← Chapters

နှလုံးသား ထိန်းချုပ် ကျိန်စာ

Vol. 3 Ch. 250

နှလုံးသား ထိန်းချုပ် ကျိန်စာ

Vol. 3 Ch. 250

နတ်ဘုရားများသည် တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်စွမ်းရှိသည့် တန်ခိုး စွမ်းအားများနှင့် ပြည့်စုံလေသည်။ နတ်ဘုရားများသည် လောကကို ကျော်လွန်ပြီး မြင့်မြတ်သည့် လမ်းကို လျှောက်လှမ်းသူများ ဖြစ်ကြလေသည်။ သူတို့သည် လူ့လောကမှ ခွဲထွက်သွားပြီး လူသားများ အားလုံး၏ အထက်တွင် ရှိလေသည်။

လူသားများသည် နတ်ဘုရားများအတွက် အရေးမပါလှပေ။

သို့သော် နတ်ဘုရားများ အနေဖြင့် ထိုလူသားများ၏ နှလုံးသားထဲမှ ပြင်းပြသည့် ဆန္ဒနှင့် ဆုတောင်းမှုများ စုပေါင်းသွားသည့် တန်ခိုးစွမ်းအားကို အလေး မထား၍မရပေ။ လူသားများ၏ နှလုံးသားထဲမှ ဆန္ဒများမှာ တောင်များ၊ မြစ်ချောင်း အင်းအိုင်များနှင့် သဘာဝတရား တစ်ခုလုံးဆီသို့ တညီတညွတ်တည်း ပေါင်းစည်း သွားသည့်အခါ နတ်ဘုရားများကိုပင် ကြောက်ရွံ့စေသည့် တန်ခိုး စွမ်းအားများ ထွက်ပေါ်လာလေသည်။

အတိတ်ကို ပြန်ကြည့်မည်ဆိုလျှင်…

ဘုရင်မသည် တိုင်းပြည် တစ်ပြည်ကို အုပ်ချုပ် ခဲ့သူဖြစ်ပြီး ပြည်သူများ အပေါ်တွင် စေတနာထားခဲ့သူ ဖြစ်လေသည်။ ထို့ပြင် သူမက ကျင့်စဉ်လမ်းကိုလည်း လျှောက်လှမ်းခဲ့သူ ဖြစ်ပြီး ယခုအချိန်တွင် သက်ရှိ သတ္တဝါပေါင်း များစွာကို ကယ်တင်ရန် အတွက် ဟွမ်လုန်ကျီကို တိုက်ခိုက်နေခြင်း ဖြစ်လေသည်။

ဘုရင်မ၏ စောင့်ရှောက်မှု အောက်တွင် သက်ရှိ သတ္တဝါများစွာက တက်ညီလက်ညီ ပါဝင် လာကြလေသည်။ ထို့ကြောင့် သူမ၏ တန်ခိုးစွမ်းအားများမှာ အတိုင်းအဆ မရှိ မြင့်မား လာခဲ့လေသည်။

ထို့ကြောင့် ဟွမ်လုန်ကျီကို အနိုင်ရရန် ဘုရင်မဘက်မှ အခွင့်အရေး များလာခဲ့ပြီ ဖြစ်လေသည်။

ကောင်းကင်ထက်တွင် ပျံဝဲနေသည့် ဓားဝိညာဉ်ပေါင်း များစွာသည် ဟွမ်လုန်ကျီ၏ နဂါး အကြေးခွံဆီသို့ မိုးရွာကျသည့် အလား ထိုးစိုက် ကျလာလေသည်။ သို့သော် အချို့သော ဓားဝိညာဉ်များကသာ နဂါးအကြေးခွံကို ထိုးဖောက် နိုင်ကြပြီး ဓားဝိညာဉ် အများစုမှာ နဂါး အကြေးခွံကို ထိုးဖောက် နိုင်စွမ်း မရှိကြပေ။

သို့သော် စူးရှသည့် နာကျင်မှုကြောင့် အဝါရောင် နဂါးကြီးမှာ ဒေါသ ထွက်လာသလို ကြောက်လည်း ကြောက်လာ မိလေသည်။

တန်ခိုး စွမ်းအား လှိုင်းလုံးကြီးတစ်ခု မြင့်တက်လာပြီး အဆုံးမရှိသည့် အသက်ဓာတ် စွမ်းအားများက ဘုရင်မကို ဝန်းရံ ထားကြသည်။ ထိုတန်ခိုး စွမ်းအား လှိုင်းလုံးကြီးသည် ဟွမ်လုန်ကျီ၏ နဂါး ခန္ဓာကိုယ်ကြီးကို ကြိတ်ချေ ပစ်လိုက်လေသည်။

မြစ်ကြောင်း တစ်လျှောက်ရှိ သက်ရှိ သတ္တဝါများ၏ နှလုံးသားထဲမှ ဆုတောင်း သံများကြောင့် ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအား များမှာလည်း ဟွမ်လုန်ကျီကို မသက်မသာ ဖြစ်စေလေသည်။ ထို့ပြင် ရေထဲတွင် ပါဝင်သည့် ဆန်းလျန်၏ တန်ခိုးစွမ်းအားနှင့် ကျိရှန်း ဂါထာ အစွမ်းကလည်း ဟွမ်လုန်ကျီ၏ ရေနီ တန်ခိုးစွမ်းအားကို ဖျက်ဆီး ပစ်လိုက်သည်။ တိုင်းပြည်၏ ကံကြမ္မာကို ပြဌာန်းသည့် ဧကရာဇ် တံဆိပ်တော်ကလည်း ဟွမ်လုန်ကျီ၏ ဝိညာဉ်ကို ဖိနှိပ် ထားလေသည်။

အဝါရောင်နဂါးကြီး၏ အော်ဟစ်သံကြီးသည် မြစ်ကြောင်း တစ်လျှောက်နှင့် တောင်ကြော တစ်လျှောက် ပဲ့တင် ထပ်သွားလေသည်။

ကောင်းကင်ထက်တွင် ထိန်ထိန်သာနေသည့် လမင်းကတော့ တိုက်ပွဲကို တိတ်ဆိတ်စွာဖြင့် ကြည့်နေလေသည်။ လူ့လောက၏ အပြောင်းအလဲများကို တိတ်ဆိတ်စွာ ကြည့်နေရသည်မှာ အသားကျ နေပုံ ရလေသည်။

မိုးကောင်းကင် နတ်မိစ္ဆာ တိုင်းပြည်ထဲတွင် ပိတ်မိနေသည့် ဆန်းလျန်မှာတော့ သူ့ဘဝ သက်တမ်း တစ်လျှောက်တွင် မကြုံဖူးသည့် ဆိုးရွားလှသော ရင်ဆိုင် တိုက်ပွဲနှင့် ကြုံတွေ့ နေရလေသည်။

မိုးကောင်းကင် မိစ္ဆာပိုးကောင်များ ပြုလုပ်ထားသည့် အနက်ရောင် ပိုးအိမ်ကြီးသည် တောင်ကုန်း တစ်ခုအလား ကြီးမားနေပြီ ဖြစ်လေသည်။ ဆန်းလျန်သည် တည်ငြိမ်စွာဖြင့်ပင် ဓားဝိညာဉ်ကို ထုတ်လွှတ်ကာ ကြံ့ကြံ့ခံ တိုက်ခိုက် နေလေသည်။ ဆန်းလျန် သတ်လိုက်သည့် မိစ္ဆာပိုးကောင် အရေအတွက် များလေလေ ထပ်မံ ဖြစ်တည်လာသည့် မိစ္ဆာပိုးကောင်များက ပိုမို များပြားလာလေ ဖြစ်နေခဲ့လေသည်။

"တာအိုကျင့်စဉ်က တစ်ပေတက်လာလျှင် နတ်မိစ္ဆာက ဆယ်ပေ တက်လာလိမ့်မည်"

ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်လေသည်။

ဆန်းလျန်မှာ အနက်ရောင် ပိုးအိမ်ထဲတွင် ပိတ်မိနေပြီး ရုန်းထွက်နိုင်ခြင်း မရှိတော့ပေ။

ထိုအချိန်တွင်…

နူးညံ့သည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။

တိတ်ဆိတ်ပြီး ခြောက်သွေ့နေသည့် မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေထဲတွင် ယန်ရွှီးသာလျှင် အရာအားလုံးကို ပိုင်စိုးသူ နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ယန်ရွှီး၏ အသံ တစ်ချက်ဖြင့်ပင် ဤနေရာကို ထိန်းချုပ် ထားနိုင်လေသည်။

"မင်းသတ်ဖြတ် နေတာတွေက မင်းရဲ့ နှလုံးသားထဲက အတွေးတွေပဲ ဆိုတာ မင်းနားမလည် သေးဘဲကိုး လျန်လေး၊ အတွေးဆိုတာ နှလုံးသားက လာတာလေ၊ ဘယ်လိုလုပ် အဆုံးသတ်နိုင်မှာလဲ"

ယန်ရွှီးက ပြောလိုက်လေသည်။

နက်ရှိုင်းသည့် မိစ္ဆာစကားသံသည် ထူထဲလွန်းသည့် ပိုးချည်မျှင် အနက်ရောင်များကို ဖြတ်သန်းကာ ဆန်းလျန်၏ နားထဲသို့ ဝင်ရောက် လာလေသည်။ သို့သော် ထိုအသံက ဆန်းလျန်၏ သမာဓိကို ပျက်ပြား သွားစေရန် မတတ်နိုင်ပါ။ သူက ဓားဝိညာဉ်ကို အဆက်မပြတ် ဝှေ့ယမ်းကာ တည်ငြိမ်စွာဖြင့် တိုက်ခိုက်နေဆဲ ဖြစ်လေသည်။

အချိန် အနည်းငယ် ကြာသွားခဲ့ပြီ….

အချိန် အနည်းငယ်လား၊ အချိန် တစ်ခဏမျှလား သို့မဟုတ် နှစ်ပေါင်း တစ်ရာလား …။

ဓားဝိညာဉ်သည် ရှည်လျားသည့် မြစ်ကြီး တစ်စင်းအလား ပြောင်းလဲ သွားပြီး အနက်ရောင် မိစ္ဆာပိုးအိမ်ကြီးကို ထိုးခွဲ လိုက်လေတော့သည်။ ထိုဓားဝိညာဉ်မှာ ကောင်းကင်ထက်ရှိ မရေမတွက် နိုင်သည့် ကြယ်များကြားတွင် ဖြတ်သန်း စီးဆင်းနေသည့် နဂါးငွေ့တန်း တစ်ခုအလားပင် ဖြစ်လေသည်။ ထိုဓားဝိညာဉ်ထဲတွင် အဆုံးမရှိသည့် ကျင့်စဉ်လမ်း အဓိပ္ပာယ်များ ပါဝင်နေပြီး မိစ္ဆာ အညစ်အကြေးများ အားလုံးကို သန့်စင် ပစ်လိုက်လေသည်။

မိစ္ဆာပိုးကောင်များကို တိုက်ခိုက်နေရင်း ဆန်းလျန်၏ ဓားဝိညာဉ်မှာ သန့်စင်သည်ထက် သန့်စင် လာလေသည်။ သူက လောကီ အညစ်အကြေးများကို ပယ်သတ် လိုက်နိုင်ပြီ။ စိတ်အာရုံ ပျံ့လွင့်စေသည့် အတွေးများ အားလုံးကိုလည်း သန့်စင် လိုက်နိုင်ပြီ။

ထိုအခါ သူကိုယ်တိုင်၏ သန့်စင် တောက်ပသည့် သဘော သဘာဝကို စတင် တွေ့မြင်ခဲ့လေသည်။ သူ၏ သမာဓိသည် ထာဝရ ပြောင်းလဲ စီးဆင်းနေသည့် နဂါးငွေ့တန်းကဲ့သို့ မပျက်စီး နိုင်တော့ပေ။

"နဂါးငွေ့တန်း ဓားသိုင်းကို မင်းဘယ်ကနေ သင်ခဲ့တာလဲ"

ယန်ရွှီး၏ တအံ့တသြ မေးသံ ထွက်ပေါ် လာလေသည်။

"ဒါ နဂါးငွေ့တန်းဓားသိုင်း အစစ်အမှန် မဖြစ်နိုင်ဘူး၊ ကြည့်ရတာ မင်းနဂါးငွေ့တန်း ဓားသိုင်းကို မြင်ဖူးခဲ့တာ ဖြစ်ရမယ်၊ ကြည့်ရတာ မင်းက ကျုပ်ထင်ထားတာထက် တော်နေတာပဲကိုး၊ ဒါပေမဲ့ မင်းဒီနေ့ ကျုပ်နဲ့ တွေ့ရတာတော့ ကံမကောင်းနိုင်တော့ဘူး"

ယန်ရွှီးက တအံ့တသြ ဖြစ်သွားမှုကို ထိန်းလိုက်ပြီး ချက်ချင်းပင် ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ပြောလိုက်လေသည်။

အမှောင်ထုမှာ သိပ်သည်း နေဆဲ ဖြစ်သည်။

ဆန်းလျန်မှာလည်း အနက်ရောင် မိစ္ဆာပိုးအိမ်ထဲတွင် ပိတ်မိနေဆဲ ဖြစ်လေသည်။

သူ၏ နဂါးငွေ့တန်း ဓားဝိညာဉ်က လှည့်ပတ် တိုက်ခိုက် နေသည့်တိုင် ဆန်းလျန်မှာ အန္တရာယ်တွင်းမှ မလွတ်မြောက်သေးပေ။

ရုတ်တရက်….

တောက်ပသည့် နဂါးငွေ့တန်း ဓားဝိညာဉ် ပျောက်ကွယ် သွားလေသည်။

နဂါးငွေ့တန်း ဓားဝိညာဉ်သည် တစ်ချက် လင်းလက် သွားပြီး မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေကို ထိုးခွင်း ဖျက်ဆီး ပစ်လိုက်လေသည်။

ပြင်ပလောကရှိ ကောင်းကင်ထက်မှ ကြယ်စင်များ၏ အလင်းရောင်က ဗလာနယ်ထဲသို့ တိုးဝင်လာပြီး အနက်ရောင် မိစ္ဆာပိုးအိမ်ကြီးမှာ တစ်စစီဖြစ်အောင် ပျက်စီး သွားလေသည်။ ပိုးအိမ်ကြီးအတွင်းမှ လိပ်ပြာကြီး တစ်ကောင် ထွက်ပေါ်လာပြီး ထိုလိပ်ပြာကြီးက အတောင်များကို ဖြန့်ကာ ပျံသန်း ထွက်ခွာသွားလေသည်။

"အိပ်မက် လိုပါပဲ…"

ဆန်းလျန်ဆီမှ ရေရွတ်သံ တစ်ချက်သာ ထွက်ပေါ်လာလေသည်။

ကျွမ်းကျိုးသည် အိပ်မက်မှ နိုးထလာသည့်အခါ "လိပ်ပြာလေးက ကျွမ်းကျိုးအဖြစ် အိပ်မက် မက်နေတာလား၊ ကျွမ်းကျိုးက လိပ်ပြာလေးအဖြစ် အိပ်မက် မက်နေတာလား"

မသဲကွဲခဲ့ပေ။ ထို့အတူပင် အစစ်အမှန်နှင့် အတုအယောင်ကို ခွဲခြား သိမြင်ရန် ခက်ခဲလှသည်။ ကိုယ်တိုင်နှင့် အခြားသူများကြားတွင် မတူညီမှုကို သိမြင်ရန်မှာလည်း ခက်ခဲလှသည်။

လိပ်ပြာကြီးသည် အတောင်များကို တဖျတ်ဖျတ် ခတ်လိုက်လေသည်။

အမှောင်ထဲမှ မကျေမနပ်ဖြင့် ဟင့်ခနဲ အသံတစ်ချက် ပြုသံ ကြားလိုက်ရပြီး ကြိုးရှည်များ ထွက်ပေါ်လာကာ လိပ်ပြာကြီးကို ဖမ်းဆီး ချုပ်နှောင်ရန် ကြိုးစား လိုက်လေသည်။

ယန်ရွှီးက အေးစက်စွာဖြင့် ပြုံးလိုက်သည်။

ထိုလိပ်ပြာကြီးမှာ ထိုက်ဝေ့ထိုင်မှ အရူး အဘိုးအိုကြီး၏ တရားဓမ္မ ဖြစ်ကြောင်း သူ ကောင်းကောင်း သိလေသည်။ သူ မည်သည့် အခါမှ မေ့မည် မဟုတ်ပေ။ ထိုအရူး အဘိုးအိုကြီးသည် ယခုနှစ်များ အတွင်းတွင် အဓိပ္ပါယ်မဲ့ အချိန်ဖြုန်း နေခဲ့ခြင်း မရှိခဲ့ဘူးပေါ့ဟု ယန်ရွှီး တွေးလိုက် မိလေသည်။

လောကသည် သူ့သဘောသူ ဆောင်နေပြီး လမင်းက ထိန်ထိန်သာ နေဆဲဖြစ်လေသည်။

ဆန်းလျန်၏ အစိမ်းနုရောင် တာအိုဝတ်စုံမှာ ဖရိုဖရဲဖြစ်နေပြီး ဆံပင်များမှာလည်း ပြေကျနေလေသည်။

သူ၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။ သူ့မျက်နှာတွင် သွေးရောင် တစ်စက်လေးပင် မတွေ့ရတော့ပေ။ အနက်ရောင် မိစ္ဆာစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ရှိ သွေးကြောဆုံချက်များအားလုံးဆီသို့ ဖြတ်သန်း ဝင်ရောက် သွားလေသည်။ ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများကို အသုံးပြုကာ ထိုမိစ္ဆာ စွမ်းအားများကို ခန္ဓာကိုယ် ပြင်ပသို့ ထုတ်ပစ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုမိစ္ဆာ ငွေ့များက သူ့ကိုယ်ထဲမှ ထွက်ခွာ သွားခြင်း မရှိသည့် အပြင် သူ၏ ဖြူဖျော့နေသည့် မျက်နှာထက်တွင် အနက်ရောင် အကွက်များ ထွက်ပေါ် လာလေသည်။

ဆန်းလျန် သိပ်အများကြီး စဉ်းစား မနေတော့ပေ။ သူက ချက်ချင်းပင် ချင်းဆွေ မြစ်ရေထဲသို့ ခုန်ချ လိုက်လေတော့သည်။

ဆန်းလျန် ရေထဲ ခုန်ချသွားသည်နှင့် ယန်ရွှီး၏ ပုံရိပ် ထွက်ပေါ်လာလေသည်။

သူက ဟွမ်လုန်ကျီနှင့် ဘုရင်မ၏ တိုက်ပွဲကို စိတ်မဝင်စားတော့ပါ။ သူက မြစ်ရေထဲသို့ စူးစိုက် ကြည့်နေလေသည်။ ထို့နောက် လက်ညှိုးနှင့် လက်ခလယ်ကို မြစ်ရေပြင်ဆီသို့ ညွှန်ပြ လိုက်လေသည်။ ထိုအခါ ရေမျက်နှာပြင် ထက်တွင် လှေတစ်စင်း ပေါ်လာလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ယန်ရွှီးသည် လှေပေါ်သို့ ရောက်ရှိ သွားလေသည်။

သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး တိမ်ဖြူ တစ်စအလား၊ နှင်းပွင့် တစ်ပွင့်အလား ဖြူစင် နေလေသည်။

"ကျုပ်ရဲ့ နှလုံးသား ထိန်းချုပ် ကျိန်စာ မိသွားတာတောင်မှ မင်းက ထွက်ပြေး ချင်နေတုန်းပဲလား"

ယန်ရွှီးက ပြုံးရင်း ရေရွတ် လိုက်သည်။

ယန်ရွှီး၏ ခန္ဓာကိုယ်မှာ ကြည်လင်နေသည့် အတွက် လရောင်ပင် ဖောက်ထွင်း သွားနိုင်လေသည်။

ထို့ပြင် သူ၏ ခန္ဓာကိုယ်မှာ လှေပေါ်တွင် အရိပ် ထင်နေခြင်းလည်း မရှိပေ။ သူ၏ ခန္ဓာကိုယ်မှာ အသွေးအသားများဖြင့် ဖွဲ့စည်း ထားသည့် ခန္ဓာကိုယ် တစ်ခု မဟုတ်ပေ။ သို့သော် ယန်ရွှီးသည် အရင်ကလောက် ကြောက်စရာ မကောင်းလှသေးပေ။ သူ၏ ပကတိ ဖန်ဆင်းခြင်း ပညာ၏ တန်ခိုး စွမ်းအားများ အပြည့်အ၀ ပြန်လည် ရရှိခြင်း မရှိသေးပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူနှင့် ဆန်းလျန် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် မည်သူက အနိုင်ရသည်ကို ရေရေရာရာ ပြော၍ မရနိုင်ပေ။

သို့သော် ယန်ရွှီးသည် ယခု တစ်ကြိမ်တွင်တော့ ဆန်းလျန်ကို အလွတ် မပေးတော့ဟု ဆုံးဖြတ် ထားလေသည်။

နောက်ပိုင်းတွင် ဆန်းလျန်၏ ကျင့်စဉ်လမ်း အဆင့်မြင့် သွားပြီး နတ်ဘုရားတစ်ပါး ဖြစ်သွားပါက သူ့အနေဖြင့် ပိုပြီး ဒုက္ခရောက်မည် ဖြစ်လေသည်။ ထိုအခါ ယခုကဲ့သို့ သူ့ကို သတ်နိုင်မည့် အခွင့်အရေး မျိုးလည်း ရနိုင်တော့မည် မဟုတ်ပေ။ ယခင်ကတော့ သူက ဆန်းလျန်ကို ထူးချွန်သည့် ကျင့်ကြံသူ လူငယ်တစ်ယောက်ဟုသာ သဘောထား ခဲ့မိသည်။ ယခုအခါတွင်တော့ ဆန်းလျန်သည် အန္တရာယ်ရှိသည့် ပြိုင်ဘက် တစ်ယောက် ဖြစ်လာခဲ့ပြီ။

အမှန်တော့ မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေထဲတွင် ပိတ်မိနေချိန်တွင် မိစ္ဆာပိုးကောင်များကို အဆက်မပြတ် တိုက်ခိုက်ရန် ဆန်းလျန် ရွေးချယ်ခဲ့သည့် လုပ်ရပ်မှာ မှန်ကန် သွားခဲ့လေသည်။ သူက မတိုက်ခိုက်ဘဲ ခံစစ်ဖြင့်သာ ခုခံနေမည်ဆိုပါက သူ့အတွက် အကူအညီ မဲ့သကဲ့သို့ ခံစားလာရမည် ဖြစ်လေသည်။ ထိုသို့ ခံစားရပြီ ဆိုသည်နှင့် ယန်ရွှီးသည် သူ၏ အားနည်းချက်ကို နင်းကာ သူ့ကို လုံးဝ အမြစ်ပြတ် ချေမှုန်းပစ်မည် ဖြစ်လေသည်။

ဆန်းလျန်သည် ကျိုးကြောင်း ဆက်စပ် စဉ်းစားတတ်သည့် နေရာတွင် အလွန်တော်ပြီး ထိုမျှ ဆုံးဖြတ်ချက် ခိုင်မာလိမ့်မည်ဟု ယန်ရွှီး မျှော်လင့် မထားခဲ့မိပေ။ ဆန်းလျန်က သူတို့ နှစ်ယောက်၏ တိုက်ပွဲကိုပင် အသုံးချကာ သူ၏ ဓားဝိညာဉ်ကို သန့်စင်သည်ထက် သန့်စင်အောင် အဆင့်မြှင့်သွား ခဲ့သေးသည်။ ထိုဓားဝိညာဉ်ဖြင့် ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာ နယ်မြေကိုပင် နဂါးငွေ့တန်း ဓားသိုင်းဖြင့် ဖောက်ထွက် သွားနိုင်ခဲ့သည်။ ထိုမျှမက ဆန်းလျန်က အရူးအဘိုးကြီး၏ "အိပ်မက် လိပ်ပြာ" တန်ခိုး စွမ်းအားကိုပင် နားလည် သဘောပေါက်ကာ အသုံးပြုပြ သွားလိုက်သေးသည်။

ယန်ရွှီးသည် အတွေးများထဲတွင် နစ်မျောနေပြီး မြစ်ကြောင်း အတိုင်း လှေကို စုန်ဆင်း သွားလေသည်။ သူ၏လှေမှာ မြားတစ်စင်း အလား အလွန်း လျင်မြန်လှပြီး တဖြည်းဖြည်း ဝေးကာ ပျောက်ကွယ် သွားလေတော့သည်။

မြစ်ရေသည် လမ်းကြောင်း အတော်များများကို ဖုံးကွယ် နိုင်လေသည်။

သို့သော် ယန်ရွှီးကို ဖုံးကွယ် ထားရန်မှာတော့ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယန်ရွှီးမှာ လောက နတ်ဘုရား တစ်ပါးကဲ့သို့ တန်ခိုး စွမ်းအား ကြီးမားသောကြောင့် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ ထုန်ထျန်း တန်ခိုး စွမ်းအားကို အသုံးပြုကာ ပုန်းကွယ် နေလိုက်လေသည်။ ထုန်ထျန်း တန်ခိုးစွမ်းအားနှင့် ပုန်းကွယ်နေလျှင် မည်သူမျှ သူ့ကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်ပေ။

သို့သော် ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာမှာ မိုးနှင့်မြေတွင် အလွန် ထူးဆန်းသည့် ပညာတစ်ခု ဖြစ်လေသည်။

ဆန်းလျန်က မိုင်တစ်ရာခန့် အဝေးသို့ ထွက်ပြေး လွတ်မြောက် သွားသည့်တိုင် ယန်ရွှီး၏ အရိပ်ကို သူ့နှလုံးသားထဲတွင် ခံစားနေရဆဲ ဖြစ်လေသည်။ ယန်ရွှီးသည် သူရှိသည့် နေရာကို အနှေးနှင့်အမြန် ခြေရာခံကာ လိုက်လာမည် ဖြစ်လေသည်။

ဆန်းလျန် မြစ်ရေထဲမှ ကုန်းပေါ်သို့ တက်လာသည့် အချိန်တွင် လမင်းက ကောင်းကင်ထက်တွင် ထိန်ထိန်သာ နေဆဲ ဖြစ်လေသည်။ ဆန်းလျန်က သူသိသမျှသော လျှို့ဝှက် ကျင့်စဉ်အားလုံးကို အသုံးပြုပြီး ခြေရာဖျောက်ကာ တောနက်ထဲသို့ ဝင်ရောက် သွားလေတော့သည်။

***

All Chapters