ယင်းစန်းတောင်ခြေ
Vol. 3 Ch. 252
ထိုလူငယ်က ဝတ်ကျောင်းတော် ရှေ့တွင် အချိန်အကြာကြီး ရပ်နေလေသည်။
သူက ဝတ်ကျောင်းတော် အတွင်းသို့ ဝင်ရောက်ခြင်း မရှိသလို ထွက်ခွာ သွားခြင်းလည်း မရှိပါ။
ချီးစန်းကွမ်းမှာ သိချင်စိတ်ကို ထိန်းချုပ် မရတော့ဘဲ ထိုလူငယ်ဆီသို့ လျှောက်သွားပြီး နှုတ်ဆက် စကားဆို လိုက်လေသည်။
"ဘာများကူညီပေးရမလဲ သခင်လေး"
အဖြူရောင်ဝတ် လူငယ်က သူ၏ ယပ်တောင်ကို ပြန်ခေါက်လိုက်ပြီး ယပ်တောင်ကို သူ၏ လက်ဖြင့်လှည့်ကာ ဆော့ကစား နေလေသည်။
"ကျုပ် ကူရှန် နတ်မိမယ်နဲ့ တွေ့ချင်လို့ပါ"
လူငယ်က ပြန်ပြော လိုက်လေသည်။
လူငယ်က "တွေ့ချင်လို့ပါ" ဆိုသည့် စကားကို ချီးစန်းကွမ်း သတိ ပြုလိုက်မိသည်။ ထိုသူသည် နတ်မိမယ်ကို ဝတ်ပြု ကိုးကွယ်ရန် ရောက်ရှိလာသူ တစ်ဦးမဟုတ်ပေ။
"ကူရှန်နတ်မိမယ်နဲ့ တွေ့ချင်တယ် ဆိုရင် ဝတ်ကျောင်းတော်ထဲကို ကြွပါဗျာ"
ချီးစန်းကွမ်းက စကားကို သတိထားပြီး ပြောလိုက်သည်။
"ကျုပ်သိချင်တာက ဆန်းလျန် ဒီမှာ ရှိသလား ဆိုတာပဲ"
လူငယ်က ဝတ်ကျောင်းတော် ဆီသို့ ယပ်တောင်ဖြင့် ညွှန်ပြရင်း မေးလိုက်သည်။
ထိုမေးခွန်းကို ချီးစန်းကွမ်းသာ ကြားလိုက်ရခြင်း ဖြစ်ပြီး အခြား မည်သူမျှ ကြားလိုက်ရခြင်း မရှိပေ။
ချီးစန်းကွမ်းမှာ ကူရှန် နတ်မိမယ်ကို အလုပ်အကျွေးပြုနေသူ တစ်ယောက် ဖြစ်လေသည်။ နတ်မိမယ်မှာ အလွန်တရာ တန်ခိုးကြီးမားခြင်း မရှိသည့် တိုင်အောင် သူ့ကို သာမန် လူများနှင့်တော့ အနည်းငယ် ကွဲပြား စေလေသည်။
ထို့ကြောင့် လူငယ် ပြောလိုက်သည့် စကားမှာ သူတစ်ယောက်တည်းသာ ကြားနိုင်သည့် စကားဖြစ်ကြောင်း ချီးစန်းကွမ်းက ခွဲခြား သိမြင်နိုင်လေသည်။ ဝတ်ကျောင်းတော်ထဲတွင် ဝတ်ပြုနေကြသည့် အခြားသူများနှင့် မတူဘဲ လူငယ်နှင့် ချီးစန်းကွမ်းမှာ သီးသန့် နေရာတစ်ခုတွင် ခွဲထွက် နေသကဲ့သို့ ဖြစ်လေသည်။
ထိုအချိန်တွင် ဝတ်ကျောင်းတော် အတွင်းမှ နတ်မိမယ် ရုပ်တုက မျက်လုံး ဖွင့်ကြည့် လိုက်လေသည်။ ထို့နောက် ရုပ်တုအတွင်းမှ ချောမော လှပသည့် နတ်မိမယ်တစ်ပါး ထွက်ပေါ် လာလေသည်။ သူမ၏ ပုံသဏ္ဌာန်မှာ ရုပ်တု ပုံသဏ္ဌာန်နှင့် တစ်ပုံတည်း ဖြစ်လေသည်။ သူမ လက်ထဲတွင် စပါးပင်များ ကိုင်ထားပြီး သူမမျက်ဝန်းများက ကြည်လင် နေလေသည်။ သူမက ဝတ်ကျောင်းတော် တံခါးဝသို့ ရောက်လာလေသည်။
"တာအို မိတ်ဆွေလေး၊ ရှင်ရှာနေတဲ့ လူက ဒီနေရာမှာ မရှိပါဘူး"
သူမက နူးညံ့စွာဖြင့် ဆိုလိုက်လေသည်။
"သူ ဒီမှာ ရှိကိုရှိရမယ်၊ သူဘယ်မှာလဲ ဆိုတာ ပြောပြရင် မင်းဒုက္ခ မရောက်စေရဘူး၊ ဘယ်လိုလဲ"
လူငယ်က ပုံမှန် လေသံဖြင့်ပင် ပြောလိုက်သည်။
နတ်မိမယ်သည် ခဏတာမျှ တိတ်ဆိတ် ငြိမ်သက် သွားပြီးမှ…
"ကျွန်မ မပြောနိုင်ပါဘူး"
အဖြူရောင်ဝတ် လူငယ်သည် ယပ်တောင်ကို ကျစ်ကျစ်ပါအောင် စုပ်ထား လိုက်လေသည်။ ထို့နောက်မှ လက်သီးစုပ်ကို အသာလေး ဖြေလျော့ လိုက်သည်။ ထို့နောက် ယပ်တောင်ဖြင့် နတ်မိမယ်၏ ရင်ဝတည့်တည့်သို့ ပစ်ပေါက် လိုက်လေတော့သည်။
ဝတ်ကျောင်းတော် တံခါးဝတွင် ရေတံတိုင်းကြီး တစ်ခု ပေါ်လာလေသည်။
ယပ်တောင်မှာ ရေတံတိုင်းနှင့် ထိခိုက်မိသွားပြီး ဝတ်ကျောင်းတော် တစ်ခုလုံး တုန်လှုပ် သွားရလေသည်။ သို့သော် ယပ်တောင်သည် ရေတံတိုင်းကို ကျော်ဖြတ်နိုင်ခြင်း မရှိသလို နတ်မိမယ်ကိုလည်း ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိပါ။ ယပ်တောင်မှာ ပြန်ကန် ထွက်လာပြီး အဖြူရောင်ဝတ် လူငယ်ဆီသို့ ပြန်လည် ဝင်ရောက်လာလေသည်။
လူငယ်က သူ့ထံသို့ အရှိန်ဖြင့် ဝင်ရောက်လာသည့် ယပ်တောင်ကို အသာလေးပင် ပြန်လည် ဖမ်းယူလိုက်သည်။
သူက ဝတ်ကျောင်းတော်ကို စိုက်ကြည့်လိုက်ပြီး…
"ကျုပ်ပြန်လာခဲ့မယ်"
မိုးများ ရွာသွန်းလာပြီး အဖြူရောင်ဝတ် လူငယ်သည် မိုးရေထဲတွင် ပျောက်ကွယ် သွားလေသည်။
လူငယ်ကို စိုက်ကြည့် နေရကြသည့် ဝတ်ကျောင်းတော်ထဲမှ မိန်းကလေးများမှာ သတိလက်လွတ် ဖြစ်နေလေသည်။ မိုးရွာသည်ကိုပင် သတိထားမိကြခြင်း မရှိပေ။
ချီးစန်းကွမ်းက ချောင်းတစ်ချက် ဟန့်လိုက်တော့မှ သူတို့ သတိပြန်ဝင် လာကြလေသည်။ သူတို့မှာ အဖြူရောင်ဝတ် လူငယ်ကိုလည်း မမှတ်မိကြတော့သလို ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် များကိုလည်း မမှတ်မိ ကြတော့ပေ။ ထို့နောက် သူတို့အားလုံး ထွက်ခွာ သွားကြလေသည်။
ချီးစန်းကွမ်းသည် ဝတ်ကျောင်းတော်ထဲသို့ ဝင်လိုက်သည့် အချိန်တွင်တော့ ကူရှန်နတ်မိမယ် ရုပ်တုမှာ အနည်းငယ် အရောင်မှိန် နေသည်ကို သတိပြုလိုက် မိလေသည်။
သာမန် လူတစ်ယောက်သည် နတ်မိမယ်၏ နတ်ဘုရား အလင်းကို မှေးမှိန်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ကိုးကွယ်သူ များပြားလာလေ နတ်မိမယ် ရုပ်တုက ပိုပြီး တောက်ပလာလေ ဖြစ်လေသည်။
ဝတ်ကျောင်းတော် ကြမ်းခင်း မြေကြီးမှာ ရွှံ့များ ဖြစ်နေပြီး ချီးစန်းကွမ်း၏ ခြေထောက်များမှာ ရွှံ့ထဲသို့ နစ်ဝင် သွားလေသည်။
ဝတ်ကျောင်းတော်သည် ယခင်အတိုင်းပင် မပြောင်းမလဲ တည်ရှိနေသည့်တိုင် နတ်မိမယ် ရုပ်တုသည် တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေသည့် အလား မျက်မှောင် အနည်းငယ် ကြုတ်နေလေသည်။
ဝတ်ကျောင်းတော်မှာ နတ်မိမယ်၏ နတ်ဘုရား နယ်မြေဖြစ်သည့် အတွက် သူမ၏ ခွင့်ပြုချက် မရှိဘဲ မည်သူမျှ ဝင်ရောက်နိုင်ခြင်း မရှိပေ။
"စောစောက ရောက်လာတဲ့လူက တန်ခိုး စွမ်းအား မြင့်မားလွန်းတယ်၊ ပြဿနာ အကြီးအကျယ်တော့ ဖြစ်တော့မယ်၊ ဒါကြောင့် မင်း ဒီနေရာက ဝေးရာကို ထွက်သွားပါတော့"
နတ်မိမယ်က ချီးစန်းကွမ်းကို စကား ပြောလာလေသည်။
"ကျုပ်ဒီမှာနေတာ ဆယ်နှစ်တောင် ကျော်ခဲ့ပြီ၊ နတ်မိမယ်ကို အလုပ်အကျွေး ပြုနေရတာ ကျုပ်ဘဝ အဓိပ္ပာယ် ပြည့်စုံတယ်လို့ ခံစားရစေတယ်၊ ကျုပ်ဘယ်နေရာကိုမှ မသွားချင်ပါဘူး၊ ဒီမှာနေလို့ ကံဆိုးခြင်းတွေ ရောက်လာမယ် ဆိုရင်တောင် ကျုပ် နောင်တမရပါဘူး"
ချီးစန်းကွမ်းက သူ့ခေါင်းကို ခါယမ်းရင်း ပြောလိုက်လေသည်။
"ခုနလူက တကယ် အစွမ်းထက်တယ်၊ လောကမှာ သူ့ကို ယှဉ်နိုင်မယ့် ကျင့်ကြံသူ သိပ်မရှိဘူး၊ သူပြန်သွားတာ ကျွန်မကို မနိုင်လို့ မဟုတ်ဘူး၊ ပြဿနာ မဖြစ်ချင်သေးလို့"
ကူရှန် နတ်မိမယ်၏ ရုပ်တုတွင် စိုးရိပ်ပူပန်သည့် အမူအရာ တစ်ချက် လက်ခနဲ ပေါ်သွား လေသည်။
ယခုနှစ်များ အတွင်းတွင် သူမသည် ယခင်ကကဲ့သို့ ရေငန်းသီးပင်လေး တစ်ပင် မဟုတ်တော့ပါ။ နတ်ဘုရား စွမ်းအားများက သူမ၏ မိစ္ဆာစွမ်းအားများ နေရာတွင် အစားထိုးခဲ့ပြီ ဖြစ်လေသည်။ သူမကို ယုံကြည် ကိုးကွယ် ကြသူများထံမှ အသိဉာဏ်ပညာနှင့် လူ့သဘော သဘာဝများကို ရယူနိုင်ခဲ့ပြီး တည်ငြိမ်သည့် နတ်မိမယ် တစ်ပါး ဖြစ်လာခဲ့လေသည်။
အဖြူရောင်ဝတ် လူငယ်မှာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း ယခုမှ ချီးစန်းကွမ်း နားလည် သွားရလေသည်။
ချီးစန်းကွမ်းက တွေးတော နေရင်းမှ…
"ခုန သူက ဆန်းလျန် ဘယ်မှာလဲ လို့မေးသွားတာ၊ ဆန်းလျန်ဆိုတာ ဟိုးအရင်တုန်းက လူငယ်တာအို ဆရာလေးကို ပြောတာလား"
"အမှန်ပဲ၊ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က သူ ကျွန်မဆီကို ရောက်လာပြီး အကူအညီ တောင်းတယ်၊ သူ့ကြည့်ရတာ အားနာနေသလိုပဲ၊ ဘယ်သူကများ သူ့လို အစွမ်းထက်တဲ့ သူကို ဒီလောက် ဒုက္ခရောက်အောင် လုပ်လိုက်တာလဲလို့ ကျွန်မ စဉ်းစားနေတာ၊ ဒီနေ့ ဒီအဖြူရောင်ဝတ် လူငယ်ကို တွေ့ရတော့မှ ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ သိရတော့တယ်"
ကူရှန်နတ်မိမယ်က ပြန်ပြောလိုက်လေသည်။
"ကျုပ် နတ်မိမယ်ကို ဘာများ ကူညီပေးရမလဲ"
ချီးစန်းကွမ်းက မေးလိုက်လေသည်။
"သူပြန်လာတာကို စောင့်ရုံပဲ ရှိတော့တာပေါ့"
ကူရှန်နတ်မိမယ်၏ စကားကြောင့် ချီးစန်းကွမ်း တိတ်ဆိတ် သွားသည်။
ဆန်းလျန်သာ ပြန်မလာခဲ့လျှင် အခြေအနေမည်သို့ ဖြစ်မည်လဲ သူမမေးတော့ပါ။ သူက ဆန်းလျန် မည်သည့် နေရာသို့ ထွက်သွားပြီး မည်သည့် အချိန်တွင် ပြန်လာမည်လဲ ဆိုသည်ကိုလည်း မမေးတော့ပါ။
ကူရှန် နတ်မိမယ်ရော၊ သူကိုယ်တိုင်ပါ ဆန်းလျန်၏ ကျေးဇူး မကင်းကြသူများ ဖြစ်လေသည်။ အလွန်ဆုံးတော့ သူတို့၏ အသက်ကို ဆန်းလျန် အတွက် ပေးဆပ် လိုက်ကြရုံသာ ရှိလေသည်။
ကူရှန် နတ်မိမယ်၏ လက်ထဲတွင် အရောင် တောက်ပနေသည့် ပုလဲတစ်လုံး ပေါ်လာလေသည်။ ထိုပုလဲမှ အရောင် ရှစ်မျိုး လှည့်ပတ်နေပြီး နတ်ဘုရား အလင်းတန်းများ ဖြာထွက် နေလေသည်။ ထိုနတ်ဘုရား အလင်းတန်းများ အောက်တွင် အနက်ရောင် မိစ္ဆာစွမ်းအား အလုံးတစ်ခုကို တွေ့ရလေသည်။ ထိုအရာမှာ ဆန်းလျန် သူမကို ပေးခဲ့သည့်အရာ ဖြစ်လေသည်။ ထိုအရာကြောင့်ပင် အဖြူရောင် ဝတ်စုံနှင့်လူက ကူရှန်ဝတ် ကျောင်းတော်သို့ ရောက်ရှိလာရခြင်း ဖြစ်လေသည်။
ထိုပုလဲလုံးထဲတွင် ဆန်းလျန်၏ တန်ခိုး စွမ်းအားများစွာ ပါဝင်နေပြီး အဖြူရောင် ဝတ်လူ၏ ကျိန်စာ စွမ်းအားများလည်း ပါဝင် နေလေသည်။
အဖြူရောင် ဝတ်လူငယ်သည် ဆန်းလျန် ပေးခဲ့သည့် ပုလဲလုံးကြောင့်သာ ကူရှန်ဝတ် ကျောင်းတော်ကို ခြေရာခံ နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်က ဝတ်ကျောင်းတော် ထဲတွင် ဓားသင်္ကေတ တစ်ခုကိုလည်း ရေးဆွဲ ခဲ့လေသည်။ ထိုဓားသင်္ကေတတွင် ဆန်းလျန်၏ ရှိခြင်းမရှိခြင်း ဓားဝိညာဉ် စွမ်းအားများ ပါဝင်နေလေသည်။ ထိုဓားဝိညာဉ်တွင် သတ်ဖြတ်လိုသည့် စွမ်းအားများ ပြင်းထန်နေပြီး အဖြူရောင်ဝတ် လူငယ်သည် ဝတ်ကျောင်းတော်ကို အတင်းကျပ် အန္တရာယ်ပြုရန် ကြိုးစားပါက အရံအတားဖြင့် ချုပ်နှောင်ထားမည် ဖြစ်လေသည်။
သို့သော်…
ဆန်းလျန် မည်သည့်နေရာသို့ ထွက်ခွာ သွားသည်ကိုတော့ ကူရှန်နတ်မိမယ် သိရှိနိုင်ခြင်း မရှိခဲ့ပါ။
ဝိညာဉ်မြစ်ရေထဲတွင် သေလွန်ပြီးသူများ၏ အစွဲအလန်းများနှင့် စိတ်ဆန္ဒများ ပါဝင်နေလေသည်။ ထိုမြစ်သည် မိုးနှင့်မြေတွင် သေခြင်းနှင့် ရှင်ခြင်း၊ ရှင်ခြင်းနှင့် သေခြင်းတို့ကို ဆက်သွယ် ပေးထားသည့် မြစ်တစ်စင်း ဖြစ်လေသည်။ ထိုမြစ်သည် ရှေးကျပြီး နဂါးငွေ့တန်းမှ ထျန်းဟယ်မြစ် ကဲ့သို့ပင် ထူးဆန်းလှသည်။
ထို့ပြင် ဝိညာဉ်မြစ်ရေသည် သံသရာလည်ခြင်းနှင့် လူပြန်ဝင်စားခြင်းများ အတွက်လည်း အရေးပါသည့် အရာတစ်ခု ဖြစ်လေသည်။
ဆန်းလျန်သည် ဝိညာဉ်မြစ်၏ အဆုံးထိ သွားရောက်ခဲ့ခြင်း မရှိပါ။ သူက ယင်းစန်း တောင်သို့သာ သွားလိုခြင်း ဖြစ်လေသည်။
ယင်းစန်းတောင်မှာ အလွန်ကြီးမားပြီး အကန့်အသတ်မရှိ မြင့်မားသည့် တောင်ကြီး တစ်တောင် ဖြစ်လေသည်။ ထိုတောင်ကြီးက အသူရာချောက်နှင့် လူ့လောကကို ပိုင်းခြား ပေးထားလေသည်။ ဝိညာဉ် မြစ်ရေကသာ ထိုယင်းစန်း တောင်ကြီးကို ဖြတ်သန်း စီးဆင်းသွားသည့် တစ်ခုတည်းသော မြစ်တစ်စင်း ဖြစ်လေသည်။
ယင်းစန်းတောင်၏ အခြား ဘက်ခြမ်းတွင် ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း ရှိလေသည်။ ထိုဂိုဏ်းသည် လောကတွင် အင်အားအကြီးဆုံး ဂိုဏ်းများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။
ဆန်းလျန်သည် ယင်းစန်း တောင်ခြေတွင် ရောက်ရှိနေလေသည်။
ယင်းစန်းတောင်သည် အလွန်အေးသည့် နေရာတစ်ခု ဖြစ်လေသည်။ အေးခဲသွားသည့် ရာသီဥတုကဲ့သို့ အေးခြင်းမျိုး မဟုတ်ဘဲ လူတစ်ယောက်၏ စိတ်ဝိညာဉ်ထဲ အထိ စိမ့်ပြီးအေးသည့် အအေးဓာတ်မျိုး ဖြစ်လေသည်။
ဆန်းလျန်က တောင်ပေါ်သို့ ဖြည်းဖြည်း မှန်မှန် တက်သွားလေသည်။
ယင်းစန်းတောင်ထိပ် တစ်နေရာတွင် ဝတ်ကျောင်းတော်ကြီး တစ်ခု ရှိလေသည်။ ထိုဝတ်ကျောင်းတော်ကြီးမှာ ချင်းရွှမ် နတ်တံခါးကဲ့သို့ပင် ရှေးကျသည့် ဝတ်ကျောင်းတော် တစ်ခု ဖြစ်လေသည်။
"မင်ဝမ်ဝတ်ကျောင်းတော်" ပင်ဖြစ်လေသည်။
မင်ဝမ်ဝတ်ကျောင်းတော်သို့ လာရောက်လိုသည့် အတွက် ဆန်းလျန် ယင်းစန်းတောင်သို့ အရောက် လာခဲ့ရခြင်း ဖြစ်လေသည်။
ယန်ရွှီးကို ရင်ဆိုင်ရ ခက်နေသည်မှာ ယန်ရွှီး၏ တန်ခိုးစွမ်းအား ကြီးမားလွန်းသောကြောင့် မဟုတ်ပေ။ သူက ချင်းရွှမ် နတ်တံခါးအကြောင်း အူချေးအူခါးပါ မကျန် အကုန် သိနေသောကြောင့် ဖြစ်လေသည်။ ယန်ရွှီးမှာ ချင်းရွှမ်မှ ဆင်းသက် လာသည့် တပည့် အစစ်အမှန် တစ်ဦးဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ်မှ ကျင့်စဉ်များဖြင့် ယန်ရွှီးကို နှိမ်နင်းနိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
ထို့ပြင် ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာကို တာအို ကျင့်စဉ်များဖြင့် တွန်းလှန် နိုင်ရန်မှာ ခဲယဉ်း လေသည်။
ထို့ကြောင့် ဆန်းလျန်က အခြားနည်းလမ်း တစ်ခုကို ကြိုးစား ကြည့်ချင်မိသည်။
သူက မင်ဝမ်ဝတ် ကျောင်းတော်မှ ဟွေခဲ့ ဆရာတော်နှင့် ခင်မင်ခဲ့သူ ဖြစ်သည့် အတွက် ယန်ရွှီးကို ရင်ဆိုင်ရန် အတွက် ဟွေခဲ့ဆရာတော်ထံမှ အကြံဉာဏ် ရယူရန် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်ရင်ထဲတွင် အချိန်ကာလ ကြာမြင့်စွာ သိချင်နေသည့် မေးခွန်း တစ်ခုရှိလေသည်။
ထိုမေးခွန်းမှာ "ပကတိ ဖန်ဆင်းခြင်းပညာ" ကို ယန်ရွှီးသည် မည်သည့်နေရာမှ ရရှိခဲ့သလဲ ဆိုသည့် မေးခွန်းပင် ဖြစ်လေသည်။ ထို မိစ္ဆာကျင့်စဉ်၏ ဇာစ်မြစ်ကို မင်ဝမ် ဝတ်ကျောင်းတော်မှ သိရှိနိုင်မည်လား ဟူ၍လည်း မျှော်လင့် ထားခဲ့မိလေသည်။
***