြီး ခွဲခြားလို့ မရပါဘူး။ ဒါပေမဲ့ ဒီကောင်စုတ် ရင်ကွမ်းက လင်းနယ်စား အိမ်တော်ကို မြေလှန်ပစ်ပြီး ရန်ယင်ယင်ကို သတ်ပစ်လိုက်တယ်။ အကြွေးကို အကြွေးနဲ့ ပြန်ဆပ်ရမယ်။”
ဂိုဏ်းချုပ်ရန်က မထီမဲ့မြင် ပြုံးကာ ပြောဆိုလိုက်သည်။ “မလိုပါဘူး။ ကျုပ်သမီး သေသွားပြီဆိုလည်း သေပါစေတော့။ သူက သေပျော်ပါတယ်။”
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ရသည်။ ရန်ယင်ယင်သည် ဂိုဏ်းချုပ်ရန်၏ တစ်ဦးတည်းသော သမီး ဖြစ်သည် မဟုတ်ပါလား။
ဂိုဏ်းချုပ်ရန်က ရှမ့်လန်ကို စိုက်ကြည့်ကာ အသံနိမ့်ဖြင့် ရယ်မောလိုက်သည်။ “ကျုပ် အရင်တည်းက ပြောပြီးသားပဲ။ ကျုပ်ကို သစ္စာဖောက်တဲ့ အချိန်ကစပြီး သူက ကျုပ်သမီး မဟုတ်တော့ဘူး။ ပြီးတော့ မင်းကို ပြောပြဖို့ ကျုပ် ဝန်မလေးပါဘူး။ ကျုပ် သူ့ရဲ့ အသိစိတ်နဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ခဲ့တာ ကြာပြီ။ သူက သူ့အမေလိုပဲ လမ်းလျှောက်အလောင်းကောင် တစ်ကောင်ပါပဲ။ မင်း မသိဘူးလား။”
ထိုစကားကြောင့် ရှမ့်လန်၏ မျက်နှာမှာ ရှုံ့မဲ့သွားခဲ့ရ၏။ “ဒါဆို သူ့ခန္ဓာကိုယ်ထဲမှာ လောကနံပါတ်တစ် ကူပိုးကောင်ကို မွေးမြူထားဆဲပဲ။ သူ သေသွားတာကို ခင်ဗျား ကြည့်ရက်သလား။”
“မကြည့်ရက်ပါဘူး။”
ဂိုဏ်းချုပ်ရန်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ မင်း သူ့ကို လွှဲပြောင်းပေးလိုက်ပြီ မဟုတ်လား။ စေ့စပ်ပွဲ ပြီးလို့ ၁၅ မိနစ်တောင် မကြာသေးဘူး၊ မင်း သူ့ကို နုရှောင့်မြို့ဆီ ပို့လိုက်တယ်လေ။”
ရှမ့်လန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားခဲ့၏။
“ဟုတ်တယ်။ မင်း ထင်တာ မှန်ပါတယ်။ ကျုပ် လူလွှတ်ပြီး ကြားဖြတ် ဖမ်းဆီးခိုင်းလိုက်ပြီ။ ဒီအချိန်လောက်ဆို ရန်ယင်ယင်ကို ပြန်ဖမ်းမိလောက်ရောပေါ့။ သူ့ခန္ဓာကိုယ်ထဲမှာ လောကနံပါတ်တစ် ကူပိုးကောင် ရှိနေတာ၊ ကျုပ်လက်ထဲကနေ အလွတ်ပေးခံလို့ ဘယ်ဖြစ်မလဲ။ သူက အလောင်းကောင် ဖြစ်နေရင်တောင် ကျုပ်စေတီတောင်ရဲ့ အလောင်းကောင်ပဲ ဖြစ်ရမယ်။ နဂါးဓားအတွက် ကျေးဇူးပါပဲ။ မင်းက ကျုပ်သားမက် ဖြစ်ချင်တယ်ဆိုတော့လည်း မင်းဆန္ဒ ပြည့်ဝသွားပြီပေါ့။”
ရှမ့်လန်၏ ခန္ဓာကိုယ်မှာ မရပ်မနား တုန်ယင်နေခဲ့သည်။ “ခင်ဗျား တော်တော် ရက်စက်တာပဲ။”
ဂိုဏ်းချုပ်ရန်သည် မင်းသားလျန်၏ ရှေ့သို့ ရောက်ရှိလာပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ “ရှေးဟောင်း လောကမှာ ကျိမျိုးနွယ်နဲ့ ကျန်းမျိုးနွယ်တွေက အမြင့်မြတ်ဆုံး မျိုးနွယ်တွေ ဖြစ်ပေမဲ့ ကျုပ်ရဲ့ ရန်မျိုးနွယ်စု ကလည်း ရှေးဟောင်းအင်ပါယာ အရှင်ကျိ ခန့်အပ်ခဲ့တဲ့ ဘုရင်တစ်ဆယ့်နှစ်ပါးထဲက တစ်ပါး မဟုတ်ဘူးလား။”
မင်းသားလျန်က ပြန်ဖြေလိုက်သည်။ “မှန်ပါတယ်။”
ဂိုဏ်းချုပ်ရန်က ကြွေးကြော်လိုက်၏။ “ဒီနေ့ကစပြီး စေတီတောင် ဆိုတာ မရှိတော့ဘူး။ ကျုပ်ရဲ့ စေတီတောင်က ရင်မျိုးနွယ်စုရဲ့ ရင်အင်ပါယာနဲ့ ပူးပေါင်းလိုက်ပြီ။ ဒီအချိန်ကစပြီး နုရှောင့်မြို့၊ တောင်ပင်လယ်ဒေသ၊ တောင်ဘက်ကျွန်းစုတွေနှင့် ကျောက်မဲရဲတိုက် အားလုံးက တော်ဝင်ရင်အင်ပါယာ၏ ပိုင်နက်များ ဖြစ်လာတော့မယ်။”
အပိုင်း (၁၁၃၀)
မကြာမီတွင် အရပ်ရှည်သော လူတစ်ယောက် ဝင်ရောက်လာခဲ့၏။ “ကျုပ်က ချင်ဘုရင် အာယုကျန့်ပါ။ ဒီနေ့ကစပြီး ချင်နိုင်ငံကလည်း တော်ဝင်ရင်အင်ပါယာရဲ့ လက်အောက်ခံ ဖြစ်လာပါပြီ။”
သန်မာသော စစ်သည်တော်က ဒူးထောက်လိုက်သည်။
အာယုကျန့်... ရှမ့်လန် ထိုအမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ ထီးနန်းရပြီးနောက် အမည်ပြောင်းလိုက်သည့် ချင်နိုင်ငံမှ လူမျိုးစု ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်၏။ ထိုလူကို ကြည့်ရသည်မှာ မျက်နှာထား ဆိုးရွားပြီး သွေးကြောများ ဖောင်းကြွနေ၏။
သာမန် မဟုတ်သော စစ်သည်တော်တစ်ဦး ဖြစ်ကြောင်း သိသာလွန်းလှ၏။ သူ၏ သွေးမျိုးဆက်ကို စေတီတောင်မှ ပြုပြင်ပြောင်းလဲထားသည်မှာ ထင်ရှားနေ၏။ ထို့ကြောင့်ပင် သူ၏ သိုင်းပညာမှာ အလွန်အမင်း သန်မာနေခြင်း ဖြစ်ပေလိမ့်မည်။
“မြေပုံ ဖွင့်စမ်း။”
ရင်ကွမ်းက အော်ဟစ်လိုက်သည်။ ကြီးမားသော မြေပုံတစ်ခု လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့၏။ “ဒါက ကျုပ်ရဲ့ တော်ရင်အင်ပါယာ ပိုင်နက်ပဲ။ အားလုံး သေချာ ကြည့်ထားကြ...”
ထိုပိုင်နက်မှာ ကြီးမားကျယ်ပြန့်လွန်းလှသည်။ ချန်နိုင်ငံသစ်သည် တော်ဝင်ချန်အင်ပါယာလောက် မကြီးမား သော်လည်း စတုရန်းကီလိုမီတာ တစ်သန်းကျော် ရှိသည်။ ယခုအခါ ချင်နိုင်ငံ၊ တောင်ပင်လယ်၊ ကျောက်မဲရဲတိုက်၊ နုရှောင့်မြို့နှင့် စေတီတောင် ပိုင်နက်များ ပေါင်းစပ်လိုက်သည့်အခါ နယ်မြေမှာ နှစ်ဆနီးပါး ကျယ်ပြန့်လာခဲ့၏။ မြေပုံကိုကြည့်လိုက်ရုံဖြင့် စတုရန်းကီလိုမီတာ သုံးသန်းနီးပါး ရှိနေသည်ကို တွေ့မြင်ရပေသည်။
လူတိုင်းမှာ မြင်ကွင်းကြောင့် ကြက်သေ သေနေခဲ့ကြရသည်။ ရင်ကွမ်း ထီးနန်းစွန့်လွှတ်လိုက်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ပိုမို အင်အားကြီးမားပြီး အာဏာစက် ပြင်းထန်သော တော်ဝင်ရင်အင်ပါယာကို တည်ထောင်လိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
မင်းသားလျန်မှာ အရာအားလုံးကို ကြည့်ရင်း တုန်လှုပ်နေခဲ့ရသည်။ ဤသည်မှာ သံတမန်ရေးရာ ပြဿနာကြီး ဖြစ်ပြီး သူ တာဝန်ယူနေချိန်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။ သူ တာဝန်ကြီးကြီးမားမား ယူရပေတော့မည်။
“ဂိုဏ်းချုပ်ရန်... ဘာကြောင့်လဲ။ ဘာသဘောလဲ။”
မင်းသားလျန် ယုံပင် မယုံနိုင် ဖြစ်နေရသည်။ အကြောင်းပြချက် လုံးဝ မရှိပေ။ ရင်ဝူမင် သေဆုံးသွားပြီ ဖြစ်ရာ ရင်ကွမ်း၌ ဆက်ခံသူ မရှိတော့ချေ။ အင်အားကြီးမားသော တော်ဝင်ရန်အင်ပါယာကို ရင်ဆိုင်ပြီး စေတီတောင်က အဘယ်ကြောင့် ရင်ကွမ်းကို ဆက်လက် ထောက်ခံနေရသနည်း။ ယခင်က စေတီတောင်နှင့် ချန်နိုင်ငံသစ်တို့ မဟာမိတ် ပြုခဲ့ကြသည်။ ယခုမူ လုံးဝ ပူးပေါင်းသွားကြပြီး တစ်သားတည်း ဖြစ်သွားခဲ့ကြသည်။
အဘယ်ကြောင့်နည်း။
ဂိုဏ်းချုပ်ရန်က မထီမဲ့မြင် ပြုံးကာ အသံနိမ့်ဖြင့် ပြောလိုက်၏။ “ရှမ့်လန်... မင်းရဲ့ ပေါက်ကရ ဉာဏ်ဆင်မှုတွေနဲ့ ကျုပ်နဲ့ ရင်ကွမ်းကြား သွေးခွဲလို့ ရမယ် ထင်နေသလား။ ရင်ကွမ်းက ကျန်းမျိုးနွယ်စု မွေးစားခဲ့တဲ့ စွန့်ပစ်ခံကလေးတစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ မူရင်း မျိုးရိုးအမည်က ဘာလဲဆိုတာ မင်းသိလား။”
ရှမ့်လန်က တီးတိုး ရေရွတ်လိုက်မိသည်။ “ရန် လား။”
“ဂုဏ်ယူပါတယ်။ မင်း အဖြေမှန် ရသွားပြီ။” ဂိုဏ်းချုပ်ရန်က ပြန်လည်ဖြေကြားလိုက်သည်။
မင်းသားလျန် ခန္ဓာကိုယ် တုန်ယင်သွားခဲ့ရ၏။ ဤသည်မှာ လောကကို တုန်လှုပ်သွားစေနိုင်သည့် လျှို့ဝှက်ချက်ကြီး ဖြစ်ပေသည်။ ရင်ကွမ်း၏ မျိုးရိုးအမည်မှာ ရန် ဖြစ်နေသည်လား။
ဂိုဏ်းချုပ်ရန်က ဆက်ပြောလိုက်သည်။ “ရင်ကွမ်းရဲ့ သွေးမျိုးဆက်က ဒီလောက် အစွမ်းထက်နေတာ တိုက်ဆိုင်မှုလို့ မင်းထင်သလား။ သူ ကျန်းမျိုးနွယ်စုဆီ ရောက်လာတာရော တိုက်ဆိုင်မှုတဲ့လား။ ကျုပ်တို့က မျိုးနွယ်တူမို့လို့ စေတီတောင်နဲ့ ရင်မျိုးနွယ် ပူးပေါင်းလိုက်တာ ဘာဆန်းသလဲ။”
ရှမ့်လန်မှာ အတိတ်ကို ပြန်လည် တွေးတောမိလိုက်သည်။ ရွှယ်မျိုးနွယ်မှ ရွှယ်ရွှယ်သည် ငယ်စဉ်က မိဘမဲ့အဖြစ် ဟန်ဆောင်ကာ ဓားဘုရင် လီချင်းချိုးတို့ ဇနီးမောင်နှံထံ ရောက်ရှိလာခဲ့၏။ သူတို့က ရွှယ်ရွှယ်ကို သမီးရင်းပမာ စောင့်ရှောက်ခဲ့ရုံမက ဓားကျွန်းကိုပါ အမွေပေးရန် ရည်ရွယ်ခဲ့ကြသည်။ နောက်ဆုံး၌ ရွှယ်ရွှယ် ၁၂ နှစ်အရွယ်တွင် မွေးစားမိခင်ကို အဆိပ်ခတ်ကာ ဓားသိုင်းစာအုပ်ကို ခိုးယူသွားခဲ့၏။
ထိုအဖြစ်အပျက်က ရှမ့်လန်ကို အတိတ်က အဖြစ်အပျက်တစ်ခုအား သတိရသွားစေခဲ့၏။ ဥသြငှက်သည် အခြားငှက်သိုက်ထဲတွင် ဥအုတတ်ပြီး ကိုယ်တိုင် ဥဝပ်ခြင်း၊ သားပေါက်ခြင်း မပြုလုပ်ပေ။ အခြားငှက်သိုက်ထဲတွင် ဥသြကလေး ပေါက်ဖွားလာသောအခါ ထိုအကောင်ပေါက်လေးက အခြား ငှက်ဥများ နှင့် ငှက်ကလေးများကို အသိုက်အပြင်သို့ တွန်းထုတ်ပစ်ပြီး မွေးစားမိဘများ၏ ပြုစုမှုကို တစ်ဦးတည်း ခံယူတတ်သည်။
ရွှယ်မျိုးနွယ်စုသည်တောင်မှ စေတီတောင်၏ လက်ပါးစေ ဖြစ်နေမှတော့ ရန်မျိုးနွယ်စုသည် ထိုကဲ့သို့ ယုတ်မာသော ကိစ္စများကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်တတ်ပုံ ရပေသည်။ ဤသည်မှာ ခိုက တစ်ပါးသူ၏ အသိုက်ကို လုယူခြင်း စစ်စစ်ဖြစ်ပြီး လူတိုင်းကို အံ့အားသင့်စေ၏။
ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တူညီသော လှောင်ပြုံးများဖြင့် ရှမ့်လန်ကို ကြည့်လိုက်ကြသည်။
“ရှမ့်လန်... ရင်ကွမ်းကို မွေးစားခဲ့တဲ့ မင်းအဘိုးကို ကျေးဇူးတင်ရမယ်။ ရင်ကွမ်းတို့ သားအဖကို အစွမ်းကုန် ပျိုးထောင်ပေးခဲ့တဲ့ မင်းရဲ့ ကျန်းမျိုးနွယ်စုကို ကျေးဇူးတင်ပါတယ်။ တော်ဝင်ချန်အင်ပါယာကို ကျုပ်ရဲ့ ရန်မျိုးနွယ်စုလက်ထဲ ထည့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။” ဂိုဏ်းချုပ်ရန်က အသံနိမ့်ဖြင့် ပြောလိုက်၏။
အလွန်ပင် အံ့ဩစရာ ကောင်းလှပေ၏။ ဤဂိုဏ်းချုပ်ရန်သည် ရှမ့်လန်၏ လောကအမြင်ကို အကြိမ်ကြိမ် ဆန်းသစ်ပေးနိုင်သူ ဖြစ်၏။ လောကတွင် ဤမျှ ယုတ်မာပြီး ဤမျှ စစ်မှန်သော လူစားမျိုး ရှိနေသေးသည်ကိုး။ မနာလိုစိတ်ကြောင့် ကိုယ့်ဇနီးသည်ကို အလောင်းကောင်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ကိုယ့်သမီးရင်းကို ကူပိုးကောင် မွေးမြူရာတွင် အသုံးပြုခဲ့ပြီး အသိစိတ်များ ဖျက်ဆီးကာ လမ်းလျှောက် အလောင်းကောင် ဖြစ်စေခဲ့သည်။
ရှမ့်လန်က အေးစက်စွာ ပြောလိုက်၏။ “ခင်ဗျားတို့ ရန်မျိုးနွယ်က ကလေးတစ်ယောက်တည်းကို လွှတ်ပစ်ခဲ့တာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ရင်ကွမ်းက အအောင်မြင်ဆုံး ဖြစ်လာခဲ့တာပဲ။ ဒါကြောင့်လည်း ခင်ဗျားမှာ သားမရှိတာ ဖြစ်မယ်။ ဒါက ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ပဲ။”
မင်းသားလျန်က လက်ခုပ်တီးလိုက်သည်။ “ကောင်းတယ်။ သိပ်ကောင်းတဲ့ အကွက်ပဲ။ ရန်မျိုးနွယ်စုက ရှေးခေတ်တုန်းက ကျုပ်တို့ ကျိမျိုးနွယ် ခန့်အပ်ခဲ့တဲ့ ဘုရင် ၁၂ ပါးထဲမှာ ပါဝင်ခဲ့ပေမဲ့ ခင်ဗျားတို့ရဲ့ ခြေလှမ်းတွေကိုတော့ ကျုပ် အံ့သြမိပါရဲ့။ သဘာဝလွန် အင်အားစုရော၊ လောကီ အာဏာစက်ရော နှစ်ခုစလုံးကို လက်မလွှတ်ဘဲ ဆုပ်ကိုင်ထားတာပဲ။”
ဂိုဏ်းချုပ်ရန်က မထီမဲ့မြင် ပြုံးလိုက်၏။ “မင်းသားလျန်... ခင်ဗျားတို့ ကျိမျိုးနွယ်စုကရော ဘယ်လောက်များ သာလွန်နေလို့လဲ။ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်ရဲ့ မျိုးရိုးအမည်က ဘာလဲ။ ကျိ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကောင်းကင်ပြစ်ဒဏ်နန်းဆောင်ရဲ့ မျိုးရိုးအမည်က ဘာလဲဆိုတာ လူတိုင်း သိကြပါတယ်။”
မင်းသားလျန်က ဆက်ပြောလိုက်သည်။ “ရင်ကွမ်း... ခင်ဗျား သိလား။ မင်း တော်ဝင်ချန် ထီးနန်းကို လွှဲပေးလိုက်ရင်တောင် တော်ဝင်ရန်အင်ပါယာက ခင်ဗျားကို ရင်ဘုရင်ဘွဲ့ ပေးသနားမှာပဲ။ အခုတော့ ခင်ဗျားကိုယ်ခင်ဗျား လမ်းပိတ်လိုက်တာပဲ။”
ရှမ့်လန်က ဝင်ပြောလိုက်၏။ “ရင်ကွမ်း... ကျုပ် အရင်ပြောသလိုပဲ ပြောမယ်။ ခင်ဗျား တော်ဝင်ရင်အင်ပါယာ တည်ထောင်တာကို ကျုပ် မကန့်ကွက်ဘူး။ ဒါပေမဲ့ ကျုပ်မြေပေါ်မှာ မလုပ်နဲ့။ တော်ဝင်ချန်နန်းတော်က ကျုပ်ဟာ။ ချန်မြို့တော်လည်း ကျုပ်ဟာပဲ။ ချန်နိုင်ငံတစ်ခုလုံးက ကျန်းမျိုးနွယ်စု ပိုင်ဆိုင်တာ။ ချင်လူရိုင်းနိုင်ငံက အာယုနာနာ ပိုင်တာ။ ခင်ဗျားနဲ့ ဂိုဏ်းချုပ်ရန်က တော်ဝင်ရင်အင်ပါယာ တည်ထောင်ချင်ရင် ကိုယ့်နယ်မြေမှာ သွားလုပ်ကြ။ စေတီတောင်မှာ သွားလုပ်ကြ။ ကျုပ်ရဲ့ တော်ဝင်ချန် နန်းတော်နဲ့ ချန်မြို့တော်ထဲကနေ ချက်ချင်း ထွက်သွား။”
ထို့နောက် ရှမ့်လန်က မင်းသားလျန်ကို လှည့်ပြောလိုက်သည်။ “မင်းသားလျန်နဲ့ သံတမန်အားလုံး ဒီမှာ ရှိနေကြတာပဲ။ ရင်ကွမ်းကို ကျုပ်မြို့တော်ထဲက မောင်းထုတ်ဖို့ သက်သေ လိုက်ပေးကြပါ။”
“ဟား ဟား ဟား...”
ရင်ကွမ်းက ရယ်မောလိုက်၏။ “ရှမ့်လန်... မင်းပြောတာ မှန်ပါတယ်။ တော်ဝင်ချန်နန်းတော်က တစ်ချိန်တုန်းက မင်းတို့ ကျန်းမျိုးနွယ်စု ပိုင်ခဲ့တာပါ။ ဒါပေမဲ့ မင်းတို့ လက်လွှတ် လိုက်ရပြီလေ။ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ ရှေးခေတ်တုန်းကလည်း မင်းတို့ ကျန်းမျိုးနွယ်စု ထီးနန်းလက်လွှတ်ခဲ့ရပြီး ကျိမျိုးနွယ်စုဆီ ပေးခဲ့ရဖူးတာပဲ။ ဒီနန်းတော်က မင်းပိုင်တယ်လို့ ပြောနေမယ့်အစား မှူးမတ်တွေကို မေးကြည့်လိုက်ပါလား။ သူတို့ ဆန္ဒရှိရဲ့လားလို့။”
ရင်ကွမ်းက မှူးမတ်များကို လှည့်ပြောလိုက်သည်။ “မင်းတို့အားလုံးက တော်ဝင်ချန်ရဲ့ မှူးမတ်ဟောင်းတွေပဲ။ ဒီရှမ့်လန်ကို အလုပ်အကျွေး ပြုချင်ကြသလား။ သူ့ကို နန်းတော်ပိုင်ရှင် ဖြစ်ခွင့် ပေးမလား။”
“မပေးနိုင်ပါဘူး။ ကျုပ်တို့က ရင်မျိုးနွယ်ကိုပဲ သစ္စာရှိပါတယ်၊ ကျန်းမျိုးနွယ်ကို သစ္စာမရှိပါဘူး။ အရှင်မင်းကြီး ရင်ကွမ်း သက်တော်ရာကျော် ရှည်ပါစေ။”
ထို့နောက် ချန်နိုင်ငံသစ်၏ ဝန်ကြီးချုပ်ဟောင်းက ရှမ့်လန်ထံ လျှောက်လာပြီး ဝတ်ရုံကို ချွတ်ကာ ရှမ့်လန်ရှေ့သို့ ပစ်ချလိုက်၏။ “အရှင်မင်းကြီး ရှမ့်လန်... ကျုပ်က ကျန်းမျိုးနွယ်စုရဲ့ မှူးမတ် မလုပ်ချင်တော့ပါဘူး။ ချန်နိုင်ငံရဲ့ မှူးမတ်လည်း မလုပ်ချင်တော့ပါဘူး။”
ထို့နောက် လန်ရှစ်က ရှမ့်လန်ထံ လျှောက်လာပြီး ဝတ်ရုံကို ချွတ်ကာ ပစ်ချလိုက်ပြန်သည်။ “လန်ဖုန်းနဲ့ လန်တိုက ခင်ဗျားလူတွေမှန်း ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်ကတော့ ကျန်းမျိုးနွယ်စုရဲ့ မှူးမတ် မလုပ်ချင်တော့ဘူး။ ကျုပ်က ရင်မျိုးနွယ်စုကိုပဲ သစ္စာရှိပါတယ်။”
ထို့နောက် ထောင်ချီသော မှူးမတ်များ အားလုံး ရှမ့်လန်ရှေ့သို့ ရောက်လာကြပြီး ဝတ်ရုံများကို ချွတ်ကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်ကြသည်။ အချို့က တံတွေးပင် ထွေးလိုက်ကြသေးသည်။
‘ကျုပ်တို့က ကျန်းမျိုးနွယ်စုရဲ့ မှူးမတ် မလုပ်ချင်ဘူး။ ကျုပ်တို့က တော်ဝင်ချန်နိုင်ငံရဲ့ မှူးမတ်လည်း မလုပ်ချင်ဘူး။ ရှမ့်လန်... မင်းဘာသာမင်း ကစားနေလိုက်တော့။’
ထို့နောက် မှူးမတ်ထောင်ပေါင်းများစွာသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ အော်ဟစ်လိုက်ကြ၏။ “အရှင်မင်းကြီး ရင်ကွမ်း သက်တော်ရာကျော် ရှည်ပါစေ။”
ထို့နောက် မိန်းမစိုး ထောင်ပေါင်းများစွာ တန်းစီဝင်ရောက်လာကြပြီး ဝတ်ရုံသစ်များနှင့် ဦးထုပ်များကို ကိုင်ဆောင်ထားကြ၏။ မှူးမတ်အားလုံးသည် ဝတ်စုံလဲလှယ်လိုက်ကြပြီး ချန်နိုင်ငံသစ်၏ မှူးမတ်အဖြစ်မှ ရင်အင်ပါယာ၏ မှူးမတ်များအဖြစ်သို့ ချက်ချင်း ကူးပြောင်းသွားခဲ့ကြသည်။
ရှမ့်လန်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ သူက ရင်ကွမ်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒါတွေက ခင်ဗျားမွေးထားတဲ့ ခွေးတွေပဲ။ သူတို့က အရှက်မရှိတဲ့ ပုန်ကန်သူတွေ၊ သစ္စာဖောက်တွေ ဖြစ်နေပြီ။ သူတို့မှာ ပြည်သူတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခွင့် မရှိဘူး။ ဟုတ်တယ် မဟုတ်လား မင်းသားလျန်။”
မင်းသားလျန်က ရှမ့်လန်ကို အလျင်အမြန် ကြည့်လိုက်သည်။ အပြောင်းအလဲများ ရှိလိမ့်မည်ဟု သူ ခန့်မှန်းထားသော်လည်း ဤမျှကြီးမားသော အပြောင်းအလဲ ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “မင်းသားလျန်... ကျုပ်ပြောတာ မှန်တယ်မလား။ ချန်နိုင်ငံသစ်ရဲ့ ပြည်သူ သန်းပေါင်းများစွာကသာလျှင် တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခွင့် ရှိတယ်။ အခု သံတမန်တွေ အကုန် ရောက်နေကြပြီ ဆိုတော့ ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပကြတာပေါ့။”
‘ပြည်သူ့ဆန္ဒ ခံယူပွဲ ဟုတ်လား။ ဘာတွေ ပြောနေတာလဲ။’
“အမိန့်ပြန်တမ်း သုံးစောင်အရ ကျုပ်က တော်ဝင်ချန်နိုင်ငံရဲ့ ဘုရင် ဖြစ်နေပြီ။ ရင်ကွမ်းကလည်း ထီးနန်း စွန့်လွှတ်ပြီးပြီ။ ဒါပေမဲ့ သူက ရင်အင်ပါယာကို တည်ထောင်လိုက်တယ်။ ဒါဆိုရင် ချန်နိုင်ငံသစ်ရဲ့ ပိုင်နက်နယ်မြေက ဘယ်သူ့ လက်အောက် ရောက်သင့်သလဲ။ တော်ဝင်ချန်နိုင်ငံလား၊ ရင်အင်ပါယာလား။ ပြည်သူတွေကို ဆုံးဖြတ်ခိုင်းသင့်တယ်လို့ ကျုပ် ထင်တယ်။ တကယ်လို့ သူတို့က ရင်အင်ပါယာကို ရွေးချယ်ရင် ရင်အင်ပါယာပိုင်ပေါ့။ တော်ဝင်ချန်နိုင်ငံကို ရွေးချယ်ရင် တော်ဝင်ချန်နိုင်ငံ ပိုင်တာပေါ့။
မင်းသားလျန်နဲ့ သံတမန်တွေ အားလုံး ရှိနေကြတဲ့အတွက် ခင်ဗျားတို့က ဒိုင်လူကြီး လုပ်ပေးကြပါ။ တကယ်လို့ ရင်ကွမ်း နိုင်သွားရင် ကျုပ် ရှုံးနိမ့်မှုကို လက်ခံပြီး ချန်နိုင်ငံသစ်ရဲ့ နယ်မြေအားလုံးကို ရင်မျိုးနွယ်စု လက်ထဲ အပြီးအပိုင် ပေးအပ်လိုက်မယ်။ ဒါပေမဲ့ ကျုပ်သာ နိုင်ခဲ့ရင် ရင်ကွမ်းက သူ့ရဲ့ နောက်လိုက်ခွေးတွေကို ခေါ်ပြီး တော်ဝင်ချန်နန်းတော်ထဲကနေ၊ ချန်နိုင်ငံသစ် နယ်မြေထဲကနေ ထွက်သွားပေးရမယ်။
ချန်နိုင်ငံသစ်ရဲ့ ပြည်သူသန်းပေါင်းများစွာက ကျန်းမျိုးနွယ်စုကို တောင့်တနေကြမယ်လို့ ကျုပ် ယုံကြည်တယ်။ ရင်မျိုးနွယ်စုကတော့ ထာဝရ သစ္စာဖောက်တွေပဲ။”
ထိုစကား ထွက်လာသည်နှင့် လူတိုင်း အံ့အားသင့်သွားကြရ၏။
ရှမ့်လန်က ရင်ကွမ်းကို ပြောလိုက်သည်။ “ကျုပ် ထွက်ပြေးသွားမှာ စိုးရိမ်နေတာလား။ ကျုပ် ဘယ်တော့မှ ထွက်မပြေးဘူး။ နောက်ပိုင်းကျရင် ကျုပ်က မြို့တိုင်း၊ ရွာတိုင်းကို သွားပြီး မိန့်ခွန်း ပြောမယ်။ မဲဆွယ်မယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ လှုပ်ရှားမှုကြီးတစ်ခုပဲ။ ပြည်သူသန်းပေါင်းများစွာက သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးကြလိမ့်မယ်။”
ရှမ့်လန်သည် လူတိုင်း၏ အာရုံစိုက်မှုကို တဖန် ပြန်လည် ရရှိသွားခဲ့ပြန်၏။ “ရင်ကွမ်း... ခင်ဗျား ကျုပ်ကို ချက်ချင်း မသတ်ဘူးဆိုရင် ကျုပ်ကို အောက်ချပေးသင့်တယ်။ မဟုတ်ရင် ကျုပ်ရဲ့ သူရဲကောင်းပုံရိပ် ထိခိုက်လိမ့်မယ်။”
မင်းသားလျန် တွေးတောလိုက်မိ၏။ ရင်ကွမ်း၏ လုပ်ရပ်များက လောကကြီးကို တုန်လှုပ်စေခဲ့သည်။ သို့သော်ငြား သူ မည်သို့ အဆုံးသတ်မည်နည်း။ သူ၏အင်ပါယာကို နိုင်ငံအားလုံးက အသိအမှတ် ပြုပါ့မည်လား။ ယခု ရှမ့်လန်က ပြည်သူ့ဆန္ဒ ခံယူပွဲကို အဆိုပြုလာသည်။ ဤသည်မှာ ထူးဆန်းလွန်း လှပေသည်။
မင်းသားလျန်က မေးလိုက်၏။ “ပြည်သူ့ဆန္ဒ ခံယူပွဲဆိုတာ ချန်နိုင်ငံသစ်က လူတိုင်း လာရောက် မဲပေးပြီး ဒီနယ်မြေကို ဘယ်သူပိုင်လဲဆိုတာ ဆုံးဖြတ်ကြတာလား။”
“ဟုတ်တယ်။ တကယ်လို့ ပြည်သူတွေက ရင်ကွမ်းကို သစ္စာရှိဖို့ ရွေးချယ်ခဲ့ရင် ကျုပ် နောက်ထပ် ဘာမှ မပြောတော့ဘူး။ ဘိုးဘွားပိုင်နယ်မြေကို လက်လွှတ်လိုက်မယ်။ ဒါပေမဲ့ သူတို့က ကျန်းမျိုးနွယ်စုကို ရွေးချယ်ခဲ့ရင်တော့ ကျုပ် ဒီနယ်မြေကို ပြန်ယူမယ်ဆိုတာ ခင်ဗျားတို့ သက်သေ လိုက်ပေးကြပါ။”
လူတိုင်း တုန်လှုပ်သွားကြသည်။
‘ရှမ့်လန်... မင်းက တကယ့်ကို ဖြုန်းတီးသူပဲ။ ဘိုးဘွားပိုင် နယ်မြေကို ဒီလို ပေါ့ပေါ့တန်တန် လောင်းကစား လုပ်ရဲသလား။’
မင်းသားလျန်က မေးလိုက်၏။ “ဘယ်လောက်ကြာမှာလဲ။”
“အနည်းဆုံး နှစ်ဝက်လောက်တော့ ကြာမယ်။ ဒီကာလအတွင်းမှာ ကျုပ်က မြို့တိုင်းကို သွားပြီး ထောက်ခံမှု ရအောင် လုပ်မယ်။ ဒါပေမဲ့ ကျုပ်ရဲ့လုံခြုံရေးအတွက် တော်ဝင်ရန်မြို့တော်က လူလွှတ်ပြီး ကာကွယ် ပေးစေချင်တယ်။ မင်းသမီးကျိရွှမ်ကို လွှတ်ပေးရင် အကောင်းဆုံးပဲ။ သူက လှလည်းလှတယ်၊ သိုင်းလည်း တော်တယ်။”
မင်းသားလျန်၏ မျက်နှာ ရှုံ့မဲ့သွားခဲ့ရသည်။ ‘မင်း တကယ် ပြောရဲတာပဲ။’
ရှမ့်လန်က ရင်ကွမ်းကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “ရင်ကွမ်း... ခင်ဗျား သွေးရဲသလား။ ဒီလို မဲပေးပွဲမျိုး လုပ်ရဲသလား။ ကျုပ်ကို ပြည်သူတွေနဲ့ တွေ့ဆုံခွင့် ပေးရဲသလား။ ခင်ဗျားနိုင်ရင် ဒီနယ်မြေ အားလုံး ခင်ဗျား ပိုင်တာပဲ။ တော်ဝင်ရန်အင်ပါယာဆီ ကျုပ်ကိုယ်တိုင် သွားပြီး ခင်ဗျားအတွက် ဂုဏ်ပြုပေးမယ်။”
“ဟား ဟား ဟား...”
ရင်ကွမ်းက ရယ်မောလိုက်သည်။ “ရှမ့်လန်... မင်းက ပြည်သူတွေနဲ့ တွေ့ချင်တာလား။ သူတို့က မင်းနဲ့ ဧကရာဇ်ကျန်းလီကို အရမ်း လွမ်းဆွတ်နေမယ်လို့ မင်း ထင်နေတာလား။ မင်း ပေါ်လာတာနဲ့ သူတို့က ဧကရာဇ်မင်းမြတ် ကျန်းမာပါစေလို့ အော်ဟစ်ပြီး ဒူးထောက် ကြိုဆိုကြမယ်လို့ ထင်နေတာလား။”
“မဟုတ်ဘူးလား။ ဝူ၊ ချောင်နဲ့ ရွဲ့ပြည်နယ်တွေမှာတုန်းက ကျုပ် ဘယ်သူမှန်း သိလိုက်တာနဲ့ လူတွေ အများကြီး သစ္စာရှိကြောင်း ကတိပြုခဲ့ကြတယ်။ ကျုပ် အနောက်လောကက ပြန်ရောက်လာတော့ လူအင်အား သောင်းချီနဲ့ ထျန်းရွဲ့မြို့ကို တိုက်ခိုက်ခဲ့တယ်။ ရွှဲ့ပြည်နယ်က လူသန်းပေါင်းများစွာ ဒူးထောက်ပြီး ကြိုဆိုခဲ့ကြတယ်။ ဒါက ရွှဲ့ပြည်နယ်ပဲ ရှိသေးတယ်။
ချန်နိုင်ငံက ကျုပ်ရဲ့ နေရပ်ပဲ။ ကျုပ်ရဲ့ ကျန်းမျိုးနွယ်စုက ဒီမြေကို နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့တာ။ ကျုပ်အဖေ ကျန်းလီကလည်း ပြည်သူတွေအပေါ် ကျေးဇူးရှိခဲ့တယ်။ သူတို့ ကျုပ်ကို သစ္စာရှိမှာ သေချာပေါက်ပဲ။ ခင်ဗျား ကျုပ်ကို ပေးတွေ့ရဲလား။”
ရင်ကွမ်းက ပြန်ပြောလိုက်၏။ “အမှန်အတိုင်း ပြောရရင် မင်းကို သူတို့နဲ့ တွေ့စေချင်နေတာ ကြာပြီ။ ပြည်သူတွေရဲ့ အသံကို နားထောင်စေချင်နေတာ။ ကျုပ် ပြင်ဆင်ပြီးသားပါ။ ဖိတ်ခေါ်ပါတယ်။”
ရင်ကွမ်းက ရှမ့်လန်ကို အောက်ချပေးလိုက်သည်။ “အတူတူ ထွက်သွားကြမလား။”
“ကောင်းပြီ။”
ထို့နောက် ရှမ့်လန်သည် တော်ဝင်ချန်နိုင်ငံ၏ ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ကာ သရဖူဆောင်းပြီး ဓားကို ကိုင်ဆောင်လိုက်သည်။ ရင်ကွမ်းသည်လည်း ရင်အင်ပါယာ၏ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ဦး နန်းတော်ထဲမှ ထွက်ခွာလာခဲ့ကြ၏။
“ကျွီ...” တော်ဝင်ချန်နန်းတော်၏ တံခါးကြီးများ ဖြည်းညင်းစွာ ပွင့်ဟသွားခဲ့သည်။
ရှမ့်လန်မှာ အသက်ပြင်းပြင်း ရှူလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် နန်းတော်အပြင်ဘက် ရင်ပြင်တွင် လူများ ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ လူဦးရေ နှစ်သိန်းကျော် ရှိပေလိမ့်မည်။
ရင်ကွမ်းသည် ဤပွဲကြီးအတွက် ပြင်ဆင်နေသည်မှာ ကြာမြင့်ပြီ ဖြစ်၏။ ဤလူနှစ်သိန်းကျော်မှာ အတုအယောင် မဖြစ်နိုင်ပေ။ သူတို့အားလုံးမှာ မြို့တော်သူ၊ မြို့တော်သားများ ဖြစ်ကြသည်။ ပညာရှင်များ၊ ဈေးသည်များနှင့် ကုန်သည်များ ပါဝင်ကြ၏။ အတိုချုပ် ပြောရလျှင် သူတို့အားလုံးမှာ သာမန် ပြည်သူများသာ ဖြစ်ကြသည်။
ရှမ့်လန်နှင့် ရင်ကွမ်းသည် မြို့ရိုးတံခါးထက်သို့ ရောက်ရှိလာပြီး ပြည်သူများကို ငုံ့ကြည့်လိုက်ကြသည်။ ရင်ပြင်ရှိ လူနှစ်သိန်းကျော်က ရှမ့်လန်ကို ပြိုင်တူ မော့ကြည့်လိုက်ကြ၏။
ရှမ့်လန် လက်ဆန့်တန်း လိုက်ရာ ချောင်ယောင်းအာက အသံချဲ့စက်ကို ကမ်းပေးလိုက်သည်။
ရှမ့်လန်၏ အကြည့်က လူထုကြီးကို ဖြတ်ကျော် ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောကြားလိုက်၏။ “မင်္ဂလာပါ။ ကျုပ်က ကျန်းလန်ပါ။ ကျုပ်အဖေ ကျန်းလီကို ခင်ဗျားတို့အားလုံး သိကြမယ်လို့ ယုံကြည်ပါတယ်။”
လူနှစ်သိန်းကျော်မှာ နားစွင့်နေကြပြီး ရှမ့်လန်ပြောစကားကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။
“ကျုပ်ဘေးမှာ ရပ်နေတဲ့သူကို ရင်ကွမ်းလို့ ခေါ်တယ်။ ခင်ဗျားတို့အားလုံး သိကြမှာပါ။ ရင်ကွမ်းက စွန့်ပစ်ခံ ကလေးတစ်ယောက် ဖြစ်တယ်။ ကျုပ်အဘိုးက သူ့ကို မွေးစားခဲ့ပြီး ကျန်းမျိုးနွယ်စုက သူ့ကို အစွမ်းကုန် ပျိုးထောင်ပေးခဲ့တယ်။ ကျုပ်အဖေက သူ့ကို အများကြီး ယုံကြည်ခဲ့ပြီး တော်ဝင်ချန်အင်ပါယာရဲ့ တစ်ဦးတည်းသော မင်းသားအဖြစ် ခန့်အပ်ခဲ့တယ်။
ရင်ကွမ်းအပေါ် ထားရှိတဲ့ ကျန်းမျိုးနွယ်စုရဲ့ ကျေးဇူးတရားက တောင်လိုမြင့်ပြီး သမုဒ္ဒရာလို နက်ရှိုင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ရင်ကွမ်းက ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်ခဲ့သလဲ။ အရှင်မင်းကြီး ကျန်းလီ နတ်ရွာစံပြီးတာနဲ့ သူက ကျန်းမျိုးနွယ်စုကို ချက်ချင်း သစ္စာဖောက်ပြီး တော်ဝင်ရန် အင်ပါယာဆီ လက်နက် ချခဲ့တယ်။ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျန်းမျိုးနွယ်စု တစ်ခုလုံးကိုတောင် သတ်ဖြတ်ပစ်ခဲ့တယ်။ အသက် ၈၀ အရွယ် အဘိုးအိုကနေ ပုခက်တွင်းက ကလေးငယ်အထိ တစ်ယောက်မှ မချန်ခဲ့ဘူး။
ဒါက ဘယ်လို အပြုအမူမျိုးလဲ။ တိရစ္ဆာန်ထက် နိမ့်ကျတဲ့လူ၊ ဝက်တွေ ခွေးတွေထက် ဆိုးတဲ့လူပဲ။ ချန်မြို့တော်က ပြည်သူတို့... ခင်ဗျားတို့မှာလည်း မိဘတွေ၊ အဘိုးအဘွားတွေ ရှိကြမှာပဲ။ ကလေးတွေလည်း ရှိကြမှာပဲ။ ကိုယ်ချင်းစာ ကြည့်ကြစမ်းပါ။ တကယ်လို့ တစ်ယောက်ယောက်က ခင်ဗျားတို့ရဲ့ အဘိုးအဘွား တွေကို သတ်ပစ်ရင်၊ ခင်ဗျားတို့ရဲ့ ကလေးတွေကို သတ်ပစ်ရင် ဘယ်လိုနေမလဲ။ အဲဒီလို တိရစ္ဆာန် တစ်ကောင်ကို ခင်ဗျားတို့ သစ္စာရှိနိုင်အုံးမလား။”