← Chapters

ယင်းစန်းတောင်ထိပ်

Vol. 3 Ch. 253

ယင်းစန်းတောင်ထိပ်

Vol. 3 Ch. 253

ယင်းစန်း တောင်ပတ်ဝန်းကျင်မှ ကောင်းကင် တစ်ခုလုံးသည် မှုန်မှိုင်းလျက် ရှိလေသည်။ အလွှာတစ်ခုဖြင့် ကောင်းကင်ကို ဖုံးအုပ် ထားသကဲ့သို့ ဖြစ်နေပြီး နေ၊ လနှင့် ကြယ်တာရာများကို မြင်တွေ့ရခြင်း မရှိပေ။

မြေပြင်မှာလည်း အေးစက်ပြီး ခြောက်သွေ့ နေလေသည်။

ဆန်းလျန်မှာ ပတ်ဝန်းကျင်ကို ကောင်းစွာ မြင်တွေ့ရခြင်း မရှိတော့ပေ။

ဆန်းလျန်က သူ၏ မျက်လုံးများကို လက်ဖြင့်တစ်ချက် ပွတ်လိုက်သည့် အခါတွင်တော့ သူ၏ မျက်ဝန်းများမှာ ရွှေရောင် တောက်ပလာလေသည်။ တန်ခိုးစွမ်းအား မျက်လုံးများကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ယခုတော့ တောင်ခါးပန်းတွင် တည်ရှိနေသည့် ယင်စွမ်းအား များကိုပင် တွေ့မြင်နိုင်ပြီ ဖြစ်သည်။

အဝေး တစ်နေရာတွင် မြူခိုးများ ရစ်သိုင်းနေသည့် နေရာတစ်ခုကို တွေ့ရလေသည်။

မြင့်မြတ်သည့် ဗုဒ္ဓဘာသာ ကျောင်းတော် တစ်ခုဖြစ်သည့် မင်ဝမ်ဝတ်ကျောင်းတော်သည် ထိုမြူခိုးများ နောက်ကွယ်တွင် ရှိကြောင်း ဆန်းလျန် သိထားလေသည်။

လွန်ခဲ့သည့် နှစ်ဝက်ခန့်က မင်ဝမ်ဝတ် ကျောင်းတော်မှ တန်ခိုးရှင် တစ်ပါးသည် လောကကို ကျော်လွန်သွားပြီး ကျင့်စဉ် လမ်းခရီးဆုံးတိုင် လျှောက်လှမ်း နိုင်ခဲ့သည်ကို လောက တစ်ခွင်မှ မြင်တွေ့ ခဲ့ရလေသည်။ ဆန်းလျန်လည်း ချင်းရွှမ် နတ်တံခါးတွင် ယန့်ပုကွေး၏ ဟိုင်သန်း အဆင့်တက်ရောက်ခြင်း အောင်ပွဲ အခမ်းအနား ပြုလုပ်ပေးနေရင်း ထိုမြင်ကွင်းကို မြင်တွေ့ ခဲ့ရလေသည်။

ဆန်းလျန်သည် ခြေလှမ်း မှန်မှန်ဖြင့်ပင် သွားနေလေသည်။

ယင်းစန်းတောင်မှာ ထူးခြား ဆန်းကျယ်သည့် တောင်တစ်တောင် ဖြစ်ပြီး မင်ဝမ်ဝတ် ကျောင်းတော်ကလည်း ထိုဒေသ တစ်ဝိုက်တွင် လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်းမျိုး မရှိခဲ့ပါ။ ယင်းစန်းတောင်၏ နက်ရှိုင်းသည့် နေရာတစ်နေရာတွင် နောက်ထပ် ဗုဒ္ဓဘာသာ ကျောင်းတော် တစ်ခု ရှိနေသေးသည်။ သို့သော် ထိုကျောင်းတော်၏ တည်နေရာနှင့် ကျောင်းတော် အမည်ကို မည်သူမျှ သိရှိခဲ့ခြင်း မရှိပါ။ မည်သည့် တန်ခိုးရှင်များ ထိုကျောင်းတော်တွင် နေထိုင်သလဲ ဆိုသည်ကိုလည်း သိရှိရခြင်း မရှိပါ။

ထိုစဉ် …

အဝေးတစ်နေရာမှ ကောင်းကင်တွင် ပြောင်းလဲမှု တစ်ခုကို တွေ့မြင် လိုက်ရလေသည်။

လူဆယ့်သုံးယောက် ပါဝင်သည့် စစ်သည်တော် အုပ်စုတစ်စုသည် ဆန်းလျန်ရှိရာသို့ ပျံသန်းလာခြင်း ဖြစ်လေသည်။ သူတို့အားလုံးမှာ မြင်းနက်ကြီး များကို စီးထားကြပြီး သူတို့၏ သံချပ်ကာများတွင် သွေးများ စွန်းထင်း နေကြသည်။ လမ်းတစ်လျှောက် လုံးတွင် မြင်မြင်သမျှ သက်ရှိ သတ္တဝါများကို သတ်ဖြတ် ခဲ့ကြသည်မှာ ထင်ရှားနေလေသည်။

မြင်းစီးသမားများ၏ သံချပ်ကာ များတွင်လည်း ရှုတ်ထွေးသည့် သင်္ကေတများ ရေးသား ထားလေသည်။

ထို နတ်ဆိုး စစ်သည်များ၏ ပုံစံမှာ လူသေများ ကဲ့သို့ဖြစ်ပြီး သူတို့ဆီမှ ဒေါသတရား၊ မုန်းတီးမှု တရားများနှင့် မိစ္ဆာစွမ်းအားများ၏ စိမ့်ထွက် နေကြလေသည်။ သေခြင်းတရားကို ကိုယ်စား ပြုနေသည့် အလားပင် ဖြစ်လေသည်။

မင်ဝမ် ဝတ်ကျောင်းတော်သည် သိပ်မဝေးတော့ပေ။

ဝိညာဉ်မြစ်ကမ်းမှ နတ်ဆိုး စစ်သည်များသည် အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိ နေရပါသနည်း။ မင်ဝမ် ဝတ်ကျောင်းတော် အမျက်ရှမည်ကို အဘယ်ကြောင့် မကြောက်ကြပါနည်း။ မင်ဝမ် ဝတ်ကျောင်းတော်သာ အမျက်ရှလျှင် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်လာမည် ဖြစ်လေသည်။

နတ်ဆိုးစစ်သည်များ တဖြည်းဖြည်း နီးကပ်လာပြီး ဆန်းလျန်မှာ သိပ်အများကြီး စဉ်းစားနေရန် အချိန် မရှိတော့ပြီ။

အသွေးနှင့်အသားနှင့် တည်ဆောက် ထားသည့် သက်ရှိမှန်သမျှကို သူတို့က သတ်ဖြတ် ပစ်မည် ဖြစ်လေသည်။ သူတို့ကို ရှင်းပြ ညှိနှိုင်းနေ၍ ရမည်မဟုတ်ပေ။

ဆန်းလျန်သည် ချက်ချင်းပင် သူ၏ လက်ဖဝါးများကို ဖြန့်လိုက်ပြီး မီးတောက်များ ဖန်ဆင်း လိုက်လေသည်။ အနီရောင် မီးတောက်များ ထွက်ပေါ်လာပြီး ထိုမီးတောက်များက လေထဲသို့ ပျံသန်း သွားလေသည်။ လှံရှည်များကို ကိုင်ထားသည့် နတ်ဆိုး စစ်သည်များ အားလုံးမှာ မီးလောင်ကျွမ်း သွားပြီး တစ်ခါတည်း အမှုန့် ဖြစ်သွားလေသည်။ ကောင်းကင်ထက်တွင် နတ်ဆိုး စစ်သည်များ ဝတ်ဆင်လာကြသည့် သံချပ်ကာများနှင့် လှံတံများမှာ စွမ်းအား များကြောင့် တုန်ခါနေပြီး မြေပြင်ပေါ်သို့ ပြုတ်ကျ လာကြလေသည်။

ဆန်းလျန်က ထိုအရာများကို ကြည့်မနေတော့ပါ။

ယင်းစန်းတောင်ပေါ်တွင် ဝိညာဉ် မြစ်ကမ်းမှ နတ်ဆိုး စစ်သည်များကို မြင်တွေ့ရသည်မှာ ထူးဆန်း လွန်းလှလေသည်။ သို့သော် ဆန်းလျန် သိပ်ပြီး ခေါင်းစားမခံတော့ပါ။ ဟွမ်ချွမ် နတ်ဆိုး ဂိုဏ်းမှာလည်း လျှို့ဝှက်ချက်များနှင့် ပြည့်နေသည့် ဂိုဏ်းတစ်ခု ဖြစ်လေသည်။

ဆန်းလျန်သည် တောင်ပေါ်သို့ ဆက်လက် တက်လာပြီး ပတ်ဝန်းကျင်ကလည်း ပိုမို မှောင်မှိုင်း လာလေသည်။

ယင်းစန်းတောင်တွင် သစ်ပင်များစွာ ပေါက်ရောက်ခြင်း မရှိပါ။ သို့သော် ယင်းစန်းတောင်တွင် ရှင်သန်နိုင်သည့် သစ်ပင်မှာလည်း အလွန် အဖိုးတန်သည့် သစ်ပင်မျိုး သာလျှင် ဖြစ်လေသည်။ ဆန်းလျန်ကတော့ ထူးခြားသည့် သစ်ပင်များကို ယခုထိ တွေ့ရှိရခြင်း မရှိသေးပေ။

ယင်းစန်းတောင်မှ ကျောက်တုံးများကတော့ အသုံးဝင်သည့် ကျောက်တုံးများ ဖြစ်လေသည်။ ယင်စွမ်းအား ပြင်းထန်သည့် နေရာတွင် ရှိနေသည့် ကျောက်တုံးများ ဖြစ်သည့်အတွက် နွေရာသီတွင် အေးမြမှုကို ရရှိ စေနိုင်လေသည်။ သို့သော် ကြာရှည်စွာ လူနှင့် ထိတွေ့ပါက ဖျားနာမှုကို ဖြစ်စေ နိုင်လေသည်။

သို့သော် ယင်းစန်းတောင်မှ ကျောက်တုံးများမှာ မာကျော လွန်းလှသည့် အတွက် ထိုကျောက်တုံးများကို ခွာပြီး ယူသွားရန်မှာ မလွယ်ကူလှပေ။

ထိုအချိန်မှာပင် တောင်ပေါ်မှ ပြုတ်ကျနေသည့် ကျောက်တုံးကြီး တစ်တုံးကို ဆန်းလျန် တွေ့ရလေသည်။ တစ်စုံတစ်ယောက်က တန်ခိုး စွမ်းအား အသုံးပြုကာ ရိုက်ချထားခဲ့ပုံ ရလေသည်။ ဆန်းလျန်က ထိုကျောက်တုံးကြီးကို လက်ဝါးဖြင့် ရိုက်ကြည့် လိုက်ရာ အက်ကြောင်း သေးသေးလေး တစ်ကြောင်းမျှသာ ပေါ်လာလေသည်။

ယင်းစန်းတောင်မှ ကျောက်တုံးများ၏ မာကျောမှုမှာ သူ၏ တန်ခိုးစွမ်းအားကိုပင် အံတု နိုင်လေသည်။ ကျောက်တုံးများမှာ သံမဏိ အလားပင် ဖြစ်လေသည်။

တောင်ထိပ်နှင့် နီးကပ်လာလေလေ အပျက်အစီး များစွာကို တွေ့ရလေ ဖြစ်လေသည်။ ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည့် လက္ခဏာပင် ဖြစ်လေသည်။

တိုက်ပွဲ၏ နောက်ဆက်တွဲ ဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင် လေထုထဲတွင် စွမ်းအားများ တုန်ခါနေဆဲ ဖြစ်လေသည်။

ဤနေရာတွင် မည်သည့် အရာများ ဖြစ်ပျက်ခဲ့ပြီလဲ။ ဆန်းလျန် သိချင်နေမိလေသည်။

ဆန်းလျန်သည် မြူခိုးများ အလွန် ထူထပ်နေသည့် နေရာသို့ ရောက်လာခဲ့ပြီ ဖြစ်လေသည်။ ဆန်းလျန်သည် သတိထားပြီး မြူခိုးများ အတွင်းသို့ ဝင်ရောက် လိုက်လေသည်။

ဆန်းလျန် မြူခိုးများအတွင်းသို့ ဝင်ရောက် လိုက်သည်နှင့် မိုးခြိမ်းသံ ထက်ပင် ကျယ်လောင်သည့် အသံကြီး တစ်သံကို ကြားလိုက်ရလေသည်။

ရုတ်တရက်ပင် အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။

နွားခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် နတ်မိစ္ဆာ တစ်ကောင် ပေါ်လာလေသည်။ သူက လက်ထဲမှ သံမဏိ ခက်ရင်းခွကြီးဖြင့် ဆန်းလျန်ကို ထိုးစိုက် လိုက်လေသည်။

သံမဏိ ခက်ရင်းခွကြီးမှာ အလွန်ပင် ချွန်ထက် လေသည်။ လေကို ထိုးခွင်းသွားသည့် အသံမှာလည်း အလွန်ပင် လျင်မြန် လှသည်။

ဆန်းလျန်က သူ၏ စိတ်အာရုံကို စုစည်းလိုက်ပြီး သူ့ရင်ဝသို့ သံမဏိ ခက်ရင်းခွကြီး ထိုးစိုက်သည်ကို ခုခံခြင်း မရှိဘဲ ငြိမ်ခံ လိုက်လေသည်။

နွားဦးခေါင်းနှင့် လူခန္ဓာကိုယ် ရှိသည့် နတ်မိစ္ဆာကြီးမှာ ပျောက်ကွယ် သွားလေသည်။ ထိုမိစ္ဆာကြီးမှာ စိတ်ကို စစ်ဆေးသည့် ပုံရိပ်ယောင်မျှသာ ဖြစ်လသည်။

ဆန်းလျန် ရှေ့သို့ အနည်းငယ် ဆက်သွားလိုက်သည့် အခါတွင်တော့ သူ့ရှေ့တွင် ပိတ်ဆို့ ထားသည့် တောင်တစ်တောင်ကို တွေ့ရလေသည်။ တောင်တစ်ခုလုံးမှာ မိုးပေါ်သို့ ထောင်ထားသည့် ဓားသွားများနှင့် ပြည့်နေလေသည်။

ဓားသွားများမှာ စောစောက ရင်ဆိုင်ခဲ့ရသည့် သံမဏိ ခက်ရင်းခွ ထက်ပင် ထက်ရှ နေသေးသည်။

ထိုကဲ့သို့သော ဓားတောင်မျိုးကို မည်သူမျှ လမ်းလျှောက်ပြီး ဖြတ်ကျော်သွားမည် မဟုတ်ပေ။ ကျင့်ကြံသူများဆိုလျှင် ပျံသန်းပြီး ဖြတ်ကျော် သွားကြမည် ဖြစ်လေသည်။

ဆန်းလျန်က စက္ကူ ကြိုးကြာရုပ် တစ်ရုပ်ကို ထုတ်ယူကာ လေထဲသို့ ပစ်လွှတ် လိုက်လေသည်။ စက္ကူကြိုးကြာသည် တကယ့် ကြိုးကြာဖြူ တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားပြီး ဓားတောင်ကို တုံံ့ဆိုင်း တုံံ့ဆိုင်းဖြင့် ဖြတ်သန်း သွားလေသည်။ သို့သော် လမ်းတစ်ဝက်တွင် ရုတ်တရက် ပြုတ်ကျ သွားလေသည်။

ဆန်းလျန်သည် ထိုဓားတောင်တွင် မည်သည့် လှည့်စားမှုများ ရှိနေသည်ကို မခန့်မှန်းနိုင်တော့။

သူသည် အတန်ကြာအောင် စဉ်းစား နေမိလေသည်။

နောက်ဆုံးတော့ သူက ဓားတောင်ထက်သို့ လှမ်းတက် သွားလိုက် လေတော့သည်။ ဓားသွားများသည့် သူ၏ အရေခွံအပေါ်လွှာကို ထိုးခွဲပြီး စူးရှသည့် နာကျင်မှုကို ခံစားရလေသည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုက် အသားများ ပြတ်ရှကာ သွေးများ စိုရွှဲကုန်လေသည်။

ထို့ပြင် ဓားများက တည်ငြိမ်ခြင်း မရှိပါ။ အသားတွင်းသို့ ထိုးစိုက်ရုံသာမက အသားထဲထိပါ ထိုးဖောက် မွှေနှောက် နေလေရာ အသားများ ပဲ့ထွက်ပြီး အရိုးများကိုပင် မြင်နေရပြီ ဖြစ်လေသည်။

ဆန်းလျန်က အေးချမ်းတည်ငြိမ်နေဆဲဖြစ်လေသည်။ အလွန်အမင်းနာကျင်သည့်ဝေဒနာက သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေပါ။

ဆန်းလျန်သည် တဖြည်းဖြည်းနှင့် ဓားတောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ ဓားများသည် မြေကြီးထဲသို့ ပြန်လည် ဝင်ရောက် သွားကြလေသည်။

ဆန်းလျန်၏ ဒဏ်ရာများလည်း ချက်ချင်းပင် ပြန်လည် ပျောက်ကင်း သွားကြပြီး အနာရွတ် ပါးပါးလေးများသာ ထင်ကျန် ရစ်တော့သည်။ ထိုအနာရွတ်များက အလွန်အမင်း နာကျင်မှုကို ခံစားခဲ့ရသည့် သက်သေ ဖြစ်လေသည်။

ဓားတောင်ကို ဖြတ်ပြီး မီးပင်လယ်ကို ကျော်ရဦးမည်လားဟု ဆန်းလျန် တွေးနေမိသည်။

စောစောက သူခံစားခဲ့ရသည့် နာကျင်မှုများမှာ အစစ်အမှန် ဖြစ်သည့်တိုင် ဒဏ်ရာကတော့ မထင်ကျန်ခဲ့ပေ။

သို့သော် ထိုကဲ့သို့သော နာကျင်မှုကို လူသားများ ခံစားရပါက တစ်ချက်တည်းဖြင့် အသက် ပျောက်သွားမည် ဖြစ်လေသည်။

ရှေ့သို့အနည်းငယ် ဆက်သွား ပြီးသည့်နောက် ဆန်းလျန်ကို စောင့်ကြို နေသည့် အရာမှာ မီးပင်လယ်တော့ မဟုတ်ခဲ့ပါ။ ရွှေရောင် လမ်းလေး တစ်လမ်း ဖြစ်လေသည်။ ထူးဆန်းသော ရနံ့တစ်မျိုး ထွက်ပေါ်နေသည့် အမည် အသိအပင်များက ရွှေရောင်လမ်းလေး၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ပေါက်ရောက် နေကြလေသည်။

ဆန်းလျန်က ရွှေရောင်လမ်းလေးအတိုင်း လမ်းလျှောက် သွားလိုက်ရင်း သစ်ပင်များကို သတိထား လိုက်မိသည်။ သစ်ပင်များမှ သစ်ရွက်လေးများမှာ အလွန်သေးငယ်ပြီး သစ်ပင်၏ ပင်စည်မှာ ကြက်ပေါင်စေးကဲ့သို့ အလွှာတစ်ခုဖြင့် ကာရံထားလေသည်။ ထူးဆန်းသည့် ရနံ့မှာ ပင်စည်မှ ထွက်နေခြင်း ဖြစ်လေသည်။

ထူးဆန်းသည့် ရနံ့မှာ စိတ်ကို ကြည်နူးစေပြီး မက်မွန်ပန်း ရနံ့ထက်ပင် မွှေးပျံ့ နေသေးသည်။

ဓားတောင်တွင် နာကျင်ခံစားခဲ့ရသမျှ ယခုတော့ ကောင်းကင်ဘုံ ရောက်နေသည့် အလား ခံစားရလေသည်။

ထူးဆန်းသည့် ရနံ့များက နာကျင်မှုများကို သက်သာ သွားစေသည်။ သူ့ခြေဖဝါးအောက်မှ ယုန့်ချွမ် ဆုံချက် တည်ရှိရာ နေရာသို့ ရွှေရောင်လမ်းလေးမှ ဝိညာဉ် စွမ်းအားများ စိမ့်ဝင် လာလေသည်။

ဆန်းလျန်မှာ ပြန်လည် လန်းဆန်း လာသလို ခံစား လိုက်ရလေတော့သည်။

***

All Chapters