← Chapters

မိုးကောင်းကင် မိစ္ဆာနယ်မြေ

Vol. 3 Ch. 249

မိုးကောင်းကင် မိစ္ဆာနယ်မြေ

Vol. 3 Ch. 249

ဆန်းလျန်သည် ခေါင်မိုးထက်တွင် ရပ်နေလေသည်။

သူ၏ပုံစံက ဝတ်ကျောင်းတော်နှင့် တစ်သားတည်း ကျနေလေသည်။ ဝတ်ကျောင်းတော်နှင့်သာ တစ်သားတည်း ကျနေသည် မဟုတ် နေဝင်ဆည်းဆာနှင့် လောက သဘာဝတရား တစ်ခုလုံးနှင့် တစ်သားတည်း ကျနေခြင်း ဖြစ်လေသည်။

"ငါ" ဆိုသည့် အစွဲ ကွယ်ပျောက်သွားပြီး ဆန်းလျန်က လောကကြီး တစ်ခုလုံးနှင့် တစ်သားတည်း ကျနေလေသည်။ သို့သော် ယန်ရွှီးကတော့ လောက အပြင်ဘက်သို့ ရောက်နေ လေသည်။

ထိုသို့ဖြစ်ရခြင်းမှာ တန်ခိုး စွမ်းအားလည်း မဟုတ်၊ ကျင့်စဉ်လမ်းလည်း မဟုတ်ပါ။

"ဖိအား" ကြောင့်ပင် ဖြစ်လေသည်။

ဆန်းလျန်မှာ တန်ခိုးစွမ်းအား အလွန် မြင့်မားသည့်တိုင် စိတ်မသက်မသာ ဖြစ်နေမိလေသည်။

ယန်ရွှီးမှာ အလွန်ကြောက်စရာ ကောင်းသည့် လူတစ်ယောက် ဖြစ်ပြီး သူ၏ တန်ခိုး စွမ်းအားများမှာလည်း ဆန်းလျန် ခန့်မှန်းနိုင်သည်ထက် အဆင့်မြင့်နေကြောင်း ဆန်းလျန် သိလိုက်ရပြီ။

မိုးမြေ စွမ်းအားများက ယန်ရွှီးအပေါ်တါင် သက်ရောက်မှု မရှိပါ။ လောက အပြင်ဘက်သို့ နေသူ တစ်ယောက်ကို မိုးမြေစွမ်းအားများက အဘယ်သို့ သက်ရောက် နိုင်ပါမည်နည်း။

ရုတ်တရက်ပင်….

ယန်ရွှီးမှာ မိုးကောင်းကင် နတ်မိစ္ဆာတစ်ပါး အဖြစ် ပြောင်းလဲသွားပြီး လောကသုံးပါးတွင် အကန့်အသတ်မရှိ သွားလာ နေလေသည်။ အရာရာတိုင်းသည် သူ့ဆန္ဒအတိုင်း ဖြစ်လာရမည် ဖြစ်လေသည်။ ယန်ရွှီးမှာ ခန့်မှန်းရခက်ပြီး လျှို့ဝှက် ကျင့်စဉ် များစွာကိုလည်း အသုံးပြု နိုင်လေသည်။ ဆန်းလျန်မှာ ထိုမျှ ကြောက်စရာ ကောင်းသည့် ရန်သူမျိုးကို တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးပေ။ ယန်ရွှီးကို အနိုင်ယူရန်မှာ လွန်စွာမှ ခက်ခဲမည် ဖြစ်လေသည်။

ဆန်းလျန်သည် ခေါင်မိုးထက်တွင် ရပ်နေပြီး ယန်ရွှီးသည် မြေပြင်ထက်တွင် ရပ်နေလေသည်။

ယန်ရွှီး လှုပ်ရှားမှု မှန်သမျှကို ဆန်းလျန် အပေါ်စီးမှ အကုန် မြင်နေ ရလေသည်။ သို့သော်… သူ့ကိုယ်သူ ယန်ရွှီးထက် သာသည်ဟု လုံး၀ ခံစားရခြင်း မရှိတော့ပေ။

သူက ယန်ရွှီးကို ကြည့်နေသည့်တိုင် တကယ့် အစစ်အမှန် ယန်ရွှီးကို မြင်နိုင်စွမ်း မရှိပေ။

ဆန်းလျန်သည် ဆက်မစောင့် ချင်တော့ပေ။ သို့သော် ထွက်ခွာ သွား၍လည်း မဖြစ်ပေ။ ဟွမ်လုန်ကျီနှင့် ဘုရင်မ တိုက်ပွဲ ပြီးဆုံးသည်အထိ စောင့်နေရန် သူ့တွင် တာဝန် ရှိလေသည်။

ယန်ရွှီးက ဆန်းလျန်၏ အတွေးများကို သိနေသည့် အလား တစ်ချက် ပြုံးလိုက်သည်။

"လျန်လေးရယ်၊ မင်းခုနေထွက်သွားရင် လွတ်နိုင် သေးတယ်နော်၊ ဘာလို့ စောင့်နေမှာလဲ၊ မင်းအသက်ထက် ဘယ်အရာက အရေးကြီးမှာလဲ၊ မင်းက ငါ့ရဲ့ဂိုဏ်းတူအစ်ကို ကျန်းရော့ရွှီးလို ဖြစ်သွားချင်တာလား"

ဆရာသခင် ကျန်းရော့ရွှီး၏ နာမည်ကို ကြားလိုက်ရသည့် အတွက် ဆန်းလျန် ဒေါသ ထွက်သွားလေသည်။

သူ့ဘဝတွင် ထိုသို့ တစ်ခါမှ ဒေါသ မထွက်ဖူးပေ။ သူက ဒေါသကို မထိန်းနိုင်တော့သလို ဒေါသကို ထိန်းထား လိုစိတ်လည်း မရှိတော့ပေ။

ညလေပြေထဲတွင် ဓားဝိညာဉ်၏ အသံ ထွက်ပေါ် လာလေသည်။ ထိုဓားဝိညာဉ်၏ အသံမှာ ကြေကွဲဖွယ်ရာ ရှေးဟောင်း ဂီတသံအလား ဖြစ်လေသည်။

နေဝင်သွားပြီ ဖြစ်လေသည်။

လောက တစ်ခုလုံးသည် မှောင်မည်း တိတ်ဆိတ်နေလေသည်။

ညအမှောင်တွင် ဓားဝိညာဉ်၏ အသံကိုသာ ကြားနေရသည်။

ဆန်းလျန် သက်ပြင်းရှည် တစ်ချက် ချလိုက်လေသည်။

အဘယ်ကြောင့် ဆိုသော် သူ့အနေဖြင့် ထွက်ခွာသွားရန် မဖြစ်နိုင်ပါ။

သူ့ဒေါသများ ပြေပျောက် သွားခဲ့ပြီ။ သို့သော် သူ့နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် အမှောင် တရားကို ခံစား နေရလေသည်။

ဓားဝိညာဉ်သည် မဟူရာ ကောင်းကင်ထက်တွင် ကြယ်တစ်စင်း ကြွေသည့် အလား တောက်ပစွာ ဖြတ်သန်း လာလေသည်။ သတ်ဖြတ်လိုသည့် စွမ်းအားများဖြင့် ကောင်းကင်ကို ထိုးခွင်းလာခြင်း ဖြစ်လေသည်။

သို့သော် ထိုဓားဝိညာဉ်သည် မည်သည့် အရာကိုမျှ ထိုးခွင်းနိုင်ခြင်း မရှိတော့ပါ။

အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် ဗလာနယ် တစ်ခု အတွင်းသို့ ကျရောက် သွားသောကြောင့် ဖြစ်လေသည်။

သူခန့်မှန်းသည်မှာ မမှားလျှင် ထိုဗလာနယ်မှာ "မိုးကောင်းကင် နတ်မိစ္ဆာနယ်မြေ" ဖြစ်လေသည်။ ထိုဗလာနယ်ကို ဖန်ဆင်းခြင်းမှာ ပကတိ ဖန်ဆင်းခြင်း ပညာ၏ တစ်စိတ် တစ်ဒေသ ဖြစ်လေသည်။

ထို မိုးကောင်းကင် နတ်မိစ္ဆာနယ်မြေမှာ ယခင် ကျောက်ရှောင်ယွီနှင့် ဘုရင်မ၏ တိုက်ပွဲတွင် နတ်ဘုရား မြေမှုန့်ဖြင့် ကျောက်ရှောင်ယွီ ဖန်ဆင်းခဲ့သည့် နေရာကဲ့သို့ လောကနှင့် ကင်းလွတ်သည့် ဗလာနယ် တစ်ခု ဖြစ်လေသည်။ သူ ထိုက်ရွှီး နည်းဗျူဟာ ပထမအဆင့် အောင်မြင်ခဲ့သည့် အတွက် ကျောက်ရှောင်ယွီ ဖန်ဆင်းထားသည့် ဗလာနယ်ထဲမှ ဖောက်ထွက် နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်မှာ ထိုအချိန်ကထက် တန်ခိုးစွမ်းအားများစွာ မြင့်တက် လာခဲ့ပြီ ဖြစ်လေသည်။

သို့သော်.... ယန်ရွှီးသည် ကျောက်ရှောင်ယွီ မဟုတ်ပေ။ အလွန် ကြောက်စရာ ကောင်းသည့် ရန်သူ ဖြစ်လေသည်။

"လျန်လေး.... မင်းက ငါနဲ့သိပ်တူတာပဲ၊ ဘယ်လောက်ပဲ အခြေအနေတွေ ဆိုးနေပါစေ ဘယ်တော့မှ လက်မလျှော့ တတ်ဘူး၊ ဒါပေမဲ့ ဒီနေ့တော့ မင်းက ကျုယ်ရဲ့ မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေထဲက ဘယ်လို လွတ်အောင် လုပ်မလဲဆိုတာ သိရတော့မှာပဲ"

ဆန်းလျန်မှာ ယန်ရွှီးကို မြင်တွေ့ရခြင်း မရှိတော့ပါ။ အသံကိုသာ ကြားရခြင်း ဖြစ်သည်။

ယန်ရွှီး၏ အသံမှာ ဆန်းလျန်၏ အရှေ့ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်က တိုက်ခိုက်ခြင်း မပြုဘဲ သူ၏ ဓားဝိညာဉ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ် ထားလိုက်လေသည်။ ဓားဝိညာဉ်၏ အသံက သူ့အနား ပတ်လည်တွင် လှည့်ပတ် နေလေသည်။

ရုတ်တရက်ပင် နွားဦးချိုများ ရှိသည့် ပိုးကောင်ကြီး တစ်ကောင်သည် ဆန်းလျန်ကို ဝှေ့ရန် ပြေးဝင် လာလေသည်။

သို့သော် ထိုပိုးကောင်ကြီးမှာ ဆန်းလျန်၏ ဓားဝိညာဉ်နှင့် ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး တစ်စစီ ကွဲကြေသွားကာ အနက်ရောင် အဆိပ်ငွေ့များ အဖြစ် ပြောင်းလဲသွားလေသည်။ ဓားဝိညာဉ်က အဆိပ်ငွေ့များကို ဆန်းလျန်ဆီသို့ ရောက်မလာအောင် တားဆီး ထားလိုက်သည်။

ထို ပိုးကောင်ကြီးမှာ လူမျက်နှာနှင့် နွားဦးချိုကြီး ရှိနေသည့် မိစ္ဆာ ပိုးကောင် တစ်ကောင် ဖြစ်လေသည်။ ထိုပိုးကောင်ကြီးမှာ ဒေါသထွက်နေသည့် ဝိညာဉ်များဖြင့် ဖန်ဆင်းထားသည့် မိုးကောင်းကင် မိစ္ဆာပိုးကောင်ကြီး ဖြစ်လေသည်။ လူသား ပုံသဏ္ဌာန် ဖြစ်နေရခြင်းမှာ သူတိုက်ခိုက်ရမည့် ဆန်းလျန်မှာ လူသားတစ်ယောက် ဖြစ်သောကြောင့် ဖြစ်လေသည်။ အခြားသတ္တဝါကို တိုက်ခိုက်မည်ဆိုလျှင် အခြားသတ္တဝါ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲ သွားမည် ဖြစ်လေသည်။

အစိတ်စိတ် အမြွှာမြွှာဖြစ်သွားသည့် မိုးကောင်းကင် မိစ္ဆာပိုးကောင်၏ အပိုင်းအစများ ပြန်လည် ပေါင်းစည်းသွားပြီး အသစ်ပြန်လည် မွေးဖွား လာလေသည်။ အသစ် ပြန်လည် မွေးဖွားလာသည့် မိစ္ဆာပိုးကောင်မှာ နွားဦးချိုကြီး အပြင် အနက်ရောင် အတောင်ပံများပင် ပါလာသေးသည်။ ထိုအတောင်ပံ များမှာ သံမဏိအလား ထက်ရှ မာကျော နေလေသည်။ ထိုမိစ္ဆာ ပိုးကောင်ကောင်က ဆန်းလျန်ထံသို့  ပျံသန်း ဝင်ရောက် လာပြန်လေသည်။

ထိုမိစ္ဆာပိုးကောင်မှာ ယခင်က အကောင်ထက်ပင် ပိုပြီး စွမ်းအား ကြီးမား နေသေးသည်။

သို့သော် ဆန်းလျန်က အသစ် မွေးဖွားလာသော မိစ္ဆာပိုးကောင်ကို ဓားဝိညာဉ်ဖြင့် ထပ်မံ ထိုးခုတ် သတ်ဖြတ် လိုက်ပြန်လေသည်။

ထိုမိစ္ဆာ ပိုးကောင်ကြီး တစ်စစီဖြစ်သွားပြီး ဒေါသထွက်နေသည့် ဝိညာဉ်ဆိုးများစွာ ထွက်ပေါ် လာလေသည်။ဆန်းလျန်၏ ဓားဝိညာဉ်က ထိုအရာများကို တားဆီး ထားလိုက်သည်။

ယခု တစ်ကြိမ်တွင်တော့ ဒေါသထွက်နေသည့် ဝိညာဉ်ဆိုးများ ပေါင်းစည်းသွားကာ မိုးကောင်းကင် မိစ္ဆာပိုးကောင် အုပ်လိုက်ကြီး ထွက်ပေါ်လာလေသည်။ ထိုမိစ္ဆာ ပိုးကောင်များကို ဓားဝိညာဉ်ဖြင့် ထိုးခုတ်နှိမ်နင်းလေ ပိုပြီး များပြားလာလေ ဖြစ်နေရလေသည်။

ဆန်းလျန်က ထိုမိစ္ဆာ ပိုးကောင်များကို ဓားဝိညာဉ်ဖြင့် အဆက်မပြတ် သုတ်သင် ပစ်နေလေသည်။

မိစ္ဆာကောင်များမှာလည်း စွမ်းအား ကြီးမားသည်ထက် ကြီးမားလာပြီး ဆန်းလျန်ရှိရာသို့ ဦးချိုများ ဝှေ့ကာ အဆက်မပြတ် ဝင်ရောက် လာကြသည်။ ပျံသန်းနေသည့် မိစ္ဆာပိုးကောင်များသည် ဆန်းလျန်၏ ပတ်လည်တွင် များသည်ထက် များပြား လာကြလေသည်။ ထို့နောက် အနက်ရောင် ပိုးချည်မျှင်များဖြင့် ဆန်းလျန်ကို ရစ်ပတ် နေကြလေသည်။ ဧရာမ ပိုးအိမ်ကြီး တစ်အိမ် ဖြစ်လာပြီး ထိုပိုးအိမ်ကြီးမှာ ညအမှောင်နှင့် တစ်သားတည်း ကျနေလေတော့သည်။

အနက်ရောင် ပိုးအိမ်ကြီး ပတ်လည်တွင် ဆန်းလျန်၏ ဓားဝိညာဉ်က အလင်းရောင်များ ဖြာထွက် နေလေသည်။ သို့သော် ဓားဝိညာဉ်၏ အလင်းရောင်မှာ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။ အနက်ရောင် ပိုးအိမ်ကြီးက ဓားဝိညာဉ်၏ အလင်းရောင်ကို ဝါးမျိုသွားခြင်း ဖြစ်ပြီး ဓားဝိညာဉ်၏ အသံကတော့ ထွက်ပေါ်နေဆဲ ဖြစ်လေသည်။

ချင်းဆွေမြစ်ရေမှ စီးဆင်းနေသည့်ရေ မရပ်တန့်သကဲ့သို့ ဓားဝိညာဉ်ကလည်း ရပ်တန့်သွားခြင်းမရှိပေ။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် အမှောင်ရိပ်များဖုံးလွှမ်းနေလေသည်။ ဆန်းလျန်နှင့် ယန်ရွှီး၏ တိုက်ပွဲမှာ တကယ့် နေရာတွင် ဖြစ်ပွားနေခြင်း မဟုတ်ပေ။ ဖန်ဆင်းထားသည့် ဗလာနယ်ထဲတွင် တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။

ပြင်ပ ကမ္ဘာတွင်တော့….

ချင်းဆွေ မြစ်ရေသည် ခမ်းနားစွာဖြင့် အဆက်မပြတ် စီးဆင်းနေဆဲ ဖြစ်လေသည်။

သို့သော်...

ရေက နိမ့်ရာမှ မြင့်ရာသို့ စီးဆင်းနေခြင်း ဖြစ်လေသည်။

ရွှေနဂါးကြီးကလည်း မဆုံးနိုင်သည့် တန်ခိုး စွမ်းအားများကို ရေထဲသို့ ထုတ်လွှတ် နေလေသည်။ တစ်ချိန်တည်းမှာပင် ရေထဲမှ တန်ခိုးစွမ်းအား များကိုလည်း စုပ်ယူနေလေသည်။

ထိုခဏလေး အတွင်းမှာပင်...

မြစ်ရေက ပြောင်းပြန် စီးဆင်းသွားပြီး အဝါရောင် နဂါးကြီးကို ထိုးစိုက် ချလိုက် လေတော့သည်။

"ကျွန်မရဲ့ ကြီးမားတဲ့ ရည်မှန်းချက် အောင်မြင်ဖို့ အတွက် ကျွန်မကိုယ် ကျွန်မ စတေးခံပါတယ်၊ လောကကို အသစ်ပြန်လည် မွေးဖွားစေမယ်...."

ကြီးမားသည့် ရည်မှန်းချက်မရှိဘဲ လောကကို အသစ်ပြန်လည် မွေးဖွားစေရန်မှာ မဖြစ်နိုင်ပေ။

အမှန်တော့ ဘုရင်မက ဆန်းလျန်ကို ကူညီပြီး ဟွမ်လုန်ကျီကို တိုက်ခိုက်ပေးခြင်း ဖြစ်လေသည်။ သို့သော် တဖြည်းဖြည်းနှင့် ဆန်းလျန်ကို ကူညီခြင်း သာမက လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ရန် သူမ စိတ်အား ထက်သန် လာလေသည်။

ထိုစိတ်ထားကြောင့်ပင် ဘုရင်မသည် မပျက်စီးနိုင်သော နတ်ဘုရား ခန္ဓာကျင့်စဉ်၏ အနှစ်သာရကို နားလည် သွားခဲ့ပြီ။

ကိုယ့်ကိုကိုယ် စတေးမခံဘဲ လောကကို အသစ် ပြန်လည် မွေးဖွားစေသည် အထိ ကျင့်စဉ်အဆင့် တက်ရောက် နိုင်မည် မဟုတ်ပေ။

မြစ်ရေက ပြောင်းပြန် စီးဆင်းနေသည်။

ဘုရင်မ၏ စိတ်ထားက ကြည်လင် သန့်စင် နေလေသည်။

ဘုရင်မ၏ စိတ်ထားသည် ချင်းဆွေမြစ်ကြောင်း တစ်လျှောက် မိုင်ပေါင်း သုံးသောင်း ပတ်လည်မှ သက်ရှိ သတ္တဝါများ အားလုံး၏ ဆုတောင်းသံနှင့် တစ်သားတည်း ကျသွားလေသည်။

သက်ရှိ သတ္တဝါ အားလုံးမှာ ရေကြီးရေလျှံခြင်း ကင်းဝေးပြီး အသက်ဘေးမှ ကင်းလွတ် လိုကြလေသည်။ ဘုရင်မကို မြစ်စောင့် နတ်သမီးအဖြစ် နတ်ဘုရား အပ်နှင်းခြင်း အစီအရင်မှ တန်ခိုး စွမ်းအားများနှင့် ဘုရင်မ၏ မပျက်စီးနိုင်သော နတ်ဘုရား ခန္ဓာကျင့်စဉ်၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်သွားပြီး မြစ်ကြောင်း တစ်လျှောက်ရှိ သက်ရှိသတ္တဝါများ အားလုံးအတွက် အကာအကွယ် တစ်ခု ဖြစ်ပေါ် လာလေသည်။

ကျော်ရှောင်ချင်းက သူ၏ဓားရှည်ကို ဆွဲကိုင်ကာ မတ်တတ် ရပ်လိုက်သည်။ ထို့နောက် သူ၏ဓားဖြင့် အဝါရောင် နဂါးကြီးကို ချိန်ရွယ် ထားလိုက်ပြီး….

"မြစ်စောင့် နတ်သမီး ဒီမိစ္ဆာကောင်ကို နှိမ်နင်းတာကို ကျုပ်ကူညီမယ်"

ကျန်းဆွေကျယ်ကလည်း သူ၏ဓားဖြင့် ဟွမ်လုန်ကျီကို ချိန်ရွယ် ထားလိုက်ပြီး…

"မြစ်စောင့် နတ်သမီး ဒီမိစ္ဆာကောင်ကို နှိမ်နင်းတာကို ကျုပ်လည်း ကူညီမယ်"

ချင်းကျန်း ဂိုဏ်းသားများ၏ မရေမတွက် နိုင်အောင် များပြားသည့် ဓားများမှာလည်း ဟွမ်လုန်ကျီကို ချိန်ရွယ် ထားလိုက် ကြလေသည်။

သူတို့အားလုံးမှာ မြစ်စောင့် နတ်သမီး၏ စစ်သည်တော်များ အလား တူညီသည့် စိတ်ဓာတ်ဖြင့် နဂါးကြီးကို သုတ်သင်ရန် ဆုံးဖြတ်ချက် ချလိုက်ကြလေသည်။ သူတို့၏ ကြွေးကြော်သံ များသည် မိုးနှင့်မြေတွင် ပဲ့တင် ထပ်သွားလေသည်။ သူတို့ အားလုံး၏ ရင်ထဲမှ ဖြစ်တည်လာသည့် ဆန္ဒများသည် ဘုရင်မ ဖန်ဆင်းထားသည့် ရွှေနဂါးကြီးကို တကယ့် နဂါးတစ်ကောင် အဖြစ် ပြောင်းလဲ သွားစေခဲ့လေသည်။

ဟွမ်လုန်ကျီသည် သူ၏ရင်ထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ပြီး တစ်ချက် ကြုံးဝါးလိုက်သည်။

ထိုလူသားများသည် ယခုအချိန်ထိ အဘယ့်ကြောင့် စိတ်ဓာတ် ခိုင်မာစွာဖြင့် ရပ်တည် နေကြသည်ကို သူနားမလည်နိုင် ဖြစ်နေရလေသည်။

ထို့နောက် ချင်းကျန်း ဂိုဏ်းသားများ ကိုင်ဆောင်ထားသည့် ဓားသွားများသည် ဓားဝိညာဉ်များ အဖြစ် ဟွမ်လုန်ကျီကို ပြိုင်တူ တိုက်ခိုက် လိုက်ကြလေတော့သည်။

***

All Chapters