လက်စသတ်တော့ မင်းကိုး
Vol. 3 Ch. 248
ဟွမ်လုန်ကျီ၏ နဂါး ခန္ဓာကိုယ်ကြီးမှာ တုန်လှုပ် နေလေသည်။
နဂါးလည်ဆံမွေးများမှာလည်း ထောင်နေလေသည်။
သူ၏ တန်ခိုးစွမ်းအားများမှာ အလွန်မြင့်မားနေပြီး သူ၏ ဝိညာဉ်စွမ်းအား များမှာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မြစ်ရေများမှာ လေထဲတွင် လွင့်ပျံ တက်လာကြလေသည်။ ပုစွန်၊ ဂဏန်း ရေမိစ္ဆာအချို့မှာ မြစ်ရေထဲတွင် မျောပါသွားကြပြီး အပိုင်းပိုင်း ပြတ်ထွက် ကုန်ကြလေသည်။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းပင် ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားမှာ “ရေနီတန်ခိုးစွမ်းအား” ဖြစ်လေသည်။
ရှေးယခင် အချိန်များတုန်းက ဖန်ဆင်းရှင် ဒေါသထွက်ကာ ကမ္ဘာကြီးကို ရေနှင့် ဆေးကြောခဲ့ပြီး အရာအားလုံးကို သန့်စင်ပစ်ခဲ့သည့် ဒဏ္ဍာရီ တစ်ခုရှိလေသည်။
“ရေနီတန်ခိုးစွမ်းအား” မှာလည်း ထိုကဲ့သို့ပင် ရေကြီး ရေလျှံခြင်းကို ဖြစ်ပေါ်စေသည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။ ကမ္ဘာမြေ တစ်ခုလုံးကို ရေလွှမ်းမိုးစေပြီး သက်ရှိ သတ္တဝါများ အားလုံး အသက်ဆုံးကာ ကျင့်စဉ်လမ်းများပါ ကုန်ဆုံးသွားရမည် ဖြစ်လေသည်။
ယခုအချိန်တွင် ဟွမ်လုန်ကျီ၏ စိတ်ရိုင်းများကို မည်သူမျှ မထိန်းချုပ်နိုင်တော့ပေ။ ဟွမ်လုန်ကျီလုပ်သမျှ ခံကြရတော့မည် ဖြစ်လေသည်။
နဂါးကြီးနှင့်အတူ အနီရောင် ရေများသည် ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး လေထဲတွင် ရောင်စုံအလင်းတန်းများ တောက်ပနေလေသည်။
ဟွမ်လုန်ကျီထံမှ လူသတ်လိုသည့် အရိပ်အငွေ့များ ထွက်ပေါ်နေလေသည်။ သူ့ကို နာကျင်အောင် လုပ်မည့်သူ မှန်သမျှ နှစ်ဆ ပြန်လည် ပေးဆပ်စေရမည် ဖြစ်သည်။
ရောင်စုံတိမ်တိုက် ပျောက်ကွယ်သွားပြီး နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် ဘုရင်မတစ်ပါး ပေါ်လာလေသည်။
သူမ၏ပုံသဏ္ဌာန်က အလွန်ထက်မြက်သည့် ပုံသဏ္ဌာန် ဖြစ်လေသည်။ သူမလက်မှ ရွှေရောင် အလင်းတန်းများ ဖြာထွက် နေလေသည်။ ထိုအလင်းတန်း များသည် ပေထောင်ပေါင်း များစွာ ရှည်လျားပြီး ကောင်းကင်ထက်မှ ထွက်ပေါ်လာသည့် ရွှေရောင် လှံရှည်ကြီး တစ်ခုအလားပင် ဖြစ်လေသည်။ ဘုရင်မက ထိုရွှေရောင် အလင်းတန်း လှံရှည်ကြီးဖြင့် အနီရောင် ရေများဆီသို့ ထိုးစိုက်ချ လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဘုရင်မ၏ နောက်တွင် ရှေးကျသည့် မျက်နှာရှိပြီး ဦးထုပ်ရှည်ကို ဆောင်းထားသည့် စာပေသမားပုံစံ တာအိုဆရာ တစ်ပါး ပေါ်လာလေသည်။ ထိုတာအိုဆရာ၏ ရုပ်ခန္ဓာမှာ မပျက်စီးနိုင်သည့် နတ်ဘုရား ခန္ဓာအလား ဖြစ်လေသည်။
ထိုတာအိုဆရာမှာ သူ၏ တိုင်းပြည်ကို ကျူးကျော် လာသည့် နတ်မိစ္ဆာသားရဲများ အားလုံးကို နှိမ်နင်းခဲ့သည့် သူတော်စင် ထျန်းကျီနှင့် ဆင်တူလေသည်။ သူတော်စင် ထျန်းကျီသည် သားရဲများကို နှိမ်နင်းခဲ့ပြီး သက်ရှိ သတ္တဝါများကို ဘေးအန္တရယ်မှ ကာကွယ်ခဲ့သူဖြစ်လေသည်။
ဘုရင်မ ကျင့်ကြံခဲ့သည့် ထျန်းကျီဝမ့်ချိ ကျင့်စဉ်နှင့် မပျက်စီးနိုင်သော နတ်ဘုရား ခန္ဓာကျင့်စဉ် တို့ကြောင့် တာအိုဆရာ ပေါ်လာခြင်း ဖြစ်လေသည်။
ပေထောင်ပေါင်းများစွာ ရှည်သည့် ရွှေရောင် အလင်းတန်း လှံရှည်ကြီးမှာ တန်ခိုးစွမ်းအား အလွန် သိပ်သည်းလေသည်။ တောင်ကုန်းများကိုပင် အသာလေး ရိုက်ချ သွားနိုင်လေသည်။
သို့သော် ဟွမ်လုန်ကျီ၏ ရေနီတန်ခိုး စွမ်းအားမှာ အလွန်မှ ခိုင်ခန့်လွန်းသည့် အတွက်ကြောင့် ရွှေရောင် အလင်းတန်း လှံတံရှည်သည် ရေနီတန်ခိုး စွမ်းအားထဲတွင် ပိတ်မိနေလေသည်။
ဟွမ်လုန်ကျီက သူ၏ နဂါးပါးစပ်ကြီးကို ဖြဲလိုက်က်ပြီး ဖြူဖွေး ထက်ရှသော နဂါးသွားများဖြင့် ရွှေရောင်အလင်းတန်း လှံတံရှည်ကို ကိုက်ချ လိုက်လေသည်။ ရွှေရောင် အလင်းတန်း လှံတံရှည်မှာ ထက်ပိုင်းကျိုးသွားပြီး ဘုရင်မမှာ မကျေမနပ်ဖြင့် တစ်ချက် ညည်းညူ လိုက်လေသည်။
ဟွမ်လုန်ကျီနှင့် ဘုရင်မမှာ တန်ခိုးစွမ်းအား ကွာခြားသူများ ဖြစ်သည့်အတွက် ဘုရင်မအနေဖြင့် သူမ၏ တန်ခိုးစွမ်းအား တစ်ခုတည်းဖြင့် ဟွမ်လုန်ကျီကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထိုခဏ အတွင်းမှာပင် ဘုရင်မ၏ လက်ထဲတွင် ကျောက်စိမ်းပြား တစ်ခု ပေါ်လာလေသည်။
ထိုကျောက်စိမ်းပြားမှာ တာ့ဝေ့တိုင်းပြည်၏ ဧကရာဇ်တံဆိပ်တော်ပင် ဖြစ်လေသည်။ တံဆိပ်တော်ထက်တွင် ရိုက်နှိပ်ထားသည့် နဂါးပုံသဏ္ဌာန်မှာ တကယ့် နဂါးအစစ်အလား အသက်ဝင် နေလေသည်။ တိမ်တိုက်များက တံဆိပ်တော်နားတွင် ပျံဝဲနေပြီး တံဆိပ်တော်မှ ရွှေရောင် အလင်းတန်းများ တောက်ပနေလေသည်။
အမှန်တော့ ဧကရာဇ်တံဆိပ်တော်သည် ထိုမျှ တန်ခိုးစွမ်းအား ကြီးမားခြင်း မရှိပါ။ ဆန်းလျန်က တံဆိပ်တော် အတွင်းသို့ တန်ခိုးစွမ်းအားများ ထည့်သွင်းပေးထားခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင်…
ချင်းဆွေ မြစ်ကမ်း တစ်နေရာတွင် ဝတ်ကျောင်းတော် တစ်ခု ပေါ်လာလေသည်။
ထိုဝတ်ကျောင်းတော်တံခါးဝတွင်
“ချင်းဆွေ မြစ်စောင့်နတ်သမီးဝတ်ကျောင်းတော်”
ဟု ရေးသားထားလေသည်။
ဆန်းလျန်သည် ထိုဝတ်ကျောင်းတော် ထဲတွင်ရှိနေပြီး သူ့လက်ထဲတွင် ရွှမ်တယ်ဓားဟု သူအမည် ပေးထားသည့် စန္ဒကူးဓားကို ကိုင်ထားလေသည်။
သူက ဘိုးဘွား တာအိုဆရာများကို ဦးညွတ် ဝတ်ပြုနေပြီး ပါးစပ်မှလည်း ဂါထာ တစ်ပုဒ်ကို ရွတ်ဆို နေလေသည်။ ထိုဂါထာမှာ ဘိုးဘွား နတ်ဘုရားများကို ဆက်ကပ် ပူဇော်သည့် ကျိရှန်းဂါထာ ဖြစ်လေသည်။
ဆန်းလျန်က ဂါထာ ရွတ်ဖတ်နေရင်းဖြင့်ပင် ကောင်းကင်ထက်တွင် ရေများကို ဖန်ဆင်း လိုက်လေသည်။ ထိုရေများသည် ချင်းဆွေမြစ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်သွားကြပြီး မြစ်ရေမှာ လှိုင်းများ ပြင်းထန် လာတော့သည်။
ဆန်းလျန်၏ ဦးခေါင်းထက်မှ အဖြူအငွေ့များ ထွက်ပေါ်လာလေသည်။ ထိုအငွေ့များမှာ ဆန်းလျန်၏ သန့်စင်လွန်းသည့် တန်ခိုးစွမ်းအားများ ဖြစ်ပြီး ဆန်းလျန် ဖန်ဆင်းထားသည့် ရေများနှင့် ပေါင်းစပ်သွားကာ ချင်းဆွေမြစ်ထဲသို့ စီးဝင် သွားလေတော့သည်။
ချင်းဆွေမြစ်ထဲသို့ ဆန်းလျန်ဖန်ဆင်းထားသည့် ရေများ စီးဝင်သွားသည်နှင့် မရေမတွက် နိုင်သည့် တန်ခိုးစွမ်းအားများနှင့် ဂါထာ စွမ်းအားများမှာ မြစ်ရေနှင့်အတူ ပေါင်းစပ် သွားလေသည်။ မြစ်ရေများမှ လူသားများ နားမလည်နိုင်သည့် အသံများ ထွက်ပေါ်လာလေသည်။
ချင်းဆွေ မြစ်ထဲတွင် နေထိုင်ကြသည့် ဝိညာဉ်စွမ်းအား ရေသတ္တဝါများမှာ ထိုအသံများကို ကြားသည်နှင့် အော်မြည်သံများ ထွက်ပေါ် လာကြလေသည်။ ငါးများပွက်လာပြီး ရေထဲမှ ခုန်ထွက် လာကြသည်။ အချို့ငါးများက ဆန်းလျန် ဖန်ဆင်းလိုက်သည့် ရေများကို မျိုချလိုက်ကြပြီး ရေပေါ်သို့ တက်လာကြလေသည်။ သူတို့၏ ပုံစံမှာ ထူးခြားစွာဖြင့် မြူးတူး နေကြလေသည်။
မြစ်ရေမှာ ဆန်းလျန် ဖန်ဆင်းထားသည့် ရေများနှင့် ရောစပ်ပြီး ချင်းကျန်း ဂိုဏ်းတောင် တံခါးသို့ စီးဆင်း သွားလေသည်။ ထို့နောက် မြစ်ရေများသည် လေထဲသို့ ပျံသန်းသွားပြီး ဧကရာဇ်တံဆိပ်တော်မှ ရွှေရောင် အလင်းတန်းများဖြင့် ပေါင်းစပ် သွားလေသည်။
ထိုအခါ အလွန်ကြီးမားသည့် ဧရာမ ရွှေရောင်နဂါးကြီး တစ်ကောင်သည် ဧကရာဇ် တံဆိပ်တော်ထဲမှ ထွက်ပေါ် လာလေတော့သည်။
ထိုအချိန်မှာပင် …
ရွှေရောင် မီးတောက် တစ်ခုသည် ဘုရင်မ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားပြီး ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် အသွင် ပြောင်းသွားလေသည်။ ထိုရွှေရောင် အလင်းတန်းက ရွှေရောင် နဂါးကြီးနှင့် တစ်သားတည်း ကျအောင် ပေါင်းစပ် သွားလေသည်။
ရွှေရောင်နဂါးကြီးက သူ့အောက်မှ အဝါရောင် နဂါးကြီးကို တစ်ချက် စောင်းကြည့်လိုက်သည်။
ထိုအကြည့်မှာ ဘုရင်မ၏ အကြည့်နှင့် ဆင်တူလေသည်။
မြစ်ရေထဲမှ ဆန်းလျန်၏ တန်ခိုးစွမ်းအားများနှင့် ကျိရှန်းဂါထာ အစွမ်းများသည် နဂါး ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေပြီး နဂါးကြီးမှာ ပိုပြီး ခွန်အားကြီးမား လာလေသည်။
ရွှေနဂါးကြီးကို မြင်သည်နှင့် ဟွမ်လုန်ကျီက တိုက်ခိုက်ရန် ထခုန်လိုက်သည်။
သို့သော် စောစောက သူကိုက်ဖြတ် လိုက်သည့်သည့် ရွှေရောင် အလင်းတန်း လှံရှည်ကြီးထဲတွင် "နှလုံးစိုက်ဓား" ဓားတစ်လက် ရှိနေခဲ့လေသည်။
ထို နှလုံးစိုက်ဓားမှာ ချင်းကျန်း ဂိုဏ်းမှ ဓားလည်း မဟုတ်သလို ဘုရင်မ၏ ဓားလည်းမဟုတ်ပေ။
မည်သူက သူ့ကို အလစ်ဖမ်းကာ တိုက်ခိုက်လိုက်မှန်း မသိပေ။
သို့သော် ထိုဓားကြောင့် သူ့မှာ ဒဏ်ရာရထားသည့်အပြင် ရွှေနဂါးကြီးဆီမှ တန်းခိုး စွမ်းအားများကြောင့် ခေါင်းများလည်း မူးဝေ လာရသည်။
ဟွမ်လုန်ကျီက ရယ်မော လိုက်သည့်အတွက် နဂါးဟိန်းသံကြီး ထွက်ပေါ်လာလေသည်။
"အောင်မာ … နဂါးအတုကများ ငါ့လာပြီး တိုက်ရဲသလား"
ရေနီတန်ခိုး စွမ်းအားများကလည်း စီးဆင်းနေမြဲ ဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရေများ ဖုံးလွှမ်းနေလေသည်။
ရွှေနဂါးကြီးက ရေနီတန်ခိုး စွမ်းအားများကို တားဆီး ထားလိုက်ပြီး တောင်တစ်ခွင်တွင် နဂါးဟိန်းသံများဖြင့် ပဲ့တင် ထပ်နေလေတော့သည်။
အဝါရောင်နဂါးကြီးနှင့် ရွှေရောင် နဂါးကြီးသည် ကောင်းကင် ထက်တွင် ရင်ဆိုင် တိုက်ခိုက်ကြလေပြီ။
ဆန်းလျန်၏ တန်ခိုးစွမ်းအားနှင့် ကျိရှန်း ဂါထာစွမ်းအားများပါသည့် ဒီရေက အဆုံးမသတ် မြင့်တက် နေဆဲ ဖြစ်လေသည်။
ထိုဒီရေများက ရွှေနဂါးကြီး၏ တန်ခိုးစွမ်းအားများကို အဆက်မပြတ် ဖြည့်ပေး နေလေသည်။
ထိုဒီရေများမှာ ရွှေရောင် နဂါးကြီးကို အားဖြည့် ပေးရုံသာမက ရေနီတန်ခိုး စွမ်းအားများကိုလည်း တားဆီး ထားကြောင်း ဟွမ်လုန်ကျီက မရိပ်မိပေ။
ယန်ရွှီးက မျက်မှောင် တစ်ချက်ကြုံ့လိုက်ရင်း...
"သူမကို ဘယ်သူက ကူညီနေတာလဲ"
ဟု တွေးနေလေသည်။
ဟွမ်လုန်ကျီမှာ ရေမိစ္ဆာများကို စည်းရုံးပြီး ပတ်ဝန်းကျင် ဒေသကို ရေဘေးသင့်စေခဲ့သည့် အတွက် များစွာသော သက်ရှိ သတ္တဝါများ သေကြေ ခဲ့ရလေသည်။ သူတစ်ပါး အသက်ကို သတ်ခြင်းအပြစ်ကို ကျူးလွန်ခဲ့သည့် ဟွမ်လုန်ကျီကို ရွှေနဂါးကသာ နှိမ်နင်းပြီး နဂါးသွေးကို အရယူနိုင်ခဲ့လျှင် ရွှေနဂါးသည် နဂါးခန္ဓာအစစ်ကို ရမည် ဖြစ်လေသည်။ ထိုအခါ မိုင်ပေါင်း သုံးသောင်း ပတ်လည်တွင် မြစ်စောင့်နတ်ဘုရား နတ်နဂါးတစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။ အလွန်တန်ခိုး စွမ်းအားကြီးမားပြီး မိုးကောင်းကင် ကိုယ်စား မိုးနှင့်လေကိုပင် အစိုးရသူ ဖြစ်လာ ပေလိမ့်မည်။ ဤသည်မှာ နတ်ဘုရားအပ်နှင်းခြင်း ပညာဖြင့် နတ်ဘုရားတစ်ပါး ဖြစ်တည်လာစေမည့် နည်းလမ်းပင် ဖြစ်လေသည်။
ဘုရင်မသာ မြစ်စောင့်နတ်သမီး ဖြစ်လာခဲ့လျှင် မိုင်ပေါင်း သုံးသောင်းပတ်လည်မှ သတ္တဝါများ၏ ကိုးကွယ် ဆည်းကပ်ခြင်းကို ခံရမည်ဖြစ်ပြီး လောက နတ်ဘုရား များကပင်လျှင် သူမကို နှောင့်ယှက် ရဲတော့မည် မဟုတ်ပေ။
ဤကိစ္စများအားလုံး၏ အရင်းအမြစ်မှာ ရေထဲတွင် မျောပါနေသည့် တန်ခိုးစွမ်းအားနှင့် ကျိရှန်းဂါထာ စွမ်းအားကြောင့် ဖြစ်လေသည်။ တစ်စုံတစ်ယောက်က နတ်ဘုရား အပ်နှင်းခြင်းကို အောင်မြင်အောင် ကူညီပေးနေခြင်း ဖြစ်လေသည်။
ဧကရာဇ် တံဆိပ်တော်သည် အဝါရောင် နဂါးကြီးကို လွှမ်းမိုးထားပြီး ရေထဲမှ တန်ခိုး စွမ်းအားများက နတ်ဘုရား အပ်နှင်းခြင်းကို ပြုလုပ် ပေးနေလေသည်။
ဘုရင်မသည် အစွမ်းကုန် ကြိုးစားပြီး တိုက်ခိုက်နေခဲ့သည်။
ယန်ရွှီးက သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ ထောင်နှင့်ချီသည့် နတ်မိစ္ဆာများကို မြစ်ရေထဲသို့ ပို့လွှတ် လိုက်သည်။
မြစ်ရေထဲသို့ ရောက်သွားသည့် နတ်မိစ္ဆာတစ်ကောင်၏ မျက်လုံးမှ တစ်ဆင့် ရေထဲသို့ တန်ခိုးစွမ်းအားများ ထုတ်လွှတ် ပေးနေသည့် ဝတ်ကျောင်းတော် တစ်ခုကို ယန်ရွှီး တွေ့မြင် လိုက်ရလေသည်။ သို့သော် မည်သူမှန်း သူမဆုံးဖြတ်နိုင်ခင်မှာပင် သူပို့လွှတ် လိုက်သည့် နတ်မိစ္ဆာများကို ဓားဝိညာဉ် တစ်ခုက သုတ်သင် ပစ်လိုက်လေသည်။
"လက်စသတ်တော့ မင်းကိုး…"
ယန်ရွှီးက ပြုံးရင်း တွေးလိုက်လေသည်။
သူက ကောင်းကင်ထက်တွင် အပြင်းအထန် တိုက်ခိုက်နေသည့် နဂါးကြီးနှစ်ကောင်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
ထို့နောက် အလင်းတန်း တစ်ခုအဖြစ် ဖန်ဆင်းကာ "ချင်းဆွေမြစ်စောင့် နတ်သမီးဝတ် ကျောင်းတော်" ဆီသို့ ထွက်ခွာ သွားလေတော့သည်။
ချင်းဆွေ မြစ်စောင့်နတ်သမီးဝတ် ကျောင်းတော်ထဲတွင် ဆန်းလျန်သည် ဘိုးဘွား တာအိုဆရာများကို ဝတ်ပြုခြင်းအမှု ပြီးဆုံးသွားပြီ ဖြစ်လေသည်။ သူ၏ မျက်ဝန်းများမှာ ကြည်လင်သန့်စင် နေလေသည်။
သူ့ထံသို့ ရုတ်တရက် ဝင်ရောက်လာသည့် နတ်မိစ္ဆာများကို ဓားဝိညာဉ်ဖြင့် သုတ်သင် ပစ်လိုက်သည်။ ထို့နောက် သူဖန်ဆင်းထားသည့် ရေများကို ရပ်တန့်လိုက်ပြီး သက်ပြင်း တစ်ချက်ချလိုက်ရင်း…
"လူက အစီအရင်ပဲ ပြုလုပ်ပေးနိုင်ပါတယ်၊ အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကတော့ ဘိုးဘွား နတ်ဘုရားတွေရဲ့ အလိုအတိုင်းပါပဲ၊ အားလုံးကို ဘိုးဘွား နတ်ဘုရားတွေ လက်ထဲ အပ်လိုက်ပါပြီ"
ဟု တိုင်တည်လိုက်သည်။
မြစ်ကြောင်းတစ်လျှောက် မိုင်ပေါင်းသုံးသောင်း ပတ်လည်တွင် မြစ်စောင့် နတ်သမီး ဖြစ်တည်လာရန် အတွက် "နတ်ဘုရားအပ်နှင်းခြင်း" အစီအရင်မှာ ပြီးဆုံးသွားပြီး ဖြစ်လေသည်။
ဟွမ်လုန်ကျီကို နှိမ်နင်းရန်မှာ ဘုရင်မ၏ တာဝန်ဖြစ်လေသည်။
ထို့အတူ နတ်မိစ္ဆာများကို စေလွှတ်လိုက်သူကို နှိမ်နင်းရန်မှာတော့ ဆန်းလျန် တာဝန် ဖြစ်သွားခဲ့ပြီ။
အနောက်ဘက်သို့ နေဝင်တော့မည် ဖြစ်လေသည်။
ဆည်းဆာ ရောင်ခြည်သည် မြစ်ရေပြင်ထက်သို့ ဖြာကျနေလေသည်။ မြစ်ရေက ဖြည်းညင်းစွာ စီးဆင်းနေပြီး တလက်လက် တောက်ပနေသည့် လှိုင်းကြက်ခွပ်လေးများက ရေပြင်ထက်တွင် ဖြတ်ပြေး နေလေသည်။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်ရွှီးသည် တိမ်တိုက်ပေါ်မှ ဆင်းသက်လာပြီး ချင်းဆွေမြစ်စောင့် နတ်သမီးဝတ် ကျောင်းတော်ရှေ့တွင် မတ်တတ် ရပ်နေလေသည်။ သူက မည်သူ့ကိုမှ ဂရုမစိုက်သည့် အမူအရာဖြင့် ဝတ်ကျောင်းတော်အတွင်း စိုက်ကြည့်နေလေသည်။
သို့သော်… ဝတ်ကျောင်းတော်ထဲတွင် မည်သူမျှ ရှိမနေခဲ့ပါ။
ဝတ်ကျောင်းတော် တည်ရှိရာ မြစ်ကမ်းပါး တစ်ခုလုံးမှာ ဆည်းဆာ ရောင်ခြည်အောက်တွင် ပုစွန်ဆီရောင် သန်းနေလေသည်။
ယန်ရွှီးသည် ဝတ်ကျောင်းတော်အနားသို့ တစ်လှမ်းချင်း လျှောက်လာလေသည်။
တစ်စုံတစ်ခု ရှိနေသည်ကို သူ့စိတ်က ခံစားလိုက်ရပြီး ဝတ်ကျောင်းတော် ခေါင်မိုးပေါ်သို့ မော့ကြည့် လိုက်လေသည်။ ခေါင်မိုးထက်တွင် လူတစ်ယောက် ရပ်နေလေသည်။ ထိုသူက အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်နေသည့် ရေအစိမ်းရောင် အလား ကြည်လင် သန့်စင်နေလေသည်။
ဆန်းလျန်သည် ဝတ်ကျောင်းတော် ခေါင်မိုးထက်တွင် ရပ်နေပြီး ယန်ရွှီးကို စိုက်ကြည့် နေလေသည်။
ထိုလူငယ်မှာ ဟွမ်လုန်ကျီနှင့် အတူလိုက်လာသည့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်လေသည်။ ထိုလူငယ်လေးက ချင်းကျန်းဂိုဏ်းသားများနှင့် ရေမိစ္ဆာများထံမှ သွေးများနှင့် မိစ္ဆာစွမ်းအားများကို ဘူးသီးခြောက်တစ်လုံးဖြင့် တိတ်တဆိတ် စုဆောင်းနေသည့် အချိန်ကတည်းက ဆန်းလျန် ထိုလူငယ်ကို သတိပြုမိခဲ့ခြင်း ဖြစ်လေသည်။ သူက လူငယ်ကို ငုံ့ကြည့်လိုက်သလို တစ်ချိန်တည်းမှာပင် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းကိုလည်း အထင်သေး သွားမိလေသည်။
သို့သော် ထိုလူငယ်လေးက နတ်မိစ္ဆာများကို စေလွှတ်နိုင်သူ ဖြစ်နေမည်ဟု ဆန်းလျန် ထင်မှတ် မထားခဲ့မိပေ။ ထို့ကြောင့် အနည်းငယ်တော့ အံ့သြ သွားရလေသည်။
ဆန်းလျန်မှာ ထုန်းထျန်း တန်ခိုးစွမ်းအားရရှိပြီး နောက်ပိုင်း ကံတရားကို အမြဲတမ်း ကြိုတင် သိမြင်နိုင်ခဲ့လေသည်။ သူ၏ထက်မြက်သည့် အာရုံထဲတွင် ထိုလူငယ်မှာ အန္တရာယ် ရှိသည်ဟု ခံစားနေရလေသည်။
သို့သော် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လူငယ် တပည့်လေးထံမှ အဘယ့်ကြောင့် အန္တရာယ်အငွေ့အသက်များ ခံစားနေရသနည်း။ ဆန်းလျန် နားမလည်နိုင် ဖြစ်ရသည်။
ထိုလူငယ်လေးမှာ အလားအလာရှိသည့် လူငယ်တစ်ယောက် ဖြစ်သည့်တိုင် ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်သေးပေ။
ထို့ကြောင့် ထိုလူငယ်က အန္တရယ်ရှိသည်ဟု ခံစားနေမိခြင်းမှာ အနည်းငယ်တော့ ကြောင်တောင်တောင် နိုင်လေသည်။
ယန်ရွှီးက ဆန်းလျန်နှင့် ပေတစ်ရာခန့် အကွာတွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ဆန်းလျန်က ထိုလူငယ်ကို တိုက်ခိုက်ခြင်းမရှိပါ။
အဘယ်ကြောင့်ဆိုသော် သူက "နတ်ဘုရား အပ်နှင်းခြင်း" အစီအရင်ကို ပြုလုပ်ပေးခဲ့သည့် အတွက် တန်ခိုးစွမ်းအားများ လျော့နည်း နေလေသည်။
ယန်ရွှီးက ဆန်းလျန်ကို မော့ကြည့်ပြီး ပြုံးလိုက်လေသည်။ သူက အကြည့် တစ်ချက်တည်းဖြင့် ဆန်းလျန်၏ ကျင့်စဉ်လမ်းမှာ မည်သည့် အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို တန်းသိလိုက်သည်။
သူကလည်း ဆန်းလျန်ကို မတိုက်ခိုက်ပါ။
သူက ချင်းရွှမ်နတ်တံခါး အကြောင်းကို ကောင်းကောင်းသိသူ တစ်ယောက် ဖြစ်သည်။ သူက ဆန်းလျန်မှာ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်သည့် အတွက် ဆန်းလျန်ထံတွင် ဝိညာဉ်စွမ်းအား ပစ္စည်းနှင့် မှော်ဝင်ပစ္စည်းများစွာ ရှိမည်ကို သိထားလေသည်။
သူတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် အတန်ကြာ စိုက်ကြည့်နေကြသည်။
ထိုအချိန် ခဏလေးအတွင်းမှာပင် ဆန်းလျန်က သူ၏ သွေးကြောဆုံ ချက်များဆီသို့ သူ၏ တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်သည်။
မိုးမြေစွမ်းအား များသည် ဆန်းလျန်၏ ကိုယ်ထဲသို့ စီးဝင်လာပြီး တန်ခိုးစွမ်းအားများ ပြန်လည် ပြည့်ဝလာလေသည်။
လေပြည်တစ်ချက် တိုက်ခတ်လာပြီး ဆန်းလျန်၏ ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေလေသည်။ သို့သော် ဆန်းလျန်၏အကြည့်များကတော့ တည်ငြိမ်နေလေသည်။
"ချင်းရွှမ်နတ်တံခါးက ဆန်းတန်ခိုးရှင်က ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်နေမယ်လို့ ထင်မထားမိဘူး၊ ခင်ဗျားဒီမှာ ရှိနေမှတော့ ဘာလို့ ကိုယ်တိုင် ထွက်မလာရတာလဲ၊ ဘာလို့ လျှို့ဝှက် ဂမ္ဘီရပညာတွေ သုံးနေရတာလဲ"
ယန်ရွှီးက စကားစ ပြောလိုက်လေသည်။
ဆန်းလျန်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး စကားပြန်ပြောခြင်း မရှိပါ။
သူက မိုးမြေ စွမ်းအားများကို စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။
သူ၏သွေးကြော ဆုံချက်များမှ အနက်ရောင် အငွေ့များ ထွက်လာလေသည်။ ဓားဝိညာဉ်က အနက်ရောင် အငွေ့များကို ချက်ချင်းပင် သုတ်သင် ပစ်လိုက်သည်။ လေထဲတွင် အော်ဟစ်သံများ ဆူညံ သွားလေသည်။ ဒေါသထွက်နေသည့် ဝိညာဉ်များ၏ နောက်ဆုံး အော်ဟစ်သံများ ဖြစ်လေသည်။
ဆန်းလျန်၏ အကြည့်များက တည်ငြိမ်နေဆဲ ဖြစ်သည်။
"လက်စသတ်တော့… မင်းကိုး ၊ မင်းက ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ရောက်နေတာကိုး"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်စုပ်ယူလိုက်သည့် မိုးမြေ စွမ်းအားများထဲတွင် ယန်ရွှီး၏ မိစ္ဆာမျိုးစေ့များ လျှို့ဝှက်စွာ ပါဝင်နေလေသည်။ ဆန်းလျန်သာ သတိမရှိလျှင် ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာအောက် ကျရောက်ကာ ယန်ရွှီး၏ ကိုယ်ပွားတစ်ခု ဖြစ်လာရတော့မည် ဖြစ်လေသည်။
ယခုတော့ သူ ယန်ရွှီးကို ဆန်းလျန် မှတ်မိသွားပြီ ဖြစ်လေသည်။
ဆန်းလျန်မှာ ယန်ရွှီး အသက်ရှင် နေသေးသည်ကို သိသော်လည်း လောကနတ်ဘုရား ငါးပါးရှိသည့် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းထဲသို့ ဝင်ရောက် နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အစကတည်းက ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လူငယ်ကို ရင်းနှီးသလို ဖြစ်နေသည့် အပြင် အန္တရာယ် ရှိသည်ဟုလည်း ထင်နေခဲ့သည့်အချက်ကို ဆန်းလျန် သဘောပေါက် သွားရပြီဖြစ်သည်။
မိုးမြေ စွမ်းအားများနှင့် အတူ မိစ္ဆာမျိုးစေ့ သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည့် အခါတွင်တော့ ချက်ချင်းပင် ပကတိ ဖန်ဆင်းခြင်းပညာကို ကျင့်ကြံသူ ယန်ရွှီးမှန်း မှတ်မိ သွားရလေတော့သည်။
ဆန်းလျန်က သူ့ကို မှတ်မိသွားသည့် အတွက် ယန်ရွှီးကလည်း အံ့သြ သွားခြင်း မရှိပါ။
သူက ဆန်းလျန်ကို မထိတထိ အကြည့်များဖြင့် ကြည့်လိုက်လေသည်။
သူသဘော အကျဆုံး အရုပ်လေး တစ်ရုပ်ကို ကြည့်နေသကဲ့သို့ ကြည့်နေခြင်း ဖြစ်လေသည်။
လောက နတ်ဘုရားအဆင့်သို့ မတက်ရောက် နိုင်သေးသည့် သူမှန်သမျှသည် ယန်ရွှီးအတွက်တော့ အသေးအဖွဲများသာ ဖြစ်လေသည်။
***