← Chapters

တောင်များကိုပင် ချိုးဖျက် ပစ်နိုင်သည်အထိ

Vol. 3 Ch. 247

တောင်များကိုပင် ချိုးဖျက် ပစ်နိုင်သည်အထိ

Vol. 3 Ch. 247

ဆယ့်ငါးမိနစ်မျှ ကြာသည့် အခါတွင်တော့ တောင်ပေါ် ရေကာတာမှာ အားနည်းလာပြီး ရေကာတာကို ထိန်းထားပေးသည့် ဓားဝိညာဉ် များမှာလည်း အားနည်းသည်ထက် အားနည်းလာပြီ ဖြစ်သည်။

ကျော်ရှောင်ချင်းက သူ၏ဓားရိုးကို တင်းတင်း ဆုပ်ကိုင်ထားလေသည်။

ချင်းကျန်းဂိုဏ်း၏ တောင်တံခါး အဝင်ဝတွင် သူပြုလုပ်ထားသည့် ဆယ်ပေ အမြင့်ရှိသည့် ကျောက်တုံးတုံးကြီးမှာ တောင်ပေါ် ရေကာတာ၏ ဗဟို အချက်အချာ ဖြစ်လေသည်။ ကျော်ရှောင်ချင်းမှာ ထို့ထက်ပိုပြီး လုပ်ပေးနိုင်စွမ်း မရှိတော့ပေ။

ဆန်းလျန်သာ သူ့နေရာမှာဆိုလျှင် မည်သို့လုပ်မည်လဲ သူစဉ်းစား ကြည့်လိုက်မိသည်။

သို့သော် ဆန်းလျန်၏ စိတ်ကို သူမခန့်မှန်းနိုင်ပေ။ ထို့ပြင် ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအား များလည်း သူ့တွင် မရှိသလို ဆန်းလျန်ကဲ့သို့ လွတ်လပ်ပေါ့ပါးသည့် စိတ်ဓာတ်လည်း သူ့တွင် မရှိပေ။

ထိုအချိန်တွင် ….

အနက်ရောင်ဆံပင်များဖြင့် သက်လတ်ပိုင်း အရွယ်တာအို ဆရာတစ်ပါး တိုက်ပွဲ အတွင်းသို့ ခုန်ဝင် လာလေသည်။ သူ၏ ဆံပင်များမှာ ပြေကျနေပြီး သူ့လက်ထဲတွင် ဓားတစ်လက်ကို တင်းတင်း ဆုပ်ကိုင် ထားလေသည်။ သူက လေထဲသို့ ခုန်ပျံတက်လိုက်ပြီး ရေမိစ္ဆာ တစ်ကောင်ကို ဓားဖြင့် ထိုးစိုက် ချလိုက်သည်။ လေထဲမှ အော်သံ အကျယ်ကြီး တစ်ခု ထွက်ပေါ်လာပြီး ဧရာမ ပုစွန်ခေါင်းကြီး တစ်ခု ပြတ်ထွက် သွားလေသည်။ ထိုပုစွန်ခေါင်းကြီးက မြေပြင်ထက်သို့ တအိအိဖြင့် ပြုတ်ကျ သွားသည်။

ထိုသူမှာ ကျန်းဆွေကျယ်ပင် ဖြစ်လေသည်။ သူက သူ့ဘဝတစ်ခုလုံးကို ချင်းကျန်း ဂိုဏ်းအတွက် ပေးဆပ်ထားသည့် ဓားသမား တစ်ယောက် ဖြစ်လေသည်။ သူ၏ ဂိုဏ်းတူ ညီအစ်ကိုများနှင့် အတူ ဓားသမား တစ်ယောက် ပီသစွာ သေအတူ ရှင်မကွာ တိုက်ပွဲ ဝင်နေခဲ့လေသည်။

ရေမိစ္ဆာများမှာ ကျန်းဆွေကျယ်၏ ဓားဝိညာဉ် အောက်တွင် အလူးအလဲ ကျဆုံး ကုန်ကြလေသည်။

ရေမိစ္ဆာများ၏ အသွေးနှင့် အသားများမှာ နေရာအနှံ့တွင် ပြန့်ကျဲနေလေသည်။ ကျန်းဆွေကျယ်၏ ထက်ရှသည့် ဓားသွားသည် ဆည်းဆာ နေရောင်ခြည် ထက်ပင် တောက်ပ နေသေးသည်။

ကောင်းကင်ပေါ်မှ အဝါရောင် နဂါးကြီးက ကျန်းဆွေကျယ်၏ ဓားဝိညာဉ်ကြောင့် ရေမိစ္ဆာများ အတုန်းအရုန်း ကျဆုံးကုန်သည်ကို တွေ့မြင် လိုက်သည်နှင့် ချင်းဆွေမြစ်ထဲသို့ ဆင်းကာ ရေမိစ္ဆာများကြားတွင် ကူးခတ် သွားလိုက်လေသည်။

"မင်းတို့ အရူးလုပ်နေတာ မခံတော့ဘူးဟေ့"

နဂါးကြီးက နှာတစ်ချက် မှုတ်ရင်း ပြောဆိုလိုက်ပြီး သူ၏ နဂါး မျက်ဝန်းများမှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ် လာလေသည်။

သူက ရေကို ဝဲကန်တော့ အသွင် မွှေနှောက် လိုက်ပြီး နဂါးအမြီးဖြင့် ရိုက်ချလိုက်ရာ ဧရာမ လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ် လာလေသည်။ ဟွမ်လုန်ကျီ၏ တန်ခိုး စွမ်းအားများဖြင့် ပေါင်းစပ် ထားသည့် ရေလှိုင်းလုံးကြီးမှာ သံနှင့် ကြေးနီကဲ့သို့ မဖျက်ဆီး နိုင်လောက်အောင် မာကျောလွန်းပြီး အလွှာပေါင်း များစွာ ပါဝင်လေသည်။ ထိုရေလှိုင်းလုံးကြီးသည် ချင်းကျန်းဂိုဏ်း တောင်တံခါးသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ဝင်ရောက် သွားလေတော့သည်။

ရဲ့ရဲ့လေးသာ ကျန်တော့သည့် တောင်ပေါ် ရေကာတာသည် ထိုသံမဏိကဲ့သို့ မာကျောသည့် ရေလှိုင်းလုံးကြီးဖြင့် ရိုက်ခတ်မိသည့် အခါ တစ်စစီ ပြိုကွဲသွားလေသည်။

ရေကာတာကို ထိန်းပေးထားသည့် ချင်းကျန်း ဂိုဏ်းသားများ၏ ဓားဝိညာဉ် များမှာလည်း တစ်စစီ ဖြစ်သွားလေသည်။

ကျော်ရှောင်ချင်းမှာ သူ၏ ဂိုဏ်းသားများကို မကြည့်ရက်တော့ပေ။

ချင်းကျန်းဂိုဏ်း တောင်တံခါးဆီသို့ တဖြည်းဖြည်း နီးကပ်လာနေသည့် အဝါရောင် နဂါးကြီးကို တွေ့မြင် နေရလေသည်။ နဂါးကြီးနှင့် အတူ ရေမိစ္ဆာများလည်း အလုံးအရင်းနှင့် ဝင်ရောက် လာကြလေသည်။ တစ်ချက်တည်းဖြင့်ပင် ချင်းကျန်းဂိုဏ်းမှ လူပေါင်းများစွာကို သတ်ပစ် တော့မည့် အရိပ်အယောင်များ ပေါ်ထွက် နေလေသည်။

ဟွမ်လုန်ကျီမှာ မိတ်ဆွေလား ရန်သူလား မခွဲခြားတော့ဘဲ မြင်မြင်သမျှကို သတ်ပစ်သည် အထိ ဆိုးသွမ်း နေလေသည်။

သူအတွက်တော့ ချင်းကျန်း ဂိုဏ်းသား များကိုလည်း သတ်ပစ်မည် ဖြစ်သလို သူအမိန့် ပေးထားသည့် ရေမိစ္ဆာများ၏ အသက်မှာလည်း တန်ဖိုး မရှိလှပေ။

ထိုအချိန်မှာပင်…

ဓားဝိညာဉ် တစ်ခု ထွက်ပေါ်လာပြီး နဂါးကြီး၏ ပတ်ဝန်းကျင်မှ ရေမိစ္ဆာ ဆယ်ကောင်ထက် မနည်း သေဆုံး သွားလေသည်။ ကျော်ရှောင်ချင်း၏ ဓားဝိညာဉ်မှာ ကောင်းကင် ကိုးခုကိုပင် ထိုးခွင်း တော့မည့် အလား ထက်ရှ နေလေသည်။ သူ့ကို မည်သူမှ တားဆီး နိုင်တော့မည် မဟုတ်ပေ။

သူ၏ ဓားဝိညာဉ်သည် အဝါရောင် နဂါးကြီးကို နှစ်ပိုင်း ပိုင်းပစ်တော့မည့် အလား ဖြစ်လေသည်။

ကျော်ရှောင်ချင်း၏ ယွင်ဆွေ အလင်းဓားမှ အဆုံးမရှိသော တန်ခိုးစွမ်းအားများ ထွက်ပေါ် လာလေသည်။

ကျော်ရှောင်ချင်းသည် တိုက်ပွဲ အတွင်းမှာပင် ယွင်ဆွေ အလင်းဓား၏ အနှစ်သာရကို နားလည် သွားခဲ့လေသည်။ ချင်းကျန်း ဂိုဏ်းကို တည်ထောင်သူ ဆရာဘိုးဘိုး ဖြစ်သူ၏ ကနဦး ကျင့်စဉ်ကို သူသဘောပေါက် သွားလေသည်။

လိမ့်တက်လာသည့် ရေလှိုင်းလုံးကြီး များသည် မဏိ ထက်ပင် မာကျောပြီး အရာအားလုံးကို ဖျက်ဆီး ပစ်နိုင်လေသည်။

သို့သော် ကျော်ရှောင်ချင်း၏ ယွင်ဆွေ အလင်းဓားနှင့် ထိတွေ့လိုက်သည့် အခါတွင်တော့ ယွင်ဆွေ အလင်းဓား ဝိညာဉ်သည် ရေလှိုင်းများ အားလုံးကို စုပ်ယူလိုက်လေသည်။

ကျော်ရှောင်ချင်း၏ ဓားတန်ခိုး စွမ်းအားများမှာ ပိုပြီး ပြင်းထန်လာပြီး သူ၏ ခန္ဓာကိုယ်ရှိ သွေးကြော ဆုံချက် ဆယ့်နှစ်နေရာသို့ လှည့်ပတ် စီးဆင်း သွားလေသည်။ သူ၏ တန်ခိုး စွမ်းအားများမှာ တောင်တစ်တောင်ကိုပင် ချိုးဖျက် ပစ်နိုင်သည် အထိ အဆုံးမရှိ မြင့်မား လာလေသည်။ ဟွမ်လုန်ကျီနှင့်အတူ ချင်းကျန်းတောင် တံခါးဆီသို့ ချီတက် လာကြသည့် ရေမိစ္ဆာများစွာမှာ ကျော်ရှောင်ချင်း၏ ဓားချက်အောက်တွင် ဇီဝိန် ချုပ်ကုန်ကြလေသည်။

ယွင်ဆွေ အလင်းဓား ဝိညာဉ်မှာ တိမ်လိုရေလို လွင့်မျောသွားကာ မိုးကောင်းကင်ကိုပင် ထိုးခွင်း သွားပြီး နဂါးငွေ့တန်းကိုပင် အကန့်အသတ် မဲ့စွာ ပိုင်းဖြတ်လိုက်သည့် အလားပင်။

အဝါရောင် နဂါးကြီး ဟွမ်လုန်ကျီမှာ တစ်ချက် ကြုံးဝါးလိုက်ပြီး ကောင်းကင်ထက်သို့ ခုန်တက်ကာ ယွင်ဆွေ အလင်းဓား ဝိညာဉ်ကို ရင်ဆိုင် တိုက်ခိုက် လိုက်သည်။

တိုက်ပွဲ ဖြစ်နေသည့် မနီးမဝေး တစ်နေရာတွင် လှေငယ် တစ်စင်း ရှိနေလေသည်။

ထိုလှေငယ်ထက်တွင် အဖြူရောင် ဝတ်ဆင်ထားသည့် ယန်ရွှီး ရှိနေလေသည်။

သူ၏ ပုံသဏ္ဌာန်မှာ တိမ်တစ်စ အလား သန့်စင်လျက် ရှိပြီး သူ၏ လက်ထဲတွင် သွေးကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဘူးသီးခြောက် တစ်ခုကို ကိုင်ထားလေသည်။ သူက တိုက်ပွဲအတွင်းမှ ထွက်လာသည့် ချင်းကျန်း ဂိုဏ်းသားများ၏ သွေးများနှင့် ရေမိစ္ဆာများ၏ မိစ္ဆာသွေးများကို ထိုဘူးသီးခြောက် အတွင်းသို့ စုပ်ယူနေခြင်း ဖြစ်လေသည်။ ရေမိစ္ဆာများ၏ မိစ္ဆာစွမ်းအားများလည်း ဘူးသီးခြောက် အတွင်းသို့ စိမ့်ဝင်နေပြီး ဘူးသီးခြောက်ဆီမှ သွေးများ တစ်စက်စက် ကျနေလေသည်။

ယန်ရွှီးက ကျော်ရှောင်ချင်းကို ပြုံးပြီး ကြည့်နေရင်း အလွန်တော်တဲ့ ကောင်လေးဟု မှတ်ချက် ပြုလိုက်မိသည်။ ကျော်ရှောင်ချင်း၏ ဓားဝိညာဉ်တွင် ချင်းရွှမ် နတ်တံခါး၏ အငွေ့အသက် များကိုလည်း ခံစား နေရလေသည်။

အဘယ့်ကြောင့် ချင်းရွှမ် နတ်တံခါး၏ အငွေ့အသက်များ ထွက်ပေါ်နေသည်ကို ယန်ရွှီး သိချင်နေမိသည်။ ထိုသို့ဖြစ်ရသည်မှာ လူတစ်ယောက်၏ နှလုံးသားမှ ဖြစ်တည်လာသည့် ကျင့်စဉ် လမ်းကြောင့် ဖြစ်ကောင်း ဖြစ်မည်ဟု သူတွေးလိုက် မိသည်။ ထိုလူငယ်သည် စစ်မှန်သည့် တာအို ကျင့်စဉ်လမ်းကို နားလည် သဘောပေါက် သွားခြင်း မည်ပေမည်။

သို့သော် အသုံးမဝင်တော့ပေ။

ထိုလူငယ်၏ ဓားဝိညာဉ်မှာ အသုံးမဝင်တော့ပေ။

ကျော်ရှောင်ချင်း၏ ယွင်ဆွေအလင်းဓား မည်မျှပင် အစွမ်းထက်ပါစေ နဂါးကြီး တစ်ကောင်ကိုတော့ မည်သို့မျှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

"နဂါးငွေ့တန်း ဓားသိုင်းဆိုရင်မှ စိတ်ဝင်စားဖို့ ကောင်းဦးမယ်"

ယန်ရွှီးတွေးလိုက်သည်။

နဂါးအမောက်ကြီးက ကျော်ရှောင်ချင်းကို တားဆီး ထားလိုက်ပြီး ကျော်ရှောင်ချင်း၏ ဓားဝိညာဉ်မှာ တစ်စစီ ဖြစ်သွားရလေသည်။ ကျော်ရှောင်ချင်းမှာ တောင်ပေါ် တစ်နေရာသို့ လွင့်စဉ် ထွက်သွားပြီး ရေကာတာ ကျောက်တုံးကြီးမှာလည်း တစ်စစီ ပြိုကွဲ ပျက်စီး သွားလေသည်။

ယခုတော့ ရေကာတာများ အားလုံး ပျက်စီး သွားပြီ ဖြစ်ပြီး ချင်းဆွေမြစ်မှ ရေလှိုင်းလုံးကြီး များသည် ချင်းကျန်းတောင် တံခါးနှင့် ပတ်ဝန်းကျင် ဒေသများ ဆီသို့ တရကြမ်း ဝင်ရောက် လာလေတော့သည်။

ဟွမ်လုန်ကျီမှာ သူတစ်ယောက်တည်းဖြင့် သိုင်းဂိုဏ်း တစ်ဂိုဏ်းလုံးကို နှိမ်နင်း လိုက်နိုင်သည့် အတွက် ကျေနပ်ပီတိ ဖြစ်လျက် ရှိလေသည်။ သူကတော့ ကျင့်ကြံသူ လောကတွင် ဂုဏ်သတင်း ကြီးတော့မည် ဖြစ်လေသည်။

သူက ရေမိစ္ဆာများကို ဆက်လက် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

သူ၏ နဂါး ခန္ဓာကိုယ်ကြီးဖြင့် ရေလှိုင်းလုံးကြီးများကို ထပ်မံ ဖြစ်ပွား စေလိုက်သည်။ ရေကို ပိုင်ဆိုးသည့် ရှေးဟောင်း နတ်နဂါး တစ်ပါးအလား နဂါး တန်ခိုးစွမ်းအားများ ထွက်ပေါ် နေလေသည်။

သူက သူ၏ ဂိုဏ်းတူ အစ်ကိုကြီးနှင့် ဆရာဦးလေးသာ ယခုကိစ္စကို သိလျှင် မည်သို့ ဖြစ်မည်လဲ သိချင်နေမိသည်။ မည်သို့ပင် ဖြစ်စေ သူ့ကို ဆန့်ကျင်သူ မှန်သမျှကို နှိမ်နင်း ပစ်မည်ပဲ ဖြစ်လေသည်။ သူ့ကိုအာခံလျှင် အသက်နှင့်ကိုယ် အိုးစား ကွဲရမည်သည် ဖြစ်သည်။ မည်မျှ လွတ်လပ် လွယ်ကူလိုက်ပါသနည်း။

ရှေးဟောင်း နဂါးပြည်သည် ပင်လယ်လေးခုနှင့် ရေသတ္တဝါများကို သြဇာ လွှမ်းမိုး ခဲ့လေသည်။ နဂါးများက အမြဲတမ်း တိုက်ခိုက် ရသည်ကို နှစ်သက်လေသည်။ နဂါးသဏ္ဌာန်ပြောင်း ကျင့်စဉ်ကို ကျင့်ကြံခြင်းက ဟွမ်လုန်ကျီကို တကယ့်နဂါးကြီး တစ်ကောင် အဖြစ် အသွင်ပြောင်း နိုင်ခွင့်ကို ပေးသည့် အပြင် နဂါးတစ်ကောင်၏ စိတ်ထားမျိုးကိုလည်း ဖြစ်ပေါ်စေလေသည်။

တကယ့် နဂါးတစ်ကောင်၏ ခန္ဓာကိုယ်သည် ပေထောင်ပေါင်း များစွာ ရှည်လျား လေသည်။ နဂါးအမြီး တစ်ချက် ခတ်ရုံမျှဖြင့် တောင်ကို ပြိုစေပြီး သစ်ပင်များနှင့် မြေကြီးများကို တစ်စစီ ဖြစ်အောင် ရိုက်ချနိုင်လေသည်။

ထို့ပြင် သူက ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာဖြင့် ထိန်းချုပ်မှု အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည့် အတွက် ပိုပြီး ဆိုးသွမ်း နေလေသည်။

ယန်ရွှီးက ဟွမ်လုန်ကျီကို ပမာမခန့် မျက်လုံးများဖြင့် ကြည့်နေလေသည်။

သူက ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို အစကတည်းက အထင်ကြီးခဲ့ခြင်း မရှိပါ။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတွင် ယွိမင်နတ်ဘုရားနှင့် ဟွမ်ကျန်းမှလွဲပြီး အခြားသူများမှာ တန်ခိုး စွမ်းအား ကြီးမားသည့်တိုင် ငတုံးများသာ ဖြစ်လေသည်။

ဤသို့ဖြစ်ရသည်မှာ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသည် တပည့် ရွေးချယ်သည့်အခါ အလားအလာကောင်း ရှိ မရှိကိုသာ ကြည့်ပြီး ရွေးခြယ်လေ့ရှိပြီး စိတ်နေစိတ်ထားကို ကြည့်ပြီး မရွေးချယ်သောကြောင့် ဖြစ်လေသည်။ ထိုအချက်က ကွမ်းချင်း နတ်ဘုရား ဂိုဏ်းနှင့် ချင်းရွှမ် နတ်တံခါးတို့၏ မိုးနှင့်မြေလို ကွာခြားသည့် အချက်ပင် ဖြစ်လေသည်။

အမှန်တော့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လောက နတ်ဘုရား ငါးပါး ပေါ်ထွက်လာခြင်းမှာ ကံကောင်းလွန်း၍သာ ဖြစ်လေသည်။

ထို့ပြင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတွင် ဖော့ဝမ့်အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ပါး ရှိသည့်တိုင် နတ်ဘုရား အဆင့် တက်ရောက်နိုင်ရန် ဖြစ်နိုင်ချေရှိသူမှာ ဟွမ်ကျန်း တစ်ယောက်သာ ရှိလေသည်။ အခြားသူများမှာ အမှိုက်များလိုပင် အသုံး မကျလှပေ။

အမှိုက်ဆိုသော်လည်း သူ၏ အကြံအစည်ကြီးကို အကောင်အထည် ဖော်ရာတွင်တော့ အသုံးချ၍ ရသေးသည်။

သူ့အနေဖြင့် ချန်ကျန့်မေနှင့် ဆန်းလျန်တို့ ကဲ့သို့သော သူမျိုးများနှင့် ရင်ဆိုင် ရမည်ဆိုလျှင် ကျိန်းသေ ခေါင်းကိုက်ရမည် ဖြစ်လေသည်။ သူက စိန်ခေါ်မှုများကို နှစ်သက်သည့်တိုင် အလွယ်လမ်းကိုသာ လိုက်ချင်သူ ဖြစ်လေသည်။ ထို့ကြောင့် ဖော့ဝမ့် အဆင့် ကျင့်ကြံသူ များကိုသာ သူ၏ ကိုယ်ပွားများ အဖြစ် ပြောင်းလဲ ထားနိုင်ပါက အရာရာသည် လွယ်ကူနေမည် ဖြစ်လေသည်။

ယန်ရွှီး မျက်မှောင်တစ်ချက် ကြုံ့လိုက်မိသည်။ အန္တရာယ်ကို ရှောင်ချင်ပါသည်ဆိုမှ အန္တရယ်က သူ့လမ်းကို တားဆီးပြီ ဖြစ်လေသည်။

ကောင်းကင်ထက်တွင် ရောင်စုံ တိမ်တိုက်တစ်ခု ထွက်ပေါ် လာလေသည်။ ထိုတိမ်တိုက်မှ ရွှေရောင် အလင်းတန်းများက တောင်နှင့် မြစ်ရေပေါ်သို့ ဖြာကျ နေလေသည်။

ဟွမ်လုန်ကျီ၏ နဂါးအကြေးခွံမှာ ရွှေရောင် အလင်းတန်းများ အောက်တွင် တလက်လက် တောက်ပ နေလေသည်။

ရောင်စုံတိမ်တိုက်မှ ထွက်ပေါ်နေသည့် ရွှေရောင် အလင်းတန်းများမှာ လွန်စွာမှ မှော်ဆန် လွန်းလေသည်။

ထိုအလင်း တန်းများကြောင့် ယန်ရွှီးပင်လျှင် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ရေခဲနှင့် နှင်းများသည် နေရောင်နှင့် ထိတွေ့သည့်အခါ အရည်ပျော်ကျ ရသကဲ့သို့သော ခံစားချက်မျိုး ဖြစ်လေသည်။

ဟွမ်လုန်ကျီမှာ စိတ်မသက်မသာ ဖြစ်ရုံသာမက ရွှေရောင် အလင်းတန်းများက ရွှေရောင် ကြိုးတစ်ချောင်း အသွင် ပြောင်းလဲသွားပြီး သူ့ကို ချုပ်နှောင်ထားလိုက်လေသည်။

သူ၏ နဂါးအလေးချိန်မှာ ပေါင်ချိန်များစွာ လေးလေသည်။ သို့သော် ရွှေရောင် အလင်းတန်းများမှာ တန်ခိုးစွမ်းအား အလွန်ကြီးမား လေသည်။ ရွှေရောင်ကြိုးသည် သူ၏ ကိုယ်ပေါ်တွင် စွဲကပ်နေပြီး လုံးဝ ချိုးဖျက်နိုင်ခြင်း မရှိပေ။

ရွှေရောင် အလင်းတန်းများမှ အလွန်ထူးခြားသည့် တန်ခိုး စွမ်းအားကို ဟွမ်လုန်ကျီ သတိပြုလိုက်မိသည်။ ထိုစွမ်းအားက သူ့ကို လောကထဲသို့ ဖိနှိပ်ထားပြီး မလွတ်မြောက် နိုင်တော့ပေ။

ရွှံ့တောထဲတွင် ပိတ်မိနေသည့် အဖြစ်မှာ မည်သို့မျှ မသက်သာလှပေ။

နဂါးကြီးက ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။ အသံနက်ကြီးကြောင့် ချင်းကျန်း ဂိုဏ်းတောင်တံခါးမှ သစ်ပင်များ ထက်ပိုင်း ကျိုးကုန်ပြီး ရေမိစ္ဆာများနှင့် ချင်းကျန်းဂိုဏ်းမှ ဂိုဏ်းသား များမှာလည်း သတိလစ်ကုန် ကြလေသည်။

နဂါးကြီး၏ အသံလှိုင်းများကြောင့် ရောင်စုံ တိမ်တိုက်မှ ထွက်ပေါ်နေသည့် ရွှေရောင် အလင်းတန်းများမှာ တုန်ခါ နေလေသည်။

ထို့နောက် ဟွမ်လုန်ကျီ၏ အစွန်းရောက် တန်ခိုးစွမ်းအားများ အားလုံး ပေါက်ကွဲ ထွက်သွား လေတော့သည်။

***

All Chapters