← Chapters

ထျန်းကွမ်းတိစော

Vol. 3 Ch. 251

ထျန်းကွမ်းတိစော

Vol. 3 Ch. 251

ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာ အနက်ရောင် မိစ္ဆာစွမ်းအားများနှင့် ရောနှောကုန်ပြီ ဖြစ်လေသည်။

အနက်ရောင် မိစ္ဆာစွမ်းအားများသည် သူ၏ တန်ခိုး စွမ်းအားများကို တဖြည်းဖြည်း ဝါးမျိုနေပြီး သူ၏ ဝိညာဉ်ကိုပင် စတင် တိုက်ခိုက်နေပြီ ဖြစ်လေသည်။ ဆန်းလျန်မှာ အားနည်းနေပြီး အမြင်များပင် ဝေဝါး နေလေသည်။

ဆန်းလျန်သည် အားတင်းကာ သူ၏ တန်ခိုးစွမ်းအားများကို မြှင့်တင်လိုက်ပြီး အခိုးအငွေ့ အတစ်ခုအလား တောအုပ် အတွင်းမှ လျင်မြန်စွာ ဖြတ်သန်း သွားလိုက်သည်။ နေထွက် လာတော့မည် ဖြစ်ပြီး ယန်ရွှီးနှင့် အတော် ဝေးဝေးသို့ ပြေးလာနိုင်ခဲ့ပြီ ဖြစ်လေသည်။ သူက ဧရာမ သစ်ပင်ကြီး တစ်ပင်ထိပ်သို့ တက်လိုက်ပြီး အခြေအနေကို လေ့လာလိုက်သည်။ ယန်ရွှီးသည် သူ့ကို အချိန်တိုအတွင်း ခြေရာခံမိ ဦးမည် မဟုတ်ပေ။

နံနက်ခင်း နေရောင်အောက်တွင် ထူးဆန်းသည့် အနက်ရောင် အကွက်များဖြင့် ပြည့်နေသည့် သူ့လက်ကို သူပြန်မြင် နေရသည်။

သူ၏ တန်ခိုးစွမ်းအားများနှင့် ပေါင်းစပ်နေသည့် အနက်ရောင် မိစ္ဆာစွမ်းအားများကို ဆန်းလျန် မည်သို့မျှ ဖယ်ရှား ပစ်နိုင်ခြင်း မရှိပေ။ အချိန် အတော်ကြာ ကြိုးစားမည်ဆိုလျှင်တောင်မှ ဖယ်ရှား နိုင်ပါမည်လား မသေချာလှပေ။

မိုးကောင်းကင် နတ်မိစ္ဆာများကို ရင်ဆိုင်ရာတွင် တာအို ကျင့်စဉ်များတွင် နည်းလမ်း သိပ်မရှိပေ။

သို့သော် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကတော့ မိုးကောင်းကင် နတ်မိစ္ဆာများကို ကောင်းကောင်း နှိမ်နင်း နိုင်လေသည်။ ကွမ်ရင် မယ်တော်သည်ပင် တရားအလင်း ရပြီးနောက် ထောင်ပေါင်း များစွာသော မိုးကောင်းကင် နတ်မိစ္ဆာများကို နှိမ်နင်း ခဲ့ဖူးလေသည်။ ထို့ပြင် ဘုရား ပွင့်တော်မူသည့် အချိန်တုန်းကလည်း မိုးကောင်းကင် နတ်မိစ္ဆာက လာရောက် နှောင့်ယှက် သေးသည်။ သို့သော် ဘုရားရှင်ကို အနိုင်ယူနိုင်ခြင်း မရှိပေ။ ထို့ကြောင့် မိုးကောင်းကင် နတ်မိစ္ဆာကြောင့် ရရှိလာသည့် မိစ္ဆာစွမ်းအားကို သန့်စင်နိုင်ရန်မှာ ဗုဒ္ဓ၏ တရားဓမ္မသာလျင် ရှိလေသည်။ ဆန်းလျန် အနေဖြင့် ယန်ရွှီးကို ရင်ဆိုင်နိုင်ရန် အတွက် မြင့်မြတ်သည့် ဗုဒ္ဓဘာသာဝတ် ကျောင်းတော်ရှိရာ နယ်မြေတစ်ခုသို့ သွားရောက်ရမည် ဖြစ်လေသည်။

ဆန်းလျန် လုပ်မည်ဟု အစီအစဉ် ဆွဲထားသည့် အလုပ်များသည် တစ်ခုမှ မလုပ်ဖြစ်တော့ပေ။

လောလောဆယ် အချိန်တွင် သူ့အတွက် အရေးပေါ် အခြေအနေ ဖြစ်နေပြီ ဖြစ်လေသည်။

ထိုက်ဝေ့ ထိုင်ခန်းမဆောင်ထဲရှိ ရှေးဟောင်း စာအုပ်တစ်အုပ်ထဲတွင် "ထျန်းကွမ်းတိစော" ကျင့်စဉ် အကြောင်းကို သူဖတ်ဖူးလေသည်။ ထိုကျင့်စဉ်သည် ယခုလိုနေ့မျိုးတွင် အသုံး ဝင်လာလိမ့်မည်ဟု သူထင် မထားခဲ့မိပေ။

ဆန်းလျန်၏ ထိုက်ရွှီး တန်ခိုးစွမ်းအားများမှာ ပုံမှန်အတိုင်းပင် ခရုပတ် နွယ်လိမ်သဖွယ် သူ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ် နေလေသည်။ သို့သော် အနက်ရောင် မိစ္ဆာ စွမ်းအာများမှာလည်း ထိုက်ရွှီး တန်ခိုးစွမ်းအာများနှင့် ပေါင်းစပ်ကာ သူ့ကိုယ်ထဲတွင် လိုက်ပါ လှည့်လည်နေလေသည်။

အနက်ရောင် မိစ္ဆာစွမ်းအားသည် အခြားသော တန်ခိုးစွမ်းအားများကို ဝါးမျို ပစ်နိုင်သော်လည်း ထိုက်ရွှီး တန်ခိုး စွမ်းအားများကိုတော့ ဝါးမျိုပစ်နိုင်ခြင်း မရှိပေ။ ထိုက်ရွှီး တန်ခိုးစွမ်းအားများက ခရုပတ် နွယ်လိမ်သဖွယ် လှည့်ပတ်နေသည့် အတွက်ကြောင့် အနက်ရောင်မိ စ္ဆာစွမ်းအားမှာ ထိုက်ရွှီးတန်ခိုး စွမ်းအားများကြားတွင် ဘောလုံး တစ်လုံးအလား လိမ့်နေပြီး ပိတ်မိ နေလေသည်။

ထျန်းကွမ်းတိစော ကျင့်စဉ်မှာ ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့် ချက်ချင်း ဖယ်ထုတ်၍ မရသော အခြားသော တန်ခိုးစွမ်းအားများကို ထိန်းချုပ်သည့် ပညာ ဖြစ်လေသည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ကိုယ်တွင်းရှိ တန်ခိုးစွမ်းအား များမှာလည်း ဝင်ရောက် လာသော တန်ခိုးစွမ်းအား၏ အရည်အသွေးပေါ်တွင် မူတည်ပြီး အနည်းနှင့်အများ ထိန်းချုပ်ခံရမည် ဖြစ်လေသည်။

ယန်ရွှီး၏ မိစ္ဆာ စွမ်းအားများမှာ ထိုမျှ ပြင်းထန်မည်ဟု ဆန်းလျန် မျှော်လင့်မထားမိပေ။

ထိုမိစ္ဆာ စွမ်းအားများသည် သူ၏ တန်ခိုးစွမ်းအား အတော်များများကို ဝါးမျိုထားပြီ ဖြစ်လေသည်။

ဆန်းလျန်နှင့် ရင်ဆိုင်သည့် အချိန်တွင် ယန်ရွှီးမှာ သူ၏ တန်ခိုးစွမ်းအား များကို အပြည့်အ၀ ပြန်လည် ရရှိထားခြင်း မရှိသေးပေ။ သို့တိုင်အောင် ပြင်းထန် လွန်းလှလေသည်။

သို့တိုင်အောင် ယန်ရွှီး၏ တန်ခိုး စွမ်းအားများမှာ ဆန်းလျန်ထက် များစွာ သာလွန်သည်ဟု ပြောနိုင်လေသည်။

ဆန်းလျန် ကိုယ်ထဲသို့ ဝင်ရောက်နေသည့် အနက်ရောင် မိစ္ဆာစွမ်းအားများမှာ ယန်ရွှီး၏ နှလုံးသား ထိန်းချုပ် ကျိန်စာကြောင့် ဖြစ်လေသည်။ ထိုပညာသည် ယန်ရွှီး တစ်ယောက်တည်းသာ တတ်သည့် ပညာဖြစ်လေသည်။ အကယ်၍ ဆန်းလျန်သည် ထိုကျိန်စာကို မချေဖျက်နိုင်လျှင် အကြီးအကျယ် ဒုက္ခ ရောက်ရမည် ဖြစ်လေသည်။

ထျန်ကွမ်းတိစောကျင့်စဉ်နှင့် မိစ္ဆာစွမ်းအားများကို ထိန်းချုပ်လိုက်ပြီး နောက်ပိုင်း ဆန်းလျန်၏ နှလုံးသားထဲမှ ယန်ရွှီး၏ ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့လေသည်။ သို့သော် အန္တရာယ် အရိပ်အငွေ့ကိုတော့ အာရုံခံမိ နေဆဲ ဖြစ်သည်။

လက်ရှိအချိန်တွင် ဆန်းလျန် အနေဖြင့် ချင်းရွှမ် နတ်တံခါးသို့ ပြန်ရန် မဖြစ်နိုင်တော့ပေ။

သူ့အခြေအနေသည် ယန်ရွှီးကို လုံးဝ ရင်ဆိုင်နိုင်ခြင်း မရှိတော့သည့် အတွက် ယန်ရွှီး မရိပ်မိအောင် ပုန်းအောင်း နေသည်ကသာ သူ့အတွက် အကောင်းဆုံး ဖြစ်လေသည်။

ချင်းရွှမ် နတ်တံခါးသို့သာ ပြန်လျှင် ယန်ရွှီးနှင့် တည့်တည့် တိုးသွားနိုင်ပြီး လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

ဆန်းလျန် ဆုံးဖြတ်ချက် ချပြီးသည်နှင့် ချင်းရွှမ် နတ်တံခါးနှင့် ဆန့်ကျင်ဘက် အရပ်ဖြစ်ရာ အနောက်မြောက် အရပ်သို့ ထွက်ခွာ လာခဲ့လေသည်။

ဟွမ်လုန်ကျီနှင့် ဘုရင်မ၏ တိုက်ပွဲပင် မည်သို့ အဆုံးသတ် သွားသည်လည်း သူသိခွင့် မရတော့ပေ။

နတ်ဘုရား အပ်နှင်းခြင်း ပညာ၏ တန်ခိုး စွမ်းအားများကို အသုံးပြုကာ ဘုရင်မ အနိုင် ရသွားနိုင်မည်ဟု ဆန်းလျန် မျှော်လင့်ထားမိသည်။

ထို့နောက် မိုင်ပေါင်း သုံးသောင်း ပတ်လည်မှ သက်ရှိ သတ္တဝါများ အားလုံး၏ ကိုးကွယ် ဆည်းကပ်မှုများဖြင့် မပျက်စီး နိုင်သည့် မြစ်စောင့် နတ်သမီး တစ်ပါး အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်လေသည်။

ဘုရင်မသည် ကြီးမြတ်ပြီး စိတ်ဓာတ်ခိုင်မာသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သူပီပီ သူမ၏ ရည်မှန်းချက် အတွက် သူမကိုယ်တိုင် လုပ်ဆောင်မည် ဖြစ်လေသည်။

ဆန်းလျန် ဝင်ရောက်သွားသည့် တောအုပ်၏ တစ်ဖက်ခြမ်းတွင် ယန်ရွှီးမှာ ဖရိုဖရဲပုံစံဖြင့် ရှိနေလေသည်။

သူ၏ အဖြူရောင် ဝတ်ရုံတွင် ဖုံမှုန့်များ ပေကျံနေလေသည်။ သူက လက်တစ်ဖက် ဝှေ့ယမ်း လိုက်သည်နှင့် ဝတ်ရုံမှာ ချက်ချင်းပင် ဖြူစင် သန့်ရှင်းသွားပြီး သပ်သပ်ရပ်ရပ် ပြန်ဖြစ် သွားလေသည်။

သူ၏ခန္ဓာကိုယ်မှာ အခိုးအငွေ့အလား ထင်မှတ်ရလေသည်။

ထို့နောက်သူက ကောင်းကင်ထက်သို့ ပျံတက် သွားပြီး တိမ်များပေါ်တွင် ရပ်နေလေသည်။ တောအုပ်သည် အတော်အတန် ကျယ်ပြန့်သည့် တောအုပ် တစ်ခုဖြစ်သည့် အတွက် ဆန်းလျန် မည်သည့် နေရာတွင် ရှိနေသည်လဲ မခန့်မှန်းနိုင် ဖြစ်နေရလေသည်။

သူက ဆန်းလျန် ကိုယ်ထဲသို့ ထည့်သွင်းပေးထားသည့် နှလုံးသား ထိန်းချုပ် ကျိန်စာကို အာရုံခံကြည့် လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမှ ဖြစ်ပေါ်မလာပေ။ ထိုကျိန်စာမှာ သူနှင့် ဆန်းလျန်ကြားတွင် ကြိုးတစ်ချောင်း ပမာ ဆက်သွယ် ပေးထားမည် ဖြစ်ပြီး ဆန်းလျန် မည်သည့် နေရာသို့ ရောက်ရောက် ခြေရာခံနိုင်မည် ဖြစ်လေသည်။ သို့သော် ယခုတော့ ဆန်းလျန်ကို ခြေရာခံ၍ မရနိုင် ဖြစ်နေရသည်။ ဆန်းလျန်များ သူ၏ ကျိန်စာကို ချေဖျက် လိုက်ပြီလားဟု သူတွေးနေမိသည်။

သို့သော် သူချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက် သွားပြီး ပြုံးလိုက် လေသည်။ သူက ဆန်းလျန် ထွက်ခွာသွားသည့် အနောက် မြောက်ဘက်သို့ စူးစိုက် ကြည့်လိုက်ရင်း…

"လက်စသတ်တော့ ထျန်းကွမ်းတိစော ပညာ အသုံးပြုထားတာကိုး၊ ဟင်း ဆရာဒေါ်လေးကျိလင်က ကျုပ်ကို အလွတ် မပေးခဲ့ဘူး၊ ဒီနေ့တော့ ကျုပ်ကလည်း သူ့ရဲ့ မြေးတပည့်ကို အလွတ်ပေးမယ် မထင်နဲ့၊ ဒါက မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံး လက်စား ချေတာပဲ"

"မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံး" ဆိုသည့်စကားမှာ ယန်ရွှီး ပြောသင့်သည့် စကားမဟုတ်ပေ။ အမှန်တော့ ယန်ရွှီး ပြုလုပ်ခဲ့သည့် မကောင်းမှုများသည် ဆေးကြော သန့်စင်၍ မရနိုင်လောက်အောင် များပြား လွန်းလှသည် မဟုတ်ပါလား။

တိမ်ပေါ်တွင် ရပ်နေသည့် ယန်ရွှီး၏ပုံမှာ အလွန် ခမ်းနားလှလေသည်။ မိုးကောင်းကင်မှ နတ်မိမယ်လေးများ၏ နှလုံးသားကိုပင်လျှင် ကြွေကျအောင် ဖမ်းစားနိုင်သည့် ခမ်းနားမှုမျိုး ဖြစ်လေသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူရပ်နေသည့် တိမ်သည် တစ်ပိုင်း ကွဲထွက်သွားပြီး ထိုတိမ်တိုက်သည် သူ့ကို အနောက်မြောက် အရပ်ဆီသို့ ခေါ်ဆောင် သွားလေသည်။

ယန်ရွှီးသည် တိမ်ကိုစီးပြီး တောင်များကြားတွင် ပျောက်ကွယ် သွားလေသည်။

သူမည်သည့် အရပ်သို့ ထွက်ခွာ သွားသည်လဲ မည်သူမျှ မသိနိုင်ပေ။

မြစ်အတော် များများသည် အနောက်မှ အရှေ့သို့ ဆီးဆင်း သွားကြပြီး အရှေ့ ပင်လယ်ဆီတွင် အဆုံးသတ် သွားကြလေသည်။

ယွီကွမ်းမြို့လေးမှ ယွီစွေ မြစ်ရေသည်လည်း ထိုကဲ့သို့ပင် စီးဆင်း လေသည်။ ယွီစွေမြစ်သည် ယွီကွမ်းမြို့တွင် အလှပဆုံး ရှုခင်းတစ်ခုလည်း ဖြစ်လေသည်။ ထို့ပြင် မိုးများသည့် ဒေသဖြစ်သည့် အတွက်လည်း မြစ်ကမ်း တစ်လျှောက်တွင် မည်သူမျှ သီးပင်၊ စားပင်များ စိုက်ပျိုး လုပ်ကိုင်ကြခြင်း မရှိပေ။ မြစ်ရေလျှံလျှင် သီးပင်၊ စားပင်များ ပျက်စီးမည် စိုးသောကြောင့် ဖြစ်လေသည်။ သို့သော် ကူရှန် နတ်မိမယ်ဝတ် ကျောင်းတော် တည်ထား ကိုးကွယ်ပြီးသည့် နောက်ပိုင်း မိုးလေဝသ မှန်ကန်ကာ ရေကြီး ရေလျှံခြင်းလည်း မဖြစ်တော့ပေ။ ယွီကွမ်း မြို့လေးသည် လူအများ ငြိမ်းချမ်းစွာ နေထိုင်ရာ မြို့လေးတစ်မြို့ ဖြစ်လာခဲ့လေသည်။

ကူရှန်နတ်မိမယ်သည် အလွန် တန်ခိုးစွမ်းအား ကြီးမားသည့် နတ်မိမယ် တစ်ပါးတော့ မဟုတ်ပါ။ သူမက လူအများ၏ ဆုတောင်း မှန်သမျှကို ဖြည့်ဆည်း ပေးနိုင်ခြင်းငှာ မစွမ်းသာသော်လည်း မိုင်တစ်ရာ ပတ်လည် အတွင်းတွင် ကောင်းကျိုးများ ရရှိရန် ကြိုးစား ဆောင်ရွက်လေသည်။

ယခင်က လောင်းကစား သမားကြီး ဖြစ်ခဲ့သော ကျောင်းစောင့်ကြီး ချီးစန်းကွမ်းမှာ ယခုတော့ ကူရှန် နတ်မိမယ်ဝတ် ကျောင်းတော်တွင် အလုပ်အကျွေးပြုရင်း ဘဝသစ်ဖြင့် ရှင်သန်နေပြီ ဖြစ်လေသည်။ သူ့အသက်မှာ ငါးဆယ်ခန့် ရှိနေပြီ ဖြစ်သော်လည်း ဆံပင်ဖြူ တစ်ပင်မှပင် မပေါက်သေးဘဲ နုပျို နေလေသည်။

ချီးစန်းကွမ်းသည် ကျောင်းတော် တံခါးဝမှ နေပြီး မြစ်ထဲမှ တံငါသည်များ ငါးဖမ်း နေကြသည်ကို ငေးကြည့် နေလေသည်။ သူသည် သူ့ဘဝကို ကျေနပ် ရောင့်ရဲလျက် ရှိလေသည်။

ကူရှန်ဝတ် ကျောင်းတော်မှာ သိပ်ပြီး နာမည်ကြီးခြင်း မရှိပါ။

သို့သော် သူက ကျောင်းစောင့် တာဝန်ယူထားပြီးသည့် နောက်ပိုင်း မပျင်းမရိ အလုပ် ကြိုးစားခဲ့လေသည်။ သူက လူအများ ကြားသွားကာ ဒုက္ခခံနေရသည့် လူများကို တွေ့ရှိလျှင် နတ်မိမယ်ကို သတင်း ပို့လေသည်။ နတ်မိမယ်က သူမတတ် နိုင်လျှင် ထိုလူများကို အကူအညီ ပေးလေ့ ရှိလေသည်။

ထိုသို့ကောင်းမှုကုသိုလ်ပြုလုပ်နေရခြင်းက လောင်းကစားဝိုင်းတွင် အနိုင်ရသည်ထက်ပင် ကျေနပ်ပီတိဖြစ်ရသေးသည်။

နတ်မိမယ်ကို ကိုးကွယ်ကြသည့် သူများ လှူဒါန်းသည့် ငွေများကို ချီးစန်းကွမ်းက မြေအချို့ဝယ်ကာ စိုက်ပျိုးမြေ အဖြစ် ငှားရမ်းထားလေသည်။ မြေငှားရမ်း အလုပ်လုပ်သူများသည့် မြေငှားရမ်းခကိုတော့ ပုံမှန် ပေးရလေသည်။ သူ့အပေါ် မရိုးမသား မည်သူမျှ မလုပ်ရဲကြပေ။ အဘယ်ကြောင့် ဆိုသော် ကူရှန်နတ်မိမယ်က အပြစ်ပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။ မြေငှားရမ်းခ ရသည့်ငွေဖြင့် သူက ဝတ်ကျောင်းတော် ဝေယျာဝစ္စများနှင့် လိုအပ်သည်များကို လုပ်ဆောင် လေသည်။

လစဉ် လဆန်း တစ်ရက်နှင့် ဆယ့်ငါးရက် နေ့မှလွဲလျှင် ကူရှန်ဝတ် ကျောင်းတော်တွင် သိပ်ပြီး လူစည်ကားခြင်း မရှိပေ။ လူမစည်ကားသည့် အချိန်မျိုးတွင် ဗေဒင်ဆရာများပင် တွက်ချေ မကိုက်သည့် အတွက် လာရောက် ဟောပြောခြင်း မရှိကြပေ။

ယနေ့တော့…

ကူရှန်ဝတ် ကျောင်းတော်ဆီသို့ အဖြူရောင် ဝတ်စုံဖြင့် လူငယ်တစ်ယောက် လျှောက်လာ လေသည်။

သူ့လက်ထဲတွင် ယပ်တောင် တစ်ချောင်းကို ကိုင်ထားပြီး ယပ်တောင်မှာ ဖြန့်ထားခြင်း မရှိပါ။ ယပ်တောင်တွင် ကျောက်စိမ်းပြားလေး တစ်ခု ချည်နှောင် ထားလေသည်။ ယပ်တောင်တွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းပြားမှာ တန်ဖိုးကြီးသည့် ပစ္စည်းတစ်ခု ဖြစ်ပြီး ယွီကွမ်းမြို့ရှိ ဆိုင်အနည်းငယ် တွင်သာ ဝယ်ယူ၍ ရနိုင်လေသည်။

ထိုလူငယ် နီးကပ်လာသည်နှင့် အမျှ ထိုလူငယ်မှာ တစ်ခုခု ထူးခြားနေကြောင်း ကျောင်းစောင့်ကြီး ရိပ်မိ လိုက်လေသည်။

ယပ်တောင်ကို ကိုင်ထားသည့် လူငယ်၏ လက်များသည် အဖြူရောင် ကျောက်စိမ်းသားကဲ့သို့ နုဖပ်ဖြူဖွေး နေလေသည်။ အလွန်လှပသည့် မိန်းမလှလေး တစ်ယောက်၏ လက်များပင်လျှင် ထိုလူငယ်၏ လက်လောက် လှပနိုင်မည် မဟုတ်ပေ။

သူက ကူရှန်ဝတ် ကျောင်းတော်ရှေ့သို့ ရောက်လာသည့် အခါတွင်တော့ ယပ်တောင်ကို ဖွင့်ပြီး တဖျတ်ဖျတ် ခပ်လိုက်ပြီး တစ်ချက် ပြုံးလိုက်လေသည်။

ဝတ်ကျောင်းတော်ထဲတွင် ဆုတောင်း ဝတ်ပြုနေကြသည့် မိန်းကလေး နှစ်ယောက် သုံးယောက် ခန့်သာရှိလေသည်။ ထိုမိန်းကလေးများက လူငယ်ကို တွေ့သည့်အခါ ရှက်သွေး ဖြာသွားကြသည့်တိုင် ငေးမကြည့်ဘဲ မနေနိုင်ကြပေ။

သူတို့သည် ချောမောသော လူငယ်ကို မျက်စိ အကြည့်တစ်ချက် မလွှဲနိုင်ဘဲ ငေးမော မိကြလေတော့သည်။

***

All Chapters