← Chapters

မြစ်စောင့်နတ်သမီး

Vol. 3 Ch. 245

မြစ်စောင့်နတ်သမီး

Vol. 3 Ch. 245

သို့သော် ကျောက်ရွှမ်မှာ ဘုရင်တစ်ပါး ဖြစ်သည့် အတွက် ဣန္ဒြေ ချက်ချင်း ဆည်လိုက်လေသည်။ သူက အတွေ့အကြုံ အလွန်များသည့် ဧကရာဇ် တစ်ပါး ဖြစ်သည့်အတွက် သူ၏ တည်ငြိမ်မှုမှာ ကျင့်ကြံသူများထက် မသာလျှင်တောင်မှ မလျော့ပေ။

သူက ရွှေရောင်ဝတ်ရုံကို အသာ ပင့်တင်လိုက်ပြီး လက်ဖက်ရည် ပန်းကန်ကို ပြန်ချထားလိုက်ရင်း…

“ဘာလို့ ဒီလို ပြောရတာလဲ”

ဟု တည်ငြိမ်စွာဖြင့် မေးလိုက်လေသည်။

ဆန်းလျန်က ကျောက်ရွှမ်ကို အကဲခတ် နေလေသည်။

မတွေ့ဆုံရသည်မှာ ကြာပြီ ဖြစ်သည့်တိုင် ကျောက်ရွှမ်မှာ လေးစားစရာ ကောင်းဆဲ ဖြစ်လေသည်။ ကျောက်ရွှမ်မှာ ဘုရင်တစ်ပါး ဖြစ်သော်လည်း ရက်စက် ကြမ်းကြုတ်သူ တစ်ယောက် မဟုတ်ပေ။ ဆုံးဖြတ်ချက် ခိုင်မာပြီး တည်ငြိမ် အေးဆေးသူ ဖြစ်လေသည်။ ကျောက်ရွှမ်သာ ကျင့်စဉ်လမ်းကို လိုက်မည်ဆိုလျှင် အောင်မြင်မှု ကျိန်းသေရမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် တစ်ချိန်က ဘုရင်မကြီးသည် ကျောက်ရွှမ်ကို အိမ်ရှေ့စံ အရာပေးခဲ့ခြင်း ဖြစ်လေသည်။

ဘုရင်မကြီးမှာ ကျောက်ရှောင်ယွီနှင့် တိုက်ခိုက်ပြီးသည့် နောက်ပိုင်း ဒဏ်ရာ အပြင်းအထန် ရခဲ့သည့်အတွက် နဂါးစွမ်းအားကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ကျင့်စဉ် လမ်းတွင်လည်း အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပြီး အာဏာကို လက်လွှတ် ခဲ့ရသည်အထိ ဖြစ်ခဲ့ရလေသည်။ သူမ၏ နဂါးစွမ်းအားသာ မဆုံးရှုံးလျှင် ဝန်ကြီး ယွိထျန်းလင်က သူမကို ဖိအားပေးပြီး ထီးနန်း ချနိုင်မည် မဟုတ်ပေ။

ကျောက်ရွှမ်မှာ ဘုရင်မကြီး ထက်ပင်ပိုပြီး တည်ငြိမ်သူ ဖြစ်လေသည်။ အာဏာ ရယူပြီးသည့် အချိန်တွင်ပင် ဝန်ကြီးများနှင့် အိမ်ရှေ့စံ ပူးပေါင်း ကြံစည်သည့် ပုံစံမျိုး မဖြစ်ရလေအောင် ဝန်ကြီး ယွိထျန်းလင်ကို ရာထူးမှ အနားပေးလိုက်သည်။ အခြားသူများကတော့ သူ့ကိုအေးစက်ပြီး အကြင်နာတရား ကင်းမဲ့သူဟု ပြောကြမည် ဖြစ်လေသည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ခြင်းက ယွိထျန်းလင်ကို ကာကွယ် ပေးလိုက်ခြင်း ဖြစ်သလို ထီးနန်း အာဏာလုချင်သည့် အခြားများကိုလည်း ငြိမ်သက်အောင် ထိန်းချုပ်လိုခြင်းပင် ဖြစ်လေသည်။ ကျောက်ရွှမ်ကဲ့သို့ ဆင်ခြင်ဉာဏ် ရှိသူသည် ဘဝတွင် ခပ်မြန်မြန် ကျဆုံးမည့်သူ တစ်ယောက် မဟုတ်ပေ။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“မင်းကြီး နန်းတက်ကတည်းက မင်းကြီးရဲ့ ညီမတော် ရှင်းယန် မင်းသမီးက မင်းကြီးကို အများကြီး ကူညီ ပေးခဲ့တယ်မလား၊ သူမသာ မင်းကြီးရဲ့ မယ်တော်ကြီးရဲ့ လူဟောင်းတွေကို ရှင်းမပစ်ခဲ့ဘူး ဆိုရင် ခုချိန် ဒီရာဇပလ္လင်မှာ မင်းကြီး စိတ်အေးလက်အေး ဘယ်ထိုင်နေ နိုင်မှာလဲ၊ ကျုပ်အထင် ပြောရရင် မင်းကြီးရဲ့ ညီမတော်ဟာ နန်းတွင်း ညီလာခံရဲ့ တစ်ဝက်လောက်ကို အနာဂတ်မှာ ထိန်းချုပ်နိုင်တဲ့သူ ဖြစ်လာလိမ့်မယ်”

ဆန်းလျန်ပြောသည့် စကားများမှာ အမှန်ပင် ဖြစ်လေသည်။

ကျောက်ရွှမ်က နန်းတွင်း အခြေအနေများကို တည်ငြိမ်အောင် ထိန်းသိမ်း ထားနိုင်သည့်တိုင် ထိုကိစ္စကို မရှင်းနိုင်ပါက နောက်ပိုင်းတွင် နန်းတွင်း ညီလာခံ၌ နှစ်ခြမ်းကွဲမည် ဖြစ်လေသည်။ တစ်ခြမ်းမှာ သားတော်ဖြစ်သူ အိမ်ရှေ့မင်းသား ကျောက်ရှန့်ဘက်မှ ဖြစ်ပြီး နောက်တစ်ခြမ်းမှာ မင်းသမီး ရှင်းယန်ဘက်မှ ဖြစ်ပေလိမ့်မည်။

ဆန်းလျန်က ဆက်ပြောလိုက်သည်။

“အဲဒီလို အခြေအနေ ကြုံလာခဲ့ရင် မင်းကြီးရဲ့ ညီမတော်က နန်းတွင်း ညီလာခံရဲ့ အခြေအနေတွေကို တည်ငြိမ်အောင် ညှိနှိုင်းပေးမယ်လို့များ ထင်နေသလား”

“ချင်းရှ၊ မင်းက အခြားကမ္ဘာက ရောက်လာတဲ့ လူတစ်ယောက်လိုပါပဲ၊ ပြီးတော့ ဒီနန်းတွင်းရေးတွေ အားလုံးကို ပြတ်ပြတ်သားသား နားလည်နေတယ်၊ ကျုပ်ကတော့ နန်းတွင်းရေးတွေမှာ ကိုယ်တိုင် ပါဝင် ပတ်သက်နေရတဲ့ သူဆိုတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး၊ မင်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတော့”

ကျောက်ရွှမ်က ပြောလိုက်လေသည်။

ဆန်းလျန်က ….

“ဒါဖြင့်လည်း ပွင့်ပွင့်လင်းလင်း ပြောရတာပေါ့၊ မင်းကြီး ဘုရင်ဖြစ်လာတာ ကံတရား အတိုင်း မဟုတ်ဘူး၊ မင်းကြီးရဲ့ ညီမတော်မှာလည်း အာဏာရှိနေတယ်၊ တစ်ချိန်ကျရင် မင်းသမီးက အိမ်ရှေ့စံ နေရာကို ခြိမ်းခြောက်လာပဲ၊ အဲဒီအချိန်ကျမှ မင်းကြီးရဲ့ သားတော် အိမ်ရှေ့စံက မင်းကြီးရဲ့ ညီမတော်ကို လုပ်ကြံမယ်ဆိုရင် မင်းကြီး ဘယ်လိုလုပ်မလဲ”

ကျောက်ရွှမ်မှာ ထိုအကြောင်းကို တွေးထားပြီးသား ဖြစ်လေသည်။ သူက မင်းမျိုးမင်းနွယ် တစ်ပါးဖြစ်သည့် အတွက် ငယ်စဉ်ကပင် မိသားစုအတွင်း သတ်ဖြတ်မှုများကို မရိုးနိုင်အောင် မြင်တွေ့ခဲ့ပြီးပြီ ဖြစ်လေသည်။ ထို့ကြောင့် နောက်ထပ် သတ်ဖြတ်မှုများ အကြောင်းကို မစဉ်းစား ချင်တော့သလို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရလျှင်လည်း မည်သို့ ဖြေရှင်း ရမည်မှန်း မသိပေ။

အခြားသူဆိုလျှင်တော့ ဆန်းလျန်၏ စကားများကြောင့် ဒေါသ ချောင်းချောင်း ထွက်မည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်မှာ နတ်ဘုရား တစ်ပါး ဖြစ်လေသည်။ ကျောက်ရွှမ်မှာ တိုင်းပြည် တစ်ပြည်လုံးကို အမိန့်ပေးနိုင်ပြီး လူပေါင်းများစွာ၏ အသက်ကို နှုတ်ယူနိုင်သည့် ရေမြေ့အရှင် ဘုရင်တစ်ပါး ဖြစ်သည့်တိုင် ဆန်းလျန်ကိုတော့ လွှမ်းမိုးနိုင်သူ မဟုတ်ပေ။ သူ၏မိခင်မှာ ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့သည့်သူ တစ်ယောက် ဖြစ်သည့် အတွက် မိုးကောင်းကင်၏ အလိုကို ဆန့်ကျင်ကာ တရားအလင်းကို ရှာဖွေနေကြသည့် ကျင့်ကြံသူများ အကြောင်းကို သူကောင်းကောင်း သိလေသည်။

ထိုကျင့်ကြံသူများကို မည်သည့် ဘုရင်ကမှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ထိုသူများသည် ဘုရင့် နန်းတော် အတွင်းသို့ပင် သူတို့ဆန္ဒရှိသည့် အတိုင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေကြသည်ပဲ မဟုတ်ပါလား။

“မင်း ကျုပ်ရဲ့ နန်းတော်ထဲ ဝင်လာတာကို တားဆီးလို့ မရသလို ဒီလိုဖြစ်လာရင်လည်း ကံတရား အတိုင်းပဲပေါ့၊ ဘယ်တားဆီးလို့ ရပါ့မလဲ”

ကျောက်ရွှမ်က ပြောလိုက်လေသည်။

အလွန်ဉာဏ်ရည် ထက်မြက်သည့် ဆန်းလျန်သည် ဘုရင်တစ်ပါး ဖြစ်သည့် ကျောက်ရွှမ်မှာ အခြားသော ဘုရင်များနှင့် တူသူ မဟုတ်ကြောင်း သိရှိထားပြီးသား ဖြစ်လေသည်။

ဆန်းလျန်က….

“အဲဒီလို နန်းတွင်း အရေးတော်ပုံ ဖြစ်လာရင် အရင်ဆုံး နတ်ရွာလားရတဲ့ သူက မင်းကြီးပဲ ဖြစ်လာလိမ့်မယ်၊ မင်းကြီးရဲ့ မယ်တော်ကို ထျန်းစန့်ဟွမ် ဘွဲ့ပေးထား သလိုမျိုး ဘယ်သူမှ မင်းကြီးကိုတော့ ထျန်းစန့်ဟွမ် ဘွဲ့ပေးထားကြမှာ မဟုတ်ဘူး”

“တော်ပါတော့ ချင်းရှရယ်၊ မင်းလိုလူမျိုးက ဧကရာဇ် တံဆိပ်တော်ကို ယူသွားချင်ရင် လွယ်လွယ်လေးပါ၊ ဘာလို့ ဒီလိုကိစ္စတွေ ပြောနေရသေးတာလဲ၊ မင်းလိုချင်ရင် ဧကရာဇ် တံဆိပ်တော်ကို ယူသွားပါတော့၊ ငါကိုယ်တော် သဘောတူပါတယ်”

ကျောက်ရွှမ် ပြောလိုက်လေသည်။

ဆန်းလျန်က သူ့အင်္ကျီလက်ထဲမှ ကျောက်စိမ်းပြားလေး တစ်ခုကို ထုတ်ယူလိုက်ပြီး...

"မင်းကြီး အန္တရယ်နဲ့ ရင်ဆိုင်ရတဲ့ အခါ ဒီကျောက်စိမ်း ပြားလေးကို ကိုင်ပြီး ကျုပ်နာမည်သာ ခေါ်လိုက်ပါ"

ကျောက်ရွှမ်က ကျောက်စိမ်းပြားလေးကို ယူလိုက်ရင်း....

"ဘာများ ပြောစရာ ရှိသေးလဲ...."

ဆန်းလျန်က ပြုံးလိုက်ရင်း...

"မင်းကြီးရဲ့ကတိအတိုင်း ဧကရာဇ် တံဆိပ်တော်ကို ကျုပ်ယူသွားပြီနော်”

ဆန်းလျန်က စကားဆုံး သွားသည်နှင့် ပျောက်ကွယ် သွားလေသည်။ ဆန်းလျန်နှင့် အတူ အပန်းဖြေခန်း ဆောင်လေးပါ ပျောက်ကွယ် သွားလေသည်။

လေပြေလေး တိုက်ခတ်လာသလို ခံစားလိုက်ရပြီး ကျောက်ရွှမ် မျက်လုံး ဖွင့်ကြည့် လိုက်လေသည်။

သူ့ကို ငုံ့ကြည့်နေသည့် အစေခံ တစ်ယောက်ကို တွေ့လိုက်ရသည်။

"မင်းကြီး နိုးလာပြီလား...."

ကျောက်ရွှမ်မှာ သူ၏ စာကြည့် စားပွဲပေါ်မှာပင် အိပ်ပျော်နေခြင်း ဖြစ်လေသည်။

သူ့လက်ထဲတွင် ကျောက်စိမ်းပြားလေး တစ်ခုကို ဆုပ်ကိုင် ထားလေသည်။

ထိုကျောက်စိမ်းပြားလေးမှာ ဆန်းလျန် သူ့ကိုပေးခဲ့သည့် ကျောက်စိမ်း ပြားလေး ဖြစ်လေသည်။ အိပ်မက် တစ်ခု မဟုတ်ကြောင်း ကျောက်ရွှမ် သိရှိသွားရသည်။

ကျောက်ရွှမ်က မည်သည့် စကားမှ မပြောဘဲ အစေခံများကို နှင်လွှတ်လိုက်လေသည်။

ဧကရာဇ် တံဆိပ်တော် ထားရှိသည့် သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည့် အခါတွင်တော့ တံဆိပ်တော်မှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပြီ ဖြစ်လေသည်။ သေတ္တာလေးထဲတွင် စာတိုလေး တစ်စောင် ချန်ထားခဲ့လေသည်။

"ငှားသွားတဲ့ ပစ္စည်းကို ပြန်လာပေးပါ့မယ်..."

ဟု စာတိုလေးတွင် ရေးသား ထားလေသည်။

သို့သော် ဧကရာဇ် တံဆိပ်တော် ပျောက်ဆုံးသွားခြင်း အတွက် ကျောက်ရွှမ် စိတ်အနှောင့်အယှက် မဖြစ်မိပါ။

သူ့အတွက် ဧကရာဇ် တံဆိပ်တော်မှာ အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ပြဿနာမရှိပါ။ အတုတစ်ခု လုပ်ထားလိုက်၍လည်း အဆင်ပြေ လေသည်။ သို့သော် အိပ်မက်ထဲတွင် ဆန်းလျန်က တကယ့်နဂါးကြီး တစ်ကောင်ကို နှိမ်နင်းရန် အတွက် ဧကရာဇ် တံဆိပ်တော်ကို အသုံးပြုမည်ဟု ပြောသွားခဲ့လေသည်။ ဆန်းလျန်၏ ပုံစံမှာ လိမ်ပြောသည့်ပုံ မပေါ်ပေ။ ထိုအကြောင်း အရာကိုသာ ကျောက်ရွှမ်မှာ စိတ်ဝင်စား နေမိလေတော့သည်။

ဘုရင်မကြီး နန်းကျပြီးသည့်နောက် တာ့မင်နန်းတော်ရှိ ဆွေလျန်နန်းဆောင်တွင် စံမြန်းလျက် ရှိလေသည်။ သူမကို ဆွေလျန်နန်းဆောင်ကို နှစ်သက်ရသည့် အချက်နှစ်ချက်ရှိလေသည်။

ပထမ အချက်မှာ ဆွေလျန်နန်းဆောင်မှာ ရှုခင်းများ လှပလေသည်။ ဒုတိယ အချက်မှာ လူသွားလူလာ သိပ်မရှိသည့် အတွက် တိတ်ဆိတ်သော နေရာတစ်ခု ဖြစ်လေသည်။

ဘုရင်မကြီးသည် စာကြည့် စားပွဲတွင် ထိုင်ပြီး ဗုဒ္ဓကျမ်းစာ တစ်အုပ်ကို ဖတ်နေလေသည်။ ဗုဒ္ဓကျမ်းစာအုပ်မှာ နှင်းဆီသားဖြင့် ပြုလုပ်ထားပြီး သဘာဝ အတိုင်း အစင်းကြောင်းလေးများ ပါရှိလေသည်။ ထိပ်တန်း စာပေသမားမျိုးပင် ထိုကဲ့သို့သော တန်ဖိုးကြီးသည့် စာရွက်မျိုးကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့ပြင် သဘာဝအတိုင်း အစင်းကြောင်းလေးများ ပါရှိသည့်အတွက် စာလုံးကို ညီအောင် ရေးသွားရန်မှာလည်း ခက်ခဲလွန်းလေသည်။

ဗုဒ္ဓကျမ်းစာအုပ်ထဲတွင် စာပိုဒ်တစ်ပိုဒ် ရေးသားထားလေသည်။

"လောကမှာ အကန့်အသတ်မရှိတဲ့ ကျင့်စဉ်လမ်းပေါင်း များစွာ ရှိလေတယ်၊ ကံမကောင်း အကြောင်းမလှရင် ကျင့်စဉ် တစ်ခုကိုတောင် ကျင့်ဖို့ခက်ခဲတယ်၊ ဒီနေ့မှာတော့ ကျုပ်ဟာ သင်ယူခွင့် ရခဲ့ပြီ၊ ပြီးတော့ ရူလိုင်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်"

ဘုရင်မ၏ ရှေ့တွင် ချောမောလှပသည့် လူငယ် ကျင့်ကြံသူလေး တစ်ယောက် ထိုင်နေလေသည်။ ထိုလူငယ်မှာ ဆန်းလျန်ပင် ဖြစ်လေသည်။

ဘုရင်မနှင့် ဆန်းလျန် မျက်လုံးချင်း ဆုံလိုက်သည်နှင့် ခန်းမဆောင်ထဲမှ လေထုမှာ လှိုင်းများ ထသွားသလို ခံစား လိုက်ရလေသည်။ လေထုက အထက်အောက် လှုပ်ရှား ရိုက်ခတ်သွားပြီး ကျင့်ကြံသူ နှစ်ယောက် သို့မဟုတ် ဓားသမား နှစ်ယောက် တရား ဆွေးနွေးသည်နှင့်ပင် ဆင်တူ နေလေသည်။

ဘုရင်မက ဆန်းလျန်ကို စူးစိုက် ကြည့်လိုက်ရင်း…

"ဒီကျမ်းစာပိုဒ်ထက် ငါ သဘောကျတဲ့ ကျမ်းပိုဒ် မရှိနိုင်ဘူး၊ ငါ သိပ်သဘောကျတယ်"

"မတွေ့ရတာ အရမ်းကြာပြီပဲနော် ဘုရင်မ၊ အတွေ့အကြုံသစ် အမြင်သစ်တွေလည်း ရနေပြီ ထင်တယ်"

ဆန်းလျန်က ပြုံးရင်း ပြောလိုက်သည်။

ဗုဒ္ဓဘာသာ ကျမ်းပိုဒ်မှာ ဝူကျယ်ထျန်း ရေးသားထားသည့် ကျမ်းပိုဒ် ဖြစ်လေသည်။ ဝူကျယ်ထျန်းနှင့် ဘုရင်မကြီးမှာ ဖြစ်ရပ်ချင်း ခပ်ဆင်ဆင် တူလေသည်။ နှစ်ယောက်လုံးမှာ တိုင်းပြည် တစ်ပြည်၏ ဘုရင်မများ ဖြစ်ခဲ့ကြပြီး ယောကျ်ားသား ဘုရင်များထက်ပင် ကြောက်စရာ ကောင်းခဲ့ ကြလေသည်။

"မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီနေ့အထိ အသက်ရှင် နေနိုင်မှာ မဟုတ်ဘူး၊ မင်းကို ပြန်ကျေးဇူး ဆပ်မယ်လို့လည်း အမြဲတမ်း စဉ်းစားနေခဲ့တယ်၊ ခုလည်း မင်းအကူအညီလိုရင် ပြောလို့ရတယ်နော်"

"အရင်ကတော့ ဘုရင်မ အကူအညီ မလိုခဲ့ပါဘူး၊ အခုတော့ ဘုရင်မကို လာရှာရတာက နည်းလမ်း တစ်ခုလောက် ပြောပြချင်လို့ပါ"

ဆန်းလျန်က ပြောလိုက်လေသည်။

ဘုရင်မကြီးက မျက်ခုံး တစ်ချက် ပင့်လိုက်ရင်း…

"မင်းစကားက ဘာအဓိပ္ပာယ်လဲ"

"မိုင်သုံးသောင်းဝန်းကျင်က လူတွေရဲ့ ဆုတောင်းသံတွေကို ခံယူပြီး ရေမိစ္ဆာတွေကို ညီညွတ်စေတဲ့ ထာဝရ အသက်ရှင်တဲ့ မြစ်စောင့် နတ်သမီးတစ်ပါး မဖြစ်ချင်ဘူးလား၊ ဘုရင်မကြီး စိတ်ဝင်စားမယ် ဆိုရင်ပေါ့လေ"

ထိုစကားကို ဆန်းလျန်က တည်ငြိမ်စွာ ပြောလိုက်ခြင်း ဖြစ်သည့်တိုင် အလွန်မှ ကြက်သီးထဖွယ် တုန်လှုပ်စေသည့် စကားဖြစ်လေသည်။

***

All Chapters