← Chapters

အခန်း (၁၁၃၇-၁၁၃၈)

Vol. 66 Ch. 1137-1138

အခန်း (၁၁၃၇-၁၁၃၈)

Vol. 66 Ch. 1137-1138

အပိုင်း (၁၁၃၇)

“မင်း အဆင်သင့် မဖြစ်သေးဘူးပဲ။”

ဘုန်းကြီးက ပြောလိုက်သည်။ “မပူပါနဲ့... စိတ်မပူပါနဲ့။”

“ဟား ဟား ဟား...”

ရှမ့်လန် ရယ်မောလိုက်၏။ “သရုပ်ဆောင်တာ ရပ်လိုက်တော့။ ခင်ဗျားက တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် မဟုတ်သလို တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ ဝိညာဉ်လည်း မဟုတ်ဘူး။ ခင်ဗျား လုပ်မလို့ ကြိုးစားနေတာက ဝိညာဉ် လက်ဆင့်ကမ်းတာ မဟုတ်ဘူး။ ပူးကပ်ဖို့ ကြိုးစားနေတာ။ ခင်ဗျား ကျုပ်ကို ဝင်စီးမလို့ လုပ်နေတာ။”

“ကောင်းပြီ။ ကောင်းပြီ။ ခဏလောက် စိတ်လျှော့လိုက်ပါ။ ကျုပ် အရင် သွားလိုက်အုံးမယ်။ မင်း အပြည့်အဝ အဆင်သင့် ဖြစ်တဲ့အချိန်ကျမှ ကျုပ် ပြန်လာခဲ့မယ်။”

ထို့နောက် သူ၏ မျက်နှာ အလင်းရောင် မှေးမှိန်သွားခဲ့သည်။

“သရုပ်ဆောင်တာ ရပ်လိုက်တော့လို့။ ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ် သိပြီးပြီ။ ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။ နောက်ထပ် တော်ဝင်ကပ်ဘေး နတ်ဘုရား အရှင် ကန်ဝမ်း လို့ ခေါ်ရမလား။”

ဘုန်းကြီး၏ မျက်နှာ အလင်းရောင် အနည်းငယ် တုန်ယင်သွားခဲ့သည်။ “ဒါမှမဟုတ် ခင်ဗျားမှာ တခြား အထောက်အထား တစ်ခု ရှိသေးတယ်။ ရှန့်ကုန်း ဘုရားကျောင်းက ကျောင်းထိုင်ဆရာတော် ကျိခုန်း မလား။”

ထိုစကားပြောလိုက်သည်နှင့် ဘုန်းကြီး၏ မျက်နှာ အလင်းရောင်သည် အနည်းငယ် တုန်ယင်ရုံမျှမက ကြမ်းတမ်းစွာ တုန်ယင်သွားခဲ့၏။

………………….

ကျန်းလီ ရုတ်တရက် နတ်ရွာစံပြီးတည်းက ရှန့်ကုန်း ဘုရားကျောင်းမှ ဆရာတော် ကျိခုန်းသည် လောကပေါ်တွင် အထူးဆန်းဆုံး အထောက်အထားရှိသူများထဲ၌ ထိပ်ဆုံး၌ ပါဝင်ခဲ့သည်။ အချိန်ကြာမြင့်စွာ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် ရှန့်ကုန်းဘုရားကျောင်းနှင့် တုံ့ကျန်းဘုရားကျောင်းတို့ကို ဖိနှိပ်ထားခဲ့ရာ သူတို့ ခေါင်းပင် မမော့နိုင်ခဲ့ကြပေ။

ကျန်းလီ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးလိုက်ပြီးနောက် ဤဘုရားကျောင်း နှစ်ခု ပြန်လည် ထကြွလာခဲ့ကြသည်။

တုံ့ကျန်း ဘုရားကျောင်းသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ မိစ္ဆာပညာရပ်များစွာကို ဆက်ခံပြီး မကောင်းမှု လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့သည်။ သို့သော်ငြား ရှန့်ကုန်း ဘုရားကျောင်းသည် လုံးဝ ကွဲပြားသော လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့သည်။ သူတို့သည် အရာအားလုံးနှင့် ကင်းကွာနေပုံ ရ၏။

လူအများ၏ အမြင်တွင် ရှန့်ကုန်း ဘုရားကျောင်းသည် ကျမ်းစာ သုတေသန၊ ဒဿနိကဗေဒ သုတေသနနှင့် ယဉ်ကျေးမှု သုတေသနတို့ကိုသာ အာရုံစိုက်ပြီး သိုင်းပညာကို လုံးဝ စိတ်မဝင်စားသကဲ့သို့ ရှိသည်။ တောင်ပင်လယ်ဒေသတွင် ရှေးဟောင်း အပျက်အစီးကြီး ပေါ်လာသောအခါ အင်အားစုအချို့က လုယူရန် ကြိုးစားခဲ့ကြသော်လည်း အင်အားစု နှစ်ခုကမူ ခြွင်းချက် ဖြစ်ခဲ့သည်။

ကျောက်စိမ်းဖြူမြို့တော်သည် အလွန် အင်အားကြီးမားပြီး ဤရှေးဟောင်း အပျက်အစီးကို မလိုချင်ခဲ့ပေ။ နောက်တစ်ခုမှာ ရှန့်ကုန်းဘုရားကျောင်း ဖြစ်သည်။ သဘောထား ပြသသည့်အနေဖြင့် လှေတစ်စင်းသာ စေလွှတ်ခဲ့၏။

ရှမ့်လန်က စေတီတောင်ကို ကူညီပြီး တောင်ပင်လယ်ဒေသ ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို ဖွင့်ပေးလိုက်ပြီးနောက် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့က ရှမ့်လန်ကို တားဆီးရန် ကြိုးစားခဲ့ကြသည်။ ရှန့်ကုန်း ဘုရားကျောင်းမှ အကြီးအကဲ ကျိမင်က သူတို့ကို ကူညီပေးခဲ့သည်။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ ယုတ်မာသော အကြံအစည်ကို တားဆီးပေးရုံသာမက ရှမ့်လန်ကို အိမ်ပြန်ပို့ပေးခဲ့သည်။

ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်သွားပြီးနောက် တော်ဝင်ရန်အင်ပါယာက လောကစစ်တပ် ထက်ဝက်နှင့် အင်အားစု ခြောက်ခုကို အမိန့်ပေးပြီး ရှမ့်လန်ကို ဖမ်းဆီးခိုင်းခဲ့၏။

ကျောက်စိမ်းဖြူမြို့တော်က မောက်မာစွာဖြင့် နှင်းလှေတစ်စင်းသာ စေလွှတ်ခဲ့ပြီး လူတစ်ယောက်မှ မပါဝင်ခဲ့ပေ။

ရှန့်ကုန်းဘုရားကျောင်းကလည်း လှေတစ်စင်းသာ စေလွှတ်ခဲ့သည်။ အလားတူပင် လူတစ်ယောက်မှ မပေါ်လာခဲ့ပေ။

တုံ့ကျန်း ဘုရားကျောင်းက နင်ရှောင်ကို အသုံးပြုပြီး ရွှဲ့ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့သည်။

နောက်ပိုင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်၊ ကောင်းကင် ပြစ်ဒဏ်နန်းဆောင်နှင့် တုံ့ကျန်းဘုရားကျောင်းတို့သည် လျှို့ဝှက်တပ်များကို စေလွှတ်ခဲ့ကြသည်။ ကျောက်စိမ်းဖြူမြို့တော် နှင့် ရှန့်ကုန်း ဘုရားကျောင်းသာ မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ကြခြင်းပင်။

ကျောက်စိမ်းဖြူမြို့သည် အင်အားကြီးမားသည်။ နှင်းရှိသော နေရာတိုင်းသည် သူတို့၏ ပိုင်နက် ဖြစ်သည်။ သို့သော်ငြား ရှန့်ကုန်း ဘုရားကျောင်းတွင် အခြေစိုက်စခန်း သို့မဟုတ် ပိုင်နက် နယ်မြေ မရှိပေ။ သူတို့၏ ရှေးဟောင်း ဘုရားကျောင်းကိုသာ စောင့်ကြပ်နေပြီး နယ်မြေချဲ့ထွင်ရန် ရည်ရွယ်ချက် မရှိပေ။

သို့သော်ငြား ထူးဆန်းသည်မှာ လောကပေါ်ရှိ မည်သည့် အင်အားစုကမှ ရှန့်ကုန်းဘုရားကျောင်းကို အထင်မသေးရဲ၊ အနိုင်မကျင့်ရဲကြပေ။ ရှမ့်လန် ရရှိထားသော သတင်းအချက်အလက် တစ်ခုမှာ ရှန့်ကုန်းဘုရားကျောင်းတွင် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကျောင်းထိုင်ဆရာတော်တစ်ပါး ရှိနေခြင်း ဖြစ်သည်။

ဤပုဂ္ဂိုလ် ရှိနေသရွေ့ မည်သူကမှ ရှန့်ကုန်း ဘုရားကျောင်းကို ရန်စရဲမည် မဟုတ်ပေ။ ဆရာတော် ကျိခုန်း ကြောင့်လည်း ရှန့်ကုန်း ဘုရားကျောင်းသည် သီးသန့် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ဆရာတော် ကျိခုန်းသည် မျက်နှာ အမှန်တကယ် မပြဖူးပေ။ သူ အလွန် အစွမ်းထက်ကြောင်း လူတိုင်း သိကြသော်လည်း ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေသည်။ ရှန့်ကုန်း ဘုရားကျောင်း၏ ကျောင်းထိုင် ဖြစ်လာခြင်းသည်ပင် အလွန် ရုတ်ခြည်းဆန်သည်။ ထိုမတိုင်မီက သူ့ကို ရှန့်ကုန်း ဘုရားကျောင်းတွင် မည်သူမှ မမြင်ဖူးခဲ့ကြပေ။

နောက်ပိုင်းဖြစ်ရပ်ကြီးများ၊ ရှမ့်လန်နှင့် ရင်ဝူမင်တို့၏ တိုက်ပွဲများ အပါအဝင် ကိစ္စရပ်များတွင် ကောင်းကင်ပင်လယ် နန်းဆောင်မှ ကျိုးရှီနှင့် စေတီတောင် ဂိုဏ်းချုပ်ရန်တို့ ပေါ်လာခဲ့ကြသော်လည်း ရှန့်ကုန်း ဆရာတော်သည် ပေါ်မလာခဲ့ပေ။

ယခု ရှမ့်လန်က သူသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ နောက်ဆုံး ဆက်ခံသူ ပါရမီရှင် ကန်ဝမ်း ဖြစ်ကြောင်း ပြောလိုက်သည်။ အကယ်၍ ဤအရာသာ မှန်ကန်ပါက အလွန် ထူးဆန်းပြီး ရယ်စရာ ကောင်းနေပေလိမ့်မည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် အလွန် အင်အားကြီးမားခဲ့ပြီး တုံ့ကျန်းနှင့် ရှန့်ကုန်း ဘုရားကျောင်းတို့ကို ခေါင်းမဖော်နိုင်အောင် လုပ်ခဲ့သည်။

ဧကရာဇ် ကျန်းလီက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးလိုက်ပြီးနောက် ဤအင်အားစု နှစ်ခု နိုးထလာကြသည်။ နောက်ဆုံးတွင် တစ်ဖွဲ့က တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ မိစ္ဆာကျင့်စဉ်ကို ရရှိခဲ့ပြီး၊ ကျန်တစ်ဖွဲ့က တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဆက်ခံသူကို သူတို့၏ ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်လိုက်ကြ၏။

ဤအချက်သည် ရှမ့်လန်အတွက် လျှို့ဝှက်ချက် ဖြစ်သော်လည်း နန်းဆောင်သခင် ကျိုးရှီ၊ စေတီတောင် သခင်နှင့် တော်ဝင်ရန်အင်ပါယာတို့ အတွက်မူ လျှို့ဝှက်ချက် မဟုတ်နိုင်ချေ။ ဤပုဂ္ဂိုလ် ရှန့်ကုန်း ဘုရားကျောင်း၏ကျောင်းထိုင် ဖြစ်လာခြင်းကို တော်ဝင်ရန်အင်ပါယာက သဘောတူခဲ့ပုံရသည်။ ဤလောကကြီးသည် ရယ်စရာ ကောင်းလွန်းလှသည်။

“ဆရာကြီး ကန်ဝမ်း... ရှန့်ကုန်းဘုရားကျောင်းက ဆရာတော် ကျိခုန်း... ကျုပ်ပြောတာ မှန်တယ်မလား။”

ရှေ့မှ အလင်းရောင် လင်းလက်လာပြီး ဘုန်းကြီး၏ မျက်နှာသည် နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့သည်။ ရှမ့်လန် ကြက်သေ သေသွားခဲ့ရ၏။

‘သောက်ကျိုးနည်း... ဒါ လောက အချောဆုံး ယောက်ျားလား။’

ကျားမ ခွဲခြားမရလောက်အောင် ချောမောလွန်းလှသည်။ ထို့အပြင် အသက် ၅၀၊ ၆၀ လောက် ရှိသင့်သော်လည်း အသက် ၃၀ ထက် မပိုသော ရုပ်ဖြစ်နေသည်မှာ သင့်တော်ပါ၏လား။ ဤမျက်နှာသည် ယောက်ျားများကို ရူးသွပ်သွားစေနိုင်ရုံသာမက မိန်းမများကိုလည်း ရူးသွပ်သွားစေနိုင်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် လရောင် ဖြာကျနေသကဲ့သို့၊ နွေဦးလေညင်း တိုက်ခတ်နေသကဲ့သို့ ခံစားရစေသည်။ အလွန် ရင်းနှီးနွေးထွေးလှ၏။ မိစ္ဆာဆန်လွန်းလှသည်။ ညှို့ယူဖမ်းစားနိုင်သော ပြုစားမှုတစ်ခုနှင့် တူသည်။

ထို့အပြင် ရှမ့်လန်သည် သူ၏ မျက်နှာက ရုပ်တုပေါ်ရှိ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် တကယ် တူနေကြောင်း သတိထားမိလိုက်သည်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် သူ့ကို ပျိုးထောင်ရန် အရင်းအမြစ်များ နှင့် အင်အား အကုန်အစင် သုံးစွဲခဲ့ပုံ ရသည်။ သူ့ကို စစ်မှန်သော တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဖြစ်လာစေရန် ရည်ရွယ်ခဲ့ပုံ ရ၏။

“အရှင် ရှမ့်လန်... မင်းက တကယ့်ကို ပါးနပ်တာပဲ။” ကန်ဝမ်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကျုပ်အဖေက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို တိုက်ခိုက်တုန်းက တော်ဝင်ကပ်ဘေး နတ်ဘုရား ကန်ထျန်တောင် သေဆုံးခဲ့ရတယ်။ ခင်ဗျားက မသေခဲ့ဘူးလား။”

“မင်းရော သေလို့လား။”

ဤစကားတစ်ခွန်းက အရာအားလုံးကို ရှင်းလင်းသွားစေခဲ့သည်။ ရှမ့်လန် အသက်ရှင်ဖို့ လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ ကန်ဝမ်း အသက်ရှင်ဖို့အတွက်လည်း လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ သူသည် အမြဲတမ်း လျှို့ဝှက်အဆန်းကြယ်ဆုံး လူတစ်ယောက် ဖြစ်ခဲ့သည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ပျက်စီးချိန်တွင် သူသည် အလွန့်အလွန် အစွမ်းထက်နေခဲ့ပြီ ဖြစ်၏။

“ဒါဆို ခင်ဗျား ဘယ်လိုလုပ် ရှန့်ကုန်း ဘုရားကျောင်းရဲ့ ကျောင်းထိုင် ဖြစ်လာတာလဲ။”

“ဘာလို့လဲဆိုတော့ ကျုပ်က ကန်ဝမ်း ဖြစ်နေလို့လေ။”

အံ့မခန်းပါပေ။ ရှန့်ကုန်း ဘုရားကျောင်း၏ ကျောင်းထိုင် ဖြစ်လာရန်အတွက် ဘုရားကျောင်းရှိ လူတိုင်းကို အနိုင်ယူရုံသာမက တော်ဝင်ရန်ဧကရာဇ်၏ ခွင့်ပြုချက်လည်း လိုအပ်ပေသည်။ ဤအရာကို ဖြစ်မြောက်စေရန် မည်မျှကြီးမားသော ဆွဲဆောင်မှု၊ ဉာဏ်ပညာနှင့် အရည်အချင်း လိုအပ်မည်နည်း။

“ဧကရာဇ် ကျန်းလီ သေဆုံးပြီးနောက် ဘယ်သူမှ ခင်ဗျားကို မဖိနှိပ်နိုင်တော့ဘူး မဟုတ်လား။ ခင်ဗျားက ကျုပ်ကို ဝင်စီးချင်တာပဲ မဟုတ်လား။ နေကြတ်ချိန် ရောက်ရင် သရဲမြို့တော်တံခါး ပွင့်မယ်ဆိုတာ ကျုပ်က ခန့်မှန်းရုံပဲ ရှိသေးပေမဲ့ ခင်ဗျားက သိပြီးသားမို့လို့ ဝင်ဖို့ ပြင်ဆင်နေခဲ့တာ မဟုတ်လား။ ခင်ဗျားရဲ့ သိုင်းပညာက မြင့်လွန်းတော့ ကျုပ်လူတွေက ခင်ဗျား ရှိနေတာကို လုံးဝ သတိမထားမိကြဘူး။ ကျုပ်နဲ့အတူ တံခါးထဲ ဝင်လာတုန်းကတောင် သူတို့ မမြင်ကြဘူး။”

“ဟုတ်တယ်။ ကျုပ် မင်းကို ဝင်စီးချင်တာ”

“ကျုပ် အသိမ်းခံလိုက်ရရင် လမ်းလျှောက်အလောင်းကောင် ဖြစ်သွားပြီး ကျုပ်ဝိညာဉ်က ထာဝရ ပျက်စီးသွားမှာပေါ့။ ဒါပေမဲ့ ခင်ဗျား ဘာလို့ ကျုပ်ကို ဝင်စီးချင်ရတာလဲ။ ကျုပ်ရဲ့ အထောက်အထား ကြောင့်လား။ ဒါမှမဟုတ် ကျုပ်ဆီမှာပါတဲ့ တစ်စုံတစ်ခုကြောင့်လား။”

“မင်း ကျုပ်ကို နားလည်ထားတာ သိပ်တိမ်လွန်းတယ်။”

“ကျုပ် နားလည်ပါပြီ။ ခင်ဗျား ကျုပ်ကို မဖြစ်မနေ ဝင်စီးရတော့မဲ့ အခြေအနေ ဖြစ်နေတာ။ ခင်ဗျား သရဲမြို့တော်ထဲ ဝင်လာတဲ့ ရည်ရွယ်ချက်က တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ နှစ်ထောင်ချီ ဝိညာဉ်အမွေကို ဆက်ခံဖို့လေ။ ဒါပေမဲ့... ခင်ဗျား ဆက်ခံလို့ မရမှန်း သိလိုက်ရတယ်။ ဘာလို့လဲဆိုတော့ တော်ဝင်ကပ်ဘေး နတ်ဘုရား ရွေးချယ်တဲ့ ဆက်ခံသူက ကျုပ် ဖြစ်နေလို့ပဲ။ ဒါကြောင့် ခင်ဗျားက ကျုပ်ကို ဝင်စီးပြီး ကျုပ်က တဆင့် တော်ဝင်ကပ်ဘေး နတ်ဘုရားရဲ့ အမွေကို ဆက်ခံချင်တာ မဟုတ်လား။”

“အရှင် ရှမ့်လန်... မင်း တကယ်ပဲ ထက်မြက်လွန်းတယ်။”

“တကယ်တော့ ကျုပ်လည်း အရမ်း အံ့သြနေရတယ်။ ခင်ဗျားက တော်ဝင်ကပ်ဘေး ဘုရားကျောင်းရဲ့ ဆက်ခံသူ အစစ်အမှန် ဖြစ်ပါလျက်နဲ့ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ နှစ်ထောင်ချီ ဝိညာဉ်က ဘာလို့ ကျုပ်ကို ရွေးချယ်ရတာလဲ။ ဒါက အရမ်း ထူးဆန်းလွန်းတယ်။ ကျုပ်က တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် အစစ်လား။ ဒါ... ဒါက မယုံနိုင်စရာ ကောင်းလွန်းတယ်။”

ထိုအချိန်၌ နောက်ထပ် အလင်းရိပ်တစ်ခု လင်းလက်လာပြီး ဖြည်းညင်းစွာ ပျံဝဲလာခဲ့သည်။ ဤအရာသည် ရေခူကောင် အလင်းရိပ်နှင့် တူနေသည်။ မရှိသကဲ့သို့ ပေါ့ပါးလှ၏။

သေချာ ကြည့်လိုက်သောအခါ လူ့ဦးနှောက် ပုံသဏ္ဍာန် အလင်းရိပ် ဖြစ်နေသည်။ အတွင်းတွင် ကြယ်သန်းပေါင်းများစွာ ပါဝင်နေသကဲ့သို့ မရေမတွက်နိုင်သော အလင်းများ လက်နေသည်။ ၎င်းသည် စစ်မှန်သော တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ နှစ်ထောင်ချီ ဝိညာဉ် ဖြစ်ပေသည်။

၎င်းသည် ရှမ့်လန်ထံသို့ ဖြည်းညင်းစွာ ပျံသန်းလာခဲ့သည်။ စစ်မှန်သော ဝိညာဉ် လက်ဆင့်ကမ်းမှု စတင်တော့မည်။

…………………

ထိုအရာ နီးကပ်လာသောအခါ ၎င်းသည် စိတ်ကူးယဉ် စွမ်းအင် သတ္တဝါ မဟုတ်ဘဲ စစ်မှန်သော တိရစ္ဆာန် တစ်ကောင် ဖြစ်နေကြောင်း ရှမ့်လန် တွေ့ရှိလိုက်ရသည်။ ရေခူကောင်နှင့် တူခြင်း၊ ဦးနှောက်နှင့် တူခြင်းမှာ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်၏။

၎င်းသည် ရှေးဟောင်း သတ္တဝါ တစ်ကောင် ဖြစ်နိုင်သည်။ အလေးချိန် မရှိသကဲ့သို့ ပေါ့ပါးပြီး ရေခူကောင်နှင့် တကယ် တူနေသည်။ ပိုမို နီးကပ်လာလေလေ၊ ၎င်း၏ ခန္ဓာကိုယ်ထဲမှ လက်နေသော အလင်းများကို ခံစားမိလေလေ ဖြစ်သည်။ ၎င်းသည် မရေမတွက်နိုင်သော ဝိညာဉ်မှတ်ဉာဏ်များ ဖြစ်နိုင်၏။ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။

ထို့အပြင် ငါးကန်ထဲမှ ရေခူကောင်ကဲ့သို့ လုံးဝ အန္တရာယ် မရှိပုံ ပေါက်နေသည်။ ပင်လယ်ထဲတွင် အဆိပ်ရှိသော ရေခူကောင်များ ရှိသော်လည်း အများစုမှာ ရွေ့လျားနေသော ပန်းပွင့်များနှင့် တူသည်။ ရှေးဟောင်း လောကကြီးသည် အလွန် ဆန်းကြယ်သည်။ ဤကဲ့သို့ သတ္တဝါမျိုးပင် ရှိနေသေး၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းသည် ကြီးမားသော သိုလှောင်ပစ္စည်းတစ်ခု၊ ဇီဝ USB တစ်ခုနှင့် တူနေသည်။ ကွာခြားချက်မှာ USB သည် သတင်းအချက်အလက်များကို သိုလှောင်ထားပြီး ဤသတ္တဝါသည် မရေမတွက်နိုင်သော မှတ်ဉာဏ်များကို သိုလှောင်ထားခြင်း ဖြစ်သည်။

ကန်ဝမ်းသည် ပျံဝဲနေသော ဝိညာဉ်သယ်ဆောင်သူကို အလွန် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ သူသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်းက ပျိုးထောင်ထားသော ဆက်ခံသူ ဖြစ်သည်။ သဘာဝကျကျ ဆိုလျှင် သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်ကို ရရှိသင့်သည် မဟုတ်ပါလား။

ယခု အဘယ်ကြောင့် သူ မဟုတ်ရသနည်း။

ရှမ့်လန် ခန့်မှန်းခဲ့သည့် အတိုင်းပင် ကန်ဝမ်းသည် သရဲမြို့တော်တံခါး ပွင့်မည့်အချိန်ကို ကြိုသိနေခဲ့သည်။ ထို့ကြောင့် ဝိညာဉ် အမွေဆက်ခံရန် စောစီးစွာ လာရောက် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် ရှမ့်လန်နှင့် သူ့လူများကိုလည်း စောစီးစွာ တွေ့ရှိခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

နေကြတ်ပြီးနောက် သရဲမြို့တော် ပွင့်လာသောအခါ သူတို့နှစ်ဦး တစ်ချိန်တည်းနီးပါး ဝင်ရောက်လာကြသည်။ ကန်ဝမ်းက အနည်းငယ် စောသေးသည်။ သူ၏ လျှို့ဝှက်ချက် မပေါ်ပေါက်စေရန် သရဲမြို့တော်ထဲ ဝင်ရောက်ပြီးနောက် ကန်ဝမ်းသည် သူ၏ အစွမ်းထက်သော စိတ်စွမ်းအားဖြင့် ရှမ့်လန်၏ အတွေးများကို ပိတ်ဆို့လိုက်ပြီး ထာဝရ အမှောင်ထုထဲသို့ ကျရောက်စေခဲ့သည်။

ရှမ့်လန်အနေဖြင့် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်သယ်ဆောင်သူကို မမြင်တွေ့စေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ ကန်ဝမ်းသည် လက်ဆင့်ကမ်းမှု ပြီးဆုံးပါက တိတ်တဆိတ် ထွက်ခွာသွားရန် စီစဉ်ထားခဲ့ပြီး ရှမ့်လန်ကို လုပ်ငန်းစဉ်အား မြင်တွေ့ခွင့် ပေးမည် မဟုတ်ပေ။

သို့သော်ငြား သူ ကျရှုံးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်သည် သူ့ထံသို့ မလာဘဲ ရှမ့်လန်ထံသို့ ပျံသန်းသွားခဲ့သည်။ ကန်ဝမ်းသည် မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ တားဆီးရန် ကြိုးစားခဲ့သော်လည်း ဤရေခူကောင်နှင့် တူသော ဝိညာဉ် သယ်ဆောင်သူသည် ရှမ့်လန်ထံသို့ ခေါင်းမာစွာ ပျံသန်းသွားခဲ့သည်။

ထိုအချိန်တွင် ကန်ဝမ်း၏ နှလုံးသားထဲ၌ ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်နေခဲ့၏။

‘ဘာကြောင့်လဲ။ ဘာအကြောင်းကြောင့်လဲ။ ကျုပ် ကန်ဝမ်းက တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ပါရမီရှင်၊ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ စစ်မှန်သော ဆက်ခံသူ၊ ကျုပ်ရဲ့ ရုပ်ရည်ကလည်း တိုတမ်ပေါ်က ဉာဏ်ပညာဘုရင်နှင့် ထပ်တူကျနေသည်။ ရှမ့်လန်က ဘယ်သူမို့လို့လဲ။ သူက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဖျက်ဆီးခဲ့တဲ့ ရန်သူ ကျန်းလီရဲ့ သားလေ။’

ကန်ဝမ်းသည် လက်ဆင့်ကမ်းမှုကို လက်ခံရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ ထို့နောက် သူ အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့သည်။ သူ ရွေးချယ်မှု ပြုလုပ်ရတော့မည်။ ဤခန္ဓာကိုယ်ကို ရွေးချယ်မည်လား။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်မှတ်ဉာဏ်ကို ရွေးချယ်မည်လား။

ကြည့်ရသည်မှာ လက်ဆင့်ကမ်းမှုကို လက်ခံရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ထိုအရာမှာ ရှမ့်လန်ကို ဝင်ရောက်စီးနင်းခြင်း ဖြစ်၏။ သို့သော်ငြား ထိုသို့ လုပ်ဆောင်ပါက သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကို စွန့်လွှတ် ရပေမည်။ သူသည် လက်ရှိ ကျင့်ကြံမှု အဆင့်ရောက်ရန် ဆယ်စုနှစ်များစွာ ကျင့်ကြံခဲ့ရပြီး ရှမ့်လန်မှာမူ လုံးဝ အားနည်းနေသူ ဖြစ်သည်။

ရှမ့်လန်ကို ဝင်စီးလိုက်သည်နှင့် သူ၏ဆုံးရှုံးမှုသည် ကြီးမားလွန်းလှသည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်တစ်ခုတည်း အတွက်နှင့် တန်ပါ့မလား။ နောက်ဆုံးတွင် သူသည် ခန္ဓာကိုယ်ကို စွန့်လွှတ်ရန် ရွေးချယ်လိုက်၏။

သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်ကို လိုချင်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ အန္တိမတာဝန် ဖြစ်သောကြောင့်ပင်။ သူသည် ဤအခိုက်အတန့်အတွက် တစ်ဘဝလုံး နေထိုင် လာခဲ့ခြင်း ဖြစ်သည်။ သူ၏ အသက်သည်ပင် ဤအခိုက်အတန့်အတွက် ဖြစ်သည်။

ထို့ကြောင့် စောစောက မြင်ကွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သူသည် ရှမ့်လန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် သူ၏ စွမ်းရည် အကုန်ထုတ်သုံးခဲ့သည်။ သို့သော်ငြား ပူးကပ်ခြင်းသည် အလွန့် အလွန် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ခဲ့၏။

အပိုင်း (၁၁၃၈)

လူတစ်ယောက်၏ ဦးနှောက်သည် အခိုင်မာဆုံး ခံတပ် ဖြစ်သည်။ အားအနည်းဆုံး လူတစ်ယောက်၏ ဦးနှောက် ခံစစ်သည်ပင် အလွန် သန်မာသည်။ ဖျက်ဆီးပစ်ရန် လွယ်ကူသော်လည်း အကောင်းပကတိ သိမ်းပိုက်ရန်မူ အလွန် ခက်ခဲသည်။ တစ်ဖက်လူက ၁၀၀ ရာခိုင်နှုန်း သဘောတူပြီး ခုခံလိုစိတ် လုံးဝ မရှိမှသာ ဖြစ်နိုင်ပေမည်။

ကန်ဝမ်းသည် လုံလောက်အောင် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး ဟာကွက် မပြသခဲ့ပေ။ သို့သော်ငြား ရှမ့်လန်သည် ကောက်ကျစ်လွန်းလှသည်။ ဟာကွက်ကို မြင်တွေ့သွားခဲ့သောကြောင့် သူ၏ ပူးကပ်ခြင်း ကျရှုံးသွားခဲ့ရသည်။

ယခု သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်သယ်ဆောင်သူ ရှမ့်လန်ထံသို့ ပျံသန်းသွားသည်ကို ကြည့်နေရသည်။ ကန်ဝမ်း၌ ရွေးချယ်စရာတစ်ခု ရှိသေးသည်။ ၎င်းကို ဖျက်ဆီး ပစ်လိုက်ခြင်း ဖြစ်၏။

နောက်ထပ် ရွေးချယ်စရာ တစ်ခုလည်း ရှိသေးသည်။ ရှမ့်လန်ကို ဖျက်ဆီးပစ်ခြင်း၊ ရှမ့်လန်ကို သတ်ပစ်ခြင်း ဖြစ်သည်။

“ဆရာကြီး ကန်ဝမ်း... ခင်ဗျား ဒီလက်ဆင့်ကမ်းမှုကို တားချင်ရင် ကျုပ်ကို တိုက်ရိုက် သတ်ပစ်လို့ ရပါတယ်။”

ကန်ဝမ်း အသံမထွက်ခဲ့ပေ။ ဤအချိန်၌ ရှမ့်လန်ကိုသတ်ရန်မှာ သူ့အတွက် လွယ်ကူလွန်းသည်။ သို့သော်ငြား သူ မလှုပ်ရှားခဲ့ပေ။ အရာအားလုံးကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူ၏ ဦးနှောက်သည် ရုန်းကန်နေရ၏။ ရှမ့်လန်ကို သတ်လိုက်လျှင် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်သည် သူ့ကို မလွှဲမရှောင်သာ လက်ဆင့်ကမ်းရတော့မည် မဟုတ်ပါလား။

ရေခူကောင်နှင့် တူသောအရာသည် ရှမ့်လန်၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ပျံသန်းလာပြီး ထီးတစ်ချောင်းကဲ့သို့ ပွင့်ကားသွားကာ ရှမ့်လန်၏ ခေါင်းကို တဖြည်းဖြည်း လွှမ်းခြုံလိုက်သည်။

ရှမ့်လန် အသက်ရှူအောင့်ထားလိုက်မိသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် ရှိနေသည်ကို တဖြည်းဖြည်း ပြန်လည် ခံစားလာရသည်။ သေဆုံးခြင်းနှင့် အထီးကျန်ခြင်း ခံစားချက်များ ပျောက်ကွယ်သွားခဲ့၏။ ခန္ဓာကိုယ် မလှုပ်ရှားနိုင်သေးသော်လည်း အနည်းဆုံးတော့ ခံစားလို့ ရနေပြီ ဖြစ်၏။

မကြာမီ ဤရေခူကောင်နှင့် တူသော အရာသည် သူ၏ ခေါင်းတစ်ခုလုံးကို လုံးဝ ဖုံးအုပ်လိုက်သည်ကို ခံစားလိုက်ရသည်။ သို့သော်ငြား မွန်းကြပ်သော ခံစားချက် မရှိပေ။ အေးမြသော ခံစားချက်ကိုသာ ရရှိသည်။ ဤမြင်ကွင်းသည် Alien ရုပ်ရှင်ထဲမှ Facehugger နှင့် အနည်းငယ် တူနေသည်။

မိနစ်အနည်းငယ် ကြာသောအခါ ရှမ့်လန်၏ ခေါင်းတစ်ခုလုံး လုံးဝ ဖုံးအုပ်ခံလိုက်ရသည်။ ထို့နောက် ဦးနှောက်ထဲသို့ တစ်စုံတစ်ရာ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ကျင်ခနဲ ခံစားလိုက်ရသည်။

‘ဒီလိုမျိုး လက်ဆင့်ကမ်းမှု ဖြစ်နေတာကိုး။ သက်ရှိဆန်လွန်းတယ်။ ငါ စိတ်ကူးထားတာနဲ့ လုံးဝ မတူဘူး။’

ထို့နောက် မရေမတွက်နိုင်သော စိတ်စွမ်းအားများ၊ ဝိညာဉ်များနှင့် ဝိညာဉ်မှတ်ဉာဏ်များသည် ရှမ့်လန်၏ ဦးနှောက်ထဲသို့ ဒလဟော ဝင်ရောက်လာကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ၏ဦးနှောက် ဗလာ ဖြစ်သွားပြီး အတွေးများအားလုံး ပျောက်ဆုံးသွားခဲ့သည်။ ကွန်ပျူတာ Crash ဖြစ်သွားသကဲ့သို့ ဖြစ်သည်။

ထိုအချိန်၌ပင် သရဲမြို့တော် တစ်ခုလုံးရှိ ပိုးစုန်းကြူးနှင့် တူသော အရာများစွာ လင်းလက်လာကြသည်။ သောင်းချီ၊ သိန်းချီသော အရာများသည် ရှမ့်လန်၏ ဦးနှောက်ဆီသို့ ပျံသန်းလာကြ၏။

“ရွှီး... ရွှီး... ရွှီး...”

ပိုးစုန်းကြူးနှင့် တူသော အရာများသည် မီးတောက်ထဲသို့ တိုးဝင်လာသော ပိုးဖလံများကဲ့သို့ ရှမ့်လန်၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာကြသည်။ မကြာမီ အားလုံး ပျောက်ကွယ်သွားခဲ့၏။ ဖြစ်စဉ် တစ်ခုလုံးတွင် ရှမ့်လန်သည် မည်သည့်အရာကိုမှ မခံစားခဲ့ရပေ။ လုံးဝ ဗလာသက်သက်သာ ဖြစ်နေသည်။

………….

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပေ။ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသကဲ့သို့ ဖြစ်နေသည်။ သူ သတိပြန်ဝင်လာသောအခါ ရင်းနှီးနေသော ခံစားမှုတစ်ခု ရရှိလိုက်၏။

သူ၏ ခန္ဓာကိုယ် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေပြီး ဟင်းလင်းပြင်ထဲတွင် တိတ်တဆိတ် မျောလွင့်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ တည်ရှိမှုကို လုံးဝ အာရုံမခံနိုင်ပေ။

သေခြင်းတရားနှင့် အထီးကျန်ခြင်း ဆိုသည်မှာ ဦးနှောက်ကသာ တွေးခေါ်နိုင်ပြီး တခြားမည်သည့်အရာကိုမှ မမြင်ရ၊ မကြားရသည့် အခြေအနေမျိုး ဖြစ်သည်။

‘ဒါက ဝိညာဉ် လက်ဆင့်ကမ်းမှုလား။ ပြန်လည် မွေးဖွားလာသလို ဖြစ်နေပြီ။’

အချိန်အတော်ကြာမှသာ အရာအားလုံး ပုံမှန် ပြန်ဖြစ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြန်လည် အာရုံခံနိုင်လာပြီး အကြားအာရုံနှင့် အသိစိတ် ပြန်ဝင်လာခဲ့သည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပြန်ရလာခဲ့သည်။ သူသည် အားကုန်သုံးပြီး မျက်လုံးများကို ဖွင့်လိုက်၏။

သူသည် တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးများကြားတွင် ရှိနေဆဲ ဖြစ်သည်။ အပြင်ဘက်တွင် နှင်းမုန်တိုင်း ကျရောက်နေသည်။ ဓားဘုရင် လီချင်းချိုး၊ ရွှယ်ရင်နှင့် အခြားသူ ဆယ်ဦးခန့်သည် သူ့ကို ဝိုင်းရံထားကြသည်။

“အရှင်... နောက်ဆုံးတော့ နိုးလာပြီပဲ။”

“အရှင်... အရှင် ဘယ်တော့မှ နိုးမလာတော့ဘူးလို့တောင် ထင်နေမိတာ။”

ပညာရှင်ပန်ရော့၏ စကားကြောင့် လူတိုင်းသည် သူမကို ဝိုင်းကြည့်လိုက်ကြသည်။

‘မင်း ... မင်း စကားပြောတတ်ရဲ့လား။’

“ကျုပ် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲ။”

“နှစ်ဝက်လောက် ရှိပြီ။”

ရွှယ်ရင်က ဖြေလိုက်၏။ “မင်းက အသီးအရွက် လူသားတစ်ယောက်လို ဖြစ်နေတာ။ ဘာကိုမှ မခံစားနိုင်ပေမဲ့ ခန္ဓာကိုယ်ကတော့ ပုံမှန်ပဲ။”

‘ဒီလောက် ကြာသွားတာလား။’ ရှမ့်လန် အံ့သြသွားခဲ့ရသည်။

ဝိညာဉ် လက်ဆင့်ကမ်းမှုသည် အလွန် အန္တရာယ်များပုံ ရသော်လည်း ရှမ့်လန်အတွက်မူ စိတ်ချရမည်ဟု ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှေးဟောင်းဘုရင်လက်စွပ်နှင့် ထူးခြားသောသွေးမျိုးဆက်သည် စွမ်းအင်ထိခိုက်မှုများကို တွန်းလှန် နိုင်သောကြောင့် ဖြစ်၏။

အမှန်တကယ်တွင် လက်ဆင့်ကမ်းမှု လုပ်ငန်းစဉ် တစ်ခုလုံးသည် ထိုကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် ပူးကပ်ခြင်း လုံးဝ မဟုတ်ပေ။ ဥပမာပေးရလျှင် လက်ဆင့်ကမ်းခြင်း ဆိုသည်မှာ ကွန်ပျူတာ Upgrade လုပ်လိုက်ပြီး ဒေတာ အသစ်များစွာ ထည့်သွင်းလိုက်ခြင်းနှင့်တူသည်။

ပူးကပ်ခြင်း ဆိုသည်မှာ Format ချလိုက်ပြီး စနစ်သစ် ပြန်တင်လိုက်ခြင်းနှင့် တူသည်။ ဒေတာ အဟောင်းများ အားလုံး ပျောက်ဆုံးသွားပေလိမ့်မည်။

သို့သော်ငြား သူ နှစ်ဝက်လောက် သတိမေ့သွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

“အရှင်... အခု ဘယ်လို နေသေးလဲ။”

ဘယ်လို နေမည်နည်း။ ဟုတ်ပေသည်။ ဤအရာက တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ နှစ်ထောင်ချီ ဝိညာဉ်ဖြစ်သည်။

‘ဘယ်လိုနေရာမလဲ။ သေချာပေါက် သောက်ကြမ်းကြီး ဖြစ်နေရမှာပေါ့။ ဒါက လောကသစ်တစ်ခုရဲ့ တံခါးကို ဖွင့်လိုက်သလိုပဲလေ။ သောက်ရမ်းကြမ်းတဲ့ မှတ်ဉာဏ်တွေမဟုတ်လား။ ‘

သို့နှင့် ရှမ့်လန်သည် သူ၏ ဦးနှောက်ကို ရှာဖွေကြည့်လိုက်သည်။ ဘာမှ မတွေ့ရပေ။ မှတ်ဉာဏ်အသစ် ဆိုသည်မှာ လုံးဝ မရှိ။ သူ၏ ဦးနှောက်သည် မူလအတိုင်းသာ ရှိနေပြီး အပိုဆောင်း ဘာမှ မရှိပေ။

‘ဘာ... ဘာဖြစ်တာလဲ။ ကျုပ် လက်ဆင့်ကမ်းမှု အတုနဲ့ ကြုံလိုက်ရတာလား။ ပူးကပ်ခြင်း မဟုတ်တာ ထားပါတော့။ တဖက်လူက ကျုပ်ဦးနှောက်ထဲမှာ ဘာမှ ချန်မထားခဲ့ဘူးလား။ မဖြစ်နိုင်တာ။’

မှတ်တမ်းများအားလုံး ရှင်းလင်းစွာ ဖော်ပြထားသည်။ တော်ဝင်ကပ်ဘေး နတ်ဘုရား၏ လက်ဆင့်ကမ်းမှု သည် ဆက်ခံသူ အသစ်၏ ဦးနှောက်ထဲတွင် မှတ်ဉာဏ်များနှင့် ဉာဏ်ပညာများစွာ ချန်ထားရစ်ခဲ့သည်ဟု ဆိုသည်။

အဘယ်ကြောင့် သူ၏ ဦးနှောက်ထဲမှာ ဘာမှ မရှိရသနည်း။

ထို့နောက် ရှမ့်လန်သည် AI ကို ဖွင့်ကြည့်လိုက်ရာ ထိုထဲတွင်လည်း ဘာမှမရှိကြောင်း တွေ့ရသည်။ AI သည် စနစ်တစ်ခု မဟုတ်သဖြင့် ဦးနှောက်ထဲတွင် အပိုဆောင်း တစ်စုံတစ်ရာ ရှိ၊ မရှိ မေး၍ မရပေ။ သို့သော်ငြား AI သည် ပမာဏကို တိုက်ရိုက် ပြသနိုင်သည်။ ထို့နောက် ရှမ့်လန်သည် သူ၏ ဦးနှောက်ထဲတွင် အရာများစွာ ပိုမို ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရပြီး အံ့အားသင့်သွားခဲ့၏။

‘ကောင်းကင်ဘုံ ... များလိုက်တာ။’

တိုက်ရိုက် လေ့လာကြည့်လိုက်သောအခါ သူ၏ ဦးနှောက် သိုလှောင်နိုင်စွမ်းသည် ကြောက်ခမန်းလိလိ TB ဘီလျံချီ ရှိနေသည်။ ယခင်က ရှမ့်လန်သည် ၁၀ ရာခိုင်နှုန်းပင် အသုံးမပြုခဲ့ပေ။ ယခုမူ ရှမ့်လန်၏ ဦးနှောက် နေရာလွတ် ၅၀ ရာခိုင်နှုန်း ခန့် အသုံးပြုထားပြီး ဖြစ်နေသည်။

ဆိုလိုသည်မှာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ် လက်ဆင့်ကမ်းမှုမှ ရရှိသော ဒေတာ ပမာဏသည် ရှမ့်လန်၏ မူလ မှတ်ဉာဏ် အားလုံးပေါင်း၏ ၁၀ ဆခန့် ရှိနေခြင်း ဖြစ်သည်။ မည်မျှ ကြောက်စရာ ကောင်းသည့် မှတ်ဉာဏ်များ ဖြစ်သနည်း။

ထို့အပြင် ရှမ့်လန်၏ မူလ မှတ်ဉာဏ်များသည် နှစ်ပေါင်း ၄၀၊ ၅၀ စာ လူ့ဘဝ အတွေ့အကြုံများ ဖြစ်ပြီး ရှုပ်ထွေးပွေလီသော ဘဝအစိတ်အပိုင်းများစွာ ပါဝင်နေသည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ လက်ဆင့်ကမ်း ဝိညာဉ်မှတ်ဉာဏ်များသည် အလွန် အရေးကြီးပြီး အသုံးဝင်သော အရာများ ဖြစ်နိုင်၏။ ဤမျှ များပြားသော ဒေတာ ပမာဏသည် စာကြည့်တိုက် တစ်ခုတည်းမှ မဟုတ်နိုင်ပေ။ ကောင်းကင်ပင်လယ် နန်းဆောင်၏ စာကြည့်တိုက်များ အားလုံးပေါင်းထက်ပင် ပိုမို များပြားနိုင်သည်။

သို့သော်ငြား ရှမ့်လန်သည် ဤဝိညာဉ်မှတ်ဉာဏ်များကို လုံးဝ ဖတ်ရှု၍ မရနိုင်ပေ။ ကွန်ပျူတာ Hard Drive ထဲမှ Hidden Folder များကဲ့သို့ ဖြစ်နေသည်။ အနည်းဆုံးတော့ ယခုအချိန်တွင် ရှမ့်လန်၌ ဖတ်ရှုခွင့် (Authority) မရှိသေးပေ။

‘ဘာဖြစ်တာလဲ။’

ရှမ့်လန်သည် ဤကြောက်မက်ဖွယ် ကောင်းလောက်အောင် များပြားသော မှတ်ဉာဏ်များကို ရှာဖွေရန် နည်းလမ်းပေါင်းစုံ ကြိုးစားသော်လည်း မည်သည့်အရာမှ မတွေ့ရှိခဲ့ပေ။

‘ဒီဝိညာဉ်မှတ်ဉာဏ်တွေကို ကျုပ်ဦးနှောက်ထဲ ထည့်ပေးထားပေမဲ့ ဖတ်လို့ မရဘူးတဲ့လား။ ဘာသဘောလဲ။’

သူ အကြိမ်ကြိမ် ကြိုးစားသော်လည်း အားလုံး ကျရှုံးခဲ့ရသည်။ နောက်ဆုံးတွင် လက်လျှော့လိုက်ရ၏။

ဤအရာက ဘာနှင့်တူသနည်း။

ရှမ့်လန်သည် “Game of Thrones” ဇာတ်လမ်းတွဲထဲမှ မျက်လုံးလှန်ရုံသာတတ်သော Bran ကို သတိရလိုက်မိသည်။ သူသည် လူ့သမိုင်း တစ်ခုလုံး၏ မှတ်ဉာဏ်များ ရှိသော မျက်လုံးသုံးလုံး ကျီးကန်း ဖြစ်သော်လည်း အသုံးမကျခဲ့ပေ။ အရေးကြီးသောတိုက်ပွဲတွင် မျက်လုံး အနည်းငယ် လှန်ပြရုံသာ တတ်နိုင်ခဲ့သည်။

တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ဝိညာဉ်မှတ်ဉာဏ်များသည် ဤကဲ့သို့ပင် ဖြစ်နေသည်လား။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် မီးနဂါး ကြယ်တံခွန်၏ တိုက်ခိုက်မှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်း၏ အမည်သည်ပင် နေကြတ်ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်ရာ ဤမှတ်ဉာဏ်များသည် အလွန် အရေးကြီးပြီး လောကကံကြမ္မာကိုပင် ဆုံးဖြတ်နိုင်ကြောင်း ရှမ့်လန် သိထား၏။

ထို့ကြောင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းတွင် တာဝန် တစ်စုံတစ်ရာ ရှိရပေမည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် အသက်ကြာရှည် မနေနိုင်မှန်း သိသဖြင့် သူ၏ ဝိညာဉ်မှတ်ဉာဏ်များကို လက်ဆင့်ကမ်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်မည်။

သူက နောက်ဆုံး မျိုးဆက် ဖြစ်နေသည် မဟုတ်လား။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် အနေဖြင့် မည်သည့် တာဝန် ရှိသင့်သနည်း။

ရှမ့်လန်သည် ကန်ဝမ်းကို ချက်ချင်း သတိရလိုက်သည်။ တော်ဝင်ကပ်ဘေး နတ်ဘုရား၏ ဆက်ခံသူ အနေဖြင့် သူ ပိုသိနိုင်သည် မဟုတ်ပါလား။ “ခင်ဗျားတို့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ကို တွေ့မိကြလား။ ဘုန်းကြီးတစ်ပါးလေ။ ကျားမ ခွဲမရဘူး။ ကျုပ်ထက်တောင် ပိုချောသေးတယ်။”

လီချင်းချိုး၊ ရွှယ်ရင်နှင့် ပန်ရော့တို့ ခေါင်းခါလိုက်ကြသည်။

‘ကန်ဝမ်းက တကယ် မိုက်တာပဲ။ ကိုယ်ပျောက်နေ သလိုပဲ။ သူက တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးထဲ ရောက်လာပြီး ငါ့ကို ဝင်စီးဖို့ ကြိုးစားခဲ့တာတောင် မဟာပညာရှင် ဘယ်သူမှ သတိမထားမိကြဘူး။ အခုတော့ သူ ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားပြီ။’

“အရှင်... စိတ်စွမ်းအားတွေ ပေါက်ကွဲထွက်မတတ် တိုးလာတာ ခံစားမိလား။” ရွှယ်ရင်က မေးလိုက်၏။

မှန်ပေသည်။ ဤသည်မှာ ရှမ့်လန်၏ အရေးအကြီးဆုံး ရည်မှန်းချက် ဖြစ်သည်။ စိတ်စွမ်းအား ပေါက်ကွဲထွက်အောင် တိုးမြှင့်ပြီး ရင်ကွမ်းနှင့် စေတီတောင် သခင်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ သို့သော်ငြား ယခု ကြည့်ရသည်မှာ သေတ္တာလိုချင်၍ ပုလဲ ပြန်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ အမွေတွင် အရေးအကြီးဆုံးအရာမှာ လောကကံကြမ္မာနှင့် သက်ဆိုင်သော ဝိညာဉ်မှတ်ဉာဏ်များဖြစ်ပြီး စိတ်စွမ်းအား တိုးမြှင့်ခြင်းမှာ ဘေးထွက်ဆိုးကျိုး သက်သက်သာ ဖြစ်နေ၏။

ထိုသို့ဖြစ်လျှင် ရှမ့်လန်၏ စိတ်စွမ်းအား တိုးလာသည်လား။ သူ မသိချေ။ ဤအရာသည် တိုင်းတာ၍ မရသလို ခံစား၍လည်း မရနိုင်သော အရာ ဖြစ်သည်။ နဂါးဓားသာ လက်ထဲတွင် ရှိပါက စွမ်းအင်ဝဲကတော့ ထုတ်လွှတ်ပြီး စမ်းသပ်ကြည့်နိုင်၏။ ထို့အပြင် စိတ်စွမ်းအားနှင့် စွမ်းအင်သည် မတူညီပေ။ ရှမ့်လန်သည် ယခုမှ နိုးလာခြင်း ဖြစ်ပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။

ရှမ့်လန် အပြင်ဘက်သို့ ကြည့်လိုက်သည်။ လေအေးများ တိုက်ခတ်နေပြီး နှင်းများ သည်းထန်စွာ ကျဆင်းနေ၏။ သူ နှစ်ဝက်ကျော် အိပ်ပျော်သွားခဲ့ရာ ယခု အောက်တိုဘာလလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခင်က သူသည် အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ၊ အသေးစား နဂါးအရှိန်အဝါများနှင့် ငရဲမီး အမြောက်များကို အမြောက်အမြား ထုတ်လုပ်ရန် နှစ်ဝက် အချိန်ယူရမည်ဟု ပြောခဲ့ဖူးသည်။ ထို့နောက် တော်ဝင်ချန်အင်ပါယာ တပ်တော်သစ်ကို လက်နက် တပ်ဆင်ပေးမည်ဟု ဆိုခဲ့၏။

ယခု နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီ။ ယခင် အချိန်များနှင့် ပေါင်းပါက စုစုပေါင်း ၈ လခန့် ရှိပြီ ဖြစ်သည်။ သူ၏ တပ်တော်သစ်သည် အဆင်သင့် ဖြစ်နေလောက်ပြီ။

“သွားကြစို့... နုရှောင့်မြို့ကို ပြန်ကြမယ်။” ရွှယ်ရင်က လေချွန်လိုက်သည်။

အသံလှိုင်း သားရဲသည် ကောင်းကင်မှ ဆင်းသက်လာခဲ့၏။ လွန်ခဲ့သော နှစ်ဝက်အတွင်း ၎င်းသည် တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးနှင့် နုရှောင့်မြို့ကြား အသွားအပြန် ပျံသန်းရင်း ရူးသွပ်မတတ် ပျင်းရိခဲ့ရ၏။

……………..

နှစ်ရက် ကြာသောအခါ ရှမ့်လန်သည် နုရှောင့်မြို့ မြို့တော်သို့ လျှို့ဝှက်စွာ ပြန်ရောက်လာခဲ့သည်။

“ချန်မြို့တော် အခြေအနေ ဘယ်လိုလဲ။ မဲပေးပွဲ ပြီးပြီလား။”

မင်းသားကျင်းက ဖြေကြားလိုက်၏။ “မင်းသားလျန်က အင်ပါယာကို အစီရင်ခံခဲ့ပါတယ်။ တော်ဝင်ရန် အိမ်ရှေ့စံက ချန်နိုင်ငံသစ် ပြည်သူ သန်းပေါင်းများစွာကို မဲပေးခွင့် ပြုလိုက်ပါပြီ။ ကျန်းမျိုးနွယ်စုကို သစ္စာခံမလား၊ ရင်မျိုးနွယ်စုကို သစ္စာခံမလား ဆိုတာ ဆုံးဖြတ်ခိုင်းလိုက်ပါတယ်။ နှစ်ဝက် အတွင်းမှာ မှန်က အရှင်အဖြစ် ဟန်ဆောင်ပြီး မြို့တိုင်း၊ ရွာတိုင်းကို သွားရောက် မိန့်ခွန်းဟောပြောခဲ့တယ်။”

“သူ့ကို လူတွေ ရိပ်မိကြလား။”

“မရိပ်မိပါဘူး။ တကယ်တော့ သူက အစားထိုးသူနဲ့တောင် မတူတော့ဘူး။ အရှင်ထက်တောင် ပိုပြီး အရှင် ပီသနေသေးတယ်။ တော်ဝင်ချန်အင်ပါယာအပေါ် ထားရှိတဲ့ သူ့ရဲ့ ခံစားချက်က အရှင်ထက် ပိုပြင်းထန်ပုံ ရတယ်။ လွန်ခဲ့တဲ့နှစ်ဝက်အတွင်းမှာ သူက မိန့်ခွန်းပေါင်း နှစ်ရာကျော် ပြောခဲ့တယ်။ မိန့်ခွန်းတိုင်းရဲ့ အကြောင်းအရာ က မတူညီဘူး။ စကားလုံးတိုင်းက ထိမိတယ်။ ချန်ပြည်သူတွေရဲ့ နှလုံးသားကို တကယ် လှုပ်ခတ်စေခဲ့တယ်။”

ထို့နောက် မင်းသားကျင်းက မှတ်တမ်းအချို့ကို ကမ်းပေးလိုက်သည်။ ၎င်းတို့သည် မှန် ပြောကြားခဲ့သော မိန့်ခွန်းများ ဖြစ်ကြသည်။

ကြည့်ရှုပြီးနောက် ရှမ့်လန် ကျောချမ်းသွားခဲ့ရသည်။ ရေးသားမှုက ကောင်းလွန်းလှသည်။ ရေးဟန်မှာ ရှမ့်လန်၏ ရေးဟန် ဖြစ်သော်လည်း ရှမ့်လန်ထက် ပိုကောင်းနေ၏။ ဤနေရာတွင် တော်ဝင်ချန်အင်ပါယာနှင့် ရင်ဆိုင်ရာ၌ ဧကရာဇ်ကျန်းလီအပေါ် ထားရှိသော မှန်၏ခံစားချက်သည် ပေါက်ကွဲလုဆဲဆဲ မီးတောင် တစ်ခုနှင့် တူနေသည်။ တည်ငြိမ်နေသယောင် ရှိသော်လည်း အမှန်တကယ်တွင် ပေါက်ကွဲတော့မည့် အခြေအနေ ဖြစ်၏။

“ဒီဆောင်းပါးတွေကို ဖတ်တိုင်း ကျုပ်နှလုံးသား လှုပ်ခတ်သွားရတယ်။ ဒါကြောင့် မိန့်ခွန်းတိုင်းကို နုရှောင့်မြို့၊ ဝူ၊ ချောင်နဲ့ ရွှဲ့ပြည်နယ်တွေမှာ ဖြန့်ဝေပေးခဲ့တယ်။ လူတိုင်းက အရှင်ရဲ့လက်ရာလို့ပဲ ထင်နေကြတယ်။ ဆောင်းပါးတိုင်းက စိတ်ဓာတ်ခွန်အား တက်ကြွစေတယ်။ တော်ဝင်ချန်အင်ပါယာအပေါ် ထားရှိတဲ့ ပြည်သူ သန်းပေါင်းများစွာရဲ့ ခံစားချက်တွေ အထွတ်အထိပ် ရောက်နေပါပြီ။ ကျုပ်တို့အပေါ် ထားရှိတဲ့ သစ္စာတရားနဲ့ စိတ်အားထက်သန်မှုတွေလည်း အထွတ်အထိပ် ရောက်နေပါပြီ။”

All Chapters