အခန်း (၁၁၄၁-၁၁၄၂)
Vol. 66 Ch. 1141-1142
အပိုင်း (၁၁၄၁)
ဤလေသင်္ဘောကြီးသည် အလျား မီတာ ၁၀၀ ကျော်၊ အချင်း မီတာ ၂၀ ကျော် ရှိသည်။ ဟီလီယမ် အစား အမိုးနီးယား ဓာတ်ငွေ့ ဖြည့်သွင်းထားသဖြင့် သယ်ဆောင်နိုင်စွမ်း အနည်းငယ် လျော့နည်းသော်လည်း ၃၅ တန်အထိ သယ်ဆောင်နိုင်သည်။ ၃၅ တန် ဆိုသည်မှာ အတော်လေး များပြားသော ပမာဏ ဖြစ်၏။
ရှမ့်လန်သည် တချောင်ကို စီးပြီး ကောင်းကင်ခံတပ်ကို ပတ်ပျံလိုက်သည်။ လေသင်္ဘော အောက်ခြေရှိ ခြင်းတောင်းသည် သစ်သား မဟုတ်တော့ဘဲ ပေါ့ပါးသော အလူမီနီယမ်ဖြင့် ပြုလုပ်ထားပြီး အလုံပိတ်နီးပါး ဖြစ်နေသည်။
ကောင်းကင်ခံတပ် တစ်ခုစီတွင် စစ်သည် ၃၀ နှင့် အိပ်မက်ဆိုးကျောက်တုံး စက်သေနတ် ၁၀ လက် ပါရှိသည်။ ထိုအရာက အရေးမကြီးသေးချေ။ အရေးအကြီးဆုံးမှာ ကောင်းကင် ခံတပ် တစ်ခုစီတွင် အထူး အသေးစား နဂါးအရှိန်အဝါ အမြှောက် ၄ လက် တပ်ဆင်ထားခြင်း ဖြစ်သည်။ တကယ့်ကို ရူးသွပ်စရာပင်။ ပညာရှင် တွိုင်းက ဤသို့သော လက်နက်မျိုးကို ကောင်းကင် ခံတပ်ပေါ် တပ်ဆင်လိုက်ခြင်းဖြစ်၏။
“ဒီအမြှောက်တွေက အရမ်း သေးငယ်ပါတယ်။ တစ်လက်ကို ၁.၃ တန်အောက်ပဲ ရှိပါတယ်။ ၁၅၀ ကီလိုဂရမ် ငရဲမီး ကျည်ဆန်ကို ၂၅ ကီလိုမီတာ အဝေးထိ ပစ်ခတ်နိုင်ပါတယ်။
လေသင်္ဘောက ပျော့ပျောင်းပေမဲ့ လေအိတ်တွေ ခွဲခြား ထည့်သွင်းထားပါတယ်။ ရန်သူ့ ကောင်းကင် တပ်တော်က သယ်ဆောင်နိုင်စွမ်း နည်းပါးလို့ ရှေးဟောင်း လေးမြားလောက်ပဲ သုံးနိုင်မှာပါ။ မြားတွေက မပေါက်ကွဲနိုင်တဲ့အတွက် အစင်းတစ်ရာလောက် အပစ်ခံရရင်တောင် ချက်ချင်း ပြုတ်ကျမှာ မဟုတ်ပါဘူး။
အင်ဂျင်အသစ်နဲ့ ပန်ကာအသစ် တပ်ဆင်ထားလို့ တစ်နာရီကို ၈၀ ကီလိုမီတာလောက် ပျံသန်းနိုင်ပါတယ်။ အိပ်မက်ဆိုးကျောက်တုံး စွမ်းအင်စနစ် မရင့်ကျက်သေးလို့ပါ၊ မဟုတ်ရင် ဒီထက် ပိုမြန်နိုင်ပါတယ်။”
ဤအမြန်နှုန်းသည် မမြန်လှပေ။ သို့ပေမည့် နှင်းလင်းယုန် တပ်ဖွဲ့၏ သုံးပုံတစ်ပုံခန့်သာ ရှိသော်လည်း လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ရန်သူ၏ နှင်းလင်းယုန်တပ်ဖွဲ့ မည်မျှစွမ်းပါစေ သယ်ဆောင်နိုင်စွမ်း နည်းပါးသောကြောင့် တာဝေးပစ် လက်နက်များ၊ ဖျက်ဆီးအား ပြင်းထန်သော လက်နက်များ တပ်ဆင်၍ မရနိုင်ပေ။
ရှမ့်လန်သည် ကောင်းကင်ခံတပ်ကို လှည့်ပတ်ကြည့်ရှုရင်း ပိုမို သဘောကျလာသည်။ ယခုတစ်ကြိမ်တွင် တော်ဝင်ချန်အင်ပါယာ၏ အကြီးမားဆုံး အားနည်းချက်ကို ဖြည့်ဆည်းလိုက်နိုင်ပြီ ဖြစ်သည်။
လေတပ် ဖန်တီးမှုကို ရှမ့်လန်က လောကကြီး၌ ဦးစွာ တင်ပြခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်က မီးပုံးပျံကို တီထွင်ခဲ့ပြီး လေတပ် သဘောတရားကို စတင်ခဲ့သည်။ သို့သော်ငြား လွန်ခဲ့သော ၅ နှစ်တာ ကာလအတွင်း သူ၏လေတပ်သည် အသုံးမဝင်သော အခြေအနေတွင်သာ ရှိခဲ့သည်။ ဝေဟင်မှ စောင့်ကြည့်ရုံသာ တတ်နိုင်ပြီး ရန်သူ့ ကောင်းကင် တပ်တော်ကို မတိုက်ခိုက်ရဲခဲ့ပေ။
ယခု ဤကောင်းကင်ခံတပ် ပေါ်ပေါက်လာခြင်းသည် သူ၏လေတပ်ကို အလွန် အင်အားကြီးမား သွားစေသည်။ ဤကောင်းကင် ခံတပ်တွင် ကြီးမားလေးလံခြင်း၊ ပျံသန်းမှု နှေးကွေးခြင်း၊ လေအိတ်များ ပျက်စီးလွယ်ခြင်း စသည့် အားနည်းချက်များ ရှိသော်လည်း ပစ်ခတ်အားမှာ အလွန် ပြင်းထန်လှသည်။
အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ် ၃၀၊ စက်သေနတ် ၁၀ လက်နှင့် အထူး အသေးစား နဂါးအရှိန်အဝါ အမြောက် ၄ လက်...။ ဤဘက်စုံ ပစ်ခတ်အားသည် ကီလိုမီတာ အနည်းငယ် အတွင်း မည်သူ့ကိုမှ အနားကပ်ခွင့်ပေးမည် မဟုတ်ပေ။
ရန်သူ၏ အထူး စစ်သည်တော်များက စွမ်းသော်လည်း၊ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်က မဖောက်ထွင်း နိုင်သော်လည်း ရန်သူ့ နှင်းလင်းယုန်များမှာမူ ထိခိုက်မခံနိုင်ပေ။ အထူး စစ်သည်တော်များ မည်မျှ စွမ်းပါစေ သူတို့ ကိုယ်တိုင် မပျံသန်းနိုင်ကြပေ။
“စုစုပေါင်း ဘယ်နှစင်း တည်ဆောက်ပြီးပြီလဲ။”
“၆ စင်းပါ... ဝူ နဲ့ ရွှဲ့ပြည်နယ်က လုပ်သား သောင်းချီ အသုံးပြုခဲ့ပေမဲ့ ၆ စင်းပဲ ပြီးပါသေးတယ်။ လုပ်အားခွဲဝေမှု စနစ်ကို သုံးထားတာတောင် ဒီလောက်ပဲ ရပါတယ်။”
“ကောင်းကင် ခံတပ် ၆ စင်း ဟုတ်လား။”
နည်းပါးသော်လည်း လုံလောက်သည်။ ရန်သူ့လေတပ်ကို အပြတ်အသတ် အသာစီး မရနိုင်လျှင်တောင် ဝေဟင်စိုးမိုးမှုကို ထိန်းထားနိုင်မည် ဖြစ်သည်။ အဓိကအချက်မှာ ရန်သူ မထင်မှတ်ထားချိန်တွင် စေတီတောင်နှင့် ရင်ကွမ်း၏ ကောင်းကင် ခံတပ်များကို အသေအလဲ ထိုးနှက်နိုင်ရန် ဖြစ်သည်။
“အခုချိန်ထိ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ် ၃၀၀၀၀၊ အသေးစား နဂါးအရှိန်အဝါ အမြောက် ၁၃၀၊ ငရဲမီးအမြောက် ၃၉၀၀ ထုတ်လုပ်ပြီးပါပြီ။”
“အချိန် မလုံလောက်သေးပါဘူး။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ငရဲမီး ပိုးကောင်တွေ၊ ပင်လယ်မိစ္ဆာ သွေးတွေ လုံလောက်ပေမဲ့ အိပ်မက်ဆိုးကျောက်တုံးတွေ လိုအပ်နေပါသေးတယ်။ ဒီတစ်ခါမှာ ရှိသမျှ ကျောက်တုံး ၈၀ ရာခိုင်နှုန်းကို သုံးစွဲလိုက်ပါပြီ။”
ရှမ့်လန် လေအေးတစ်ချက် ရှူလိုက်မိသည်။ ကြီးမားသော ကြယ်တံခွန်ဝင်တိုက်မှု ဖြစ်စဉ်ကြောင့် အိပ်မက်ဆိုးကျောက်တုံး လှည်းပေါင်းရာချီ ရရှိခဲ့သော်လည်း ယခု ၈၀ ရာခိုင်နှုန်း ကုန်ဆုံးသွားခဲ့သည်။ ဤကဲ့သို့သော မဟာဗျူဟာမြောက် အရင်းအမြစ်သည် မည်သည့်အခါမှ လုံလောက်သည် ဟူ၍ မရှိပေ။
ဤလက်နက်များသည် စစ်သည်အသစ် ၅၀၀၀၀ ခန့်ကိုသာ လက်နက် တပ်ဆင်ပေးနိုင်မည်။ တော်ဝင်ချန်အင်ပါယာ အတိုင်ပင်ခံ ကောင်စီသည် စစ်သည်အသစ် ၄၀၀၀၀၀ အထိ လေ့ကျင့်ပေးရန် စီစဉ်ထားပြီး ၎င်းတို့အနက် ၃၀၀၀၀၀ သည် ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များမှ ဖြစ်ကြသည်။
ထို့အပြင် ဤလူ ၃ သိန်းသည် ၁ နှစ်ခွဲခန့် လေ့ကျင့်ပြီးသူများ ဖြစ်ကြသည်။ သူတို့ လိုအပ်နေသည်မှာ လက်နက်အသစ်များသာ ဖြစ်သည်။ ရှမ့်လန်၏ စစ်သည်အသစ် ၅၀၀၀၀ သည် အမေဇုန် စစ်သည်တော်များ၊ နိဗ္ဗာန စစ်သည်တော်များနှင့် မင်းသားကျင်း၏ နိဗ္ဗာန စစ်သည်တော်အသစ်များ ပါဝင်သော လက်ရွေးစင်များ ဖြစ်ကြ၏။
ဤစစ်သည်အသစ် ၅၀၀၀၀ သည် ချန်နိုင်ငံသစ်နှင့် စေတီတောင်ကို တိုက်ခိုက်မည် ဖြစ်သည်။ ရန်သူ မည်မျှကို ရင်ဆိုင်ရမည်နည်း။ စစ်သည် တစ်သန်းကျော် ဖြစ်နိုင်သလို ငရဲတပ်တော် တစ်ခုတည်းမှာပင် စစ်သည် ၂၀၀၀၀၀ ခန့် ရှိသည်။
သို့သော်ငြား လုံလောက်၏။ ရှမ့်လန်တို့ နိုင်လိမ့်မည်။ ကြီးမားသော အောင်ပွဲကို ရရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ စစ်ရေးအမြင်သည် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သောကြောင့်ပင်။ ရန်သူ၏ လျှို့ဝှက်တပ်တော် မည်မျှ စွမ်းပါစေ၊ ထိုသူတို့သည် လက်နက်ဟောင်းများကို အသုံးပြုနေရဆဲ ဖြစ်၏။
သူကမူ ခေတ်မီ သေနတ်၊ အမြှောက်များကို အသုံးပြုနေပြီ ဖြစ်သည်။ တာဝေးပစ် လက်နက်များ အသုံးပြုရာတွင် စစ်သည်၏ ခွန်အားကို အားကိုးစရာ မလိုတော့ပေ။
ရှမ့်လန်သည် AI ကို အသုံးပြုပြီး အကြိမ်ကြိမ် သရုပ်ဖော် စမ်းသပ်ကြည့်ရာ ရလဒ်သည် အပြတ်အသတ် အသာရနေသည်။ “တော်ဝင်ချန် တပ်တော်သစ် ၅၀၀၀၀ ကို စုစည်းလိုက်။ မြောက်ပိုင်းကို စစ်ချီဖို့ ပြင်ဆင်ကြမယ်။ ရင်ကွမ်းနဲ့ စေတီတောင်ကို အပြတ်ချေမှုန်းမယ်။”
“ကောင်းပါပြီ။” လူတိုင်း က အော်ဟစ်လိုက်ကြ၏။
…………….
ချန်နိုင်ငံသစ်သည်လည်း အရေးကြီးသော အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်၏။ ချန်နိုင်ငံသစ်၏ မဲပေးပွဲ ရလဒ် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ဤကိစ္စသည် လုံးဝ လွယ်ကူသော ကိစ္စ မဟုတ်ပေ။ ဤမဲပေးပွဲ အတွက် နုရှောင့်မြို့မှ လူ ၁၀၀၀၊ ရင်ကွမ်း၏ ချန်နိုင်ငံသစ်မှ လူ ၅၀၀၀၊ တော်ဝင်ရန် အင်ပါယာနှင့် အခြား နိုင်ငံများမှ လူ ၁၀၀၀၀ စုစုပေါင်း လူအင်အား အမြောက်အမြား အသုံးပြုခဲ့ရသည်။
ဤသည်မှာ မကြုံစဖူး လူအင်အား ဖြစ်ပြီး ချန်နိုင်ငံသစ်၏ မဲပေးပွဲ ပြီးမြောက်ရန် နှစ်ဝက်ကျော် အချိန်ယူခဲ့ရ၏။
စုစုပေါင်း နယ်မြေ ၁.၅ သန်း စတုရန်းကီလိုမီတာ၊ ပြည်နယ် ၁၁ ခု၊ ခရိုင် ၈၀ ကျော်၊ မြို့ပေါင်း ၅၀၀ ကျော်နှင့် လူဦးရေ သန်း ၆၀ ကျော် ပါဝင်သည်။
ပိုမို၍ အံ့အားသင့်စရာ ကောင်းသည်မှာ မှန် ဖြစ်သည်။ သူသည် မြို့တိုင်းသို့ ကိုယ်တိုင် သွားရောက်ပြီး ရက်ပေါင်း ၂၀၀ အတွင်း မိန့်ခွန်းပေါင်း ၅၀၀ ကျော် ပြောကြားခဲ့သလို ဆောင်းပါးပေါင်း ၁၀၀ ကျော် ရေးသားခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၂ ကြိမ်ခွဲခန့် မိန့်ခွန်း ပြောကြားခဲ့၏။
သူသည် ရှမ့်လန်အဖြစ် သရုပ်ဆောင်ရာတွင် အသက်နှင့် ဝိညာဉ်ကိုပါ နှစ်မြှုပ်ထားခဲ့သဖြင့် ရှမ့်လန်အစစ် ထက်ပင် ရှမ့်လန် ပီသနေခဲ့သည်။ တော်ဝင်ချန်အင်ပါယာအပေါ် ထားရှိသော သူ၏ မေတ္တာတရားသည် ရှမ့်လန်ထက်ပင် သာလွန်နေပုံ ရသည်။
ရှမ့်လန်အနေဖြင့် ဤမဲပေးပွဲကို အချိန်ဆွဲရန် နည်းဗျူဟာ တစ်ခုအဖြစ်သာ သဘောထားပြီး အောင်မြင်မည်ဟု မျှော်လင့်ချက် မထားပေ။ ချန်မြို့တော်တွင် ရင်ဝူမင်ကို သတ်ဖြတ်ပြီးနောက် ပြည်သူများ၏ တုန့်ပြန်မှုကြောင့် သူ လုံးဝ စိတ်ပျက်သွားခဲ့ရ၏။
မှန်သည်လည်း ဝမ်းနည်းနေခဲ့ရသည်။ ချန်မြို့တော်မှ ပြည်သူ ၂ သိန်းကျော်သည် ရင်ကွမ်းကို တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်။ သူတို့က ရှမ့်လန်ကို ထွက်သွားရန်၊ စစ်ဘေးနှင့် ကပ်ဘေးများ မသယ်ဆောင်လာရန် အော်ဟစ် မောင်းထုတ်ခဲ့ကြသည်။ ရှမ့်လန်ကို ဂြိုဟ်ဆိုး တစ်လုံးအဖြစ် သတ်မှတ်ခဲ့ကြသည်။
သို့သော်ငြား မှန် လက်မလျှော့ခဲ့ပေ။ သူသည် ချန်နိုင်ငံသစ်၏ မြို့တိုင်းသို့ စိတ်အားထက်သန်စွာ သွားရောက်ခဲ့သည်။ အစပိုင်းတွင် သူ၏ မိန့်ခွန်းပြောကြားမှု အခြေအနေမှာ အလွန် ဆိုးရွားခဲ့သည်။ ဆောင်းပါးများ မကောင်း၍ မဟုတ်၊ စိတ်အားထက်သန်မှု မရှိ၍ မဟုတ်ဘဲ လာရောက် နားထောင်သူ နည်းပါးလွန်းသောကြောင့် ဖြစ်သည်။ လူမိုက် အနည်းငယ်လောက်သာ လာရောက် နားထောင်ကြ၏။
မှန်သည် အစားထိုးသူ ဖြစ်ကြောင်း မည်သူမှ မသိကြပေ။ လူတိုင်းက ရှမ့်လန်ဟုသာ ထင်မှတ်နေကြသည်။ တော်ဝင်ချန်အင်ပါယာ၏ ဧကရာဇ်က ကိုယ်တိုင် ဆင်းလာပြီး ပြည်သူများနှင့် တွေ့ဆုံကာ မိန့်ခွန်း ပြောကြားနေခြင်း ဖြစ်သည်။ သို့သော်ငြား မည်သူမှ သူ့ကို မထောက်ခံကြသည့်အပြင် မြွေ၊ ကင်းမြီးကောက် များကဲ့သို့ ဝေးဝေး ရှောင်ရှားနေကြသည်။
‘မင်းတို့က မျိုးရိုးစဉ်ဆက် ကျန်းမျိုးနွယ်စုရဲ့ ပြည်သူတွေ ဖြစ်ခဲ့ကြတာလေ။ ဘယ်လိုလုပ် ဒီလောက် သွေးအေးနိုင်ရတာလဲ။’
သို့သော်ငြား ဤအခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မှန်၏ မီးတောက်ကဲ့သို့ ပူနွေးသော နှလုံးသားသည် ချန်ပြည်သူများကို နိုးကြားလာစေခဲ့သည်။ လာရောက် နားထောင်သူ များပြားလာပြီး အများဆုံး အချိန်တွင် တစ်သောင်းကျော်အထိ ရှိခဲ့၏။
သို့သော်ငြား အချိန်အများစုတွင် လူ ၂၀၀၀ အောက်သာ ရှိတတ်သည်။ လူအများရှေ့ထွက်ပြီး နားထောင်ပါက ရင်ကွမ်းကို ရန်စသကဲ့သို့ ဖြစ်သွားမည်။ နာမည်ပျက် စာရင်းသွင်းခံရမည်၊ အနာဂတ်တွင် ဒုက္ခရောက်နိုင်မည်။ တော်ဝင်ရန်အင်ပါယာက သူတို့ လုံခြုံရေးကို အာမခံသည်ဟု ပြောသော်လည်း လာရောက် နားထောင်သူ အားလုံးသည် မျက်နှာဖုံး စွပ်ထားကြပြီး မျက်နှာ အဖော်မခံရဲကြပေ။
ယခုအခါ မှန်သည် ချန်နိုင်ငံသစ် တစ်ဝှမ်းလုံးသို့ ခြေဆန့်ပြီးပြီ ဖြစ်သည်။ မြို့တိုင်း ရောက်ရှိခဲ့ပြီး မိန့်ခွန်းတိုင်းကို ပြောကြားပြီးပြီ ဖြစ်သည်။ မဲပေးပွဲကို တော်ဝင်ရန်အင်ပါယာနှင့် အခြား နိုင်ငံများက ဦးဆောင် ကျင်းပပြီး နုရှောင့်မြို့နှင့် ရင်ကွမ်း၏ သံတမန် အဖွဲ့များက ကြီးကြပ်ပေးကြသည်။
လူအင်အား ၁၅၀၀၀ ကျော်သည် မြို့ပေါင်း ၅၀၀ သို့ သွားရောက်ပြီး ဤ မကြုံစဖူး မဲပေးပွဲကြီးကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသည်။ မဲပေးပုံ နည်းစနစ်မှာ ရိုးရှင်းပါသည်။ လုံးဝ လျှို့ဝှက်ထားပြီး လက်ဗွေနှိပ်ရုံသာ ဖြစ်သည်။ အနက်ရောင် မဲပြားသည် ရင်ကွမ်းကို ထောက်ခံပြီး ရွှေရောင် မဲပြားသည် ရှမ့်လန်ကို ထောက်ခံခြင်း ဖြစ်သည်။ မဲပြားကို သေတ္တာကြီးထဲ ထည့်လိုက်ရုံသာ။ စိုးရိမ်ပါက မဲပြားကို လုံးချေပြီးမှ ထည့်နိုင်သည်။ ကျောဘက်တွင် အဖြူရောင် ဖြစ်သဖြင့် မည်သူ့ကို ထောက်ခံကြောင်း တခြားသူ သိရှိနိုင်မည် မဟုတ်ပေ။
ယခု မဲပေးပွဲ ပြီးဆုံးသွားပြီ ဖြစ်ရာ လူ ၁၀၀၀၀ ကျော်သည် မဲသေတ္တာ ရာပေါင်းများစွာကို သယ်ဆောင်ပြီး တော်ဝင်ချန် နန်းတော်သို့ ပြန်လာကြသည်။ နောက်ဆုံး မဲရေတွက်မှုကို ပြုလုပ်ရန်ပင်။ ဤလုပ်ငန်းစဉ်ကိုလည်း တော်ဝင်ရန်အင်ပါယာနှင့် အခြားနိုင်ငံများက ဆောင်ရွက်ပြီး နုရှောင့်မြို့နှင့် ရင်ကွမ်းဘက်မှ ကြီးကြပ်ကြသည်။
မဲရေတွက်ခြင်းသည် အချိန်ကြာမြင့်ပြီး ၁၀ ရက်ခန့် ကြာမြင့်ခဲ့သည်။ အရာအားလုံးကို လျှို့ဝှက် အခန်းထဲတွင် ပြုလုပ်ခဲ့သည်။ ကြီးကြပ်သူ သုံးဖွဲ့စလုံး အပြင်ထွက်ခွင့် မရှိပေ။ ထို့ကြောင့် ရလဒ် အပြည့်အစုံ မထွက်မချင်း မည်သူမှ အဖြေကို မသိနိုင်ကြပေ။
မှန်၊ ချောင်ယောင်းအာ၊ စုနန်၊ ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့လည်း မသိကြချေ။
……………….
“အရှင်... ဒီမဲပေးပွဲက ဟာသ သက်သက်ပါပဲ။”
တော်ဝင်ရင်အင်ပါယာ ဝန်ကြီးချုပ်က မထီမဲ့မြင် ပြောလိုက်၏။ “ရှမ့်လန်က တော်ဝင်ချန်ရဲ့ ဧကရာဇ်လေ။ နိမ့်ကျတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်း လိုက်ပြောနေရသတဲ့။ ရက်ပေါင်း ၂၀၀ အတွင်း မိန့်ခွန်းပေါင်း ၅၀၀ ပြောခဲ့တာတောင် လာနားထောင်တဲ့သူက ၃ သိန်းခွဲတောင် မပြည့်ပါဘူး။”
ရင်ကွမ်းက မေးလိုက်သည်။ “၃ သိန်းခွဲ ဟုတ်လား။ ကျုပ်ကြားတာတော့ အများဆုံးက တစ်သောင်းကျော် ပဲဆို။”
“အဲဒါက နောက်ဆုံးမှ ဖြစ်လာတာပါ။ အစပိုင်းတုန်းက ၁၀ ယောက်လောက်ပဲ ရှိတာ။ နောက်ဆုံးမှ ထောင်ဂဏန်း ဖြစ်လာတာပါ။ ဘယ်သူမှ နားမထောင်ကြပါဘူး။ လူတိုင်းက အရှင်ကို လေးစားကြတယ်၊ ထောက်ခံကြတယ်၊ သစ္စာရှိကြပါတယ်။ ချန်မြို့တော်က မြင်ကွင်းကိုကြည့်ရင် သိသာတာပဲ။ လူ ၂ သိန်းကျော်က မဟာရင်အင်ပါယာနဲ့ အရှင်ကို ထောက်ခံခဲ့ကြတယ်လေ။”
လန်ရှစ်က ဝင်ပြောလိုက်၏။ “ဒီရှမ့်လန်က ကျန်းမျိုးနွယ်စုရဲ့ အရှက်တရားပဲ။ ဧကရာဇ် ဖြစ်ပြီး လူပြက် တစ်ယောက်လို နိမ့်ကျတဲ့ ပြည်သူတွေကို လိုက်ပြီး မိန့်ခွန်းပြောနေရတယ်။”
အမှန်တကယ်တွင် ရင်ကွမ်း တစ်ယောက်တည်း ထိုသို့ ခံစားနေရသည် မဟုတ်ပေ။ မှန်၊ ချောင်ယောင်းအာ၊ စုနန်နှင့် ရှမ့်လန်တို့သည်လည်း မဲရလဒ်အပေါ် အဆိုးမြင်နေကြသည်။
တော်ဝင်ရန် အင်ပါယာမှ မင်းသားလျန် သည်လည်း ရှမ့်လန် သေချာပေါက် ရှုံးနိမ့်မည်ဟု ထင်မှတ်ထား၏။ မိန့်ခွန်းပွဲအားလုံးနီးပါးက တိတ်ဆိတ်လွန်းခဲ့သည်။ နောက်ဆုံးပွဲ အနည်းငယ်သာ သက်ဝင်လှုပ်ရှားခဲ့သည်။ ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်သား များ၏ တက်ကြွမှုနှင့် လုံးဝ ကွာခြားနေ၏။
လူတိုင်းက ကျန်းမျိုးနွယ်စု သေချာပေါက် ရှုံးနိမ့်မည်ဟု ထင်မြင်နေကြသည်။ ချန်နိုင်ငံသစ် ပြည်သူများသည် သတ္တိကင်းမဲ့နေပြီး ရင်ကွမ်းဘက်တွင် ရပ်တည်ကြလိမ့်မည်။ ချန်နိုင်ငံသစ်၏ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေသည် ရင်ကွမ်းလက်ထဲသို့ တရားဝင် ရောက်ရှိသွားပေတော့မည်။
……………….
၁၅ ရက်ကြာ မဲရေတွက်မှု ပြီးဆုံးသွားခဲ့ပြီ။ လူတစ်ထောင်ကျော်မှာ ပင်ပန်းလွန်းသဖြင့် မလှုပ်ချင် မကိုင်ချင် ဖြစ်နေကြသည်။
ဘေးတွင် ရှိနေသော မင်းသားလျန်သည် အခန်းထဲမှ ခြေတစ်လှမ်းမှ မခွာခဲ့ပေ။ သူလည်း ပင်ပန်းလွန်းနေပြီး လွန်ခဲ့သော ၆ လအတွင်း ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ခန့် ကျဆင်းသွားခဲ့၏။
နောက်ဆုံးတွင် မဲအားလုံး ရေတွက်ပြီးစီးသွားပြီ ဖြစ်၏။ တော်ဝင်ရန် အင်ပါယာ အရာရှိသည် စာရွက်ပေါ်ရှိ ဂဏန်းများကို ကြည့်ပြီး မယုံကြည်နိုင် ဖြစ်နေသည်။ “မင်းသားလျန်... မင်းသားလျန်... ကြည့်ပါအုံး။”
အရာရှိက စာရွက်ကို မင်းသားလျန်ထံ ကမ်းပေးလိုက်သည်။ မင်းသားလျန်သည် မူလက အိပ်ငိုက်နေ သော်လည်း စာရွက်ကို မြင်လိုက်သည်နှင့် တုန်လှုပ်သွားခဲ့ရ၏။
“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ရှမ့်လန်က ချန်နိုင်ငံသစ် ပြည်သူလူထုရဲ့ မဲပေးပွဲမှာ နိုင်သွားတာလား။”
၆၁ ရာခိုင်နှုန်း နှင့် ၃၉ ရာခိုင်နှုန်း...။ အပြတ်အသတ် အနိုင်ရရှိခြင်း ဖြစ်သည်။
မင်းသားလျန် လုံးဝ အံ့အားသင့်သွားခဲ့ရ၏။ “စာရင်း အမှားအယွင်း မရှိဘူးနော်။”
“ကျုပ်တို့လည်း မယုံနိုင်လို့ ပြန်ရေတွက်ကြည့်ပါသေးတယ်။ အမှားအယွင်း မရှိပါဘူး။”
တော်ဝင်ရန်အရာရှိက ပြောလိုက်သည်။ “ပြီးတော့ လွဲမှားစရာ မရှိပါဘူး။ အနက်ရောင်က ရင်ကွမ်း၊ ရွှေရောင်က ရှမ့်လန်ပါ။ နှစ်ဖက်စလုံးက သောင်းဂဏန်း မကပါဘူး၊ သန်းချီ ရရှိကြတာပါ။”
“မဲပေးတဲ့သူ ဘယ်လောက် ရှိလဲ။”
“၁၅ သန်း ပါ။”
ချန်နိုင်ငံသစ်တွင် လူဦးရေ သန်း ၆၀ ခန့် ရှိသည်။ လေးပုံတစ်ပုံခန့် မဲပေးခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ ၈ လကြာ အချိန်ယူခဲ့ပြီး လူအင်အား သောင်းချီ အသုံးပြုခဲ့သော်လည်း မြို့ပြများ အထိသာ ရောက်ရှိခဲ့သည်။ ကျေးလက်ဒေသသို့ မရောက်နိုင်ခဲ့ပေ။ ကျေးလက်နေ တောင်သူများ မဲပေးလိုပါက မြို့ပေါ်သို့ တက်လာရမည် ဖြစ်ရာ တောင်သူ အများစုအတွက် မဖြစ်နိုင်ပေ။
“လူ ၁၅ သန်းမှာ ၉ သန်းခွဲက ကျန်းမျိုးနွယ်စု ရှမ့်လန်ကို မဲပေးကြပါတယ်။ ၆ သန်းခွဲက ရင်ကွမ်းကို မဲပေးကြပါတယ်။”
မင်းသားလျန်သည် ရလဒ်ကို အကြိမ်ကြိမ် ပြန်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ဒီလို ဖြစ်လာမယ်လို့ မထင်ထားဘူး။ ချန်ပြည်သူတွေက ရင်ကွမ်းကို ထောက်ခံမယ် ထင်နေခဲ့တာ။ ကြည့်ရတာ ပြည်သူ့နှလုံးသား ဆိုတာ လှုပ်ခတ်လို့ ရတာပဲ။ ဒါပေမဲ့ ရှမ့်လန်ရဲ့ မိန့်ခွန်းကို လာနားထောင်တဲ့သူက နည်းနည်းလေးပါ။”
“သူတို့က နောက်ဆက်တွဲ ဒုက္ခပေးမှာ ကြောက်လို့ မလာရဲကြဘူးလေ။ အကြိမ်ပေါင်း ၁၀၀ ကျော်လောက် ပြောပြီးမှ လူတစ်ထောင်ကျော်၊ နောက်ဆုံးကျမှ တစ်သောင်းကျော် ဖြစ်လာတာပါ။ အဲဒီလူတွေကလည်း မျက်နှာဖုံး စွပ်ထားကြတယ်။ ကျုပ်တို့ရဲ့တွက်ချက်မှုအရ ရှမ့်လန်ရဲ့မိန့်ခွန်းကို တကယ် လာနားထောင်တဲ့သူက ၃ သိန်းခွဲထက် မကျော်ပါဘူး။”
“ဟုတ်တယ်။ ရှမ့်လန်ရဲ့ မိန့်ခွန်းကို တကယ် လာနားထောင်တာက ၃ သိန်းခွဲပဲ ရှိတယ်။ ဒါပေမဲ့ ဒီလူတွေက ပြန်သွားပြီး သတင်းဖြန့်ကြတယ်။ ပြီးတော့ သူ့ရဲ့ ဆောင်းပါးတိုင်းကို ဖြန့်ဝေခဲ့ကြတယ်။ ဒါကြောင့် ရှမ့်လန်ရဲ့ ခံစားချက်ကို တကယ် နားလည်သွားတဲ့သူတွေက သန်း ၂၀ ကျော်လောက် ရှိမယ်။ ဒီထက်လည်း ပိုနိုင်တယ်။”
အပိုင်း (၁၁၄၂)
တော်ဝင်ရန်အင်ပါယာ အရာရှိက ပြောလိုက်သည်။ “ကြည့်ရတာ ကျန်းမျိုးနွယ်စုရဲ့ ဩဇာက ချန်ပြည်သူတွေ ကြားမှာ အရမ်း နက်ရှိုင်းနေပုံ ရတယ်။ ကျုပ်တို့ အမှားလုပ်မိကြပြီ။”
မင်းသားလျန်က ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ “မဟုတ်ဘူး အမတ်မင်း... ခင်ဗျားတို့ အမှားလုပ်ခဲ့တာ မဟုတ်ဘူး။ ကျုပ် အမှားလုပ်ခဲ့တာပါ။”
“အရှင့်သား... ဘာကို ဆိုလိုတာပါလဲ။”
“အခုတော့ နားလည်မှာ မဟုတ်သေးပါဘူး။ မကြာခင် နားလည်လာမှာပါ။”
တော်ဝင်ရန် အင်ပါယာ အရာရှိက တုန်ယင်စွာ မေးလိုက်သည်။ “အရှင့်သား... ဘာကိုပဲ ဆိုလိုတာဖြစ်ဖြစ်၊ ကျုပ်ကိုတော့ ခေါင်းမပုံလိုက်ပါနဲ့နော်။”
မင်းသားလျန်သည် အရာရှိကို ကြည့်လိုက်၏။ သူသည် တော်ဝင်ရန် အင်ပါယာ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ဖြစ်သည်။ နန်းတွင်းအရာရှိကြီး တစ်ဦး ဖြစ်၏။ အခြားနိုင်ငံတွင် ဆိုပါက ဝန်ကြီးချုပ် ဖြစ်လာနိုင်သူပင်။
“ခင်ဗျားကို ခေါင်းပုံရအောင် ခင်ဗျားရဲ့ အလေးချိန်က ပေါ့လွန်းနေသေးတယ်။ ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ ဒီနှစ်ပိုင်းတွေမှာ ကျုပ် တကယ်ပဲ စိတ်ရောကိုယ်ပါ ပင်ပန်းနေပါပြီ။”
ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးသည် မင်းသားလျန်၏ စကားကို ကြားသောအခါ ဖော်မပြ နိုင်လောက်အောင် ကြောက်ရွံ့သွားခဲ့ရ၏။ ‘မင်းသားလျန် ဘာကို ဆိုလိုချင်တာလဲ။’
မင်းသားလျန် တကယ် ပင်ပန်းနေခဲ့ပြီ။ အင်ပါယာ အကျိုးအတွက် အလုပ်လုပ်ရခြင်းမှာ ပြဿနာ မရှိပေ။ အမဲစက် ထင်ခံရခြင်း၊ ညစ်ပတ်သော အလုပ်များ လုပ်ရခြင်းလည်း ပြဿနာ မရှိပေ။ သို့သော်ငြား အဓိက အချက်မှာ သူသည် ဧကရာဇ်၏ နှလုံးသားကို နားမလည်နိုင်ခြင်း၊ အိမ်ရှေ့စံ၏နှလုံးသားကို နားမလည်နိုင်ခြင်း ဖြစ်သည်။ ဤ မဟာသိုင်းပညာရှင် နှစ်ဦး ဘာလုပ်ချင်နေကြသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပေ။
“သွားကြစို့။ ရလဒ် ကြေညာရအောင်။ တော်ဝင်ရန်အင်ပါယာ စစ်သည်တွေနဲ့ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်က စစ်သည်တွေကို ဒီအိမ်ကို ပိတ်ဆို့ခိုင်းလိုက်။ ဘယ်သူ့ကိုမှ အထွက်မခံနဲ့။ အထူးသဖြင့် ရင်ကွမ်းရဲ့ လူတွေကို အထွက်မခံနဲ့။”
“အမိန့်အတိုင်းပါ။”
“အခုပဲ စလုပ်လိုက်။ ရင်ကွမ်း ချန်ထားခဲ့တဲ့ ကြီးကြပ်သူတွေအားလုံးကို မေ့လဲသွားအောင် ရိုက်လိုက်။”
“အဲ... အဲဒီလောက်ထိ လုပ်ဖို့ လိုလို့လား။”
“ကျုပ်တောင် မကြောက်တာ။ ခင်ဗျားက ဘာကြောက်နေတာလဲ။”
“အမိန့်အတိုင်းပါ။”
“ဝူရွှမ်...”
ချက်ချင်းဆိုသလို သံတမန်များကြား ပုန်းအောင်းနေသော ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ မင်းသမီး ကျိဝူရွှမ် ပေါ်ထွက်လာသည်။
“လုပ်လိုက်တော့။ သတင်း လုံးဝ မပေါက်ကြားပါစေနဲ့။”
“ကောင်းပါပြီ။” ကျိဝူရွှမ် ပြန်ဖြေပြီး ပျောက်ကွယ်သွားခဲ့၏။
အိမ်ထဲမှ တိုက်ခိုက်သံများ ထွက်မလာခဲ့ပေ။ ခဏအတွင်းမှာပင် အရာအားလုံး ပြီးဆုံးသွားခဲ့၏။
သို့သော်ငြား တော်ဝင်ရန်အင်ပါယာသည် ထိုကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ ထို့ကြောင့် နန်းတွင်း စာမေးပွဲ စနစ်အတိုင်း ဆောင်ရွက်ခဲ့သည်။ နန်းတွင်း စာမေးပွဲ အဖြေလွှာ စစ်ဆေးခြင်းကို လုံးဝ လျှို့ဝှက်စွာ ပြုလုပ်သကဲ့သို့ မဲရေတွက်ခြင်းကိုလည်း လုံးဝ လျှို့ဝှက်စွာ ပြုလုပ်ခဲ့သည်။ ရလဒ် မကြေညာမီ မည်သူမှ ရလဒ်ကို မသိရှိနိုင်ပေ။
မဲပေးပွဲတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ဖြစ်စဉ် တစ်ခုလုံးကို ရှေးသူတော်စင်များကို ကိုယ်စားပြုသော ချန်မြို့တော် ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
...............
၁၅ မိနစ်ခန့် ကြာသောအခါ ဘုရားကျောင်း တံခါး ပွင့်သွားခဲ့သည်။ ရင်ကွမ်းသည် ထီးနန်းလုယူသူ ဖြစ်သဖြင့် တရားဝင်ဖြစ်ကြောင်း ပြသရန် လိုအပ်သည်။ ထို့ကြောင့် နန်းတော်ဘေးတွင် ဘုရားကျောင်း တည်ဆောက်ပြီး အားလပ်တိုင်း သွားရောက် ဝတ်ပြုလေ့ ရှိသည်။ နင်ယွမ်ရှန်းကမူ ဘုရားကျောင်းကို မုန်းတီးသဖြင့် အဝေးတစ်နေရာတွင် တည်ဆောက်ပြီး တစ်နှစ်မှ တစ်ကြိမ်သာ သွားရောက်လေ့ ရှိ၏။
ရလဒ် ကြေညာခြင်းကို လူအများ အာရုံစိုက်ခြင်း မရှိကြပေ။ တော်ဝင်ရင်အင်ပါယာ (ချန်နိုင်ငံသစ်) မှ မှူးမတ်များကလည်း ရလဒ်သည် အထူးအဆန်း ဖြစ်လာမည် မဟုတ်ကြောင်း၊ ရင်ကွမ်း သေချာပေါက် အနိုင်ရမည် ဖြစ်ကြောင်း ယုံကြည်ထားကြသည်။
သို့သော်ငြား မင်းသားလျန် ဘုရားကျောင်းထဲမှ ထွက်လာသည်နှင့် လူတစ်စု ဝိုင်းရံလာကြသည်။ သူတို့ကို တော်ဝင်ရင်အင်ပါယာ ဝန်ကြီးချုပ် ကျောက်လင်၊ နန်းတွင်းအတိုင်ပင်ခံ လန်ရှစ်နှင့် တတိယမင်းသား ရင်ဝူချန် တို့က ဦးဆောင်ထားကြသည်။
“မင်းသားလျန်... မဲရလဒ် ထွက်ပြီလား။”
“ထွက်ပါပြီ။”
“တော်ဝင်ရန်အင်ပါယာ အနေနဲ့ ကတိတည်မယ်လို့ မျှော်လင့်ပါတယ်။”
ယခင် ဆွေးနွေးမှု ရလဒ်များအရ တော်ဝင်ရန် အင်ပါယာသည် ဤမဲပေးပွဲ ရလဒ်ကို အသိအမှတ် ပြုရမည် ဖြစ်သည်။ ချန်ပြည်သူများက ရင်ကွမ်းကို ထောက်ခံပါက ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေသည် ရင်မျိုးနွယ်စုပိုင် ဖြစ်သွားမည်။ လောကနိုင်ငံ အသီးသီးကလည်း တော်ဝင်ရင်အင်ပါယာ တည်ရှိမှုကို အသိအမှတ် ပြုရမည် ဖြစ်ပြီး ချန်နိုင်ငံသစ်နယ်မြေသည် အင်ပါယာရှမ့်လန်နှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။
“ပင်မ ခန်းမဆောင်ကို သွားပြီး ရလဒ် ကြေညာကြတာပေါ့။ မင်းသား ရင်ကွမ်း ရောက်နေပြီလား။ အရှင် ရှမ့်လန် ရောက်နေပြီလား။”
“ညီလာခံ စဖို့ တစ်နာရီ လိုပါသေးတယ်။ အခု ကြေညာလည်း အတူတူပါပဲ။”
“ကျောက်လင်... မင်းက ချန်နိုင်ငံသစ်ရဲ့ ဝန်ကြီးချုပ်လေ။ မင်းသားရင်ကွမ်းထက် အရင် ရလဒ်ကို သိချင်နေတာလား။”
ဝန်ကြီးချုပ် ကျောက်လင်၏ မျက်နှာ ပျက်သွားခဲ့သည်။ ရင်ဝူချန်က လက်ကာပြလိုက်ပြီး ပြောလိုက်၏။ “မင်းသားလျန်ကို ကာကွယ်ပေးလိုက်ကြ။”
ချက်ချင်းဆိုသလို စစ်သည် ထောင်ပေါင်းများစွာ ဝင်ရောက်လာပြီး မင်းသားလျန်နှင့် အဖွဲ့ကို ဝိုင်းရံကာ တော်ဝင်ချန်နန်းတော် ပင်မခန်းမဆောင်သို့ ခေါ်ဆောင်သွားကြသည်။
...................
နေထွက်လာသောအခါ တော်ဝင်ရင်အင်ပါယာ ညီလာခံ စတင်သည်။ ဤသည်မှာ ထူးခြားသော ညီလာခံ တစ်ခု ဖြစ်သည်။ ရင်ကွမ်း၏ မှူးမတ်များသာမက အင်ပါယာ ရှမ့်လန် ၊ တော်ဝင်ချန်အင်ပါယာ၊ တော်ဝင်ရန် အင်ပါယာနှင့် လောကနိုင်ငံ အသီးသီးမှ သံတမန်များလည်း တက်ရောက်ကြ၏။
ရင်ကွမ်းသည် မဟာရင်အင်ပါယာ၏ နဂါးဝတ်ရုံကို ဝတ်ဆင်ပြီး ရာဇပလ္လင်မြင့်ပေါ်တွင် ထိုင်နေသည်။ သူ၏ အောက်ဘက်တွင် မှန်သည် တော်ဝင်ဝတ်ရုံ ဝတ်ဆင်ပြီး ရွှေပလ္လင်ပေါ်၌ ထိုင်နေသည်။ ဘယ်ဘက်တွင် တော်ဝင်ရန် အင်ပါယာမှ မင်းသားလျန် ထိုင်နေသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
အပြင်ဘက်တွင် စစ်သည်များ၏ ခြေသံနှင့် သံချပ်ကာ ချိတ်ဆက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရင်ကွမ်း၏တပ်တော်သည် ရေလှိုင်းကြီးကဲ့သို့ ဝင်ရောက်လာပြီး ခန်းမဆောင်တစ်ခုလုံးကို ဝိုင်းရံထားလိုက်ကြ၏။
ရင်ကွမ်းက ပြောလိုက်သည်။ “မင်းသားလျန်... ကျုပ်တို့ ရက်ပေါင်း ၂၀၀ ကျော် အလုပ်ရှုပ်ခဲ့ကြပြီ။ ရလဒ်ကို ကြေညာလိုက်ပါတော့။”
မင်းသားလျန် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။ “ရလဒ်ကို မကြေညာခင် ဒီမဲပေးပွဲ ရလဒ်က စစ်မှန်ပြီး တရားဝင်ကြောင်း လေးလေးနက်နက် ကြေညာပါတယ်။ ဒီရလဒ်က ချင်နိုင်ငံရဲ့ ၁.၅ သန်း စတုရန်း ကီလိုမီတာ နယ်မြေပိုင်ဆိုင်မှုကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ လောကနိုင်ငံအသီးသီးက သက်သေ လိုက်ပေးကြပါ။ သဘာဝလွန် အင်အားစု ၆ ခုရဲ့ ကိုယ်စားလှယ်တွေ သက်သေ လိုက်ပေးကြပါ။”
လူတိုင်း တိတ်ဆိတ်စွာဖြင့် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ မင်းသားလျန်သည် သေတ္တာကို ဖွင့်လိုက်ပြီး အနီရောင် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ သူသည် စာရွက်ကို ဖြည်းညင်းစွာ ဖြန့်လိုက်ပြီး ကြေညာလိုက်သည်။
“ချန်နိုင်ငံသစ် တစ်ဝန်းလုံး မဲပေးပွဲ ရလဒ်ကတော့ ကျန်းမျိုးနွယ်စုနဲ့ တော်ဝင်ချန်အင်ပါယာ အနိုင်ရရှိ သွားပါပြီ။ စုစုပေါင်း လူ ၁၅ သန်း မဲပေးခဲ့ကြပြီး ၉.၁၅ သန်းက ရှမ့်လန်ကို ထောက်ခံခဲ့ကြပါတယ်။ ၆.၈၅ သန်းက ရင်ကွမ်းကို ထောက်ခံခဲ့ကြပါတယ်။ ဆိုလိုတာက ဒီအချိန်ကစပြီး ချန်နိုင်ငံသစ်ရဲ့ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေဟာ အရှင် ရှမ့်လန် ပိုင်ဆိုင်သွားပါပြီ။ ရင်ကွမ်း အနေနဲ့ တော်ဝင်ချန် နန်းတော်နဲ့ ချင်နိုင်ငံကနေ ချက်ချင်း ထွက်ခွာပေးရပါမယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် မှူးမတ်များ အားလုံး ကြက်သေ သေသွားကြ၏။
‘ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှမ့်လန်က ဘယ်လိုလုပ် နိုင်မှာလဲ။ လူတိုင်းက အရှင် ရင်ကွမ်းကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ကြတာပဲ။ ချန်မြို့တော်က ပြည်သူတွေဆိုရင် ရှမ့်လန်ကို ဂြိုဟ်ဆိုးလို့ သတ်မှတ်ပြီး မောင်းထုတ်ခဲ့ကြတာလေ။’
သတင်းကို ကြားလိုက်ရသည့်အခါ ရင်ကွမ်း၏ ခန္ဓာကိုယ် ကြမ်းတမ်းစွာ တုန်ယင်သွားပြီး ခေါင်းထဲတွင် စူးရှစွာ နာကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အမှန်တကယ်တွင် သူသည် ဤသတင်းဆိုးအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားကျောင်းသို့ စေလွှတ်ထားသော ကြီးကြပ်ရေးမှူး တစ်ယောက်မှ ပြန်လည် သတင်းပို့ခြင်း မရှိသောကြောင့်ပင်။ တစ်ခုခု လွဲချော်နေပြီဆိုတာ သိသာနေ၏။ သို့သော်ငြား ရလဒ်ကိုအတည်ပြုလိုက်သည့်အခါ သူ ကြီးမားသော ထိုးနှက်ချက်ကို ခံစားလိုက်ရဆဲ ဖြစ်သည်။
‘ဒါ... ဒါ ဘာအဓိပ္ပာယ်လဲ။ ချန်ပြည်သူတွေက ကျုပ်နဲ့ ပြဇာတ် ကနေကြတာလား။ လူတိုင်းက ကျုပ်ကို ထောက်ခံကြောင်း မတ်တတ်ရပ် ပြသခဲ့ကြပြီး တိတ်တဆိတ် မဲပေးတဲ့အခါကျတော့ ရှမ့်လန်ကို ထောက်ခံ လိုက်ကြတာလား။ ရှမ့်လန်က လူပြက်တစ်ယောက်လို အောက်ကျို့ပြီး ပြုမူလိုက်တာက တကယ် အလုပ် ဖြစ်သွားတာလား။ ပြည်သူ့နှလုံးသားကို တကယ် ပြောင်းလဲပစ်နိုင်တာလား။’
တိတ်ဆိတ်ငြိမ်သက်ခြင်း... ရင်ကွမ်း၏ မှူးမတ်များ ရလဒ်ကို မယုံနိုင်ဖြစ်နေကြပြီး နိုင်ငံအားလုံး၏ သံတမန် များမှာလည်း စကားမပြောနိုင် ဖြစ်နေကြ၏။
မင်းသားလျန်က ဆက်ပြောလိုက်သည်။ “ဒီမဲပေးပွဲ အစကနေ အဆုံးထိ နိုင်ငံအားလုံး သံတမန်တွေနဲ့ သဘာဝလွန် အင်အားစု ကိုယ်စားလှယ်တွေက ကြီးကြပ်ပေးခဲ့တာဖြစ်လို့ လုံးဝ တရားမျှတပါတယ်။ ဘက်လိုက်မှု၊ လိမ်လည်မှု မရှိပါဘူး။ အရှင် ရင်ကွမ်း... အမိန့်ပြန်တမ်းအရ ခင်ဗျား တော်ဝင်ချန် နန်းတော်နဲ့ ချင်နိုင်ငံကနေ ထွက်ခွာပေးရပါမယ်။ ချန်နိုင်ငံသစ်ရဲ့ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေဟာ အရှင် ရှမ့်လန် ပိုင်ဆိုင်သွားပါပြီ။”
မင်းသားကျင်းက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။ “အရှင်ရင်ကွမ်း... ခင်ဗျားရဲ့ ထီးနန်းက ကျုပ်တို့အရှင် ပိုင်ဆိုင်တာပါ။ ခင်ဗျားရဲ့ တော်ဝင်ရင်အင်ပါယာကို စေတီတောင်မှာ သွားတည်ထောင်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ မှူးမတ်တွေ၊ စစ်သည်တွေကို ခေါ်ပြီး ကျုပ်တို့ နယ်မြေထဲက ထွက်သွားပေးပါ။ ကျုပ် တပ်တွေ၊ မှူးမတ်တွေက ချန်နိုင်ငံသစ် တစ်ခုလုံးကို လွှဲပြောင်းယူပါတော့မယ်။”
မင်းသားလျန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်ရင်ကွမ်း... ခင်ဗျားရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောပြပါ။”
“ဟား ဟား ဟား...”
ရင်ကွမ်းက ရုတ်တရက် အော်ဟစ် ရယ်မောလိုက်သည်။ ထို့နောက် သူသည် မင်းသားလျန်ကို သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “မင်းသားလျန်... ခင်ဗျား မှားနေပြီ။ ကျုပ်ကို ထောက်ခံတဲ့သူက ၉.၁၅ သန်း၊ ရှမ့်လန်ကို ထောက်ခံတဲ့သူက ၆.၈၅ သန်းပါ။ ခင်ဗျား မျက်လုံး မှုန်နေပြီ ထင်တယ်။”
ရင်မျိုးနွယ်စု မှူးမတ်များ ကြောင်သွားကြသည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “ဟုတ်တယ်။ ဟုတ်တယ်။ မင်းသားလျန် မျက်လုံး မှုန်နေပြီ။”
“အရှင် ရင်ကွမ်း နိုင်တယ်။ ရှမ့်လန် ရှုံးတယ်။”
“ရှမ့်လန်လို လူပြက်တစ်ယောက်က ဘယ်လိုလုပ် နိုင်မှာလဲ။”
“ချန်မြို့တော် ပြည်သူတွေက အရှင် ရင်ကွမ်းဘက်မှာ ရှိနေတာ ထင်ရှားနေတာပဲ။”
ရင်ကွမ်းသည် ရာဇပလ္လင်ပေါ်မှ ဆင်းလာပြီး မင်းသားလျန်၏ နောက်တွင် ရပ်လိုက်သည်။ သူ၏ လက်ကို မင်းသားလျန်၏ လည်ပင်းပေါ် တင်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းသားလျန်... ခင်ဗျား မှားနေတယ် မဟုတ်လား။”
ထိုအချိန်၌ပင် အပြင်ဘက်ရှိ သောင်းချီသော စစ်သည်တော်များသည် ဓားများကို ဆွဲထုတ်လိုက်ကြ သောကြောင့် နိုင်ငံအားလုံး၏ သံတမန်များ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ချက်ချင်းဆိုသလိုပဲ ထောင်ပေါင်းများစွာသော နှင်းလင်းယုန် စစ်သည်တော်များသည် ကောင်းကင်မှ ဆင်းသက်လာပြီး ခန်းမဆောင်ကို တင်းကျပ်စွာ ဝိုင်းရံထားလိုက်ကြ၏။
မကြာမီ စေတီတောင် ဂိုဏ်းချုပ်ရန် ဝင်ရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ “ကျုပ် နောက်ကျသွားလား။ မင်းသားလျန်... မဲရလဒ် ထွက်ပြီလား။”
“ထွက်ပါပြီ။”
“ရလဒ်က ဘယ်လိုလဲ။” ဂိုဏ်းချုပ်ရန်က ပြုံးရင်း မေးလိုက်သည်။ သူ၏ အကြည့်က ကောင်းကင်ပြစ်ဒဏ် နန်းဆောင်မှ မင်းသမီး ကျိဝူရွှမ် အပေါ်သို့ ကျရောက်နေ၏။
ရင်ကွမ်းက ပြောလိုက်သည်။ “မင်းသားလျန်... တော်ဝင်ရန် အင်ပါယာ သံတမန်များနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး... မဲရလဒ် ထွက်ပါပြီ။ ကျုပ် နိုင်တယ် မဟုတ်လား။ ပြည်သူ ၆၀ ရာခိုင်နှုန်းက ကျုပ်ကို ထောက်ခံတယ်၊ ၄၀ ရာခိုင်နှုန်းက ရှမ့်လန်ကို ထောက်ခံတယ်။ မဲပေးပွဲ လုပ်ငန်းစဉ် ခက်ခဲပေမဲ့ ရလဒ်ကတော့ ခိုင်မာပါတယ်။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ ကြိုးပမ်းမှု တစ်ခုပဲ မဟုတ်လား။”
ဤအချိန်တွင် မင်းသားလျန်သည် လည်ပင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ရာက သူ၏ လည်ပင်းရိုးထဲသို့ တိုးဝင်လာသကဲ့သို့ ဖြစ်နေသည်။ “မင်းသားလျန်... ရလဒ်ကို ကြေညာလိုက်ပါ။”
မင်းသားလျန်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး ပြောလိုက်၏။ “ကျုပ်... ကျုပ် တရားဝင် ကြေညာပါတယ်။ ဒီမဲပေးပွဲမှာ လူ ၁၅ သန်း ပါဝင်ခဲ့ပြီး ၉.၁၅ သန်းက ရင်ကွမ်းကို ထောက်ခံခဲ့ကြပါတယ်။ ၆.၈၅ သန်းက အရှင် ရှမ့်လန်ကို ထောက်ခံခဲ့ကြပါတယ်။ ရင်ကွမ်းက အနိုင်ရရှိသူ ဖြစ်ပါတယ်။ ချန်နိုင်ငံသစ်ရဲ့ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေဟာ အရှင် ရင်ကွမ်း ပိုင်ဆိုင်သွားပါပြီ။”
ထိုစကား ထွက်ပေါ်လာသည်နှင့် ခန်းမဆောင် တစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားခဲ့သည်။ အရာရှိဟောင်းများက စိတ်ထဲတွင် လှောင်ပြောင်နေကြသည်။ ရင်ကွမ်း၏ လူငယ်အရာရှိများနှင့် သံတမန် အဖွဲ့ဝင်များမှာမူ ကျောချမ်းသွားကြသည်။
သူတို့သည် ဤမဲပေးပွဲကို ရယ်စရာ ကောင်းသည်၊ ကလေးဆန်သည်ဟု ထင်မြင်ခဲ့ကြသော်လည်း ပါဝင် ဆောင်ရွက်ချိန်တွင်မူ လေးနက်မှုနှင့် မြင့်မြတ်မှုကို ခံစားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် လူများစွာသည် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။ အရာအားလုံးသည် တရားမျှတသည်၊ မှန်ကန်သည်၊ လေးနက်သည်။
သို့သော်ငြား ဤရလဒ်သည် အလွယ်တကူ ပြောင်းလဲခံလိုက်ရသည်။ သမင်ကို မြင်းဟု ပြောသကဲ့သို့ ပြောင်ပြောင်တင်းတင်း လိမ်ညာလိုက်ခြင်း ဖြစ်သည်။ လူပေါင်း သုံးသောင်းခန့်၏ နှစ်ဝက်ကျော် ကြိုးစား အားထုတ်မှုနှင့် ပြည်သူ ၁၅ သန်း၏ ခံစားချက်များသည် အလွယ်တကူ နင်းချေခံလိုက်ရ၏။
ဖြစ်စဉ်တစ်ခုလုံးတွင် ရှမ့်လန်အဖြစ် သရုပ်ဆောင်သော မှန်သည် တိတ်ဆိတ်နေခဲ့သည်။ ချောင်ယောင်းအာ နှင့် စုနန်တို့လည်း တိတ်ဆိတ်နေကြသည်။
ရင်ကွမ်းက ပြောလိုက်၏။ “မင်းသားလျန်... ချန်မြို့တော်ပြည်သူတွေရှေ့မှာ ဒီရလဒ်ကို ကြေညာပေးပါအုံး။ ဒါနဲ့ အရှင် ရှမ့်လန်... အတူတူ သွားကြမယ်လေ။ ကျုပ်တို့ သုံးယောက် အတူတူ သွားကြမယ်။”
ထို့နောက် ရင်ကွမ်းသည် ဘယ်လက်ဖြင့် မှန်ကို ဆွဲကိုင်ပြီး၊ ညာလက်ဖြင့် မင်းသားလျန်ကို ဆွဲကိုင်ကာ နန်းတော်ထဲမှ ထွက်ခွာလာခဲ့သည်။
ခန်းမဆောင် တံခါးကြီး ပွင့်သွားသောအခါ အပြင်ဘက်တွင် သောင်းချီသော စစ်သည်တော်များ စောင့်ဆိုင်း နေကြသည်။ ရင်ကွမ်း အမိန့်တစ်ချက် ပေးလိုက်သည်နှင့် သံတမန်အားလုံးကို သုတ်သင်ရှင်းလင်းပစ် နိုင်၏။
ရင်ကွမ်း ထွက်လာသည်နှင့် စစ်သည် သောင်းပေါင်းများစွာ လမ်းဖယ်ပေးလိုက်ပြီး ဦးခိုက်လိုက်ကြသည်။
ရင်ကွမ်းသည် ရွှေရောင်နဂါးပုံ ထိုးထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါ နေသည်။ သူ၏ဟန်ပန်အမူအရာသည် မင်းသားလျန်နှင့် မှန်ကို ကြက်ပေါက်စလေးများသဖွယ် ဖြစ်သွားစေသည်။
“မင်းသားလျန်... ကျောချမ်းနေလား။ မပူပါနဲ့၊ စိတ်မပူပါနဲ့။ ဒီကပ်ပါးကောင်က အရမ်း ထူးခြားတယ်ဆိုပေမဲ့ ဖြေဆေးတော့ ရှိပါသေးတယ်။” ရင်ကွမ်းက အသံနိမ့်ဖြင့် ပြောလိုက်၏။
မင်းသားလျန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသော်လည်း စကားတစ်ခွန်းမှမဆိုပေ။
“ကျုပ် ... ရင်ကွမ်းက မောက်မာလွန်းတယ်လို့ ထင်နေလား။ တော်ဝင်ရန်အင်ပါယာရဲ့ မင်းသားကို ထိပါးရဲတယ်။ နိုင်ငံအားလုံးရဲ့ သံတမန်တွေကို ထိပါးရဲတယ်ပေါ့လေ။ ခင်ဗျား ရန်မြို့တော်ကို ပြန်ရောက်ရင် အိမ်ရှေ့စံကို တိုင်ကြားပြီး တော်ဝင်ရင်အင်ပါယာကို အပြတ်အသတ် ချေမှုန်းခိုင်းမလို့လား။ မဖြစ်နိုင်ပါဘူး။ ဒါက တော်ဝင်ရန်မြို့တော်က မဟာသိုင်းပညာရှင် နှစ်ယောက် အမြင်ချင်ဆုံး အရာပဲ။”