← Chapters

အခန်း (၁၁၃၁-၁၁၃၂)

Vol. 66 Ch. 1131-1132

အခန်း (၁၁၃၁-၁၁၃၂)

Vol. 66 Ch. 1131-1132

အပိုင်း (၁၁၃၁)

ရှမ့်လန်၏ မိန့်ခွန်းမှာ ဤကဲ့သို့ပင် ဖြစ်၏။ သူသည် ကြီးကျယ်ခမ်းနားသော သီအိုရီများကို ဘယ်သောအခါမှ ပြောဆိုလေ့ မရှိပေ။ သူသည် ပြိုင်ဘက်များကို တိုက်ရိုက် ဆဲဆိုလေ့ရှိပြီး လူမဆန်သူများ၊ တိရစ္ဆာန်များ အဖြစ် ပုံဖော်လေ့ ရှိသူပင်။ ရှမ့်လန်၏ စကားများကို ကြားရချိန်မှာတော့ လူနှစ်သိန်းကျော်၏ မျက်လုံးများ နီရဲလာကြ သည်။

“လွန်ခဲ့တဲ့နှစ်လတုန်းက ကျုပ် ရင်မျိုးနွယ်စုနဲ့ စိန်ခေါ်ပွဲလုပ်ဖို့ သဘောတူခဲ့တယ်။ အနိုင်ရတဲ့သူက တော်ဝင်ချန်အင်ပါယာ၊ မြို့တော်နဲ့ နယ်မြေအားလုံးကို ပိုင်ဆိုင်ရမယ်ဆိုပြီး အမိန့်ပြန်တမ်း ထုတ်ခဲ့တယ်။ အဲဒီတုန်းက ဘယ်သူကမှ ကျုပ်ကို အထင်မကြီးခဲ့ကြဘူး။ လူတိုင်းက ကျုပ် သေတော့မယ်လို့ ထင်ခဲ့ကြတယ်။

ဒါပေမဲ့ ကျုပ် အံ့ဖွယ်အမှုတစ်ခု ထပ်ဖန်တီးနိုင်ခဲ့တယ်။ ရင်ဝူမင်ကို အနိုင်ယူပြီး သတ်ပစ်နိုင်ခဲ့တယ်။ သဘောတူညီချက်အရ ကျုပ်က တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးကို ပိုင်ဆိုင်သင့်ပြီး ရင်ကွမ်းက နန်းတော်ထဲကနေ ချက်ချင်း ထွက်သွားသင့်တယ်။

ဒါပေမဲ့ ရလဒ်က ဘာလဲ။ ဒီအရှက်မရှိတဲ့ တိရစ္ဆာန်က တော်ဝင်ရင်အင်ပါယာ ဆိုတာကြီးကို သူ့ဘာသာသူ တည်ထောင်လိုက်တယ်။ ကျုပ် ပြောခဲ့တယ်။ ခင်ဗျား ဘာအင်ပါယာပဲထောင်ထောင် ကျုပ်နဲ့ မဆိုင်ဘူး။ ကျုပ်နယ်မြေထဲကနေ ထွက်သွားပေးရင် ရပြီလို့။ ဒါပေမဲ့ ရင်ကွမ်းက ငြင်းဆန်ခဲ့တာကို ကျုပ် မအံ့သြပါဘူး။ ဒီလူက အရှက်မရှိတဲ့လူ၊ လူမဆန်တဲ့လူ၊ ဝက်နဲ့ခွေးထက် ဆိုးတဲ့လူ ဖြစ်နေတာကိုး။”

ရှမ့်လန်က ရင်ကွမ်းကို အစွမ်းကုန် တိုက်ခိုက်ပြောဆိုနေသော်လည်း ရင်ကွမ်းကမူ ဘေးတွင် မလှုပ်မယှက် ရပ်နေခဲ့၏။

“ဒါကြောင့် ကျုပ်က ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဖို့ အဆိုပြုလိုက်တယ်။ ပြည်သူ သန်းပေါင်းများစွာက ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ကြ။ ခင်ဗျားတို့ ဘယ်သူ့ကို သစ္စာရှိမလဲဆိုတာ ရွေးချယ်ကြ။ ကျုပ်ကို သစ္စာရှိချင်ရင် ကျုပ်ကို မဲပေးကြ။ ရင်ကွမ်းကို သစ္စာရှိချင်ရင် သူ့ကို မဲပေးကြ။ ကျုပ်သာ နိုင်ရင် ရင်ကွမ်း ဒီတိုင်းပြည်ကနေ ထွက်သွားရမယ်။ တကယ်လို့ ကျုပ် ရှုံးပြီး ရင်ကွမ်း နိုင်ရင် ကျုပ် ထွက်သွားပေးမယ်။ ဒီနယ်မြေအားလုံး ရင်ကွမ်း ပိုင်သွားစေရမယ်။

ချန်ပြည်သူတို့... ကျုပ်မှာ ခင်ဗျားတို့ကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်း မရှိဘူးလို့ ခင်ဗျားတို့ စိုးရိမ်နေတာ ကျုပ်သိပါတယ်။ စစ်ပွဲတွေ၊ ဘေးအန္တရာယ်တွေ ထပ်ရောက်လာမှာ ကြောက်နေကြတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ကြပါ။ နုရှောင့်မြို့ကို ကျုပ် ဘယ်နှစ်ကြိမ် ကာကွယ်ပေးခဲ့သလဲ။ ဝူ၊ ချောင်၊ ရွဲ့ သုံးနိုင်ငံကို ကျုပ် ဘယ်နှစ်ကြိမ် ကာကွယ်ပေးခဲ့သလဲ။

ကျုပ် အရှေ့လောကကို ပြန်ရောက်လာတာ နှစ်အနည်းငယ် ရှိပြီ။ အဲဒီ သုံးနိုင်ငံက မြို့တစ်မြို့လေးတောင် ထိခိုက်ဖူးသလား။ လူတိုင်းကို ကာကွယ်ပေးမယ်လို့ ကျုပ် ကတိပေးခဲ့တယ်။ ကျုပ် လုပ်နိုင်ခဲ့သလား။ ကျုပ် လုပ်နိုင်ခဲ့ပါတယ်။ ကျုပ် ပြည်သူတွေကို ကာကွယ်ဖို့ ကိုယ့်အသက်ကို စတေးပြီး ဘယ်နှစ်ကြိမ်တောင် စွန့်စားခဲ့ရသလဲ။ ဝူ၊ ချောင်၊ ရွဲ့ နိုင်ငံက ဘယ်သူ့ကိုမှ ကျုပ် စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။

အခု ခင်ဗျားတို့ကို ကျုပ် လေးလေးနက်နက် ပြောမယ်။ ခင်ဗျားတို့သာ ကျုပ်ကို သစ္စာရှိမယ်ဆိုရင် ခင်ဗျားတို့ တစ်ယောက်ချင်းစီကို ဘေးအန္တရာယ် မကျရောက်အောင် ကျုပ် ကာကွယ်ပေးနိုင်တယ်။ ဒီတိုင်းပြည်က ကျုပ်ရဲ့ နေရပ်ရင်းပဲ။ ကျန်းမျိုးနွယ်စုက ဒီနေရာကို နှစ်ရာပေါင်းများစွာ အုပ်ချုပ်ခဲ့တာ။

ခင်ဗျားတို့ အားလုံးက မျိုးရိုးစဉ်ဆက် ကျန်းမျိုးနွယ်စုရဲ့ ပြည်သူတွေ ဖြစ်ခဲ့ကြတယ်။ ကျုပ်တို့ကြားက သွေးသံယောဇဉ် က ရေထက် ပျစ်ပါတယ်။ ဒါကြောင့် အခုပဲ ရွေးချယ်ကြပါ။ ကျန်းမျိုးနွယ်စုကို သစ္စာရှိမလား၊ ဒါမှမဟုတ် ကျုပ်ဘေးက သစ္စာဖောက်၊ တိရစ္ဆာန်ထက် ဆိုးတဲ့ ရင်ကွမ်းကို သစ္စာရှိမလား ဆိုတာ ရွေးချယ်ကြပါ။”

အော်ဟစ်ပြောဆိုပြီးနောက် ရှမ့်လန်က ရင်ကွမ်းကို လှည့်ကြည့်လိုက်၏။ “ရင်ကွမ်း ... ခင်ဗျား ဖြည့်စွက်ပြောစရာ ရှိသေးလား။ မဲဆွယ်ချင်သေးလား။”

ရင်ကွမ်းက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ကျုပ် ပြောစရာ မရှိဘူး။”

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ချန်ပြည်သူတို့... ခင်ဗျားတို့ရဲ့ နှလုံးသားကို ကျုပ် မြင်ပါရစေ။ ခင်ဗျားတို့က မျိုးရိုးစဉ်ဆက် ကျန်းမျိုးနွယ်စုနဲ့အတူ ရှိနေခဲ့တယ်ဆိုတာ ပြောပြကြပါ။ ကျန်းမျိုးနွယ်စုကို တော်ဝင်ချန် နန်းတော်ထဲ ပြန်ဝင်ရောက်ဖို့ ထောက်ခံတဲ့သူတွေ လက်ထောင်လိုက်ကြပါ။”

လူတိုင်း တိတ်ဆိတ်ငြိမ်သက် နေကြ၏။

ရှမ့်လန်က ထပ်ပြောလိုက်သည်။ “ချန်ပြည်သူ အားလုံး... ကျုပ်ကို ထောက်ခံရင် လက်ထောင်လိုက်ကြပါ။”

လူတိုင်း တိတ်ဆိတ်နေဆဲ ဖြစ်၏။ မည်သူမျှ လက်မထောင်ကြပေ။ ရုတ်တရက် အသံတစ်သံ ထွက်ပေါ် လာခဲ့သည်။ “အရှင်ရှမ့်လန်... ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ဒီတိုင်းပြည်ကနေ ထွက်သွားပေးပါ။ ကျန်းမျိုးနွယ်စုက ကျုပ်တို့ကို ဒုက္ခမပေးပါနဲ့တော့။”

ရှမ့်လန်က အက်ကွဲသော အသံဖြင့် မေးလိုက်၏။ “ထွက်သွားရမယ် ဟုတ်လား။ ကျုပ် ဘယ်ကို သွားရမှာလဲ။ ဒါက ကျုပ်အိမ်လေ။ ဒါက ကျန်းမျိုးနွယ်စု နှစ်ရာပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ နေရာလေ။ ကျုပ်ကို ဘယ်သွားစေချင်တာလဲ။”

အောက်မှအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ “ဒါပေမဲ့ ဒီနေရာက အရှင့်ကို မကြိုဆိုပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါ။”

ရှမ့်လန် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ရင်ကွမ်းက သစ္စာဖောက်ဆိုတာ ခင်ဗျားတို့ သိတယ်မလား။ တိရစ္ဆာန်ထက်ဆိုးတဲ့လူ ဆိုတာ သိတယ်မလား။ သူက ကျန်းမျိုးနွယ်စုကို သစ္စာဖောက်ပြီး တော်ဝင်မျိုးနွယ် တစ်ခုလုံးကို သတ်ဖြတ်ခဲ့တယ်ဆိုတာ သိကြတယ်မလား။”

လူတိုင်း တိတ်ဆိတ်နေကြ၏။ လူနှစ်သိန်းကျော်လုံး တိတ်ဆိတ်နေခဲ့ကြသည်။

ရှမ့်လန်က ဒေါသတကြီး ထပ်မံ အော်ဟစ်လိုက်ပြန်၏။ “ဒါတောင်မှ ခင်ဗျားတို့ အားလုံးက ကျုပ်ကို သစ္စာမရှိဘဲ ဒီသစ္စာဖောက်ကို ထောက်ခံကြတာလား။ နှစ်ပေါင်းရာချီရှိခဲ့တဲ့ ကျန်းမျိုးနွယ်စုရဲ့ ကျေးဇူးတရားတွေကို ခင်ဗျားတို့ မေ့လိုက်ကြပြီလား။ ကျန်းမျိုးနွယ်စုနဲ့ ခင်ဗျားတို့ကြားက သံယောဇဉ်ကို မေ့လိုက်ကြပြီလား။”

လူတိုင်း တိတ်ဆိတ်နေကြပြီး ခေါင်းငုံ့ထားကြသည်။

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီလေ။ ရင်ကွမ်း ဆိုတဲ့ သစ္စာဖောက်ကို သစ္စာရှိချင်တဲ့သူတွေ လက်ထောင်ကြ။”

လူတိုင်း တိတ်ဆိတ်နေဆဲ ဖြစ်ပြီး မည်သူမှ လက်မထောင်ကြသေးပေ။ ရှမ့်လန်က အော်ဟစ်လိုက်သည်။ “လူတိုင်း ကိုယ့်စိတ်ရင်းကို ကိုယ် ရင်ဆိုင်ရမယ်။ ဘယ်လောက်ပဲ အရုပ်ဆိုး အကျည်းတန်နေပါစေ ရင်ဆိုင်ရမယ်။ ရင်ကွမ်းကို ထောက်ခံတဲ့သူတွေ လက်ထောင်ကြ။ ကျုပ် ရှမ့်လန်ကို ဒီတိုင်းပြည်ကနေ၊ ဒီနန်းတော်ကနေ မောင်းထုတ်ဖို့ ထောက်ခံတဲ့သူတွေ လက်ထောင်ကြ။”

လူနှစ်သိန်းကျော်ထဲမှ ပထမဆုံး လူတစ်ယောက် လက်ထောင်လိုက်သည်။ ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်… ရာဂဏန်း၊ ထောင်ဂဏန်း၊ သောင်းဂဏန်း၊ သိန်းဂဏန်း... လူနှစ်သိန်းကျော်သည် သစ်တောအုပ်ပမာ လက်များကို သေသပ်စွာ ထောင်လိုက်ကြသည်။

“ဟား ဟား... ဟား ဟား ဟား...”

ရှမ့်လန်သည် စူးရှစွာ အော်ဟစ်ရယ်မောလိုက်ပြီး ရင်ကွမ်းကို ကြည့်လိုက်သည်။ သူ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာခဲ့၏။

……………………

လောကတွင် အဝမ်းနည်းရဆုံး အရာမှာ ပြည်သူများ လှည့်စားခံရခြင်း မဟုတ်ပေ။ အမှန်တရား၏ အရုပ်ဆိုး အကျည်းတန်မှုကို သိလျက်နှင့် ထိုအရုပ်ဆိုးသော အရာကိုသာ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။

တကယ်တော့ ရှမ့်လန် ပြောစရာ မလိုပေ။ ရင်ကွမ်း၏ ပြစ်မှုများကို ပြည်သူများ ကောင်းစွာ သိရှိကြ၏။ ရင်ကွမ်းက ကျန်းမျိုးနွယ်စု တစ်ခုလုံးကို သတ်ဖြတ်ခဲ့သည်ကို လူများစွာ ကိုယ်တိုင် မြင်တွေ့ခဲ့ကြရသည်။ သူတို့သည် အမှားနှင့် အမှန်ကို ခွဲခြားသိမြင်ကြ၏။ အလှတရားနှင့် အကျည်းတန်မှုကို သိကြ၏။ သို့သော်ငြား သူတို့သည် မကောင်းဆိုးဝါးနှင့် အရုပ်ဆိုးမှုဘက်၌ ရပ်တည်ခဲ့ကြသည်။ သူတို့ကို အပြစ်တင်ရမည်လား။

သို့သော်ငြား သူတို့ တကယ် ကြောက်လန့်နေခဲ့ကြသည်။ လွန်ခဲ့သော ၂၉ နှစ်က ဖြစ်ပွားခဲ့သော ကပ်ဘေးသည် သူတို့၏နှလုံးသားနှင့် ဝိညာဉ်ထဲတွင် စွဲထင်ကျန်ရစ်နေခဲ့၏။ တခါတရံ ထိုအိပ်မက်ဆိုးမှ လန့်နိုး နေကြဆဲ ဖြစ်၏။

ဧကရာဇ်ကျန်းလီ ရုတ်တရက် နတ်ရွာစံပြီးနောက် တော်ဝင်ချန်အင်ပါယာ တစ်ခုလုံး မကြုံစဖူး ကပ်ဘေးကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ တော်ဝင်ရန်အင်ပါယာ၏ သန်းချီသော မဟာမိတ် တပ်များသည် တိုင်းပြည်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ထိုစစ်သားများသည် တိရစ္ဆာန်များ ဖြစ်လာကြပြီး မီးရှို့၊ လုယက်၊ စော်ကားကာ ဖျက်ဆီးခဲ့ကြသည်။

ထိုအချိန်မှစ၍ တော်ဝင်ချန်ပြည်သူများ၏ သတ္တိတရားများသည် သင်းကွပ်ခံလိုက်ရတော့သည်။ ရင်ကွမ်းသည် သစ္စာဖောက်မှန်း သူတို့ သိကြသော်လည်း သူက သူတို့ကို ကာကွယ်ပေးနိုင်မည်ဟု ထင်မြင် ယူဆခဲ့ကြ၏။

ရှမ့်လန်ကကော၊ သူက အံ့ဖွယ်အမှုများကို အကြိမ်ကြိမ် ဖန်တီးခဲ့သည်မှာ ထင်ရှား၏။ မကြာသေးမီကပင် ရင်ဝူမင်ကို သတ်ဖြတ်ခဲ့ပြီး မယုံနိုင်စရာကိစ္စများကို ဆက်လက် ဖန်တီးခဲ့သည်။ သို့သော်ငြား ပြည်သူများ၏ မျက်လုံးထဲတွင် ရှမ့်လန်သည် အလွန် ဆိုးရွားပြီး တည်ငြိမ်မှု မရှိသူ ဖြစ်နေခဲ့သည်။

ဟုတ်ပေသည်။ ရှမ့်လန်သည် အရှေ့လောကသို့ ပြန်ရောက်ပြီးနောက် တိုက်ပွဲတစ်ပွဲမှ မရှုံးနိမ့်ခဲ့ဖူးပေ။ သူ၏ ကြွားလုံးများ အားလုံး တကယ် ဖြစ်လာခဲ့သည်။ သူသည် ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်မှ ပြည်သူများကို ကာကွယ်ပေးခဲ့သည်။ သူက ချန်ပြည်သူများကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိသည်။ သို့သော်ငြား စွန့်စားရလွန်းပြီး ကြောက်စရာ ကောင်းလွန်းလှ၏။

ပြည်သူအများစုမှာ လန့်ဖျပ်နေသော ငှက်များကဲ့သို့ ဖြစ်နေကြ၏။ သူတို့သည် ထိုကဲ့သို့သော တုန်လှုပ်မှုကို မခံနိုင်ကြတော့ပေ။ ရှမ့်လန်သည် ရန်သူ မဟုတ်သော်လည်း ရှမ့်လန်ကို သူတို့ မယုံကြည်ကြပေ။ သူတို့ ရင်ကွမ်းကို ယုံကြည်ကြသည်။

သူတို့၏ စိတ်ထဲတွင် ရှမ့်လန်သည် မတည်ငြိမ်သော အကြောင်းရင်းတစ်ခု ဖြစ်နေ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် ဂြိုဟ်ဆိုးတစ်လုံးနှင့် တူနေသည်။ ထို့ကြောင့် တတ်နိုင်သမျှ ဝေးဝေး ရှောင်ရှားလိုကြ၏။

“အရှင်ရှမ့်လန်... ကျုပ်အရှင့်ကို စာနာမိပါတယ်။ အရှင်မင်းကြီးရဲ့ ဘေးကင်းလုံခြုံရေး အတွက်လည်း ဆုတောင်းပေးချင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ဘဝတွေကို လာမနှောင့်ယှက်ပါနဲ့။ ဝေးဝေးနေလေ ကောင်းလေပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မျိုးတို့ဆီကို ကပ်ဘေးနဲ့ ပရမ်းပတာဖြစ်မှုတွေကို မသယ်ဆောင်လာပါနဲ့တော့။”

“အရှင်ရှမ့်လန်... ကျေးဇူးပြုပြီး သွားပါတော့။ သွားပါတော့။”

“အရှင်ရှမ့်လန်... အရှင် အသက်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ မြို့တော်မှာတော့ မကြိုဆိုပါဘူး။”

အောက်ဘက်မှ အသံများမှာ အလွန် ဆူညံပွက်လောရိုက်နေသော်လည်း လူများစွာက ထိုစကားကိုသာ ပြောဆိုနေကြသည်။

ရုတ်တရက် ပညာရှင်အိုတစ်ဦး ပြေးထွက်လာပြီး နန်းတော်နံရံရှေ့၌ ဒူးထောက်ကာ ဦးတိုက်လိုက်၏။ “အရှင်ရှမ့်လန်... ကျွန်တော်မျိုးက အရှင်ကျန်းလီအပေါ် အကန့်အသတ်မရှိ သစ္စာစောင့် သိခဲ့သူ ဖြစ်ခဲ့ပါတယ်။ အရှင် ကောင်းစားဖို့အတွက်လည်း ကျွန်တော်မျိုး နှလုံးသားထဲကနေ ဆန္ဒပြုပါတယ်။ အရှင့်ရဲ့ လက်ထက်မှာ ကျန်းမျိုးနွယ်စု ပိုမို အင်အားကြီးမားလာဖို့လည်း မျှော်လင့်ပါတယ်။

ဒါပေမဲ့ ချန်မြို့တော်မှာတော့ မနေပါနဲ့။ ကျုပ်တို့ မြေပေါ်မှာ မနေပါနဲ့။ ကျုပ်တို့ စစ်ပွဲဒဏ်ကို ထပ်မခံစားချင်တော့ပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ဝေးဝေးကို ထွက်သွားပေးပါတော့။”

ပညာရှင်အိုကြီးသည် ငိုကြွေးမြည်တမ်းကာ ရှမ့်လန်ကို မရပ်မနား ဦတိုက်နေခဲ့သည်။

သို့သော်ငြား ထူးဆန်းသည် မဟုတ်ပါလား။ သူတို့က ရင်ကွမ်းကို ထောက်ခံလိုက်လျှင် ရင်ကွမ်းက သူတို့ကို ဒုက္ခပေးလိမ့်မည် မဟုတ်ပါလား။ သို့ရာတွင် ရင်ကွမ်း နန်းတက်ပြီးနောက် ချန်နိုင်ငံသစ်တွင် စစ်ပွဲများ မရှိတော့သည်မှာ အမှန်ပင် ဖြစ်၏။ တစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော ပရမ်းပတာ အခြေအနေများ ချုပ်ငြိမ်းသွားခဲ့ရသည်။

ရင်ကွမ်းသည် ထိုအဖြစ်အပျက်အားလုံးကို လှောင်ပြောင်လိုသော အကြည့်ဖြင့် ကြည့်ရှုနေပြီး စကားတစ်ခွန်းမှ မဆိုပေ။

ရှမ့်လန်သည်လည်း စကားမပြောဘဲ တိတ်တဆိတ် ငိုကြွေးနေခဲ့၏။ အချိန်အတန်ကြာမှသာ သူက ရင်ကွမ်းကို ပြောဆိုလိုက်သည်။ “သူတို့က ပြောကြတယ်။ ကျုပ်အဖေ ဧကရာဇ်ကျန်းလီက သူတို့ဆီ ကပ်ဘေး သယ်လာတယ်တဲ့။ ဒါပေမဲ့ အရင်တုန်းက ကျုပ်အဖေ သူတို့ကို စည်းစိမ်ချမ်းသာတွေ ပေးခဲ့တာကျတော့ ဘာလို့ ပြန်မပြောကြတာလဲ။”

ရင်ကွမ်းက ဂရုမစိုက်သလို ပြန်ပြောလိုက်၏။ “ဒါ ကျုပ်ကို မပြောနဲ့။ သူတို့ကို သွားပြောလေ။ မင်းက လူသိန်းချီ၊ သန်းချီကို အကျိုးအကြောင်း သွားရှင်းပြချင်နေတာလား။”

ရှမ့်လန်သည် ဝမ်းနည်းပက်လက်ဖြင့် ရယ်မောလိုက်ပြန်သည်။ သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်ရည်များကို ထိန်းချုပ်လိုက်သည်။

…………..

အကောင်းဆုံးသော အစားထိုးသူ (သို့မဟုတ်) ကိုယ်ပွားအတု ဟူသည် အဘယ်နည်း။ ထိုအရာသည် သင့်ရှေ့မှောက်သို့ ဒုတိယအကြိမ်၊ တတိယအကြိမ် ရောက်ရှိလာသည့်တိုင် သင် သတိမထားမိသော အရာပင် ဖြစ်သည်။

ထိုသို့ဆိုလျှင် ချန်မြို့တော်မှ ပြည်သူများကို အော်ဟစ်ကာ ဆွေးမြေ့စွာ ငိုကြွေးနေသူမှာ မည်သူနည်း။ ထိုသူမှာ မှန် သာဖြစ်ပြီး ရှမ့်လန်အစစ် မဟုတ်ပေ။ သူ၏ ခံစားချက် အားလုံးသည် စစ်မှန်နေခဲ့၏။ မျက်ရည်များပင် စစ်မှန်နေခဲ့သည်။ သူ၏ ဝိညာဉ်နက်ရှိုင်းရာမှ ထွက်ပေါ်လာသော ဝမ်းနည်းမှုများသည်လည်း စစ်မှန်နေခဲ့၏။

ဤလောကတွင် လူတိုင်းသည် မိမိကိုယ်ကိုသာ ကိုယ်စားပြုလိုကြသော်လည်း မှန် အတွက်မူ သူသည် သူ ကိုယ်တိုင် ဖြစ်နေရုံသာမက အခြားသူတစ်ဦးလည်း ဖြစ်နေခဲ့သည်။ သူသည် သူ၏ ဝိညာဉ်နှင့် အသက်ကို ရင်းနှီးကာ ရှမ့်လန်အဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ချန်မြို့တော်မှ ပြည်သူများက သူရဲဘောကြောင်ပြီး အရုပ်ဆိုး အကျည်းတန်စွာ ပြုမူလိုက် ကြသည့်အခါ သူ၏ နှလုံးသားလည်း သွေးထွက်သလို ခံစားလိုက်ရပြီး အဆုံးမဲ့ ဝမ်းနည်းမှုကို ခံစားလိုက် ရခြင်း ဖြစ်ပေ၏။

မှန် သည် ရှမ့်လန်အဖြစ် သရုပ်ဆောင်တိုင်း အချက်တစ်ချက်ကို လုံးဝ မတွေးတောခဲ့ပေ။ သူသာ လူမိသွားလျှင် ဘာဖြစ်မလဲ ဟူသောအတွေးမျိုး မရှိခဲ့ပေ။ ရှမ့်လန်အဖြစ် ဟန်ဆောင်နေချိန်တွင် သူသည် သူ့ကိုယ်သူ ရှမ့်လန်ဟုပင် ခံယူထားခဲ့၏။ သူ့ကိုယ်သူ အစစ်အမှန်ဟု ခံယူထားမှတော့ မည်သူက ရိပ်မိနိုင်မည်နည်း။

ထိုသို့ဖြစ်လျှင် ရှမ့်လန်အစစ်မှာ မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ သူသည် လွန်ခဲ့သော နာရီ အနည်းငယ်တည်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ စေ့စပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သူမှာ ရှမ့်လန်အစစ် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် စွမ်းအင်ဝဲကတော့ ဖန်တီးရန် နဂါးဓားကို အသုံးပြုရမည် ဖြစ်သောကြောင့် ၊ လူတိုင်း၏ရှေ့မှောက်တွင် သူ့အထောက်အထားကို သက်သေပြရန် လိုအပ်ခဲ့သောကြောင့်ပင်။

ဤနေရာသည် ချန်မြို့တော် ဖြစ်ပြီး ရင်ကွမ်းနှင့် စေတီတောင်၏ ပိုင်နက်ဖြစ်၏။ ရှမ့်လန် မည်သို့ ထွက်ခွာ သွားနိုင်မည်နည်း။ ချောင်ယောင်းအာ၊ စုနန်နှင့် အခြားသူများအားလုံး ဤနေရာ၌ ရှိနေကြဆဲ ဖြစ်သည်။ ဤလောကတွင် သူ့ကို ချန်မြို့တော်မှ ခေါ်ထုတ်သွားနိုင်သူ ရှိပါသည်လား။ ရှိ၏။ ထိုသူမှာ နန်းဆောင်သခင် ကျိုးရှီ ဖြစ်ပေသည်။

ကျိုးရှီသည် ရှမ့်လန်ထံသို့ အဘယ်ကြောင့် လာရောက်ခဲ့သနည်း။ လမ်းမှား မလိုက်ရန် ဖျောင်းဖျလိုရင်း သက်သက်လား။ ထိုအချက် ပါဝင်နိုင်သော်လည်း အကြောင်းရင်းအမှန်မှာ သဘောတူညီချက် တစ်ခု ပြုလုပ်ရန် ဖြစ်၏။

ထိုအရာမှာ အလွန် ခက်ခဲနက်နဲသော သင်္ချာပုစ္ဆာတစ်ပုဒ်ဖြစ်ပြီး သဲကန္တာရရှိ ရှေးဟောင်းအပျက်အစီးများ ဖော်ထုတ်ခြင်းနှင့် သက်ဆိုင်နေသည်။ ထိုပုစ္ဆာသည် ပညာရှင်ရာပေါင်းများစွာ နှစ်ပေါင်များစွာ ကြာအောင် မဖြေရှင်းနိုင်ခဲ့သော ပုစ္ဆာဖြစ်၏။ နန်းဆောင်သခင် ကျိုးရှီတွင် အချိန်များစွာ မကျန်တော့ပေ။ ဤလောကတွင် ထိုကဲ့သို့ ခက်ခဲသော ပုစ္ဆာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်သူမှာ ရှမ့်လန် တစ်ဦးတည်းသာ ရှိသည်။

နန်းဆောင်သခင် ကျိုးရှီသည် ရှမ့်လန်နှင့် စကားပြောနေစဉ် သူ၏ လက်ချောင်းများက စားပွဲပေါ်တွင် ပုံဆွဲနေခဲ့ပြီး နှုတ်မှ ပြောသော စကားနှင့် လက်မှ ရေးဆွဲသော အရာတို့ မတူညီခဲ့ကြပေ။ ထိုအချိန်က ကျိုးရှီ၏ စကားကို ကြားခဲ့ရသူများမှာ ထူးဆန်းနေပေလိမ့်မည်။

ကျိုးရှီနှင့် ရှမ့်လန်ကြား မည်သို့သော ပတ်သက်မှု ရှိသနည်း။ သူက ရှမ့်လန်ကို အကြံပေးရန် မည်သည့် အခွင့်အရေး ရှိသနည်း။ ရှမ့်လန်၏ ရူးသွပ်သော လုပ်ရပ်များကို ထိန်းချုပ်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။

ကျိုးရှီ ထွက်ခွာသွားချိန်တွင် စားပွဲပေါ်၌ သင်္ချာပုစ္ဆာတစ်ပုဒ် ပေါ်ထွက်လာခဲ့ပြီး ဖြစ်၏။ အရောင်းအဝယ် ပြုလုပ်နေစဉ် တစ်လျှောက်လုံး နှစ်ဦးစလုံး စကားတစ်ခွန်းမှ မဆိုခဲ့ကြပေ။ ရှမ့်လန်နှင့် မင်းသမီး ရန်ယင်ယင်တို့၏ စေ့စပ်ပွဲတွင် အောင်သွယ်တော်အဖြစ် ပါဝင်ပြီးနောက် ကျိုးရှီ ချက်ချင်း ထွက်ခွာ သွားခဲ့သည်။ သူသည် ရှမ့်လန်၏ ထီးနန်းစွန့်ပွဲကို တက်ရောက်ရန် ဆန္ဒမရှိခဲ့ပေ။

ကျိုးရှီက လူအချို့ကို ခေါ်ထုတ်သွားလိုသည့်အခါ ချန်မြို့တော်တွင် မည်သူကမှ မတားဆီးနိုင်သလို၊ တားဆီးရဲသူလည်း မရှိပေ။ ရှမ့်လန်သည် ထိုလူအုပ်စုနှင့် ရောနှောကာ လွယ်ကူစွာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖြစ်လျှင် ရှမ့်လန်က ဂိုဏ်းချုပ်ရန်ကို ပေးအပ်ခဲ့သည့် နဂါးဓားသည် အစစ်အမှန် ဟုတ်ပါသည်လား။ သူက ရင်ကွမ်းကို နဂါးဥအတု ပေးခဲ့ဖူးသည် မဟုတ်ပါလား။ နဂါးဓားမှာ ရာနှုန်းပြည့် အစစ်အမှန် ဖြစ်သည်။ ဤသည်မှာ ရှမ့်လန်၏ပုံစံပင် ဖြစ်၏။ သူသည် တန်ဖိုးမဖြတ်နိုင်သော နဂါးဓားကို ထိုကဲ့သို့ပင် ပေးအပ်လိုက်ခြင်း ဖြစ်၏။

မင်းသမီး ရန်ယင်ယင် အတွက်လား။ ဟုတ်သည်၊ သို့သော်ငြား မဟုတ်ပြန်ပေ။ သူ ရန်ယင်ယင်ကို ကယ်တင်ရမည် ဖြစ်သော်လည်း သူမ၏ စိတ်ဝိညာဉ်မှာ ဂိုဏ်းချုပ်ရန်၏ ဖျက်ဆီးမှုကို ခံထားရပြီး ဖြစ်သည်။ စောစောကယ်သည်ဖြစ်စေ၊ နောက်ကျမှ ကယ်သည်ဖြစ်စေ သိပ်မထူးခြားတော့ပေ။

အဓိက အကြောင်းရင်းမှာ နဂါးဓားကို ဂိုဏ်းချုပ်ရန် လက်ထဲသို့ ထည့်ပေးလိုက်ချင်သောကြောင့်ပင်။ ဤအချက်သည် အလွန် အရေးကြီးသည်။ လူအများစုသည် ကျဉ်းမြောင်းသော အမြင်ရှိကြသည်။ ပစ္စည်းတစ်ခု မိမိလက်ထဲ ရောက်လာလျှင် မိမိပိုင်ဆိုင်သည်ဟု ထင်မှတ်တတ်ကြ၏။ သို့သော်ငြား ထိုသို့ မဟုတ်ပေ။

ယခင်က ရှမ့်လန်သည် နင်ယွမ်ရှန်းကို ပြောခဲ့ဖူးသည်။ သူ အနည်းဆုံး အချိန် နှစ်ဝက်ခန့် လိုအပ်သည်ဟု ဆိုခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ၊ အသေးစား နဂါးအရှိန်အဝါ ပစ်လွှတ်စင်များ၊ ငရဲမီး အမြောက်များနှင့် အခြားသော လက်နက်များသည် ဓာတ်ခွဲခန်းထဲတွင် ပေါ်ထွက် လာပြီ ဖြစ်သော်လည်း အမြောက်အမြား ထုတ်လုပ်ရန် အချိန်ယူရမည် ဖြစ်သောကြောင့်ပင်။ တော်ဝင်ချန် တပ်တော်သစ်ကို လက်နက် တပ်ဆင်ပေးရန် ပို၍ပင် အချိန်ယူရဦးမည်။

နောက်ထပ် အချက်တစ်ချက်မှာ ရင်ကွမ်းသည် နဂါးဥ၏ ရောင်ခြည်သင့်မှုကို အမှန်တကယ် ခံစားနေရပြီ ဖြစ်သည်။ ထိုကြောက်မက်ဖွယ် ရောဂါသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေပြီ ဖြစ်ကြောင်း ရှမ့်လန်က X-ray အမြင်ဖြင့် မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ သို့သော်ငြား ရောဂါမှာ အစပျိုးကာလသာ ရှိသေးပြီး ဖွံ့ဖြိုးလာရန် အချိန်လိုအပ်ပေသည်။

ထို့ကြောင့် ရှမ့်လန်သည် ရင်ကွမ်း၏ နဂါးဥအကြောင်းကို ဂိုဏ်းချုပ်ရန်အား ဖွင့်ဟပြောပြလိုက်ခြင်း ဖြစ်သည်။ ဂိုဏ်းချုပ်ရန်အား ထိုနဂါးဥ ဆိုသည့်အရာကို ယူဆောင်သွားစေလိုသောကြောင့် ဖြစ်၏။ ရောင်ခြည်သင့်ခြင်းဒဏ်ကို ရင်ကွမ်း တစ်ယောက်တည်း ခံစားနေမည့်အစား ဂိုဏ်းချုပ်ရန်ပါ မျှဝေ ခံစားစေသည်က ပိုကောင်းပေလိမ့်မည်။

အကယ်၍ ရောင်ခြည်သင့်သည့် အချိန်ကာလ တိုတောင်းလွန်းလျှင် ထိခိုက်မှုမှာ ပြင်းထန်မည် မဟုတ်ပေ။ ထို့ကြောင့် ရှမ့်လန်က နဂါးဓားကို ဂိုဏ်းချုပ်ရန် လက်ထဲ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ဤနဂါးဓားသည် အနာဂတ်တွင် အံ့ဖွယ် ကဏ္ဍမှ ပါဝင်လာပေလိမ့်မည်။

လာမည့် တိုက်ပွဲတွင် ရှမ့်လန်သည် ချန်နိုင်ငံသစ်နှင့် စေတီတောင်ကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ရမည် ဖြစ်သည်။ ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်ကို တိုက်ရိုက် သတ်ဖြတ်မည် ဖြစ်၏။ သူ အဘယ်သို့ ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ နေမည်နည်း။

အပိုင်း (၁၁၃၂)

မူလက ရှမ့်လန်သည် ချန်နိုင်ငံသစ်မှ ပြည်သူများကို မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့ဖူး၏။ ရင်ဝူမင်ကို သတ်ဖြတ်နိုင်ရုံဖြင့် ပြည်သူများ သူ့ကို ယုံကြည်လာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်ငြား နောက်ဆုံးတွင် သူ စိတ်ပျက်ခဲ့ရသည်။ ရင်ဝူမင်ကို သတ်ဖြတ်လိုက်ချိန်တွင် မည်သည့် အားပေးသံမှ ထွက်မလာခဲ့။ အစမှ အဆုံးတိုင်အောင် အေးစက်စွာ ဆက်ဆံခံခဲ့ရသည်။

လူတို့သည် ကြွားဝါရသည်ကို နှစ်သက်ကြသလို ပါးရိုက်ရသည်ကိုလည်း နှစ်သက်ကြသည်။ ရင်ကွမ်း သည်လည်း ခြွင်းချက် မဟုတ်ပေ။ ရှမ့်လန်က ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပပြီး ရှမ့်လန်နှင့် ရင်ကွမ်း မည်သူ့ကို သစ္စာရှိမလဲ ဆိုသည်ကို ဆုံးဖြတ်ခိုင်းမည်ဟု ပြောလာသည်။ ဤသည်မှာ ရင်ကွမ်းအတွက် ဂုဏ်အယူရဆုံး အချိန် ဖြစ်လာခဲ့၏။

ဤကာလပတ်လုံး၌ သူသည် ရှမ့်လန်၏ ပါးရိုက်ခြင်းကိုသာ ခံခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ပြည်သူသောင်းပေါင်းများစွာကို အသုံးချကာ ရှမ့်လန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်နိုင်ပြီ ဖြစ်သလို ရှမ့်လန်၏ နှလုံးသားကိုလည်း ချေမွနိုင်ပြီ ဖြစ်သည်။

‘ဒါတွေက မင်းရဲ့ တော်ဝင်ချန် ပြည်သူတွေလေ။ မင်းရဲ့ကျန်းမျိုးနွယ်စုက ဒီမြေကို မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဒီက ပြည်သူတွေက မင်းလို ကျန်းမျိုးနွယ်စု ဘုရင်ထက်စာရင် သစ္စာဖောက်ဖြစ်တဲ့ ကျုပ်ကို ပိုပြီး သစ္စာရှိကြတယ်တဲ့။ ဒါက လှောင်ပြောင်သရော်ရာ မကျလွန်းဘူးလား။ ပါးရိုက်လိုက်တာနဲ့ မတူဘူးလား။’

ရင်ကွမ်းက ပါးရိုက်ရသည်ကို နှစ်သက်မှတော့ ရှမ့်လန်က မှန်ကို သူ့အစား ပါး ပြပေးလိုက်ပြီး စိတ်ကြိုက် ရိုက်နှက်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ချန်နိုင်ငံတစ်ဝန်းလုံး၏ မဲပေးပွဲမှာ နှစ်ဝက်ဖြင့် ပြီးစီးနိုင်မည် မဟုတ်ပေ။

ချန်ပြည်သူများ၏ သဘောထားကြောင့် ရှမ့်လန် ဝမ်းနည်းမိသည်လား။ အနည်းငယ်တော့ ဝမ်းနည်းမိသည်။ သို့သော်ငြား အနည်းငယ်မျှသာ ဖြစ်၏။ ရှမ့်လန်သည် အလွန် ပြတ်သားသူ ဖြစ်ပြီး လူ့သဘောသဘာဝကို ရှင်းလင်းစွာ နားလည်ထားသူ ဖြစ်သည်။ ကောင်းကင်ဘုံ၌သာ ခံစားချက် ရှိခဲ့လျှင် ကောင်းကင်ဘုံသည်လည်း အိုမင်းရင့်ရော်သွားပေလိမ့်မည်။

သူသည် တော်ဝင်ချန်အင်ပါယာ၏ အာဏာစက်ကို ပြန်လည် ထူထောင်ရန် စိတ်ဝင်စားမှု မရှိပေ။ သူ့တွင် ရည်မှန်းချက် တစ်ခုသာ ရှိသည်။ ထိုအရာမှာ လောက၌ ရန်ငြိုး မရှိဘဲ နေထိုင်ရန် ဖြစ်၏။ ရင်ကွမ်းကို သတ်မည်။ ဂိုဏ်းချုပ်ရန်ကို သတ်မည်။ အနာဂတ်တွင် တော်ဝင်ရန်ဧကရာဇ်ကို သတ်မည်။ ထိုရည်မှန်းချက် သည် ဘယ်သောအခါမှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

ချန်ပြည်သူများအတွက်မူ အဘယ်သို့နည်း။ ဝူ၊ ချောင်၊ ရွဲ့ နိုင်ငံသားများကဲ့သို့ သူ့ကို ယုံကြည်ပြီး အသက်ကို ပုံအပ်လျှင် သူက မည်သည့်နည်းဖြင့်မဆို ကာကွယ်ပေးမည်။ သို့သော်ငြား မယုံကြည်ပါက ထိုသူတို့ သေဆုံးသွားလျှင်လည်း သူ ဂရုစိုက်မည် မဟုတ်ပေ။ သူအား ပြည်သူ့နှလုံးသားကို အမှန်တကယ် ဂရုစိုက်သည်ဟု ထင်နေကြသည်လား။

‘ကျုပ် ရှမ့်လန်က လောကကို အုပ်စိုးပြီး ဧကရာဇ် လုပ်မယ့်ကောင် မဟုတ်ဘူး။ ပြည်သူ့နှလုံးသားကို ကျုပ်က ဘာလုပ်ရမှာလဲ။”

.......................

တော်ဝင်ချန်နန်းတော် မြို့ရိုးတံခါးထက်တွင် ရင်ကွမ်းက မှန်ကို မေးလိုက်၏။ “အရှင်ရှမ့်လန်... ဆက်လုပ်ချင်သေးလား။”

မှန်သည် ဝမ်းနည်းမှုများကို ထိန်းချုပ်ရန် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် ထွက်ပြေးရန် လုံးဝ ရည်ရွယ်ချက် မရှိပေ။ နန်းတော် ခန်းမဆောင်သို့ ပြန်ရောက်သောအခါ မှန်သည် မင်းသားလျန်ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်း သွားခဲ့သည်။

“မင်းသားလျန်... နံရံနဲ့မတိုက်မိသရွေ့ နောက်မလှည့်ရဘူးဆိုတဲ့ စကားပုံ ရှိပါတယ်။ ကျုပ် လက်မလျှော့နိုင်ပါဘူး။ ချန်ပြည်သူတွေက ရင်ကွမ်းကို သစ္စာရှိချင်ကြတယ် ဆိုပေမဲ့ ခွေးသတ်သမား နောက်ကို သစ္စာရှိသူတွေ လိုက်ပါလေ့ရှိပြီး ပညာတတ်အများစုကတော့ အမှန်ကို ရွေးချယ်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ လူများစွာ၏ မျက်လုံးများ အရောင်လက်သွားကြသည်။ ဤကဲ့သို့ လှပသော စကားလုံးများကို ရှမ့်လန်သာလျှင် ပြောဆိုနိုင်စွမ်း ရှိပေသည်။

“ချန်ပြည်သူတွေက သက်တောင့်သက်သာ နေလွန်းအားကြီးပြီး အတွေးလွန်နေကြတဲ့အတွက် သူတို့ရဲ့ သတ္တိတွေ ပျောက်ဆုံးကုန်တာပါ။ ဒါပေမဲ့ တခြားနေရာက လူတွေလည်း ဒီလို ဖြစ်နေမယ်လို့ ကျုပ် မယုံပါဘူး။ ကျန်းမျိုးနွယ်စုက ဒီမြေကို နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့တာပါ။ လူတိုင်းက ကျန်းမျိုးနွယ်စုရဲ့ ကျေးဇူးတရားကို မေ့ပစ်လိုက်ကြမယ်လို့ ကျုပ် မယုံနိုင်ပါဘူး။”

မင်းသားလျန်က မေးလိုက်၏။ “အရှင်ရှမ့်လန်... ဒီလောက်ထိ လုပ်ဖို့ လိုလို့လား။”

မှန်က ပြန်ပြောလိုက်သည်။ “မင်းသားလျန်... ခင်ဗျား အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး မြို့တိုင်း ရွာတိုင်းမှာ ကျုပ်နောက်ကို လိုက်ပါပေးစေချင်ပါတယ်။ ကျုပ် ဒီမဲပေးပွဲကို အဆုံးထိ လုပ်သွားမှာပါ။ ကျုပ် ရှမ့်လန် ပြောဖူးတဲ့ စကားဆိုရင် ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး။ ကျုပ် ကြွားခဲ့သမျှစကားတိုင်း အမှန်တကယ် ဖြစ်လာစေရမယ်။”

ဤနေရာသို့ ရောက်သောအခါ ရှမ့်လန် ဖန်တီးခဲ့ဖူးသော အံ့ဖွယ်အမှုများကို လူတိုင်း ပြန်လည် အမှတ်ရလိုက်မိကြ၏။

အစားထိုး ဝင်ရောက်နေသော မှန်က ဆက်ပြောလိုက်သည်။ “နောက်ဆုံး မဲရလဒ် ထွက်လာလို့ ပြည်သူတွေက ရင်ကွမ်းကိုပဲ ရွေးချယ်မယ်ဆိုရင်တော့ ဒီနယ်မြေတွေဟာ ကျန်းမျိုးနွယ်စုနဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။”

ထိုအချိန်တွင် လူတစ်ယောက်က မေးမြန်းလိုက်၏။ “အရှင်ရှမ့်လန်... အရှင်က မြို့တိုင်းကို လိုက်ပြီး မဲဆွယ်မယ်ဆိုရင် မင်းသားလျန်ကို ဘာလို့ ခေါ်သွားချင်ရတာလဲ။”

မှန်က တည်ငြိမ်စွာ ဖြေကြားလိုက်သည်။ “ကျုပ်က သေမှာ ကြောက်လို့လေ။ မင်းသားလျန်ရဲ့ ကာကွယ်မှု လိုအပ်တယ်။ ပြီးတော့ ဒီမဲပေးပွဲက မျှတတဲ့ ဒိုင်လူကြီး တစ်ယောက် လိုအပ်ပါတယ်။ ယခုတစ်ကြိမ် ရင်ဝူမင်နဲ့ တစ်ဦးချင်းတိုက်ပွဲမှာ မင်းသားလျန်နဲ့ ခုံရုံးအဖွဲ့က အရမ်းကို တရားမျှတခဲ့ပါတယ်။ ကျုပ် သူ့ကို ယုံကြည်ပါတယ်။”

မင်းသားလျန်က ပြောလိုက်၏။ “အရှင်ရှမ့်လန်... အရှင် မြှောက်ပင့်လွန်းပါပြီ။”

“ဒါကြောင့် ခုံရုံးအဖွဲ့ မဖျက်သိမ်းဘဲ ဆက်ရှိနေမယ်၊ မဲပေးပွဲကို ဆက်လက် ကြီးကြပ်ပေးမယ်လို့ ကျုပ် ယုံကြည်ပါတယ်။”

မင်းသားလျန်က ငြင်းဆန်လိုက်သည်။ “ဒါက ကိစ္စကြီးပါ။ ကျုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေပါတယ်။ ကျုပ်သဘောနဲ့ကျုပ် မဆုံးဖြတ်နိုင်ပါဘူး။”

“ဒါဆိုရင်လည်း တော်ဝင်ရန် အင်ပါယာကို လူလွှတ်ပြီး အမိန့်တောင်းခံလိုက်ပါ။ ပြီးတော့ မင်းသမီး ကျိရွှမ်ကို ကျုပ်ရဲ့လုံခြုံရေးအတွက် လွှတ်ပေးဖို့ တောင်းဆိုပေးပါ။”

“ကျုပ်ကလား... အင်ပါယာကို လူလွှတ်ရမှာလား။ ကျုပ်ကိုယ်တိုင် ပြန်သွားရင် မကောင်းဘူးလား။”

မှန်က ပြောလိုက်၏။ “မဖြစ်ပါဘူး။ အခုချိန်ကစပြီး ကျုပ်က ခင်ဗျားဘေးမှာပဲ တစ်ချိန်လုံး နေမှာပါ။ ဒါမှ ကျုပ်နဲ့ ကျုပ်လူတွေရဲ့ လုံခြုံရေး စိတ်ချရမှာ။ ရင်ကွမ်းက တိရစ္ဆာန်ထက် ဆိုးတဲ့လူပါ။ သူ ဘာမဆို လုပ်ရဲတယ်။ မင်းသားလျန်... ခင်ဗျား ကျုပ်တို့ကို ကာကွယ်ပေးမှာလား။”

“ကျုပ်...”

မင်းသားလျန် စကားမဆုံးခင် အလွန် အေးစက်သော အသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ ကျောက်စိမ်းဖြူမြို့မှ သံတမန် အမျိုးသမီး ဖြစ်ပေသည်။

“ရင်ကွမ်း... ရှမ့်လန်နဲ့ ရှင့်ကြားက ရန်ငြိုးကို ကျောက်စိမ်းဖြူမြို့က စိတ်မဝင်စားဘူး။ သူ့ကို လွှတ်ပေးဖို့လည်း ကျွန်မ မတောင်းဆိုပါဘူး။ ဒါပေမဲ့ ရှင်က ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး သူ့ကို လုပ်ကြံမယ်၊ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးမယ်၊ စော်ကားမယ် ဆိုရင်တော့ ကျောက်စိမ်းဖြူမြို့က လက်ခံမှာ မဟုတ်ပါဘူး။”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း ထိတ်လန့်သွားကြသည်။ ရှမ့်လန်က ကျောက်စိမ်းဖြူမြို့ သခင်ကြီး၏ မြေးဆိုတဲ့ ကောလာဟလက တကယ်များ ဖြစ်နေသည်လား။

မင်းသားလျန်က ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ “ကောင်းပါပြီ။ ကျုပ် အင်ပါယာကို လူလွှတ်ပြီး အစီရင်ခံလိုက်ပါ့မယ်။ ဒီကာလအတွင်းမှာ အရှင်ရှမ့်လန်က ကျုပ်ဘေးမှာ နေလို့ ရပါတယ်။ တော်ဝင်ရန် အင်ပါယာက ဒီပြိုင်ပွဲကို တရားမျှတမှု ရှိစေရမယ်လို့ လောကကို ကတိပေးထားပြီးသားပါ။ အရှင်ရှမ့်လန်နဲ့ သူ့လူတွေရဲ့ လုံခြုံရေးကိုလည်း အာမခံပါတယ်။ တကယ်လို့ ခင်ဗျားသာ ရင်ကွမ်းလက်ချက်နဲ့ သေဆုံးသွားရင် တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မလဲ။”

ထိုစကားမှာ မှန်ကန်ပေသည်။ ရှမ့်လန်သာ ချန်မြို့တော်တွင် သေဆုံးသွားပါက တော်ဝင်ရန် အင်ပါယာ၏ ဂုဏ်သိက္ခာမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပေလိမ့်မည်။

ထို့နောက် မင်းသားလျန်က အေးစက်စွာ ပြောလိုက်သည်။ “ရင်ကွမ်း... ခင်ျှားက ရှေးဟောင်းဗဟိုချက်ကို သုံးပြီး အရှင်မင်းကြီး ရှမ့်လန်ရဲ့ အိမ်စခန်းကို ဖျက်ဆီးခဲ့တဲ့ကိစ္စကို တော်ဝင်ရန် အင်ပါယာက ဒီအတိုင်းထားမှာ မဟုတ်ဘူး။ ခင်ဗျားကို သေချာပေါက် အပြစ်ပေးရလိမ့်မယ်။ နောက်ထပ် ရက်စက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ရဲရင်တော့ တော်ဝင်ရန်အင်ပါယာကို စစ်ကြေညာတာနဲ့ အတူတူပဲဆိုတာ နားလည်ထားပါ။”

ရင်ကွမ်းက တုန့်ပြန်လိုက်၏။ “ရှမ့်လန်က မင်းသားလျန်ရဲ့ ဘေးမှာ နေလို့ရပါတယ်။ ခင်ဗျား သဘောကျရင် ခါးပတ်မှာတောင် ချိတ်ထားလိုက်ပါအုံး။ ဒါပေမဲ့ ပျံသန်းတဲ့ သားရဲကိုတော့ ပေးအပ်ရမယ်။”

မှန်က ပြန်လည်ဖြေကြားလိုက်သည်။ “ဝမ်းနည်းစရာပါပဲ။ သားရဲကြီး ထွက်ခွာသွားခဲ့ပါပြီ။ မင်းသမီး ရန်ယင်ယင် ကို ပေးလိုက်တယ်ဆိုတာ ဂိုဏ်းချုပ်ရန် အသိဆုံး ဖြစ်ပါလိမ့်မယ်။”

ရင်ကွမ်းက ပြောလိုက်၏။ “ဒါဆိုရင် ချန်မြို့တော်တစ်ခုလုံးနဲ့ တော်ဝင်ရင်အင်ပါယာ တစ်ခုလုံးကို လေကြောင်းပိတ်ဆို့ရေး နယ်မြေအဖြစ် သတ်မှတ်လိုက်မယ်။ ပျံသန်းတဲ့ သားရဲ ဘယ်ကောင်မဆို အတက်အဆင်း လုပ်မယ်ဆိုရင် ကြိုတင် သတင်းပို့ရမယ်။ မဟုတ်ရင် ပစ်ချဖျက်ဆီးပစ်မယ်။ နှင်းလင်းယုန် ထက် ပိုမြန်၊ ပိုမြင့်အောင် ပျံနိုင်တဲ့ သားရဲမှန်သမျှ အကြွင်းမဲ့ လက်နက်ချ အပ်နှံရမယ်။ ရှမ့်လန်က လက်အောက်ခံ နယ်စားတစ်ယောက် ဖြစ်တဲ့အတွက် တော်ဝင်ရင်အင်ပါယာ နယ်မြေကနေ ထွက်ခွာခွင့် မရှိဘူး။”

မှန်က မထီမဲ့မြင် ပြုံးလိုက်သည်။ “ရင်ကွမ်း... ကျုပ်ကို နဂါးနောင်တ ပစ်ခိုင်းစေချင်နေတာလား။”

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ မင်းသားလျန်၏ မျက်နှာမှာ ရုတ်တရက် တုန်လှုပ်သွားခဲ့ရသည်။ ဤအရာသည် တော်ဝင်ရန်အင်ပါယာအနေဖြင့် နောက်ဆုံးမှ မြင်တွေ့လိုသောအရာ ဖြစ်၏။ ရှမ့်လန်သာ ရင်ကွမ်းလက်ထဲ ကျရောက်သွားပါက နဂါးနောင်တများစွာသည် တော်ဝင်ရန် အင်ပါယာဘက်သို့ ဦးလှည့်လာ ပေလိမ့်မည်။ ထိုအခါ ရင်ကွမ်းနှင့် စေတီတောင်သည် တော်ဝင်ရန်အင်ပါယာကို မဟာဗျူဟာမြောက် ခြိမ်းခြောက်နိုင်စွမ်း ရှိသွားပေတော့မည်။

“လူတွေ... အဆင်သင့်ပြင်ထား။” မင်းသားလျန်က အမိန့်ပေးလိုက်၏။ ရာပေါင်းများစွာသော သူ၏ နောက်လိုက်များသည် မျက်နှာဖုံးများကို ချက်ချင်း ခွာချလိုက်ကြသည်။ သူတို့အားလုံးသည် ကောင်းကင် ပြစ်ဒဏ်နန်းဆောင်နှင့် တော်ဝင်ရန်အင်ပါယာမှ ထိပ်တန်းပညာရှင်များ ဖြစ်ကြပြီး ရှေးဟောင်း သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။

“ခုံရုံးအဖွဲ့ဝင် အားလုံး... ဝင်ခဲ့ကြပါ။”

မင်းသားလျန်၏ အမိန့်ပေးသံ အဆုံးတွင် သဘာဝလွန် အင်အားစု ခြောက်ခုမှ ကိုယ်စားလှယ်များနှင့် နိုင်ငံအသီးသီးမှ သံတမန်များသည် တော်ဝင်ချန်နန်းတော်ထဲသို့ တဖန် ပြန်လည် ဝင်ရောက်လာကြပြန်၏။

သဘာဝလွန် အင်အားစု ခြောက်ခုမှ ကိုယ်စားလှယ်များသည် ယခင်ကကဲ့သို့ စုံလင်ခြင်း မရှိတော့ပေ။ ကျိုးရှီ ထွက်ခွာသွားပြီ ဖြစ်သလို ကျောက်စိမ်းဖြူမြို့မှ သံတမန်လည်း ကြေညာချက် ထုတ်ပြန်ပြီးနောက် ပြန်လည် ပေါ်ထွက်လာခြင်း မရှိတော့ပေ။

ရာပေါင်းများစွာသော လူအုပ်ကြီးသည် မင်းသားလျန်နှင့် ရှမ့်လန်ကို ဝိုင်းရံထားလိုက်ကြသည်။ “ရင်ကွမ်း... ခင်ဗျားက တော်ဝင်ရန်အင်ပါယာကို စစ်ကြေညာဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ကျုပ် အရှင်ရှမ့်လန်နဲ့အတူ ထွက်သွားတော့မယ်။”

ရင်ကွမ်းက ပြန်ပြောလိုက်၏။ “ခင်ဗျား သဘောအတိုင်း လုပ်ပါ။ ဒါပေမဲ့ ချန်မြို့တော်ထဲကနေတော့ ထွက်မသွားပါနဲ့။”

မှန်က ဝင်ပြောလိုက်သည်။ “အဲဒီလိုတော့ မဖြစ်ဘူး။ ကျုပ်က တော်ဝင်ချန်နိုင်ငံ မြို့တိုင်း ရွာတိုင်းကို သွားပြီး ပြည်သူတွေရဲ့ မဲဆန္ဒကို ကောက်ခံရအုံးမှာ။”

ရင်ကွမ်းက ပြန်ပြောလိုက်၏။ “ဒီကိစ္စကို မင်း ဆုံးဖြတ်ခွင့် မရှိဘူး။ တော်ဝင်ရန် အင်ပါယာက ကြေညာချက် ထုတ်ပြန်မှ ရမယ်။”

ရင်ကွမ်း၏စကားများက သူ၏ ရည်ရွယ်ချက်အမှန်ကို ဖော်ပြနေပေသည်။ သူသည် တော်ဝင်ရင်အင်ပါယာ တည်ထောင်ကြောင်း မောက်မာစွာ ကြေညာခဲ့သော်လည်း တော်ဝင်ရန် အင်ပါယာနှင့် နိုင်ငံအားလုံး၏ အသိအမှတ်ပြုမှုကို လိုလားနေဆဲ ဖြစ်သည်။

တော်ဝင်ရင်အင်ပါယာ ဆိုသည်မှာ ဈေးကို ပိုခေါ်ထားခြင်းသာ ဖြစ်သည်။ သူ တကယ်လိုချင်သည်မှာ ရင်မျိုးနွယ်စုကို လောကအုပ်စိုးသူများထဲမှ တစ်ဦးအဖြစ် ရပ်တည်စေလိုခြင်း ဖြစ်သည်။ သူသည် ချန် ဘုရင်ဘွဲ့ကို ဆုံးရှုံးခဲ့ရပြီဖြစ်သောကြောင့် တော်ဝင်ရင်အင်ပါယာကို လောကက အသိအမှတ်ပြုလာလျှင် ရင်မျိုးနွယ်စု ပြန်လည် မွေးဖွားလာနိုင်မည်။

မင်းသားလျန်က အေးစက်စွာ ရယ်မောလိုက်ပြီး မှန်ကို ကြည့်ကာ ပြောလိုက်၏။ “အရှင်ရှမ့်လန်... ကြွပါ။”

ထို့နောက် ရှမ့်လန်နှင့် သူ၏ နောက်လိုက်အားလုံးသည် မင်းသားလျန်နောက်သို့ လိုက်ပါပြီး ချန်မြို့တော်ရှိ တော်ဝင်ရန်အင်ပါယာ စခန်းသို့ ဝင်ရောက်သွားကြသည်။

နောက်ထပ် ၁၅ မိနစ် ကြာသောအခါ ရင်ကွမ်းနှင့် စေတီတောင်သည် ကာကွယ်စောင့်ရှောက်မှု အမည်ခံကာ အထူးစစ်သည်တော် ထောင်ပေါင်း များစွာနှင့် ငရဲတပ်တော်ကို စေလွှတ်ပြီး တော်ဝင်ရန်အင်ပါယာ စခန်းကို ဝိုင်းရံထားလိုက်ကြသည်။ ထိုမျှမက နှင်းလင်းယုန် အကောင်ရေ တစ်ထောင်ကျော်နှင့် ရှေးဟောင်း လင်းယုန်ကြီး ရာပေါင်းများစွာသည် ကောင်းကင်ယံတွင် ပျံဝဲကာ ထောင့်ပေါင်းစုံမှ စောင့်ကြည့်နေကြ၏။

…………….

နန်းဆောင်သခင် ကျိုးရှီ၏ သံတမန်အဖွဲ့ ချန်မြို့တော်မှ ထွက်ခွာချိန်တွင် မည်သူကမှ တားဆီးခြင်း၊ စစ်ဆေးခြင်း မပြုရဲကြပေ။ ရှမ့်လန်သည်လည်း ထိုအဖွဲ့ထဲတွင် ပါဝင်သွားခဲ့သည်။

“ဆရာကြီး ကျိုးရှီ... ကျုပ်ကို တော်ဝင်ကပ်ဘေးဘုရားကျောင်းမှာ ချပေးခဲ့ရင် ရပါပြီ။”

ကျိုးရှီ အံ့အားသင့်သွားခဲ့ရ၏။ ‘မင်းက ကျုပ်ကို ဘာလို့ ဆရာကြီးလို့ ခေါ်တာလဲ။ ကျုပ်နဲ့ မင်း ဘာမှမတော်စပ်ဘူးလေ။’

ရှမ့်လန် မတတ်နိုင်ပေ။ ယခုတစ်ကြိမ် နန်းဆောင်သခင် ကျိုးရှီနှင့်အတူ လိုက်ပါလာရသည်မှာ တက္ကစီ ငှားစီး လာရသလို ခံစားနေရသည်။ ထို့အပြင် သူက တော်ဝင်ကပ်ဘေးဘုရားကျောင်းကို သွားမည်ဟု ပြောဆိုလိုက်ခြင်းက ကျိုးရှီအပေါ် မည်သည့်အရာမှ ဖုံးကွယ်ထားခြင်း မရှိကြောင်း၊ ရိုးသားပွင့်လင်းကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

“ဒါက သင်္ချာပုစ္ဆာရဲ့ အဖြေပါ။”

ရှမ့်လန်က စာရွက်တစ်ရွက်ကို ထုတ်ပြီး နန်းဆောင်သခင် ကျိုးရှီထံ ကမ်းပေးလိုက်သည်။ “ရာနှုန်းပြည့် မှန်ကန်ပါတယ်။ တကယ်လို့ နောက်ထပ် သင်္ချာပုစ္ဆာတွေ ရှိသေးရင်လည်း ကျုပ် ကူညီပြီး ဖြေရှင်းပေးပါ့မယ်။ ကျုပ်ရည်မှန်းချက်က လောကနဲ့ ရန်ငြိုးမရှိဘဲ နေဖို့ပါလို့ ပြောခဲ့ပြီးသားပါ။ အခု ခင်ဗျားနဲ့ ကျုပ်ကြားမှာ အကျိုးစီးပွား ပဋိပက္ခ မရှိတော့ပါဘူး။ ခင်ဗျားတို့ရဲ့ မိုင်တစ်သောင်း သဲကန္တာရ စီမံကိန်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

နန်းဆောင်သခင် ကျိုးရှီသည် ရှမ့်လန်ထံမှ စာရွက်ကို ယူလိုက်ပြီး အဖြေကို အလွတ်ကျက်မှတ်လိုက်သည်။ ထို့နောက် စာရွက်ကို ညင်သာစွာ ပွတ်ချေလိုက်ရာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လောင်ကျွမ်းသွား သည်။ အမှန်တကယ် အံ့ဖွယ်ကောင်းလှပေ၏။

“အရှင်ရှမ့်လန်... ခင်ဗျား တကယ်ပဲ သရဲမြို့တော်ကို သွားဖို့ စီစဉ်နေတာလား။ တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ ဝိညာဉ်ကို တကယ် ရှာဖွေဖို့ စီစဉ်နေတာလား။”

ကျိုးရှီက မေးလိုက်သည်။ “သရဲမြို့တော်က တော်ဝင်ကပ်ဘေး ဘုရားကျောင်းထဲမှာ ရှိတယ်လို့ ထင်နေတာလား။”

“ကျုပ် မသေချာပါဘူး။ ဒါပေမဲ့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက သူတို့ရဲ့ ဌာနချုပ်ကို ဘာကြောင့် ဒီနှင်းတောင်ကြီးပေါ်မှာ တည်ဆောက်ခဲ့တာလဲ။ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်။ ရှေးဟောင်း အပျက်အစီး တစ်ခုခု ရှိနေလို့ ဖြစ်မယ်။ သရဲမြို့တော်လည်း အဲဒီထဲမှာ ရှိနိုင်ခြေ များတယ်။”

“အရှင်ရှမ့်လန်... ဒီအယူအဆက ပျံ့နှံ့နေတာ ကြာပါပြီ။ အရင်တုန်းက အရှင်ကျန်းလီနဲ့ သဘာဝလွန် အင်အားစု ခြောက်ခုကလည်း ဒီလိုပဲ တွေးခဲ့ကြတာပါ။ ဒဏ္ဍာရီလာ သရဲမြို့တော်ကို လိုချင်မက်မောတာ ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါကြောင့်လည်း တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ဆယ်စု နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြတာပေါ့။ ဒါပေမဲ့ ဘာရလဒ်မှ မထွက်ခဲ့ဘူး။ သရဲမြို့တော် ဝင်ပေါက်လည်း မရှိဘူး။ ရှေးဟောင်း အပျက်အစီးလည်း မရှိဘူး။”

“ကျုပ်က အံ့ဖွယ်အမှုတွေ ဖန်တီးဖို့ မွေးဖွားလာတဲ့သူလေ။”

“တကယ်လို့ တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ ဝိညာဉ်က သရဲမြို့တော်ထဲမှာ တကယ်ရှိနေတယ် ဆိုရင်တောင် သူ့ရဲ့ စိတ်စွမ်းအားက ခင်ဗျားထက် အဆပေါင်းများစွာ သာလွန်နေလိမ့်မယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို သူက ဝင်ရောက်စီးနင်းသွားပြီး ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။”

“တကယ်လို့ ကျုပ် ရူးသွားခဲ့ရင် နန်းဆောင်သခင် ကျိုးရှီက တရားမျှတမှု ကိုယ်စားပြုပြီး ကျုပ်ကို လာသတ်မှာလား။”

နန်းဆောင်သခင် ကျိုးရှီ ပြုံးလိုက်သည်။ ‘တရားမျှတမှု ဟုတ်လား။ လောကမှာ တရားမျှတတဲ့သူဆိုလို့ အရှင်မင်းကြီးကျန်းလီ တစ်ယောက်ပဲ ရှိခဲ့ဖူးတယ်။ ကောင်းကင်ပင်လယ် နန်းဆောင်သာ တကယ် တရားမျှတရင် တုံ့ကျန်းဘုရားကျောင်း ပြိုလဲသွားအောင် လွှတ်ထားမှာ မဟုတ်ဘူး။

တုံ့ကျန်း ဘုရားကျောင်းက တော်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ မိစ္ဆာပညာရပ်တချို့ကို ရရှိပြီးနောက် တော်ဝင်ကပ်ဘေးဘုရားကျောင်းလောက် မစွမ်းဆောင်နိုင်ပေမဲ့ ယုတ်မာမှုမှာတော့ တူတူပါပဲ။ ဒါကို သဘာဝလွန် အင်အားစု ခြောက်ခုထဲက ဘယ်သူကများ ဝင်ရောက် ဟန့်တားခဲ့ဖူးလို့လဲ။ ကောင်းကင်ပင်လယ်နန်းဆောင် အတွက်ကတော့ အရေးအကြီးဆုံးအရာက သဲကန္တာရကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့နဲ့ နှစ်တစ်ရာ စီမံကိန်းကို ပြီးမြောက်အောင် လုပ်ဖို့ပါပဲ။’

ထို့အပြင် သူနှင့် ရှမ့်လန်သည် ရန်သူများ ဖြစ်သကဲ့သို့ မဟာမိတ်များလည်း ဖြစ်ကြသည်။ ရှမ့်လန်က စေတီတောင်ကို ဖျက်ဆီးပစ်မည့် အချိန်ကို သူ စောင့်မျှော်နေခြင်း ဖြစ်၏။

တစ်နာရီခန့် ကြာသောအခါ နန်းဆောင်သခင် ကျိုးရှီ၏ အဖွဲ့သည် တော်ဝင်နှင်းတောင်ကြီး၏ အထက်သို့ ရောက်ရှိလာခဲ့ကြ၏။ ဤနေရာသည် ချင်နိုင်ငံနှင့် ရွဲ့ပြည်နယ်ကြား နယ်စပ်ဖြစ်သည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများသည် တောင်ထိပ်ပေါ်တွင် တည်ရှိသည်။

“ဆရာကြီး ကျိုးရှီ... ရှေ့က ရင်ပြင်မှာပဲ ချပေးပါ။”

ကျိုးရှီက ခေါင်းညိတ်လိုက်ပြီး ပျံသန်းနေသော သားရဲကို တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးများ ရှိရာ ရင်ပြင်ပေါ်သို့ ဆင်းသက်စေလိုက်၏။

ချက်ချင်း ဆိုသလို လူရိပ်ဆယ်ခုခန့် ပျံသန်းရောက်ရှိလာကြ၏။ သူတို့သည် ရှမ့်လန် ကြိုတင် စီစဉ်ထားခဲ့သော လူများ ဖြစ်ကြသည်။

လီချင်းချိုး၊ ပန်ရော့နှင့် အခြားသော မဟာပညာရှင်များသည် ဤနေရာ၌ စောင့်ဆိုင်းနေသည်မှာ လဝက်ခန့် ရှိနေပြီ ဖြစ်၏။

“အရှင်ရှမ့်လန်... ဂရုစိုက်ပါ။”

“ဆရာကြီး ကျိုးရှီ... ဘေးကင်းပါစေ။”

All Chapters