ရှန်းချန်ကော သေကိုသေရမယ်
Vol. 30 Ch. 291
ကောင်းကင်ယံထက်တွင် ရှန်းချန်ကောနှင့် ကျင့်ကြံသူ သုံးဦးတို့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြပေသည်။ သူတို့ လက်များကို မြှောက်လိုက်သည်နှင့် အထွတ်အထိပ် စွမ်းအားများသည် လေထုထဲတွင် ပြည့်နှက်သွားလေ၏။
သူတို့၏ နတ်ဘုရားအရှိန်အဝါသည် ကောင်းကင်ကို တုန်လှုပ်စေနိုင်ပြီး မြစ်များနှင့် ပင်လယ်များကို ဖြတ်တောက်ကာ ကြယ်တာရာများကို ပြောင်းပြန်လှန်ပစ်နိုင်သည့် ထောင်ချောက်တစ်ခုကဲ့သို့ ဖြစ်နေပေသည်။
"ရွှစ်..."
ပင်လယ်ထဲမှ ကုမျိုးနွယ်စု၏တတိယအကြီးအကဲသည် ဒုံးပျံတစ်ခုကဲ့သို့ ပျံတက်လာလေသည်။
သူ၏ မျက်နှာသည် ဖြူဖျော့ပြီး အားနည်းနေသော်လည်း မျက်လုံးများသည် အလွန် မဲမှောင်နေ၏။ သူ ထုတ်လွှတ်လိုက်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါသည် အရိုးခိုက်အောင် အေးစက်နေဆဲ ဖြစ်ပေသည်။
သူသည် စစ်မြေပြင်အပြင်ဘက်သို့ ရောက်လာပြီး ဖုန်းမျိုးနွယ်စုကို အေးစက်စွာ ကြည့်လိုက်လေသည်။
"ဖုန်းကောင်းကင်မျိုးနွယ်စု... ခင်ဗျားတို့ ဘာလို့ ဝင်မတိုက်တာလဲ..."
"ကျုပ်တို့ရဲ့ ပဉ္စမအကြီးအကဲက အခုလေးတင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာလေ... ဘယ်လိုလုပ် တိုက်လို့ရမှာလဲ..."
ဖုန်းကောင်းကင်မျိုးနွယ်စု၏ တတိယအကြီးအကဲသည် မျက်ခွံကို အနည်းငယ် ပင့်မလိုက်ပြီး ပျင်းရိစွာ ကြည့်လိုက်လေသည်။ ထို့နောက် သူက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်၏။
"တကယ်တမ်းကျတော့ ကုကောင်းကင်မျိုးနွယ်စုက ရှန်းချန်ကောရဲ့ နတ်ဘုရားပစ္စည်းကို အစကတည်းက လိုချင်မက်မောနေတာ မဟုတ်ဘူးလား... ဒါကြောင့်လည်း ဒီလောက်ထိ ပေးဆပ်ရဲတာ မဟုတ်လား..."
တတိယမြောက် သူတော်စင်စစ်သူကြီးသည်လည်း ခေါင်းကို အနည်းငယ် လှည့်ကာ ကုမျိုးနွယ်စု၏ တတိယအကြီးအကဲကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
သူ မနှစ်မြို့ပုံရ၏။
ဤအဘိုးကြီးများသည် မြင့်မြတ်မင်းဆက်မှ ဖြစ်ကြသော်လည်း သူတို့ တစ်ဦးစီတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြလေသည်။
သူတို့သည် သူတော်စင်ဘုရင်အပေါ် သစ္စာရှိကြသည် မဟုတ်ဘဲ သူတို့၏ နောက်ကွယ်မှ ကောင်းကင်မျိုးနွယ်စုများ အပေါ်တွင်သာ သစ္စာရှိကြခြင်း ဖြစ်ပေသည်။
နတ်ဘုရားပစ္စည်း...
သူတို့အားလုံးသည် ၎င်းကို ကိုယ်ပိုင် ရယူလိုကြခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် တစ်နည်းအားဖြင့် ပြောရလျှင် သူတို့၏ နောက်ကွယ်မှ ကောင်းကင်မျိုးနွယ်စုများကို ရရှိစေလိုခြင်း ဖြစ်ပေသည်။
"ရှန်းချန်ကောကို ဖုန်းကောင်းကင်မျိုးနွယ်စုက ဖိတ်ခေါ်ခဲ့တာလေ... အခု သူက ဒီလောက်ကြီးမားတဲ့ ကပ်ဘေးကို ဖြစ်စေခဲ့တာတောင် ခင်ဗျားတို့ နောင်တရဖို့ မသိကြသေးဘူးလား... ကျုပ်ရဲ့ ကုမျိုးနွယ်စုကို စွပ်စွဲပြီး နာမည်ဖျက်ရဲတယ်ပေါ့..."
ကုကောင်းကင်မျိုးနွယ်စု၏ တတိယအကြီးအကဲသည် မုတ်ဆိတ်မွှေးများ လှုပ်ခါသွားသည်အထိ ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
သူသည် ပေါက်ကွဲလုမတတ် ဒေါသထွက်နေပြီး ဒေါသကြောင့် ကိုယ်ခန္ဓာပင် အနည်းငယ် တုန်ခါနေလေ၏။
ထိုအရာသည် နတ်ဘုရားပစ္စည်း ဖြစ်လေသည်။ မည်သူက မလိုချင်ဘဲ နေမည်နည်း။
ခင်ဗျားတို့ ဖုန်းကောင်းကင်မျိုးနွယ်စုကရော ကိုယ့်ဘာသာ သိမ်းထားချင်တာ မဟုတ်ဘူးလား။ ဒီကိစ္စကို သူတော်စင်ဘုရင်ဆီ သတင်းပို့ခဲ့လို့လား။
ရှန်းချန်ကောတွင် နတ်ဘုရားပစ္စည်း ရှိနေကြောင်း ကုမျိုးနွယ်စုနှင့် အခြားသော ကောင်းကင်မျိုးနွယ်စုကြီးများ အတွက် လျှို့ဝှက်ချက် မဟုတ်ပေ။
သို့သော် သူတို့တွင် နားလည်မှု တစ်ခု ရှိထားပြီး ဤအကြောင်းကို မြင့်မြတ်မင်းဆက်ထံ သတင်းမပို့ခဲ့ကြချေ။
သူတို့၏ အမြင်တွင် ဤအရာသည် ကောင်းကင်မျိုးနွယ်စုကြီး အနည်းငယ်အတွက်သာ ထိုက်တန်သော နတ်ဘုရားပစ္စည်း ဖြစ်လာရန် ကံပါလာပြီး ဖြစ်လေသည်။
မည်သည့် မျိုးနွယ်စုက ရရှိမည် ဆိုသည်မှာမူ သူတို့၏ ကိုယ်ပိုင် အရည်အချင်းအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ထို့အပြင် ရှန်းချန်ကောသည် ကုမျိုးနွယ်စု၏ သခင်လေး အမွေဆက်ခံသူကို ဦးစွာ သတ်ဖြတ်ခဲ့ပြီး ကုမျိုးနွယ်စုကို အရှက်ခွဲခဲ့လေသည်။
အဟောင်းနှင့် အသစ်သော ရန်ငြိုးများကို သူတို့ မည်သို့ လျစ်လျူရှုထားနိုင်မည်နည်း။
"တော်ကြတော့... ခင်ဗျားတို့ရဲ့ အားအင်တွေကို အလုပ်ထဲမှာပဲ ပြန်အာရုံစိုက်လိုက်ကြ... သူက သူတော်စင်ဘုရင်ကိုယ်တိုင် သတ်ဖို့ အမိန့်ပေးထားတဲ့သူ... တခုခု လွဲချော်သွားရင် ကျုပ်တို့ ဘယ်သူမှ တာဝန်မယူနိုင်ဘဲ နေလိမ့်မယ်..."
တတိယမြောက် သူတော်စင်စစ်သူကြီးသည် မျက်မှောင်ကြုတ်ကာ လက်ဝှေ့ယမ်းလိုက်လေသည်။
သူ၏ မျက်နှာထားသည် မကြည်မလင် ဖြစ်နေ၏။ ဤအချိန်တွင် ဤလူများက ပြည်တွင်းပဋိပက္ခ ဖြစ်ဖို့ စဉ်းစားနေကြသေးရာ ၎င်းက သူ့ကို စိတ်မပျော်မရွှင် ဖြစ်စေလေသည်။
ယခုတစ်ကြိမ်တွင် သူသည် ရှန်းချန်ကောကို သတ်ရန် အမိန့်ရထားပြီး မည်သည့် အမှားအယွင်းကိုမျှ မမြင်လိုချေ။
"ဝုန်း... ဝုန်း... ဝုန်း..."
ကောင်းကင်ယံတွင် လေနှင့် တိမ်တိုက်များ လှုပ်ရှားနေပြီး မိုးကြိုးများ ဟိန်းထွက်နေလေသည်။ ရှန်းချန်ကော၏ နတ်ဘုရားစွမ်းအားသည် တားဆီး၍ မရနိုင်လောက်အောင် ဖြစ်နေပြီး အိပ်ပျော်ရာမှ နိုးထလာသော နတ်ဘုရားတစ်ပါး သို့မဟုတ် ဓားဝိဇ္ဇာတစ်ပါး ကဲ့သို့ပင်။
လက်ကို မြှောက်လိုက်ရုံဖြင့် သူသည် သေသပ်လှပသော ဓားသိုင်းကွက်ကို ထုတ်ဖော်လိုက်လေသည်။ သူ၏ စွမ်းအားသည် လွှမ်းမိုးထားပြီး ဖန်ဆင်းခြင်းအကြီးစားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူ သုံးဦးကိုပင် ဖိနှိပ်ထားနိုင်ခဲ့ပေသည်။
ထို့အပြင် သူ၏ လက်ထဲမှ နတ်ဘုရားဓား၏ ထက်ရှမှုကြောင့် ကျင့်ကြံသူ သုံးဦးသည် သူ့ကို ခေတ္တမျှ ဘာမှ မလုပ်နိုင် ဖြစ်နေကြလေသည်။
"ရွှစ်..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှန်းချန်ကောသည် ပြိုင်ဘက်ကင်း ဓားအလင်းတန်း တစ်ခုကို ခုတ်ပိုင်းလိုက်လေသည်။ နေမင်းကဲ့သို့ တောက်ပနေ၏။
ဓားအလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားပြီး ကျင့်ကြံသူ သုံးဦးထံသို့ ခုတ်ပိုင်းကျလာလေသည်။ အလွန် ထက်ရှလွန်းသဖြင့် နေ၊ လနှင့် ကြယ်များကိုပင် ဖြတ်တောက်နိုင်မည့်အလား ထင်ရပေသည်။
ဓားအလင်းတန်းသည် အလွန် တောက်ပလွန်းသဖြင့် အမှောင်ထုထဲမှ ပထမဆုံး အလင်းရောင်ခြည်ကဲ့သို့ ဖြစ်နေလေသည်။ စစ်မြေပြင်အပြင်ဘက်မှ လူတိုင်းသည် မျက်စိကျိန်းလောက်အောင် စူးရှသော အလင်းရောင်ကြောင့် မျက်လုံးများကို မှေးထားလိုက်ကြရ၏။
အပြင်ဘက်မှ လူများပင် ဤမျှ ဖြစ်နေလျှင် ဓားအလင်းတန်းနှင့် ရင်ဆိုင်နေရသော သန်မာသူ သုံးဦး၏ အခြေအနေကို တွေးကြည့်ရန် လွယ်ကူပေသည်။
သူတို့အားလုံးသည် ကြီးမားသော ဓားအလင်းတန်းကြောင့် တုန်လှုပ်သွားကြပြီး သူတို့၏ လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားလေသည်။
သူတို့ ပြန်လည် တုံ့ပြန်နိုင်ချိန်တွင် သူတို့၏ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။ တစ်စုံတစ်ယောက်က အေးစက်စွာ အော်ပြောလိုက်လေသည်။
"မင်း ဘယ်သွားမလို့လဲ..."
"မပြေးနဲ့... သူခိုးကောင်..."
အဖြစ်မှန်မှာ လူတိုင်း ဓားအလင်းတန်းကြောင့် မျက်စိကျိန်းနေချိန်တွင် ရှန်းချန်ကော၏ ပုံရိပ်သည် လှုပ်ရှားသွားပြီး ပင်လယ်ပြင် အရှေ့ဘက်သို့ ပျံသန်းသွားခဲ့ပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ အမြန်နှုန်းသည် အလွန် မြန်ဆန်လှပေသည်။မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှန်းချန်ကော၏ ပုံရိပ်သည် မိုင်တစ်ထောင်ခန့် ဝေးကွာသွားပြီ ဖြစ်လေသည်။
"ရွှစ်..."
ထိုအချိန်၌ပင် တိုက်ပွဲကွင်းပြင် အပြင်ဘက်ရှိ လူများသည်လည်း အေးစက်သော အော်သံကို ကြားပြီးနောက် ပြန်လည် တုံ့ပြန်နိုင်ခဲ့ကြလေသည်။ သူတို့သည် ပင်လယ်ပြင်ဘက်သို့ လှမ်းကြည့်လိုက်မိကြ၏။
တတိယမြောက် သူတော်စင်စစ်သူကြီးသည် တုံ့ပြန်မှု အမြန်ဆုံး ဖြစ်ပေသည်။ သူ၏ မျက်နှာသည် မဲမှောင်နေပြီး ချက်ချင်းပင် လက်ဝါးကို မြှောက်ကာ ရိုက်ထုတ်လိုက်လေသည်။
၎င်းသည် ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းသွားသော ကြီးမားသည့် လက်ဝါးရာကြီး တစ်ခု ဖြစ်ပေါ်လာစေ၏။ မသေမျိုးနတ်ဘုရားတစ်ပါး၏ လက်ဝါးကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို အုပ်မိုးထားနိုင်မည့်အလား ထင်ရပေသည်။
၎င်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး ရှန်းချန်ကောထံသို့ ရိုက်ချလိုက်လေသည်။
လက်ဝါးရာတွင် ကမ္ဘာလောကကို တုန်လှုပ်စေသော စွမ်းအားများ ပါဝင်နေလေသည်။
လေဟာနယ်သည် တဖြည်းဖြည်း ပြိုကျသွားပြီး ပင်လယ်ပြင်တွင် ကြီးမားသော လှိုင်းလုံးကြီးများ မြင့်တက်လာကာ ကောင်းကင်သို့ ထိုးတက်သွားလေသည်။ မြင်ကွင်းသည် အလွန် ခမ်းနားထည်ဝါပြီး ဆန်းကြယ်သော ဖြစ်စဉ်ပေါင်းများစွာ ပါဝင်နေပေသည်။
ပင်လယ်ပြင်ထက် မိုင်ထောင်ပေါင်းများစွာ အကွာတွင်...
ရှန်းချန်ကော၏ မျက်နှာသည် အေးစက်နေပြီး ရင်ထဲတွင် တုန်လှုပ်နေလေသည်။ သူသည် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားမိသော်လည်း သူ၏ လက်ရှိ အခြေအနေကို ကောင်းစွာ သိရှိထားလေသည်။
အကယ်၍ သူသာ အစွမ်းကုန် မထွက်ပြေးလျှင် သေချာပေါက် သေဆုံးရတော့မည် ဖြစ်သည်။
ထို့ကြောင့် သူသည် လုံးဝ အချိန်ဆွဲမနေရဲချေ။ သူသည် မည်သည့် ကာကွယ်ရေး နည်းစနစ်ကိုမှ ထုတ်ဖော်ရန် အချိန်မရှိတော့ပေ။
သူသည် ကောင်းကင်အိန့်တော် နတ်ဘုရားသံချပ်ကာကို အစွမ်းကုန် အသက်သွင်းလိုက်ရုံသာ တတ်နိုင်တော့လေသည်။ ကောင်းကင်အမိန့်တော် နတ်ဘုရားသံချပ်ကာ၏ အကူအညီဖြင့် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှု စွမ်းအားကို ခုခံနိုင်မည်ဟု မျှော်လင့်ရပေသည်။
အမှန်စင်စစ် သူ၏ ဒဏ်ရာဟောင်းများ မသက်သာသေးဘဲ တိုက်ခိုက်နိုင်စွမ်း ကုန်ခမ်းနေပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိထားလေသည်။
သူသည် အကောင်းဆုံး အခြေအနေတွင် မရှိတော့သဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ချေ ရှိပေသည်။
သို့သော် သူ့တွင် ရွေးချယ်စရာ လမ်း မရှိတော့ချေ။
"ဝုန်း... ဝုန်း... ဝုန်း..."
ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး လေဟာနယ်မှ ကြမ်းတမ်းသော ဟိန်းသံကြီး ထွက်ပေါ်လာလေသည်။ ကောင်းကင်ကို ဖုံးလွှမ်းထားသော လက်ဝါးရာအောက်တွင် လေဟာနယ်သည် စုတ်ပြဲသွားသကဲ့သို့ ဖြစ်နေပြီး ပြင်ပနယ်ပယ်မှ မြင်ကွင်းများ ဝိုးတဝါး ပေါ်လာလေသည်။
ပြင်ပနယ်ပယ်ရှိ ကြယ်တာရာများသည် ရူးသွပ်စွာ ပြိုကျပျက်စီးသွားပြီး လက်ဝါးရာအောက်တွင် အမှုန့် ဖြစ်သွားကြရ၏။ ကြီးမားသော စွမ်းအားသည် ရှန်းချန်ကော၏ ခေါင်းပေါ်ရှိ လေဟာနယ်တွင် ပျံ့နှံ့သွားပြီး သူ့ကို လွှမ်းခြုံသွားတော့မည့်အလား ရှိနေလေသည်။
အခြေအနေသည် အလွန်အရေးကြီးနေပြီး ရှန်းချန်ကောသည် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရပေ၏။