← Chapters

အခန်း (၁၁၃၅-၁၁၃၆)

Vol. 66 Ch. 1135-1136

အခန်း (၁၁၃၅-၁၁၃၆)

Vol. 66 Ch. 1135-1136

အပိုင်း (၁၁၃၅)

ရှမ့်လန်သည် ကောင်းကင်ကို မလှုပ်မယှက် ကြည့်နေခဲ့သည်။ နေမင်းကြီး တစ်စတစ်စ ဝါးမျိုခံရပြီး နေ့မှ ညသို့ ပြောင်းလဲသွားသည်ကို ကြည့်နေခဲ့သည်။ ဤအချိန်တွင် သူသည် သရဲမြို့တော် တံခါးပွင့်မည့် အကြောင်း တွေးတောနေခြင်း မဟုတ်ဘဲ မူလန်နှင့် ရှမ့်ယီ အကြောင်းကို တွေးတောနေမိသည်။

တောက်ပသော လမင်းသည် ပင်လယ်ထက်တွင် လင်းလက်နေပြီး လောကကြီးသည် ဤအခိုက်အတန့်ကို မျှဝေခံစားနေကြသည်။ ဤနေကြတ်ခြင်းသည် နှစ်တစ်ရာမှ တစ်ကြိမ်သာ မြင်တွေ့ရသောအရာ ဖြစ်၏။

‘မူလန်... မင်း အခု ကောင်းကင်ကို မော့ကြည့်ပြီး နေကြတ်တာကို ကြည့်နေလောက်ပြီ။’

ထို့နောက် ကျင်းမူလန်၏ ပုံရိပ်နှင့် မျက်နှာသည် ရှမ့်လန်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူမ၏ မျက်မှောင်ကြုတ်ခြင်း၊ ပြုံးခြင်းများ အားလုံး ပေါ်လာခဲ့သည်။

ထိုအချိန်၌ လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်း၏ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် မူလန်သည် ကောင်းကင်မှ နေကြတ်ခြင်းကို ကြည့်နေခဲ့သည်။ လောကကြီး တစ်ခုလုံး အမှောင်ကျသွားခဲ့ပြီ။ သူမ၏ မျက်ရည်များ ညင်သာစွာ စီးကျလာခဲ့သည်။ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေခဲ့၏။

‘ယောက်ျား... ဒါက နေကြတ်ခြင်းလေ။ နှစ်တစ်ရာမှ တစ်ကြိမ်ပဲ မြင်ရတာ။ ရှင် အခု ကြည့်နေသလား။ ယောက်ျား... ရှင် အခု ကျွန်မကို သတိရနေသလား။ ဒီနှစ်တွေမှာ ကျွန်မ ရှင့်ကို အချိန်တိုင်း သတိရနေခဲ့တာ။ ကျွန်မ တကယ် မခံစားနိုင်တော့ဘူး။ သားလေး ရှမ့်ယီလည်း ရှင့်ကို သတိရနေတယ်။’

“ဆရာ... ကျွန်မ ပြန်ချင်တယ်။ အိမ်ပြန်ချင်တယ်။ သားလေးကို ခေါ်ပြီး အိမ်ပြန်ချင်တယ်။”

ရုတ်တရက် မူလန် ငိုကြွေးလိုက်သည်။ “ကျွန်မ ဂရုမစိုက်တော့ဘူး။ ယောက်ျားကို လွမ်းတယ်။ အိမ်ပြန်ချင်တယ်။”

ဤအချိန်တွင် မူလန်သည် ဂျီကျနေသော ကလေးတစ်ယောက်နှင့် တူနေသည်။ ရှမ့်ယီ မငိုသော်လည်း ဘိုးဘေးလော်ကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်နေခဲ့၏။ သူ အိမ်ကို အရမ်းလွမ်းနေပြီ။ အဘိုးအဘွားတွေ၊ မောင်နှမတွေနှင့် တခြားသူတွေကို လွမ်းနေပြီ။ သူ့အဖေကို ပို၍တောင် လွမ်းနေသေး၏။

“ဆရာ... ကျွန်မကို အိမ်ပြန်ခွင့် ပြုပါ။ တစ်ရက်ပဲ ဖြစ်ဖြစ်ပါ။ ယောက်ျားနဲ့ မိသားစုကို တွေ့ခွင့်ပေးပါ။ ကျွန်မ မျက်နှာမပြလည်း ရပါတယ်။ သူတို့ကို ခိုးကြည့်ပြီး ချက်ချင်း ပြန်လာခဲ့ပါ့မယ်။” မူလန်က တောင်းပန် လိုက်သည်။

ဘိုးဘေးလော်က အေးစက်စွာ ပြောလိုက်၏။ “နောင်တစ်ချိန် သူ့ကို ရှုံးစေချင်ရင်၊ သေစေချင်ရင် အိမ်ပြန်လိုက်လေ။”

ဤအချိန်တွင် နေမင်းသည် ၁၀၀ ရာခိုင်နှုန်း ဖုံးလွှမ်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ကောင်းကင်မှ ကြယ်များပင် ပေါ်ထွက်လာခဲ့ပြီ။ ဘိုးဘေးလော်သည် သူမ၏ အစွမ်းထက်သော စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အမြင့်ဆုံး တောင်ထိပ်မှနေ၍ ဧရိယာတိုင်းကို စောင့်ကြည့်နေသည်။

“ဘိုးဘေး... နေကြတ်ပြီ။ ကျုပ်တို့ ဘာကို ရှာနေကြတာလဲ။” ရှမ့်ယီက မေးလိုက်၏။

“နဂါးလိုက်ခြင်း... နေကြတ်ချိန် ရောက်ရင် နဂါးက စိတ်လှုပ်ရှားလာလိမ့်မယ်။ အမှောင်ထုကို အလင်းပေးဖို့ ကြိုးစားရင်း အစွမ်းထက်တဲ့ အရှိန်အဝါနဲ့ ထူးဆန်းတဲ့ အလင်းရောင်ကို ထုတ်လွှတ်လိမ့်မယ်။ မင်းအဖေက တော်ဝင်ရန် အင်ပါယာကို အနိုင်ယူချင်ရင် အဲဒီနဂါးကို လိုအပ်တယ်။ မင်းအဘိုးက သူ့အတွက် အဲဒီနဂါးကို ပြင်ဆင်ပေးထားခဲ့တာ။”

……………………

နေကြတ်ခြင်း ရောက်ရှိလာပြီ။

တော်ဝင်နှင်းတောင်ကြီး၏ ထိပ်ပိုင်းသည် လုံးဝ အမှောင်ကျသွားခဲ့သည်။ ရှမ့်လန်၏ ခန့်မှန်းချက် မှန်၊ မမှန် သက်သေပြရမည့် အချိန် ရောက်လာခဲ့သည်။ သရဲမြို့တော်သည် တော်ဝင် ကပ်ဘေးဘုရားကျောင်း အပျက်အစီးများ ပေါ်တွင် ရှိနေသည်လား။ သရဲမြို့တော်ဆိုတာ တကယ်ရှိသည်လား။

“အရှင်... ကြည့်ပါအုံး။ ကြည့်ပါအုံး...” ရွှယ်ရင် အာမေဋိတ် ပြုလိုက်သည်။

ဤမြင်ကွင်းကို သူ တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။ လှပလွန်းသည်။ ထူးဆန်းလွန်း၏။ ‘ဒါ... ဒါက သရဲမြို့တော်လား။ ဒါက သရဲမြို့တော်၊ ပြီးတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်းလား။’

သာမန်အချိန်များတွင် ၎င်းသည် အပျက်အစီး တစ်ခုသာ ဖြစ်သည်။ နေကြတ်ချိန် ရောက်သောအခါ လောကကြီး တစ်ခုလုံး အမှောင်ကျသွားပြီး သရဲမြို့တော်၏ ပုံရိပ် ပေါ်ထွက်လာသည်။

ဤသရဲမြို့တော်ကို မည်သို့ ဖော်ပြရမည်နည်း။

၎င်းသည် မရေမတွက်နိုင်သော တောက်ပသည့် မျဉ်းကြောင်းများဖြင့် ရေးဆွဲထားသော အရိပ်တစ်ခုနှင့် တူသည်။ ခမ်းနားသည်၊ ထူးဆန်းသည်၊ အေးစက်သည်။ ငရဲပြည်နှင့် တူနေသည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများပေါ်ရှိ ရုပ်တုများသည် အေးစက်သော အစိမ်းရောင် အလင်းကို ထုတ်လွှတ်ပြီး သရဲမြို့တော်၏ ပုံရိပ်ကို ဖန်တီးနေကြ၏။

‘သရဲမြို့တော် ဝင်ပေါက် ဘယ်မှာလဲ။’

မြန်မြန် လုပ်မှ ရမည်။ နေကြတ်ခြင်း ပြီးဆုံးသွားလျှင် သရဲမြို့တော်၏ ပုံရိပ် ပျောက်ကွယ်သွားပေလိမ့်မည်။

“အရှင်... ဒီမှာ... ဒီမှာ...” ရွှယ်ရင် ပြောလိုက်သည်။

သရဲမြို့တော် ဝင်ပေါက်ကို ရှာရသည်မှာ မခက်ခဲပေ။ ပင်မ ခန်းမဆောင်ထဲတွင် ရှိသည်။ ကြမ်းပြင်ပေါ်ရှိ ရုပ်တုများသည်လည်း သရဲမြို့တော် ပုံရိပ် ဖြစ်လာကြသည်။ အလယ်တွင် တံခါးတစ်ချပ် ရှိသည်။ ငရဲတံခါးနှင့် တူနေသည်။ သို့သော်ငြား ဤတံခါးကို အလင်းဖြင့် ပြုလုပ်ထားပြီး တောက်ပသော ပစ္စည်းများဖြင့် ရေးဆွဲထားသကဲ့သို့ ဖြစ်နေသည်။ မည်သို့ ဝင်ရမည်နည်း။

ရှမ့်လန် ရှေ့သို့ ရောက်သွား၏။ ‘ဘယ်လို ဖွင့်ရမလဲ။ ဘယ်လို ဝင်ရမလဲ။ စွမ်းအင်ဝဲကတော့ ရှိလား။ အိပ်မက်ဆိုးကျောက်တုံး ခလုတ် ရှိလား။ စကားဝှက် လိုအပ်တဲ့ ခက်ခဲတဲ့ သင်္ချာပုစ္ဆာ ရှိလား။’

နောက်ဆုံးတွင် ရှမ့်လန် အတွေးလွန်နေကြောင်း သက်သေပြလိုက်သည်။ သူ တံခါးရှေ့သို့ ရောက်လာသည်။ စုစုပေါင်း နှစ်ပေါက် ရှိသည်။ ဘယ်ဘက်သည် အသက်၊ ညာဘက်သည် သေခြင်း ဖြစ်သည်။

‘ဘာအဓိပ္ပာယ်လဲ။ အသက်တံခါးနှင့် သေခြင်းတံခါးလား။ တစ်ပေါက်ပဲ ဖွင့်လို့ရမယ်ဆိုရင် အသက်ကို ရွေးရမလား။ သေခြင်းကို ရွေးရမလား။’

ယုတ္တိဗေဒအရ ဆိုလျှင် အသက်ကို ရွေးချယ်သင့်သည်။ မည်သူက သေချင်မည်နည်း။ သို့သော်ငြား တော်ဝင်ကပ်ဘေး နတ်ဘုရား အမွေအနှစ် ဆိုသည်က သေခြင်း၊ ရှင်ခြင်း တိုက်ပွဲနှင့် ပိုတူနေ၏။ ထို့ကြောင့် ရှမ့်လန်သည် တုံ့ဆိုင်းမနေဘဲ သေခြင်းတံခါးကို တွန်းဖွင့်လိုက်၏။

ချက်ချင်းဆိုသလို ရှမ့်လန်၏ စိတ်အာရုံများ ဗလာ ဖြစ်သွားခဲ့သည်။ သူ၏ ဝိညာဉ် ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ ထို့နောက် သူ၏ခန္ဓာကိုယ် ရုတ်တရက် ပြုတ်ကျသွားသည်။ ငရဲ ၁၈ ထပ်သို့ ကျဆင်းသွားသကဲ့သို့ ဆက်တိုက် ပြုတ်ကျနေခဲ့သည်။

ထိုအချိန်၌ပင် တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးများပေါ်ရှိ သရဲမြို့တော် ပုံရိပ် ပျောက်ကွယ် သွားခဲ့သည်။ ကောင်းကင်ပေါ်မှ နေမင်းကြီး ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အလင်းရောင် ပြန်ရလာသည်။ သို့သော်ငြား ရွှယ်ရင်၊ လီချင်းချိုးနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ရှမ့်လန်သည် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

……….

ဝိညာဉ်ကို လက်ဆင့်ကမ်းနိုင်သော်လည်း ခန္ဓာကိုယ်သည် ပုပ်သိုး ဆွေးမြေ့သွားရမည်။ သိုင်းပညာကို လက်ဆင့်ကမ်း၍ မရနိုင်ပေ။

ဤအချက်သည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း နတ်ဘုရား၏ ဆက်ခံသူ အတွက် လိုအပ်ချက်များ ဖြစ်သည်။ သူ၏ သွေးမျိုးဆက်ပါရမီသည် အလွန် မြင့်မားရမည်ဖြစ်ပြီး သိုင်းပညာသည်လည်း အလွန် အစွမ်းထက်ရမည်။

ပုံမှန်အားဖြင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်း နတ်ဘုရား ဆက်ခံသူတိုင်းကို ဆယ်ကျော်သက် အရွယ်တွင် ရွေးချယ်လေ့ရှိသည်။ ထို့နောက် တော်ဝင်ကပ်ဘေး ဘုရားကျောင်းတစ်ခုလုံးက သူ့ကို ပျိုးထောင်ပေးပြီး အသန်မာဆုံး ဖြစ်လာစေရန် ဆယ်စုနှစ်များစွာ လေ့ကျင့်ပေးကြသည်။ အသက် ၅၀၊ ၆၀ အရွယ် ရောက်သောအခါ သရဲမြို့တော်ထဲသို့ ဝင်ရောက်ပြီး ဝိညာဉ်အမွေ ဆက်ခံကာ တော်ဝင်ကပ်ဘေး နတ်ဘုရား အသစ် ဖြစ်လာရသည်။

ထိုအချိန် ရောက်သောအခါ သူ၏ ဉာဏ်ရည်နှင့် စိတ်သည် ချောမွေ့စွာ ချိတ်ဆက်မိသွားလိမ့်မည်။ ထို့အပြင် သိုင်းပညာသည် အထွတ်အထိပ် ရောက်နေမည်ဖြစ်ပြီး အားနည်းသော အခြေအနေမျိုး ရှိလိမ့်မည် မဟုတ်ပေ။

တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ နောက်ဆုံး နတ်ဘုရား ကန်ထျန်သည် ပြီးပြည့်စုံသော ဆက်ခံသူကို ရှာဖွေရန် ဆယ်စုနှစ်များစွာ အချိန်ယူခဲ့သည်။ ထိုသူ့ကို တပည့်အဖြစ် လက်ခံပြီး ပျိုးထောင်ပေးခဲ့၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်း ဆက်ခံသူ၏ အမည်မှာ ကန်ဝမ်း ဖြစ်သည်။ ထိုအမည်ကို ကြည့်ခြင်းအားဖြင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းက သူ့အပေါ် မည်မျှ မျှော်လင့်ထားကြောင်း သိနိုင်ပေသည်။ ကန်ဝမ်းအား တော်ဝင်ကပ်ဘေးဘုရားကျောင်းကို အထွတ်အထိပ်သို့ ပို့ဆောင် ပေးစေလိုသည်။

ဤကန်ဝမ်းသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း သမိုင်းတစ်လျှောက် ပါရမီအရှိဆုံး လူသား ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် ထိပ်တန်း သိုင်းပညာကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း တစ်ခုလုံး ကန်ဝမ်း၏ အမည်ကို သိကြသော်လည်း လူအနည်းငယ်သာ သူ့ကို အမှန်တကယ် မြင်ဖူးကြ၏။

အဘယ်ကြောင့်ဆိုသော် တော်ဝင်ကပ်ဘေး နတ်ဘုရားတိုင်းသည် ဉာဏ်ရည်ပြည့်ဝပြီး ဂုဏ်သိက္ခာ မကျဆင်းစေရန် မိမိ၏ ဝိညာဉ်ကို လက်ဆင့်ကမ်းလေ့ ရှိသောကြောင့်ပင်။ ထို့ကြောင့် ဤဆက်ခံသူကို အချိန်ကြာမြင့်စွာ လျှို့ဝှက်ထားခဲ့သည်။ သူ့ကို နောက်ဆုံး တော်ဝင်ကပ်ဘေး နတ်ဘုရားက ပျိုးထောင်ပေးခဲ့ပြီး တစ်ဦးတည်းသော တပည့်ရင်း ဖြစ်လာခဲ့သည်။ သူ့ကို ကာကွယ်ရန် တော်ဝင်ကပ်ဘေး နတ်ဘုရားသည် အစားထိုးသူများစွာကိုပင် စီစဉ်ပေးခဲ့သည်။

သို့သော်ငြား ကံမကောင်းစွာဖြင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ မျှော်လင့်ချက် အကြီးမားဆုံး ဖြစ်သော ကန်ဝမ်းသည် သူ၏ ရည်မှန်းချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်အမွေ မဆက်ခံနိုင်ခင်မှာပင် တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဧကရာဇ် ကျန်းလီက ဖျက်ဆီးပစ်လိုက်၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်း တိုက်ပွဲတွင် တော်ဝင်ကပ်ဘေး နတ်ဘုရား ကန်ထျန် သေဆုံးခဲ့ရုံသာမက သူ၏ဆက်ခံသူ ကန်ဝမ်းလည်း သေဆုံးခဲ့ရသည်။ ကျန်ရှိသူများ အနောက်ဘက်ဒေသသို့ ထွက်ပြေးသွားပြီးနောက် တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် ပြန်လည် နာလန်မထူနိုင်တော့ပေ။ ဤထိပ်တန်း ပါရမီရှင် ကန်ဝမ်းသည် လောကကို မလှုပ်ခါနိုင်ခင်မှာပင် သေဆုံးခဲ့ရသည်။ အတိုင်းအတာ တစ်ခုအထိ နှမြောစရာ ကောင်းလှပေသည်။

……………….

ရှမ့်လန် ပြန်လည် နိုးထလာသောအခါ ထူးဆန်းသော နေရာတစ်ခုတွင် ရောက်ရှိနေ၏။

‘ဒါက သရဲမြို့တော်လား။ ငါ စိတ်ကူးထားတာနဲ့ လုံးဝ မတူဘူး။’

ရှမ့်လန်၏ စိတ်ကူးထဲတွင် သရဲမြို့တော်သည် အသူရာငရဲကဲ့သို့ အစိမ်းရောင် အလင်းများ ထုတ်လွှတ်ပြီး သရဲတစ္ဆေများ၊ အလောင်းကောင်များ (သို့မဟုတ်) လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသော အထူးနေရာ တစ်ခု ဖြစ်သင့်သည်။

အတိုချုပ်ပြောရလျှင် သရဲမြို့တော်သည် ကြောက်မက်ဖွယ်ရာ အထွတ်အထိပ် ဖြစ်သောကြောင့် လူတစ်ယောက်၏ စိတ်ကူးကို လုံးဝ ပြောင်းလဲပစ်နိုင်သော ပုံစံမျိုး ဖြစ်သင့်သည်။ သို့သော်ငြား လက်တွေ့တွင် သရဲမြို့တော်သည် လုံးဝ မှောင်မိုက်နေသည်။ ဘာမှ မမြင်ရ၊ ဘာမှ မခံစားရ။ အလင်းရောင် မရှိ၊ အအေးနှင့် အပူ မရှိ။ ရှမ့်လန်သည် သူ၏ ခန္ဓာကိုယ် ရှိနေသည်ကိုပင် မခံစားရပေ။

သူသည် ခေါင်းမော့ရန်၊ လက်ဆန့်ရန်၊ ခြေထောက် မချီရန် အစွမ်းကုန် ကြိုးစားသော်လည်း လုံးဝ မလုပ်ဆောင်နိုင်ပေ။ သူ၏ ခန္ဓာကိုယ် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေပြီး ပြင်ပလောကကိုပင် အာရုံမခံနိုင်ပေ။

ဤခံစားမှုသည် လုံးဝ သေဆုံးသွားပြီး ပတ်ဝန်းကျင်တွင် အဆုံးမဲ့ လစ်ဟာမှုနှင့် အမှောင်ထုသာ ရှိနေသကဲ့သို့ ဖြစ်နေသည်။ မှောင်မိုက်သည်၊ ကြောက်စရာ ကောင်းသည်ဟု ပြော၍ မရနိုင်ဘဲ ထာဝရ အထီးကျန်မှုနှင့် အမှောင်ထုသာ ဖြစ်သည်။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ တွေးတောခြင်း ဖြစ်၏။

“လူရှိလား။”

ရှမ့်လန် အော်ဟစ်လိုက်သော်လည်း စိတ်ထဲတွင်သာ အော်ဟစ်နိုင်သည်။ အသံ လုံးဝ မထွက်နိုင်ပေ။ ပါးစပ်မဖွင့်နိုင်ခြင်းမဟုတ်ဘဲ ပါးစပ်ရှိသည်ဟုပင် မခံစားရသောကြောင့်ဖြစ်သည်။ “တော်ဝင်ကပ်ဘေး နတ်ဘုရား... ဝိညာဉ်အမွေ ဆက်ခံစေချင်တာ မဟုတ်ဘူးလား။ ကျုပ် လာပြီလေ။ ကျုပ် လာပြီ။ ထွက်လာစမ်း... ထွက်လာစမ်း... ထွက်လာစမ်း။”

ရှမ့်လန်၏ စိတ်သည် အသည်းအသန် အော်ဟစ်နေသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ပတ်ဝန်းကျင် အရာအားလုံး ဗလာ ဖြစ်နေသည်။ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသော်လည်း စီးဆင်းနေသလိုလည်း ထင်ရ၏။

အချိန် မည်မျှ ကုန်ဆုံးသွားသည်ကို ရှမ့်လန် မသိပေ။ သို့သော်ငြား သူ့အတွက်မူ အချိန်များ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးနေသည်။ ပတ်ဝန်းကျင်သည် လုံးဝ မှောင်မိုက်နေဆဲ၊ လုံးဝ ဗလာ ဖြစ်နေဆဲ။ ဘာမှ မမြင်ရ၊ ဘာမှ မခံစားရချေ။

မည်သို့ ဖြစ်ပျက်နေသနည်း ဤသရဲမြို့တော်ထဲတွင် ဝိညာဉ်ဟူ၍ မရှိပေဘူးလား။ ယခင် တော်ဝင်ကပ်ဘေး နတ်ဘုရား ကန်ထျန် သေဆုံးပြီးနောက် ဤသရဲမြို့တော်သည် လုံးဝ ဗလာသက်သက် ဖြစ်သွားခဲ့သည်လား။ ဧကရာဇ် ကျန်းလီသည် ကန်ထျန်၏ ခန္ဓာကိုယ်သာမက တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ်ကိုပါ အပြီးအပိုင် ဖျက်ဆီးပစ်လိုက်သည်လား။

“တစ်ယောက်ယောက် မြန်မြန် လာကြစမ်းပါ။ ဘာကောင်ပဲ ဖြစ်ဖြစ် ပေါ်လာရင် ပြီးရော။ မိစ္ဆာပဲဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ် ထွက်လာခဲ့စမ်းပါ။” ရှမ့်လန်၏ စိတ်အာရုံသည် အော်ဟစ်နေသည်။

ဤအကန့်အသတ်မဲ့သော အထီးကျန်ဆန်မှုသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ရက်စက်သော သရဲတစ္ဆေ တစ်ကောင် ဖြစ်လျှင်ပင် တော်သေး၏။ ဤခံစားချက်သည် အာကာသ နက်ရှိုင်းရာသို့ ပို့ဆောင်ခံထားရသည့် ဦးနှောက်တစ်ခု စကြာဝဠာဟင်းလင်းပြင်ထဲ မျောလွင့်နေသကဲ့သို့ပင်။ အနီးဆုံး ဂြိုဟ်သည်ပင် အလင်းနှစ် သန်းပေါင်းများစွာ ဝေးကွာနေပြီး ကြယ်များကိုလည်း မမြင်တွေ့ရပေ။

ဤအချိန်၌ သူသည် ခန္ဓာကိုယ်ကို မခံစားရရုံသာမက အိပ်စက်၍လည်း မရ၊ မေ့မြောသွား၍လည်း မရပေ။ သူသည် အချိန်တိုင်း နိုးကြားနေပြီး အချိန်တိုင်း အထီးကျန်နေခဲ့၏။ ဤခံစားချက်သည် ပြင်းထန်လွန်းလှပြီး သေခြင်းတရားသည်ပင် တန်ဖိုးကြီးသော အရာတစ်ခု ဖြစ်လာခဲ့၏။

ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့သည်။ ရှမ့်လန်၏ စိတ်ဝိညာဉ်သည် အမြဲတစေ နိုးကြားနေပြီး သူ၏ ခန္ဓာကိုယ်ကို လုံးဝ အာရုံမခံနိုင်တော့ပေ။ သူ၏ပတ်ဝန်းကျင်သည် လုံးဝ မှောင်မိုက်နေပြီး ဗလာကျင်း နေခဲ့သည်။

ရက်အနည်းငယ်... လအနည်းငယ်လား... သို့မဟုတ် ထို့ထက် ပိုကြာသည်လား။ ဤအခြေအနေတွင် အချိန်သည် အဓိပ္ပာယ်မဲ့သော အရာ ဖြစ်လာခဲ့၏။ ဤနေရာသည် သရဲမြို့တော် အစစ်အမှန် ဖြစ်နိုင်သည်။ အသူရာငရဲ ဆိုသည်မှာ လူရှင်များ စိတ်ကူးယဉ်ထားကြသော အရာများသာ ဖြစ်ပေမည်။

အချိန်များ ဆက်လက် ကုန်ဆုံးသွားခဲ့ပြန်သည်။ ရှမ့်လန်၏ အတွေးများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နှစ်အနည်းငယ် (သို့မဟုတ်) ဆယ်စုနှစ် အနည်းငယ် ကုန်ဆုံးသွားသည်ဟုပင် ထင်မှတ်လိုက်မိ၏။

အစပိုင်းတွင် သူသည် တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဝိညာဉ် ပေါ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ထို့နောက် မည်သည့်အရာမဆို ပေါ်လာလျှင် ပြီးရောဟု မျှော်လင့်ခဲ့သည်။ ရက်စက်သော သရဲတစ္ဆေ ဖြစ်လျှင်ပင် ကျေနပ်မိပေလိမ့်မည်။

နောက်ပိုင်းတွင် အလင်းရောင် တစ်စက်၊ အသံတစ်သံ ကြားရလျှင်ပင် တော်သေးသည်ဟု မျှော်လင့်ခဲ့သည်။ နောက်ဆုံးတွင် သူ၌ တခြား မည်သည့် မျှော်လင့်ချက်မှ မရှိတော့ပေ။ သူ၏ စိတ်အာရုံ တစ်ခုလုံးသည် ထာဝရ ငြိမ်သက်ခြင်းသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေပြီး ဤနည်းဖြင့်သာ နာကျင်မှုကို ရပ်တန့်နိုင်တော့မည်ဟု ထင်မြင်မိသည်။

……………..

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူ သိနိုင်မည်နည်း။ ရုတ်တရက် အဆုံးမဲ့ အမှောင်ထု ဟင်းလင်းပြင် ထဲတွင် မီးတောက်တစ်ခု လင်းလက်လာခဲ့သည်။ အလွန် အားနည်းသော မီးတောက်တစ်ခု ဖြစ်၏။

ချက်ချင်းဆိုသလို ရှမ့်လန်၏ ရပ်တန့်နေသော စိတ်ဝိညာဉ်သည် နိုးကြားလာခဲ့ပြီး အပြည့်အဝ သတိ ဝင်လာခဲ့၏။

ထို့နောက် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး အကြင်နာတရား အပြည့်ဝဆုံး မျက်နှာ၊ အနွေးထွေးဆုံး အကြည့်နှင့် အသန့်ရှင်းဆုံး အရှိန်အဝါကို ပိုင်ဆိုင်ထား၏။ လေကဲ့သို့၊ နေမင်းကဲ့သို့ ဖြစ်သည်။

သို့သော်ငြား အမှန်တကယ်တွင် သူ၏ မျက်နှာသွင်ပြင်ကို သေချာစွာ မမြင်ရပေ။ ဤလောကတွင် အရင်းနှီးဆုံး လူတစ်ယောက်ဟုသာ ခံစားရသည်။ ဤဘုန်းကြီးတွင် အသက်အရွယ် မရှိ၊ ကျားမ ကွဲပြားခြင်း မရှိပေ။ သူ ပေါ်လာသောအခါ သူ၏ ခေါင်းသည် နောက်မှ မီးတောက်ကို ကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ သူ၏ ခေါင်းအထက်တွင် အနက်ရောင် စက်ဝန်းတစ်ခု ရှိနေသကဲ့သို့ ထင်ရ၏။

ဤမြင်ကွင်းသည် အလွန် ရင်းနှီးနေသည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ တိုတမ်အမှတ်အသား ဖြစ်သည်။ ရုပ်တုများစွာတွင် ဤပုံစံကို တွေ့ရပြီး တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ခေါင်းပေါ်တွင် နေအနက်ရောင် တစ်စင်း ရှိနေသည်။

အပိုင်း (၁၁၃၆)

“အဆင်သင့် ဖြစ်ပြီလား။ အရှင် ရှမ့်လန်...” ထိုဘုန်းကြီးက မေးလိုက်၏။

“ခင်ဗျားက တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်လား။”

“တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဟုတ်လား။ ဒါက လူတွေ ပေးထားတဲ့ နာမည်လား။ နားထောင်လို့ ကောင်းသားပဲ။”

“ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား သိလား။”

“သရဲမြို့တော်ထဲ ဝင်လာပြီးတည်းက မင်းက ကျုပ်အတွက် ဖန်တစ်ချပ်လို ကြည်လင်နေတာ။ လျှို့ဝှက်ချက် ဆိုတာ မရှိဘူး။ ကျန်းလီရဲ့သား ရှမ့်လန်... မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဒီလောကက မဟုတ်တဲ့ သူစိမ်းဝိညာဉ် တစ်ခု ရှိနေတယ်။ ပိုင်ရှင်က ရည်မှန်းချက်တစ်ခုတည်းကိုပဲ အာရုံစိုက်ထားတယ်။ လောကကြီးမှာ ရန်ငြိုးမရှိဘဲ နေချင်သူ ဖြစ်တယ်။”

ရှမ့်လန် အံ့အားသင့်သွားခဲ့ရ၏။ တစ်ဖက်လူက အရာအားလုံးကို တကယ် သိနေသည်။

ဘုန်းကြီးက ဆက်ပြောလိုက်၏။ “တကယ်တော့ ကျုပ်က မင်းထက် ပိုသိပါသေးတယ်။ မင်းနှလုံးသားရဲ့ အနက်ရှိုင်းဆုံး ဆန္ဒက ဘာလဲဆိုတာ မင်းသိလား။”

“လောကကြီးမှာ ရန်ငြိုးမရှိဘဲ နေမယ်။ ပြီးရင် ဇနီးသည် မူလန်နဲ့အတူ လောကအနှံ့ ခရီးသွားမယ်လေ။”

“မဟုတ်ဘူး... မဟုတ်ဘူး...။ မင်းရဲ့ အနက်ရှိုင်းဆုံးဆန္ဒက မင်းရဲ့ကိုယ်ပိုင်လောကကို ပြန်ပြီး သာမန်လူအဖြစ် နေချင်တာပါ။”

“ဟမ်.. တကယ်လား။” ရှမ့်လန် ကြောင်အသွားခဲ့ရသည်။ ‘ကိုယ့်လောကကိုယ် ပြန်ပြီး သာမန်လူအဖြစ် နေရမယ် ဟုတ်လား။ ဆိုလိုတာက လောကမြေကို ပြန်၊ ရုပ်ရည် ပြန်ပြောင်းပြီး ထူးချွန်တဲ့ ဆရာဝန်အဖြစ် ဆက်နေရမှာလား။ ကျုပ် တကယ်ပဲ အဲဒီလို တွေးခဲ့တာလား။’

သို့သော်ငြား ရှမ့်လန်သည် လောကမြေကို လုံးဝ မလွမ်းဆွတ်မိကြောင်း ခံစားရသည်။ သူ၏ ချစ်သူနှင့် မိသားစု အားလုံးသည် ဤလောကတွင် ရှိနေသည် မဟုတ်ပါလား။

သို့သော်ငြား လောကရှိ လူများသည် မိမိတို့ အမှန်တကယ် ဘာလိုချင်သည်ကို မသိကြပေ။ ဥပမာအားဖြင့် လူများစွာသည် စည်းစိမ်ဥစ္စာ၊ ဂုဏ်ဒြပ်များကို လိုချင်ကြသည်။ သို့မဟုတ် ဘီလျံနာ သူဌေးကြီး ဖြစ်ချင်ကြသည်။ သို့သော်ငြား ထိုရည်မှန်းချက်ကို ရောက်သွားသောအခါ သူတို့ ထင်သလောက် မပျော်ရွှင်ကြောင်း တွေ့ရှိရတတ်၏။

ဘုန်းကြီးက ပြောလိုက်သည်။ “တိတိကျကျ ပြောရရင် မင်းက ဒီလောကမှာ ရှိတဲ့ ရည်မှန်းချက်တွေ အားလုံးကို ပြီးမြောက်အောင် လုပ်မယ်။ မင်းရဲ့ ဆွေမျိုးသားချင်းတွေ အားလုံး ကွယ်လွန်သွားတဲ့အထိ စောင့်မယ်။ ပြီးမှ မင်းရဲ့လောကကို ပြန်သွားချင်တာ။ မင်းက တော်တော် လောဘကြီးတာပဲ။ လူတွေမှာ ဘဝတစ်ခုပဲ ရှိပေမယ့် မင်းက နှစ်ခု နေချင်နေတာ။”

“ခင်ဗျားက ပိုပြီး လောဘမကြီးဘူးလား။ ခင်ဗျား လိုချင်တာက မသေမျိုး ဖြစ်ခြင်းပဲ မဟုတ်လား။”

“မဟုတ်ဘူး။ မင်း မှားနေပြီ။ အရှင် ရှမ့်လန်... တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ ဝိညာဉ်က နှစ်ထောင်ချီ လက်ဆင့်ကမ်းလာခဲ့တာမို့လို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းသွားမယ်လို့ မင်း ထင်နေတာလား။ ဒါကြောင့် လက်ဆင့်ကမ်းခြင်း ဆိုတာ ပူးကပ်ခြင်း တစ်မျိုးလို့ မင်း ထင်နေတာလား။”

“မဟုတ်ဘူးလား။”

“ဒါပေါ့ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ပျင်းစရာ ကောင်းလွန်းတယ်။ တကယ်လို့သာ အဲဒီလိုဆိုရင် မျိုးဆက်တိုင်းက တော်ဝင်ကပ်ဘေး နတ်ဘုရားတွေဟာ ခန္ဓာကိုယ်ပဲ ပြောင်းသွားပြီး ဝိညာဉ်ကတော့ ဒီအတိုင်းပဲ ရှိနေမှာပေါ့။ ဒါဆို တော်ဝင်ကပ်ဘေး နတ်ဘုရားတိုင်းက အတူတူပဲ ဖြစ်မနေဘူးလား။ ဘာအနာဂတ် ရှိတော့မှာလဲ။”

“ပူးကပ်တာ မဟုတ်ရင် ဘာလဲ။”

“လက်ဆင့်ကမ်းတာလေ။ ဉာဏ်ပညာနဲ့ မှတ်ဉာဏ်ကို လက်ဆင့်ကမ်းတာဖြစ်ပြီး ဆန္ဒနဲ့ ဝိညာဉ် မပါဝင်ဘူး။ ဒါကြောင့် တော်ဝင်ကပ်ဘေး နတ်ဘုရား အသစ်တိုင်းဟာ တော်ဝင်ကပ်ဘေး နတ်ဘုရား အသစ်ပါပဲ။ သူ့ရဲ့ ဦးနှောက်ထဲမှာ အစွမ်းထက်တဲ့ စိတ်စွမ်းအား၊ ဉာဏ်ပညာနဲ့ မှတ်ဉာဏ်တွေ ရှိလာရုံ သက်သက်ပဲ။ ပင်ကိုယ်စရိုက်၊ ဆန္ဒ၊ ခံစားချက်တွေကတော့ ကွဲပြားနေမှာပဲ။”

ဤစကားက အတော်လေး အဓိပ္ပာယ် ရှိပေသည်။ ဘုန်းကြီးက မေးလိုက်၏။ “အရှင် ရှမ့်လန်... အဆင်သင့် ဖြစ်ပြီလား။ ကျုပ်ရဲ့ ဝိညာဉ် လက်ဆင့်ကမ်းမှုကို လက်ခံဖို့ အဆင်သင့် ဖြစ်ပြီလား။”

“ကျုပ်အဖေက ကျန်းလီလေ။ သူက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ကိုယ်တိုင် ဖျက်ဆီးခဲ့တာနော်။”

ဘုန်းကြီးက ပြုံးလိုက်သည်။ “ကျုပ်က သူ့အပေါ် အငြိုးအတေးထားနေမယ်လို့ မင်း ထင်နေသလား။ ပြီးတော့ သရဲမြို့တော် တံခါးက နှစ်တစ်ရာမှ တစ်ကြိမ်ပဲ ပွင့်တာ။ မင်းက တစ်ဦးတည်းသော ဆက်ခံသူပဲ။ တခြား ရွေးချယ်စရာ မရှိဘူး။ ဒါက ကောင်းကင်က သတ်မှတ်ပေးထားတဲ့ ကံတရားပဲ။”

“ဒါဆိုရင် အမွေလက်ခံပြီးရင် ကျုပ်က တော်ဝင်ကပ်ဘေး နတ်ဘုရား အသစ် ဖြစ်လာမှာလား။”

“မင်း သဘောပဲလေ။ မင်း အဲဒီလို ထင်ရင်လည်း ဟုတ်တာပေါ့။”

“တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ပြန်လည် ထူထောင်ရမယ်ဆိုတဲ့ တာဝန် မရှိဘူးလား။”

“အမွေပေးတယ်ဆိုတာ ဆန္ဒပါဖို့ လိုသေးလို့လား။ အဲဒီလိုသာဆိုရင် လက်ဆင့်ကမ်းတာ မဟုတ်တော့ဘူး၊ ပူးကပ်တာ ဖြစ်သွားမှာပေါ့။”

“ကျုပ် နားမလည်တဲ့ မေးခွန်းတစ်ခု ရှိသေးတယ်။”

“မေးပါ။”

“ဒါက သရဲမြို့တော် တံခါး နောက်ဆုံးအကြိမ် ပွင့်တာလား။”

“ဘာလို့ အဲဒီလို မေးတာလဲ။”

“ဘာလို့လဲဆိုတော့ မီးနဂါး ကြယ်တံခွန်က ဒီလောကကို ဝင်တိုက်ပြီးတိုင်း တစ်နှစ်အကြာမှာ နေကြတ်လေ့ ရှိတယ်။ သရဲမြို့တော် တံခါးလည်း ပွင့်ပြီး တော်ဝင်ကပ်ဘေး နတ်ဘုရား အသစ် လဲလှယ်လေ့ ရှိတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် မီးနဂါး ကြယ်တံခွန် ဝင်တိုက်ပြီးနောက် သူက လုံးဝ သေဆုံးသွားပြီ။ နောက်တစ်ကြိမ် ဆိုတာ မရှိတော့ဘူး။”

ဘုန်းကြီးသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီးနောက် ပြန်ပြောလိုက်သည်။ “ဒီအချိန် ရောက်လာပြီလား။ မီးနဂါး ကြယ်တံခွန်က တကယ်ပဲ သေဆုံးသွားပြီလား။”

“ဟုတ်တယ်။”

“ဒါဆိုရင် သရဲမြို့တော် တံခါး ပွင့်တာ ဒါ နောက်ဆုံးအကြိမ်ပဲ။ မင်းကလည်း တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ နောက်ဆုံး ဆက်ခံသူ အစစ်အမှန် ဖြစ်သွားပြီပေါ့။”

“အဲဒါ ဘာအဓိပ္ပာယ်လဲ။”

“ဆိုလိုတာက... တော်ဝင်ကပ်ဘေးကြီး ရောက်လာမယ့်အချိန် နီးကပ်လာပြီ ဆိုတာပဲ။”

“တော်ဝင်ကပ်ဘေး အချိန်ဆိုတာ ဘာလဲ။ ရှေးဟောင်း ယဉ်ကျေးမှုရဲ့ တော်ဝင်ကပ်ဘေးမျိုးလား။”

“ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူး။”

“မဖြစ်နိုင်ဘူး။ ဒီလောကရဲ့ ယဉ်ကျေးမှုက အစပျိုးကာလပဲ ရှိသေးတယ်။ တော်ဝင်ကပ်ဘေးနဲ့ အဝေးကြီး လိုသေးတယ်။ ခင်ဗျားက ဒီလောကက လူသားယဉ်ကျေးမှုကို အထင်ကြီးလွန်းနေပြီ။”

“ကျုပ် ပြောသားပဲ... ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးလို့။ ဘယ်လောကရဲ့ သမိုင်းမှာမဆို အကွေ့အကောက်တွေနဲ့ ပြည့်နှက်နေတာချည်းပဲ။”

“ဒါဆိုရင် တော်ဝင်ကပ်ဘေး နတ်ဘုရားက သူ့ရဲ့ ဝိညာဉ်ကို နှစ်ထောင်ချီ လက်ဆင့်ကမ်းခဲ့တာ ဘာရည်ရွယ်ချက်လဲ။ ရည်မှန်းချက် တစ်ခုတော့ ရှိရမယ် မဟုတ်လား။”

“တော်ဝင်ကပ်ဘေးကြီး တကယ် ရောက်မလာအောင် တားဆီးဖို့ပေါ့။”

ရှမ်လန် “ဒါပေမဲ့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ နည်းလမ်းတွေက တကယ် ယုတ်မာလွန်းတယ်။”

“သူတို့က မျှော်လင့်ချက် ကုန်ဆုံးတော့မယ်လို့ ခံစားမိပြီး ဖြတ်လမ်းနည်း သုံးချင်ခဲ့ကြတာ ဖြစ်မယ်။” ဘုန်းတော်ကြီးက ခွန်းတုံ့ပြန်သည်။

“ရည်ရွယ်ချက် မှန်ကန်နေသရွေ့ လုပ်ရပ်က အရေးမကြီးဘူးလို့ ခင်ဗျား ပြောချင်တာလား။”

“ရည်ရွယ်ချက်က ရည်ရွယ်ချက်ပဲ။ အဲဒီမှာ အမှန်နဲ့ အမှား၊ အကောင်းနဲ့ အဆိုး ဆိုတာ မရှိဘူး။ ဘာက တရားမျှတမှုလဲ။ ဘာက ယုတ်မာမှုလဲ။”

ရှမ့်လန်က ခံငြင်းလိုက်၏။ “အဲဒါက ဆင်ခြေသက်သက်ပဲ။ ခင်ဗျား ပြောပုံအရဆိုရင် တော်ဝင်ကပ်ဘေး နတ်ဘုရားက တော်ဝင်ကပ်ဘေးကြီး မရောက်လာအောင် တားဆီးဖို့ ဝိညာဉ် လက်ဆင့်ကမ်းခဲ့တာပေါ့။ ဒါဆိုရင် ခင်ဗျားတို့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက တရားမျှတတယ်။ ရည်မှန်းချက်တစ်ခုကို အကောင်အထည် ဖော်နေတာပေါ့။ ဒါဆို ကျုပ်အဖေကျန်းလီက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးခဲ့တာ မတရားဘူးပေါ့။”

ဘုန်းကြီးက ခေတ္တ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “လောကမှာ အရှင် ကျန်းလီထက် ပိုပြီး တရားမျှတတဲ့သူ မရှိလောက်တော့ဘူး။ မင်းကို ယုံအောင်ပြောဖို့ ကျုပ်မှာ ရည်ရွယ်ချက် မရှိပါဘူး။ ကျုပ် ပြောခဲ့ပြီးသားပဲ၊ မင်းရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ မှတ်ဉာဏ်တွေ ရပြီးမှပဲ အားလုံးကို ဆုံးဖြတ်ပါ။”

“ကျုပ်ခန္ဓာကိုယ်ကို ဝင်စီးမှာ မဟုတ်ဘူးနော်။”

“ဝင်စီးမှာ မဟုတ်ပါဘူး။ လက်ဆင့်ကမ်းရုံ သက်သက်ပါ။”

“ကျုပ်က အလောင်းကောင် ဖြစ်သွားပြီး ကိုယ့်ခန္ဓာကိုယ်ကိုယ် မထိန်းချုပ်နိုင်တာမျိုး မဖြစ်ဘူးနော်။”

“မဖြစ်ပါဘူး။”

အမှန်အတိုင်း ပြောရလျှင် ရှမ့်လန်သည် အကန့်အသတ်မဲ့သော ဟင်းလင်းပြင်နှင့် အထီးကျန်မှုထဲတွင် ရောက်ရှိနေပြီး အမွေဆက်ခံပြီးမှသာ ဤနေရာမှ ထွက်ခွာနိုင်မည် ဖြစ်သည်။ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။

သို့သော်ငြား ဤဘုန်းကြီးက ထိုအချက်ကို ထုတ်မပြောပေ။ ဤနေရာတွင် အချိန်သည် အကန့်အသတ် မရှိသလောက် ဖြစ်နေသောကြောင့်ပင်။ ထာဝရ ဆိုသည်မှာ မျက်စိတစ်မှိတ်ဖြစ်ပြီး၊ မျက်စိတစ်မှိတ် ဆိုသည်မှာ ထာဝရ ဖြစ်သည်။

အကယ်၍ ထာဝရ ကာလအတွင်း ရွေးချယ်စရာ တစ်ခုတည်းသာ ရှိပါက မည်မျှ ဆိုးရွားသော ရွေးချယ်မှု ဖြစ်ပါစေ၊ အခြား ရွေးချယ်စရာ မရှိသဖြင့် ထိုလမ်းကို ရွေးချယ်ရမည်သာ ဖြစ်၏။

ဘုန်းကြီးက ပြောလိုက်သည်။ “အရှင် ရှမ့်လန်... စောင့်မလား။ အခုပဲ လက်ဆင့်ကမ်းမှုကို လက်ခံမလား။”

“စောင့်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။”

“မင်းရဲ့ဆန္ဒကို ကျုပ် ဝင်မစွက်ဖက်ဘူးလို့ ပြောပြီးသားလေ။ ဒါကြောင့် မင်း သဘောတူတဲ့ အချိန်ကျမှပဲ မှတ်ဉာဏ်တွေကို မင်းဦးနှောက်ထဲ ထည့်ပေးပြီး လက်ဆင့်ကမ်းမှုကို အဆုံးသတ်မှာပါ။”

“အမွေလက်ခံပြီးရင် ကျုပ် ခန္ဓာကိုယ် အသိမ်းမခံရတဲ့အပြင် မှတ်ဉာဏ်တွေ၊ ဉာဏ်ပညာတွေ အများကြီး ရလာမယ်။ စိတ်စွမ်းအားလည်း အဆများစွာ တိုးလာမယ်ပေါ့။”

“ဟမ်... မင်းရဲ့ ရည်ရွယ်ချက်က စိတ်စွမ်းအား တိုးချင်တာလား။ ဒါက သေတ္တာလိုချင်လို့ ပုလဲပြန်ပေးတာနဲ့ မတူဘူးလား။ မင်း သရဲမြို့တော်ကို လာတာက စိတ်စွမ်းအားတိုးပြီး ရင်ကွမ်းနဲ့ ဂိုဏ်းချုပ်ရန်ကို သတ်ချင်လို့လား။”

“ခင်ဗျား ဒါကိုပါ သိနေတာလား။”

“ကျုပ် ပြောသားပဲ... သရဲမြို့တော်ထဲမှာ မင်းက ကျုပ်အတွက် ဖန်တစ်ချပ်လို ကြည်လင်နေတာ။ လျှို့ဝှက်ချက် ဆိုတာ မရှိဘူးလို့။”

“စိတ်စွမ်းအား တိုးပြီး ရင်ကွမ်းနဲ့ ဂိုဏ်းချုပ်ရန်ကို ဖျက်ဆီးဖို့ လာခဲ့တာ။ မရဘူးလား။”

“ရပါတယ်။ လက်ဆင့်ကမ်းခြင်း ဆိုတာ ကံတရားပဲ၊ ကောင်းကင်က သတ်မှတ်ပေးထားတာလို့ ကျုပ် ပြောခဲ့တယ်လေ။ မင်းရဲ့ဆန္ဒကို ကျုပ် ဝင်မစွက်ဖက်ဘူး။ ဒါက လက်ဆောင် စစ်စစ်ပဲ။ မင်းဘက်က ဘာတာဝန်မှ ယူစရာ မလိုဘူး။ ဒါက အညစ်အကြေးမှ မပါတဲ့ စစ်မှန်တဲ့ လက်ဆင့်ကမ်းမှုပါ။”

“တကယ်လို့ ကျုပ်က လက်မခံဘူး ဆိုရင် ခင်ဗျား ပျောက်ကွယ်သွားမှာလား။”

“မပျောက်ပါဘူး။ ဒါပေမဲ့ ပျောက်ကွယ်သွားပြီးမှ မင်းနဲ့ စကားပြောဖို့ ပြန်ပေါ်လာလို့လည်း ရပါတယ်။”

“ခင်ဗျား ကျုပ်စကားကို ၁၀၀ ရာခိုင်နှုန်း နာခံမှာလား။”

“နာခံမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကောင်းကင် သတ်မှတ်ပေးထားတဲ့ ကံတရားလေ။ ကျုပ်မှာ တခြား ရွေးချယ်စရာ မရှိဘူး။ လက်ဆင့်ကမ်းဖို့ တခြားလူလည်း မရှိဘူး။”

မှန်ပေသည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်တွင် ဒုတိယ ရွေးချယ်စရာ မရှိသလို ရှမ့်လန်တွင်လည်း မရှိပေ။

ကြည့်ရသည်မှာ သူ သဘောတူသည် ၊ မတူသည်ကို ရွေးချယ်နိုင်ပုံ ရသည်။ သို့သော်ငြား အချိန်များ ထာဝရ ကုန်ဆုံးသွားပြီး သူသည် ဟင်းလင်းပြင်နှင့် အမှောင်ထုထဲတွင် ထာဝရ ပိတ်မိနေမည်၊ ခန္ဓာကိုယ်ကို ထာဝရ အာရုံမခံနိုင်တော့သောကြောင့် လက်ရှိ ကမ်းလှမ်းချက်ကို သူ ငြင်းဆန်နိုင်ဦးမည်လား။

“လက်ဆင့်ကမ်းတဲ့ ဖြစ်စဉ်က နာကျင်မှာလား။”

“မနာကျင်ပါဘူး။ ဒါပေမဲ့ ဝိညာဉ်မှတ်ဉာဏ် ပမာဏ အများကြီး ဝင်လာမှာ ဆိုတော့ ဦးနှောက်က ခဏတာ ဗလာ ဖြစ်သွားနိုင်တယ်။ နာကျင်မှုတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သရဲမြို့တော်ထဲမှာ နာကျင်မှု ဆိုတာ မရှိလို့လေ။”

“ကောင်းပြီလေ... ခင်ဗျားရဲ့ ဝိညာဉ်မှတ်ဉာဏ် လက်ဆင့်ကမ်းတာကို ကျုပ် လက်ခံပါတယ်။”

“အရှင် ရှမ့်လန်... သေချာပြီလား။”

“သေချာပါတယ်။”

“ဒါဆိုရင် စလိုက်ကြစို့။”

“ကြာမှာလား။”

“တကယ်တော့ အချိန်ဆိုတာ မရှိပါဘူး။ လက်ဆင့်ကမ်းနေတဲ့ အချိန်မှာ မင်းဦးနှောက်က ဗလာ ဖြစ်သွားမှာလေ။ အကြာကြီးလို့ မှတ်ယူနိုင်သလို မျက်စိတစ်မှိတ်လို့လည်း မှတ်ယူနိုင်ပါတယ်။”

“ကောင်းပြီ။ လုပ်တော့။”

ဘုန်းကြီး၏ မျက်နှာသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ရှမ့်လန်ထံသို့ ဖြည်းညင်းစွာ ပျံသန်းလာခဲ့၏။ ရှမ့်လန်၏ ခံစားချက်ကို ဂရုစိုက်သည့်အနေဖြင့် ဤအလင်းတန်းသည် အလွန် ဖြည်းညင်းစွာ ပျံသန်းလာပြီး ရှမ့်လန်နှင့် ပိုမို နီးကပ်လာခဲ့သည်။ မျက်နှာထားမှာ ဝေဝါးနေဆဲ ဖြစ်သော်လည်း ပိုမို နီးကပ်လာသောအခါ သူနှင့် ထပ်တူကျလုနီးပါး ဖြစ်လာသည်။

‘ဟုတ်တယ်။ ဒါ ကျုပ်ပဲ။ ဒါကြောင့် ငြင်းဆန်မှု ရှိမှာ မဟုတ်ဘူး။’

ဤအလင်းတန်းသည် ရှမ့်လန်၏ ရှေ့သို့ ရောက်ရှိလာသည်။ ဤလက်ဆင့်ကမ်းမှုသည် ထပ်တူကျခြင်းနှင့် ပိုတူနေသည်။ ဤဘုန်းကြီး၏အလင်းသည် ရှမ့်လန်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာတော့မည်။ ဖြစ်စဉ် တစ်ခုလုံး မည်သို့ ရှိမည်နည်း။

‘ဒေတာ ထည့်သွင်းဖို့ USB ထိုးလိုက်တာနဲ့ တူမလား။ ဒါမှမဟုတ် စနစ် ပြန်တင်တာနဲ့ တူမလား။’

ဘုန်းကြီး၏ အလင်းသည် ရှမ့်လန်၏ ဦးနှောက်ထဲသို့ ဖြည်းညင်းစွာ စိမ့်ဝင်လာခဲ့သည်။ တစ်စပြီး တစ်စ လက်ဆင့်ကမ်းမှု စတင်လာပြီ ဖြစ်၏။ ရှမ့်လန်သည် သူ၏ ဦးနှောက် တဖြည်းဖြည်း ဗလာ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ မကြာမီ သူ ဘာမှ သိတော့မည် မဟုတ်ပေ။

ထို့နောက် ဘုန်းကြီး၏ အလင်းသည် အနည်းငယ် စိတ်လှုပ်ရှားနေကြောင်း၊ ခံစားချက် ပြင်းထန်နေကြောင်း နှင့် စိတ်အားထက်သန်နေကြောင်း သူ အာရုံခံမိလိုက်သည်။

‘ခင်ဗျားက ခံစားချက် မရှိရဘူး မဟုတ်လား။ အရာအားလုံးကနေ ကင်းလွတ်နေရမယ် မဟုတ်လား။ ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ။’

ရှမ့်လန်၏ စိတ်ဆန္ဒ ချက်ချင်း စုစည်းသွားခဲ့၏။

“ဝုန်း...” လက်ဆင့်ကမ်းမှု ပြီးဆုံးသွားခဲ့သည်။

ဘုန်းကြီး၏ ဝိညာဉ်ပုံရိပ်သည် မီးတံတိုင်း တစ်ခုနှင့် တိုက်မိသွားသကဲ့သို့ တိုက်ရိုက် ပြန်ကန် ထွက်သွားခဲ့သည်။ ထို့နောက် သူ၏မျက်နှာသည် အလွန်အမင်း ရှုံ့မဲ့သွားပြီး ကြေမွ ပျောက်ကွယ်သွားမတတ် ဖြစ်သွားခဲ့သည်။ မူလ အခြေအနေသို့ ပြန်ရောက်ရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

All Chapters